Chapter 48
Viewers 3k

💫 Chapter 48



ဒန်းနစ်က သူ့ခြေထောက်အောက်ရှိ ဆေးလိပ်ဖင်ဆီခံကို စိတ်ပျက်လက်ပျက်ဖြင့် ကန်ထုတ်ကာ သူ့ဒေါသများကို ထွက်ပေါက်ပေးလိုက်သည်။ 

" အခုခေတ် မြို့တော်ဂြိုဟ်က ဘာဖြစ်နေပြီလဲ...လမ်းမပေါ်မှာတောင် ဆေးလိပ်ဖင်ဆီခံတွေရှိနေသေးတာလား...ငါနောက်မှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနကို သွားပြောဦးမယ်..."


သူကန်ထုတ်လိုက်သည့် ဆေးလိပ်ဖင်ဆီခံက လိမ့်ထွက်သွား၏။ ထို့နောက် လမ်းပေါ်သို့ ဆေးလိပ်တိုများပစ်ချနေသော သူ့အရှေ့က လူကို သူသတိထားမိသွားသည်။ ကြည့်ရသည်မှာ သူ့ရှေ့က ဆေးလိပ်ဖင်ဆီခံကလည်း ထိုလူ၏ လက်ချက်ဖြစ်မည့်ပုံပင်။


အမှိုက်သရိုက်တို့ ဆိုသည်က ထိုကျောင်းသားများ၏ တာဝန်မဟုတ်ပေ။ သို့သော် ဒန်းနစ်က စိတ်ကြည်မနေသလို ထိုလူကလည်း သူ့မျက်စိအောက်ရောက်လာသည့်အတွက် ထိုလူကို ပုံချရန် အကြောင်းပြချက်ရှာလိုက်သည်။ 


ဒန်းနစ်က ထိုလူရှိရာသို့ လျှောက်သွားကာ ကော်လံကို ဆွဲကိုင်လိုက်သည် ။ 

" ခင်ဗျားက ဘာလဲ...လူ့ကျင့်ဝတ်လေးဘာလေးတောင် နားမလည်ဘူးလား...အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာမှာ ဆေးလိပ်မသောက်ရဘူးဆိုတာတောင် မသိဘူးလား...ခင်ဗျားက တကယ်ခွေးချေးသာသာပဲ..."


ထိုလူက ဒန်းနစ်ကို စိတ်မပါတပါဖြင့် ဆဲရေးလိုက်သည် ။

" မင်းက ကျောင်းသားမလား.. နည်းနည်းလေးတတ်နေတာနဲ့ မင်းကိုယ်မင်း တကယ့်အကောင်ကြီးလို့များ မှတ်နေတာလား...ဘာတွေလာဂရုစိုက်နေတာလဲ..."


'သခင်လေး'က အဖွဲ့ထဲမှ ကွဲထွက်သွားပြီး သာမန်ပြည်သူတစ်ယောက်နှင့် အချင်းများနေတာကို ကျောင်းသားများက သတိထားမိသွား၏။ သူတို့က သူ့ကို ဖျောင်းဖျတားမြစ်ရန် လုပ်သေးသည်။ သူတို့က တာဝန်အရ ကင်းလှည့်ထွက်လာ၍ ဤသို့ပြဿနာဖြစ်ပါက ကျောင်းကို တိုင်ကြားခံရလျှင် မကောင်းသည့်ပုံရိပ်သာ ကျန်ရှိစေမည်ကို စိုးရိမ်နေ၏။ 


ဒန်းနစ်က ၎င်းကို ဂရုမစိုက်ဘဲ ဆက်လုပ်နေဆဲပင်။ 

" ကျွန်တော်က ဘာလို့ ဂရုစိုက်ရမှာလဲ ဟုတ်လား... ခင်ဗျားရဲ့ အိုင်ဒီကတ်ပြစမ်းပါ...ကျွန်တော် စစ်ဆေးကြည့်သေးတာပေါ့...ခင်ဗျားက လျှို့ဝှက်ကျူးကျော်လာတဲ့ ရန်သူပဲလို့ ကျွန်တော် သံသယရှိတယ်...မြို့တော်မှာ နေထိုင်သူတွေက ခင်ဗျားလို ပေါပေါပဲပဲတွေ မဟုတ်ဘူး..."


" ဒန်းနစ် ထားလိုက်ပါတော့...." 

အခြားသူများက ဒန်းနစ်ကို ပြန်ဆွဲရန် လုပ်နေကြသည်။ 


ထို့နောက် ဒန်းနစ်ဆွဲထားသောသူက စူးရှသော အကြည့်တစ်ချက်ဖြင့်ကြည့်လာ၏။ သူကလက်ထဲတွင် သေးငယ်သောဒြပ်မှုန်ထုတ်လွှတ်သည့်လက်နက်ကို ကိုင်ထားပြီး ခလုတ်မောင်းကို ဆွဲလိုက်သည်။ 


" သတိထား..." 

အတူပါလာသည့် ကျောင်းသားတစ်ယောက်က သတိပေးရန်အော်လိုက်သော်လည်း ဒန်းနစ်ကို ဆွဲထုတ်ရန်အတွက်မူ သူက ထိုလူနှင့် အလွန်နီးကပ်နေ၏။ ထို့အပြင် တစ်ခုခုပြဿနာရှာရန်သာလုပ်နေသည့် ဒန်းနစ်ကလည်း အမှန်တကယ်ပင် ပြဿနာဖြစ်နေလိမ့်မည်ဟု မထင်ထားသောကြောင့် ဘာမှ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။ 


နှစ်ပေါင်းများစွာဆင်းလာသော လေ့ကျင့်ရေးများကြောင့် ဒန်းနစ်က ချက်ချင်း သူ့မက်ခါကို တပ်ဆင်ရန် ကြိုးစားလိုက်သော်လည်း လက်တွေ့လောက၏ စစ်မြေပြင်တွင် တိုက်ခိုက်ကာ အတွေ့အကြုံရှိနေသည့် သူပုန်လောက် သူက မလျင်မြန်ချေ။ 


' ဒါက ငါ့ဘဝရဲ့ အဆုံးသတ်ပဲလား...'


ဒန်းနစ်မှာ ထိုအတွေးတစ်ခုတည်းဖြင့် ဝေဝါးသွား၏။ သို့သော် ဒြပ်မှုန်စေ့များက သူ့ကို လာရောက်ရိုက်ခတ်ချိန်တွင် မမြင်ရသော အလွှာပါးတစ်ခုက သူ့ကို ကာကွယ်ပေးထားသကဲ့သို့ ထိုဒြပ်မှုန်များက ပြန်ကန်ထွက်သွား၏။ 


ထိုလူ : "...."


ဒန်းနစ် : "...."


အတန်းဖော်များ : "...."


ထိုမြင်ကွင်းကြောင့် လူများမှာ အနေခက်စွာတိတ်ဆိတ်သွားကြသည်။ 


နောက်တစ်စက္ကန့်မှာပင် ဒန်းနစ်က မက်ခါကို သူ့ကိုယ်ပေါ်တွင် တပ်ဆင်၍ပြီးသွားပြီး ထိုလူကလည်း သူ့ကိုယ်ပိုင်မက်ခါဖြင့် ထွက်ပြေးရန် ပြင်နေ၏။ သို့သော် မက်ခါပါသည် ဖြစ်စေ ၊ မပါသည်ဖြစ်စေ တိုက်ခိုက်သည့်အင်အားက အနည်းငယ် ကွာခြားနေဆဲပင်။ 


ဒန်းနစ်က သူ မည်မျှပင် အသုံးမကျဖြစ်နေပါစေ ထိုလူကိုတော့ အခွင့်အရေးမပေးနိုင်ချေ။ သူက ထိုလူကို လျင်မြန်စွာလှဲသိပ်ကာ သူ့မက်ခါ၏ခြေလက်များကို ဆွဲဖြုတ်ပစ်လိုက်သည်။ 


ဒန်းနစ်က ပို၍တက်ကြွလာ၏။

" ဒီအနီးနားမှာ သူနဲ့အတူတခြားကြံရာပါတွေ ရှိနေဦးမလား လိုက်ရှာကြည့်ကြဦး..."


အခြားကျောင်းသားများကလည်း အခြေအနေကို စုဝေးချန်နယ်တွင် အစီရင်ခံလိုက်ပြီး မက်ခါများကို တပ်ဆင်ကာ လမ်းပေါ်ရှိ လူသွားလူလာအနည်းငယ်ကို တောက်ပသောမျက်လုံးစိမ်းများဖြင့် သေချာစိုက်ကြည့်နေကြသည်။ 


သူတို့ အစောပိုင်းကလူကို တွေ့ခဲ့ကြသော်လည်း ထိုလူက ဤအတိုင်းအိမ်မပြန်ချင်သည့် သက်လတ်ပိုင်းလူတစ်ယောက်အလား တည်ငြိမ်စွာဟန်ဆောင်နေခဲ့သည်။ ထိုလူက ဘာမှ ပုံမှန်မဟုတ်သည်ကို တွေ့ပြီး ကျောင်းသားများက တစ်ချက်ကြည့်ကာ ပြန်လွှတ်ပေးရန် လုပ်လိုက်သော်လည်း သူတို့တစ်ချက်မှားသွားလိမ့်မည်ဟု မထင်ထားမိကြပေ။ 


တစ်ခုခုမူမမှန်သည်ကို ရှာတွေ့သွားသော ဒန်းနစ်၏ စူးရှသောအမြင်ကြောင့်သာမဟုတ်လျှင် ထိုလူ၏ အကြံအစည်က အထမြောက်သွားနိုင်သည်။


ထိုသာဓကကြောင့် ကျောင်းသားများအုပ်စုလည်း နိုးနိုးကြားကြားဖြစ်သွားပြီး လူတစ်ယောက်ချင်းစီတိုင်းကို စေ့စေ့စပ်စပ်သတိထားကြည့်နေကြသည်။ သူတို့၏ မြေခွေးလိုအကြည့်များအောက်၌ လမ်းသွားလမ်းလာအနည်းငယ်ကာ ခြေလှမ်းကို ခပ်သွက်သွက်လျှောက်သွားမိ၏။ 


' ဒီကျောင်းသားတွေက ကြောက်ဖို့ကောင်းလှချည်လား...'


ကံမကောင်းစွာဖြင့် ထိုလူက ပိုက်ကွန်ထဲမှလွတ်လာသည့်တစ်ဦးတည်းသောသူဖြစ်သည်။ ကျောင်းသားများက သေချာစောင့်ကြည့်နေကြသော်လည်း သံသယဖြစ်ဖွယ်ရာတစ်ဦးတစ်ယောက်မှ မတွေ့ခဲ့ကြချေ။ 


ရှေ့တန်းတပ်ဖွဲ့များ ပြန်လာပြီး မြို့တော်၏အနီးနား၌ တည်ငြိမ်နေသောကြောင့် ကျောင်းသားများကို မလိုအပ်တော့ပေ။ ချန်ရှန်းက ကျောင်းသားများအားလုံးကို ပြန်စုဝေးကာ ကျောင်းကိုပြန်ရန် ပြင်ဆင်တော့သည်။ 


" ဒန်းနစ်...မင်း ဒီတစ်ကြိမ်တော့ တကယ်မှတ်ကျောက်တင်နိုင်လိုက်တာပဲ..."


" အဲ့ဒါ တကယ်ကို အံ့သြစရာပဲ...ငါတောင် မနာလိုဖြစ်မိတယ်...မင်းအဲ့ဒီအချိန်တုန်းက ဘယ်လိုများ လွတ်အောင်ရှောင်လိုက်တာလဲ...ငါ့ကို ပြောပြစမ်းပါအဦး..."


" ဒန်းနစ် မင်းက တကယ်ကံကောင်းတာပဲ...အဲ့ဒီလူက သူပုန်ဆိုတာ မင်းဘယ်လို သိသွားတာလဲ...အံ့သြဖို့ကောင်းပါပေတယ်..." 


အားလုံးက ဒန်းနစ်ကို နွေးထွေးစွာ ဂုဏ်ပြုပေးလာကြသည် ။ 


' သူ့ကို သတိထားမိတယ်တဲ့လား..

အဲ့ဒီလူ မတိုက်ခိုက်လာခင်အထိ ငါသတိမထားမိခဲ့ပါဘူး...ငါက ဒီအတိုင်းပြဿနာရှာဖို့ လူလိုက်ရှာနေရုံပါပဲ...' 


' ပြီးတော့ ငါ့ရဲ့ တုံ့ပြန်မှုကလည်း အဲ့လောက်သွက်နေတာမဟုတ်ဘူး...အဲ့ဒီအချိန်တုန်းကသာ အဲ့ဒီထူးဆန်းတဲ့ အလွှာပါးက ပေါ်မလာခဲ့ရင် ငါဖြင့် သေတောင်သေနေလောက်ပြီ...' 


' အဲ့ဒီလူက တစ်ခါတည်း လက်နက်ကို ထုတ်လိုက်တာ ...သူက ငါ့ကို တစ်ခါတည်း သတ်ပစ်ချင်နေတာပဲ...' 


ဒန်းနစ်က အတော်လေး ခေါင်းမာသည့်သူဖြစ်သည်။ သူက တကယ့်ရန်သူကို မကြုံရသေးမီအထိ သူတို့ကို လေဖြင့်သစ်ရွက်များအား လွင့်စင်သွားစေသကဲ့သို့ ရှင်းထုတ်ပစ်နိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော် တကယ့်သူပုန်အစစ်နှင့် ကြုံလိုက်ရချိန်၌ သူ့ယခင်အတွေးများက မည်မျှ နုံအခဲ့သည်ကို သိသွား၏။ ဗီဇအဆင့် နှင့် စိတ်ဝိညာဥ်အဆင့်က မည်မျှပင်ဖြစ်စေ တကယ်သေရေးရှင်ရေးနှင့် ကြုံလာချိန်တွင် ၎င်းက လူတစ်ယောက်ကို အပြည့်အဝအရေးသာစေမည်မဟုတ်ပေ။


သို့သော် အားလုံးက သူ့ကို မနာလို၊ အားကျသောအကြည့်များဖြင့် ကြည့်လာချိန်၌ ဒန်းနစ် အမှန်ကို မပြောနိုင်တော့ချေ။ သူက သူ၏လျှို့ဝှက်ဆန်းကြယ်အဖြစ်အပျက်ကို သိမ်းဆည်းကာ အင်အားကြီးသည့် ပုဂ္ဂိုလ်တစ်ယောက်လို ပြုံးလိုက်သည်။ 


ထို့နောက် တစ်ခုခုအားစိတ်ပျက်နေပုံရသည့် ဆာ့ဆာ့ကို သူတွေ့လိုက်ရသည်။


ဆာ့ဆာ့လည်း ဒန်းနစ်ကို မနာလိုဖြစ်နေမိသည်။ သူမက တစ်ခုခု မှတ်ကျောက်တင်နိုင်မည့်အခွင့်အရေးကို ရလိမ့်မည်ဟု ထင်ထားခဲ့သည်။ ထိုမှသာ သူမ ပြန်သွားလျှင် 'ဘာတွေလုပ်ခဲ့သလဲ'ဆိုသည်များအား သူမဆရာကို ပြောပြနိုင်မည်ဖြစ်သည်။ သို့သော်လည်း အပြင်ဘက်၌ ဟိုလျှောက်သွားသည်လျှောက်သွား လုပ်ရုံသာ ဖြစ်သွားသည်။ 


စိတ်ထဲ၌ ဒေါသထွက်နေရင်း သူမ တွေးမိသည် ။ 

' ငါက အနိုင်ကျင့်လို့ကောင်းမယ့်ပုံပေါက်နေတာပဲကို...သူတို့က ဘာလို့ ငါ့ဆီကို ရောက်မလာရတာလဲ...' 


ဒန်းနစ်က ဆာ့ဆာ့ကို မြင်လိုက်ရချိန်၌ သူ့စိတ်ထဲ၌ ရုတ်တရက် ထိတ်လန့်သွားပြီး တဖြည်းဖြည်း သူသဘောပေါက်သွား၏။ သူ့ကို ကာကွယ်ပေးခဲ့သောထိုအလွှာပါးက သူ့ကို ဆာ့ဆာ့က တစ်ခုခုထူးဆန်းသည့်အရာမပြောမီ ပေးခဲ့သည့်အဆောင်ကြောင့် ဖြစ်သည်။ 


သူကံကောင်းသွားခြင်းကြောင့်သာမဟုတ်လျှင် သူမကပ်ပေးလိုက်သောအဆောင်၌ တစ်ခုခု ရှိရမည်။ ထိုအတွေးက သိပ္ပံနည်းမကျသော်လည်း ထိုအရာထက်ပိုကောင်းသည့် ကျည်ဆံကာဆိုသည်မျိုး ရှိမည်မထင်ပေ။ သို့သော် ထိုထက်ပိုပြီး သိပ္ပံနည်းမကျသည့် အရာများဖြစ်လာလျှင်ပင် ထိုအရာက သိပ္ပံနည်းမကျသောအဖြေဖြစ်ရုံသာဟူ၍ သူ လက်ခံမိဦးမှာပင်။ 


ဒန်းနစ်က ရှုံ့တွတွဖြင့် ဆာ့ဆာ့ဆီသို့ လျှောက်သွား၏။ 

" မင်းပေးလိုက်တဲ့ အဲ့ဒီအဆောင်က ငါ့ကို ကယ်ပေးလိုက်တာလား..." 


" ဘာ..." 

ဆာ့ဆာ့က အနီးကပ်ကြည့်လိုက်သောအခါ သူ့ကိုယ်ပေါ်ရှိ တစ်ခါသုံးအဆောင်က အစွမ်းပြယ်နေပြီး အသက်ဝင်သွားပြီးသည့်ပုံပေါ်သည် ။ 

" အာ...နင်က အန္တရာယ်နဲ့တောင် ကြုံပြီးသွားပြီလား..." 


ဒန်းနစ်၏ အကြည့်များက နစ်မြောသွား၏ ။ 

' အဲ့ဒါက တကယ်ကို အဆောင်ရဲ့ အစွမ်းပဲ...'


သူက သူမကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့ပြီး သူမက တမင်ရည်ရွယ်ချက်ရှိရှိ သူ့ကို လက်တုံ့ပြန်ရန် လုပ်နေခြင်းဖြစ်မည်ဟု သူတွေးခဲ့မိသည်က ရှက်စရာကောင်းလှသည်။ အဆုံးတွင် သူက ကြီးမားသည့်ကျေးဇူးကြွေးကို တင်နေမိခဲ့သည်။ ဒန်းနစ် သူ့ကိုယ်သူ လူယုတ်မာတစ်ယောက်သဖွယ် ခံစားမိလာ၏ ။ 


ဒန်းနစ်က မှင်သက်နေမိပြီး စကားများထစ်ငေါ့နေမည်ကိုသိသော်လည်း သူပြောလိုက်သည် ။

" ကျေးဇူးတင်ပါတယ်...မင်းရဲ့ အဆောင်ကြောင့်သာမဟုတ်ရင် ငါသေနေလောက်ပြီ...ငါမင်းအပေါ် အကြွေးတင်သွားပြီ...နောက်ပိုင်း မင်းငါ့ဆီက အကူအညီလိုတာရှိရင် ဘာပဲဖြစ်ဖြစ် ပြောလို့ရပါတယ်...ငါက မင်းလောက် အံ့ဩဖို့မကောင်းပေမဲ့လည်း ငါတို့ ဝဒ်ဆန်မိသားစု လုပ်နိုင်တာတချို့တော့ ရှိပါသေးတယ်...."


" အိုး...ငါအရင်က ပြောပြီးသားပါ...ငါတို့အားလုံးက အတန်းဖော်တွေပဲဟာ...အားနာနေစရာမလိုပါဘူး..." 

ဆာ့ဆာ့က လက်ခါပြလိုက်သည် ။


အမှန်တွင် ဒန်းနစ်မှာ အတော်လေး နားမလည်နိုင်ဖြစ်နေ၏။ 

" ငါအရင်တုန်းက မင်းနဲ့ ဆက်ဆံရေးကောင်းရှိတဲ့ပုံမပေါ်ပါဘူး...ဟုတ်တယ်မလား...အဲ့ဒီလိုအရေးကြီးတဲ့ပစ္စည်းကို မင်းဘာလို့ ငါ့ကို ပေးခဲ့တာလဲ..." 


၎င်းက တစ်ခါသုံးဆိုလျှင်ပင် အသက်အပိုတစ်ခုသဖွယ် အဖိုးတန်နေဆဲပင်။


ဆာ့ဆာ့လည်း နားမလည်နိုင်ဖြစ်သွား၏ ။

" အာ...နင်အဲ့ဒီအချိန်တုန်းက တော်တော်စိတ်ဝင်စားနေတဲ့ပုံပေါက်လို့လေ...နင်အဲ့ဒါကို လိုချင်နေတယ်လို့ ငါကထင်လိုက်တာ...ဒါက တကယ်တော့ ဘာမှဆန်းပြားတဲ့ပစ္စည်းမဟုတ်ပါဘူး...အဲ့ဒီအဆောင်မှာလည်း သူခံနိုင်ရည်ရှိတဲ့အကန့်အသတ်ဆိုတာ ရှိတယ်..."


ထိုအဆောင်က ရွှေဗဟိုချက်အဆင့်ရှိ အားအင်အပြည့်တိုက်ခိုက်မှုအထိ ခံနိုင်ရည်ရှိသည်။ ဤကမ္ဘာ၏ အင်အားစနစ်နှင့် ယှဥ်ကြည့်လိုက်လျှင်လည်း ၎င်းက အတူတူပင် ဖြစ်သည်။ ၎င်းက အဆောင်၏ ခံနိုင်ရည်အကန့်အသတ်ကို ကျော်လွန်သွားလျှင် ထိုသူက ထိခိုက်ဒဏ်ရာသွားမည် ဖြစ်သည်။ 


ထိုအချိန်က သူပုန်၏လက်နက်မှာ သယ်ဆောင်သွားနိုင်သည့် အသေးစားဒြပ်မှုန်သေနတ်သာဖြစ်နေသောကြောင့် ဒန်းနစ်ကံကောင်းသွားခြင်း ဖြစ်သည်။ ၎င်းက အမှန်တွင်ကြီးမားသော စွမ်းအင်အမြောက်ဆံသာဆိုပါက အဆောင်လည်း သူ့ကို ကယ်နိုင်မည်မဟုတ်ပေ။ 


ရွှေဗဟိုချက်အဆင့်ထိ ခံနိုင်ရည်ရှိသော အဆောင်ကို ဆာ့ဆာ့က မသုံးဖြစ်ပေ။ သူမတွင် ပိုကောင်းသည့်အရာ ရှိ၏။


ဆာ့ဆာ့က ရိုးရိုးသားသားပြောလိုက်သော်လည်း ဒန်းနစ်က ကြွားနေသလို ခံစားလိုက်ရသည် ။ 

' မိသားစုကြီးကဆင်းသက်လာတဲ့သူက သူလား ငါလား...ငတုံးကရော ဘယ်တစ်ယောက်လဲ...'


လီချန်ယွီ ရောက်လာသည်ကို မြင်သည်နှင့် သူက အဝေးကို လျှောက်သွားလိုက်သော်လည်း သူဝတ်ထားသော ထူးဆန်းသည့်ဝတ်ရုံကို ကြည့်ရင်း မနာလိုမဖြစ်မိဘဲ မနေနိုင်ချေ။ 

" သေလိုက်ပါတော့...မင်းကမှ တကယ်ကံကောင်းတဲ့ကောင်ပဲ..." 


လီချန်ယွီ : "...."

' ဒီကောင့်ကို တစ်ယောက်ယောက်ကများ ဆွပေးလိုက်တာလား...'


*****


ဖက်ဒရေးရှင်းက ကျူးကျော်မှုတွင် အသာစီးရသွားသော်လည်း ဆုံးရှုံးမှုများက ပေါ့ပေါ့တန်တန်မဟုတ်ချေ။ အထူးသဖြင့် တပ်မများ အချိန်မီမရောက်လာနိုင်သည့် ဝေးလံခေါင်သီသော ဂြိုဟ်များတွင် အာကာသဓားပြများ နှင့် ပုန်ကန်သူများက ပစ္စည်းများကို ခိုးယူလုယက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြသည်။ 


ဤကိစ္စ၏ နောက်ဆက်တွဲများက ထိုမျှ လွယ်လွယ်နှင့် ဖြေရှင်း၍မရကြောင်း သိသာ၏။ 


ဖက်ဒရေးရှင်း၏ ထိပ်သီးပိုင်း အရာရှိများက ဒေါသူပုန်ထကာ ပုန်ကန်သူနှင့် ဓားပြအကြွင်းအကျန်များကို အပြတ်ရှင်းပစ်ရန် ညွှန်ကြားလိုက်သည်။ 


' အာကာသဓားပြတွေက ဘာလို့ သူပုန်တွေနဲ့ ပူးပေါင်းလိုက်ရတာလဲ....'


' စကားအစအနတစ်ခွန်းတစ်လေတောင် မထွက်စေဘဲနဲ့ အဲ့ဒီလောက်ကြီး ဘယ်လိုလုပ် ရုတ်တရက် တိုက်ခိုက်နိုင်သွားတာလဲ...'


' ဒီလိုအရေးကြီးတဲ့အချိန်မှာ သူတို့ကို ဆက်သွယ်သင့်တာကို အဲ့ဒီအလုပ်အတွက် လူတွေက ဘယ်တွေရောက်ကုန်တာလဲ...'


သူတို့တိုက်ခိုက်နေရချိန်တွင် အဖြေရှာရန် အချိန်မရှိသော်လည်း အခြေအနေငြိမ်သက်သွားစဥ်၌ အားလုံးကို ရှင်းရှင်းလင်းလင်း စဥ်းစားမိသည်က ပုံမှန်ပင်။ 


ဤကိစ္စများက သာမန်ပြည်သူတစ်ယောက်သာ ဖြစ်သည့် ဆာ့ဆာ့နှင့် မသက်ဆိုင်လှပေ။ 


သူမ ပြန်လာသောအခါ ဆရာနှင့် သူမ၏အစ်ကိုများကိုတွေ့ပြီး သူမက အနည်းငယ် နောင်တရသော လေသံဖြင့် ပြောလိုက်သည် ။ 

" ဆရာ...ကျွန်မက အရင်လိုဆာ့ဆာ့မဟုတ်တော့ဘူးဆိုပြီး ကျွန်မရဲ့ သူရဲကောင်းဆန်တဲ့ပုံစံပြချင်ခဲ့တာ..." 


ရွှီယီက အသာပြုံးလိုက်ရင်း ဆိုလိုက်သည် ။ 

" အဲ့ဒါက အရေးမကြီးပါဘူး...ဆာ့ဆာ့က ဘာပဲဖြစ်လာပါစေ...ငါ့မျက်လုံးထဲမှာတော့ အတူတူပါပဲ..."


စုန့်နင်ဖုန်းက အနည်းငယ် သံသယဖြစ်မိသည်။ သူက အသံတိတ်ဖြင့် သူ့ကို မျက်စိမှိတ်ပြလာသော ချန်ကျီကို ကြည့်ရင်း အားလုံးနားလည်သွား၏။ သို့သော် အကြီးဆုံးစီနီယာအစ်ကိုတစ်ယောက်အနေဖြင့် ဆရာ့ကို သူမျက်နှာရအောင်လုပ်ပေးရန် လိုသေးသည်။ ထို့ကြောင့် သူလည်း တိတ်တဆိတ်သာနေလိုက်သည်။ 


ဆာ့ဆာ့က စကားပြီးအောင်ပြောရန် ရွှီယီကို တစ်ပါတည်းဆွဲသွားသော်လည်း ရွှီယီက တတိယအစ်ကိုရှဲ့ရုန်အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ 


ရှဲ့ရုန်မှာ ထွက်ပြေးချင်သွား၏။ ဆရာက သူ့ကို ကြည့်လာသည့်အခါတိုင်း ကောင်းသည့်အရာ ဘာတစ်ခုမှ ဖြစ်မလာပေ။ 


သို့သော် ထွက်ပြေး၍လည်း မရသောကြောင့် သူက ဆာ့ဆာ့ကို မျက်စိတစ်ဖက်မှိတ်ပြကာ ဆရာ့ကို အာရုံလွှဲပေးရန် အကူအညီတောင်းနေမိသည်။ အကယ်၍ ဆရာသာ ဆာ့ဆာ့အပေါ် အာရုံရောက်နေပါက သူက အနောက်တွင် ပျောက်ကွယ်နေလိမ့်မည်။


ဆာ့ဆာ့က ချစ်စရာကောင်းစွာဖြင့် ရှဲ့ရုန်ကို ပုခုံးသာ လှုပ်ပြလိုက်သည်။ အစ်ကိုရှဲ့ရုန် လျှောက်သွားနေသည်ကို ကြည့်ပြီး ဂိုဏ်းကို ပိုကြပ်မတ်ရန်ပင် ဆရာ့ကို သူမ တောင်းဆိုလိုက်ချင်သေးသည်။ 


ထို့နောက် ရုတ်တရက်ဆိုသလို ရှဲ့ရုန်၏ ခေါင်းက အေးစက်သွားသည်ကို ခံစားလိုက်ရပြီး အနက်ရောင်ဆံပင်တုက ကျွတ်ကျကာ အစိမ်းရောင်နှင့်ပန်းရောင်စပ် ဆံပင်က ပေါ်လာ၏။ 


ရွှီယီ : "...."


သူ၏ ကျင့်ကြံရေးအဆင့်နှင့်ပင် အဆက်မပြတ်ရင်တုန်နေသလို ခံစားလိုက်ရသည် ။ 

ဒါက ငါ့ရဲ့ကျင့်ကြံရေးအဆင့် မလုံလောက်သေးလို့များလား...


ရှဲ့ရုန် : ' ဝူးဝူးဝူး...ကျွန်တော် မရည်ရွယ်ပါဘူး...'


ဆရာလာနေသည်ကို တွေ့သောအခါ ရှဲ့ရုန်မှာ ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး သူ မကြာမီကမှ လက်ဖွာပြီးလျှောက်လုပ်မိထားသည်များကို ပြန်ဖျက်ချင်နေမိသည်။ သူက ဆံပင်အရောင်ကို အနက်ရောင်ပြန်ဆိုးချင်သော်လည်း မြို့တော်ဂြိုဟ်၏ အရေးပေါ်အခြေအနေအရ ထုတ်ပြန်လိုက်သော မာရှယ်ဥပဒေကြောင့် ဆံသဆိုင်အပါအဝင် အရေးကြီးသောအသုံးအဆောင်ပစ္စည်းဆိုင်များမှအပ အခြားဆိုင်များအားလုံး ပိတ်ထားရသည်။


ရှဲ့ရုန်က သူအန္တရာယ်ကင်းမှာပါဟု ကတိပေးပြီး ညီအစ်ကိုတိုနီကို ဆံပင်အရောင်ပြန်ဆိုးပေးရန် တောင်းဆိုခဲ့သော်လည်း ညီအစ်ကိုတိုနီက သူ့ကို အေးစက်စွာပင် ငြင်းပယ်လိုက်သည်။ လူတစ်ယောက်၏ ဆံပင်တစ်ခေါင်းလုံးကို ဆိုးပေးခြင်းက အချိန်ယူရပြီး တိုနီက သူ့မိသားစုနှင့်အတူ အိမ်ပြန်ရန်လိုသေးသည်။ ရှဲ့ရုန်က အရေးတကြီးလိုအပ်နေလျှင်ပင် သူအချိန်မီလုပ်ပေးနိုင်မည် မဟုတ်ပေ။ 


ညီအစ်ကိုတိုနီက ရှဲ့ရုန်ကို ဆံပင်တုတစ်ခုသာ လက်ဆောင်ပေးလိုက်သည်။ 


ရှဲ့ရုန်မှာ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။ ဆရာ့ကို သူဘာမှ မဖုံးကွယ်ထားနိုင်သလို သူတတ်နိုင်သည်လည်း ဘာမှမရှိပေ။ သူ့ဆံပင်နှင့် အနီးစပ်ဆုံးတူသည့် ဆံပင်အတုကိုသာ သူယူခဲ့လိုက်ရသည်။ 


ကြယ်တာရာခေတ်၏ ဆံပင်အတုများက အရည်အသွေးကောင်းပြီး တကယ့်ဆံပင်အစစ်လားဟု ထင်မှတ်ရသည်။ ဆံပင်အတုကို တပ်ပြီး အပြင်ထွက်သွားလျှင်ပင် အတုလား အစစ်လားဆိုသည်ကို မည်သူမှ ခွဲခြားနိုင်မည်မဟုတ်ပေ။ သို့သော်လည်း ရှဲ့ရုန်၏ ဆံသားအစစ်က အလွန်ကောင်းမွန်သောကြောင့် ဆံပင်အတုမှာ သူ့ဆံပင်အစစ်နှင့်ယှဥ်လျှင် ကိုးရိုးကားယားနိုင်နေ၏။ 


သူ့ဆံသားနှင့် တစ်ထေရာတည်းတူနိုင်လောက်သည့် ဆံပင်အတုကိုရှာရန် မလွယ်ပေ။



💫💫💫