Volume 1 (သေမျိုးနယ်မြေ ၀၆၉)
Chapter 69 (ပထမဆုံးတပ်သားသစ်)
ဘီးဘီးဘီးဘီး——
အပြာရောင်ကောင်းကင်ထက်တွင် လက်နက်ကြီးသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်အများအပြား ဖြည်းညှင်းစွာ ဆင်းသက်လာပြီး ပန်ကာမှ လေတိုက်သဖြင့် လေနှင့် သဲများ မြေပြင်ပေါ်သို့ တက်လာခဲ့သည်။
ကတ္တရာလမ်း၏ တစ်ဖက်တစ်ချက်တွင် စစ်ယူနီဖောင်းဝတ်ထားသော အမျိုးသားအများအပြားသည် လေတိုက်ခတ်နေသည့် ရုပ်တုတစ်ခုကဲ့သို့ ခံ့ညားစွာ မတ်တတ်ရပ်နေကြသည်။
ရဟတ်ယာဉ်၏ တံခါးသည် ဖြည်းညှင်းစွာပွင့်လာပြီး စစ်ယူနီဖောင်းဝတ်ထားသော ယွမ်ကန်းသည် ရဟတ်ယာဉ်ပေါ်မှ အနက်ရောင်သေတ္တာကို ကိုင်ဆောင်ကာ ဆင်းလာခဲ့သည်။
ဒုတ်…
တစ်ဖက်တွင် စောင့်ဆိုင်းနေသော စစ်သားများက အလေးပြုကြပြီး ညီညီညွတ်ညွတ် အော်ဟစ်ကြသည်။
"မင်္ဂလာပါ ခေါင်းဆောင်။"
ယွမ်ကန်းသည် လေးနက်သောမျက်နှာဖြင့် ရှေ့သို့ လျှောက်လှမ်းပြီး သူ့နောက်မှ ရဟတ်ယာဉ်ကလေသည် သူ့အင်္ကျီထောင့်ကို တိုက်ခတ်နေသည်။
"လေ့ကျင့်ရေးစခန်းကို တည်ဆောက်ပြီးပြီလား"
"သတင်းပို့ပါတယ်။ လေ့ကျင့်ရေးစခန်း အဆင်သင့်ဖြစ်ပါပြီ"
"အင်း" ယွမ်ကန်းသည် ခေါင်းညိတ်ပြီး "စကားမစပ် ဒီလေ့ကျင့်ရေးစခန်းအတွက် တပ်သားသစ်စာရင်းပေးပါ'
"ဟုတ်ကဲ့"
အနက်ရောင်သေတ္တာကို သူ့နောက်ကျောတွင်သယ်ရင်း ယွမ်ကန်းသည် ညတွင်းချင်းဆောက်ထားသော လေ့ကျင့်ရေးစခန်းဆီသို့ လှည့်ကြည့်လိုက်သည်။
ဤလေ့ကျင့်ရေးစခန်းသည် လူသူကင်းမဲ့သော ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိပြီး ချန်းနန်မြို့၏ နယ်မြေထဲတွင်ရှိနေသည်။ ၎င်းသည် ဧရိယာကျယ်ဝန်းကာ ဆယ်မိုင်ပတ်လည် လေ့ကျင့်ရေးစခန်းအား စစ်ဆေးရေးဂိတ်များ ထားရှိထားသည်။ စစ်တပ်အခြေစိုက်စခန်း ကာကွယ်ရေးအဆင့်အနေဖြင့် စောင့်ကြပ်ထားသည်။ သင်တန်းလာတက်သော တပ်သားသစ်များကလွဲ၍ ဘယ်သူမှ ဒီကိုလာလို့မရဘူး။
"ခေါင်းဆောင် ဒါက ဒီနှစ်ရဲ့တပ်သားသစ်စာရင်းပါ" ယွမ်ကန်းနှင့် နည်းပြများသည် လေ့ကျင့်ရေးစခန်းသို့ ရောက်ရှိလာသောအခါ စစ်သားတစ်ယောက်သည် ရှေ့သို့ လျင်မြန်စွာ ပြေးသွားပြီး စာရင်းကို ယွမ်ကန်းအား ပေးအပ်လိုက်သည်။
ယွမ်ကန်းသည် စာရင်းကိုယူကာ တစ်ချက်ကြည့်လိုက်ရာ လူတစ်ကိုယ်လုံး အေးခဲသွားသည်။
သူ့နောက်က နည်းပြလည်း ရပ်သွားသည်။
ယွမ်ကန်းသည် သူ့မျက်လုံးများကို ပွတ်သပ်ပြီး နှစ်ကြိမ် ဂရုတစိုက်ကြည့်ရင်း သူ့ကိုယ်သူရေရွတ်လိုက်သည်။ "လခွမ်း… ဒီနှစ်စာရင်းက ဘာတွေလဲ"
"ဘာဖြစ်တာလဲ ခေါင်းဆောင်" သူ့နောက်က နည်းပြသည် သိချင်စွာ ရှေ့တိုးလာသည်။
"ကွမ်ရှန်းမြို့ ပိုင်လီအုပ်စုရဲ့ သခင်လေးလား။ အဲဒါက… ပိုင်လီအုပ်စုလား" သူ့နောက်က နည်းပြသည် ပထမစာကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး အေးခဲသွားခဲ့သည်။
"သာ့ရှရဲ့ ပထမဆုံးမိသားစုအုပ်စု၊ အစိုးရအပြင် ညကင်းစောင့်လူသားနောက်ကွယ်က ဒုတိယအကြီးဆုံးပံ့ပိုးကူညီသူ၊ တားမြစ်ပစ္စည်းပြတိုက်လို့သိကြတဲ့… ပိုင်လီမိသားစုလား" တခြားနည်းပြတစ်ယောက်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒီ… ဒီမှာ ငါတို့ရဲ့ညကင်းစောင့်လူသားပိုင်ရှင်ရဲ့ သခင်လေးရောက်နေတာလား"
"ညကင်းစောင့်လူသားကို လာမယ့်အစား ဘာလို့ကောင်းမွန်တဲ့ သခင်လေးမလုပ်နေရတာလဲ။ ဘဝအတွေ့အကြုံရဖို့လား"
"ဖြစ်နိုင်တယ်။ လူချမ်းသာတွေရဲ့အတွေးကို နားမလည်ဘူး"
"ဒါဆို လေ့ကျင့်ရေးအချိန်ရောက်တဲ့အခါ ငါတို့ဘာလုပ်ကြမလဲ။ ငါတို့က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်လို့ သူစိတ်ဆိုးရင် ဘယ်လိုလုပ်မလဲ… သူ ငါတို့ကို လက်တုံ့ပြန်မှာလား"
"သူတို့လုပ်ရဲလား" ယွမ်ကန်း၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ "ညကင်းစောင့်လူသားက နိုင်ငံ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပိုင်လီမိသားစုက ငွေအမြောက်အမြား ထောက်ပံ့ပေးထားတာမှန်ပေမယ့် ညကင်းစောင့်လူသားက သူတို့ရဲ့နောက်ဖေးဥယျာဉ်မဟုတ်ဘူး။
သူတို့က ငါတို့ လေ့ကျင့်ရေးစခန်းကို လာနေသရွေ့ လူတိုင်းက တန်းတူညီတူပဲ။ သူတို့က သေတဲ့အထိလေ့ကျင့်ရမှာဖြစ်ပြီး ဖြစ်ပျက်သမျှတွေအတွက် ငါတာဝန်ယူတယ်"
"ဟုတ်ကဲ့"
နည်းပြများက လေးနက်စွာ ခေါင်းညိတ်သည်။
ယွမ်ကန်း၏မျက်လုံးများသည် သူ့လက်ထဲက စာရင်းဆီတဖန်ပြန်ကျသွားသည်။ "ဒီတစ်ခေါက် နတ်ဘုရားကိုယ်စားလှယ်တစ်ယောက်ရှိနေတာပဲ"
"နတ်ဘုရားကိုယ်စားလှယ်လား။ ဘယ်နတ်ဘုရားလဲ"
ယွမ်ကန်းသည် ကောင်းကင်ကိုမော့ကြည့်ရင်း သူ့မျက်လုံးများအနည်းငယ်ကျဉ်းမြောင်းသွားသည်။ "နံပါတ်စဉ် ၀၀၃၊ ကောင်းကင်တမန်တော်မိုက်ကယ်"
"ကောင်းကင်တမန်တော်လား"
"ကောင်းကင်တမန်တော်မှာ ဘယ်အချိန်က ကိုယ်စားလှယ်ရှိခဲ့တာလဲ"
"အဲဒါက ညကင်းစောင့်လူသားဘက်မှာရှိနေတာ ကံကောင်းတယ်…"
"နတ်ဘုရားကိုယ်စားလှယ်ပေါ်လာတာ နှစ်ပေါင်းများစွာရှိသွားပြီ။ ဒီကလေးက တောက်ပတဲ့အနာဂတ်တစ်ခုရှိနေပြီ"
"တပ်သားသစ်လေ့ကျင့်ရေးကနေ နောက်ဆုံးနတ်ဘုရားကိုယ်စားလှယ်ထွက်လာတာက… အထူးတပ်ဖွဲ့ [မျက်နှာဖုံး] က တစ်ယောက်ဖြစ်မယ်ထင်တယ်"
"ဟုတ်တယ်"
ယွမ်ကန်းသည် သူ့လက်ထဲတွင်ရှိသော စာရင်းကိုကြည့်ကာ အနီရောင်ဘောပင်ဖြင့် နာမည်အနည်းငယ်ကိုဝိုင်းပြီး ကူကယ်ရာမဲ့ သက်ပြင်းတစ်ချက်ချလိုက်သည်။
"ပိုင်လီမိသားစုက သခင်လေးနဲ့ ကောင်းကင်တမန်တော်ကိုယ်စားလှယ်နဲ့တင် ငါတို့အတွက်ခေါင်းကိုက်ဖို့ လုံလောက်နေပြီ။
ဒီတစ်ခေါက် 'အလွန်အန္တရာယ်မြင့်တားမြစ်အပျက်အစီးတွေ' ပိုင်ရှင်သုံးယောက်ရှိပြီး သူတို့ထဲကတစ်ယောက်က ထိပ်ဆုံး ၅၀ မှာပါတယ်။
ဒါ့အပြင် ရှန့်ကျင်းမြို့က ပါးကွကျန့်မျိုးဆက်၊ ဟယ်ပေမြို့က မော့မိသားစုလှံမျိုးဆက်၊ အထူးတပ်ဖွဲ့က စစ်မှုထမ်းတွေလည်းပါတယ်…"
ယွမ်ကန်းသည် သူ့လက်ထဲက ထူထပ်သောအနီရောင်စက်ဝိုင်းကို ကြည့်လိုက်ရင်း သူ့နောက်က နည်းပြသည် အနည်းငယ်စိုးရိမ်သလို ခံစားလိုက်ရသည်။
"ခေါင်းဆောင်… ဒီတစ်ခေါက် သူတို့အားလုံးကြမ်းတယ်။ ကျွန်တော်တို့ ထိန်းနိုင်ပါ့မလား"
ယွမ်ကန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး လက်ထဲမှ စာရင်းကို ဖယ်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"[မျက်နှာဖုံး] တပ်ဖွဲ့ကို ဆက်သွယ်ပြီး ငါ့အတွက် အခြေအနေကိုထိန်းသိမ်းဖို့ သူတို့ကိုလာဖို့ပြောလိုက်ပါ…
နတ်ဆိုးတွေကို နတ်ဆိုးတွေပဲ ထိန်းနိုင်တာ။"
…
လေ့ကျင့်ရေးစခန်းအပြင်ဘက်တွင်
စစ်တပ်စစ်ဆေးရေးဂိတ်တွင် အထူးတပ်ဖွဲ့ဝင်တစ်ဦးသည် အဝေးကြည့်မှန်ပြောင်းဖြင့် အနည်းငယ်မျက်မှောင်ကြုတ်ကာ အကွာအဝေးကို အကြာကြီးကြည့်ရင်း အဝေးကြည့်မှန်ပြောင်းကို ဖြည်းညှင်းစွာချကာ walkie-talkie ကို ထုတ်ယူလိုက်သည်။
"သတင်းပို့ပါတယ်၊ ရှေ့မှာ ချဉ်းကပ်လာသူတစ်ယောက်ရှိတယ်"
"သူ့အခြေအနေကို သတင်းပို့ပါ"
"အထက်တန်းကျောင်းသားနဲ့တူတဲ့ လူငယ်တစ်ယောက်ပါ၊ ပန်းရောင် hellokitty ခရီးဆောင်သေတ္တာနဲ့ Peppa Pig ခရီးဆောင်အိတ်ကို သူ့လက်ထဲမှာသယ်ဆောင်လာတယ်။ သူသယ်လာတာက လက်နက်ဟုတ်မဟုတ်ကို သာမန်မျက်စိနဲ့ မမြင်ရဘူး"
"အထက်တန်းကျောင်းသားလား" walkie-talkie ပေါ်ရှိ အသံက ရပ်သွားသည်။ "တပ်သားသစ်များရောက်လာတာလား။ အကြောင်းကြားစာကို ဒီမနက်မှပို့ခဲ့တာလေ။ သူက နေ့လယ်မှာရောက်လာပြီလား။ ဒါကဘယ်အမြန်နှုန်းမျိုးလဲ"
"သူက ဒီကိုချဉ်းကပ်လာနေတုန်းပဲ။ ကျေးဇူးပြုပြီး ညွှန်ကြားပါ"
"အသင့်အနေအထားနေပါ၊ ငါသူ့ကိုသွားတွေ့လိုက်မယ်"
ခဏအကြာတွင် စစ်ဆေးရေးဂိတ်နောက်မှ စစ်တပ်လမ်းကြမ်းယာဉ်တစ်စီးကို မောင်းထွက်ကာ ကောင်လေးရောက်ရှိရာသို့ ဦးတည်သွားခဲ့သည်။
နေရောင်က တောက်ပနေသည်။
ယခုအချိန်တွင် လင်ချီးယဲ့သည် ခရီးဆောင်အိတ်နှစ်လုံးကို ဆွဲယူကာ ရွှံ့ထူထပ်သောလမ်းပေါ်တွင် လမ်းလျှောက်လာကာ ပါးပြင်ပေါ်သို့ ချွေးစက်အနည်းငယ်ကျလာသည်။
"ဒီနေရာမှာ… လေ့ကျင့်ရေးစခန်း တကယ်ရှိတာလား" လင်ချီးယဲ့သည် လှည့်ပတ်ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ "ငါပြန်အမ်းငွေမယူနိုင်လို့ ခေါင်းဆောင် လှည့်စားသွားတာတော့မဟုတ်ပါဘူးနော်"
ယနေ့မနက်တွင် တပ်သားသစ်လေ့ကျင့်ရေးစခန်း၏ သတ်မှတ်ထားသောလိပ်စာကိုရရှိခဲ့ပြီး ချန်မုရယ်သည် သူ့အား သွားရန်တိုက်တွန်းခဲ့သည်။ မနက်က အရှက်ရဖွယ်ကောင်းသော စေလွှတါခြင်းအခမ်းအနားပြီးနောက် ယနေ့တိုက်ပွဲက ကြီးကြီးမားမားမဟုတ်ပါ။ ဝမ်းချီမော့က သူ့ကို အနီးနားသို့ မောင်းပို့ပြီး သူ့ဘာသာသူ လမ်းလျှောက်ခိုင်းလိုက်သည်။
လင်ချီးယဲ့က ချန်းနန်ရှိ လေ့ကျင့်ရေးတွင်ရှိနေကြောင်း အားလုံးသိပြီးနောက် သူတို့အလွန်စိုးရိမ်ပုံမပေါ်ချေ။ ချန်မုရယ်ပြောခဲ့သည့်အတိုင်း လင်ချီးယဲ့တစ်ခုခုဖြစ်ပါက အားလုံးဓားကိုင်ပြီး အပြေးရောက်လာလိမ့်မည်။ ရှန့်ကျင်းမှာဆိုရင်တော့ အလွန်စိုးရိမ်ရသည်။
ထို့အပြင် ချန်းနန်မြို့က သူတို့တပ်ဖွဲ့ ၁၃၆ ၏ကိုယ်ပိုင်နယ်မြေလည်းဖြစ်သည်။
ဟူး…
လင်ချီးယဲ့သည် ခရီးဆောင်အိတ်ကို ရှေ့သို့ဆွဲယူလာအခါ အဝေးမှ ကားမောင်းသံ ထွက်ပေါ်လာပြီး လင်ချီးယဲ့သည် မျက်လုံးများကို ကျဉ်းမြောင်းပြီး သူ့အရှိန်ကို ရပ်တန့်လိုက်သည်။
ဖုန်မှုန့်များနှင့်အတူ စစ်တပ်လမ်းကြမ်းယာဉ်တစ်စီးက လင်ချီးယဲ့ဘက်တွင် ပြင်းထန်စွာရပ်လိုက်သည်။
အတွင်းမှ အရာရှိတစ်ယောက်သည် ခေါင်းထွက်လာပြီး လင်ချီးယဲ့ကို ဂရုတစိုက်ကြည့်သည်။ "မင်းဘာလာလုပ်တာလဲ"
"လေ့ကျင့်ရေးစခန်းအတွက်ပါ"
"တပ်သားသစ်လား"
"အင်း"
"ရောက်လာတာအရမ်းမြန်ပါလား"
"ကျွန်တော်က ချန်းနန်ဇာတိလေ"
"…ငါ့ကို ID ပြပါ"
လင်ချီးယဲ့သည် ချန်မုရယ်က သူ့အတွက် ပြင်ဆင်ပေးထားသည့် စာရွက်စာတမ်းများကို အရာရှိအား ပေးလိုက်သည်။ တစ်ဖက်လူသည် ၎င်းတို့ကို အချိန်အကြာကြီး ဂရုတစိုက်ကြည့်ကာ လင်ချီးယဲ့ကို စာရွက်စာတမ်းများပြန်ပေးပြီး အနောက်ကိုညွှန်ပြသည်။
"ကားပေါ်တက်ပါ"
လင်ချီးယဲ့သည် သူ့ခရီးဆောင်အိတ်ကို ကားပစ္စည်းခန်းထဲထည့်ပြီး လမ်းကြမ်းယာဉ်ပေါ် တက်လိုက်သည်။ အရာရှိသည် လင်ချီးယဲ့ကို စစ်ဆေးရေးဂိတ်အားလုံးကို တိုက်ရိုက်ဖြတ်ကျော်ရင်း ခေါ်ဆောင်သွားပြီး နောက်ဆုံးတွင် လေ့ကျင့်ရေးစခန်းဂိတ်မှာ ကားရပ်လိုက်သည်။
"ရောက်ပြီ မင်းဟာမင်းဝင်သွားတော့" သူက ရှေ့တံခါးကို မေးငေါ့ပြသည်။
လင်ချီးယဲ့သည် ကားထဲမှ ခုန်ဆင်းကာ ပန်းရောင်ခရီးဆောင်အိတ်နှစ်လုံးကို ဆွဲလာရင်း ကြီးမားသောသံတံခါးရှေ့တွင်ရပ်ပြီး မော့ကြည့်လိုက်သည်။
—— ၀၃၉ တပ်သားသစ်လေ့ကျင့်ရေးစခန်း။
ဤနေရာတွင် သူသည် တစ်နှစ်တာ ကုန်ဆုံးမည်ဖြစ်သည်။
သူသည် ဤနေရာတွင် ပထမဆုံးတပ်သားသစ်ဖြစ်သည်။
TK Team (Chapter 69)