💫 Chapter 60
အနှီပွဲစဥ်က အဖွဲ့လိုက်ပဏာမပွဲစဥ်ဖြစ်သော်ငြား ယခုနှစ် မက်ခါလိဂ်က အာရုံစိုက်မှုအများအပြားရရှိထားသည်။ ထိပ်တန်းဆယ်ဖွဲ့ထဲပါဝင်သော အဖွဲ့အချင်းချင်းယှဥ်ပြိုင်လိုက်ရသောအခါ ပထမအကယ်ဒမီလူသစ်အဖွဲ့နှင့် လူရိုင်းအဖွဲ့၏ပွဲစဥ်က ချက်ချင်းပင် စတားကွန်ရက်၌ လူသိများသွား၏။
ပွဲစီစဥ်သူက မှတ်တမ်းတင်ထားသော ဗီဒီယိုကို ထုတ်လွှင့်ပေးလိုက်သောအခါ မှတ်ချက်ပြုသူအများအပြားရှိလာသည်။
[ အစကတော့ ဒီကလေးက အရမ်းနမော်နမဲ့နိုင်တာပဲလို့ ငါတွေးမိလိုက်သေးတယ်...ဒီဗီဒီယိုထဲက သူ့ရဲ့ လုပ်ဆောင်ချက်ဆက်တိုက်တွေကို ကြည့်လိုက်ပြီးတော့ ငါဒူးထောက်ချင်မိသွားတော့တာပဲ...]
[ ဘာ...ဒါကိုတောင် ပဏာမပွဲစဥ်ပဲရှိသေးတယ်တဲ့လား...ငါတော့ လုံးဝဒူးထောက်ပြီ...]
[ ဒါက လူရိုင်းအသင်းက အရမ်းအားနည်းနေလို့ မဟုတ်ဘူးဆိုတာငါနားလည်တယ်...ဒါပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်က တကယ်ကို ထူးချွန်တာပဲ...]
[ ဟားဟား...အစီအစဥ်တင်ဆက်သူတွေတောင် ဘာပြောလို့ ပြောရမှန်းမသိကြတော့ဘူး...ပြီးတော့ အဆုံးနားလေးမှာ ကြော်ငြာဝင်သွားတာက တကယ်မထင်မှတ်ထားတာပဲ...]
ယခင် ထိုက်ယီဂိုဏ်းအပေါ် လူထု၏အမြင်က ထိုဆေးဝါးထုတ်လုပ်သော သုတေသနကုမ္ပဏီများအပေါ်အမြင်နှင့် အလားတူပင်ဖြစ်သည်။ အချို့လူများက ထိုက်ယီဂိုဏ်းကို ကျန်းဝူရွှမ်း ဝင်သွားသည်ဆိုသည်ကို သိသော်ငြား လူထု၏အမြင်ကို ပြောင်းပြန်လှန်နိုင်ရန်က စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသေးသည်။ ကျန်းဝူရွှမ်းက မက်ခါသမိုင်းသစ်ကို ပြောင်းလဲနိုင်လိုက်သော တစ်ဦးတည်းသောသူဆိုလျှင်ပင် သူ၏ကိုယ်ပိုင်အဆင့်က Sအဆင့်ထိ မရောက်သေးပေ။
ကျန်းဝူရွှမ်းလို လူတစ်ယောက်တည်းနှင့် လူထု၏ အမြင်ကို ပြောင်းလဲပစ်နိုင်ရန် မရှိချေ။
သို့သော် ထိုက်ယီဂိုဏ်းက သူတို့အားလုံးကို သက်သေပြခဲ့သည်။ မက်ခါသုတေသန၌လည်း သူတို့က ကျွမ်းကျင်သူများပင်။
အနှီ အဝေးသုံးတိုက်ခိုက်ရေးဓားပျံက အားလုံးကို ဂယက်ရိုက်သွားစေ၏။ ၎င်းက ကျင့်ကြံသူများအတွက် သာမန်ကိစ္စသာဖြစ်သော်ငြား ကြယ်တာရာခေတ်၏ နိုင်ငံသားများအတွက်မူ အဆန်းတကြယ်ဖြစ်နေသည်။
ကျင့်ကြံသူများတွေထဲမှာတော့ ဓားပျံမသုံးနိုင်တဲ့သူ ဘယ်သူရှိပါ့မလဲ…
ဆာ့ဆာ့အတွက် အဝေးသုံးတိုက်ခိုက်ရေးကို ထည့်ပေးရန် စဥ်းစားချိန်က မက်ခါနှင့် ဓားပျံကို မည်သို့ကိုက်ညီအောင်လုပ်ပေးရမည်ကိုပါ စုန့်နင်ဖုန်းက စဥ်းစားထားပြီးသား ဖြစ်သည်။
ပြိုင်ပွဲအတွင်း၌ ဆာ့ဆာ့၏ မက်ခါက 'ဘယ်လောက်ကောင်းအောင်လုပ်ဆောင်နိုင်သလဲ'ဆိုသည်ကို အားလုံးမြင်တွေ့နိုင်၏။ လူများကသာ ထိုက်ယီဂိုဏ်းအပေါ်တွင် အမြင်ကောင်းမရှိလျှင် သူတို့က မက်ခါကို ထည့်စဥ်းစားနေမည်ပင် မဟုတ်ပေ။
ပွဲစီစဥ်သူများက မည်မျှစိတ်ရှုပ်နေပါစေ ဆာ့ဆာ့၏ ကြော်ငြာက ထိရောက်မှုရှိသည်။ သူတို့ ထိုက်ယီဂိုဏ်းကို ရှာကြည့်ချင်သော်လည်း ဆက်သွယ်စရာတစ်ခုမှ ရှာမတွေ့သောအခါ အားလုံးစိတ်ရှုပ်ကြကုန်၏။
ဆာ့ဆာ့က ကြော်ငြာရန်သာသိပြီး သူတို့ကို ဆက်သွယ်၍ရမည့် အချက်အလက်များကို မပြောသွားပေ။ ထို့အပြင် ထိုက်ယီဂိုဏ်းကို ဆက်သွယ်၍ရမည့်အချက်အလက်ကို သိသူအချို့ကလည်း ထုတ်မပြောကြပေ။
' ဒါက ဘယ်လိုဟာသမျိုးလဲ...'
အချို့သူများက ထိုက်ယီဂိုဏ်းကို ဆက်သွယ်မရသဖြင့် ဒေါသထွက်နေကြပြီး အချို့ကြော်ငြာလုပ်ငန်းရှင်များက ဆာ့ဆာ့ကဲ့သို့ သေချာကြော်ငြာပေးနိုင်မည့် မက်ခါတိုက်ခိုက်ရေးသမားမျိုးကို ရှာမတွေ့၍ ဒေါသထွက်နေကြသည်။
' ထိုက်ယီဂိုဏ်း ကြော်ငြာသွားတာ အရမ်းကောင်းတယ်...ဘယ်သူက မနာလိုမဖြစ်ဘဲ ရှိပါ့မလဲ...သူတို့က စတားကွန်ရက်မှာ လူကြိုက်အများဆုံးသတင်း(hot search)ကိုတောင် မဝယ်ဘဲနဲ့ စတားကွန်ရက်ရဲ့ နံပါတ်၂ လူစိတ်ဝင်စားခံရဆုံးနေရာကို ရသွားတာလေ...ပထမနေရာကလည်း အဲ့ဒီမက်ခါနဲ့ တိုက်ခိုက်ထားတဲ့ ပြိုင်ပွဲဗီဒီယိုပဲ...'
သို့သော် ကြော်ငြာလုပ်ငန်းရှင်များက အတန်အသင့်အားကောင်းသည့် မက်ခါတိုက်ခိုက်ရေးသမားများကို ဆက်သွယ်မိသောအခါ သူတို့က ကြည့်ပင်ကြည့်မနေဘဲ ပြောလာ၏။
" ဖြစ်ကတတ်ဆန်းတွေ လုပ်ပြရလောက်အောင်အထိ ကျွန်တော်တို့က ပိုက်ဆံပြတ်လပ်နေတဲ့ပုံပေါက်နေလို့လား...ခင်ဗျားတို့မက်ခါက အရမ်းကောင်းနေတယ်ဆိုလည်း ဘာလို့ထုတ်မလာတာလဲ...ခင်ဗျားတို့ မက်ခါကသာ တကယ်ကောင်းတယ်ဆိုရင် ကျွန်တော်တို့ဘက်က အလကားကြော်ငြာပေးရရင်တောင် ကိစ္စမရှိဘူး..."
ကြော်ငြာလုပ်ငန်းရှင်များကလည်း ဒေါပွသွား၏။
' အဲ့ဒီလို မက်ခါမျိုးသာရှိလို့ကတော့ ငါတို့ကြော်ငြာဖို့ လိုနေဦးမလား...အဲ့ဒီ အဆင့်မြင့်မက်ခါတိုက်ရေးသမားတွေကို ကြည့်လိုက်ဦး ..အားလုံးက သူတို့နောက်ကိုပဲလိုက်နေကြတာလေ...'
သို့သော် ကြော်ငြာရန်အတွက် သာမန်မက်ခါတိုက်ခိုက်ရေးသမားကိုသာ ရွေးလိုက်လျှင်လည်း ထိုသူတို့က ပဏာမပွဲစဥ်အထိပင် ရောက်နိုင်မည်မဟုတ်သည့်အတွက် ကြော်ငြာနေလည်း အလကားပင်။
ဆာ့ဆာ့က သူမ၏ကိုယ်ပိုင်လုပ်အားဖြင့် ကြော်ငြာလက်ခံသည့် အခြေအနေအား မြှင့်တင်လိုက်မိပြီဆိုသည်ကို မသိဘဲနှင့် မကျေမချမ်းဖြစ်နေသည့်သူများကို ဆွဲဆောင်မိနေ၏။ သူမ အနည်းငယ် နှာချေလိုက်မိပြီးနောက် တွေးလိုက်သည်။
' တစ်ယောက်ယောက်က ငါ့ကို သဘောကျနေတာပဲ ဖြစ်ရမယ်...'
ထိုသူက မည်သူလဲဆိုသည်က အရေးမကြီးပေ။ ဆာ့ဆာ့၏ အသင်းသားများက စုန့်နင်ဖုန်း သီးသန့်ပြုလုပ်ပေးထားသော မက်ခါများကို စမ်းသပ်ကြည့်နေပြီး ဆာ့ဆာ့ကလည်း စူးစမ်းကြည့်နေမိသည်။
ဆာ့ဆာ့၏ အသင်းသားများက ဆာ့ဆာ့နှင့် အမူအကျင့်ခြင်းမတူသောကြောင့် စုန့်နင်ဖုန်း မက်ခါကိုပြုလုပ်ချိန်၌ သူတို့၏ လေ့ကျင့်ရေးဗီဒီယိုများကို ဦးဆုံးကြည့်ကာ သူတို့၏ ပုံစံနှင့် လိုက်ဖက်မည့်ပုံစံအတိုင်း ပြုပြင်ပေးခဲ့သည်။
မက်ခါများအပေါ် သုတေသနပြုရာ၌ အချို့မက်ခါပညာရှင်များလောက် သူက နက်နက်နဲနဲမရှိသော်လည်း သူ့တွင် ကိုယ်ပိုင်ဝိသေသလက္ခဏာများ ရှိသည်။ မက်ခါ၏စွမ်းအင်စားသုံးမှုကို လျှော့ချရန် သူက စိတ်ဝိညာဥ်စွမ်းအင်အစီအရင်နှင့် ပေါင်းစပ်လိုက်၏။ ထို့နောက် ကျန်းဝူရွှမ်း၏ ကြယ်စင်ဝေလငါးဒီဇိုင်းကို သုံးကာ လှုပ်ရှားမှုများကို ပိုသွက်လက်အောင် မက်ခါများ၌ မြှင့်တင်ပေးလိုက်သည်။
မက်ခါများ၌ စွမ်းအင်စားသုံးမှုကို လျှော့ချလိုက်ခြင်းက ဘာမှမဟုတ်သည့်ကိစ္စဟုထင်ရသော်လည်း ၎င်းက ပြိုင်ပွဲတွင် အမှန်တကယ်အရေးကြီးသောကဏ္ဍ၌ ပါဝင်သည်။
တူညီသည့်မက်ခါနှစ်ခု၌ ခံနိုင်ရည်ချင်းမတူလျှင် မည်သည့်မက်ခါက ပိုအားသာချက်ရှိမည်နည်း။
ကျန်းဝူရွှမ်းမှာ အစကတည်းက ကြယ်စင်ဝေလငါး၏ မူပိုင်ခွင့်ကို ထုတ်ပေးပြီးသား ဖြစ်သော်လည်း သာမန်လူများက ကျန်းဝူရွှမ်းနှင့် စုန့်နင်ဖုန်း၏ သုတေသနကို နားမလည်နိုင်ကြပေ။
စုန့်နင်ဖုန်း၏ လက်ရာက အသေးစိတ်ကျပြီး မက်ခါမောင်းနှင်သူ၏ တိုက်ခိုက်လှုပ်ရှားသည့်ပုံစံနှင့် ချိန်ညှိထားသည်။ ထို့ကြောင့် စုန့်နင်ဖုန်းပြုလုပ်ထားသောမက်ခါများက ထိုမက်ခါတိုက်ခိုက်ရေးသမားများ အသုံးပြုနေကျမက်ခါများထက်ပင် ပို၍ အံဝင်ခွင်ကျဖြစ်နေသေး၏။
ဤထိုးထွင်းဉာဏ်အဆင့်က မက်ခါပညာရှင်များထက်ပင် သာလွန်နေသေးသည်။
စုန့်နင်ဖုန်းမှာ မက်ခါပညာရှင်အဆင့်ထဲတွင်ပင် တင်သွင်းထားခြင်းမရှိသေးကြောင်း သိလိုက်ရသောသူအချို့အဖို့ အလွန်အံ့အားသင့်သွားမိစေသည်။ ထို့ကြောင့် စုန့်နင်ဖုန်းက နာမည်မကြီးသေးခြင်းဖြစ်မည်။
မက်ခါပညာရှင်အသင်းချုပ်က လစဥ်လတိုင်း မက်ခါပညာရှင်အဆင့်များကို တင်ပြပေးသည်။ Sအဆင့်နှင့်အထက် ရှိသူများကို အားလုံးသတိထားမိနိုင်ပြီး Aအဆင့်လောက်ထိဆိုလျှင်ပင် နာမည်ကြီးထဲပါဝင်၏။ စုန့်နင်ဖုန်းက မက်ခါဖန်တီးသည့် အရည်အချင်းအရ Sအဆင့်ထက် နိမ့်မည်မဟုတ်ပေ။ သို့သော် သူတို့ စုန့်နင်ဖုန်း၏ နာမည်ကို တစ်ခါမှ ကြားဖူးနားဝမရှိခဲ့ပေ။ ထိုသူမှာ မက်ခါပညာရှင်အဆင့်ကိုပင် တင်သွင်းထားခြင်းမရှိ ဖြစ်နေ၏။
စုန့်နင်ဖုန်းက ဤအရာများကို ဂရုမစိုက်ပေ။ သူက သူ့အရည်အချင်းကို မသိဘဲ မနေပေ။ သူက အခြားသူများထံတွင် အဆင့်သတ်မှတ်ခံနေရရန်ပင် မလိုချေ။
ကျန်းချန်နှင့် အခြားသူများက စိတ်ရှုပ်ထွေးနေ၏။
' ဒါက ဉာဏ်ကြီးရှင်တွေရဲ့ လုပ်နေကျစတိုင်ပဲလား..'
မက်ခါ၏ လုပ်ဆောင်မှု တိုးတက်လာခြင်းနှင့် အတူ စုန့်နင်ဖုန်းအပေါ် လေးစားမှုများကြောင့် သူတို့သုံးယောက်မှာ မက်ခါဝတ်ပြီး ကြော်ငြာရသည်ကို ရှက်သည့်စိတ်လည်း လျော့ကျသွား၏။ သူတို့က မက်ခါသီးသန့်ပြုလုပ်ရန် အခြားသူများ ရှာ၍ပင် မတွေ့နိုင်သည့် မက်ခါပညာရှင်ထံတွင် စျေးနည်းနည်းဖြင့် မက်ခါသီးသန့်ပြုလုပ်ခွင့်ရလိုက်သည်။ သူတို့ မသိမသာ ကြိတ်ပျော်နေမိ၏။
အချိန်တိုအတွင်းမှာပင် ထူးဆန်းသောစာတန်းကပ်ထားသည့် မက်ခါကိုဝတ်ပြီး ကြော်ငြာပေးရခြင်းကို သူတို့လုံးဝ ရှက်ရွံ့သလိုမခံစားရတော့ပေ။ အမှန်တွင် နောက်ပြန်ဆုတ်စရာလည်း လမ်းမရှိတော့ပေ။ အနှီ ' ထိုက်ယီဂိုဏ်းက အံ့မခန်းပဲ' ဟုရေးထားသော အနီရောင်စာတန်းကပ်ဒီဇိုင်းမက်ခါက အထူးသဖြင့် စတားကွန်ရက်တွင် နာမည်ကြီးနေ၏။ မက်ခါပလာဇာထဲသို့ ဝင်ကြည့်လိုက်လျှင်လည်း ထိုကဲ့သို့ပင် မက်ခါ ၁၀မျိုး၌ ၅မျိုးလောက်က ထူးဆန်းသောအရောင်များဖြင့်ဆင်ထားသည်။
ကံမကောင်းစွာဖြင့် ကြယ်တာရာခေတ်လူသားများက အလွန်သည်းခံနိုင်ပြီး ခေတ်နှင့်အညီ လိုက်လျောညီထွေစွာ နေတတ်သောကြောင့် မည်မျှပင် ထူးဆန်းကြောင်တောင်တောင်နိုင်သည့်အရာဖြစ်ပါစေ နာမည်ကြီးလာနိုင်၏။ ထို့ကြောင့် ယခုတစ်ခေါက် စာတန်းကပ်မက်ခါနာမည်ကြီးသွားခြင်းကလည်း အံ့အားသင့်စရာ မရှိတော့ပေ။
အစပိုင်းတွင် ထူးဆန်းသော အရောင်ရောစပ်မှုက ရှော့ခ်ရသွားစေနိုင်လောက်သော်လည်း ၎င်းကို ကြည့်ရင်းကြည့်ရင်းဖြင့် ချစ်စရာကောင်းလာ၏။
ဆာ့ဆာ့အသင်း၏ ပဏာမပွဲစဥ်ဗီဒီယိုက အလွန်ပြောင်မြောက်လှပြီး အမြင်ဖမ်းစားနေသောကြောင့် လူအများက သူတို့ကို စတင်ပြီး အတုခိုးလာသည်။ လမ်းပေါ်သို့လျှောက်သွားလျှင်ပင် မည်သည့်အသင်းက တကယ့်အစစ်ဆိုသည်ကို မည်သူမှ သိကြမည်မဟုတ်ပေ။ အားလုံးက 'နောက်ထပ်အတုခိုးတဲ့သူတစ်စုပဲ' ဟုသာ တွေးကြလိမ့်မည်။
မသိကြသည့်သူများကမူ ထိုက်ယီဂိုဏ်းက ကျင့်ကြံရေးကမ္ဘာတွင်သာမက ကြယ်တာရာခေတ်မှာပါ ခြေကုပ်ရယူလိုက်နိုင်ပြီဟု ထင်ကြလိမ့်မည်။
ကြယ်တာရာခေတ်၌ ဩဇာလွှမ်းမိုးမှုရှိလာရန်မှာ အင်အားအလွန်ကြီးနေရန်မလိုဘဲ လူများကို ဦးနှောက်ဆေးတတ်ရန်သာလိုကြောင်း ဆာ့ဆာ့သိလိုက်ရသည်။
သို့သော်လည်း ကျန်းချန်နှင့် သူမ၏အသင်းသားများကို သူတို့၏မက်ခါအားဆန်းသစ်ကာ အခွံပြောင်းလဲလိုက်ခြင်းအပေါ် အငြင်းပွားစရာအချို့ရှိလာ၏။
ကျောင်းအုပ်ကြီးလီစီးက အဆင်ပြေသေးသည် ။ ၎င်းက သူ့ကို အနည်းငယ် စိတ်ထိခိုက်စေသော်လည်း သူတတ်နိုင်သည့်အရာ ဘာမှမရှိချေ။ သူတို့နေရာ၌ သူသာဆိုလျှင်လည်း အပြင်ပန်းပုံစံကို ပြောင်းလဲချင်မိမှာပင်။
ဟယ့်မိသားစု၏က ပို၍ပင် သည်းခံနိုင်၏။ သူတို့က ဟယ့်ချောင်ယွမ်၏ မူလဆန္ဒကို လိုက်လျောကြသည့်အပြင် ဟယ့်နျန်၏ကျောင်းသား လီလင်ကလည်း ထိုက်ယီဂိုဏ်းမှကျန်းဝူရွှမ်းနှင့် ဆက်ဆံရေးအချို့ရှိသည်။ မည်သူကမှ သူတို့ကို ထုတ်ဖော်မဝေဖန်ရဲကြပေ ။
သို့သော် ကျန်းမိသားစုက ယှဥ်ပြိုင်မှုပြင်းထန်ကာ ပိုရှုပ်ထွေးသည်။ အထူးသဖြင့် ကျန်းချန်နှင့် ကျန်းမိသားစုရှိသူများမှာ ကျေချမ်းမှုမရှိပေ။ ကျန်းဖုန့်က ဥပမာပင်။ မိသားစုထဲတွင် မက်ခါပညာရှင်ကလည်း လိုအပ်မှုမရှိသောကြောင့် အခြားမိသားစုအတွက် ကျန်းချန်ကကြော်ငြာပေးနေခြင်းမှာ သူတို့အတွက် ပြောစရာဖြစ်သွားစေ၏။
ကျန်းချန်၏ အသင်းက ပြိုင်ပွဲတွင်အနိုင်ရသွားသောကြောင့် သူ့ကိုလာလှောင်ပြောင်မည်စိုးသည့်အတွက် ကျန်းဖုန့် စိတ်အေးအေးမထားနိုင်တော့ပေ။ သို့သော် ကျန်းချန်က ကွင်းထဲမှ ထွက်လာချိန်၌ သူ့ကို အကြည့်တစ်ချက်ပင်မပေးဘဲ ကျန်အဖွဲ့သားများနှင့် ပျော်ပျော်ရွှင်ရွှင်သာ ထွက်သွား၏။ ဤသို့ လျစ်လျူရှူခံလိုက်ရသော ခံစားချက်က ကျန်းဖုန့်ကို ပို၍ဒေါသထွက်စေသည်။
ပဏာမပွဲစဥ်အပြီး ကျန်းချန်၏ ဂုဏ်သတင်းကတက်လာသည်ကို မြင်ရသောအခါ ကျန်းဖုန့် ထိုသူ၏ အမှားကိုရှာရန် မစောင့်နိုင်တော့ချေ ။
" ဝမ်းကွဲရေ...မင်းက မင်းရဲ့အတန်းဖော်တွေနဲ့ ရင်းနှီးတယ်ဆိုတာ ငါသိပါတယ်...ဒါပေမဲ့ ဒီအပြုအမူက နည်းနည်း မသင့်တော်ရာမကျဘူးလား...ထိုက်ယီဂိုဏ်းက မင်းကို မက်ခါအတွက်ဆန်းသစ်အောင် နည်းနည်းလေး ကူညီပေးလိုက်ရုံပါပဲ...ဒါပေမဲ့ ဒီဇိုင်းအပြည့်အစုံကို လုပ်ပေးထားတာက ဆရာမကျန်းလီလေ..."
[T/N - ကျန်းလီက ကျန်းမိသားစုက မက်ခါပညာရှင်ဆရာမပါ ကျန်းချန်နဲ့ ကျန်းချင်တို့ အန်တီလို့ ခေါ်ကြတဲ့သူပါ ရှေ့မှာတစ်ခါပါဖူးပါတယ် ]
တစ်စုံတစ်ယောက်က ကျန်းဖုန့်၏စကားနောက်မှ သံယောင်လိုက်လာ၏။
" အေးလေ...သူတို့ကို မင်းဒီအတိုင်းကျေးဇူးတင်ပြီး ပိုက်ဆံလေးနည်းနည်း ပေးလိုက်ရင် ရနေပြီပဲ... မသိရင် ကျန်းမိသားစုမှာ မင်းတစ်ယောက်တည်းရှိတာ ကျနေတာပဲ..."
သူတို့၏စကားထဲ၌ ထေ့ငေါ့နေသော အရိပ်ယောင်များ ပါနေ၏။
သူတို့မိသားစုဝင်အားလုံး၏ မက်ခါများကို ကျန်းလီက ဖန်တီးပေးထားခြင်း မဟုတ်ပေ။ ကျန်းချန်က ဤအခွင့်အရေးကို ရထားသည့်အပြင် ပြင်ပမှ သူ့မက်ခါကို ထပ်လောင်းဆန်းသစ်ရန် အကူအညီကိုပါရရှိလိုက်ပြီး သူ့အဆင့်ကလည်း လုံးဝမနိမ့်သည်က အသိသာကြီးပင်။
' ဘာလို့များ ကောင်းတဲ့အရာတွေမှန်သမျှ ကျန်းချန်ရဲ့ ပေါင်ပေါ်ကိုပဲ ပြုတ်ကျနေရတာလဲ...'
ကျန်းချန်၏ အကျင့်စရိုက်ကလည်း ငြိမ်ခံကာ အောင့်အည်းသည်းခံနေမည့်သူမဟုတ်ပေ။
" ဘာလဲ...မင်းတို့က မနာလိုဖြစ်နေတာလား..."
" မင်းတို့ကောင်တွေ ဘယ်တော့မှ စင်ပေါ်မရောက်တာ အံ့သြစရာမရှိတော့ပါဘူး...ကျန်းမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက မင်းတို့လို အမှိုက်တွေ ဖြုန်းပစ်ဖို့မဟုတ်ဘူး... ငါ့အဖေက ငါကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ပဲ တွေးနေမှာ... ဆရာမကျန်းလီကတောင် ဘာမှ မပြောတာ..မင်းတို့က ဘာဖြစ်ချင်နေတာလဲ...ဒါက မင်းတို့ကို အမြင်ကျယ်တဲ့ပုံပေါက်မသွားစေဘူး...သဘောထားသေးသိမ်တဲ့ကောင်တွေ..."
သူက လူများကို စကားဖြင့်သာ ဖြတ်ချလိုက်သည် ။
သူက အသင်းဖော်များနှင့် ရင်းနှီးနေပြီဖြစ်ပြီး ခင်မင်ရလွယ်ပုံပေါ်သော်လည်း ၎င်းက လှည့်စားထားသော အပြင်ပန်းပုံစံသာဖြစ်သည်။ သူ၏ အခြားအဖွဲ့ဝင်သုံးယောက်ကလည်း လူများနှင့် ရင်ဆိုင်တွေ့ရချိန်၌ တည့်တိုးဆန်ပြီး မယဥ်ကျေးတတ်ကြပေ။
ကျန်းချန်တကယ်ပဲ သူတို့နဲ့ အဆင်ပြေနိုင်ပါ့မလား…
သူ့ကို ယှဥ်ရန်ပင် မတတ်နိုင်သောသူများက သူ့ကို ဒေါသထွက်အောင်လည်း လုပ်နိုင်မည် မဟုတ်ပေ။
သို့သော် လုချန်းမင်တွင် ပြဿနာအနည်းငယ်ရှိသည်။ သူမ၏ မက်ခါကို Sအဆင့် မက်ခါပညာရှင်က စပွန်ဆာပေးထားခြင်းဖြစ်သည်။ လုချန်းမင်က ပိုက်ဆံအနည်းငယ်ပေးရသည်ဆိုသော်လည်း ကျသင့်ငွေမျှသာ ဖြစ်၏။ လုချန်းမင်ဘက်က မက်ခါပညာရှင်ကို မက်ခါ၌ လိုအပ်ချက်များကို ပြန်ပြောပြပေးရန်သာ လိုအပ်သည်။ လုချန်းမင် နာမည်ရလာလျှင် သူမ၏ မက်ခါပညာရှင်ကလည်း တစ်ခါတည်း နာမည်ကြီးလာမည်မှာ သေချာပေါက်ပင်။
လူတိုင်းက လီလင်နှင့် ကျန်းလီကဲ့သို့ သူတို့၏ မက်ခါအား အခြားသူက ပြန်လည်ဆန်းသစ်ပေးမည်ကို လိုလိုလားလားလက်ခံပေးလိမ့်မည် မဟုတ်ပေ။ လုချန်းမင်၏ မက်ခါပညာရှင်ကျန်းဝိန့်က ရှေးရိုးစွဲသည့်သူဖြစ်သည်။ သူဖန်တီးထားသော မက်ခါက သူထင်ထားသလိုမဟုတ်တော့သောအခါ သူ့မျက်နှာက တစ်ခါတည်း စိမ်းဖန့်သွား၏။
" မင်းက ငါ့မက်ခါကို သုံးပြီး တခြားသူတွေကို ကြော်ငြာပေးချင်တယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး...မင်း တစ်ခြားမက်ခါပညာရှင်ကို မျက်စိကျနေတယ်ဆိုရင်တောင် ဒီလိုပြောင်းပစ်ဖို့ လိုလို့လား..."
ကျန်းဝိန့်မှာ သူ့လက်ရာကို စော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။
လုချန်းမင်က ကျန်းဝိန့်ကို လေးစားသမှုထားဆဲဖြစ်ပြီး ချက်ချင်းရှင်းပြလာ၏ ။
" ဆရာကျန်းဝိန့် အထင်လွဲနေပါပြီ...ဒီ ဒီဇိုင်းတွေက နည်းနည်းဆန်းနေတယ်ဆိုပေမဲ့လည်း တကယ်အသုံးဝင်ပါတယ်...ကျွန်မကို မယုံဘူးဆိုရင် ဆရာကိုယ်တိုင် စမ်းကြည့်လို့ရပါတယ်..."
ကျန်းဝိန့်က သူမစကားကို ဖြတ်ပြောလာ၏။
" အဲ့ဒီ မက်ခါပညာရှင်က ဘယ်လိုအဆင့်မျိုးရှိတဲ့ ပညာရှင်လဲ..."
" အာ...အမ်း မစ္စတာစုန့်မှာက မက်ခါပညာရှင်အဆင့်သတ်မှတ်ထားတာမျိုးမရှိပါဘူး..."
💫💫💫