💫 Chapter 55
အချို့မိသားစုများက ချီတိုမိသားစုနှင့် ဆက်ဆံရေးကို အခွင့်ကောင်းယူပြီး မာရီယာချီတိုကို အမှီသဟဲပြုလိုကြသည်။
" ငါတို့က တစ်မိသားစုတည်းပဲလေ...ယောက်မကလည်း ချီတိုမိသားစုကပဲလာတာ...ပြီးတော့ တတိယဦးလေးကလည်း မင်းတို့ချီတိုမိသားစုကလူနဲ့ လက်ထပ်ထားတာပဲလေ..."
မိသားစုကြီးများကြားရှိ ဆက်ဆံရေးက ရှုပ်ထွေးပြီး သူတို့အားလုံးက နှီးနွယ်နေကြသည်။
သို့သော်လည်း မာရီယာချီတိုက အလွန်တည့်တိုးဆန်သည်။
" အိုး...ဒါဆိုလည်း ဦးလေးကိုပဲ ကျွန်မကို တိုက်ရိုက်လာတွေ့ခိုင်းလိုက်ပါ...ပြီးတော့ သတိပေးတာနော်...သူက အခုဆို သူ့နေရာအတွက်တောင် ပြန်ယှဥ်ပြိုင်ရတော့မှာ..."
ချီတိုမိသားစုတွင် မိသားစုဝင်များက အလွန်များပြီး မာရီယာချီတိုက အကျိုးအမြတ်များရှာပေးနိုင်လျှင်ပင် တစ်မိသားစုလုံး၏ အလိုဆန္ဒကို လိုက်ဖြည့်ဆည်းပေးနေရန် မဖြစ်နိုင်ပေ။ သူမ ကိုယ်ပိုင်အစီအစဥ်ထားရှိသည်ကို မဆိုထားနှင့် မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းက လုပ်ပိုင်ခွင့်အာဏာတို့ကို သူမနှင့် ယှဥ်လုချင်နေကြသည်။ အထူးသဖြင့် သူမအား မိန်းကလေးအဖြစ် အထင်သေးနေကြသူများပင်။ ထိုကျေးဇူးမသိတတ်သောသူများကို ပေးကမ်းရမည်ထက် မရှိဆင်းရဲသူများကို ပေးကမ်းစွန့်ကြဲခြင်းကပင် အကျိုးရှိပေဦးမည်။
ထိုသူများက အကြီးအကဲများကို သွားတိုင်ပြီး အနောက်တံခါးက ကျော်ဝင်လာချင်လျှင်ပင် မဖြစ်နိုင်ပေ။ ထိုအာဏာကို အကြီးအကဲများကိုယ်တိုင်က သူမကို ပေးအပ်ထားခြင်းဖြစ်ပြီး ချီတိုမိသားစုပင်လျှင် သူတို့၏ အလိုဆန္ဒကို မဖြည့်တင်းနိုင်သေးရာ အခြားမိသားစုဝင်များကိုပါ သူတို့၏ အကျိုးအမြတ်ကို ဝေခွဲပေးရန် ဆန္ဒမရှိကြပေ။
မိသားစုအချင်းချင်း ပူးပေါင်းမှုများအကြားတွင် ယှဥ်ပြိုင်မှုများကလည်း ကပ်ပါလာ၏။
မာရီယာချီတိုက မက်လုံးနှင့်ရော ခြိမ်းခြောက်မှုနှင့်ရော မယိမ်းယိုင်တာဆိုတော့ သူတို့ဘာတတ်နိုင်ဦးမလဲ…
ဆေး၏စျေးနှုန်းက မသင့်လျော်ကြောင်း ဆေးဝါးကြီးကြပ်ညွှန်ကြားရေးဗျူရိုကို သူတို့ဘက်က တိုင်ချက်ဖွင့်မည်ဆိုလျှင်ပင် အသုံးမဝင်ပေ။ ဒူကန်းက မြို့တော်ဂြိုဟ်တွင် မရှိသော်လည်း သူက ဆေးဝါးဆိုင်ရာနယ်ပယ်တွင် ဂုဏ်သတင်းကြီးသော 'Big shot' ဖြစ်ပြီး သူ့ကျောင်းသားများကလည်း ဆေးဝါးနှင့်ဆက်စပ်သောလုပ်ငန်းမျိုးစုံတွင် လုပ်ကိုင်နေကြသည်။ ထိုသို့ တိုင်ချက်ဖွင့်ခြင်းက သူတို့၏ တံခါးပေါက်တည့်တည့်၌ သွားတိုင်တန်းနေခြင်းနှင့် တူနေပေလိမ့်မည်။
တိုက်ချက်က မည်သည့်လှုပ်ခတ်မှုမှ မရှိစေသလို တိုင်တန်းသူများကပင် သတင်းအမှားပေးသည့်အတွက် ဒဏ်ငွေဆောင်လိုက်ရသည်။
ထိုက်ယီဂိုဏ်းမှာ သူတို့၏ ဆေးကြောင့် အပြင်ဘက်၌ မည်သို့ဖြစ်ပျက်နေကြသည်အား မသိကြပေ။ သူတို့က အေးအေးဆေးဆေးသာ ရှိနေကြပြီး Dဂြိုဟ်ရှိ ရှဲ့ရုန်ကိုပင် မေ့နေကြ၏။
သို့သော် ဖက်ဒရေးရှင်းဘက်က အိုက်ဇယ် ဘက်ပြောင်းသောသတင်း၏ သက်ရောက်မှုကို နှိမ်နင်းရန်အတွက် လုပ်ဆောင်မှုအဆက်လိုက်က ဆာ့ဆာ့အပေါ်တွင်လည်း သက်ရောက်မှုရှိသည်။
အကြီးဆုံးသက်ရောက်မှုမှာ စတားကွန်ရက်မက်ခါလိဂ်က ပိုကြီးကျယ်လာခြင်းပင်။ မက်ခါလိဂ်က သူတို့၏ တစ်ဦးတည်းနှင့် အဖွဲ့လိုက် လုပ်ရိုးလုပ်စဥ်များကို ပြောင်းပစ်လိုက်ပြီး အဖွဲ့လိုက်ပြိုင်ပွဲဝင်ဦးရေက လေးယောက်မှ ငါးယောက်အထိ ပါဝင်လာ၏။ တစ်ဦးချင်းစီ နှင့် အဖွဲ့လိုက်ပြိုင်ပွဲများက တစ်ချိန်တည်းတွင် ပြုလုပ်ပြီး လက်ရည်စမ်းပွဲများ စတင်နေချေပြီ။ စတားကွန်ရက်ပြိုင်ပွဲအတွက်လည်း ဇယားကွက် ဆွဲထားပြီးသားဖြစ်သည် ။ ထိပ်တန်း အယောက်၂၀၀၀တွင် ပါဝင်သော တစ်ဦးတည်းပြိုင်ပွဲဝင်များနှင့် ထိပ်တန်း ၁၀၀တွင် ပါဝင်သော အဖွဲ့လိုက်ပြိုင်ပွဲဝင်များက ပဏာမအဆင့်ကို အလိုအလျောက်အောင်ပြီးသား ဖြစ်၏။
ဖိုင်နယ်ပွဲစဥ်တွင် မာရှယ်လီမင် ၊ ဝန်ကြီးချုပ်ဟယ့်ဝိန် ၊ ဗိုလ်ချုပ်အီဗန်ချီတို နှင့် စတားကွန်ရက်ဒါရိုက်တာ ချန်သာ့ယိုတို့က အကဲဖြတ်အဖြစ် တက်ရောက်ကြလိမ့်မည်။
ထိုသို့ ရာထူးမြင့်အကြီးအကဲများတက်ရောက်ဖြစ်သောကြောင့် စိတ်မလှုပ်ရှားသူ မရှိကြချေ။ စာရင်းသွင်းသည့်နောက်ဆုံးရက်ကို တိုးပေးလိုက်သောကြောင့် ပြိုင်ပွဲအတွက် စာရင်းသွင်းသည့်လူများက အကြိတ်အနယ်ဖြစ်နေကြသည်။ သူတို့သာ ပြိုင်ပွဲအတွင်း နာမည်ကြီးသွားနိုင်လျှင် နောက်တက်မည့် ကြယ်ပွင့်က သူတို့ကိုယ်တိုင်ဖြစ်လာနိုင်၏။
၎င်းကလည်း ဖက်ဒရေးရှင်းမှ မြင်ချင်သည့် ပုံစံမျိုးပင်။ ကြယ်ပွင့်အသစ်ကို ပျိုးထောင်းပေးခြင်းဖြင့် အိုက်ဇယ်ကို လူများက မှတ်မိကြတော့မည် မဟုတ်ပေ။
ယခင်ကသာဆိုလျှင် စတားကွန်ရက်မက်ခါလိဂ်က ဝါသနာသပ်သပ်နှင့် အရည်အသွေးနိမ့်ပြီး တက္ကသိုလ်မက်ခါလိဂ်လောက် မကောင်းဟု ထင်မြင်ကြသောကြောင့် စစ်တပ် နှင့် နိုင်ငံကိုယ်စားပြုမက်ခါမောင်းနှင်သူများက ဝင်ရောက်ယှဥ်ပြိုင်ခြင်း မပြုကြပေ။ သို့သော် ပွဲစဥ်ကို ကြေညာလိုက်သောအခါ တက္ကသိုလ်ကျောင်းသားများနှင့် စစ်တပ်အကယ်ဒမီရှိ ကျောင်းသားများပါ စာရင်းသွင်းလာကြသည်။
မာရှယ်လီမင်ကဲ့သို့ လူကပင် ထိုပွဲစဥ်ကို မထိုက်တန်ဟုမတွေးလျှင် သူတို့လိုလူများကလည်း စောဒကတက်နေစရာအကြောင်းမရှိတော့ပေ။ ၎င်းက ရာထူးမြင့်အကြီးအကဲများရှေ့တွင် ကိုယ့်အရည်အချင်းကို ထုတ်ပြနိုင်မည့် အခွင့်အရေးကောင်း ဖြစ်သည်။
စစ်တပ်နှင့် နိုင်ငံကိုယ်စားပြုစနစ်များတွင် သတ်မှတ်ထားသော အသက်အရွယ်ပြည့်မှီသူတိုင်းနီးပါး စာရင်းသွင်းကြသည်။ ပထမနှစ်အတန်းများတွင် မက်ခါလိဂ်အကြောင်း မရေမတွက်နိုင်အောင်ဆွေးနွေးနေကြသည်ကို ဆာ့ဆာ့ ကြားခဲ့ရသည်။ သူမ နှင့် လီချန်ယွီတို့ နှစ်ယောက်စလုံးလည်း တစ်ဦးချင်းအလိုက် ပြိုင်ပွဲအတွက် စာရင်းသွင်းထားသော်လည်း လီချန်ယွီက အဖွဲ့လိုက်ပြိုင်ပွဲတွင် ဝင်ပါရန် စိတ်အားထက်သန်နေ၏။
" သာ့ရှန်...ကျွန်တော်တို့ အဖွဲ့လိုက်ပြိုင်ပွဲမှာ ဝင်ပြိုင်ကြမလား..."
" ဒါပေမဲ့ ငါတို့က နှစ်ယောက်ပဲရှိတာလေ..."
ထိုအချိန်မှာ ဟယ့်ချောင်ယွမ်က သူတို့ရှိရာလျှောက်လာပြီး စကားစပြောလာ၏။
" မက်ခါလိဂ်အတွက် အသင်းဖွဲ့ချင်လို့လား..."
" ဟမ်..."
ဆာ့ဆာ့ ဇဝေဇဝါဖြင့် မျက်တောင်ခတ်လိုက်မိသည်။ သူမက ဟယ့်ချောင်ယွမ်နှင့် ထိုမျှလောက် ရင်းနှီးသည်ဟု မထင်မိပေ။ ပုံမှန်အားဖြင့် အဖွဲ့လိုက်ပြိုင်ပွဲများတွင် လူများက သူတို့နှင့် ဆက်ဆံရေးကောင်းရှိသည့်သူများကို ရွေးချယ်တတ်ကြသည်။ သို့မှသာလျှင် အချင်းချင်းအတိုင်အဖောက်ညီပြီး ပိုကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ပင်။ ဟယ့်ချောင်ယွမ်က ကျောင်းတွင် တစ်ကောင်တည်းသော ဝံပုလွေဟု ထင်ရသော်လည်း ဟယ့်မိသားစုတွင် အခြားသော မက်ခါတိုက်ခိုက်ရေးသမားများရှိသေးသောကြောင့် သူက ကွဲထွက်နေမည်မဟုတ်ပေ။
ဟယ့်ချောင်ယွမ်က တံခါးနားတွင် ကိုးရို့ကားယားဖြင့် ရပ်နေသော ကျန်းချန်ကို လက်ညှိုးထိုးပြကာ ပြောလာ၏။
" သူပြောလိမ့်မယ်...အဲ့ဒါ သူ့အကြံလေ..."
ဖက်ဒရေးရှင်း၌ အဆင့်တက်ချင်လျှင် ကိုယ့်နောက်ခံကသာ အရာရာဖြစ်သည်။ ဤနောက်ခံထဲ၌ မိသားစုသာမက ကျောင်းလည်း ပါဝင်၏။ ကျောင်းတစ်ခုတည်းမှ လာသည့် အတန်းဖော်၊ သူငယ်ချင်းနှင့် ဆရာများကြားရှိ ဆက်ဆံရေးက အုပ်စုဖွဲ့ရာ၌ အရေးကြီးသည်။ ဥပမာ အားဖြင့် အိုက်ဇယ်ဆိုလျှင် မိသားစုနောက်ခံကောင်းမရှိသော်လည်း ပထမအကယ်ဒမီကျောင်း၏ နောက်ခံက မည်သည့်နောက်ခံမှမရှိခြင်းထက် အနည်းငယ် ပိုသာသွားစေ၏။
အချို့သော သူများ၏ မိသားစုများက ကျောင်းအတွင်း ထင်ရှားကျော်ကြားသော်လည်း အခြားကျောင်းများနှင့် ပါယှဥ်လျှင် ထင်ရှားမှုလျော့သွားတတ်သည်။ တစ်မိသားစုတည်းမှလာသောသူများက ဆက်ဆံရေးကောင်း ရှိထားစရာမလိုပေ။
ပထမဘက်စုံအကယ်ဒမီကျောင်းမှာ သူတို့၏ " ပထမတန်းစား" ဟူသော နာမည်ကြောင့် ထင်ရှားသော်လည်း အခြားကျောင်းများက ဤအချက်ကို လက်မခံကြပေ။
' တခြားမေဂျာတွေမှာတော့ ပထမဘက်စုံအကယ်ဒမီက ထူးချွန်ရင် ထူးချွန်မှာပေါ့...ဒါပေမဲ့ မက်ခါဌာနမှာဆိုရင်တော့ စစ်တပ်အကယ်ဒမီက ပိုသာတာမဟုတ်ဘူးလား...'
' ငါတို့ ဒုတိယကျောင်းက မြေအနေအထားအခွင့်မသာလို့သာ ဒုတိယအဆင့် ဖြစ်နေရတာပါ...ငါတို့ကျောင်းသာ မြို့တော်ဂြိုဟ်မှာ ဖွင့်ထားတာဆိုရင် ပထမအကယ်ဒမီကျောင်းဆိုတဲ့ နေရာက ဘယ်ကျောင်းအတွက် ဖြစ်မလဲသိချင်သေးတယ်...'
'ဘယ်ကျောင်းက နံပါတ်တစ် ပထမနေရာ၌ ရှိနေလဲ'ဆိုသည့် အငြင်းပွားမှုများက မည်သည့်အခါကမှ လျော့ကျသွားခြင်းမရှိပေ။
ထို့အပြင် ယခုတစ်ခေါက်၌ ကျန်းချန်က ပထမဘက်စုံအကယ်ဒမီမှ ပထမနှစ်ကျောင်းသားအဖြစ် ပါဝင်လာ၏။
....
" ပထမဘက်စုံအကယ်ဒမီက အခုထိ သူတို့ကျောင်းကို သူတို့ ပထမလို့ တပ်ခေါ်ရဲသေးတာလား...နောက်ဆုံးကျတော့လည်း သူတို့မှာ ကျောင်းဂုဏ်ဆောင်ဆိုလို့ သစ္စာဖောက်အိုက်ဇယ်ပဲရှိတာလေ...သူတို့ကျောင်းကို ပထမအရှက်ရဖွယ်ကျောင်းလို့ ခေါ်သင့်တာ မဟုတ်ဘူးလား..."
" ပထမအကယ်ဒမီကျောင်းကတော့ တကယ်မစဥ်းစားတတ်တာပဲ... ငါတို့ရဲ့ ပထမစစ်တပ်အကယ်ဒမီမှာတော့ ဒါမျိုး တစ်ခါမှ မကြုံဖူးပါဘူး..."
" ပထမဘက်စုံအကယ်ဒမီက ဖက်ဒရေးရှင်းဆီကို အိုက်ဇယ်လိုမျိုး အမှိုက်တွေ ထပ်တွန်းမပို့ပါစေနဲ့လို့ပဲ ငါမျှော်လင့်တယ်..."
ကျန်းချန်မှာ အစကတည်းကပင် စိတ်ရှည်သည်းခံတတ်သူ မဟုတ်ပေ။ ဤကဲ့သို့ အတင်းအဖျင်းစကားများကို ကြားလိုက်ရသောအခါ ရုတ်ချည်းပင် ထိုသူများနှင့် ထိပ်တိုက်တွေ့လိုက်သည်။
" အမှိုက်တဲ့လား...အိုက်ဇယ်ရှေ့မှာလည်း မင်းတို့ အဲ့ဒီစကားမျိုး ပြောနိုင်ပါစေလို့ ငါမျှော်လင့်တယ်...ပထမစစ်တပ်အကယ်ဒမီကရော အရမ်းတွေကောင်းနေလို့လား... သစ္စာဖောက်တွေက တိတ်တိတ်လေးထွက်ပြေးသွားကြပေမဲ့ ဘယ်သူကမှ သောက်ဖက်မလုပ်လို့လေ..."
အငြင်းပွားရာမှ တဖြည်းဖြည်းဖြင့် အုံလိုက်ကြီးခိုက်ရန်ဖြစ်ပွားကြကုန်၏။
စစ်တပ်အကယ်ဒမီတွင် ကျန်းချန်မှလွဲ၍ အခြားသောကျန်းမိသားစုဝင်များအားလုံး တက်ရောက်ကြသည်။ သို့သော် သူတို့နှင့် ကျန်းချန်ကြားရှိ ဆက်ဆံရေးက မကောင်းပေ။
" ဝမ်းကွဲ...ငါကြားတာတော့ ဒီမတိုင်ခင်က ရွှေ့ပြောင်းကျောင်းသားနဲ့ပြိုင်တာ ရှုံးထားတယ်ဆို...အခုလက်ရှိ ပထမဘက်စုံအကယ်ဒမီက သိပ်မကောင်းတော့ဘူး...မင်းစောစောစီးစီး တခြားကျောင်းပြောင်းထားဖို့ ငါ့အကြံပေးချင်တယ်..."
မကြာသေးမီက ကျန်းချန်မှာ ဆာ့ဆာ့နှင့် အစမ်းယှဥ်ပြိုင်ရာ၌ ရှုံးနိမ့်ထားသည်။ ၎င်းက ကျောင်း၏ အတွင်းရေးကိစ္စမျှသာ ဖြစ်သော်လည်း အချို့သောသူများက ထိုသတင်းကို အပြင်တွင် ပြန်ဖွကြပြီး တဖြည်းဖြည်းဖြင့် အခြားကျန်းမိသားစုဝင်များ၏ နားထဲသို့ပါရောက်သွား၏။ တစ်စုံတစ်ယောက်က ပထမဘက်စုံအကယ်ဒမီကို ကောင်းစွာလုပ်ဆောင်နိုင်မှုမရှိဘူးဟုပြောလျှင် သူတို့က ကျန်းချန်ကို ကောင်းစွာလုပ်ဆောင်နိုင်မှု မရှိဟု ပြောလိမ့်မည်။
ကျန်းချန်က ဒါကို ဘယ်လိုလုပ် သည်းခံနိုင်ပါ့မလဲ…
သို့သော် ခိုက်ရန်ဖြစ်ပွားခြင်းမျိုးကို ကျောင်းသားများကြားခွင့်မပြုထားပေ။ ထို့ကြောင့် ၎င်းမှာ ကျောင်း၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်ခြင်းဟူ၍ ဖြစ်သွား၏။ ထိုပြိုင်ပွဲတွင် ကျောင်းသားသစ်များ ပါဝင်ယှဥ်ပြိုင်ကြပြီး ကျောင်း၏ အင်အားဟု သတ်မှတ်ရသော ကျောင်းသားများကို ဆရာများက အကဲဖြတ်ပေးသည်။ စစ်တပ်အကယ်ဒမီ၊ ပထမအကယ်ဒမီကျောင်းအပြင် အခြားသော ယုံကြည်မှုရှိသည့် ကျောင်းများကလည်း ပါဝင်ယှဥ်ပြိုင်ကြသည်။ သူတို့က ဤအခွင့်အရေးကို အသုံးချကာ သူတို့၏ကျောင်းကို ကြော်ငြာချင်ကြသည်။
ကျောင်းရှိဆရာများက ဤသတင်းကို ကြားသော်လည်း သူတို့က ကျောင်းသားများကို သွားပြီး စမ်းကြိုးစားကြည့်စေချင်ကြသည်။ သူတို့က "ငါသင်ဖူးသမျှထဲ အညံ့ဆုံးအတန်းပဲ" ဟုမပြောဘဲ သူတို့၏ကျောင်းသားများက အခြားသူများထက် မနိမ့်ဟု ယုံကြည်ကြသည်။
အဆုံး၌ သူတို့က ချန်ပီယံမဖြစ်ခဲ့လျှင်ပင် အတွေ့အကြုံအနည်းငယ်ရလာသည်ဆိုလျှင် တန်ပေ၏။ ထို့အပြင် အဖွဲ့လိုက်ပြိုင်ပွဲများက ကျောင်းသားများကို တစ်ဦးနှင့် တစ်ဦး ပိုပြီးရင်းနှီးမှုရှိစေ၏ ။
ကျန်းချန်က ဤကိစ္စကို စတင်ခဲ့သောကြောင့် သူက ဦးဆောင်သည့် ခေါင်းဆောင်ဖြစ်ရန်လိုသည်။ ယခင်က ဆာ့ဆာ့ နှင့် သူ့ကြားတွင် မကောင်းသည့်အတွေ့အကြုံရှိသော်လည်း သူ၏ တစ်ကိုယ်ကောင်းဆန်စိတ်ကြောင့် သူမကို ဖယ်ထုတ်ထားရန် မသင့်ပေ။ ၎င်းက ကျောင်း၏ ဂုဏ်အတွက် ဖြစ်သည်။
....
လီချန်ယွီက ဘေးတွင် နားထောင်နေပြီး ချက်ချင်းဝင်ပြောလာ၏။
" သာ့ရှန် သွားသင့်တယ်နော်...အဲ့ဒီလူတွေရဲ့ မျက်နှာကို တစ်ခါတည်း ဖြတ်ရိုက်ခဲ့လိုက်..."
ဂုဏ်သတင်းအတွက်ဟူသော အသိရှိရန်က အရေးကြီးသည်။
" တကယ်လို့ ကျွန်မသွားမယ်ဆိုရင် ရှင့်ကို သင်ပေးဖို့ အချိန်ရမှာ မဟုတ်တော့ဘူး..."
ဆာ့ဆာ့က သူ 'ဘာကိုစိတ်လှုပ်ရှားနေသလဲ' ကို မသိဘဲ ပြောလိုက်သည်။ ၎င်းက အဆင့်မြင့်များ၏အုပ်စုဖွဲ့ခြင်းပင်။ လီချန်ယွီမှာ ထိုသို့ဖြစ်ရန် ဆက်လျှောက်ရမည့်လမ်းအရှည်ကြီး ကျန်သေးသည်။
သူက ယခုထိ စိတ်လှုပ်ရှားနေဆဲပင်။
" အဲ့ဒါက အဆင်ပြေပါတယ်...လူတွေရဲ့မျက်နှာဖြတ်ရိုက်ခံရတဲ့ပွဲကို ကြည့်ရတာကလည်း ပျော်ဖို့ကောင်းမှာပဲ...ကျွန်တော်တို့ကျောင်းက ဘာလို့ နံပါတ်တစ်ကျောင်း မဟုတ်ရတော့မှာလဲ...အိုက်ဇယ်က ဘက်ပြောင်းသွားတယ်ဆိုရင်တောင် အဲ့ဒီကောင်တွေထက်တော့ သာနေတုန်းပဲလေ..."
လီချန်ယွီမှာ အစကတည်းက အိုက်ဇယ်၏ဖန် ဖြစ်သည်။ အိုက်ဇယ်၏ ဖက်ဒရေးရှင်းမှ ရန်သူဘက်သို့ကူးပြောင်းသွားခြင်းကို သူ အားမပေးသော်လည်း အိုက်ဇယ်၏ ယခင်အောင်မြင်မှုများက ငြင်းချက်ထုတ်စရာမရှိဟု သူတွေးမိသည် ။
' အဲ့ဒီလူတွေ ဘာလို့အဲ့လောက် ခေါင်းမာချင်နေကြတာလဲ...'
အမှန်တွင် ဆာ့ဆာ့ကိုယ်တိုင်လည်း ထိုကဲ့သို့ အဖွဲ့လိုက် လုပ်ဆောင်မှုများကို စိတ်ဝင်စားမိသည်။ ထိုမှတစ်ဆင့် အခြားအဖွဲ့မှ ထိပ်တန်းကစားသမားများဆီမှလည်း လေ့လာရန် အခွင့်အရေးရနိုင်၏။ ပြိုင်ပွဲက ပိုကြီးကျယ်လာလေလေ ၊ ထိပ်တန်းကစားသမားများနှင့် ပိုရင်ဆိုင်ရနိုင်လေလေ ဖြစ်သောကြောင့် သူမ ဝမ်းမြောက်မိသည်။
ငါ နဲ့ ကျန်းချန်ကြားက မကောင်းတဲ့အတွေ့အကြုံအတွက်ကလား ...အဲ့ဒါကို ငါ့ စိတ်ထဲမှာရော ရှိသေးလို့လား...
သူမက ဝမ်းမြောက်ဝမ်းသာဖြစ်နေချိန်၌ ကျန်းချန်တစ်ယောက်တည်းကသာ မရွှင်မလန်းဖြစ်နေခြင်း ဖြစ်နိုင်၏။
" ငါတို့ သုံးယောက်အပြင် ဘယ်သူရှိသေးလဲ..."
ကျန်းချန်က နောက်ဆုတ်ကာ ဆံပင်ကိုပိုနီတေးပုံစံစည်းထားပြီး မျက်မှန် နှင့် ယူနီဖောင်း သပ်သပ်ရပ်ရပ်ဝတ်ထားသော မိန်းကလေးကို ရှေ့သို့တွန်းပို့လိုက်သည်။
" ဟယ်လို...ငါက မက်ခါ အတန်းA လုချန်းမင်ပါ..."
" သူကလည်း SS အဆင့်ရှိတဲ့သူပဲ...ဒါပေမဲ့ ပုံမှန်ကတော့ သူက လူမသိသူမသိဘဲ နေတတ်တယ်..."
ကျန်းချန်က ကျေနပ်စွာ ပြုံးလိုက်သည်။
" ဒါဆို ငါတို့အဖွဲ့က တရားဝင်ဖြစ်သွားပြီပဲ...ငါတို့ရဲ့ ပန်းတိုင်ကတော့ ချန်ပီယံဖြစ်ဖို့ပဲ..."
သို့သော်လည်း သူပြောသည့်စကားကို မည်သူမှ ကြားလိုက်ပုံမရပေ။
💫💫💫