Volume 1 (သေမျိုးနယ်မြေ ၀၇၀)
Chapter 70 (အချစ်က ရွှေထက် မာတယ်)
ခဏအကြာ တံခါးအနောက်ကနေ နည်းပြတစ်ယောက်ထွက်လာပြီး သူ့ကို အံ့သြစွာကြည့်နေသည်။
"တပ်သားသစ်လား"
"ဟုတ်ပါတယ်"
"မင်းနာမည်ဘယ်လိုခေါ်လဲ"
"လင်ချီးယဲ့"
နည်းပြသည် ထိတ်လန့်သွားပြီး ရှားပါရတနာကို ကြည့်နေသကဲ့သို့ လင်ချီးယဲ့ကို အလေးအနက်ကြည့်နေသည်။
"မင်းက… လင်ချီးယဲ့လား"
လင်ချီးယဲ့က သူ့ကြောင့် နည်းနည်းလန့်သွားသည်။ "ကျွန်တော်က ဘာပြဿနာများရှိလို့လဲ"
"မရှိပါဘူး" နည်းပြသည် ခေါင်းခါပြီး လေ့ကျင့်ရေးစခန်းတံခါးကို ဖွင့်လိုက်သည်။ "မင်းက ဒီနှစ်မှာ ဒီနေရာကို ပထမဆုံးရောက်လာသူပဲ။ ဝင်လာပါ။
စကားမစပ် ငါ့နာမည်က ဟုန်ဟောက်ပါ။ ပြီးတော့ ငါက မင်းရဲ့နည်းပြပဲ"
"မင်္ဂလာပါ နည်းပြဟုန်" လင်ချီးယဲ့သည် လေ့ကျင့်ရေးစခန်းထဲဝင်လာရင်း ယဉ်ကျေးစွာပြောလိုက်သည်။
နည်းပြဟုန်က ခေါင်းညိတ်ပြသည်။ "ကောင်လေး၊ မင်းက စောစောရောက်လာသလို အချိန်မီရောက်လာတယ်။ ဒီတစ်ခေါက် ငါမင်းကို လေ့ကျင့်ရေးစခန်းနဲ့ရင်းနှီးအောင် ကိုယ်တိုင်ကိုယ်ကျခေါ်သွားပေးမယ်"
နည်းပြဟုန်သည် လင်ချီးယဲ့ကို လေ့ကျင့်ရေးစခန်းအလွတ်ဆီ ဦးဆောင်ခေါ်သွားခဲ့သည်။
လေ့ကျင့်ရေးစခန်းအတွင်းပိုင်းသည် လင်ချီးယဲ့ မျှော်မှန်းထားသည်ထက် များစွာကြီးမားသည်။ အဆောက်အအုံများသည် ယာယီတဲများ သို့မဟုတ် ပျဉ်းပြားအိမ်များမဟုတ်ဘဲ ၎င်းတို့အားလုံးကို အမည်မသိပစ္စည်းများဖြင့် အဆောက်အအုံအဖြစ် ခိုင်ခံ့အောင်ပြုလုပ်ထားသည်။ အဆောက်အအုံများနှင့် မြေပြင် ချိတ်ဆက်မှုသည် အလွန်အမင်းချောမွတ်နေပြီး မြေပြင်မှပေါက်နေသကဲ့သို့ ဆောက်လုပ်ထားသည်။
မြေပြင်ကို မျဉ်းကြောင်းခွဲထားပုံကလည်း အလွန်သပ်ရပ်ကာ၊ လူတွေသွားရမည့်နေရာနှင့် ကားသွားမည့်နေရာကို ပြသထားသည်။ ကန်တင်းဘယ်မှာလဲ၊ အိပ်ဆောင်ဘယ်မှာလဲဆိုတာပြသည့် နယ်နိမိတ်သတ်မှတ်သည့်မှတ်တိုင်ပင် ရေးဆွဲထားသည်။ မျဉ်းကြောင်းအမျိုးမျိုး၏ အထူနှင့်အရောင်အသွေးတို့က ကြည့်ရတာ အလွန်သက်တောင့်သက်သာရှိလှပြီး အစွဲအလမ်းလွန်ကဲသောသူများအတွက် ကောင်းချီးဖြစ်သည်။
ဤနေရာက မြေရိုင်းတစ်ခုမျှသာဖြစ်သည်ကို လင်ချီးယဲ့မသိခဲ့ပါက ဒီအရာကို ပြီးမြောက်ရန် နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရသော အခြေစိုက်စခန်းအသစ်တစ်ခုဟု သူထင်မိလိမ့်မည်။
လမ်းမကြီးပေါ်တွင် သွားလာနေသော စစ်တပ်ယာဉ်များရှိပြီး ၎င်းတို့အပေါ်တွင် ရိက္ခာများ၊ ပစ္စည်းများ၊ အစားအစာ၊ ရေ၊ လက်နက်များနှင့် အိပ်ရာခင်းတို့သေတ္တာမျ ပါရှိသည်… လင်ချီးယဲ့သည် ဖောက်ခွဲရေးပစ္စည်းများပြည့်နေသော ကားတစ်စီးကိုတောင် တွေ့လိုက်ရသည်။
လင်ချီးယဲ့၏နှုတ်ခမ်းထောင့်က အနည်းငယ်လှုပ်ယမ်းသွားကာ ဒီစခန်း၏လုံခြုံရေးအတွက် ရုတ်တရက် စိုးရိမ်မှုတချို့ ရှိနေသည်...
ပြောရလျှင် လင်ချီးယဲ့သည် ယခုအချိန်အထိ သင့်လျော်သောအဖွဲ့လိုက်လေ့ကျင့်ရေးမျိုး ဘယ်သောအခါမှ မရရှိခဲ့ပေ။ ထို့အပြင် သူသည် မူလတန်းအရွယ်ကတည်းက မျက်မမြင်ဖြစ်ခဲ့သည်။ အထက်တန်းကျောင်းတွင် စစ်တပ်လေ့ကျင့်ရေးမှာ သူ ဘယ်သောအခါမှ မပါဝင်ခဲ့ရသလို ကာယပညာအတန်းကိုပင် မပါဝင်ခဲ့ပေ။ သူသည် နေ့စဉ် လေ့ကျင့်ခန်းကို အာရုံမစိုက်ပါက ယခုအချိန်မှာ သူအလွန်အားနည်းနေလိမ့်မည်။
"ဟိုဘက်က လေ့ကျင့်ရေးကွင်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ရေးအများစုကို လုပ်တဲ့နေရာပဲ" နည်းပြဟုန်သည် လေဆိပ်နှင်တူသော မနီးမဝေးရှိ ဟင်းလင်းပြင်နေရာကို လက်ညှိုးထိုးပြသည်။ "ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုက ငါတို့လေ့ကျင့်ရေးရဲ့ အာရုံစူးစိုက်မှုဖြစ်တယ်။ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာက သာမန်ပဲဖြစ်တာကြောင့် အချိန်ကျလာတဲ့အခါ နာကျင်မှုကိုမင်းခံစားရလောက်တယ်"
"အဲဒါက နောက်နှစ်အထိ မင်းချစ်ပြီးမုန်းမယ့်နေရာ ကန်တင်းပဲ"
"အဲဒါက သီအိုရီအသိပညာကို သင်ကြာပေးမယ့် စာသင်ခန်းပဲ"
"ဒီနေရာက စွန့်ပစ်ထားတဲ့ အဆောက်အအုံတွေမှာ ရွေ့လျားသင်ကြားရေးကွင်းတွေရှိပြီး လမ်းဘေးတိုက်ခိုက်ရေး၊ ကြိုးတန်း၊ ဇစ်လိုင်းတို့ကို သင်ကြားဖို့ အသုံးပြုတယ်"
"ဒါက သေနတ်ပစ်ကွင်းပဲ…"
"…"
လင်ချီးယဲ့သည် သူ့ရှေ့တွင် အဆုံးမရှိ လေ့ကျင့်ရေးကွင်းကို လှမ်းကြည့်ပြီး သူတို့၏အခန်းကဏ္ဍများကို တိတ်တဆိတ် ရေးမှတ်ထားရာ သူ့စိတ်ထဲတွင် အနည်းငယ် စူးစမ်းချင်စိတ်နှင့် မျှော်လင့်ချက်တချို့လည်း ရှိနေသည်...
"ဒါကဘာလဲ။ ကန်တင်းလား" လင်ချီးယဲ့က သိချင်စွာ မဝေးလှသောဆိုင်ကို ညွှန်ပြသည်။
နေ့စဉ်သုံးပစ္စည်းများ အပြည့်ဖြင့် စင်များပါရှိသော သာမာန်ကျောင်းကုန်စုံဆိုင်နှင့်တူသော အဆောက်အအုံငယ်တစ်ခုဖြစ်သည်။ ထိုအခိုက်အတန့်တွင် နည်းပြများသည် တံခါးဝတွင် ရပ်ကာ နံရံပေါ်ရှိ ဆေးလိပ်ကို လက်ညှိုးထိုးပြပြီး တစ်ခုခုပြောနေကြသည်။
"အဲဒါက ထောက်ပံ့ရေးရုံပဲ" နည်းပြဟုန်က တစ်ချက်ကြည့်လိုက်သည်။
"လေ့ကျင့်ရေးစခန်းက လုံးဝအလုံပိတ်ပဲ။ မင်း ဒီမှာ ပိုက်ဆံမလိုဘူး။ မင်းရဲ့နေ့စဉ်သုံးပစ္စည်းတွေ ပျက်စီးသွားသရွေ့ ဒီမှာအသစ်ပြန်ရနိုင်တယ်။ အဲဒီမှာ မုန့်၊ ရေ၊ ဆေးလိပ်၊ စသဖြင့် ရှိတယ်။ လူတိုင်းမှာ လစဉ် သတ်မှတ်ထားတဲ့ ခွဲတမ်းရှိပြီး လုံလောက်မှာပါ"
လူနှစ်ယောက် ဖြတ်သွားသောအခါတွင် ထောက်ပံ့ရေးရုံရှိ နည်းပြများသည် တစ်ခုခုကို တွေ့လိုက်ပုံရပြီး သူတို့အားလုံးသည် တစ်ချိန်တည်းတွင် လင်ချီးယဲ့ကို ခေါင်းလှည့်ကြည့်ကြကာ ညွှန်ပြပြီး တစ်ခုခုပြောနေကြသည်။
လင်ချီးယဲ့က မျက်မှောင်ကြုတ်ပြီး "ဘာလို့ အားလုံးက ကျွန်တော့်ကို ကြည့်နေကြတာလဲ"
"ကောင်းကင်တမန်တော်ရဲ့ကိုယ်စားလှယ်က ရှားပြီး မင်းအကြောင်း စူးစမ်းချင်ကြတာက သူတို့အတွက် ပုံမှန်ပါပဲ" နည်းပြဟုန်က ပြန်ဖြေသည်။
"ကျွန်တော့်ရှေ့က လေ့ကျင့်ရေးစခန်းမှာ ကိုယ်စားလှယ်တွေမရှိဘူးလား"
"ရှိတာပေါ့" နည်းပြဟုန်က ခေါင်းညိတ်သည်။ "လေ့ကျင့်ရေးစခန်းကနေ နောက်ဆုံးထွက်သွားတဲ့ ကိုယ်စားလှယ်က [မျက်နှာဖုံး] တပ်ဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်နေပြီ"
"[မျက်နှာဖုံး] လား" လင်ချီးယဲ့သည် ထိတ်လန့်သွားကာ သူမှတ်မိတာမှန်ကန်လျှင် ဒီအထူးတပ်ဖွဲ့၏လုပ်ဆောင်မှုများအကြောင်း ဝမ်းချီမော့ သူ့ကို ပြောပြဖူးသည်။ "သူက ဘယ်နတ်ဘုရားရဲ့ကိုယ်စားလှယ်လဲ"
"ဒါကို… မင်း နှစ်ရက်အတွင်း သိလာလိမ့်မယ်" နည်းပြဟုန်က အနည်းငယ်ပြုံးလိုက်ပေမယ့် ပြန်မဖြေချေ။
နည်းပြဟုန်သည် လင်ချီးယဲ့ကို ထူထပ်သောအဆောက်အအုံသို့ ခေါ်ဆောင်သွားသည်။ "ဒါက အိပ်ဆောင်နေရာပဲ။ အားလုံးက နှစ်ယောက်ခန်းဖြစ်ပြီး မင်းက ဒီနေရာကို ပထမဆုံးရောက်လာတာဆိုတော့ မင်းကြိုက်တာရွေးလို့ရတယ်"
လင်ချီးယဲ့သည် ခေါင်းညိတ်ပြကာ အိပ်ဆောင်အဆောက်အအုံကို လှည့်ပတ်ကြည့်ပြီး အလင်းရောင်အကောင်းဆုံးနှင့် သက်သောင့်သက်သာအဖြစ်ဆုံး တောင်ဘက်ကိုမျက်နှာမူထားသော မြောက်ဘက်ကတစ်ခန်းကို ရွေးလိုက်သည်။
"မင်းက အမြင်ကောင်းသားပဲ။ ငါမင်းအတွက် စာရင်းသွင်းပေးမယ်" နည်းပြဟုန်သည် လင်ချီးယဲ့၏အခန်းနံပါတ်ကို ချရေးလိုက်သည်။ "လေ့ကျင့်ရေးစခန်းက သုံးရက်အတွင်း တရားဝင်စတော့မယ်။ ဒါကြောင့် မင်း ဒီမှာ နောက်နှစ်ရက်လောက် အနားယူနိုင်တယ်။
ဒါ့အပြင်… နောက်နှစ်အထိ မင်းနားရမှာမဟုတ်ဘူး။"
နည်းပြဟုန်သည် ရိုးရှင်းသောရှင်းပြချက်ပေးပြီးနောက် လှည့်ထွက်ကာ လင်ချီးယဲ့ကို အိပ်ဆောင်တွင် တစ်ယောက်တည်းထားခဲ့သည်။
အဆောက်အအုံပတ်ဝန်းကျင်က လင်ချီးယဲ့ စိတ်ကူးထားတာထက် ပိုသန့်ရှင်းပေမယ့် ပစ္စည်းပစ္စယများက အလွန်ရိုးရှင်းပါသည်။ မာကျောသည့်ကုတင်တိုတိုက ထိုင်ရတာကအဆင်မပြေသလို လေအေးပေးစက်မဆိုထားနှင့် အခန်းထဲတွင် ပန်ကာတောင်မရှိပေ။
ကံကောင်းထောက်မစွာ လင်ချီးယဲ့လည်း ခက်ခဲကြမ်းတမ်းသောဘဝကို ကျင့်သားရနေပြီး ဤပတ်ဝန်းကျင်က သူ့အတွက် ဘာမှမဟုတ်ပေ။ သူ၏ခရီးဆောင်အိတ်များကို ကျွမ်းကျင်စွာ ဖယ်ထားကာ အိပ်ရာခင်းများနှင့် စောင်များကို ခင်းပြီး ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
ထို့အပြင် ဤနေရာမှာ အချက်ပြခြင်း သို့မဟုတ် မိုဘိုင်းလ်ဖုန်းမရှိသဖြင့် အချိန်ကုန်စေရန် တစ်စုံတစ်ရာကို ရှာဖွေဖို့ မဖြစ်နိုင်ပေ။ သူဒီမှာ တစ်ယောက်တည်း သုံးရက်လောက်နေမယ်ဆိုလျှင် တကယ်ကို ပျင်းနေလိမ့်မည်။
ကံအားလျော်စွာ လင်ချီးယဲ့သည် သူ့ခေါင်းထဲတွင် စိတ်ကျန်းမာရေးဆေးရုံရှိနေဆဲဖြစ်သည်။ သူ ပျင်းလာသောအခါ နက်စ်နှင့် ဆက်ဆံရေးပျိုးထောင်ရန် လက်ဖက်ရည်သောက်လိုက်၊ ဒါမှမဟုတ် လီယိဖေးနှင့်အတူ စစ်တုရင်ကစားဖို့ လှုပ်ရှားရေးအခန်းကို ပြေးသွားလိုက်၊ စကားစမြည်ပြောလိုက်ဖြင့် လုံးဝပျင်းတယ်လို့မခံစားရပေ။
နောက်တစ်နေ့မနက်အစောပိုင်းတွင် လင်ချီးယဲ့သည် ထောက်ပံ့ရေးရုံသို့ ထောက်ပံ့ရေးပစ္စည်းများတောင်းရန် သွားခဲ့သည်။ ထို့အပြင် ကန်တင်းကမဖွင့်သေးဘဲ မနက်စာစားရန် သူနေရာရှာဖို့ မဖြစ်နိုင်သေးပေ။
သူ အိပ်ဆောင်ကို ပြန်ရောက်သောအခါ သူ့အိပ်ဆောင်တံခါးဝတွင် လူအများအပြား ရပ်နေတာကို တွေ့လိုက်ရသည်။
"သခင်လေး၊ ကျွန်တော် သခင်လေးကို နေရာတွေအများကြီးပြပြီးပြီ ဒါပေမယ့် ဒီနေရာက အကောင်းဆုံးပတ်ဝန်းကျင်ရှိတယ်၊ ဆောင်းရာသီမှာ နွေးနွေးထွေးထွေးနဲ့ နွေရာသီမှာ အေးမြပြီး နေရောင်ခြည်အတောက်ပဆုံးပဲ" လူတစ်ယောက်သည် မြှောက်ပင့်သောအပြုံးဖြင့် ဖက်တီးကောင်လေးရှေ့မှာ ရပ်နေပြီး တတွတ်တွတ်စကားပြောနေသည်။
"အင်း၊ ရိုးရိုးသားသားပြောရရင် ချန်းနန်က ကျွန်တော်တို့ကွမ်ရှန်းလောက် တကယ်မကောင်းဘူး။ စီးပွားရေးက မကောင်းသလို ပတ်ဝန်းကျင်က ညံ့ဖျင်းတယ်။ ကျစ်… သခင်လေး ဒီအဆောက်အအုံကို ဘယ်လိုဆောက်ထားသလဲကြည့်လိုက်ဦး။ ဘုရားရေ ဒါက ဘာကြီးလဲ။ နံရံပေါ်မှာ အရေပြားအလွှာတစ်ခုပါနေတယ်။
ဒီအဆောက်အအုံရဲ့ ပစ္စည်းပစ္စယတွေကို ကြည့်လိုက်ဦး အရမ်းရိုးရှင်းလွန်းတယ်။ ကုတင်ကိုကြည်လိုက်ဦး ဒီအပေါ်မှာ လူအိပ်လို့ရပါ့မလား။
သခင်လေး ကျွန်တော်တို့ ပြန်သွားကြရအောင်လေ။ ကျွန်တော်တို့ ဒီလိုမျိုးဒုက္ခခံစရာမလိုပါဘူး"
ဖက်တီးကောင်လေးသည် ခေါင်းမော့ပြီး ရင်ကော့ကာ သူ့ကိုကြည့်လိုက်သည်။ "ငတုံးကောင်။ ငါ ဒီကို အခက်အခဲတွေကို တောင့်ခံဖို့လာခဲ့တာ။ ငါပြန်မသွားဘူး။ အဲဒီမှာအော်မနေနဲ့၊ တံခါးဖွင့်လိုက်၊ ငါ ဒီနေ့ ဒီမှာ နေမယ်"
ထိုလူသည် သော့ဖြင့် တံခါးကို ကူကယ်ရာမဲ့ ဖွင့်လိုက်ပြီး အတွင်းဘက် မြင်ကွင်းကို မြင်သောအခါ သူအံ့အားသင့်သွားသည်။
"အိုး သခင်လေး ဘယ်သူကများ ဒီလောက်မောက်မာရတာလဲ။ သူက သခင်လေးအခန်းကို တကယ်လုယူထားတယ်။ မြန်မြန်။ မင်းတို့ဘာတွေလုပ်နေကြတာလဲ။ ဒီပစ္စည်းတွေအားလုံးကို လွှင့်ပစ်လိုက်စမ်း။ အဲဒါတွေက အရမ်းညစ်ပတ်စရာကောင်းတယ်"
ဖက်တီးကောင်လေးနောက်က သက်တော်စောင့်သည် ပစ္စည်းများကိုလွှင့်ပစ်ရန် ကူညီဖို့ကြိုးစားနေသည်။
လင်ချီးယဲ့၏မျက်လုံးများမှ အေးစက်စက်အလင်းတန်းဖြတ်သွားသည်။
အာ… အောက်တန်းကျတဲ့ သခင်လေးရဲ့ လုပ်ရိုးလုပ်စဉ်က သာမန်လူတွေကို အနိုင်ကျင့်၊ အရမ်းမိုက်ဟန်ဆောင်ပြီး မျက်နှာကိုပါးရိုက်၊ ဝက်ဟန်ဆောင်ပြီး ကျားကိုစားတာက ငါအကြိုက်ဆုံးပဲ။
လင်ချီးယဲ့လှုပ်ရှားခါနီးတွင် ဖက်တီးကောင်လေးသည် ထိုလူ၏တင်ပါးကို ပြင်းထန်စွာကန်ပြီး ကျယ်လောင်စွာဆဲဆိုလိုက်သည်။
"မအေဘေးလေး။ ဒါကနှစ်ယောက်ခန်းဖြစ်ပြီး ငါ့အခန်းဖော်က ဒီမှာနေနေတာလေ။ မင်း ဘယ်လိုလုပ် ငါ့အခန်းဖော်ပစ္စည်းတွေကို ထိဖို့ကြိုးစားရဲရတာလဲ။
ညစ်ပတ်တယ်ဟုတ်လား။ ဒီသခင်လေးက မင်းလို အနိုင်ကျင့်တဲ့လူယုတ်မာကို အမုန်းဆုံးပဲ။ ငါ သခင်လေးရှေ့ကနေ တတ်နိုင်သမျှမြန်မြန်သွားလိုက်တော့"
ဖက်တီးကောင်လေးကြောင့် မြေပြင်ပေါ် အကန်ခံလိုက်ရသော ထိုလူသည် ထိတ်လန့်ကာ သူ့ကိုယ်သူ အကြိမ်များစွာရိုက်နှက်ပြီး တံခါးကနေပြေးထွက်သွားခဲ့သည်။
"မင်းတို့တွေ ငါ့အခန်းဖော်အတွက် ငါဝယ်ခဲ့တဲ့ နှုတ်ဆက်လက်ဆောင်ကိုယူခဲ့လိုက်ပါ။ ငါ ဒီနေ့ ဒီမှာစောင့်ပြီး ငါ့အခန်းဖော်ကို ပြရမယ်…
မြင်မြင်ချင်းခင်မင်ရင်းနှီးမှုဆိုတာဘာလဲ၊ အချစ်က ရွှေထက် မာတယ်"
တစ်ဖက်က လင်ချီးယဲ့: "(?????) ဟမ်"
TK Team (Chapter 70)