Chapter 47
Viewers 3k

💫 Chapter 47



ချန်ရှန်းက ကျောင်းသားစာရင်းကို အတည်ပြုလိုက်ပြီး အဖွဲ့နှင့် ကိုက်ညီမှုမရှိသည့် သူနှစ်ယောက်ကို ရှာတွေ့သွားသည်။ 


ဆာ့ဆာ့မှာ ယခင်ကတည်းက မက်ခါလေ့ကျင့်ရာ၌ သက်တောင့်သက်သာရှိစေရန် သူမ၏ ဆံပင်အရှည်ကြီးကို တိုတိုညှပ်ထားပြီး နေ့တိုင်းပေါ့ပေါ့ပါးပါးရှိသော အဝတ်များကိုသာ ဝတ်ဆင်ခဲ့သည်။ သို့သော် ယနေ့တွင် သူမက ရှုပ်ထွေးစွာပုံဖော်ထားသော ဝတ်ရုံနှင့် အောက်ခံကိုယ်ကျပ်အင်္ကျီကို ဝတ်ဆင်ထားပြီး သူမ၏ လက်ကောက်ဝတ်နှင့် လည်ပင်း၌လည်း ထူးဆန်းသည့် အရာများကို ဆင်မြန်းထားသည်။


နောက်ထပ်ထူးဆန်းသည့်သူတစ်ယောက်မှာ လီချန်ယွီဖြစ်သည်။ ထိုကောင်လေးမှာ ယခင်က အမြဲတမ်းလိုလို လူအုပ်ကြားထဲတွင် မထင်မရှားပျောက်နေလေ့ရှိသူဖြစ်သော်လည်း ဆာ့ဆာ့နှင့် တွေ့ကတည်းက သူ့ပုံစံမှာ တဖြည်းဖြည်း ပြောင်းလဲသွား၏။ သူကလည်း ဆာ့ဆာ့ကဲ့သို့ အရောင်တူဝတ်ရုံကိုဝတ်ဆင်ထားပြီး သာမန်ထက်လွန်ကဲနေ၏။


ဤလူနှစ်ယောက်ကို မက်ခါတိုက်ခိုက်ရေးသမားဟု ပြောလျှင်ပင် မည်သူမှ ယုံလိမ့်မည်မဟုတ်ပေ။ သူတို့က အခမ်းအနားတစ်ခုခုတက်ရန် ရှိ၍သာ ရောက်လာခြင်းဖြစ်မည်ဟု အားလုံးက ထင်ကြလိမ့်မည်။ 


ချန်ရှန်း : ' ဒီပေါကြောင်ကြောင်နဲ့ ကျောင်းသားနှစ်ယောက်က ဘယ်က ရောက်လာတာလဲ... ငါတို့တော့ လူတွေဆီကနေ ဆိုးဆိုးရွားရွား ဝေဖန်ခံရတော့မယ်လို့ ခံစားနေရတယ်...'


ခဲရောင်၊ အနက်ရောင်နှင့် အဖြူရောင်ဂျက်ကက်ကို ဝတ်ဆင်ထားသော မက်ခါတိုက်ခိုက်ရေးသမားများ ကြားတွင် သူတို့နှစ်ယောက်ရပ်နေသည်ကို အားလုံးက တိတ်တိတ်လေး ကြည့်နေကာ သူတို့နှင့် ခပ်ခွာခွာရှိနေ၏။ 


ဆာ့ဆာ့က အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်နေပြီး လီချန်ယွီက သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းကြိုးစားနေရသည်။ သို့သော် သူတို့နှစ်ယောက်စလုံး ၎င်းနှင့် ပတ်သက်ပြီး ဘာမှ မတတ်နိုင်ပေ။ ၎င်းက သူတို့၏ဂိုဏ်းမှ ချစ်မြတ်နိုးမှုဖြင့် ပေးလိုက်သောအရာဖြစ်ပြီး သူတို့ ၎င်းကို မဝတ်ဘဲ ပွစိပွစိပြောနေသော အစ်ကိုနှစ်ယောက်ထံမှ လွတ်မြောက်လာရန် မည်သို့မှ မဖြစ်နိုင်ပေ။ 


သူမဘေးတွင် ရပ်နေသော ဒန်းနစ်က ထူးဆန်းသောအကြည့်မျိုးဖြင့် သူမကို တစ်ချိန်လုံး စိုက်ကြည့်နေသောကြောင့် သူမက ပြုံးကာ အဆောင်ကို ကမ်းပေးလိုက်သည် ။ 

" အတန်းဖော်ဒန်းနစ်...နင်ရော ဒါကို လိုချင်လို့လား...ငါ့ကို အားနာနေစရာမလိုပါဘူး...နင်လိုချင်ရင် ငါ့ကို ပြောရောပေါ့..."


ဒန်းနစ်က အနည်းငယ်အထက်စီးဆန်ပြီး အခြားသူများကို 'ငါကပိုသာတယ်' ဟူသောအကြည့်မျိုးဖြင့် ကြည့်တတ်သော်လည်း သူတို့က တစ်ခန်းတည်းဖြစ်၍ အနည်းဆုံးတော့ ရဲဘော်ရဲဘက်စိတ်ကိုပြရမည်။ ဆာ့ဆာ့က သည်းခံတတ်သူဖြစ်ပြီး တစ်ခါတည်း လက်တုံ့ပြန်ခဲ့ပြီးဖြစ်သောကြောင့် သူမက သူ့ကို ဆက်ပြီး ဒေါသထွက်မနေတော့ပေ။ 


ဒန်းနစ်၏ မျက်နှာက ချက်ချင်းရှုံ့တွသွား၏။ သူက ဆာ့ဆာ့ကို ရယ်စရာကောင်းသောကြောင့်သာ ကြည့်နေခြင်းဖြစ်ပြီး သူက သူတို့ထဲမှ တစ်ယောက်ဖြစ်လာချင်သည်ဟူသည့် အဓိပ္ပါယ်မျိုးမဟုတ်ပေ။ 


" ဟမ့်...လူအထင်ကြီးခံရအောင် လုပ်နေပြန်ပြီ....ငါက အဲ့ဒါမျိုးတွေကို လိုနေတဲ့ပုံပေါက်နေလို့လား..." 

သူက မာနကြီးသော ပုံစံဖြင့်ပြောလိုက်သည် ။


ဆာ့ဆာ့က အဆောင်စာရွက်ဖြင့် သူ့ကို ရိုက်ချလိုက်သည်။ 

" စမ်းကြည့်စမ်းပါ...နင့်အတွက် အကျိုးမယုတ်ပါဘူး...အဲဒါက အရမ်းသက်ရောက်မှုရှိတယ်..." 


သူမက လက်ဖြင့် ဒန်းနစ်၏ကျောကို ရိုက်လိုက်၍ ရုပ်ပိုင်းဆိုင်ရာA+ အဆင့်ရှိသည့် ဒန်းနစ်မှာ အံ့သြစရာကောင်းလောက်အောင် ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။


သူက ဆာ့ဆာ့ကို ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်လုံးများက ရိုးသားဖြူစင်နေပြီး မရည်ရွယ်သည့်အလား စိတ်အားထက်သန်မှုကိုသာ ဖော်ပြနေ၏။ ဒန်းနစ်မှာ အားလုံး၏ရှေ့၌ ဘာမှ မပြောနိုင်ပေ။ ထို သိမ်မွေ့သောမိန်းကလေးက အမှန်တွင် သားရဲလိုကြမ်းတမ်းလိမ့်မည်ဟု မည်သူကမှ ထင်မြင်မဟုတ်ပေ။ သူသာတစ်ခုခုပြောလိုက်မည်ဆိုလျှင် တမင်ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့်သလို ဖြစ်နေပေလိမ့်မည်။


ဒန်းနစ် : ' ဒါက တမင်လက်တုံ့ပြန်တာပဲ...စောင့်နေလိုက်စမ်းပါ...အခုကစပြီး ငါမှတ်ထားလိုက်ပြီ...'


"သွားကြရအောင်..."

ချန်ရှန်းက လူထူးဆန်းနှစ်ယောက်ကို မတွေ့သလို ဟန်ဆောင်ကာ သူတို့ကို အမိန့်ပေးလိုက်သည်။


ဆာ့ဆာ့မှာ မနေနိုင်ဘဲ စက္ခုကွန်ရက်ကို ကြည့်လိုက်မိသည်။ ထွက်ခွာရတော့မည်ဖြစ်သော်လည်း သူမက ဆရာ့ကို စောင့်နေချင်သေးသည်။ သူမ မသွားမီ သူ့ကိုတွေ့ရလိမ့်မည်ဟု ထင်ထားသော်လည်း ယခုအခြေအနေကို ကြည့်ရသလောက် သူမ ပြန်လာမှသာ သူ့ကို ပြန်တွေ့နိုင်တော့မည်ပုံပင်။


သို့သော် သူတို့ ကျောင်းဂိတ်ပေါက်မှ ထွက်သောအခါ ရွှီယီ နှင့် ချန်ကျီက 'Hover'ကားထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။ သူမ မျက်လုံးများ ကျယ်သွားပြီး သူတို့ကို လက်ဝှေ့ယမ်းပြလိုက်သည်။ 


မစ်ရှင်လုပ်နေချိန်အတွင်းတွင် စကားပြောရန်ပင် အချိန်မရချေ။ ချန်ရှန်းက ဆာ့ဆာ့အတွက်ဆို၍ ချွင်းချက်မထားပေးနိုင်သလို ဆာ့ဆာ့ကလည်း မလိုအပ်ပေ။ သူမက ဆရာ့ကို တွေ့ရရုံဖြင့်ပင် ကျေနပ်ပြီး သူမ ပြန်ရောက်လျှင် ပြောချင်သည်များပြောရန် မစောင့်နိုင်ဖြစ်နေသည် ။ 


ရွှီယီ : '.....'


ထိုအရူးမလေးအား အခြားကျောင်းသားများနှင့်အတူ ခေါ်သွားသည်ကို သူတစ်ခဏခန့် တိတ်တဆိတ်စောင့်ကြည့်ပြီးနောက် ဗိုလ်မှူးဂျိမ်းစ်၏ ဘက်သို့လှည့်ကာ ပြောလိုက်သည်။ 

" ကျုပ်လည်း ကူညီဖို့ လုပ်အားပေးပါဝင်မယ်ဆို အဆင်ပြေလား..."


ဂျိမ်းစ် : ' ဒါက ခင်ဗျား ခုဏက ကားထဲမှာ ပြောတဲ့စကား မဟုတ်ပါဘူး...'


ရွှီယီ နှင့် ချန်ကျီက ကိစ္စတော်တော်များများတွင် စိတ်ဝင်စားခြင်းမရှိသလို ဖက်ဒရေးရှင်းနှင့် ပတ်သက်ချင်စိတ်လည်း ရှိပုံမရပေ။ သူတို့က သဘာဝနှင့် ဥပဒေဘောင်အတွင်းရှိသော စခန်းများကိုသာ သွားသင့်သည် ။ 


သို့သော် သူက ခေါင်းလှည့်သည်နှင့် အကူအညီပေးရန် ပြောလာ၏။ ဂျိမ်းစ်က စိတ်လှုပ်ရှားသွားသလို တစ်ချိန်တည်းတွင် အနည်းငယ်နားမလည်နိုင်ဖြစ်သွား၏။ 

" ကောင်းပြီ...ခင်ဗျားတို့ ဘာကူညီပေးချင်ကြလဲ...နေရာတိုင်းမှာ တကယ်လိုအပ်နေတာတွေတော့ ရှိတယ်...တကယ်လို့ ခင်ဗျားတို့ လိုက်လာနိုင်ရင်တော့ အကောင်းဆုံးပေါ့..."


" ခင်ဗျားတို့ ဘယ်နေရာမှာ လူလိုအပ်နေလဲ...အန္တရာယ်ကို အဆင့်လိုက်သတ်မှတ်ပြီး ကျုပ်ကို ပို့ပေးလိုက်ပါ..." 

ရွှီယီက တုံ့ဆိုင်းချင်းမရှိ ပြောလိုက်သည်။ 


ဂျိမ်းစ်က မဝံ့မရဲဖြင့်ပြောလာ၏။ 

" လူလိုနေတဲ့နေရာတွေကတော့ အများကြီးပဲ...ဒါပေမဲ့ တစ်နေရာနဲ့ တစ်နေရာက တော်တော်ဝေးတယ်..."


ရွှီယီက ပြောလိုက်သည် ။

" မြို့တော်နဲ့ နီးတဲ့တစ်နေရာရာပေါ့..."


ထွက်သွားပြီး တိုက်ခိုက်ရန်က မဖြစ်နိုင်သော်လည်း ရွှီယီ အန္တရာယ်က်ို ထိန်းချုပ်နိုင်သလားကို သေချာအောင်လုပ်ရန် လိုသည်။ ပုန်ကန်သူများက ကိုင်တွယ်ရလွယ်သော်လည်း အာကာသဓားပြများက အတော်ရက်စက်၏ ။ သူတို့ထဲမှ အချို့သူများက အတော်လေးကြမ်းတမ်းခက်ထန်သောကြောင့် သူတို့ကို သူမ(ဆာ့ဆာ့) မြင်ကွင်းထဲပေါ်မလာအောင် လုပ်လိုက်တာ အကောင်းဆုံးပင်။


ဂျိမ်းစ် : " ကောင်းပြီ..."


ထိုယောက်ျား၏ အသံက အနည်းငယ်စိတ်ရှုပ်စရာကောင်းသော်လည်း ဂျိမ်းစ်က သေချာစဥ်းစားလိုက်သည် ။ ထို့နောက် မြို့တော်၏ အန္တရာယ်ကိုအတည်ပြုထားသော ကိုသြဒိနိတ်များကို ရွှီယီထံသို့ တင်ပြလိုက်သည် ။ 

" မြို့တော်မှာ လှည့်နေတဲ့ အချို့မသင်္ကာစရာ ကြယ်စင်အာကာသယာဉ်တွေရှိပေမဲ့ သူတို့က အချက်ပြတာကို ပိတ်ထားလို့ ကိုသြဒိနိတ်အမှတ်တိတိကျကျကို ကျွန်တော်တို့ ခန့်မှန်းလို့မရဘူး..."


" အဲ့ဒါက အဆင်ပြေပါတယ်...ကျုပ်ဖြေရှင်းလိုက်မယ်..." 


ဂျိမ်းစ်က သူ့ခပ်ပြတ်ပြတ်စကားများကို 'ဘယ်လိုတွေးမလဲ'ဆိုသည်ကို ရွှီယီက ဂရုမစိုက်ပေ။ သူက ချန်ကျီ 

နှင့် တိုက်ရိုက်ပင် ဆွေးနွေးလိုက်၏ ။ 

" သူတို့ တည်နေရာကို ရှာဖို့ ငါ့ရဲ့ စိတ်ဝိညာဥ်အာရုံကို သုံးလိုက်မယ်...တကယ်လို့ လိုအပ်လာမယ်ဆိုရင် မင်းကို စိတ်ဝိညာဥ်အာရုံကနေပဲ ဆက်သွယ်လိုက်မယ်..." 


" ကိစ္စမရှိပါဘူး..." 

ချန်ကျီကလည်း ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည်။


ရွှီယီက ဂျိမ်းစ်ကို မေးလိုက်ပြန်၏ ။ 

" ဒီအချိန်အတောတွင်း မြို့တော်မှာ ငါတို့စိတ်ကြိုက်လက်နက်တွေနဲ့ သွားလာရေးယာဥ်တွေကို အသုံးပြုလို့ရတယ်မလား...စစ်ဆေးရေးမှတ်တမ်းတွေ ဘာတွေတော့ ရေးစရာမလိုဘူးမလား..."


ဂျိမ်းစ် : " မလိုပါဘူး..."


ရွှီယီနှင့် ချန်ကျီ၏ယာဥ်များက အများဆုံးမှ ပုံစံများထူးဆန်းရုံသာ ဖြစ်ပြီး သူတို့၏ လက်နက်များကလည်း ပုံမှန်ထက်ပိုသောစွမ်းအင်ရင်းမြစ်ပါသည့် လက်နက်မျိုးသာ ဖြစ်လိမ့်မည်ဟု ဂျိမ်းစ်က ထင်ခဲ့သည်။ သို့သော် သူတို့နှစ်ယောက်က ဓားကို တစ်ပြိုင်တည်း ဆွဲထုတ်ကာ လေဟုန်ကို စီးနင်းလျက် ပျောက်သွားကြ၏။ 


ဂျိမ်းစ် : "...."


အကျဥ်းသားများက ဘာကြောင့် တစ္ဆေသရဲတွေ့သလို ဖြစ်သွားကြသည်ကို သူ ယခု နားလည်သွား၏။ 


ရွှီယီ၏ စိတ်ဝိညာဥ်အာရုံက အလွန်အားကောင်းသောကြောင့် မြို့တော်ဂြိုဟ်တစ်ခုလုံးကို ဖြန့်ကျက်ကာ တစ်ချိန်တည်းမှာပင် ချန်ကျီဆီသို့ ညွှန်ကြားချက်ပို့လိုက်သည် ။


ရွှီယီ၏ စိတ်ဝိညာဥ်အာရုံအကူအညီက အကောင်းဆုံလက်နက်ပင်။ ထိုလူများက မည်သည့်နေရာ၌ အကာအကွယ်မဲ့နေသည် ၊ မည်သည့်နေရာတွင် သူတို့၏ အားနည်းချက်ရှိနေသည် ၊ မည်သည့်နေရာကို ထိန်းချုပ်ရန်လိုသည်တို့ကို မလွတ်တမ်းသိရှိနိုင်သည်။ 


ခါးသီးသောတိုက်ပွဲ၏အလယ်၌ တိုက်ခိုက်နေဆဲ ဖက်ဒ ရေးရှင်းတပ်ဖွဲ့များ : "...."


' ဘာတွေဖြစ်နေတာလဲ....ရန်သူတွေက ရုတ်တရက်ကြီး ရှုံးနိမ့်သွားပါလား...' 


ပုန်ကန်တပ်သားများ 'ဘာတွေဖြစ်နေသလဲ'ဆိုသည်ကို နားမလည်နိုင်မီ ရွှီယီနှင့် ချန်ကျီက အင်အားကို ပြသလိုက်သည်။ ပုန်ကန်တပ်သားများက အရှုံး၏အရသာကို နေရာတိုင်း၌ မြည်းစမ်းနေရသည်။ ၎င်းက သူတို့ထဲတွင် သစ္စာဖောက်ရှိနေပြီး အပြင်ကို သတင်းများပေါက်ကြားနေသည့်အလားပင်။


" အစီအစဉ် ကျရှုံးတယ်...မြန်မြန် ပြန်ဆုတ်ကြ..."


" ငါတို့မှာ သူလျှိုတွေ ရှိနေပြီ..."


" ဒါပေမဲ့ ဒါက လွဲနိုင်စရာမရှိတဲ့အစီစဥ်ကိုကွာ...သေလိုက်ပါတော့..." 


ပုန်ကန်တပ်သားများနှင့် အာကာသဓားပြများမှာ အချက်ပြမှုကို ရပြီးမကြာမီ တတ်နိုင်သမျှ မြန်မြန်ပြန်ဆုတ်သွားကြသည်။ ထို့နောက် ဖက်ဒရေးရှင်းတပ်သားများက ဖြစ်ပျက်နေသည်များကို နားလည်သွားပြီး ကစားပွဲကို ပြောင်းပြန်လှန်ရန် လုပ်ကြတော့သည်။


ဤအချိန်တွင် ဆာ့ဆာ့နှင့် အခြားသူများက လူမရှိသော လမ်းအလွတ်ကြီးကိုကြည့်ကာ အတွေးထဲနစ်မြောနေ၏။ သူတို့၏ မစ်ရှင်က ရန်သူများ လွတ်လာမည်စိုး၍ မြို့တော်အတွင်း ကင်းလှည့်ရန် ဖြစ်သည်။ သို့သော် လက်တွေ့တွင် မြို့တော်ဂြိုဟ်က ပထမတပ်မကြီးဖြင့် လုံခြုံနေပြီး မာရှယ်ဥပဒေ(စစ်အုပ်ချုပ်ရေးဥပဒေ)ကြောင့် ပုံမှန်အားဖြင့် မည်သည့်အန္တရာယ်မှ မရှိတော့ပေ။ 


' ကတိပေးထားတာက ဘာဖြစ်သွားပြီလဲ...စိတ်လှုပ်ရှားစရာတွေကရော...ရှေ့တန်းတိုက်ပွဲကရော...' 


ချန်ရှန်းက မျက်နှာ အောက်သိုးသိုးဖြင့် ပြောလိုက်သည် ။ 

" မင်းတို့လို လူသစ်လေးတွေက အပြင်ထွက်ပြီး လူတွေသတ်လို့ရမယ်လို့ ထင်နေတာလား...မင်းတို့ အတွေးလွန်နေတာပဲ...ပြီးတော့ ကင်းလှည့်တဲ့တာဝန်ကို အထင်တော့ မသေးလိုက်နဲ့...မင်းတို့တာဝန်ကို အတူတူ ကောင်းကောင်းလုပ်ဆောင်ကြ..."


ဒီပထမနှစ်ကျောင်းသားများတွေကိုသာ ရှေ့တန်းလွှတ်လိုက်ရင် သေဆုံးတဲ့နှုန်းက ဘယ်လောက်တောင် မြင့်သွားမှာလဲ...


ချန်ရှန်းက သူ့ကျောင်းသားများကို သေလမ်း မပို့နိုင်ပေ။ 


" ပြီးတော့ ရှေ့တန်းမှာလည်း မင်းတို့ကို မလိုသေးပါဘူး... ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့ အခြေအနေက ထိန်းချုပ်နိုင်တဲ့အောက်မှာရှိနေပြီ...နောက်ဆုံး အဆုံးသတ်ဖို့ပဲ လိုတော့တာ..." 


ချန်ရှန်း၏ စကားများကြောင့် ဆွေးနွေးသံများ ထွက်လာ၏။


" ကျွမ်းကျင်သူလား...အဲ့ဒါက မာရှယ်လီမင်များလား "


" အဲ့ဒါက ဗိုလ်မှူးအိုက်ဇယ်လည်း ဖြစ်နိုင်တယ်လို့ ငါထင်တယ် ...သူက အနာဂတ်ရဲ့ ကြယ်ပွင့်ပဲ..." 


ဆာ့ဆာ့ စတင်ပြီး စူးစမ်းမိလာ၏။ 


အဲဒီကျွမ်းကျင်သူက ငါ သိထားတဲ့တစ်ယောက်ယောက်ဖြစ်နေမယ်လို့ ဘာလို့ တွေးနေမိတာပါလိမ့်...


သူပုန်များနှင့် အာကာသဓားပြများ ပြန်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် ရွှီယီနှင့်ချန်ကျီလည်း ပြန်လာလိုက်ကြသည်။ 


ဂျိမ်းစ်က နှစ်ယောက်လုံးကို ခေါင်းအစခြေအဆုံးကြည့်လာ၏။ သူတို့နှစ်ယောက်၏ ပုံစံက စျေးဝယ်ထွက်ပြီးပြန်လာသည့်အလား အေးဆေးတည်ငြိမ်နေ၏။ 


သို့သော် ယခုလေးတင် သူစစ်တပ်တွင်းမှ သတင်းစကားရလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သည့် ဆရာကြီးတစ်ယောက်က သူပုန်နှင့်ဓားပြများကို ကူညီတိုက်ခိုက်ပေးသွားသည် ဟူ၍ပင်။


ဤသတင်းကို တပ်ရင်းပေါင်းစုံမှ တင်ပြလာပြီး မသိလျှင် ပညာရှင်များစွာက အထောက်အပံ့ပေးလာကြသည့်အတိုင်းပင်။ သို့သော် ၎င်းက သူအကူအညီပေးရန် တောင်းဆိုခဲ့သည့် ရွှီယီနှင့်ချန်ကျီ နှစ်ယောက်တည်းသာ ဖြစ်သည်ကို ဂျိမ်းစ်သေချာသိနေ၏။ 


အမှန်တွင် သူတို့က အရေးအပေါ်အသိမရှိခြင်း မဟုတ်ဘဲ သူကိုယ်တိုင်ကသာ ကမ္ဘာကြီးကို နှံ့စပ်အောင် မမြင်ဖူးချင်းပင်။


ထိုနှစ်ယောက်က အလွန်လျင်မြန်သောကြောင့် သူတို့၏ ရိုးရိုးမျက်လုံးဖြင့် မမြင်နိုင်ဘဲ ဂြိုဟ်တုမော်နီတာမှ တစ်ဆင့် ရုပ်ပုံဖမ်းယူကာ သူတို့၏အရိပ်ကိုသာ တွေ့လိုက်ရသည်။ 


သို့သော် ဖမ်းယူထားသောမှတ်တမ်းကို ကြည့်ပြီးနောက် အားလုံးက ဂြိုဟ်တုမော်နီတာတွင် တစ်ခုခုမှားနေခြင်း ရှိရမည်ဟု ခန့်မှန်းမိကြသည်။ 


မက်ခါလည်း မတပ်ဆင်ထားသလို ဘာလက်နက်မှလည်း မပါတဲ့သူက အာကာသအပြင်ဘက်မှာ အဲ့လောက်လွယ်လွယ်နဲ့ သွားလာလို့ရတာလား...မယုံကြည်နိုင်စရာပဲ....လုံးဝကို မယုံကြည်နိုင်စရာပဲ....


ဂျိမ်းက ၎င်းမှာ သူအပြင်မှ ခေါ်လာသည့် အကူအညီများဖြစ်ပြီး စိတ်မပူဘဲ သွားမနှောင့်ယှက်ကြရန် အစီရင်ခံစာတင်လိုက်သည်။ မော်နီတာတွင် ပြနေသည်က မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဆရာကြီးများ၏ ကမ္ဘာက သူတို့ဝင်စွက်ဖက်ကာ စစ်ဆေးရှာဖွေရန် မဟုတ်ပေ။


ဤသက်ရှိနှစ်ယောက်ကို ထပ်မြင်လိုက်ရသောအခါ ဂျိမ်းစ်၏သဘောထားက လုံးဝပြောင်းလဲသွားသည်။ စစ်တပ်ထဲ၌ သန်မာသည့်ယောက်ျားများက ပြတ်လပ်နေခြင်းမဟုတ်ပေ။ မာရှယ်လီမင် နှင့် အခြားသောသူများကဲ့သို့ ဖက်ဒရေးရှင်းတစ်ဝှမ်းလုံးတွင် လေးစားအားကျရသည့် သန်မာသောယောက်ျားသားများအပြည့်ရှိနေသည်။ ထိုကဲ့သို့ လူမျိုးများကို ဂျိမ်းစ်မမြင်ဘူးခြင်း မဟုတ်ပေ။ အင်အား၏ အရှိန်အဝါနှင့် မဆုတ်မနစ်ကြိုးပမ်းအားထုတ်မှုများကြောင့် သူတို့ကို လေးစားသော်လည်း သူမြင်ဖူးသော ထိုသူများက အခုတွေ့နေရသော သူနှစ်ယောက်နှင့် ကွာခြား၏။ ဤလူနှစ်ယောက်က သူနားလည်နိုင်သည်ထက်ကို ကျော်လွန်နေ၏။ 


ဂျိမ်းစ်က လေးစားရိုသေမှုအပြည့်ဖြင့် ပြောလိုက်သည်။

" ခင်ဗျားနှစ်ယောက်လုံးကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ဖက်ဒရေးရှင်းက သူရဲကောင်းတွေကို ဘယ်တော့မှ ဆိုးဆိုးရွားရွားဆက်ဆံမှာ မဟုတ်ပါဘူး...ပြီးတော့ ခင်ဗျားတို့နှစ်ယောက်လုံးအတွက် သူရဲကောင်းဆုတံဆိပ်ကို ကျွန်တော် လျှောက်ထားပေးပါ့မယ်..."


ရွှီယီက သူ့ကို တစ်ချက်ကြည့်လိုက်သည် ။ 

" ဟမ်...ကျုပ်တို့က တစ်ခုခုများ လုပ်ခဲ့လို့လား..."


ဂျိမ်းစ်က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ အလျင်စလို ရှင်းပြလိုက်သည် ။

" ခင်ဗျားတို့ နှစ်ယောက်က ကြွားဝါရတာမကြိုက်ဘူးဆိုတာ ကျွန်တော်သိပါတယ်...ဒါပေမဲ့ ဒါက ခင်ဗျားတို့နှစ်ယောက်နဲ့ သက်ဆိုင်တဲ့ ဂုဏ်ထူးပဲ..." 


အချို့လူများက သြဇာအာဏာကိုသာ သဘာမကျဘဲ ရှိလျှင်နေမည်။ ဂုဏ်သရေကိုမူ မည်သူကမှ ငြင်းဆိုနိုင်မည်မဟုတ်ချေ။


" မဟုတ်တာ...ကျုပ်တို့ ဘာဂုဏ်ထူးဂုဏ်ပုဒ်မှ မလိုအပ်ပါဘူး...ပြီးတော့ ကျုပ်တို့က သူရဲကောင်းလည်း မဖြစ်ချင်ဘူး...ခင်ဗျားအနေနဲ့ ကျုပ်တို့ကို သာမန်စိတ်အားထက်သန်တဲ့ နိုင်ငံသားတွေအဖြစ်နဲ့ပဲ ယူဆလို့ရပါတယ်..."


ရွှီယီက ထိုသို့ဆိုရင်း အရူးမလေးအကြောင်းကို တွေးမိကာ ထပ်ပေါင်းပြောလိုက်သည်။ 

" ကလေးတွေပဲ သူရဲကောင်းဖြစ်ချင်တာ...လူကြီးတွေက အမတပဲဖြစ်ချင်ကြတာ..." 


ဂျိမ်းစ် : "...."

' သူတို့နှစ်ယောက်လုံးက ငါ အမှားလုပ်လို့ရတဲ့သူမျိုးတွေမဟုတ်ပေမဲ့ သူတို့က ကြောင်တောင်တောင်စကားတွေ ပြောရတာတကယ်ကြိုက်ကြတာပဲ...'


စိတ်ထဲတွင် ပုတ်ခတ်မိသည်ကလွဲ၍ ဂျိမ်းစ်က သေချာပေါက် သူတို့ဆန္ဒကို လေးစားပေးပြီး သူတို့၏အထောက်ထားများကို ဖုံးကွယ်ပေးထားလိုက်သည်။ 


တစ်ဖက်တွင် ဆာ့ဆာ့နှင့် အခြားသူများက ရန်သူအစစ်နှင့် မတိုက်ခိုက်ရသောကြောင့် နောင်တရနေကြသော်လည်း အမိန့်တာဝန်များကိုတော့ နာခံကြရဆဲပင်။ လူသစ်များကို အဖွဲ့ခွဲပေးလိုက်ပြီး လမ်းများ၌ စတင်ပြီး ကင်းလှည့်စေ၏။ 


မြန်မြန်ဆန်ဆန်လှည့်ပတ်လိုက်ကြပြီးနောက် သူတို့ဘာမှ မတွေ့ခဲ့ကြချေ။ 


'ဘာအန္တရာယ်မှ မရှိတာက ကောင်းတာပဲ' ဟူ၍ အခြားသူများက စတင်အငြင်းပွားလာ၏။ သို့သော် ထိုအခွင့်အရေးကို စောင့်ပြီး ကိစ္စကြီးအောင်လုပ်ချင်သည့်သူများကလည်း ရှိသေးသည်။ 


' ဒါက ဒီလိုပဲလား...အရမ်းစိတ်ပျက်

စရာကောင်းတာပဲ...' 


ဒန်းနစ်က ကြီးကြီးမားမား လုပ်ဆောင်ချင်သည့်သူထဲမှ တစ်ယောက်ဖြစ်၍ လတ်တလောတွင် သူဒေါပွနေကာ သူ့တန်ဖိုးကို သက်သေပြရန်အတွက် တစ်ခုခုကို လုပ်ဆောင်ရန် လိုအပ်နေ၏။



💫💫💫