Volume 1 (သေမျိုးနယ်မြေ ၀၄၉)
Chapter 49 (သေတ္တာထဲကထွက်လာသောလှံရှည်)
"အစ်မဟုန်ယင်း…" စစ်းရှောင်နန်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရပြီး သူမမျက်နှာ ဖြူဖျော့သွားသည်။
ဟုန်ယင်းသည် မျက်မှောင်ကြုတ်ကာ လူ့အရေပြားများစွား၏အောက်ကိုဖြတ်သွားကာ လသာဆောင်အနားသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်သည်။
ဤအိပ်ဆောင်သည် ကျောင်းတစ်ခုလုံးတွင် အစွန်ဆုံးအဆောက်အအုံဖြစ်သည်။ လသာဆောင်၏ တစ်ဖက်ခြမ်းတွင် မဖွံ့ဖြိုးသေးသော နေရာလွတ်မှလွဲ၍ တခြားအဆောက် အအုံမရှိပါ။ လူ့အရေခွံများကို ဒီလောက်ပေါ်လွင်စွာ ချိတ်ဆွဲဝံ့ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
သို့သော် တစ်စုံတစ်ယောက်က လာလည်ရင်ရော။
ဒါကိုတွေးပြီး ဟုန်ယင်း၏မျက်လုံးများကျဉ်းမြောင်းသွားကာ အိပ်ဆောင်ထဲက အမြန်ထွက်လာပြီး နောက်အိပ်ဆောင်၏ တံခါးကို ဖွင့်လိုက်သည်။
ထိုအခန်း၏ လသာဆောင်တွင်လည်း လေထဲမှာ လွင့်နေသော လူ့အရေခွံလေးခု ရှိနေသည်...
နောက်ထပ်တံခါး၊ နောက်ထပ်တံခါး၊ နောက်ထပ်တံခါး။
ဟုန်ယင်းသည် အနီးပတ်ဝန်းကျင်ရှိ အိပ်ဆောင်များစွာကို ရှာဖွေခဲ့သည်။ လသာဆောင်အများစုတွင် လူ့အရေခွံများတွဲလောင်းချထားပြီး တချို့မှာ တစ်ခု၊ နှစ်ခုရှိကာ တချို့မှာ လေးခုရှိသည်။
ဆိုလိုသည်မှာ ဤအထပ်ရှိ ကျောင်းသူအများအပြားသည် မကောင်းဆိုးဝါးများအဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
"အစ်မဟုန်ယင်း အခု ကျွန်မတို့ပြဿနာတတ်ပြီ…" စစ်းရှောင်နန်သည် တံခါးအပြင်ဘက်မှာ ရပ်လိုက်ပြီး သူမကိုယ်သူမ ရေရွတ်လိုက်သည်။
"ဒါက တကယ်ကို ပြဿနာပဲ။" ဟုန်ယင်းသည် သက်ပြင်းချလိုက်ပြီး အကြောင်းအရာပြောင်းကာ "ဒါပေမယ့် ဒါကလည်း ဒီမကောင်းဆိုးဝါးအတွက် တခြားသူတွေကို ကူးစက်ဖို့ ကန့်သတ်ချက်ရှိတယ်ဆိုတာ ပြနေတာပဲ။"
"ဘာလို့လဲ။"
"တကယ်လို့ အကန့်အသတ်မရှိ ကူးစက်လို့ရရင် အနည်းဆုံးနှစ်ညအတွင်း အထပ်တစ်ခုလုံးကို တိတ်တဆိတ် ကူးစက်နိုင်မယ်လို့ ငါခန့်မှန်းထားပေမယ့် ဒီလိုမဟုတ်ခဲ့ဘူး။
သူ တိတ်တဆိတ်လည်ပတ်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာကို ငါတို့မသိပေမယ့် အနည်းဆုံးနှစ်ရက်ထက်ပိုတယ်ဆိုတာတော့ သေချာတယ်၊ သူက ဒီလောက်အချိန်အကြာကြီးနေမှ ဒီအိပ်ဆောင်လေးခန်း၊ ငါးခန်းလောက်ပဲ ကူးစက်နိုင်တာဆိုတော့…"
"သူကူးစက်နိုင်တဲ့လူအရေအတွက်က ကန့်သတ်ချက်ရှိတာလား။"
"ဖြစ်နိုင်တယ်၊ ဒါပေမယ့် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုရှိတယ်၊ အဲဒါက သူ့ရဲ့ကူးစက်နိုင်စွမ်းဟာ စောင့်ဆိုင်းချိန်ရှိတာပဲ၊ ဥပမာ လက်အောက်ခံခန္ဓာကိုယ်က တစ်ရက်မှာ လူတစ်ယောက်ပဲ ကူးစက်နိုင်တာမျိုး…"
စစ်းရှောင်နန်၏ မျက်လုံးများသည် တဖြည်းဖြည်း တောက်ပလာသည်။ "ဟုတ်တယ်၊ သူက တကယ်လို့ အဆုံးမရှိကူးစက်နိုင်စွမ်းရှိတယ်ဆိုရင် ကျောင်းတစ်ခုလုံးကူးစက်ခံရတာ ကြာလှပြီ။"
"ဒါဆို ငါတို့က တော်တော်များများကို ခန့်မှန်းလို့ရပြီ။" ဟုန်ယင်သည် အတွေးလမ်းကြောင်းအတိုင်း ဆက်ပြောသည်။
"ချီးယဲ့ပေးတဲ့အချက်အလက်တွေအရ ကူးစက်ခံရသူတွေအကြားမှာ ကျောင်းတက်ကျောင်းဆင်းလုပ်တဲ့ ကျောင်းသားတွေက ပုံမှန်အားဖြင့် ကျောင်းမှာမနေထိုင်သလို ကျောင်းမှာ အချိန်အများစုက အုပ်စုလိုက်နေကြတယ်။ မကောင်းဆိုးဝါးတွေက သူတို့ကို တိတ်တဆိတ် ကူးစက်ဖို့ ခက်ခဲတယ်။
ဒါ့အပြင် ကူးစက်ခံရသူတွေထဲမှာ မိန်းကလေးအရေအတွက်က ယောက်ျားလေးအရေအတွက်ထက် အများကြီး ပိုများတာကြောင့် မိန်းကလေးတွေက အတော်လေးတိုက်ခိုက်ရတာလွယ်ကူပြီး တစ်ယောက်တည်းထွက်သွားလေ့ရှိသလို…"
ဟုန်ယင်း၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး မှောင်မိုက်ကျဉ်းမြောင်းသော စင်္ကြံကို ကြည့်လိုက်သည်။
"ဒဏ္ဍာရီလာသတ္တဝါရဲ့ ခန္ဓာကိုယ်က ဒီမှာရှိနေလို့ပဲ။"
စစ်းရှောင်နန်က အံ့အားသင့်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ "အစ်မဟုန်ယင်းက ဘာလို့ရုတ်တရက် ဒီလောက်တောင် ဉာဏ်ကောင်းရတာလဲ။"
"ဟင်" ဟုန်ယင်းက မျက်ခုံးပင့်လိုက်ပြီး "နင့်မျက်လုံးထဲမှာ ငါကတုံးနေလို့လား။"
"အမ်၊ ငါအမြဲတမ်း အရမ်းတုံးပါတယ်၊ အရေးကြီးတဲ့အခိုက်အတန့်ရောက်တဲ့အထိ ငါ့ဦးနှောက်ကို အသုံးမချတဲ့သူမျိုးပါ။"
"…"
ဟုန်ယင်းသည် မျက်နှာကျက်ကို ကူကယ်ရာမဲ့ မော့ကြည့်လိုက်ပြီး ခဏကြာတော့ သူမနားကြပ်ကို ချွတ်လိုက်ကာ
"အင်း၊ ငါဝန်ခံပါတယ်၊ ဒါတွေက အခုလေးတင် ချီးယဲ့ ငါ့ကိုပြောခဲ့တာ…"
စစ်းရှောင်နန်: (?`∧′)
"သူက တော်တော်ဉာဏ်ကောင်းတာပဲ။" စစ်းရှောင်နန်က နှုတ်ခမ်းစူလိုက်သည်။
ဟုန်ယင်းက သက်ပြင်းချပြီး "ငါဝန်မခံချင်ပေမယ့် သူကငါ့ထက် နည်းနည်းတော့ ဉာဏ်ကောင်းပုံရတယ်။"
လင်ချီးယဲ့၏ အသံသည် နားကြပ်မှ တိုးတိုးလေး ထွက်ပေါ်လာသည်။
"နည်းနည်းပဲဆိုတာ သေချာရဲ့လား။"
"…ပါးစပ်ပိတ်ထား။"
"အိုး၊ ဟုတ်သား၊ ကျွန်တော် အစ်မတို့ကို သတိပေးမလို့။" လင်ချီးယဲ့၏အသံက လေးနက်လာသည်။ "အခုလေးတင် မိန်းကလေးအုပ်စုက အိပ်ဆောင်အဆောက်အအုံဆီ သွားနေတာတွေ့လိုက်တယ်။"
ဟုန်ယင်းက မျက်မှောင်ကြုတ်ကာ "ကူးစက်ခံရသူတွေလား။"
"အကွာအဝေးက အရမ်းဝေးတော့ ကျွန်တော် သေချာစစ်ဆေးလို့မရလိုက်ဘူး။"
"နားလည်ပြီ။"
ဟုန်ယင်းသည် နားကြပ်ကိုတပ်လိုက်ပြီး စစ်းရှောင်နန်ကိုကြည့်ကာ နှစ်ယောက်သား စင်္ကြံဆီသို့ အမြန်ပြေးသွားကြသည်။
ထိုအချိန်တွင် မိန်းကလေးအများအပြားသည် စင်္ကြံမှတက်လာပြီး ရယ်မောကာ စကားပြောနေကြသည်။
ဟုန်ယင်း၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး စစ်းရှောင်နန်ကို ရပ်တန့်ရန် ဆွဲခေါ်လိုက်သောအခါ သူမ၏မျက်လုံးများသည် သတိထားမှုအပြည့်ဖြင့် သူတို့ကို ကြည့်နေသည်။
မိန်းကလေးများသည် စင်္ကြံမှာ ထူးဆန်းသော မိန်းကလေးနှစ်ယောက် ရပ်နေတာကို တွေ့လိုက်သောအခါ အံ့သြတကြီးဖြင့် သူတို့ကို ကြည့်ပြီးတော့ တိုးတိုးလေး ပြောလိုက်သည်။
"သူတို့ကဘယ်သူတွေလဲ။"
"ငါမသိဘူး၊ တခြားအတန်းကဖြစ်နိုင်တယ်။"
"ဒီအထပ်မှာ ငါတို့က တစ်ခုတည်းသောအတန်းမဟုတ်ဘူးလား။ ငါသူမကိုအရင်ကမမြင်ဖူးဘူး။"
"သူတို့က တစ်စုံတစ်ယောက်ကို လာရှာတာများလား။"
"အင်း၊ ငါမေးကြည့်လိုက်မယ်။"
ဆံပင်ရှည်ရှည် မိန်းကလေးသည် ရှေ့ကိုလှမ်းလာပြီး ယဉ်ကျေးစွာ ပြောလာသည်။ "မင်္ဂလာပါ၊ နင်တို့က ဒီမှာ လူတစ်ယောက်ကို လာရှာတာလား။"
ဟုန်ယင်း၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ "ဟုတ်တယ်၊ အတန်း ၆ က ဝမ်နန်ကို ငါလာရှာတာ၊ ဒါပေမယ့် သူမ ဘယ်အဆောင်မှာနေသလဲ ငါမေ့သွားလို့…"
"ဝမ်နန်လား။" ဆံပင်ရှည်ရှည် မိန်းကလေးက ခေါင်းစောင်းရင်း "အတန်း ၆ မှာ ဒီလိုလူမရှိဘူး၊ နင်မှတ်မိတာမှားတာများလား။"
"ဒါက အထက်တန်းကျောင်း တတိယနှစ်အဆောင်မဟုတ်ဘူးလား။"
"မဟုတ်ဘူး၊ ဒါက အထက်တန်းကျောင်း ဒုတိယနှစ်ပါ၊ ပြီးတော့ အထက်တန်းကျောင်း တတိယနှစ်က ပထမထပ်မှာပါ။"
"ဒီလိုကိုး" ဟုန်ယင်းသည် တောင်းပန်စွာ ခေါင်းကုတ်ရင်း စစ်းရှောင်နန်၏လက်ကိုကိုင်ကာ ဟက်ဟက်ပက်ပက် ပြောလိုက်သည်။ "နင်တို့ကို စိတ်အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။"
"ရပါတယ်။" ဆံပင်ရှည်ရှည် မိန်းကလေးက ယဉ်ကျေးစွာ ပြုံးလိုက်သည်။
ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့သည် ဆံပင်ရှည်ရှည် မိန်းကလေးကို ကျော်ဖြတ်ပြီး စင်္ကြံဆီသို့ တည့်တည့်လျှောက်သွားသည်။ စုဝေးနေသော မိန်းကလေးများသည် သူတို့ချဉ်းကပ်လာသည်ကို မြင်သောအခါ ယဉ်ကျေးစွာ သူတို့အတွက် လမ်းကြောင်းတစ်ခု ချန်ထားခဲ့လေသည်။
"ဒီမိန်းကလေးက တကယ်ကြည့်ကောင်းတာပဲ။"
သူတို့ဖြတ်သွားသောအခါ ဟုန်ယင်းသည် သူမအနီးနားက မိန်းကလေးများ၏ တီးတိုးပြောသံကိုကြားရပြီး သူမ၏မျက်လုံးများက မနာလိုမှုအပြည့်ရှိနေသည်။
"ဟုတ်တယ်၊ မျက်နှာအသွင်အပြင်က အရမ်းကောင်းမွန်ပြီး အသားအရေကလည်း ကောင်းတယ်၊ ငါအရမ်းမနာလိုတာပဲ။"
"အနောက်က အရပ်ပုပုမိန်းကလေးက အရမ်းချောတယ်၊ အရမ်းလည်းချစ်စရာကောင်းတယ်။"
"အရမ်းချစ်စရာကောင်းလို့... ငါ လူတွေကို တစ်ကိုက်တည်းစားပစ်ချင်တယ်။"
ဟုန်ယင်းနှင့် စစ်းရှောင်နန်တို့သည် မိန်းကလေးများ ဖြတ်သွားသည့် အခိုက်အတန့်တွင် မိန်းကလေးများ၏ မျက်လုံးများသည် ဆာလောင်မွတ်သိပ်ခြင်းသို့ ရောက်ကြပြီး သူတို့ခေါင်းများသည် ပန်းအဖူးများကဲ့သို့ ပွင့်လာကာ နီရဲတောက်ပသောအသားနှင့် ထူထပ်သောသွားများကို ပေါ်လွင်စေသည်။
အိပ်ဆောင်အဆောက်အအုံ၏စင်္ကြံသည် ကျဉ်းမြောင်းပြီး နေရာအများစုကို ဤမိန်းကလေးများက နေရာယူထားသောကြောင့် ဟုန်ယင်းနှင့် စစ်းရှောင်နန်အတွက် နေရာအနည်းငယ်သာကျန်တော့သည်...
သူတို့သည် နေရာကျဉ်းသောကြောင့် ရှောင်၍ပင်မရပေ။
သို့သော် ယခုအခိုက်တွင် ဟုန်ယင်း၏နှုတ်ခမ်းထောင့်မှ သေးငယ်သောအကွေ့အကောက်တစ်ခု ထွက်ပေါ်လာပြီး သူမကိုဗဟိုပြု၍ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ဗုန်း…
နှင်းဆီရောင်မီးတောက်များသည် သူမနှင့် စစ်းရှောင်နန်ကို ဗဟိုပြုကာ အရပ်ရပ်သို့ ပျံ့လွင့်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တွန်းလှန်မှုသည် မကောင်းဆိုးဝါးများကို စင်္ကြံတွင်းမှ တိုက်ရိုက်လွင့်ထုတ်လိုက်လေသည်။
ဖတ်… ဖတ်… ဖတ်… ဖတ်…
မီးတောက်များလိမ့်သွားပြီး ပူပြင်းသောအပူချိန်ကြောင့် စင်္ကြံနှစ်ဖက်ရှိ အရေးပေါ်မီးများ ပေါက်ကွဲသွားကာ စင်္ကြံနှင့် စင်္ကြံတစ်ခုလုံး ရုတ်တရက် အမှောင်ကျသွားခဲ့သည်။
မီးတောက်များသာ တစ်ခုတည်းတောက်လောင်နေသည်။
ထို့နောက် သေတ္တာရှည်တစ်လုံးကို သယ်ထားသော မိန်းကလေးတစ်ယောက်သည် လှေကားထစ်များကို ဖြည်းညှင်းစွာ တက်လာသည်။
မီးတောက်များက သူမမျက်နှာပေါ်တွင် ရောင်ပြန်ဟပ်နေသည်။
သူမ လက်ကို ဆန့်တန်းပြီး သူမနောက်ကျောပေါ်က သေတ္တာရှည်ကို ပေါ့ပါးစွာနှိပ်လိုက်ရာ သေတ္တာအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာပြီး လှံရှည်တစ်လက်ကို သေတ္တာဘေးမှ ထုတ်ပစ်လိုက်သည်။
၎င်းက သူမလက်ပေါ်သို့ ခိုင်မြဲစွာ ရောက်လာသည်။
ဟုန်ယင်းသည် သူမ၏လှံကို ညင်သာစွာ ဝှေ့ယမ်းပြီး လှံပန်းပွင့်က ကခုန်လျက် နှင်းဆီရောင်မီးတောက်များကို အလျင်မလိုဘဲ ဖြတ်ကျော်ကာ သူမရှေ့က ကြောက်လန့်နေသော မကောင်းဆိုးဝါးများကို ဂုဏ်ယူစွာကြည့်လိုက်သည်။
"ဟန့်၊ နင်တို့က လူကောင်းတွေမဟုတ်မှန်း ငါသိတယ်။" ဟုန်ယင်းသည် လှံကို သူမပခုံးပေါ်တင်ကာ လက်ကိုဆန့်ရင်း နားကြပ်ကိုဖွင့်လိုက်သည်။
"ငါ ဒါကိုမြင်ပြီးနောက် ငါတုံးတယ်လို့ ဘယ်သူပြောရဲသေးလဲ။"
TK Team (Chapter 49)