💫 Chapter 49
ညီအစ်ကိုတိုနီမှာ စျေးအကြီးဆုံးနှင့် အနူးညံ့ဆုံး ဆံပင်အတုကို ရွေးနေရင်း သူ့ဆံသားအစစ်ကို မနာလိုအားကျနေမိသည်။
" မင်းဆံပင်ကို ဘယ်လိုများ ထိန်းသိမ်းထားတာလဲ...ဒီတစ်ခုကို စမ်းကြည့်...ဒါက အနီးစပ်ဆုံးတူတာပဲ...သာမန်လူတွေ လုံးဝသတိမထားမိနိုင်ဘူး..."
ရှဲ့ရုန်မှာ တိတ်တဆိတ်ရေရွတ်လိုက်မိသည် ။
' ဆရာက သာမန်လူမို့လို့လား...'
အမှန်တွင် အပြင်လူများကို အကာအကွယ်အစီရင်ဖြင့် လှည့်စားရန်က ရှဲ့ရုန်အတွက် အလွန်လွယ်ကူသော်လည်း ဆရာ့ကိုသာ အကာကွယ်အစီရင်ဖြင့် သွားလုပ်ပါက သဲထဲရေသွန်သည့်လုပ်ရပ်သာ ဖြစ်နေလိမ့်မည်။ ဂမ္ဘီရနည်းလမ်းဖြင့် သူ့အခက်အခဲကို မဖြေရှင်းနိုင်လျှင် သိပ္ပံနည်းဖြင့် ဖြေရှင်းကြည့်ရမည်။
' ဆံပင်တုက စမ်းသပ်မှုကို ကျော်ဖြတ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်...'
သို့သော််လည်း ရှဲ့ရုန်၏ မျှော်လင့်ချက်မှာ ရေစုန်မြောသွား၏။
သူ့ဆရာ၏ မည်းမှောင်နေသော မျက်နှာကို တွေ့လိုက်ရသောအခါ သူချက်ချင်း ဆရာ့ပေါင်ကိုဖက်ကာ ခွင့်လွှတ်ရန် တောင်းပန်ရတော့သည်။
" ဆရာ...ကျွန်တော် မှားသွားပါတယ်..."
သူက အလျင်စလိုတောင်းပန်လိုက်သော်လည်း နောက်တစ်ခေါက် ထပ်လုပ်ရဲသည့် သတ္တိရှိနေဆဲပင်။
အံ့သြစရာကောင်းသည်က ဤတစ်ကြိမ်တွင် ရွှီယီက သူ့ကို ဘာမှမလုပ်ခဲ့ပေ။ သူက ကြင်နာစွာဖြင့် ပြောလိုက်သည်။
" ငါမင်းကို လေ့ကျင့်ရေးမလုပ်ခိုင်းတာ တော်တော်ကြာသွားပြီပဲ...မင်းက ကောင်းကောင်းစားနေရပြီး ဘာမှလုပ်စရာမရှိလို့ ဒီလိုမျိုးဖြစ်လာတာပဲမလား...ငါမင်းကို နည်းနည်း အတွေ့အကြုံယူဖို့ လွှတ်ပေးဦးမယ်..."
ရှဲ့ရုန်မှာ လျှော့မတွက်ရဲပေ။ ရွှီယီက ဒေါသကြီး၍ အရိုက်နှက်ခံလိုက်ရသည်က အကောင်းဆုံးအဆုံးသတ်ပင်။ သို့သော် ရွှီယီက သူ့မျက်နှာတွင် မည်သည့်အမူအရာမှ မပြလာသောကြောင့် အခြေအနေက ပိုဆိုးသွား၏။
' လေ့ကျင့်ရေးလား...မဟုတ်ဘူး..ဆရာက ဒါကို လေ့ကျင့်ရေးလို့ ခေါ်ပေမဲ့ တကယ်တော့ ဒါက သေမိန့်ချလိုက်တာပဲ...'
ရွှီယီက ညင်သာစွာ ပြောလာ၏။
" မင်းရဲ့ စီနီယာအစ်ကိုနဲ့ ညီမတွေကို ကြည့်မနေနဲ့...ဘာပဲဖြစ်ဖြစ် သူတို့ကူညီနိုင်မှာမှမဟုတ်ဘဲ...မင်း ရှေးဦးဝိညာဥ်တည်အဆင့်ကို ရောက်ပြီဆိုရင် ပြန်လာလို့ရမှာပါ..."
ရွှီယီက ရှဲ့ရုန်ကို အသာထိလိုက်သောအခါ ရှဲ့ရုန်မှာ မသိလိုက်မသိဘာသာဖြင့် ရှောင်တိမ်းလိုက်မိသည် ။
" အား...ဆရာ...ကျွန်တော့်ကို ဘယ်ကိုပို့မလို့လဲ..."
" မင်းရောက်ရင် သိပါလိမ့်မယ်..."
" ဝူးဝူးဝူး...ဆရာရယ် အနည်းဆုံးတော့ ကျွန်တော့်ကို အထုပ်အပိုးလေးသိမ်းခွင့်ပေးပါဦး...ပြီးတော့ ကျွန်တော်ဘယ်သူ့ကိုမှ မနှုတ်ဆက်ရသေးဘူးလေ...သူတို့ ကျွန်တော့်ကို လွမ်းနေလိမ့်မယ်..."
ရွှီယီ၏ အမူအရာက မတုန်မလှုပ်ပင်။
" နှုတ်ဆက်စကားပြောနေစရာမလိုပါဘူး...မင်းသူတို့ကို တွေ့ချင်တယ်ဆိုရင် မြန်မြန်ကျင့်ကြံပြီး မြန်မြန်ပြန်လာခဲ့လိုက်ပေါ့...မင်းက အဲ့လိုမှ မလုပ်နိုင်ရင် အားလုံးရဲ့ စာနာထောက်ထားမှုနဲ့ ထိုက်တန်ပါ့မလား..."
ရွှီယီက တင်းကြပ်ထားသည့်အရာကို အခြားသူများလည်း ဝင်ပါနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ရှဲ့ရုန်၏ ခွဲခွာမှုကို သူတို့သနားစိတ်ဖြင့် ကြည့်ရင်း တစ်ဖက်တွင် အနည်းငယ်လည်း ကျေနပ်နေမိကြသည်။
ရှဲ့ရုန်နှင့် အတိုင်အဖောက်ညီဆုံး ဆာ့ဆာ့မှာ ထိုကိစ္စနှင့်ပတ်သက်ပြီး စိတ်ထင့်မနေဘဲ ဆရာ့ကိုသာ မေးလိုက်သည်။
"ဆရာ...တတိယစီနီယာအစ်ကို အဆင်ပြေပါ့မလား..."
" စိတ်မပူပါနဲ့...သူက ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်ပြေမှာပါ...သူ့ရဲ့ အကျင့်စရိုက်က အဲ့အတိုင်းပဲ...ပြီးတော့ သူ့ကို ကြပ်မတ်ဖို့အတွက် ငါအရင်ကတည်းက စဥ်းစားထားပြီးသား...ဒါပေမဲ့ ငါတို့ ရုတ်တရက် ဒီကိုရောက်လာတာကြောင့် သူ့ကို ဘယ်နေရာပို့ရမလဲဆိုတာ ငါမသိခဲ့ဘူး...အခုတော့ ပို့ရမယ့်နေရာကို သိသွားပြီ..."
ဆာ့ဆာ့နှင့် ရှဲ့ရုန်၏ ပလတ်စတစ်လို ဆက်ဆံရေးကို စကားတစ်ခွန်းတည်းဖြင့် ကန့်သတ်ထားသည်။
' ဆရာက အဆင်ပြေတယ်ဆိုမှတော့ တကယ်အဆင်ပြေလို့ပဲ နေမှာပေါ့...'
ဆာ့ဆာ့က သူ့အတွက် စိတ်ပူမနေတော့ပေ။
တစ်ဖက်တွင်မူ သူတို့နှင့် သိထားသည့် ဒေါက်တာဒူကန်းက ဖက်ဒရေးရှင်း၏ထိပ်သီးပိုင်း အရာရှိများနှင့် အချိတ်အဆက်မိနေ၏။
သူတို့က သူ့အတွက် အထူးတွေ့ဆုံပွဲအသေးစားလေးကို လုပ်ပေးပြီး လာရောက်ကြသည့်သူများထဲ၌ မာရှယ်လီမင်လည်း ပါဝင်နေ၏။
ဒူကန်းက သုတေသနဝါသနာအိုးဖြစ်ပြီး သူ့ကိုယ်ပိုင်စိတ်ဝိညာဥ်ဆေးများကို မလုပ်မီ ကတည်းက သိပ္ပံဆိုင်ရာဘွဲ့လက်မှတ်များနှင့် မူပိုင်ခွင့်များကို ရရှိထားပြီးသား ဖြစ်သည်။ သူက မြို့တော်ဂြိုဟ်ရှိ ပထမဆုံးသုတေသနဌာန၌ အလုပ်လုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် မြို့တော်ဂြိုဟ်ပေါ်၌ သုတေသနလုပ်ရန် လေထုက မကောင်းတော့သလို ဗျူရိုကရေစီစနစ်များက အလွန်များသောကြောင့် အေးအေးချမ်းချမ်း သုတေသနမလုပ်နိုင်ဟု ဆိုခဲ့သည်။ သူလိုချင်သော ရှားပါးသည့် ကုန်ကြမ်းများကို စနစ်B ကြယ်အစုအဝေးတွင် ရနိုင်သည်ဟု ကြားလိုက်ရသည်နှင့် သူ ထိုနေရာသို့ ရွှေ့ပြောင်းသွားတော့သည်။
သူက နှစ်အတော်ကြာအောင် ပျောက်နေသောကြောင့် အုပ်ချုပ်ရေးပိုင်းနှင့် အလှမ်းဝေးနေ၏။ သို့သော်လည်း ၎င်းက သူ့အတွက် သုတေသနလုပ်ရန် အကောင်းဆုံးအခြေအနေဖြစ်ပြီး မည်သူမှ သူ့ကို သတိမထားမိလေ ပိုကောင်းလေပင်။ ထို့အပြင် အံ့အားသင့်ရသည့် ခံစားချက်ကလည်း အလွန်ကောင်း၏။
" ကျွန်တော့်ရဲ့ သိပ္ပံနည်းကျရလဒ်တွေကို အထက်လူကြီးတွေဆီ အစီရင်ခံစာတင်ပြီးတဲ့နောက်မှာတစ်ယောက်ယောက်က ကျွန်တော့်နေရာကို အဓမ္မဝင်စီးခဲ့တယ်... နောက်ထပ်တခြားတစ်ယောက်က ကျွန်တော့်ရဲ့ ဓာတ်ခွဲခန်းကို ကျူးကျော်ပြီး အချက်အလက်တွေ ခိုးယူဖို့ ကြိုးစားခဲ့ပါတယ်...ကံကောင်းလို့ ကျွန်တော်က တိတ်တဆိတ်သတိရှိထားပြီး အချက်အလက်တွေကို သူတို့ဆီပါမသွားအောင် လုံလုံခြုံခြုံသိမ်းထားနိုင်ခဲ့ပါတယ်...ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ Bကြယ်စင်စုမှာ သူလျှိုတစ်ယောက်တော့ရှိနေပြီဆိုတာ သတိထားမိလိုက်တယ်..."
" ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ရုပ်ဖျက်ပြီး ကျွန်တော့်ကို ပြန်ကယ်ထုတ်နိုင်မယ့် ယုံကြည်ရတဲ့မက်ခါတိုက်ခိုက်ရေးသမားတွေကို ရှာခဲ့တယ်...လမ်းတစ်လျှောက်မှာ..."
ဒူကန်းက ခရီးလမ်းကို ခက်ခဲသည်ဟုပြောရန် ပြင်နေသော်လည်း ကြယ်စင်အာကာသယာဉ်တစ်ခုတည်းပေါ်မှ လူနှစ်ယောက်အကြောင်းကို သူတွေးမိလိုက်သောအခါ အလွန်ဝိရောဓိဖြစ်နိုင်လောက်သည့်ကိစ္စမျိုးကို မပြောနိုင်ဖြစ်နေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းကို မမြင်ခဲ့သောသူများအတွက်က ပိုဆိုးသွားနိုင်သောကြောင့်ပင်။
" အဲဒါကတော့ မပြောတာပဲကောင်းပါတယ်...အခု ခင်ဗျားတို့လက်ထဲမှာ ကိုင်ထားတာက ကျွန်တော့်ရဲ့ သုတေသနရလဒ်ပါ...ဒီဆေးကို စမ်းသပ်ထားပြီးသားဖြစ်ပြီး လူတစ်ယောက်ရဲ့စိတ်ဝိညာဥ်ပင်လယ်ကို တဖြည်းဖြည်းမြှင့်တင်ပေးနိုင်ပါတယ်...သေချာပေါက် ကုန်ကျစရိတ်က အတော်လေးများတယ်ဆိုပေမဲ့ အနည်းဆုံးတော့ ဖြစ်နိုင်တဲ့အလားအလာရှိနေပြီဆိုတာ သက်သေပြပြီးသား ဖြစ်သွားတာပေါ့..."
ဒူကန်းက ပြေပြေပြစ်ပြစ်ရှင်းပြသွား၏။ လီမင် ဦးဆောင်လာသောလူများ၏ မျက်နှာထက်၌ အံ့အားသင့်နေသော အမူအရာကို တွေ့ရသောအခါ 'ဒါက သာမန်ပါပဲ' ဆိုသည်ကို ဒူကန်းက နားလည်ထားသည်။
' ဒါ ဘယ်လိုလဲ...ရှော့ခ်ရသွားပြီမလား...'
' စစ်တပ်မှာပါဝင်နေတဲ့ သူတွေက ဘယ်လောက်ပဲ အင်အားကြီးပါစေ...နောက်ဆုံးကျရင်တော့ သူတို့က ငါတို့လို့ သုတေသနပညာရှင်တွေအပေါ် အမှီသဟဲပြုရတာပါပဲ...စိတ်အခြေအနေကောင်းရှိဖို့ကသာ အလိုအပ်ဆုံးပဲ...'
ထင်မှတ်မထားစွာပင် မာရှယ်လီမင်က ခြောက်ကပ်ကပ်ချောင်းဟန့်ကာ ပြောလိုက်သည် ။
" ဒေါက်တာ ဒူကန်း...မင်းရဲ့ သုတေသနက အတော်လေးကို အဖိုးတန်ပါတယ်...ဖက်ဒရေးရှင်းက မင်းရဲ့ အကူအညီအတွက် အရမ်းကျေးဇူးတင်မှာပါ...ဒါပေမဲ့ အခုချိန်မှာ မင်းရဲ့ စိတ်ဝိညာဥ်ပင်လယ်ဆေးထက်ပိုကောင်းတဲ့ ဖော်မြူလာကို ငါတို့မှာ ရှိထားပြီးသွားပြီ..."
" အဲဒီဆေးရဲ့ စစ်ဆေးချက်က မင်းရဲ့ဆေးထက်ပိုကောင်းပြီး ကုန်ကျစရိတ်ကလည်း ပိုသက်သာတယ်...အဲ့ဒါကို ဖက်ဒရေးရှင်းမှာ အရေအတွက်များများနဲ့ ဖြန့်ချီဖို့ အခွင့်အရေးရှိလာနိုင်တယ်..."
ဒူကန်း မျက်မှောင်ကျုံ့သွား၏ ။
" အဲဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
' လူသားစိတ်ဝိညာဥ်ပင်လယ်ရဲ့ ဆန်းကြယ်မှုကို သိနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...ဘယ်သုတေသီကမှ အလုံးစုံယုံကြည်ရတဲ့ စိတ်ဝိညာဥ်ပင်လယ်ဆေးကို ထုတ်လုပ်နိုင်ပါတယ်လို့ ပြောရဲမှာ မဟုတ်လောက်ဘူး...'
' စျေးကွက်ထဲမှာ ပေါ်နေတဲ့ ဆေးတွေကလည်း ပါဝင်ပစ္စည်းတွေ အမျိုးအမည်ခွဲခြားဖို့ခက်သလို ယုံကြည်စိတ်ချရမှုမရှိဘူး...တစ်တောင့်သောက်မိလို့ ဘာမှမဖြစ်ဘူးဆိုရင်ကို ကံကောင်းနေပြီ...ဒါပေမဲ့ နောက်တစ်ခါဆိုရင်တော့ ကံကောင်းမှာမဟုတ်ဘူး...'
ဒူကန်းက သူကျွမ်းကျင်သည့် နယ်ပယ်တွင်မူ အလွန်ယုံကြည်မှုရှိသည်။ သူက စိတ်ဝိညာဥ်ပင်လယ်ဆေးဝါး၏ အခြေအနေကိုလည်း ကောင်းစွာသတိပြုမိ၏။ သုတေသီအများစုက ထိုဆေးများ ပေါပေါသီသီဖြန့်ဖြူးနေသည့် ပြဿနာကို တွန်းလှန်ရန်ကြိုးစားနေကြသော်လည်း ထိရောက်မှုမရှိလှချေ ။
လူတစ်ယောက်က အဲလိုဆေးမျိုးကို စျေးသက်သာပြီး ထိရောက်မှုရှိတယ်လို့ ရုတ်တရက်ကြီး ပြောလာမှတော့ အဲဒါက အလိမ်အညာမဖြစ်နိုင်ဘူးလား...
သူတို့နယ်ပယ်တွင် ရုတ်တရက်အောင်မြင်သွားသည် ဆိုသည့်အခြေအနေက ရှားပါးပြီး ရှိခဲ့လျှင်ပင် အသေးစိတ်အချက်အလက်များကို ဖြည်းဖြည်းချင်းပြင်ဆင်ရန် လိုအပ်သေးသည်။ ၎င်းက မာရှယ်လီမင်ပြောသလို ချက်ချင်းကြီး အကောင်းဆုံး ဖြစ်နိုင်မည်မဟုတ်ပေ။ သေချာပေါက် လေကြီးလေကျယ်ပြောနေခြင်းသာ ဖြစ်ပေလိမ့်မည် ။
" မာရှယ်လီမင်...ကျွန်တော်က ကြွားပြောနေတာတော့မဟုတ်ဘူး...ဒါပေမဲ့ ဒီနယ်ပယ်မှာတော့ ကျွန်တော့်ကိုယ်ကျွန်တော် တော်တော်လေးဗဟုသုတကြွယ်ဝတယ်လို့ ခံယူထားတယ်...ပြီးတော့ ခင်ဗျားပြောသလို အကျိုးသက်ရောက်မှုရှိတဲ့ဆေးဝါးမျိုး ကျွန်တော်တစ်ခါမှ မကြားဖူးဘူး... ဒီဆေးဝါးက တကယ်ရှိပြီး တစ်ဖက်လူက ရန်ပုံငွေအတွက် လိမ်ပြောနေတာ မဟုတ်ဘူးဆိုတော့ ခင်ဗျားသေချာပါတယ်နော်..."
ပထမသုတေသနဌာနမှ ဒါရိုက်တာချုပ်က သူ့ကို ပြန်ဖြေလာ၏။
" အဲဒါက တကယ်အလိမ်အညာသာဆိုရင် အဲ့ဒီအကြောင်းက ဒီနေရာအထိတောင် ရောက်လာစရာအကြောင်းမရှိပါဘူး...ကျုပ်တို့ဘက်က အချက်အလက်တွေကို စစ်ဆေးကြည့်ပြီးသားပါ...အပြင်မှာ သတင်းတွေထွက်နေမှာကတော့ မုချပဲလေ...ဒါပေမဲ့ ဆေးကို စစ်ဆေးပြီးသွားပါပြီ...ကျုပ်တို့ကိုယ်တိုင်ပဲ အတည်ပြုထားပြီး ချီတိုမိသားစုကနေ အရေအတွက်များများနဲ့ ဖြန့်ချီဖို့ အစီစဥ်ဆွဲနေပါတယ်..."
" ကျုပ်လည်း ပစ္စည်းကိုရတုန်းက သိပ်မယုံနိုင်သေးဘူး...ဒါပေမဲ့ ကျုပ်မျက်စိရှေ့မှာတင် အထောက်ထားတွေကရှိနေတော့ လက်ခံလိုက်ရတာပဲ...ထိုက်ယီဂိုဏ်းက ဘယ်ဂြိုဟ်ကများထွက်လာသလဲဆိုတာ ကျုပ်လည်း မသိတော့ပါဘူး...ဒါပေမဲ့ ဒါကလည်း ဖက်ဒရေးရှင်းအတွက် ကောင်းချီးပါပဲ..."
အချို့လူများက သက်စောင့်ဆေးအကြောင်း သေချာမသိကြဘဲ သူတို့တီးတိုးစကားများကြားလာခဲ့သည်ဆိုလျှင်ပင် ယုံကြည်နိုင်ကြမည် မဟုတ်ပေ။ သို့သော် ဖက်ဒရေးရှင်း၏ ထိပ်သီးအရာရှိများကပါ ဤနေရာတွင်ရှိနေ၍ သူတို့က ဤအကြောင်းမသိသည်မှာ မဖြစ်နိုင်တော့ပေ။
အာကာသဓါးပြများနှင့် သူပုန်များက အခြေအနေအရပ်ရပ်အား သူတို့သေချာမသိသည့်အတွက် ဒူကန်းကိုသာ ရတနာသဖွယ် မှတ်ယူနေရသည်။ အဆုံးတွင် ထိုက်ယီဂိုဏ်းက ဘာမှဖြေရှင်းချက်မထုတ်လာဘဲ ဒူကန်းကသာ လျှို့ဝှက်ချက်ကို ဖော်ထုတ်လာ၏။
သူက အသက်ရှင်နေတဲ့ပစ်မှတ်ပဲ မဟုတ်ဘူးလား...အဲ့လိုမှမဟုတ်ရင် ဒူကန်းထက်ပိုပြီး အဖိုးတန်တဲ့ပုဂ္ဂိုလ်ရှိနေပြီလို့တောင် သူတို့တွေးမိလောက်တယ်...
သေချာပေါက် လျစ်လျူရှူထားခြင်းကလည်း ကောင်းချီးတစ်ခုပင်။
ထိုအံ့အားသင့်စရာသတင်းကြောင့် ဒူကန်းမှာ တဖိမ့်ဖိမ့်တုန်လှုပ်သွား၏ ။
" ထိုက်ယီဂိုဏ်းလား...ကျွန်တော် နားကြားမလွဲပါဘူးနော်..."
" ဘာလဲ...မင်းရော ကြားထားတာရှိလို့လား..."
ဒူကန်း၏ အမူအရာမှာ ပြောင်းလဲသွား၏ ။
သူက ကြားဖူးနားဝရှိထားရုံတင်မက ထိုက်ယီဂိုဏ်း၏ လူများနှင့်လည်း အဆက်အဆံရှိနေသည်။ ရွှီယီ ၊ ချန်ကျီနှင့် ခွဲခွာချိန်၌ သူတို့ မည်သည့်နေရာက လာသည်ကို သူမေးမြန်းခဲ့သည်။ ထိုအချိန်က ထိုက်ယီဂိုဏ်းဟူသော အမည်မှာ သူတို့၏အပြုအမူပုံစံများအတိုင်း ထူးဆန်းပြီး အလွန်ခေတ်နောက်ကျနေသောကြောင့် သူ့ခေါင်းထဲတွင် စွဲနေ၏။
သို့သော် ထိုနာမည်ကို ယခုလိုအချိန်အခါမျိုးတွင် ပြန်ကြားလိုက်ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
နောက်ဆုံးတွင် စိတ်ဝိညာဥ်ပင်လယ်ဆေးကို သူပေးရန်လုပ်စဥ် တစ်ဖက်က 'ဘာလို့ဒီလောက်ငြင်းနေရသလဲ'ဆိုသည်ကို သူနားလည်သွား၏ ။
' သူတို့က တကယ်ကို ဘာမှပြတ်လပ်မနေဘူးပဲ...'
ယခင်တွေ့ဆုံမှုမှတစ်ဆင့် သူတို့ မည်မျှထူးခြားဆန်းကြယ်သည်ကို သူသိသွားခဲ့ပြီး မကြာမီတွင် ဗိုလ်မှူးဂျိမ်းစ်ထံမှပင် သူမက်ဆေ့ချ်ရခဲ့သေးသည် ။
' သူတို့နှစ်ယောက်နဲ့ သွားမရှုပ်မိဖို့ ကျွန်တော့်ကို ခင်ဗျားပြောခဲ့တာ တကယ်မှန်တယ်..."
ဂျိမ်းစ်က အသေးစိတ်မပြောပြသော်လည်း ထိုလူနှစ်ယောက်က အံ့အားသင့်စရာကောင်းသည်ကို ထပ်လုပ်ခဲ့သေးသည်။
ထိုကဲ့သို့ သုတေသနမျိုးကို အခြားတစ်ယောက်ကသာ လုပ်ပါသည်ပြောလျှင် ဒူကန်း ယုံမိမည်မဟုတ်ပေ။
' ဒါပေမဲ့ အဲ့ဒါက ထိုက်ယီဂိုဏ်းကသာဆိုရင်တော့ မဖြစ်နိုင်တာ မဟုတ်တော့ဘူးလေ...'
' မဖြစ်နိုင်တာပဲ...ဒီဆေးက ကြယ်တာရာခေတ်ရဲ့ သမိုင်းကြောင်းကိုတောင် ပြောင်းလဲပေးနိုင်လောက်တယ်...'
ဒူကန်းက သူ့ကိုယ်သူ သမိုင်းကြောင်းတွင် ဦးဆောင်သူဖြစ်လာလိမ့်မည်ဟု မှတ်ယူဖူးသည်။ သို့သော် သူက သမိုင်းကြောင်းကို မျက်မြင်တွေ့ခွင့်ရသည့် သာမညောင်ညသာ ဖြစ်သွားသည်က အံ့သြစရာပင်။ သူ ရုတ်တရက် စိတ်လှုပ်ရှားလာ၏။
" သူတို့ဘယ်လိုများ လုပ်ခဲ့တာလဲ...ကျွန်တော် သုတေသနလုပ်တုန်းက ထိရောက်တဲ့မော်လီကျူးတွေက အယ်လ်ဖာ-ဂမ်မာဒြပ်မှုန်တွေကို ထိတွေ့ခံစားနိုင်တယ်ဆိုတာ ရှာတွေခဲ့တယ်...သူတို့ အဲ့ဒါကို ဘယ်လိုများ လုပ်နိုင်သွားရတာလဲ...ကျွန်တော်ရော အဲ့ဒီသုတေသနအဖွဲ့မှာ ပါဝင်လို့ရမလား..."
သံသယများလွင့်စင်သွားချိန်၌ ဒူကန်းမှာ သုတေသနလုပ််ရန်အတွက် စိတ်အားတက်ကြွမှုများသာ ကျန်ရှိတော့သည်။
အစည်းအဝေးခန်းထဲရှိလူများက တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည် ။
" အာ..ငါတို့သေချာမလုပ်နိုင်မှာပဲ စိုးရိမ်ရတယ်...ဒါက ထိုက်ယီဂိုဏ်းရဲ့ မူပိုင်သုတေသနပဲ...ဖော်မြူလာမြှင့်တင်ဖို့ကို ငါတို့တောင် ဝင်ပါခွင့်မရှိဘူး..."
ဒူကန်း၏ ကိုယ်ရေးအကျဥ်းအရဆိုလျှင် ဖက်ဒရေးရှင်းရှိ မည်သည့်သုတေသနကိုမဆို သူ မဝင်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် ကံမကောင်းစွာဖြင့် ထိုက်ယီဂိုဏ်းက သီးသန့်သုတေသနဌာနကဲ့သို့မဟုတ်ဘဲ ဖက်ဒရေးရှင်းဘက်ကလည်း ပါဝင်ခွင့်မရှိသလို ချီတိုမိသားစုကလည်း ပူးပေါင်းပါဝင်နေ၏။ ဒူကန်းက ပါဝင်ချင်သည်ဆိုလျှင်ပင် ပါဝင်နိုင်ရန် မည်သည့်နည်းလမ်းမှ မရှိချေ။
ဒူကန်းလည်း ၎င်းကိုတွေးပြီးနောက် ညီလာခံခန်းမှုရှိ လူများကို ဂရုစိုက်မနေတော့ဘဲ ဂနာမငြိမ်ပြေးထွက်သွား၏။
" ဒီအစည်းအဝေးကို ခင်ဗျားတို့ပဲ ဆက်လုပ်ထားလိုက်ကြပါတော့..."
အစည်းအဝေးခန်းထဲရှိလူများ : "...."
*****
အလည်လာသည့် ကျောင်းသားမိဘများ သက်တောင့်သက်သာရှိစေရန် အထူးပြင်ဆင်ထားသည့် ကျောင်းအပြင်ဘက် မိသားစုဟိုတယ်တွင် ရွှီယီနှင့် အခြားသူများက နေရာချလိုက်ကြသည်။
စုန့်နင်ဖုန်း မနက်စောစော အပြင်ထွက်လာချိန်တွင် လူတစ်ယောက်က ဦးညွှတ်မည့်ဟန်ဖြင့် သူ့ကို နှုတ်ဆက်လာ၏။
" ဝူးဝူးဝူး...ထိုက်ယီဂိုဏ်းကို မသိခဲ့တာ ကျွန်တော့်အပြစ်ပါပဲ...ကျေးဇူးပြုပြီး ကျွန်တော် ထိုက်ယီဂိုဏ်းကို ဝင်လို့ရမလား..."
စုန့်နင်ဖုန်း : " မင်းက ဘယ်သူလဲ..."
💫💫💫