💫 Chapter 54
ထိုနေရာ၌ ရှိနေသောသူများက မိတ်ကောင်းဆွေကောင်းများ မဟုတ်ကြပေ။ သို့သော် အိုက်ဇယ်၏ စိတ်ဝိညာဥ်အဆင့်က ဆင့်ကဲပြောင်းလဲနေပြီး ဗီဇအဆင့်ကလည်း ကျော်လွန်တော့မည်ဖြစ်သောကြောင့် ယခုအချိန်တွင် မည်သူကမှ သူနှင့် သွားမရှုပ်ရဲကြပေ။
" ကောင်းပြီ ကောင်းပြီ...ဒါတွေအားလုံးက အထင်လွဲရုံပါပဲ...အလုပ်ကိစ္စက အရေးကြီးဆုံးပဲ..."
တစ်စုံတစ်ယောက်က ကြားဝင်ဖျန်ဖြေပေးလာ၏။
အိုက်ဇယ်က လှောင်ရယ်လိုက်သည်။
" အလုပ်ကိစ္စဆိုရင်တော့ ကျုပ်မှာ အားလုံးနဲ့ စာရင်းရှင်းစရာရှိသေးတာပဲ... အပြစ်ကင်းတဲ့သူတွေကို မထိခိုက်စေရပါဘူးလို့ ခင်ဗျားတို့ ကျုပ်ကို ကတိပေးထားပေမယ့် ခင်ဗျားတို့ ဘာလုပ်ခဲ့လဲ...ဒီနေရာမှာပဲ ခင်ဗျားတို့ တစ်ဘဝလုံးနေသွားချင်တာလား...အထူးသဖြင့် ခင်ဗျားတို့ ဓားပြတွေ...ခင်ဗျားတို့က ဒီလိုပဲ ဆက်ပြီး ခိုးယူလုယက်တာတွေလုပ်ချင်သေးတယ်ဆိုရင် ကျုပ်ဘာမှ မပြောခဲ့သလိုပဲ သဘောထားလိုက်မယ်...ဘာပူးပေါင်းဆောင်ရွက်မှုမှ မရှိတော့ဘူး..."
အိုက်ဇယ်က ဖက်ဒရယ်မှ ထွက်လာပြီး သူပုန်စစ်တပ်နှင့် ပူးပေါင်းခဲ့သည်။ ပူးပေါင်းမှုကမ်းလှမ်းချက်အရ စစ်ဆင်ရေးအတွင်း အပြစ်မရှိသူများကို ထိပါးခွင့်မရှိသလို၊ အမိန့် နှင့်စည်းမျဥ်းများကို သူတို့နာခံရမည်။ အာကာသဓားပြများလည်း ထို့အတူပင်။
သို့သော် အချို့သူများက စိတ်ထင်တိုင်းလုပ်တတ်သည်ကို အသားကျနေ၏။ ပိုက်ဆံနှင့် ပစ္စည်းဥစ္စာများကိုတွေ့သောအခါ လုယက်ရမည်လားဆိုသည်ကိုတွေးရင်း သူတို့နှလုံးခုန်သံကိုပင် မထိန်းချုပ်ထားနိုင်တော့ပေ။
" အဲ့ဒါအတွက်ကြောင့်နဲ့ မင်းလူတိုင်းကို အပြစ်တင်လို့မရဘူးလေ...စစ်ဆင်ရေးက လွဲချော်စရာမရှိသလို ဖက်ဒရေးရှင်းမှာလည်း အရေးပေါ်အခြေအနေဖြစ်သွားမှာပဲလို့ မင်းပဲပြောခဲ့တာ...တခြားကြွယ်ဝတဲ့ ဂြိုဟ်တွေကို ငါတို့ထိန်းချုပ်ခွင့်ရပြီး ဒေါက်တာဒူကန်းကိုတောင် ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ မင်းပဲကတိပေးခဲ့တာလေ...ဒါပေမဲ့ အခုတော့ရော...မင်းစီစဥ်ထားသလိုမျိုးမှ ဖြစ်မလာတာ...မသိရင် တစ်ယောက်ယောက်က သတင်းတွေ ခိုးပို့နေသလိုပဲ..."
" ငါတို့ ဒါကို သေချာအာရုံစိုက်မှ ဖြစ်မယ်...အိုက်ဇယ် မင်းက ဖက်ဒရေးရှင်းရဲ့ ဗိုလ်မှူးရာထူးကို ရထားတာပဲ..ငါတို့လို လူတွေနဲ့ တကယ်ရော ပူးပေါင်းချင်ရဲ့လား...ငါတကယ်ပဲသိချင်မိတယ်...ဒီလိုဆုံးရှုံးမှုကြီး ဖြစ်စေတဲ့ သတင်းကို ဘယ်သူကများ လွှင့်လိုက်သလဲဆိုတာ..."
အိုက်ဇယ်၏ အမူအရာက ကျေနပ်ဟန်မရတော့ပေ။
" ခင်ဗျားတို့က ကျုပ်ကို သံသယဝင်နေတာလား... အဲ့ဒီအစား သတင်းပေါက်စေနိုင်တဲ့ ခင်ဗျားရဲ့ လူပေါင်းစုံလက်အောက်ငယ်သားတွေကို ဘာလို့ သံသယမဝင်တာလဲ... ကျွန်တော်သာ ခင်ဗျားတို့နဲ့ ရှုပ်ချင်ရင် ဒီလောက်အထိ အဝေးကြီးတွေ လုပ်နေစရာလား...ဒီနေရာမှာပဲ ခင်ဗျားတို့ကို တစ်ခါတည်း အပြီးရှင်းလိုက်ရင် ပိုမကောင်းဘူးလား..."
ထိုလူအုပ်စုမှာ ချက်ချင်း နိုးနိုးကြားကြားဖြစ်သွား၏။ သူပြောနေသည်က မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
" ဒီအရူးတွေကတော့...ခင်ဗျားတို့က ကျုပ်ရဲ့ စိတ်ဝိညာဥ်ပင်လယ် နဲ့ ဗီဇဆင့်ကဲပြောင်းလဲမှုအဆင့်ကို သိချင်နေကြတာ...ဒါပေမဲ့ ကျုပ်က ခင်ဗျားတို့ကို သစ္စာဖောက်မှာကိုလည်း ကြောက်နေပြန်ရော...ခင်ဗျားတို့ စိုးရိမ်နေတယ်ဆိုလည်း ကျုပ်နဲ့ အလုပ်လာလုပ်နေစရာမလိုဘူး..."
သူပုန်နှင့် ဓားပြများက အိုက်ဇယ်နှင့် ပူးပေါင်းနေနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ အိုက်ဇယ်၏ အကူအညီကြောင့်သာဖြစ်သည်။ စိတ်ဝိညာဥ်ပင်လယ်နှင့် ဗီဇဆင့်ကဲပြောင်းလဲနိုင်သည့် အချက်အလက်ကို မည်သူကမှ မငြင်းဆိုနိုင်ပေ။ ထို့အပြင် အိုက်ဇယ်ဆွဲလာသည့် ဝှက်ဖဲကလည်း အလွန်စိတ်ဝင်စားစရာကောင်း၏။ အနာဂတ်၌ ဖက်ဒရေးရှင်းတွင်ပါ သူတို့ ဝင်ရောက်နိုင်လောက်သည်။
နှစ်ပေါင်းများစွာကြာသော်လည်း မတိုးတက်လာသော သူပုန်များနှင့် ယှဥ်လျှင် အိုက်ဇယ်၏ စကားများက ပိုယုံကြည်ရသည်။
ထို့ကြောင့် သူပုန်နှင့် အာကာသဓားပြများက ပူးပေါင်းကာ တိုက်ခိုက်ခဲ့သော်လည်း ပထမဆုံးစစ်ဆင်ရေးက ထင်ထားသလို မအောင်မြင်ခဲ့ပေ။
လူတိုင်း၏ မျက်နှာက ကြည့်ရဆိုးနေ၏။ သူတို့က အပြင်လူအိုက်ဇယ်ကို မယုံသည့်အပြင် သူတို့၏ လက်အောက်ငယ်သားများကိုလည်း ယုံကြည်၍မရနိုင်ပေ။
" အားလုံးပဲ...ကျွန်တော်ပြောတာကို ခဏလေး နားထောင်ပေးပါ..."
ဤအချိန်၌ ရှဲ့ရုန်က ရုတ်တရက် စကားထပြောလာ၏။
" ကျွန်တော် ဘာလို့ ဒီနေရာမှာ ရှိနေရသလဲဆိုတာ ခင်ဗျားတို့ သိချင်မိကြမှာပဲ...ဟုတ်တယ်မလား...ကျွန်တော်အခုပြောလိုက်မယ်...ကျွန်တော် ဒီကို မစ်ရှင်လာလုပ်တာပါ...Dဂြိုဟ်မှာ ကြီးမားတဲ့အခက်အခဲတွေနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ကျွန်တော် တွက်ချက်မိထားတယ်...ကျွန်တော်က တာအိုဓမ္မပညာရှင်ပဲ...ပုံမှန်အားဖြင့်က ကမ္ဘာကြီးရဲ့ ပြဿနာကို ကူညီပြီး ဖြေရှင်းပေးရတာမျိုးပါပဲ...ဒါကြောင့် ကျွန်တော် ဒီကို ရောက်လာပြီး အိုက်ဇယ်နဲ့လည်း တွေ့ဆုံဖို့ ဖြစ်လာခဲ့တယ်...ပြီးတော့ ပြဿနာရဲ့အဖြေကလည်း ဒီမှာပဲ ရှိလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်..."
" ခင်ဗျားတို့ ကျွန်တော့်ကို မယုံဘူးဆိုရင် အချိန်နှစ်ရက်ပဲပေးပြီး စောင့်ကြည့်ပါ..."
ရှဲ့ရုန်က ဆွဲဆောင်မှုရှိစွာ ပြုံးနေ၏။
အိုက်ဇယ်ပင်လျှင် သူ့ကို မယုံသလို တစ်ချက်ကြည့်လိုက်မိသည်။ ဤအကြောင်းနှင့်ပတ်သက်ပြီး ထုတ်ပြောရန် သူတို့မဆွေးနွေးခဲ့ရသေးပေ။ သို့သော်လည်း လက်ရှိအချိန်တွင် သူက ရှဲ့ရုန်ကို မျက်နှာသာပေးကာ စကားဆိုလိုက်သည် ။
" နှစ်ရက်လောက်ကတော့ ခင်ဗျားတို့ မစောင့်နိုင်စရာ မရှိပါဘူး...ဟုတ်တယ်မလား..."
အားလုံးက စိတ်ထဲတွင် သံသယဝင်နေမိကြသည်။ထို့နောက် ဤအခွင့်အရေးကို အသုံးချကာ မျက်နှာဖြူကောင်လေးကိုလည်း သူတို့ အသေးစိတ်စစ်ဆေးကြည့်ချင်နေ၏။
" နှစ်ရက်ဆိုတော့လည်း နှစ်ရက်ပေါ့..."
သူတို့ ထွက်သွားပြီးနောက် အိုက်ဇယ်က အသံတိုးတိုးဖြင့် ရှဲ့ရုန်ကို မေးလိုက်သည် ။
" မင်းအခု ဘာလုပ်နေတယ်ဆိုတာကိုရော သိရဲ့လား...ငါမင်းကို ဖြစ်စေချင်တာက မနေ့တုန်းက မင်းလုပ်ခဲ့သလိုမျိုး သူတို့ကို အရူးလုပ်စေချင်ရုံပဲ...နှစ်ရက်ပဲစောင့်ဆိုတာက ဘာအဓိပ္ပါယ်လဲ..."
ရှဲ့ရုန်က ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။
" လူတစ်ယောက်ရဲ့ နောက်ကြောင်းကို ပြန်ပြောရတာထက် အနာဂတ်ကို ခန့်မှန်းရတာက ပိုစိတ်ဝင်စားစရာကောင်းတယ်... လူတစ်ယောက်ရဲ့ အတိတ်ကို ပြန်ဟောပြရတာက လွယ်လွန်းပါတယ်... ပြီးတော့ ဒါက ဂမ္ဘီရပညာပဲ ...အရူးလုပ်တာမျိုးမဟုတ်ပါဘူး... ကျွန်တော့်ကို ယုံထားစမ်းပါ...ကျွန်တော် ဘာလုပ်နေလဲဆိုတာ ကိုယ့်ဘာသာသိပါတယ်..."
အိုက်ဇယ်မှာ စိတ်မချရဲသေးပေ။ တစ်ခါတစ်ရံတွင် ရှဲ့ရုန်က 'စားဖို့သောက်ဖို့ လူတွေကို လိုက်လိမ်နေတဲ့ ဆရာယောင်ယောင် သမားယောင်ယောင်လား' သို့မဟုတ် 'တကယ့်ဆရာအစစ်လား' ဆိုသည်ကို သူ မဝေခွဲနိုင်တော့ပေ။
သို့သော် မကြာမီမှာပင် သူသိရှိသွား၏။
နှစ်ရက်ကြာပြီးနောက် ထိုက်ယီဂိုဏ်းက စိတ်ဝိညာဥ်သန့်စင်ဆေး ပထမအသုတ်ကို တရားဝင် စတင်ရောင်းချလာ၏။ ၎င်းက ဟင်းရွက်ကန်စွန်းကဲ့သို့ စျေးပေါပေါပဲပဲ မဟုတ်သော်ငြား သာမန်လူလတ်တန်းစားအထိ တတ်နိုင်သည်။
ဆေး၏ ထုတ်လုပ်မှုက အကန့်အသတ်သာရှိသေးသောကြောင့် နာမည်အရင်းနှင့်ကြိုတင်မှာယူထားသူများထဲမှ ကျပန်းရွေးချယ်သည့်စနစ်ဖြင့်သာ ရောင်းချနိုင်သေးသည်။ ဤသည်က အလွန်ကို သီးသန့်ရွေးထုတ်သည့် စနစ်ဖြစ်သော်လည်း ဝယ်ယူလိုသူဦးရေက လျော့ကျမသွားပေ။ ကံကောင်းရန်အတွက်ကို သူတို့ မှီခိုနေရသေးသော်လည်း သူတို့၏ ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သည့် အခွင့်အရေးပင်။ ထို့အပြင် ၎င်းက ပထမအသုတ်သာရှိသေးသည်ဟုပြောထားပြီး လူများ၏ လိုအပ်သည့်အတိုင်းအတာအတိုင်း နောက်ပိုင်း ပိုထုတ်လုပ်လာရန် ရှိသည်။
ဖက်ဒရေးရှင်းတိုက်ခိုက်ခံရခြင်းဖြစ်စဥ် နှင့် အိုက်ဇယ်၏ သစ္စာဖောက်မှု အစရှိသော ဆက်တိုက်ဖြစ်ရပ်များက လူများ၏စိတ်ကို လောင်းရိပ်မိနေစေသည်။ သို့သော် ဆေးများကို ရောင်းချလိုက်သောအခါ မှောင်မိုက်နေသောအရာအားလုံးက တစ်ခါတည်း အဝေးသို့ လွင့်စင်သွား၏။
အန္တရာယ်အခြေအနေကို တုံ့ပြန်ရန်အတွက် စဥ်းစားရန် သူပုန်နှင့် အာကာသဓားပြများက အရေးအပေါ်အစည်းအဝေးခေါ်လိုက်ရသည်။ ရှဲ့ရုန်က အိုက်ဇယ်နှင့်အတူ တစ်ခါထပ်ပြီးလိုက်ပါလာသောအခါ သူတို့၏ အမူအရာများက ယခင်တစ်ခေါက်နှင့် ယှဥ်လျှင် လုံးဝပြောင်းလဲသွား၏။
ထိုဆေးအား ဖက်ဒရေးရှင်းရှိ လူများကိုသာ ရောင်းချပေးထားသည်။ ဤကဲ့သို့ ဗျူဟာများသည့်ပစ္စည်းမျိုးကို သူတို့အလစ်သုတ်ရန်ဆိုသည်ကလည်း မလွယ်ကူပေ။ ဖက်ဒရေးရှင်းက အင်အားကြီးလာလေလေ ၊ သူတို့ဘက်က ပိုပြီး အင်အားနည်းလာလေလေကို ပြသနေ၏။ ထိုအချိန်သို့ရောက်လာပါက Dဂြိုဟ်ကို ဖယ်ရှားပစ်ရန်အတွက် အချိန်တစ်ခုသာ လိုလိမ့်မည်။
ယခုအခြေအနေက Dဂြိုဟ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးနေ၏။
သို့သော် ရှဲ့ရုန်က ၎င်းကို လုံးဝ ထည့်မတွေးထားပေ။ ဂိုဏ်းဘက်က စျေးကွက်ထဲတွင် တရားဝင်ဆေးဝါးဖြန့်ချီမည့် အချိန်ကို သူကခန့်မှန်းပြီး အကွက်ဆင်လိုက်ရုံသာ ဖြစ်သည်။ စိတ်ဝိညာဥ်ဆေးက အဖိုးတန်၍ ဤအမှိုက်လိုလူများအတွက် မဖြုန်းတီးသင့်ပေ။ ထိုလူများကို သူခြောက်လှန့်လိုက်နိုင်သည်ဆိုလျှင် ၎င်းက လုံလောက်ချေပြီ။
အိုက်ဇယ်ကသာ သူတို့လိုအပ်သော ကံကြမ္မာကိုပြောင်းပေးနိုင်သူဖြစ်သည်။ သူက စိတ်ဝိညာဥ်ပင်လယ် နှင့် ဗီဇအဆင့် ဆင့်ကဲပြောင်းလဲမှုနိယာမကို ရှာဖွေတွေ့ရှိခဲ့သည်။ သူတို့သာ အိုက်ဇယ်ကို အတုယူနိုင်မည်ဆိုလျှင် ဖက်ဒရေးရှင်းနှင့်ကပ်ဆိုက်ကာလက များစွာလျော့ပါးသွားနိုင်၏။
" ဒူကန်းထုတ်ထားတဲ့ဆေးတွေက အများသုံးအဖြစ် မထုတ်နိုင်သေးဘူးလို့ ပြောထားတယ်မလား...အဲ့လိုမှမဟုတ်ရင် သူအစကတည်းက ဘာပဲပြောပြော သူ့ဆီကလုယူတာဖြစ်ဖြစ် ၊ သူ့ကိုပါတစ်ခါတည်းသတ်ပစ်လိုက်တာဖြစ်ဖြစ် လုပ်ပြီးလောက်ပြီ..."
" မင်းသတင်းမဖတ်ဘူးလား...အဲ့ဒါက ဒူကန်းထုတ်ထားတဲ့ ဆေးမဟုတ်ဘူး... ဖက်ဒရေးရှင်းဘက်က တစ်ပတ်ရိုက်သွားတာပဲ..."
" ငါတို့ ထိုက်ယီဂိုဏ်းက လူတွေကို ရှာနိုင်ပါ့မလား...သူတို့ကိုပဲ ဖမ်းပြီး ပြန်ပေးဆွဲထားလိုက်မယ်ဆိုရင်ရော..."
ထိုအကြံအားပေးလာသောသူကို ရှဲ့ရုန်က အေးစက်စွာ ကြည့်လိုက်သည် ။
' ခင်ဗျားက အသက်ကြီးလာတော့ အသက်ရှင်ရတာကို ပျင်းနေပြီထင်တယ်...'
*****
လူထု၏အမြင် တည်ငြိမ်စေရန်အတွက် ဖက်ဒရေးရှင်းဘက်မှ ကိစ္စများကို တစ်ခုပြီးတစ်ခု အထမြောက်အောင်ဆောင်ရွက်ခဲ့သော်လည်း ဆေးဝါးဖြန့်ချီမှုလောက် သက်ရောက်မှုမရှိပေ။
ဆေးဝါးဖြန့်ချီမှုကလည်း ထိုက်ယီဂိုဏ်း၏ လုပ်ဆောင်မှုကြီးသာဖြစ်ပြီး ဖက်ဒရေးရှင်း၏ ထိပ်သီးပိုင်းအရာရှိများနှင့် သက်ဆိုင်မှုမရှိသော်ငြား ၎င်းက အရေးမကြီးလှပေ။ ဖက်ဒရေးရှင်း၏ ပြည်သူများက အကျိုးခံစားနေရသ၍ ဖက်ဒရေးရှင်းနှင့် သက်ဆိုင်သောပစ္စည်းဆိုသောအသိ ရှိနေလိမ့်မည်။
အိုက်ဇယ်ပြောခဲ့သော စကားအချို့က အနည်းငယ်အရှက်ရစေသော်လည်း ထိုက်ယီဂိုဏ်းမှ ဆေးဖြန့်ချီလိုက်ခြင်းက သာမန်လူများလည်း ကိုယ်ကိုယ်တိုင်တိုးတက်အောင် လုပ်နိုင်ပြီဟူသည့် အဓိပ္ပါယ်ပင်။ ထို့ကြောင့် သူတို့ပြန်လည်သုံးသပ်နေရန် အချိန်မရှိတော့ပေ။ လူများက ကံကောင်းအောင် ဆုတောင်းနေရသည်ထက် ဆေးဝယ်ရန် ငွေချေနိုင်သည့်အခွင့်အရေးကိုရရုံဖြင့်ပင် လုံလောက်အောင် ကံကောင်းနေချေပြီ။
ဆေးဝါးဖြန့်ချီမှုကြောင့်ခံစားရသော စိတ်လှုပ်ရှားမှုက အိုက်ဇယ်၏ ဘက်ပြောင်းသွားခြင်းထက် မလျော့ပေ။
အချို့ ကြွယ်ဝသည့် မိသားစုကြီးများက ဆိုလျှင် မကျေမနပ်ဖြင့် ဤသို့ဆိုလိုလာကြသည်။
' လိုအပ်တဲ့သူတွေကို ဘာလို့ အရင်ဦးစားမပေးလိုက်တာလဲ..ငါတို့က ပိုက်ဆံပြတ်လပ်နေတာမှမဟုတ်တာ...'
ထို့အပြင် ထိုက်ယီဂိုဏ်းကိုဖိအားပေးရန် ကြိုးစားလာကြသည့် အရူးအချို့ကလည်း ရှိသေးသည်။ ထိုလူများကို ချီတိုမိသားစုကသာ ဖြေရှင်းပေးလိုက်သည်။ ထိုက်ယီဂိုဏ်းတွင် ဂိုဏ်းဝင်အနည်းငယ်သာရှိပြီး သူတို့ကလည်း ပြဿနာဖြစ်ရခြင်းကို မကြိုက်ပေ။ ထိုကဲ့သို့ ကိစ္စမျိုးကို လိုက်ဂရုစိုက်နေရန် သူတို့တွင် အချိန်မရှိချေ။
ဒူကန်းက သူ့ဓာတ်ခွဲခန်းကိုပင် ရက်ရက်ရောရောပေးလှူထားသောကြောင့် ချန်ကျီက သူ့ကို တပည့်အဖြစ်လက်ခံထားလိုက်သည်။ စိတ်ဝိညာဥ်စွမ်းအားနှင့် ကျင့်ကြံရေးအကြောင်းတို့ကို လေ့လာပြီးနောက် ကမ္ဘာသစ်ဆီသို့ တံခါးတစ်ချပ်ဖွင့်ပေးလိုက်သည့်အလား သူခံစားလိုက်ရသည်။
ဒူကန်းမှာ အမတဖြစ်လာရန်အထိ စိတ်ဆန္ဒမရှိပေ။ သာမန်ဆေးဝါးဆိုင်ရာသုတေသနတွင် မလုပ်နိုင်သောအရာများကို စိတ်ဝိညာဥ်စွမ်းအင်ဖြင့် လုပ်နိုင်လောက်သည်ဟုသာ သူခံစားမိရုံပင်။ သူ၏ ကျင့်ကြံရေးအပေါ် ဆန္ဒရှိခြင်းက ဆေးများကို ပိုကောင်းအောင် ပြုလုပ်နိုင်ရန်အတွက်သာဖြစ်၏။
နှစ်ယောက်သားက ဓာတ်ခွဲခန်းတွင်သာ နေကြပြီး ဆေးဖက်ဝင်အပင်များယူရန်အတွက်ကလွဲလျှင် အပြင်ကိုထွက်ခဲ၏။
မာရီယာချီတိုဘက်ကလည်း သူတို့နှင့်အတူပူးပေါင်းပြီး စုန့်နင်ဖုန်းနှင့်လည်း ဆွေးနွေးခဲ့သည်။ သူတို့ကို ဖိအားပေးလာသည့် မည်သူ့ကိုမဆို ရောင်းချမပေးသင့်ပေ။ အကယ်၍ သူတို့၏ ကြွယ်ဝမှုကို ထုတ်ပြလာသည့်သူဆိုလျှင်လည်း တူညီသည့်ဆေးအမျိုးအစားကို စျေးနှစ်ဆ တင်ရောင်းသင့်သည်။
ထိုမိသားစုကြီးများမှ လူများက သူတို့၏ ကျသင့်ငွေနှစ်ဆတက်သွားသော်လည်း အခြားသူများကမူ ဆေးကို စျေးနိမ့်နိမ့်ဖြင့် ဝယ်နေသောအခါ သူတို့မျက်နှာကပင် ဒေါသကြောင့် နီတစ်လှည့် ပြာတစ်လှည့် ဖြစ်နေ၏။
" ငါထင်ပါတယ်...အဲ့ဒီဆေးရဲ့စျေးနှုန်းက တစ်ခုခုတော့ မှားနေပါတယ်လို့...ပြီးတော့ မင်းတို့က ငါတို့ကိုပဲ ဘာလို့ခဏခဏစျေးလာတက်နေရတာလဲ..."
သူတို့က ဆေး၏စျေးနှုန်းကို ပိုတက်လာရန် မျှော်လင့်ထားကြသည်။ သို့မှသာလျှင် ဝယ်နိုင်သည့်လူဦးရေက လျော့သွားပြီး သူတို့အတွက် ဝေစုများများကျန်မည်ဖြစ်သည်။ သို့သော်လည်း အခြားသူများ၏ စျေးနှုန်းက တက်မသွားဘဲ သူတို့ကို ရောင်းသည့် စျေးနှုန်းကသာ တက်သွားသည်။
' ငါတို့ကို အရူးများမှတ်နေတာလား...'
ဤပုံစံက ကျန်းဝူရွှမ်း၏ မူပိုင်ခွင့်အသုံးပြုခွင့်ပေးစဥ်က ပုံစံမျိုးနှင့် သွားတူနေ၏။ ထို့နောက် သူတို့သေချာစုံစမ်းကြည့်လိုက်သောအခါ ကျန်းဝူရွှမ်းက ထိုက်ယီဂိုဏ်းထဲသို့ ဝင်လိုက်ကြောင်းကို သိလိုက်ရသည်။
၎င်းက ပစ္စည်းကောင်းကို ယူဆောင်လာသည့် ထိုက်ယီဂိုဏ်းဖြစ်နေသောကြောင့် သူတို့စိတ်ထဲမှ စော်ကားခြင်းမပြုသင့်ပေ။
မာရီယာချီတိုကလည်း သူတို့လိုလူများနှင့် အချိန်ဖြုန်းမနေတော့ပေ။
" ဝယ်ချင်တယ်ဆိုလည်း ဝယ်သာဝယ်လိုက်ပေါ့..."
' အပြင်ဘက်မှာ ဝယ်ချင်လို့ စောင့်နေတဲ့သူတွေ ဘယ်နှစ်ယောက်တောင် ရှိသေးလဲဆိုတာ ဘယ်လိုလုပ်သိမှာလဲ...'
မာရီယာချီတို၏ ချီတိုမိသားစုက ဖက်ဒရေးရှင်း၌ အကြီးဆုံးမိသားစုတစ်စုဖြစ်သည်။ မာရီယာချီတို နှင့် ထိုက်ယီဂိုဏ်းတို့ပူးပေါင်းလိုက်ခြင်းက ယခင်က တစ်ခါမှ မရှိဖူးသည့်အရာဖြစ်သောကြောင့် သူတို့မိသားစု၏ ဂုဏ်သတင်းက ထပ်တက်သွားပြန်၏။ ဤပူးပေါင်းမှုရလဒ်၏ အကျိုးအမြတ်များကို အရူးပင်မြင်နိုင်၏။ ထိုက်ယီဂိုဏ်းက မာရီယာချီတိုကို လှည့်ကွက်များသုံးခွင့်မပေးထားသော်လည်း သူမသာ ကောင်းကောင်းလုပ်နေသရွေ့ သူတို့ကလည်း နေရာတကာ လိုက်တွယ်ကပ်နေမည်မဟုတ်ပေ။
ချီတိုမိသားစု၏ အကြီးအကဲများက ဝမ်းမြောက်ကျေနပ်နေကာ မာရီယာချီတိုကို သူမဘာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်ရန် အာဏာတော်တော်များများပေးထားသည်။
ရောင်းသူကသာ စျေးကွက်ကို ထိန်းချုပ်နေလျှင် နောက်ကအလိုမကျဖြစ်နေခြင်းက အသုံးဝင်မည်မဟုတ်ဘဲ လွှတ်ထားပေးလိုက်ခြင်းကသာ ရလဒ်တစ်ခုရှိစေလိမ့်မည်။
💫💫💫