Chapter 64
Viewers 1k

Volume 1 (သေမျိုးနယ်မြေ ၀၆၄)


Chapter 64 (ငြိမ်သက်ခြင်း)

ကျွီ…

ခန်းမတံခါးကို ပြန်ဖွင့်လိုက်ပြီး လင်ချီးယဲ့သည် သူ့လက်ထဲတွင် အနက်ရောင်သေတ္တာကို ကိုင်ဆောင်ကာ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

လှေကားဘေးတွင်ထိုင်နေသော ဟုန်ယင်းသည် လင်ချီးယဲ့ ထွက်လာတာကိုမြင်တော့ ပြုံးပြီး လက်ဝှေ့ယမ်းပြသည်။ "ပြီးပြီလား။"

"အင်း"

"အဲဒါကောင်းတယ်။" ဟုန်ယင်းသည် ခေါင်းညိတ်ပြပြီး ခဏတာ တုံ့ဆိုင်းသွားကာ မနေနိုင်ဘဲ မေးလိုက်သည်။ "တစ်နည်းပြောရရင်… နင်ငါ့ကို ဘာလို့မလှုပ်ရှားခိုင်းတာလဲ။"
 
"သူက ကျွန်တော့်အတန်းဖော်ပြီး သူ့အတွက် ရှင်းပြချက်လို့ ယူဆလို့ရအောင် သူ့ကို ကျွန်တော့်လက်နဲ့သတ်လိုက်တာ။" လင်ချီးယဲ့က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဟုန်ယင်းသည် မှင်တက်သွား၏။ "သူ့ကို နင့်လက်နဲ့သတ်တာက… ရှင်းပြချက်တစ်ခုလား။ ဒါက ဘယ်လိုသီအိုရီလဲ။"

စစ်းရှောင်နန်သည် သူ့ကိုကြည့်ပြီး တိုးတိုးပြောလိုက်သည်။ "ပုံမှန်မဟုတ်တဲ့လူ…"

လင်ချီးယဲ့က သေချာပေါက် အဓိပ္ပါယ်မရှိတာတွေပြောနေတာဖြစ်ပြီး ဟုန်ယင်းသာ လှုပ်ရှားလိုက်ပါက မြွေမိစ္ဆာကို တစ်ချက်တည်းနှင့် သတ်ပစ်နိုင်လောက်မှာဖြစ်သောကြောင့် သူဓားကလိုက်မမှီနိုင်တော့ဘဲ လီယိဖေးက နတ်ဘုရားများဆေးရုံတွင် ပြန်လည်မမွေးဖွားလာမှာကို သူစိုးရိမ်သောကြောင့်ဖြစ်သည်။

"ဒါပေမယ့် ဒီတစ်ခေါက် နင့်ကိုကျေးဇူးတင်ရမယ်၊ မဟုတ်ရင် ဒီအရာကြောင့် ငါလှည့်စားခံရလိမ့်မယ်။ ဒီတစ်ခါ ငါပြန်သွားပြီး နင့်ကို ပထမတန်းစားခရက်ဒစ်ပေးမယ်။" ဟုန်ယင်းသည် လက်မထောင်ပြပြီး ပြုံးပြသည်။

"အထဲက ကျောင်းသားတွေရော။" လင်ချီးယဲ့က သူ့နောက် ခန်းမကို ညွှန်ပြသည်။
 
"သူတို့ကို အရင်တုံး အထဲမှာနေခိုင်းထားလိုက်ပါ၊ ခဏနေ လူတစ်ယောက်က [အိမ်မက်တီးတိုးသံ] အသုံးပြုပြီး မြွေမိစ္ဆာနဲ့ နင့်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး မှတ်ဉာဏ်တွေအားလုံးကို ရည်ရွယ်ချက်ရှိရှိဖျက်ပစ်ပြီး သူတို့အတွက် အိမ်မက်တစ်ခု ဖန်တီးပေးလိမ့်မယ်။"

"သေသွားတဲ့ကျောင်းသားတွေကို ဘယ်လိုရှင်းပြမလဲ။" လင်ချီးယဲ့က မနေနိုင်ဘဲ မေးလိုက်သည်။ "ပြီးတော့ အစ်မက အဆောက်အအုံကို ဖောက်ခွဲပစ်လိုက်တယ်လေ။"

"အဲဒါက ငါတို့စိုးရိမ်စရာမလိုဘူး။ ဓာတ်ခွဲခန်းပေါက်ကွဲမှုတွေ၊ အကြီးစားမီးလောင်မှုတွေ၊ စာသင်ကျောင်းတွေကို အကြမ်းဖက်သမားတွေက ဖောက်ခွဲဖျက်ဆီးခြင်း၊ ဂြိဟ်သားတွေကျူးကျော်ဝင်ရောက်မှုတွေလိုမျိုး အရာအားလုံးကို ကျိုးကြောင်းဆီလျော်စွာ ကိုင်တွယ်ဖြေရှင်းဖို့ အထူးဌာနတစ်ခုလာလိမ့်မယ်…"

"...နောက်ဆုံးတစ်ခုက ကျိုးကြောင်းဆီလျော်တာ သေချာရဲ့လား"

"ဒဏ္ဍာရီလာဖြစ်ရပ်ထက်တော့ ပိုကျိုးကြောင်းဆီလျော်ပါတယ်"

"ဟုတ်သားပဲ"

ဟုန်ယင်းသည် နှုတ်ခမ်းကိုက်ပြီး ခေါင်းကိုအနည်းငယ်ငုံထားပြီး "ဒီမှာ… ကျောင်းသားတွေအများကြီး စတေးခံခဲ့ရပြီး ဒါက ငါ့အပြစ်ပဲ…"

"အစ်မဟုန်ယင်းကို ဒီအတွက် ဘယ်လိုအပြစ်တင်ရမှာလဲ။ ကျောင်းသားအများစုက မြွေမျိုးစေ့တွေ အထည့်ခံထားရပြီး သေဆုံးခဲ့ကြတာပါ… အစ်မကြောင့်သာမဟုတ်ရင် အသေအပျောက်က ပိုများလာလိမ့်မယ်" စစ်းရှောင်နန်သည် ဘေးမှ နှစ်သိမ့်လိုက်သည်။ သူမက လင်ချီးယဲ့ကို တဖန်ကြည့်ပြီး တိုးတိုးလေးပြောသည်။

"ပြီးတော့ နင်၊ ငါတကယ်ဝန်မခံချင်ပေမယ့် နင်က အရမ်းအံ့ဩစရာကောင်းတာပဲ…"

လင်ချီးယဲ့: "…"

"စကားမစပ် ဒီတစ်ခေါက် အရမ်းဉာဏ်ကောင်းတဲ့သူတစ်ယောက်နဲ့တွေ့ခဲ့တယ်၊ သူက ဒဏ္ဍာရီလာသတ္တဝါတွေကို အရမ်းစိတ်ဝင်စားပုံရတယ်၊ သူ့ကို ညကင်းစောင့်လူသားအဖြစ် ခေါ်လို့ရမလား" လင်ချီးယဲ့သည် တစ်ခုခုကို သတိရသွားပုံရပြီး ဟုန်ယင်းဘက်လှည့်ကာ ပြောလိုက်သည်။

ဒါက အခုလေးတင် ခန်းမထဲမှာ အန်းချင်းယွီက သူ့ကိုတောင်းဆိုခဲ့တာဖြစ်သည်။

ဟုန်ယင်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီး စဉ်းစားဆင်ခြင်ကာ ပြောလာသည်။ "ချီးယဲ့၊ ညကင်းစောင့်လူသားက… ဉာဏ်ကောင်းရုံနဲ့ ပါဝင်လို့မရဘူး၊ ဒီအလုပ်က အရမ်းအန္တရာယ်များတယ်… ငါဆိုလိုတာကို နားလည်လား"

လင်ချီးယဲ့သည် အနည်းငယ် ခေါင်းညိတ်ပြပြီး နောက်ထပ်မဆွဲဆောင်တော့ပေ။

အန်းချင်းယွီတောင်းဆိုမှုကို ကူညီရန်မှာ သူလုပ်နိုင်သည့် ကန့်သတ်ချက်ဖြစ်သည်။ ထို့အပြင် သူသည် ညကင်းစောင့်လူသားကို တရားမဝင် ဝင်ရောက်ထားသော ယာယီအဖွဲ့ဝင်တစ်ဦးမျှသာဖြစ်သည်။ သူငြင်းပယ်ခံရသည့်အတွက် ဆက်ပြီးချဉ်းကပ်တာကမကောင်းပေ။
 
"သွားကြရအောင်၊ အဖွဲ့ပိတ်သိမ်းချိန်ရောက်ပြီ" ဟုန်ယင်းသည် လှေကားမှထကာ သူမနောက်ကျောကလှံကို အနက်ရောင်သေတ္တာထဲထည့်ပြီး တံခါးဆီသို့ လျှောက်သွားသည်။

လင်ချီးယဲ့သည် ခန်းမကို လှည့်ကြည့်လိုက်ပြီး နောက်မှ လိုက်သွားသည်။

ခန်းမထဲတွင်

တံခါးနောက်တွင် ရပ်နေသော အန်းချင်းယွီက ခပ်ရေးရေးကြည့်နေသည်။

ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများသည် မဝေးလှသော နန်ထော်မြွေမိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

အချိန်အတော်ကြာအောင် မျက်မှောင်ကြုတ်ပြီး တွေးကြည့်ပြီးနောက် သူ့စိတ်ထဲဆုံးဖြတ်ချက်ချလိုက်ပုံရသည်။

သူ့မျက်လုံးများက တောက်ပနေပြန်သည်။ 


ကျောင်းတံခါးအပြင်ဘက်တွင်

အနက်ရောင် ဗင်ကားဘေးမှာ လူနှစ်ယောက်သည် တံခါးကိုမှီပြီး တိတ်ဆိတ်နေသော ကျောင်းဝင်းကို တိတ်တဆိတ် ကြည့်နေကြသည်။

သူတို့ထဲကတစ်ယောက်၏နားကြပ်သည် အသံမြည်လာကာ ချန်မုရယ်၏မျက်ခုံးများက အနည်းငယ် မြင့်တင်သွားသည်။

"ပြီးသွားပြီ၊ သူတို့ထွက်လာတော့မယ်။"

သူ့ဘေးက ဝူရှန်းနန်သည် မျက်နှာမည်းမှောင်သွား၏။ "သူမက ဘာလို့ ခင်ဗျားကိုပဲပြောပြီး ကျွန်တော့်ကိုမပြောရတာလဲ"

"ငါက ခေါင်းဆောင်လေ"

"ကျွန်တော်က လက်ထောက်ခေါင်းဆောင်လေ"

"မင်းကို ဟုန်ယင်းနဲ့ အမြဲရန်ဖြစ်ဖို့ ဘယ်သူပြောလဲ"

"ကျွန်တော်က စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာရုံပါ"

"မင်းက အရမ်းတင်းကြပ်လွန်းတယ်" ချန်မုရယ်သည် ခေါင်းယမ်းလိုက်ပြီး သူ့နှုတ်ခမ်းထောင့်က အနည်းငယ်မြင့်တက်လာသည်။ "ဒါဆို ဟုန်ယင်းက ငါနဲ့ပိုနီးကပ်တာပေါ့"

"…ကလေးကို အဖေနဲ့အမေနဲ့ ဘယ်သူ့ကိုပိုချစ်သလဲ မေးနေတာမှမဟုတ်တာ။ ခင်‌ဗျားအသံက ဘာလို့ထူးဆန်းနေတာလဲ" ဝူရှန်းနန်က မျက်ဆန်လှန်လိုက်သည်။

"အဓိပ္ပါယ်ကတော့ အတူတူပါပဲ"

နှစ်ယောက်သား ခေတ္တတိတ်ဆိတ်သွားပြီးနောက် ချန်မုရယ်က ထပ်ပြောပြန်သည်။

"ဒီတစ်ခေါက် လင်ချီးယဲ့ရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းတယ်လို့ ငါကြားတယ်"

"အင်း"

"မင်းပြောကြည့်စမ်း… သူက ပထမဆုံးအကြိမ် တာဝန်ပြီးမြောက်သွားတာဆိုတော့ ငါတို့ဂုဏ်ပြုသင့်တယ်မလား"

"ဥပမာအနေနဲ့"

"ဂုဏ်ပြုစာတန်း ဒါမှမဟုတ် တစ်ခုခုချိတ်ဆွဲပြီး ပြန်သွားပြီးတော့ သူ့ကို ကိတ်မုန့်လုပ်ပေးမယ်လေ"

"…" ဝူရှန်းနန်က သက်ပြင်းချလိုက်သည်။

"ဘာဖြစ်လို့လဲ"

"ခင်ဗျားက ကျောင်းမှပထမဆုရတဲ့ကလေးကို သွားကြိုမယ့် မိဘတစ်ယောက်လို ခံစားရပြီး ခင်ဗျားမျက်နှာမှာ 'ဂုဏ်ယူမှု' ဆိုတဲ့စကားလုံးကို ရေးချင်နေတာပဲ…"

"တကယ်လား။ ငါတော့ တော်တော်လေးနေလို့ကောင်းတယ်"

ယခုအချိန်တွင် ယာဉ်မောင်းထိုင်ခုံတွင်ထိုင်နေသော ဝမ်းချီမော့သည် မနေနိုင်ဘဲ ကားပြတင်းပေါက်ချလိုက်ပြီး ညည်းညူလေသည်။ "ခင်ဗျားတို့နှစ်ယောက် တော်လောက်ပြီလို့ ကျွန်တော်ပြောနေတယ်၊ တာဝန်ပြီးမြောက်သွားပြီး သူတို့ကိုခေါ်လိုက်ပေါ့၊ ဘာလို့ ဒီလောက်အရှုပ်အထွေးတွေလုပ်နေရတာလဲ…"

"လန်ရွှမ်းက ဘယ်မှာလဲ"

"ကျွန်တော်မသိဘူး၊ သူပျောက်နေတယ်"

"ကောင်းပြီ…"

သူတို့နှစ်ယောက် ရန်ဖြစ်နေကြစဉ်တွင် လူသုံးယောက်သည် ကျောင်းတံခါးမှ ဖြည်းညှင်းစွာ ထွက်လာခဲ့ပြီး ဟုန်ယင်းသည် အဝေးရှိကားဘေးမှ လူနှစ်ယောက်ကို မြင်လိုက်ကာ သူမသည် အပြုံးဖြင့် ခုန်ပြီး လက်ပြလေသည်။

စစ်းရှောင်နန်သည် ခဏလောက်တွေးလိုက်ပြီး လင်ချီးယဲ့၏ခန္ဓာကိုယ်မှ သွေးများကို တိတ်တဆိတ်ဖယ်လိုက်ပြီး ကြောင်တစ်ကောင်လို မျက်နှာပေါ်ပွတ်သပ်ကာ ခေါင်းကိုမြင့်မြင့်မော့ထားရင်း သူမမျက်နှာက 'ငါမပေါ့ဆဘူး' လို့ပြောနေပုံရသည်။

လင်ချီးယဲ့သည် အနက်ရောင်သေတ္တာကို သူ့နောက်ကျောမှာ သယ်ထားပြီး သူ့ကျောင်းဝတ်စုံက သွေးများရွှဲနေပြီး မူလအသွင်အပြင်ကို မမြင်ရချေ။ သူ့မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားပြီး သူ့နှုတ်ခမ်းပေါ်ကအပြုံးဖြင့် အရှေ့ကိုကြည့်လိုက်သည်။

"မင်းဒဏ်ရာရလား" ချန်မုရယ်သည် လင်ချီးယဲ့ သူ့ဆီလျှောက်လာတာကိုစောင့်ပြီး မေးလိုက်သည်။

"မရဘူး" လင်ချီးယဲ့က ခေါင်းယမ်းလိုက်သည်။

"ဘယ်လိုခံစားရလဲ"

"အဲဒါက…" လင်ချီးယဲ့သည် ခဏလောက်စဉ်းစားပြီး "ကျွန်တော်ထင်ထားတာထက် ပိုရိုးရှင်းတယ်"

ချန်မုရယ်သည် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ၊ ကားပေါ်တက်တော့၊ ပြန်ဖို့အချိန်ရောက်ပြီ"

"ခေါင်းဆောင်။ ဘာလို့ကျွန်မကိုကျမမေးတာလဲ" ဟုန်ယင်းသည် နှုတ်ခမ်းစူပြီး ခါးထောက်ကာ မေးလေသည်။

"မင်းကလား။" ဝူရှန်းနန်သည် သူမကိုကြည့်ကာ "မင်း ကျောင်းကိုမဖြိုပစ်ရင် ကောင်းနေပြီကို၊ မင်းကို ဘာလို့မေးရမှာလဲ"

ဟုန်ယင်းသည် ဝူရှန်းနန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အံကြိတ်ကာ "ငါနင့်ကိုမေးလို့လား။ နင်က ခေါင်းဆောင်မှမဟုတ်တာ"

"ငါက ခေါင်းဆောင်မဟုတ်ပေမယ့် လက်ထောက်ခေါင်းဆောင်ပဲ"

"လက်ထောက်ခေါင်းဆောင်ကို ထည့်မတွက်ဘူး"

"ထည့်တွက်တယ်"

"ထည့်မတွက်ဘူး"

"…"


ကလစ်

ကြည်လင်ပြတ်သားသော အသံထွက်ပေါ်လာပြီး ဓာတ်ပုံတစ်ပုံသည် မှန်ပြောင်း၏အောက်ခြေမှ ထွက်လာကာ လက်တစ်ဖက်ဖြင့် ဂရုတစိုက် ကောက်ယူလိုက်သည်။

မဝေးလှသော အထပ်မြင့်တိုက်တစ်ခုပေါ်တွင် လန်ရွှမ်းသည် ခေါင်မိုးအစွန်းတွင်ထိုင်ကာ ဓာတ်ပုံကို လက်ထဲတွင် ညင်သာစွာ လှုပ်ယမ်းလိုက်ရာ အပေါ်ရှိပုံက ပိုမိုကြည်လင်ပြတ်သားလာသည်။

သူ့ဆံသားများကို လေပြေညှင်းများတိုက်ခတ်လကာ သူ့လက်ထဲက ဓာတ်ပုံကို ငုံ့ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်မှာ ခပ်ရေးရေးအပြုံးပေါ်လာသည်။

"ဒီရိုက်ချက်က… သိပ်မဆိုးဘူး"

သူသည် ဓာတ်ပုံများကို ရတနာများလို သေတ္တာထဲမှာ ထည့်ထားပြီး သူ့အနားမှာ သိမ်းထားပြီးနောက် ခေါင်မိုးပေါ်ကနေ အေးအေးဆေးဆေးထရပ်လိုက်သည်။

စနိုက်ပါရိုင်ဖယ်ကို သူ့ပခုံးပေါ်တင်ကာ ညထဲကို လျှောက်သွားသည်။

TK Team (Chapter 64)