Chapter 61
Viewers 3k

💫 Chapter 61



ကျန်းဝိန့်တစ်ယောက် မယုံကြည်နိုင်သလို ဖြစ်သွား၏။ 

" မက်ခါပညာရှင့်အဆင့်တောင် မရှိတဲ့သူတစ်ယောက်ကို မင်းက ငါ့ရဲ့လက်ရာကို ထိခွင့်ပေးလိုက်တယ်တဲ့လား... မင်းက ငါ့ကို အရှက်ခွဲနေတာလား...ဒါမှမဟုတ် ငါကပဲ မင်းအပေါ် အမြင်မှားပြီး လွယ်တဲ့ပုံပေါက်သွားစေတာလား..." 


လုချန်းမင်က လက်ခါယမ်းပြလာ၏။

" အဲ့လိုသဘောမျိုးမဟုတ်ပါဘူး ဆရာကျန်းဝိန့်...ကျွန်မ ဆရာ့ကို အမြဲလေးစားပြီးသားပါ...မစ္စတာစုန့်ကလည်း မက်ခါပညာရှင်အဆင့်မရှိပေမဲ့လို့ သူက တကယ်တော်ပြီး ဆရာ့ရဲ့ ဒီဇိုင်းတွေကိုလည်း အသိအမှတ်ပြုပါတယ်...ဒီအပေါ်ယံဆန်းသစ်မှုက မက်ခါလိဂ်ကာလအတွင်းသုံးရုံပါပဲ...မက်ခါလိဂ်ပြီးသွားရင် အရင်ဒီဇိုင်းအတိုင်း ကျွန်မတို့ ပြန်ထားပေးမှာပါ..." 


သို့သော် ကျန်းဝိန့်က ပို၍ပင် ဒေါသထွက်လာ၏။ 

" ဘာ...ငါက အဲ့ဒီလူရဲ့ အသိအမှတ်ပြုခံရဖို့ လိုနေသေးလို့လား...ကလေးမ မင်းငါ့ကို လာနောက်နေတာလား...မင်းက အသက်လေးငယ်သေးတော့ လှည့်ကွက်လေးတွေ ရှိချင်ရှိမှာပေါ့...မက်ခါပညာရှင်တိုင်းက Sအဆင့် ပညာရှင်မဟုတ်ဘူးဆိုတာကို မင်းကို ငါပြန်သတိပေးလိုက်မယ်...သူတို့က မက်ခါပညာရှင်အဆင့်အသိအမှတ်ပြုလက်မှတ်တောင် မရှိဘူးဆိုရင် သူတို့ရဲ့ အမူအကျင့်မှာ ပြဿနာတချို့ရှိနေလို့ပဲ ဖြစ်လိမ့်မယ်...မက်ခါကို တတ်နိုင်သမျှ သူ့ပုံစံအတိုင်း ပြန်ပြောင်းဖို့ပဲ မင်းကို ငါအကြံပေးလိုက်မယ်..." 


လုချန်းမင်က ဆရာကျန်းဝိန့်ကို လေးစားသော်လည်း သူမက တွန်းအားပေးခံလိမ့်မည်ဟု မဆိုလိုပေ။ သူမက အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိလောက်အောင် ရူးမိုက်သောသူလည်း မဟုတ်ပေ။ ထို့အပြင် မက်ခါအားဆန်းသစ်နိုင်ခွင့်ရလိုက်ခြင်းက ဆာ့ဆာ့၏ မျက်နှာသာပေးမှုကြောင့်သာ။ အခြားသူများဆိုလျှင် ဤအခွင့်အရေးကို လိုချင်၍ပင် မရကြပေ။ သူမသာ ၎င်းကို ပြန်ပြောင်းလိုက်ပါက အသင်းထဲတွင် ဆက်ရှိနိုင်ဦးမည်မဟုတ်ပေ။


လုချန်းမင်က ကျန်းဝိန့်ကို တစ်ခါတည်း ငြင်းဆိုလိုက်သည်။


ကျန်းဝိန့်က လှောင်ရယ်လာ၏ ။

" ကလေးမ… ပြဿနာမရှာချင်စမ်းပါနဲ့...မင်းက ငါပေးတဲ့ အကြံကို လက်မခံချင်ဘူးဆိုရင် ဒီမက်ခါရဲ့ ကုန်ကျစရိတ်မှန်သမျှကိုပေးပြီး နောက်နောင်လည်း ငါ့ရဲ့ မက်ခါတွေကို အသုံးပြုခွင့်လည်း မယူနဲ့တော့..." 


" ကျွန်မ အကုန်ပေးပါ့မယ်..." 

လုချန်းမင်မှာ ယခုတွင် စုငွေအချို့ရှိထားပြီး ဖြစ်သည်။


ကျန်းဝိန့်က လုချန်းမင်ကို ဖိနှိပ်ချင်ရုံသာဖြစ်သော်လည်း သူမက ထိုမျှခေါင်းမာနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။


သူမျက်နှာပျက်သွားသလို ခံစားလိုက်ရသောအခါ သူက လုချန်းမင်ကို သင်ခန်းစာပေးချင်သည့်အတွက် အလွန်မြင့်မားသောကျသင့်ငွေကို ပေးပို့လိုက်သည်။


" ဒီတတိယအဆင့်မက်ခါပညာရှင်လေးတွေက အပြင်မှာ နာမည်လေးနည်းနည်းရှိတယ်ဆိုရင်တောင် သူတို့ရဲ့ အောင်မြင်မှုက ကြာကြာခံမှာ မဟုတ်ပါဘူး...စောင့်ကြည့်ကြသေးတာပေါ့..." 


" ဆရာက ဘာလုပ်ချင်နေသေးတာလဲ..."


" ငါ့ကို ဗီလိန်ကြီးလိုမျိုး လာကြည့်မနေစမ်းနဲ့...ငါက ဒီအတိုင်း တာဝန်သိတဲ့ နိုင်ငံသားတစ်ယောက်ပဲ...ငါဒီပြဿနာကို မက်ခါဌာနချုပ်ဆီ တင်ပြရမယ်...Sအဆင့် မက်ခါပညာရှင်မှာ အဆက်အသွယ်တွေဘယ်လောက်များသလဲဆိုတာ မင်းမှန်းဆနိုင်မှာတောင် မဟုတ်လောက်ဘူး..." 


ကျန်းဝိန့်စကားကြောင့် လုချန်းမင် တုန်လှုပ်သွား၏။ ပိုက်ဆံက ကိစ္စတစ်ရပ်သာဖြစ်ပြီး ကျန်းဝိန့်ဘက်က စျေးမြင့်မြင့်တောင်းခံလာလျှင်ပင် သူမ တစ်နည်းနည်းနှင့် ပေးချေ၍ရနိုင်သည်။ သို့သော် ကျန်းဝိန့်၏ ပုံစံကို ကြည့်ရသည်မှာ စုန့်နင်ဖုန်းကို ဖယ်ရှားပစ်ချင်နေပုံရသည်။


ထို့အပြင် သူမက အနာဂတ်တွင် ကျန်းဝိန့်နှင့် ထပ်ပက်သတ်စရာမလိုတော့အောင် သူမ၏မက်ခါတစ်ခုလုံးကိုပါ ပြောင်းလဲပစ်ချင်နေသည်။ သို့သော် Sအဆင့် မက်ခါပညာရှင်က အနည်းငယ်သာရှိသောကြောင့် ကျန်းဝိန့်နှင့် မလွှဲမသွေ ပတ်သက်နေရဦးမည်ဖြစ်သည်။


ယခင်က လုချန်းမင်မှာ ဆာ့ဆာ့ကို အကူအညီတောင်းခံခဲ့ပြီး သူမက ဆာ့ဆာ့ကို ပြဿနာများသာပေးမိ၍ နောက်တစ်ခါထပ်ပြီး အကူအညီတောင်းရန်လည်း မဝံ့ရဲတော့ပေ။


လုချန်းမင်၏ စိတ်မအေးနိုင်သော မျက်နှာအမူအရာကြောင့် အသင်းသားများအားလုံးက သတိထားမိသွား၏။

" ဘာဖြစ်လို့လဲ...ငါတို့ ချန်ပီယံဆုမရနိုင်ဘူးဆိုတာ နင်သဘောပေါက်သွားလို့များလား...ကိစ္စမရှိပါဘူး...တွက်ချက်မှုတွေဆိုတာကလည်း အမြဲတမ်းမှန်နေတာမှ မဟုတ်တာ..."


လုချန်းမင် ခဏမျှတွေးတောပြီးနောက် ကျန်းဝိန့်နှင့် အခြေအနေအကြောင်း ဆာ့ဆာ့ကိုပြောပြရန် ဆုံးဖြတ်လိုက်သည်။

" ငါစိတ်မကောင်းပါဘူး ဆာ့ဆာ့...နင့်ကို ဒီလို ပြဿနာတွေ ဖြစ်သွားစေဖို့ ငါမရည်ရွယ်ပါဘူး..." 


ဆာ့ဆာ့က အသာလက်သာယမ်းပြလိုက်သည်။

" ဘာကိစ္စကြီးမို့လို့လဲ...သူ့အတွက် စိတ်မပူပါနဲ့...ငါ့စီနီယာအကိုကြီးကို နင့်ရဲ့မက်ခါကို ယူသွားခိုင်းပြီး ဒီဇိုင်းပြန်ပြင်ခိုင်းလိုက်မယ်...အဲ့ဒါက သေချာပေါက် မူလပုံစံနဲ့ ကွဲထွက်စေရမယ်..." 


ကျန်းချန်က လှောင်ရယ်လိုက်သည်။

" ချန်းမင် စောင့်နေလိုက်စမ်းပါ...ငါနင့်အတွက် အကောင်းဆုံး ရှေ့နေငှားပေးပြီး အဲ့ဒီလူကို ခြိမ်းခြောက်ငွေညှစ်မှုနဲ့ တရားစွဲခိုင်းလိုက်မယ်...သာမည Sအဆင့် မက်ခါပညာရှင်လောက်က သူ့ကိုယ်သူ အဟုတ်ကြီးမှတ်နေတာပဲ..." 


ကျန်းချန်က ထိုကဲ့သို့ ရှေးရိုးစွဲမက်ခါပညာရှင်များ၏ စိတ်ဓာတ်ကို ကောင်းကောင်းနားလည်ထားသည်။ သူတို့က မက်ခါပညာရှင်များကို အဆင့်အလိုက် ဝေဖန်မှုပြုတတ်၏။


အကယ်၍ စုန့်နင်ဖုန်း၏ မက်ခါပညာရှင်အဆင့်ကသာ ကျန်းဝိန့်ထက်မြင့်နေလျှင် မည်သည့်အသံမှထွက်လာမည်မဟုတ်ဘဲ စုန့်နင်ဖုန်းနှင့် ရင်းနှီးခွင့်ရရန်ပင် ဖားယားနေလိမ့်ဦးမည်။ သို့သော် စုန့်နင်ဖုန်းသာ အငယ်တန်းမက်ခါပညာရှင်လေးဆိုပါက ကျန်းဝိန့်၏ မောက်မာမှုက ယခုထက်ပင် ပိုမြင့်သွားလိမ့်မည်။


ဆာ့ဆာ့က လုချန်းမင်ကို ပြန်ခေါ်သွားပြီး စုန့်နင်ဖုန်းထံတွင် စောဒကတက်လိုက်သည်။

" စီနီယာအစ်ကိုကြီး...အဲ့ဒီမက်ခါပညာရှင်က အစ်ကိုကြီးမှာ မက်ခါပညာရှင်အဆင့်တောင်မရှိဘူးဆိုပြီး ပြောလိုက်တယ်... အစ်ကိုကြီးက အပြင်ကလူတွေကို လိမ်နေရုံပဲတဲ့...ပြီးတော့ အစ်ကိုကြီးကို ဆန့်ကျင်ဖို့တောင် သူက တခြား မက်ခါပညာရှင်တွေနဲ့ အစီအစဥ်ဆွဲနေပြီ..." 


စုန့်နင်ဖုန်းက ရယ်လာ၏။

" အိုး..တကယ်ပဲလား..." 


သူက စက္ခုကွန်ရက်ထဲရှိ မက်ခါပညာရှင်ဌာနချုပ်ထံမှ ဖိတ်ကြားချက်ကို ထုတ်လိုက်သည်။ 

" ငါအစကတော့ သွားဖို့ မရည်ရွယ်ထားဘူး...ဒါပေမဲ့ အခုတော့ သွားလိုက်တာကလည်း စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပဲ..." 


စုန့်နင်ဖုန်းက မက်ခါပညာရှင်အဆင့်သတ်မှတ်ချက်မရှိထားသော်လည်း မက်ခါလိဂ်၏ ပဏာပွဲစဥ်များအပြီး 'စွမ်းအင်ဆားကစ်ကို ဘယ်လိုချိန်ညှိရမလဲ'ဆိုသည်နှင့် ပတ်သက်ပြီး သူက မူပိုင်ခွင့်တင်သွင်းကာ ထုတ်ပြန်ထား၏။


စွမ်းအင်ဗဟိုချက်က မက်ခါအဆင့်ပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိသည်။ အဆင့်မြင့် မက်ခါစွမ်းအင်ဗဟိုချက်များက အမြဲတမ်းစျေးကြီးပြီး ဤနည်းပညာနှင့်သာဆိုလျှင် အဆင့်မြင့်မက်ခါများကို ထုတ်လုပ်ရသည်က ပို၍ လွယ်ကူသွားလိမ့်မည်။


မက်ခါပညာရှင်ဌာနချုပ်ကလည်း ဤမူပိုင်ခွင့်၏ တန်ဖိုးကို နားမလည်ဘဲ မနေပေ။ သူတို့က မက်ခါပညာရှင်ဌာနချုပ်၌ သင်ခန်းစာပို့ချပေးရန် စုန့်နင်ဖုန်းအား တိုက်ရိုက် ဖိတ်ကြားလိုက်ပြီး ဆုလာဘ်များကလည်း အလွန်မြင့်၏။


မက်ခါပညာရှင်ဌာနချုပ်က ရံဖန်ရံခါဆိုသလို ပညာရှင်များကို ဖိတ်ခေါ်ကာ လူထုသင်ခန်းစာပို့ချပွဲကျင်းပပေးတတ်သည်။ မက်ခါပညာရှင်တိုင်း လာရောက်နားထောင်နိုင်သော်လည်း သင်ခန်းစာပို့ချနိုင်ရန်အထိ အရည်အချင်းရှိရန်က မလွယ်ပေ။ Sအဆင့်ပညာရှင်တိုင်းလိုလိုပင် သင်ခန်းစာပို့ချနိုင်မည့် အခွင့်အရေးမရကြပေ ။ သင်ခန်းစာပို့ချနိုင်ရန်ဆိုလျှင် သူတို့၏ သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ မှတ်ကျောက်တင်နိုင်သော ဆောင်ရွက်မှုတစ်ခုရှိရလိမ့်မည်။ ကျန်းဝိန့်လိုလူမျိုးဆိုလျှင် မည်သည့်အခါကမှ ဖိတ်ကြားခံရခြင်း မရှိပေ။ မက်ခါပညာရှင်များ၏ တန်ဖိုးက သင်ခန်းစာပို့ချခြင်းကြောင့်ရသည့် ဆုလာဘ်များတစ်ခုတည်းကြောင့်မဟုတ်ဘဲ ဂုဏ်သရေကြာင့်ဟုလည်း ဆိုရမည်။


စုန့်နင်ဖုန်းမှာက ထိုအရာနှစ်ခုလုံးရှိပြီးသားဖြစ်သော်လည်း ဆာ့ဆာ့နှင့် သူမ၏အတန်းဖော်များက ပွဲကြည့်ချင်ကြသေးသည် ။


စုန့်နင်ဖုန်းက သူ့အထောက်အထားကို ယာယီဖုံးကွယ်ပေးထားရန်နှင့် ကျန်းဝိန့်ကိုပါ တက်ရောက်ခိုင်းရန် မက်ခါပညာရှင်ဌာနချုပ်ကို အကူအညီတောင်းထားလိုက်သည်။ ၎င်းက အသေးအဖွဲမျှသာ ဖြစ်သောကြောင့် မက်ခါဌာနချုပ်ကလည်း သဘောတူလိုက်သည်။


ကျန်းဝိန့်မှာ သူက အထူးဧည့်သည်အဖြစ် ဖိတ်ကြားခံလိုက်ရသည်ကို သိလိုက်ရသောအခါ အတော်လေးစိတ်လှုပ်ရှားသွား၏။ အမည်မသိ သင်ခန်းစာပို့ချမည့် ပညာရှင်က မည်သူဖြစ်ကြောင်းကို သူ မသိသော်လည်း မက်ခါပညာရှင်ဌာနချုပ်၌ သင်ခန်းစာပို့ချခွင့်သည်ဖြစ်ရာ သူ့စီနီယာအကြီးအကဲတစ်ဦးဦးသာ ဖြစ်ရမည်။

' မက်ခါပညာရှင်အကြီးအကဲတစ်ယောက်ယောက်ကများ ငါ့ကို မျက်စိကျသွားတာလား...' 


လေးစားသမှုကို ပြသရန်အတွက် ကျန်းဝိန့်က မက်ခါပညာရှင်ဌာနချုပ်ကို အစောကြီး ရောက်ရှိလာသည့်အခါ မက်ခါပညာရှင်တော်တော်များများက လူငယ်လေးတစ်ယောက်အနား၌ ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့ပြောစကားအရဆိုလျှင် ထိုကောင်လေးက ယနေ့အတွက် သင်ခန်းစာပို့ချပေးမည့်သူ ဖြစ်ပုံရသည်။


ကျန်းဝိန့် အနည်းငယ် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရသည် ။

' ဒီကောင်လေးက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ သင်ခန်းစာပို့ချဖို့ အရည်အချင်းပြည့်မှီနေပြီလား... သူက မက်ခါပညာရှင်ဌာနချုပ်ကို ထောက်ပံ့နေတဲ့ လူကုံထံမိသားစုကြီးတွေက မဟုတ်ဘူးလား...လူတွေက တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် ယှဥ်လို့မရဘူးပဲ...' 


ကျန်းဝိန့်က ချဥ်တူးတူးအတွေးများကို ဖိနှိပ်ကာ ထိုသူကို နွေးထွေးစွာ သွားရောက်နှုတ်ဆက်လိုက်သည် ။ 

" ဟယ်လို ဆရာလေး...ငါက Sအဆင့် မက်ခါပညာရှင် ကျန်းဝိန့်ပါ... ငါမင်းနာမည်ကို ကြားဖူးနေတာတော့ ကြာပါပြီ..." 


စုန့်နင်ဖုန်းက အသာလေးပြုံးပြလိုက်သည်။

" ကျွန်တော့် နာမည်ကို သိနေတာလား..." 


ကျန်းဝိန့် အနည်းငယ် တွန့်သွား၏။ သူ အမှန်တွင် ထိုကောင်လေး၏ နာမည်ကို မသိပေ။ အစောပိုင်း ပြောလိုက်သည်က မြှောက်ပင့်ရန်သာဖြစ်သော်လည်း စုန့်နင်ဖုန်းက သူ့စိတ်ကို သိနေ၍ အလွန်ကို အရှက်ရဖွယ်ဖြစ်သွားသည်။


" ကိစ္စမရှိပါဘူး...မကြာခင် သိရတော့မှာပဲမလား...ခန်းမထဲကို အရင်သွားကြတာပေါ့..."

စုန့်နင်ဖုန်းက လူကြီးလူကောင်းဆန်စွာ ပြောလိုက်သည်။


ကျန်းဝိန့်က သူ့စိတ်ထဲရှိ ထူးဆန်းသောခံစားချက်ကို မျိုသိပ်ထားပြီး စုန့်နင်ဖုန်းကို အတော်လေးဆက်ဆံရလွယ်ကူသည်ဟုသာ တွေးလိုက်၏။


ကျန်းဝိန့် ပရိသတ်များထိုင်ရသည့်နေရာသို့ရောက်သွားသောအခါ ခန်းမထဲတွင် လူများပြည့်နှင့်နေပြီး ယနေ့ပို့ချမည့် သင်ခန်းစာကို အတော်လေးစိတ်ဝင်စားမှုမြင့်နေကြောင်း တွေ့လိုက်ရသည်။ ကျန်းဝိန့် အတော်ကို ဝမ်းသာသွား၏။ ဤမက်ခါပညာရှင်က ပိုပြီး နာမည်ကြီးလေလေ သူ့မှာအဆက်အသွယ်ပိုရလာလေလေဖြစ်ပြီး ထိုသူနှင့် မိတ်ဆွေဖြစ်ရသည်ကလည်း ပိုတန်ဖိုးရှိလေလေပင်။


ဤသည်က စုန့်နင်ဖုန်း၏ ပထမဆုံးအကြိမ် လူထုအရှေ့ ထွက်ပေါ်လာခြင်းဖြစ်ပြီး သူ့ကို မက်ခါပညာရှင်ဖြစ်ကြောင်း သိထားပြီးသားသူများပင်လျှင် သူ ထိုမျှလောက် ငယ်သေးလိမ့်မည်ဟု မထင်ထားကြချေ။ ၎င်းက လူများကို အတော်လေး စိတ်ခံစားချက်မြင့်တက်သွားစေ၏။

' ဒါက တကယ်ပဲ လူငယ်ပါရမီရှင်ဖြစ်နေလား...' 


ဆယ်စုနှစ်များစွာ အိုမင်းနေသော စု့န်နင်ဖုန်းက အခြားသူများ၏ အံ့အားသင့်နေခြင်းကို စိတ်ထဲထားမနေပေ။ သူက အမြဲတမ်း လူစိတ်ဝင်စားခံရပြီး လူများကလည်း သူ့နုပျိုမှုကို အထင်မသေးနိုင်ကြပေ။ သူက သူ့သုတေသန ဦးတည်ချက်ကို အစဥ်လိုက် ရှင်းပြလိုက်ပြီး လူအများကလည်း တဖြည်းဖြည်း သူ့အသက်အရွယ်ကို ဂရုမစိုက်နိုင်ကြတော့ဘဲ သူပြောသည်ကို ဂရုတစိုက်နားထောင်ကာ ဘောပင်များဖြင့် လိုက်မှတ်သားကုန်၏။


မက်ခါပညာရှင်များ၏ ရည်ရွယ်ချက် ၊ စျာန်ဝင်စားမှူက အားလုံးနီးပါးအတူတူပင်ဖြစ်ကြသည်။ သုတေသနကသာ ပထမဦးစားပေးဖြစ်ပြီး ကျန်သည့်အရာအားလုံး ဒုတိယမျှသာ။ ဤမျှအဖိုးတန်သော အရာကို လေ့လာခွင့်ရနေချိန်၌ မည်သူကမှ စုန့်နင်ဖုန်း၏အသက်အကြောင်းကို အတင်းမပြောနိုင်တော့ပေ။


သင်ခန်းစာပို့ချမှုအပြီးတွင် အားလုံးက တလေးတစားဖြင့် စုန့်နင်ဖုန်းကို ဦးညွှတ်လာ၏။ မေးခွန်းမေးစရာကျန်ရှိနေသူအချို့မှအပ အားလုံးက အစဥ်လိုက်အတိုင်းပြန်ထွက်သွားကြသည်။


မက်ခါပညာရှင်ဟူသော အနေအထားက ထူးခြားပြီး သြဇာသက်ရောက်မှုလည်း ရှိသည်။ ထိုနေရာတွင် မျက်နှာလိုမျက်နှာရလုပ်ချင်သောသူများ ရှိနေသော်လည်း အားလုံးရှိနေသည့်အချိိန်တွင် သိသာအောင် ကပ်ဖားလျက်ဖားလုပ်ပြမိလျှင် အရှက်ကွဲရုံသာရှိလိမ့်မည်။


စုန့်နင်ဖုန်းကို ပထမဆုံးချဥ်းကပ်လာသူက ကျန်းဝိန့်ပင်။ သူက သူနှင့် စုန့်နင်ဖုန်းကြားတွင် ကောင်းမွန်သောဆက်ဆံရေးရှိကြောင်း လူအများကိုပါ နားလည်စေချင်နေ၏။ သို့ဖြစ်၍ အားလုံးရှေ့၌ စုန့်နင်ဖုန်းကို မြှောက်ပင့်တော့သည်။


" ဆရာလေး ..မင်းရှင်းပြသွားတာ အရမ်းကောင်းတာပဲ...မင်းရှင်းပြတာကို နားထောင်လိုက်ရတာက ဆယ်နှစ်လောက်စာဖတ်ရတာထက်တောင် ကောင်းသေးတယ်..ငါတော်တော် ဉာဏ်အလင်းပွင့်သွားသလို ခံစားလိုက်ရပါတယ်..." 


ထင်ထားသည့်အတိုင်းပင် စုန့်နင်ဖုန်းက အခြားသူများကို အသာထားပြီး သူ့ကိုဦးစွာဖြေလာ၏။ 

" ကျွန်တော့်မှာက အခုထိ မက်ခါပညာရှင်အဆင့်သတ်မှတ်ချက်တောင် ရှိသေးတာမဟုတ်ဘူး အဲဒါကိုရော သိလားလားမသိဘူး..." 


ကျန်းဝိန့် ခဏတာ မှင်သက်သွား၏။

" အာ... အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...ဒါပေမဲ့ ဆရာလေးလို အဆင့်မျိုးနဲ့ဆိုရင် မက်ခါပညာရှင်အဆင့်အတန်းတွေဆိုတာကလည်း ဒီအတိုင်း အလှဆင်ထားရုံပဲရှိမှာပါပဲ..." 


စုန့်နင်ဖုန်းက မေးလိုက်သည်။

" အခု ကျွန်တော် ဘယ်သူလဲဆိုတာ ခင်ဗျားသိသွားပြီလား..." 


ကျန်းဝိန့် ပြန်မဖြေနိုင်သေးပေ။ တစ်ယောက်ယောက်က စုန့်နင်ဖုန်းကို ' မစ္စတာစုန့် ' ဟုခေါ်လိုက်သလိုလိုပင်။


" ကျွန်တော်က ထိုက်ယီဂိုဏ်းက စုန့်နင်ဖုန်းပါ..."

စုန့်နင်ဖုန်းက သူ့ကိုယ်သူ အေးအေးဆေးဆေးပင် မိတ်ဆက်လိုက်သည်။


" တစ်ယောက်ယောက်က ကျွန်တော့်ကို လူလိမ်ဆိုပြီး ပြောနေသံကြားတယ်..ဒါကြောင့် ကျွန်တော့်လည်း အတည်လာပြုပေးတာလေ..."


ထို့နောက် သူ့ဘေးရှိ လူတစ်ယောက်က ချက်ချင်းပင် ထောက်ခံပေးလာ၏။

" ဆရာစုန့် ဘယ်သူကများ ဒီလို ရိုင်းစိုင်းရဲရတာလဲ...ခင်ဗျားက မူပိုင်ခွင့်ကိုလည်း ဖွင့်ပေးထားပြီး မက်ခါပညာရှင်တိုင်းက ဒီကနေ အကျိုးအမြတ်တွေရနေတာပဲကို...အဲ့ဒီလိုလူမျိုးတွေက သေချာပေါက် ခင်ဗျားရဲ့ ရန်သူပဲဖြစ်ရမယ်..." 


ကျန်းဝိန့်၏ မျက်နှာမှာ ဖြူသည်ထက် ဖြူဖျော့လာတော့သည်။


ရုတ်တရက်ကြီး လုံးဝမရင်းနှီးသည့် မက်ခါပညာရှင်က သူ့ကို သင်ခန်းစာပို့ချသည့်ပွဲတက်ရောက်ရန် ဖိတ်ကြားလာခဲ့သည်က အံ့သြစရာမရှိတော့ချေ။ ထိုသူက သူ့အပေါ် အလားအလာကောင်းမြင်သောကြောင့် ဖိတ်ကြားခြင်းမဟုတ်ဘဲ ဆန့်ကျင်လိုသောကြောင့်သာဖြစ်၏။


သူ့အိတ်ကပ်ထဲ၌ပင် စုန့်နင်ဖုန်းအား မက်ခါပညာရှင်အဖြစ်အယောင်ဆောင်ပြီး လူတွေကိုလိမ်ညာနေကြောင်း တိုင်ကြားချက်တင်ရန် စာပင်ယခုထိ ပါလာသေးသည်။ သူယခု ဤနေရာကိုလာရင်း တစ်ခါတည်း တိုင်ကြားသွားရန် မူလက စီစဥ်ထားခြင်းဖြစ်သည်။ 


သင်ခန်းစာပို့ချသည်ကို နားထောင်ရန် ခန်းမထဲကို ဦးဆုံး အလျင်စလိုသွားလိုက်ပြီး တိုင်ကြားချက်မတင်ရသေးသည်မှာပင် သူ့အတွက်ပဲ ကံကောင်းလှချေပြီ။ မဟုတ်ပါက ယခုဆိုလျှင် သူက မက်ခါပညာရှင်အားလုံး၏ ရန်သူပင် ဖြစ်နေလောက်သည်။



💫💫💫