Chapter 56
Viewers 3k

💫 Chapter 56



ကျန်းချန်က ဤအဖွဲ့ကို ချန်ပီယံဆုရယူရန် ရည်မှန်းချက်ဖြင့် ဖွဲ့စည်းလိုက်သည်။ အဖွဲ့လိုက်ပြိုင်ပွဲတွင် အခြားသောစီနီယာများပါ ဝင်ရောက်ယှဥ်ပြိုင်ကြသော်လည်း မက်ခါမောင်းနှင်ခြင်းက အသက်အရွယ်၊ အတွေ့အကြုံနှင့် မသက်ဆိုင်ဟု သူယုံကြည်သည်။ 


အခြားသူများက သူ့လိုမတွေးနိုင်ကြသည်က စိတ်မကောင်းစရာပင်။ 


လုချန်းမင်မှာ ယခင်ကတည်းက စိတ်အေးလက်အေးရှိသူဖြစ်ပြီး သူမအကျွမ်းကျင်ဆုံးက ဒေတာစိစစ်ရေးအပိုင်း ဖြစ်သည်။ သူမက ပြိုင်ဘက်၏ ယခင်ပြိုင်ပွဲဟောင်းများကို ပြန်ကြည့်ကာ တိုက်ခိုက်သည့်စတိုင်ကို အကြမ်းဖျင်းပုံဖော်နိုင်ပြီး သူတို့၏ အကွက်များကိုပင် ကြိုတင်ခန့်မှန်းနိုင်၏။ ၎င်းက အားသာချက်ဆိုသလို အားနည်းချက်ဟုလည်း ဆိုရမည်။ သူမက ပြိုင်ပွဲ၏အနိုင်ရနိုင်ချေကို အမြဲခန့်မှန်းတတ်ပြီး အနိုင်ရနိုင်ချေနှုန်းအလွန်နည်းနေလျှင် စိတ်ဖိစီးကာ အလွဲလွဲအချော်ချော် ဖြစ်သွားတတ်သည်။ 


တစ်ဖက်တွင်မူ ဟယ့်ချောင်ယွမ်နှင့် ဆာ့ဆာ့၌ ပိုရိုးရှင်းသည့် အကြံရှိကြသည်။ ချန်ပီယံရရန်က အရေးကြီးဆုံးမဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်ကာ ကျွမ်းကျင်သူများနှင့် ယှဥ်ပြိုင်ခြင်းဖြင့် လုပ်နိုင်စွမ်းအကန့်အသတ်ကိုတွန်းတင်နိုင်ရန်ကသာ အရေးကြီးဆုံးပင်။


ထို့ကြောင့် သူတို့နှစ်ယောက်စလုံးက ပြိုင်ပွဲကို စွဲလမ်းနေကြသူများအလား လေ့ကျင့်ရေးမြေပြင်တွင် အချင်းချင်းယှဥ်ပြိုင်စီးထိုးကြည့်နေ၏။ လုချန်းမင်က တောက်ပသော မျက်လုံးများဖြင့် ကြည့်နေရင်း သူတို့၏ ဒေတာများကို သူမကွန်ပြူတာထဲ၌ စာရင်းသွင်းထားသည်။ 


ကျန်းချန် : "ငါတို့အခု ကိုယ့်ဘာသာစီးချင်းထိုးနေလို့ မဖြစ်တော့ဘူး...ငါတို့အားလုံးအတူတူလုပ်ပြီး အဖွဲ့လိုက်အသားကျသွားအောင် လုပ်ရမယ်..." 


သုံးယောက်လုံး သူပြောသည်ကို ကြားသော်လည်း သူတို့မှာ အာရုံစိုက်နေရန် အချိန်မရှိပေ။ ဟယ့်ချောင်ယွမ်နှင့် ဆာ့ဆာ့၏ စီးချင်းထိုးတိုက်ပွဲက အခြားကျောင်းသားများ၏ အာရုံကိုပါ ဆွဲဆောင်ထားပြီး တဖြည်းဖြည်းနှင့် လေ့ကျင့်ရေးကွင်း၌ ဝိုင်းအုံကြည့်လာကြသော လူအုပ်ကြီးက ပိုများလာ၏။ 


ဟယ့်ချောင်ယွမ်က ခံ့ညားချောမောသော လူငယ်လေးနှင့် တူသော်လည်း သူက အားသုံးတိုက်ခိုက်ရာ၌ ပိုကျွမ်းကျင်ပြီး လေးလံသောမက်ခါကိုသာ အသုံးပြုထားသည်။ အင်အားသုံးအမျိုးအစားမက်ခါနှင့် လျင်မြန်မှုသုံးရသောမက်ခါအမျိုးအစားနှစ်ခုမှာ တစ်ခုအပေါ်တစ်ခု အပြန်အလှန်ထိန်းချုပ်ထားပြီး စိတ်ဝင်စားစရာအကောင်းဆုံးမက်ခါများ ဖြစ်ကြသည်။ 


ဟယ့်ချောင်ယွမ်၏ တိုက်ခိုက်သည့်ပုံစံက မာန်ပါပြီး အစကတည်းကပင် ဆာ့ဆာ့ကိုဖိနှိပ်ရန် ကြိုးစားနေ၏။ အင်အားသုံးအမျိုးအစားမက်ခါ၏ အရှိန်က အနည်းငယ်နှေးသော်လည်း ၎င်းက ဟယ့်ချောင်ယွမ်၏ လှုပ်ရှားမှုများမှာ ဆိုးရွားသည်ဟု မဆိုလိုနိုင်ပေ။ သူက ရှောင်တိမ်း၍မရနိုင်သော ထောင့်မှ ဆာ့ဆာ့၏ မျက်နှာတည့်တည့်ကို ချိန်ရွယ်ထားပြီး သူမ၏ မြင်ကွင်းကို နှောင့်ယှက်ကာ နောက်တစ်ချက်တိုက်ခိုက်ရန် ပြင်ဆင်ထား၏။ 


ချက်ကောင်းကို အင်အားသုံးမက်ခါဖြင့် ရိုက်ချခံရလျှင် တစ်ဖက်ပြိုင်ဘက်၏ မက်ခါကို အပြင်းစားထိခိုက်မှုရှိစေလိမ့်မည်။ သို့သော် လက်မတင်လေးအလိုတွင် ဆာ့ဆာ့က ဟယ့်ချောင်ယွမ်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်၏။ သူက သူမကို ရိုက်လိုက်မိလိမ့်မည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် တစ်ခုခုအား ရိုက်ခတ်လိုက်နိုင်သည့် ခံစားချက်မျိုးကို မရလိုက်ပေ။ 


တစ်ချိန်တည်းမှာပင် သူမက အရှိန်ဖြင့် သူ့ခေါင်းပေါ်တည့်တည့်မှ ခုန်လွှားကာ သူမ၏ဓားရှည်ဖြင့် မက်ခါ၏ ချက်ကောင်းနေရာကို ထိုးလိုက်သည်။ သို့သော် ဟယ့်ချောင်ယွမ်၏ တုံ့ပြန်မှုကလည်း အလွန်မြန်၏။ သူက တစ်ချက်တည်းဖြင့် ဆာ့ဆာ့ကို မြေပြင်ပေါ်သို့ ကိုင်ပေါက်ကာ ချက်ချင်း သူ့လက်နက်ကို ထုတ်လိုက်သည်။ 


ကျန်းချန်လည်း ခပ်သဲ့သဲ့ရယ်ကာ စိတ်ပါလက်ပါကြည့်ရှူနေ၏။ သူ့ကို စိတ်တိုစေသောအရာမှာ ဤလူနှစ်ယောက်ကို သူအနိုင်ယူရန်အတွက် ယုံကြည်ချက်မရှိတော့ဟု ခံစားလိုက်ရခြင်းပင်။ 


သို့သော်လည်း အဖွဲ့လိုက်ပြိုင်ပွဲတွင် သူတို့ပိုအင်အားကြီးလေ ပိုကောင်းလေဖြစ်၏။ 


ထို့နောက် လုချန်းမင်က မြူတူးစွာပြောလာ၏။ 

" ငါ့အထင်တော့ ချန်ပီယံရနိုင်ဖို့ အခွင့်အရေးကို ငါတို့ ၃၅ရာခိုင်နှုန်းလောက်အထိ မြှင့်တင်လိုက်နိုင်ပြီပဲ..." 


ကျန်းချန်၏ အမူအရာမှာ ပျက်သုဥ်းသွား၏။

" နင်အဲ့ဒီလောက်ကြီး အဆိုးမြင်စရာမလိုပါဘူး...ဒီဒေတာတွေကို နင် ဘယ်ကရလာတာလဲ..." 


" ဒါက အဆိုးမြင်တာမဟုတ်ဘူးလေ... အချက်အလက်နဲ့ပြောတာ... ကျန်းချန် နင်သိပ္ပံကို နည်းနည်းလောက် ပိုလေ့လာဖို့ ငါအကြံပေးချင်တယ်..." 


လုချန်းမင်က သူမ၏ မျက်မှန်ကိုင်းကို ပင့်တင်ကာ အတည်ပေါက်ဖြင့် ပြောလာ၏။

" ၃၅ရာခိုင်နှုန်းက ဒါတောင် တော်တော်မြင့်နေပြီ..."


ဟယ့်ချောင်ယွမ်နှင့် ဆာ့ဆာ့က လက်ရည်စမ်းရုံသာဖြစ်ပြီး အနိုင်ရသူကို မဆုံးဖြတ်ပေ။ သို့သော် ဤကဲ့သို့ တိုက်ရိုက်တိုက်ခိုက်ကြည့်လိုက်ခြင်းက တစ်ယောက်ကိုတစ်ယောက် ပိုပြီး နားလည်သွားစေ၏။ ဟယ့်ချောင်ယွမ် နှင့် ဆာ့ဆာ့က အတန်းတစ်တန်းတည်းဖြစ်ပြီး တစ်ယောက်ချင်းစီ၏ လေ့ကျင့်ရေးနှင့်ပတ်သက်၍ အနည်းငယ်သိရှိထားသည်။ သို့သော်လည်း ဤသို့ တိုက်ရိုက်လက်ရည်ဖလှယ်ခြင်းမျိုး ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။ 


သူတို့နှစ်ယောက် လေ့ကျင့်ရေးကွင်းထဲမှ သူတို့ဆီပြန်လျှောက်လာနေသည်ကို တွေ့ရသောအခါ လုချန်းမင်က ဒေတာရလဒ်အား သူတို့ကို ပြလိုက်သည်။

" ဆာ့ဆာ့က ကျန်းချန်လို အရှိန်သုံးတဲ့နည်းလမ်းကို လိုက်တာပဲ...နင့်မက်ခါရဲ့ လုပ်ဆောင်စွမ်းရည်ကအရမ်းကောင်းပါတယ်...ဒါပေမဲ့ အထိနာစေတဲ့ အားနည်းချက်တော့ ရှိနေတယ်...အဲ့ဒါက တိုက်ပွဲကြာကြာ တိုက်နိုင်တဲ့စွမ်းရည်မရှိတာပဲ..." 


ဆာ့ဆာ့က လက်တွေ့အတန်းများတွင် ပြဿနာမရှိသော်လည်း စာတွေ့၌ သူမက လုံးဝကို အရှုံးသမားသာသာပင်။ ဒေတာများကို တွေ့လိုက်ရချိန်၌ သူမ မူးဝေသွား၏။ သူမ မျက်လုံးများကိုသာမှိတ်ထားပြီး လက်တွေ့ဘဝမှပင် တိမ်းရှောင်လိုက်ချင်တော့သည်။ 


" ဟုတ်တယ်... ငါ့စီနီယာအစ်ကိုကြီးက မက်ခါကို တချို့နေရာတွေ ပြင်ပေးဦးမှာပါ...အဲဒီအခါကျရင် ရေရှည်လည်းတိုက်ပွဲဝင်နိုင်ပြီး အပြင်အဆင်ကလည်း မိုက်သွားမှာ..." 


သို့သော် လုချန်းမင်က စိတ်မချနိုင်သေးဘဲ ထပ်ပြောလိုက်သည်။ 

" ဒါပေမဲ့ ငါကြည့်ရသလောက်တော့ နင်က ဓားရှည်ကို သုံးရတာအသားကျနေသလိုပဲ... နင်တကယ်ပဲ ရေရှည်တိုက်ပွဲသုံး လက်နက်ကို ပြောင်းကိုင်နိုင်ပါ့မလား..." 


ဆာ့ဆာ့က ရယ်မောလိုက်သည်။

" ဓားကိုရော ရေရှည်တိုက်ပွဲအတွက်သုံးလို့မရဘူးလို့ ဘယ်သူကပြောလဲ..." 


" ဟမ်..." 


" နင် နောက်ပိုင်းတွေ့ရင် နားလည်သွားပါလိမ့်မယ်..." 

ဆာ့ဆာ့က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။


မထင်မှတ်ထားစွာဖြင့် ကျန်းချန်နှင့် စစ်တပ်အကယ်ဒမီအလောင်းအစားလုပ်ထားသည့် သတင်းက အခြားသောအကယ်ဒမီကျောင်းများကိုပါ ပျံ့သွားပြီး မက်ခါလိဂ်ကို စိတ်ဝင်စားသည့်လူဦးရေက ပို၍ပင် များလာ၏။ ၎င်းက ကျောင်းသားများကြားမှ အပြောင်အပျက်သဘောသာသာပင် မဟုတ်တော့ဘဲ လူထုက စောင့်ကြည့်နေကြသည့် ကတိကဝတ်လိုပင် ဖြစ်လာ၏။ 


သူတို့လေးယောက် ယခုတွင်တော့ အခက်ကြုံချေပြီ။ သူတို့ ဤအတိုင်း လမ်းလျှောက်ထွက်လျှင်ပင် စီနီယာများက မျှော်လင့်ချက်အပြည့်ဖြင့် တာဝန်ပေးလာကြသည်။ 


" မင်းတို့ နိုင်မှရမယ်နော်...ငါတို့ ပထမအကယ်ဒမီကို အရှက်မရစေနဲ့..." 


" နောက်ကျရင် မင်းတို့က ငါတို့ဒုတိယနှစ်ကျောင်းသားတွေရယ် လူသစ်ဂျူနီယာလေးတွေရယ်နဲ့ အတန်းတွေတက်ရဦးမှာပဲ...မင်းတို့သာ ငါတို့ကို အရှက်ရစေရင်တော့...ဟမ်း ...ဟမ်း..." 


" မင်းတို့ ချန်ပီယံရတာ မရတာက အရေးမကြီးပါဘူး...ငါတို့ အကြီးတန်းစီနီယာတွေရှိနေသရွေ့ မင်းတို့ ဆုတံဆိပ်ရဖို့တောင် မနည်းလုပ်ရမှာလေ...ဒါပေမဲ့ မင်းတို့ တခြားကျောင်းကကောင်တွေကိုတော့ သေချာပေါက် အနိုင်ယူရမယ်..."


ကျန်းချန်လို ပြဿနာအိုးကို မဆိုထားနှင့် ၊ အပြင်တွင် ပြဿနာမရှာဘဲ တစ်ယောက်တည်းသာနေတတ်သည့် ဟယ့်ချောင်ယွမ်ပင် ပိုပြီးလူအာရုံစိုက်ခံလာရသည်။ သူ လူကြားထဲတွင် ပေါ်လာလိုက်သည်နှင့် ချက်ချင်းခေါ်ပြီး ဆုံးမသြဝါဒချွေခံရသည်။


ဆာ့ဆာ့နှင့် အခြားသူများက သူနှင့်အတူ စိတ်ရှုပ်ခံမနေဘဲ သူဆွဲခံထားရပြီဆိုသည်နှင့် အလစ်ချောင်းကာ ပြေးသွားတတ်ကြသည်။


ကျန်းချန်က ဘဝင်တစ်ခွဲသားနှင့် သခင်လေးဖြစ်ခဲ့သော်လည်း အထူးအာရုံစိုက်မှုများပေးခံရပြီးနောက်တွင် သူ့စိတ်ထဲ၌ တွေးမိသည့်အရာ တစ်ခုသာရှိတော့သည်။ 

' နောက်ဆိုရင် ငါလူမသိသူမသိဘဲ နေတော့မယ်...'


၎င်းကိစ္စက ဤတွင် အဆုံးသတ်မသွားပေ။ လေ့ကျင့်ရေးအတန်းပြီးနောက် ချန်ရှန်းက သူတို့လေးယောက်ကို ဆွဲထားပြီး အကြိုပြိုင်ပွဲ ကြိုတင်ပြင်ဆင်ထားခြင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ပြောလာ၏။ 

" မင်းတို့ အရမ်းဖိအားမများကြနဲ့...မင်းတို့လုပ်နေကြအတိုင်း ပုံမှန်လေးအတိုင်းပဲ လုပ်ကြ..." 


ဆာ့ဆာ့မှာ စိတ်သက်သာရသွားသည့်အလား လေရှူထုတ်လိုက်မိသည်။ 

" ဆရာချန်...ကျွန်မတို့ ဒီရက်ပိုင်းအတွင်း ဘယ်လောက်တောင်ဖိအားများနေသလဲဆိုတာ ဆရာမသိပါဘူး...လူတိုင်းသာ ဆရာ့လို နားလည်မှုရှိရင်တော့လား..." 


ချန်ရှန်းက ရုတ်တရက် သူ့လေသံကို ပြောင်းလိုက်သည် ။

" ဘာဖြစ်လို့လဲ...ငါက ယဥ်ကျေးသမှုနဲ့ စကားနည်းနည်းလေးပဲပြောလိုက်တာကို မင်းတို့က အတည်မှတ်လိုက်တာလား... ငါပြောတဲ့ ' မင်းတို့ပုံမှန်လေးအတိုင်းပဲလုပ်' ဆိုတာ ချန်ပီယံနေရာကို မင်းတို့အသာလေးအနိုင်ယူနိုင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ..."


ကျောင်းသားလေးယောက်မှာ ကြက်သေသွား၏။


အခြားကျောင်းသားများမှာ အများဆုံးမှ သူတို့ကို အခြားအကယ်ဒမီကျောင်းရှိလူများကို အနိုင်ယူစေချင်ရုံသာဖြစ်သည်။ သို့သော် ချန်ရှန်းကမူ သူတို့ကို ချန်ပီယံရရန် တောင်းဆိုနေ၏။


ချန်ရှန်းက စဥ်းလဲသောအပြုံးဖြင့် သူတို့၏ ပုခုံးများကို ပုတ်ပေးလိုက်သည်။ 

" ငါအရင်က တစ်ခါမှ မရှုံးဖူးဘူး...ပြီးတော့ မင်းတို့က ငါ့ရဲ့ကျောင်းသားတွေပဲ...ငါ့ကို မျက်နှာပျက်ရအောင် မလုပ်နဲ့...မဟုတ်လို့ကတော့..."


" အိုး...ကျောင်းအုပ်ကြီးလည်း မင်းတို့အခြေအနေကို သိထားပြီးသွားပြီ...သူ့မှာအကြံတချို့ရှိတယ်..." 


ဆရာ့၏စကားကြောင့် ကျောင်းသားလေးယောက်မှာ ခေါင်းမွေးပင်ထောင်သွား၏။ အတည်ငြိမ်ဆုံး လုချန်းမင်ပင်လျှင် သူမ၏ လက်ကိုကျစ်ကျစ်ပါအောင် ဆုပ်ထားမိပြီး ပြောလိုက်ရသည်။ 

" ချန်ပီယံဆုရအောင် ကြိုးစားကြတာပေါ့..." 


သူတို့သာ ချန်ပီယံဆုမရခဲ့လျှင် ဤကျောင်းတွင် ဆက်ပြီးရှင်သန်နိုင်ပါ့ဦးမလားဆိုသည်ကို မသေချာပေ။ 


လက်ရည်စမ်းပွဲများ၏ သတ်မှတ်ထားသော နောက်ဆုံးရက်မတိုင်ခင် သူတို့၏ အဆင့်ရလဒ်များကို အတူမြှင့်တင်ရန်အတွက် စတားကွန်ရက်ထဲသို့ဝင်ရန် သဘောတူလိုက်ကြသည်။ 


ဤတစ်ကြိမ်က ဆာ့ဆာ့၏ မက်ခါကို ပြန်လည်ပြုပြင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြန်ပေါ်လာခြင်း ဖြစ်သည်။ စတားကွန်ရက်တွင် ပွဲဦးထွက်ပြီးသားဖြစ်သော်လည်း ဆာ့ဆာ့မှာ စိတ်လှုပ်ရှားနေမိဆဲပင်။ 

' ဒီမက်ခါက သေချာပေါက် အားလုံးကို မှင်သက်သွားစေမိမှာပဲ...' 


လက်တွေ့ပြင်ပမက်ခါအစစ်၏ ဒေတာများကို စတားကွန်ရက်မက်ခါ ပြုလုပ်ရန်အတွက် စတားကွန်ရက်ထဲ၌ တင်ပေးထား၏။ ဒေတာ အကူးအပြောင်းကြောင့် စတားကွန်ရက်မက်ခါနှင့် လက်တွေ့ပြင်ပမက်ခါအစစ်ကြားတွင် ကွားခြားမှုအချို့ရှိသည်။ 


လက်တွေ့ကမ္ဘာအစစ်၌မူ မက်ခါအကောင်းစားကို ဝယ်ယူရန် ပိုက်ဆံကမလောက်ငှလျှင် စတားကွန်ရက်၌ စိတ်ကြိုက်ဒီဇိုင်းကို ဖန်တီးနိုင်သည်။ ထိုမက်ခါများကို ဒေတာများဖြင့် တည်ဆောက်ထားရုံသာဖြစ်ပြီး လက်တွေ့ပြင်ပ၌ တစ်ထပ်တည်းမပြုလုပ်နိုင်ပေ။ သို့သော် အနည်းဆုံး အင်အားကွာခြားမှုကို ပြန်ပြင်ဆင်နိုင်၏။ 


စတားကွန်ရက်၌ဆိုလျှင် စီးပွားရေးလုပ်ချင်ကြသည့် မက်ခါဖန်တီးရှင်များ အလွန်များသည်။ အဘယ်ကြောင့်ဆိုသော် ကုန်ကြမ်းပစ္စည်းများအတွက် သူတို့ဘာတစ်ခုမှ စိုက်ထုတ်စရာမလိုဘဲ အခကြေးငွေလည်း အတော်အတန်ရရှိနိုင်၏။ 


စုန့်နင်ဖုန်းက ဆာ့ဆာ့၏ မက်ခါကို ပြုပြင်ပေးလိုက်ပြီးနောက် သူမက စတားကွန်ရက်တွင် ဒေတာများကို ချိန်ညှိနေရင်း အလုပ်များလျက်ရှိနေ၏။ ထိုကြောင့် သူမ မက်ခါကိုထုတ်ပြီး သူငယ်ချင်းများအား ကြွားနေရန် အချိန်မရှိခဲ့ပေ။ 


၎င်းက ဆာ့ဆာ့၏ မက်ခါအသစ်ကို အဖွဲ့ဝင်သုံးယောက်က ပထမဆုံးမြင်ဖူးခြင်းဖြစ်ပြီး သုံးယောက်လုံး ပါးစပ်အဟောင်းသားဖြစ်သွား၏။


" ဘယ်လိုလဲ...ငါ့မက်ခါက အမိုက်စားပါလို့ နင်တို့ကို ပြောသားပဲ..." 

ဆာ့ဆာ့က ကျေနပ်စွာဖြင့် ထိုသုံးယောက်ကို လက်ခါပြလိုက်သည်။ 


ဟယ့်ချောင်ယွမ်နှင့် ကျန်သူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။ 


လူအုပ်ကြားထဲ၌ ဆာ့ဆာ့၏ မက်ခါက အာရုံအဖမ်းစားနိုင်ဆုံးဆိုသည်ကို ငြင်းချက်ထုတ်ဖွယ်ရာမရှိပေ။


စုန့်နင်ဖုန်း ပြင်ဆင်ပေးလိုက်ပြီးနောက် ဆာ့ဆာ့၏ မက်ခါမှာ ပြောင်ရှင်းနေသောပုံစံမှ သက်ဝင်မြူးကြွသောပုံပေါက်သွား၏။ ထို့အပြင် ငွေရောင်သုတ်ဆေးကလည်း ပိုကြည့်ကောင်းသွားသည်။ ပြဿနာမှာ မက်ခါ၏ ဝမ်းဗိုက်၌ ကပ်ထားသော အနီရောင်စာရွက်အပုံလိုက်ဖြစ်သည်။ 


' ထိုက်ယီဂိုဏ်းက အံ့မခန်းပဲ...' 


ဤစကားလုံးများက မူလကြည့်ကောင်းသော မက်ခါ၏ ပုံစံကို ပျက်စီးစေပြီး ကြည့်ရသည်ကို အလွန်ထူးဆန်းစေ၏။ 


ဤသို့ ကြော်ငြာသည့်ပုံစံမျိုးက ကြော်ငြာလုပ်ငန်းရှင်များ အလွန်သဘောကျမည့် ပုံစံမျိုးပင်။ ယခင်ကဆိုလျှင် ဤသို့ကြော်ငြာချင်သော သူများရှိသော်လည်း သူတို့ကို မက်ခါပိုင်ရှင်များက ငြင်းပယ်ပစ်ကြသည်။


' ကြည့်ကောင်းပြီးခံ့ညားတဲ့အသွင် နဲ့ ဂုဏ်သိက္ခာကို ပိုက်ဆံပေးဝယ်လို့ ရလိမ့်မယ်လို့ မထင်ကြနဲ့...' 


သို့သော် ဆာ့ဆာ့က ထိုအရာများကို ဂရုစိုက်တတ်ပုံမရပေ။ 


သူက ကိုယ့်ကိုယ်ကိုယ်တောင် သတိထားမိရဲ့လား


ယခင်ကဆိုလျှင် သူမက ကျန်းချန်မက်ခါ၏ ဆွဲဆောင်မှုရှိသောအပြင်ပန်းပုံစံကို မနာလိုဖြစ်ခဲ့ရသည်။ ယခုဆိုလျှင် သူမ၏ မက်ခါကလည်း ကြည့်ကောင်းသွားပြီဖြစ်သည်။ 

' အဲ့ဒါ မကောင်းဘူးလား...' 


ထို့အပြင် ထိုက်ယီဂိုဏ်းကို ကြော်ငြာရန်ဆိုသည်ကလည်း သူမ၏ မူလရည်ရွယ်ချက် ဖြစ်သည်။ ယခုလတ်တလောတွင် တတိယစီနီယာအစ်ကိုကလည်း နယ်နှင်ဒဏ်ပေးခံထားရပြီး တိုက်ရိုက်ထုတ်လွှင့်ကာ ပရိုမိုးရှင်းဆင်းကြော်ငြာပေးခြင်းများ မပြုလုပ်နိုင်တော့သောကြောင့် သူမကသာ ဤတာဝန်ကို ပခုံးလွှဲထမ်းယူလိုက်ရသည်။


' ကိုယ်တိုင်သာ မရှက်မကြောက်သရွေ့ အခြားသူများကလည်း လေးစားပေးလိမ့်မည် ' ဟူသော စကားရှိသည်။


ဆာ့ဆာ့က မရှက်သော်လည်း အခြားသူများက သူမအစား ရှက်နေမိကြသည်။


ဤအခိုက်အတန့်တွင် ကျန်းချန်မှာ ချန်ပီယံဆုရရန်အရေး အခြားကျောင်းကလူများနှင့် အလောင်းအစားလုပ်ခဲ့မိသည်ကိုပင် နောင်တရသွား၏။ 

' ငါ့ပါးစပ်ကိုပဲ ပိတ်ထားခဲ့သင့်တာ မဟုတ်ဘူးလား...'


သို့သော် နောင်တရနေခြင်းက ဘာမှ အသုံးမဝင်ပေ။ ကျောင်းသားသုံးယောက်က ဟိုကြည့်သည်သည့်လုပ်ကာ ဆာ့ဆာ့နှင့် တစ်ဖွဲ့တည်းသားမဟုတ်သည့်အတိုင်း ဟန်ဆောင်ရင်း ပြိုင်ပွဲကျင်းပရာသို့ အတူထွက်သွားကြသည်။


ပွဲခင်းထဲ၌ တော်တော်များများက ဝဖိုင့်ဖိုင့်အခြေခံသုံးမက်ခါအား သုံးနေကြသည်ကို တွေ့လိုက်ရပြီး သူမအလွန်မှင်သက်သွား၏။

" ဟေး.. အားလုံးက ဘာလို့ အခြေခံသုံးမက်ခါတွေ သုံးနေကြတာလဲ...ပိုအင်အားကြီးတဲ့ မက်ခါက ပိုကောင်းတာမဟုတ်ဘူးလား..." 


သူတို့အဖွဲ့ဝင်သုံးယောက်စလုံး သူမ မည်သူလဲဆိုသည်ကို သိထားပြီးသားဖြစ်ကြောင့် ကျန်းချန်ပင်လျှင် သူမ တမင်ပြောသည်ဟု ထင်သွား၏။ 

" ဘာလို့လဲမသိဘူးလား...အဲ့ဒါက မင်းရဲ့အခြေခံသုံးမက်ခါက အရမ်းအားကောင်းနေလို့လေ...အခြေခံသုံးမက်ခါနဲ့ အကန့်အသတ်ထိ ကျော်ပြီးလုပ်နိုင်လိမ့်မယ်ဆိုပြီးတောင် သတင်းတွေထွက်နေတာကို...မဟုတ်ရင် ကျွမ်းကျင်ပြီးသားသူတွေတောင် ဘာလို့ အခြေခံသုံးမက်ခါကို သုံးနေကြမှာလဲ...ပိုက်ဆံမတတ်နိုင်လို့ ဖြစ်မယ်ထင်နေတာလား...အခြေခံသုံးမက်ခါတွေက ပြန်ရေပန်းစားလာလို့ပဲပေါ့..." 


ဆာ့ဆာ့ နားဝေတိမ်တောင်ဖြင့် ပြောလာ၏။

" ဒါပေမဲ့ ငါအရင်က အခြေခံသုံးမက်ခါကို သုံးတယ်ဆိုတာ ငါ့မှာ ပိုက်ဆံမရှိလို့လေ..."



💫💫💫