Chapter 59
Viewers 3k

💫 Chapter 59



ဤအချိန်တွင် တစ်ဖက်ကင်းထောက်၏အသင်းဖော်မှာ နောက်ထပ် သဲပါးစပ်သားရဲနှင့် ကြုံတွေ့နေရသည်။ သူမက နေရာများကို အမှတ်အသားချထားပြီးသားဖြစ်သောကြောင့် မည်သည့်နေရာက အန္တရာယ်ရှိသည်ကို သိထားပြီးသားဖြစ်သည်။ ဤလူများက ဆာ့ဆာ့၏ ခန့်မှန်းချက်ကို စိတ်မပျက်ရစေဘဲ တစ်ယောက်တစ်ယောက်ချင်း ထောင်ချောက်ထဲသို့ ကျသွား၏။


ဆာ့ဆာ့က ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

" အခုတော့ တစ်ယောက် တစ်ယောက်ချင်းပဲတိုက်လိုက်ကြတာပေါ့..." 


တစ်ဖက်ကင်းထောက်မှာ တုံ့ဆိုင်းမှုမရှိ လှည့်ပြေးတော့သည်။


သူ၏ လုပ်ဆောင်တတ်သည့်ပုံစံအတိုင်း သူ့မက်ခါကို အထူးပြုပြင်ထားသည်။ ၎င်းက စွမ်းအင်အားလုံးကို ခြေလက်များသို့ ဖြည့်သွင်းကာ လက်များကို အတောင်ပံအဖြစ်ပြောင်းသွားစေပြီး ပြေးထွက်သည့် အရှိန်ကို မြင့်သွားစေ၏။ ဤပြုပြင်ထားသည့်ပုံစံက မက်ခါ၏တိုက်ခိုက်မှုစွမ်းရည်ကို လွတ်မြောက်နိုင်သည့် အခွင့်အရေးအဖြစ် ပြောင်းလဲသွားစေသည်။


ဆာ့ဆာ့၏ အရှိန်ကို သူမြင်ဖူးပြီးသားဖြစ်သည်။ သူမက မြန်သော်လည်း သူအရှိန်ကုန်တင်ထားသလောက် မြန်လိမ့်မည်မဟုတ်ပေ။


တစ်စက္ကန့်အတွင်းမှာပင် ကင်းထောက်က အဝေးသို့ပျံထွက်သွား၏။


ဆာ့ဆာ့က သက်ပြင်းချကာ ရေရွတ်လိုက်သည်။

" ငါက အဝေးတိုက်ခိုက်ရေးသမားပါဆိုတာကို လူတွေက ဘာလို့ မယုံကြတာပါလိမ့်..." 


သူမလက်ထဲရှိ ဓားက ပျောက်ကွယ်သွားကာ မရေမတွက်နိုင်သော ဓားပျံများ အဖြစ်ပြောင်းလဲသွား၏။


ဆာ့ဆာ့က သေချာအာရုံစိုက်ထားလျက် တစ်ဖက်ကင်းထောက်၏ လှုပ်ရှားသည့်အကွက်ကို ချိန်ဆကာ သူမလက်ထဲရှိ ဓားပျံများကို ပစ်လွှတ်လိုက်သည်။


တစ်ဖက်ကင်းထောက်က ဆာ့ဆာ့ထံမှ ထွက်ပြေးလျက် အလုပ်များနေ၏။ 'ဘာတွေဖြစ်နေသလဲ'ဆိုသည်ကို လှည့်ကြည့်ရန် သူ့တွင် အချိန်မရှိပေ။ သူက ရုတ်တရက် တိုက်ခိုက်ခံနေရပြီး သူ့မက်ခါကလည်း အကြိမ်ပေါင်းများစွာ ထိခိုက်မှုများထားသောကြောင့် ရုတ်တရက် လေထဲမှ ပြုတ်ကျကာ စနစ်က သူ့ကို အလိုအလျောက်ထုတ်ပယ်လိုက်သည်။


ဓားပျံများက တိုက်ခိုက်ပြီးသွားသည့်နောက် အသက်ဝင်လှုပ်ရှားနေသည့်အလား ဆာ့ဆာ့၏ လက်ထဲသို့ အလိုအလျောက်ပြန်ရောက်လာကြသည်။ ဆာ့ဆာ့က ပြုံးကာ ပြောလိုက်သည်။

" စိတ်မပူပါနဲ့...နင်နဲ့အတူ နင့်အသင်းဖော်ကိုပါ ငါအဖော်ပြုခိုင်းလိုက်ပါ့မယ်..."


သဲပါးစပ်သားရဲကို ထိုသူ၏ အသင်းဖော်အား အနိုင်ယူခွင့်ပြုရန် မသင့်ပေ။ ထိုသို့ဆိုပါက သူမ ရနိုင်သည့်အမှတ်များ လျော့သွားလိမ့်မည်။ နောက်ဆုံးပိတ်အဆုံးသတ်ကို သူမကိုယ်တိုင် ဆောင်ရွက်လိုက်သည်က ပိုကောင်းပေမည်။ ထိုသို့ဆိုလျှင် ထိုအသင်းဖော်ကိုလည်း သူမ ရနိုင်သော အမှတ်များအဖြစ် ထည့်တွက်၍ရသည်။


တစ်ဖက်ကင်းထောက်၏အသင်းဖော်မှာ သဲပါးစပ်သားရဲ၏ ညှင်းပန်းမှုကြောင့် အလွန်မောဟိုက်ကာ ခြေကုန်လက်ပန်းကျနေ၏။ တစ်စုံတစ်ယောက် သူ့အနားသို့ ချဥ်းကပ်လာသည်ကို ခံစားမိသောအခါ သူအမြန်ပြောလိုက်သည်။

" ငါ့ကို ကယ်ပါဦး..." 


နောက်တစ်စက္ကန့်မှာပင် သူ ဖယ်ရှားခံလိုက်ရသည်။


တစ်ချိန်တည်းလိုလိုမှာပင် စနစ်က လူရိုင်းအသင်း၏ အသင်းသားများအားလုံး ထုတ်ပယ်ခံလိုက်ရပြီဖြစ်ကြောင်း ကြေညာချက်ထုတ်လာ၏။


ကင်းထောက် နှင့် သူ့အသင်းဖော် : "...."


' ဘာတွေ ဖြစ်ကုန်တာလဲ...' 


ဆာ့ဆာ့က သူတို့ကို အဝေးသို့ ပ,မထုတ်သွားခင် သူမ၏ အသင်းဖော်များကို လူရိုင်းအသင်း၏ အခြားအဖွဲ့ဝင်များ၏ တည်နေရာအား မက်ဆေ့ချ်ပို့ထားလိုက်သည်။


" အဲ့ဒီနေရာက ထောင်ချောက်ပဲ...သူတို့ ချုံခိုတိုက်ခိုက်ဖို့ စီစဥ်နေလောက်တယ်...နင်တို့ တခြားတစ်ဖက်ကနေ သူတို့ကို ချုံခိုတိုက်လို့ရတယ်..."


ယခင်အတွေ့အကြုံများအရ အားလုံးက ဆာ့ဆာ့၏ ကင်းထောက်စွမ်းရည်ကို ယုံကြည်စိတ်ချထားပြီး သူမ အကြံပေးသည့် ဦးတည်ချက်တိုင်း သွားလိုက်ကြသည်။


နှစ်ယောက်တစ်ယောက်တိုက်ခိုက်မှုတွင် ဆာ့ဆာ့ အခွင့်မသာမည်ကို ဟယ့်ချောင်ယွမ်က စိုးရိမ်နေမိသေးသည်။


ဆာ့ဆာ့က ပြောလိုက်သည်။

" ကိစ္စမရှိပါဘူး...ငါ့ကို ကူညီမယ့် နောက်ထပ် သဲပါးစပ်သားရဲတစ်ကောင်ရှိသေးတယ်လေ..."


ဟယ့်ချောင်ယွမ် : 'ဒီလိုဆို ပြင်ပဂြိုဟ်သားရဲကလည်း နင့်ရဲ့ အသင်းဖော်ဖြစ်နေတာပဲပေါ့...' 


သို့သော်လည်း သူမစကားကို ကြားပြီး ဟယ့်ချောင်ယွမ်က ဆာ့ဆာ့၏အခြေအနေကို ထပ်ပြီး စိတ်ပူမနေတော့ချေ။ပြိုင်ဘက်၏ စိတ်အခြေအနေက ပြိုလဲသွားမည်ကိုပင် သူစိတ်ပူနေမိသေးသည်။


ဟယ့်ချောင်ယွမ် ၊ ကျန်းချန် နှင့် လုချန်းမင်က အစောကတည်းက စီစဥ်ထားပြီး ဆာ့ဆာ့နှင့် နှစ်စက္ကန့်ပင်မကွာဘဲ သုံးယောက် သုံးယောက်ချင်း တိုက်ခိုက်မှုကို အနိုင်ယူလိုက်သည်။


တိုက်ပွဲက တစ်ချိန်တည်းနီးပါးဖြစ်နေပြီး အခြေအနေကလည်း တင်းမာနေသောကြောင့် ထိုအချိန်တွင် သူတို့ တစ်ယောက်ကိုတစ်ယောက် မက်ဆေ့ချ်ပို့နေရန် အချိန်မရပေ။ ထို့ကြောင့် လူရိုင်းအသင်းမှာ ချက်ချင်း ရှုံးနိမ့်သွားပြီး သူတို့တစ်ဖွဲ့လုံး နားမလည်နိုင်ဖြစ်နေ၏။


ကြည့်ရှူနေသော ပရိတ်သတ်များ : "...." 


သူတို့က မြေပုံတစ်ခုလုံးကို တွေ့နေရပြီး လူရိုင်းအသင်းက တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ထဲကျသွားသည်ကို စောင့်ကြည့်ခဲ့ရသည်။


ပြဿနာမှာ ထိုအခြေအနေအတွင်း သူတို့လည်း လူရိုင်းအသင်းထပ်ပိုပြီး ပိုကောင်းသည့် မှတ်ချက်မပြုနိုင်ကြတော့ပေ။ လူရိုင်းအသင်းနေရာ၌ သူတို့သာဆိုလျှင်တည်း တစ်ထေရာတည်းဖြစ်နေမည်ပင်။


ဆာ့ဆာ့က သူတို့၏ ခန့်မှန်းချက်ကိုပင် ကြိုတင်ခန့်မှန်းပြီးသားဖြစ်ရမည်ဟုသာ ပြောနိုင်တော့သည်။


အစီအစဥ်တင်ဆက်သူ : "...."


သူက အကြောင်းအရာကို နားလည်လိုက်သော်လည်း ဘာပြော၍ပြောရမှန်းကို မသိတော့ချေ။


ဤတိုက်ပွဲက အနည်းဆုံး အလွန်ပြင်းထန်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲက သူထင်ထားသည်ထပ် ပိုမြန်မြန်အဆုံးသတ်သွားပြီး ထွက်လာသည့်ရလဒ်ကိုလည်း လုံးဝ မမျှော်လင့်ထားသည်ပင်။


ပြိုင်ပွဲဝင်ကစားသမားများအားလုံး မြေပုံထဲမှ ထွက်လာမှသာ အစီစဥ်တင်ဆက်သူလည်း မတတ်သာတော့ဘဲ ကြည့်ရှူသူများအားလုံး သိချင်နေသည့် မေးခွန်းကို မေးလိုက်ရသည် ။

" ဆာ့ဆာ့...မင်းရဲ့ ဓားပျံတွေနဲ့ပတ်သက်လို့ ရှင်းပြပေးနိုင်မလား... မင်းက အနီးကပ်မက်ခါတိုက်ခိုက်ရေးသမားမဟုတ်ဘူးလား...." 


ဆာ့ဆာ့က နဝေတိမ်တောင်ဖြင့် ပြန်မေးလိုက်သည်။

" ဟင်...ဒါက ထူးဆန်းလို့လား...အရှိန်တိုက်ခိုက်မှုလမ်းစဥ်ကို လိုက်တဲ့ တိုက်ခိုက်ရေးသမားက ပုံမှန်လည်း အနီးကပ်ရော အဝေးရောတိုက်ခိုက်ကြတာပဲ မဟုတ်ဘူးလား..." 


ကျန်းချန်လိုပင် သူတို့မှာ ပိုအားသာသည့်ဘက်ရှိကြသော်လည်း အများအားဖြင့်က တိုက်ခိုက်မှုနှစ်မျိုးစလုံး ရှိတတ်ကြသည်။


အစီအစဥ်တင်ဆက်သူက ပြောလာ၏ ။

" ဒါက အဓိက အချက်မဟုတ်ဘူး...မင်းက ဓယးကို သုံးထားတယ်ဆိုတာကမှ အဓိကအချက်ပဲ...ဒါက ပုံမှန်ဆို အနီးကပ်တိုက်ခိုက်တဲ့ လက်နက်လေ...အဲ့ဒါက ဘယ်လိုလုပ် ဓားပျံဖြစ်သွားရတာလဲ...ပြီးတော့ တိုက်ခိုက်ပြီးသွားတဲ့အချိန် အဲ့ဒါက ဘယ်လိုလုပ် သူ့ဘာသာပြန်ဆုတ်လာနိုင်ရတာလဲ..."


ဆာ့ဆာ့က ပြိုင်ပွဲတိုင်းတွင် အမြဲတမ်း ဓားကိုသာအသုံးပြုပြီး အခြားမည်သည့်လက်နက်ကိုမှ ထုတ်မပြဖူးပေ။ ပုံမှန်အားဖြင့် ဓားကို အနီးကပ်တိုက်ခိုက်ရန်အတွက်သာ အသုံးပြုကြသည်။


အားလုံးကလည်း အံအားသင့်သွားကြသလို သူမ၏ အသင်းသားများကပင် ဓားကို ထိုကဲ့သို့ အသုံးချ၍ ရလိမ့်မည်ဟု မထင်ထားမိကြပေ။


၎င်းကို ယခုမှ သတိထားမိသွားသည့် ဆာ့ဆာ့က မျက်လုံးလေးတလက်လက်ဖြင့် မေးလာ၏။

" အားလုံးက သိချင်နေကြတာလား..." 


" သေချာပေါက် သိချင်ကြတာပေါ့..." 


ဆာ့ဆာ့က သူမ၏ မက်ခါပေါ်ရှိ စာလုံးအတန်းလိုက်ကို ညွှန်ပြလိုက်သည်။

" ဒါက ထိုက်ယီဂိုဏ်းရဲ့ သီးသန့်ပြုလုပ်ထားတဲ့မက်ခါပဲ...ရှင်တို့မှာလည်း ပိုင်ဆိုင်ခွင့်ရှိပါတယ်...ထိုက်ယီဂိုဏ်းရဲ့ ထုတ်လုပ်မှုတွေက အံ့မခန်းပဲဆိုတာ အာမခံတယ်..." 


' ဒါက ရိုးရှင်းပြီး ကြော်ငြာလို့ရတဲ့အခွင့်အရေးကောင်းပဲ...ငါဘယ်လိုလုပ် လက်လွှတ်ခံလို့ဖြစ်မှာလဲ...အစီအစဥ်တင်ဆက်သူက တကယ့်လူကောင်းပဲ...ငါ့ကိုတောင် ဒီလိုအခွင့်အရေးမျိုးပေးလိုက်သေးတယ်...' 


ဆာ့ဆာ့က သဘာဝကျကျနှင့် 'ဘယ်လိုကြော်ငြာရမလဲ'ဆိုသည်ကို တွေးနေခဲ့ပြီး ယခုတွင်မူ အခွင့်အရေးက သူမဆီသို့ ရောက်လာချေပြီ။


"ဓားပျံတွေက စွမ်းအင်ကုန်သွားတာနဲ့ အသုံးမဝင်တော့တဲ့ စွမ်းအင်လက်နက်တွေလိုမဟုတ်ဘဲ သူ့ဘာသာပြန်ဆုတ်လာလို့ရတယ်...ပြီးတော့ အဲ့ဒါတွေက ကုန်ကျစရိတ်များတယ်...ဘာလို့ ဒါကို စမ်းမကြည့်ကြတာလဲ...ဝယ်သာဝယ်လိုက်ကြစမ်းပါ...ထိုက်ယီဂိုဏ်းရဲ့ မှတ်ပုံတင်ထားတဲ့မူရင်းကို ဝယ်ကြနော် ...တခြားဟာတွေလည်း မှားမဝယ်မိကြစေနဲ့..."


အစီအစဥ်တင်ဆက်သူက ပြောလာ၏။

" မိန်းကလေး...ကျေးဇူးပြုပြီး ထိုင်နေပေးလို့ရမလား...မင်းက တခြားကျောင်းသားတွေကိုပါ ကွယ်ထားမိနေပြီ..."


ကစားသမားအား စကားပြောရန်အခွင့်အရေးပေးလိုက်သော်လည်း သူမက တန်းပြီး ကြော်ငြာဝင်လိမ့်မည်ဟု သူ မထင်ထားမိပေ ။


၎င်းက အစီအစဥ်တင်ဆက်သူ၏ မူလရည်ရွယ်ချက်မဟုတ်သော်လည်း ကြော်ငြာလိုက်သည်က အလုပ်ဖြစ်သွားပုံရသည်။ လူအများက အလုအယက်နှင့် 'ထိုက်ယီဂိုဏ်းရဲ့ သီးသန့်ထုတ်မက်ခါကို ဘယ်ချန်နယ်မှာ ဝယ်နိုင်ပြီလဲ ၊ မူပိုင်ခွင့်ရောရနိုင်မလား'ဆိုသည်ကို ရှာဖွေနေကြသည်။


အစီအစဥ်တင်ဆက်သူကိုယ်တိုင်ပင်လျှင် အနည်းငယ်သွေးဆောင်ခံလိုက်ရသည်။


ယခင်ကမူ ဆာ့ဆာ့၏ မက်ခါကို ကြည့်လိုက်လျှင် လူများက အနည်းနှင့်အများ မျက်နှာရှုံ့မဲ့သွားတတ်ကြသည်။သို့သော် ယခုတွင် စာလုံးများရေးထားသောအနီရောင်စာရွက်များကိုကြည့်ပြီး သူတို့ရုတ်တရက် စိတ်ပေါ့ပါးသွား၏ ။

' အဲ့ဒါက ထိုက်ယီဂိုဏ်းလား...အခုကြည့်မိတော့လည်း တကယ်မိုက်တာပဲ...'


၎င်းက အတော်လေးကောင်းမွန်ဖြစ်ရာ သူတို့ဆက်ပြီး ကြောင်တောင်တောင်နိုင်သည်ဟု ပြောမရတော့ပေ။ ကိုယ်ရေးကိုယ်တာအမြင်အရ အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ပြောင်းပြောရပေတော့မည်။


အမှန်တွင် မည်သည့်မက်ခါလိဂ်ဖြစ်စေ ၊ မက်ခါတိုက်ခိုက်ရေးသမားထူးချွန်သည်ဆိုပါက သူ့နောက်ကွယ်ရှိ မက်ခါပညာရှင်ကလည်း မက်ခါတိုက်ခိုက်ရေးသမားလိုပင် နာမည်ကြီးလာလိမ့်မည်။ သို့သော် မက်ခါပညာရှင်များ နှင့် မက်ခါတိုက်ခိုက်ရေးသမားအများစုက ဖက်ဒရေးရှင်း၌ ဂုဏ်ပုဒ်လည်းရှိကြပြီး ကြော်ငြာများလည်း ပြတ်လပ်မနေကြသလို ဂုဏ်သိက္ခာလည်း ထိန်းနေကြသည့်အတွက် ဆာ့ဆာ့ကဲ့သို့ ပေါ်တင်ကြော်ငြာလိုက်ခြင်းမျိုး မရှိကြပေ။


သို့သော် ဆာ့ဆာ့က အစဥ်အလာများကို ဂရုစိုက်မနေပေ။


သူမက ပြိုင်ပွဲကွင်းမှထွက်ကာ သူမဆရာဆီ သွားပြီး နှုတ်ဆက်မည်အပြု ၊ သူမ၏ အသင်းသားသုံးယောက်က သူမကို ဖမ်းထားပြီး နတ်ဆိုးဆန်စွာပြုံးလျက် မေးလာကြသည်။

" နင်တို့ ထိုက်ယီဂိုဏ်းက မက်ခါသီးသန့်ထုတ်လုပ်တဲ့ဝန်ဆောင်မှုရှိတယ်ဆိုတာ ငါတို့ကို ဘာလို့မပြောတာလဲ..." 


" အာ...ငါမပြောလိုက်မိဘူးလား...ဒါပေမဲ့ ငါ့ရဲ့ မက်ခါပေါ်မှာကပ်ထားတဲ့ စာလုံးတွေက မသိသာဘူးလား...ငါကြော်ငြာထားတာပဲလေ..."


" မဟုတ်တာ...အဲ့ဒီလို မက်ခါပေါ်မှာ စာလုံးတွေ ကပ်ထားရုံနဲ့ နင်က တမင်လုပ်ထားတာလားဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ..." 


ဆာ့ဆာ့က ဤမက်ခါကို ထုတ်လာချိန်၌ သူမက ထိုက်ယီဂိုဏ်းကို ပိုနာမည်ကြီးစေချင်နေသောကြောင့် တမင်လုပ်ခြင်းဖြစ်မည်ဟုသာ သူတို့တွေးခဲ့ပြီး ၎င်းက ကြော်ငြာရန်အတွက် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။


ထိုက်ယီဂိုဏ်း၏ မက်ခါပညာရှင်က လူထုကို ဤသို့ဝန်ဆောင်မှူမျိုးပေးနေသည်ဆိုသည်ကိုသာ သိပါက သူတို့မလိုချင်ဘဲ မနေပေ။ သို့သော် ဆာ့ဆာ့ကို ပြိုင်ပွဲဝင်ရန် ဆွဲသွင်းခဲ့ခြင်းက ကျောင်း၏ ဂုဏ်ကို ဆောင်နိုင်ရန်ပင်။ အခြားသူ၏ မက်ခါကို လိုချင်တပ်မက်နေခြင်းက မသင့်လျော်ပေ။ သူတို့သုံးယောက်လုံးက ဆာ့ဆာ့နှင့် ရင်းနှီးနေပြီး ဤအကြောင်းကို ပါးစပ်က ထုတ်ပြောရန်လည်း အကြောင်းမရှိပေ။


ဟယ့်ချောင်ယွမ်က အရေပြားအပါးဆုံးဖြစ်ပြီး စကားပြောရန် အလွန်ရှက်နေ၏ ။


ကျန်းချန်ကလည်း ဆာ့ဆာ့နှင့် မကောင်းသောအတွေ့အကြုံရှိထား၍ မည်သည့်အကျိုးအမြတ်အတွက်နှင့်မျှ သူ ကရိကထမများချင်ပေ။


လုချန်းမင်က ဆာ့ဆာ့နှင့် နောက်ဆုံးမှသိခွင့်ရခြင်းဖြစ်ပြီး ကျန်သည့်လူနှစ်ယောက်က ဤအကြောင်းကို ထုတ်မပြောသည့်အတွက် သူမအတွက်လည်း စပြီးပြောရန် မသင့်လျော်ပေ။


" ကိုယ့်ဘာသာ အရင်ထုတ်ပြောဖို့ မစဥ်းစားတာက ကောင်းတယ်ထင်တယ်ပေါ့...ဟမ်..."


ဆာ့ဆာ့က ခြောက်ကပ်ကပ် ရယ်မောလာ၏။

" ငါက နင်တို့အားလုံးမှာ မက်ခါပညာရှင်လိုအပ်နေမှာမဟုတ်ဘူးလို့ ထင်လို့ပါ..."


ကျန်းမိသားစုနှင့်ဟယ့်မိသားစုတို့တွင် မက်ခါပညာရှင်လိုအပ်နေခြင်းမျိုးမရှိပေ။ ထို့အပြင် သူတို့နှစ်ယောက်က မိသားစု၏ ဆက်ခံသူအဖြစ်လျာထားခံရသူများဖြစ်သည့်အတွက် မက်ခါပညာရှင်လိုအပ်နေစရာ အကြောင်းမရှိပေ။ လုချန်းမင်သည်လည်း သာမန်မိသားစုနောက်ခံမှ လာသည့်သူဖြစ်သော်ငြား သူမ၏ ပါရမီကြောင့် ထောက်ပံ့ကြေးများရထားပြီး သူမနှင့်စာချူပ်ချုပ်ချင်နေကြသူများလည်း ရှိသည်။ ထို့ကြောင့် သူမ၏ မက်ခါကလည်း Sအဆင့် မက်ခါသာဖြစ်သည်။


ဆာ့ဆာ့က ကြော်ငြာပေးချင်မိပြီး သူမ၏ အသင်းသားများသာ အကြီးဆုံးစီနီယာအစ်ကို၏ မက်ခါကို အသုံးပြုလျှင် ၎င်းက သေချာပေါက် အကောင်းဆုံးကြော်ငြာဖြစ်လိမ့်မည်။ သို့သော် သူမက အကြီးဆုံးစီနီယာအစ်ကို၏ လုပ်ဆောင်မှုကို ယုံကြည်မှုရှိပြီး အလျင်လိုစရာမလိုသလို အစ်ကိုကြီးက တခြားသူများထက်လုံးဝမနိမ့်ဟု ထင်မိသည်။


သူတို့အချင်းချင်းပင် ပြောချင်သည့်စကားကို နားလည်မှုလွဲကုန်ကြ၏ ။


" ငါတို့က မက်ခါလိုအပ်နေတာမျိုးမရှိပါဘူး...ဒါပေမဲ့ နင့်လိုမက်ခါမျိုးတော့ ငါတို့မှာ မရှိဘူးလေ..." 


သူတို့က ဆာ့ဆာ့နှင့်အတူ အချိန်တစ်ခုခန့်အထိ အတူရှိလာပြီးသည့်နောက် ဆာ့ဆာ့မက်ခါ၏ လုပ်ဆောင်မှုများက အလွန်ကောင်းမွန်သည်ကို သူတို့သိလိုက်ရသည်။

သူတို့ဘယ်လိုလုပ် မလိုချင်ဘဲ ရှိလိမ့်မလဲ…


ဆာ့ဆာ့ကလည်း ချက်ချင်းပင် ပြောလာ၏ ။

" ငါ အကြီးဆုံးအစ်ကိုကြီးကို နင်တို့အတွက် တစ်ချက်လောက်ကြည့်ခိုင်းလိုက်မယ်...ပြီးတော့ ငါ့အတန်းဖော်တွေအတွက် ကုန်ကြမ်းဖိုးပဲ ယူပါ့မယ်...ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ်...နင်တို့ ငါလိုပဲ တစ်ပုံစံတည်း ဝတ်ပြရမယ်နော်..." 


မက်ခါများ၏မျက်နှာပြင်၌ ' ထိုက်ယီဂိုဏ်းက အံ့မခန်းပဲ' ဟူသော စာသားများ ကပ်ထားရန်လိုအပ်သည် ။


လူတစ်ယောက်၏နှုန်းထက် လူလေးယောက်၏နှုန်းက ပိုမြင့်ပြီး ကြော်ငြာသည်ကလည်း ပိုထိရောက်မှုရှိသွားပေလိမ့်မည်။


လုချန်းမင်က လိုလိုလားလားရှိစွာဖြင့် ဦးဆုံးပြောလာ၏။

" ကိစ္စမရှိပါဘူး..."


ဆန့်ကျင်ဘက်အားဖြင့် ချက်ချင်းသဘောမတူနိုင်သေးသည့်သူမှာ ယောက်ျားလေးနှစ်ဦး ဖြစ်နေ၏။


ဟယ့်ချောင်ယွမ်၏ နှုတ်ခမ်းထောင့်စွန်းများ ညွှတ်ကျသွား၏။

" နင်နည်းနည်း ပြောင်းပေးလို့မရဘူးလား..." 


ကျန်းချန်ကလည်း လိုက်ပြောလာ၏။

" ငါတို့မှာ ပိုက်ဆံလည်း ရှိပါတယ်..."


" မရဘူး..."

ဆာ့ဆာ့က ကျန်းချန်ကို ခါးသီးစွာ ကြည့်လိုက်သည်။

" ငွေအကြောင်းမပြောစမ်းနဲ့...ငါတို့ရဲ့ ခင်မင်မှုကို ထိခိုက်စေချင်လို့လား..." 


နှစ်ယောက်သားမှာ ကူကယ်ရာမဲ့နေပြီး အလျှော့ပေးမှသာ ရတော့မည်ဖြစ်၏။


ထို့နောက် ကျောင်းအုပ်လီစီးက ပြိုင်ပွဲကို ကြည့်နေပြီး သူ့ပထမဘက်စုံအကယ်ဒမီရှိ ပထမနှစ်ကျောင်းသားများက ထိုက်ယီဂိုဏ်း၏မက်ခါအခွံများအဖြစ် ပြောင်းသွားသည်ကို တွေ့လိုက်ရသောအခါ သူပေါက်ကွဲလုနီးပါးဖြစ်သွား၏။

" သူတို့က ပထမဘက်စုံအကယ်ဒမီကကျောင်းသားတွေလား... ထိုက်ယီဂိုဏ်းရဲ့ကျောင်းသားတွေလားဟ... ငါက ထိုက်ယီဂိုဏ်းအတွက် ကျောင်းသားတွေကို လေ့ကျင့်ပေးလိုက်မိတာလား..." 


ကျောင်းအုပ်လီစီးမှာ အနည်းငယ် ခါးသက်သက်ခံစားနေရသည်။ သူက မျိုးစေ့ကောင်းများကို ချခဲ့သော်လည်း နောက်ဆုံးတွင်ကျော်ကြားမှုကို အခြားသူများက လုယူသွား၏။



💫💫💫