💫 Chapter 62
ကျန်းဝိန့်က Sအဆင့်မက်ခါပညာရှင်ဟူသော သူ့ဂုဏ်ပုဒ်ကို အလွန်ဝင့်ကြွားသော်လည်း Sအဆင့်မက်ခါပညာရှင်တိုင်းက အကုန်အတူတူပဲမဟုတ်ကြောင်း သူနားလည်သည်။သူက ကျန်းလီနှင့် အခြားသောသူများကို မယှဥ်နိုင်သလို စုန့်နင်ဖုန်းကိုလည်း မဆန့်ကျင်ဝံ့ပေ။
ကျန်းဝိန့်က အေးတိအေးစက်သာ ပြောလိုက်သည်။
" ဒါက အထင်လွဲသွားတာပါ..."
ကျန်းဝိန့်က တစ်စုံတစ်ယောက်အား စော်ကားမိလိုက်ကြောင်း အားလုံးက နားလည်လိုက်သည်။ သူက လူအများကြီး ဝိုင်းနေသည့်အချိန်၌ ရင်းနှီပြရန် တမင်လုပ်လိုက်သော်လည်း ယခုတွင် အားလုံးရှေ့၌ အရှက်ကွဲရချေပြီ။
စုန့်နင်ဖုန်းက ကြင်နာစွာ ပြောလိုက်သည် ။
" အဆင့်သတ်မှတ်ချက်တွေအပေါ် မူတည်ပြီးတော့ ဆရာကျန်းက ကျွန်တော့်ရဲ့ သုတေသနကို စိတ်မဝင်စားတာ ပုံမှန်ပါပဲ... အဲ့ဒါကြောင့် ခင်ဗျားကလွဲလို့ အားလုံးကို ကျွန်တော့်ရဲ့ မူပိုင်ခွင့်ကို သုံးလို့ရအောင် ဖွင့်ပေးထားပါတယ်..."
စုန့်နင်ဖုန်းက မထွက်သွားမီ ကျန်းဝိန့်ကို မေးလိုက်သေးသည် ။
" ဒါနဲ့စကားမစပ်… ခင်ဗျား ကျွန်တော့်ကို မက်ခါပညာရှင်ဌာနချုပ်မှာ တိုင်ချက်ဖွင့်မလို့မဟုတ်ဘူးလား..."
ထို့နောက် သူက ဟန်ပါပါဖြင့် ထွက်သွားလိုက်သည်။
ကျန်းဝိန့်မှာ ထိုနေရာတွင်သာ ရပ်နေပြီး လုံးဝရှုံးနိမ့်သွား၏။ ယခင်ကမူ သူ့အဆင့်အနေအထားကြောင့် လာနှုတ်ဆက်မည့်သူများ များစွာရှိကြသည်။ သို့သော် ယနေ့တွင် တစ်ယောက်မျှ မရှိတော့ချေ။
အားလုံးက စုန့်နင်ဖုန်း၏ မူပိုင်ခွင့်ထံမှ အကျိုးအမြတ်များစွာ ရရှိလိုက်သော်လည်း ကျန်းဝိန့်လို Sအဆင့်မက်ခါပညာရှင်က အခြားသူများကို ကူညီရန် ဘာမှမလုပ်ဆောင်ခဲ့ပေ။
စုန့်နင်ဖုန်း မက်ခါပညာရှင်ဌာနချုပ်မှ ထွက်လာချိန်၌ ဆာ့ဆာ့၏ ပြိုင်ပွဲကပြီးသွားပြီလားကို သူသိချင်မိသည်။ အကယ်၍ မပြီးသေးလျှင် သူသွားကြည့်ရန် အချိန်ရနိုင်သေးသည်။
ထိုအချိန်မှာပဲ ချန်ကျီက သူ့ဓားပျံနှင့် အလောတကြီး ပျံချလာပြီး သတင်းပို့လာ၏ ။
" စီနီယာအစ်ကိုကြီး မကောင်းတော့ဘူး...ဆာ့ဆာ့ရဲ့ ဝိညာဥ်က စတားကွန်ရက်ထဲမှာ ပျောက်သွားပြီး ဆရာကလည်း ဆာ့ဆာ့ကို ရှာဖို့ ထွက်သွားတယ်..."
ထို့နောက် ချန်ကျီ၏ နောက်တွင်လည်း ဥပဒေပြုစက်ရုပ်နှင့် ဒရုန်းများ လိုက်ပါလာ၏။
" မစ္စတာ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ တရားမဝင်ပျံသန်းမှုကို ချက်ချင်းရပ်တန့်လိုက်ပါ...သတိပေးချက်ပါ...ခင်ဗျားက ကန့်သတ်ထားတဲ့အမြန်နှုန်းကို ကျော်နေပါပြီ...ကျွန်တော်တို့ အရေးယူရပါလိမ့်မယ်..."
စုန့်နင်ဖုန်း : "...."
နောက်ဆုံးတွင် ချန်ကျီလည်း မြို့တော်ဂြိုဟ်တွင် ပြဿနာဖြစ်စေသည့် အောင်မြင်မှုကြီးကို ရရှိခဲ့ချေပြီ။
ချန်ကျီက စုန့်နင်ဖုန်းကို စက္ခုကွန်ရက်ဖြင့်ဆက်သွယ်ခဲ့သော်လည်း စုန့်နင်ဖုန်းက သင်ခန်းစာပို့ချသည့်ခန်းမထဲတွင်ရှိနေခဲ့သောကြောင့် မည်မျှ ဆက်သွယ်မှုကို ပြန်မဖြေဆိုလာပေ။ ထို့ကြောင့် ချန်ကျီက ဓားပျံဖြင့် ရောက်ချလာ၏။ မြို့တော်ဂြိုဟ်တွင် ယာဥ်စည်းကမ်းလမ်းစည်းကမ်းများရှိသည်ကို သူသိသော်လည်း ၎င်းတို့ကို ဂရုစိုက်နေရန်အချိန်မရှိလောက်အောင် သူအလွန်စိတ်ပူနေရသည်။
သူ့ဆရာနှင့် ဆာ့ဆာ့သာ အဆင်ပြေလျှင် သူဒဏ်ငွေဆောင်စရာရှိသည်ကိုဆောင်ရန် အဆင်ပြေသော်လည်း သူတို့အဆင်မပြေမချင်း သူဓါးပျံနှင့် ပျံရုံသာမက မီးနီပင် ဖြတ်နိုင်သေးသည်။
ချန်ကျီကို အမှီမလိုက်နိုင်သောကြောင့် နောက်တွင်ကျန်ခဲ့သော အမြန်ကားထဲရှိ ကျန်းဝူရွှမ်းနှင့်အခြားသူများ : "...."
' စိတ်ပူစရာမရှိပါဘူး...ဒီအတိုင်း စည်းကမ်းထိန်းသိမ်းရေးစက်ရုပ်တွေ နဲ့ ဒရုန်းတွေနောက်ကို လိုက်သွားလိုက်ရုံပဲ..ငါတို့ လမ်းမှာမဟုတ်ဘူး...'
အမှန်တွင် သူ့ကိုထိန်းသိမ်းထားရန်လည်း သူတို့လုပ်နိုင်သည့်အရာ များစွာမရှိပေ။ သို့သော် ပြေလည်အောင်ဆောင်ရွက်ရန် မြို့တော်ဂြိုဟ်၌ စနစ်မျိုးစုံရှိသည်။ ပေးစရာရှိသည့် ဒဏ်ငွေကိုပေးဆောင်ခြင်းနှင့် ပြေပြေလည်ဆောင်ရွက်စရာရှိသည်ကို ဆောင်ရွက်လိုက်လျှင် မြို့တော်ဂြိုဟ်ဘက်ကလည်း သူတို့ကို ဆက်လက်နှောင့်ယှက်နေမည်မဟုတ်ပေ။ နှစ်ဦးနှစ်ဖက် အရှုပ်အရှင်းများရှိခဲ့လျှင်မူ အခြေအနေပေါ်တွင် မကောင်းသော သက်ရောက်မှုများ ရှိသွားနိုင်၏။
ထို့ကြောင့် ချန်ကျီကရပ်လိုက်ရသော်လည်း ဂိုဏ်း၏ ဂျူနီယာတပည့်များ ကြားဝင်ဖြန်ဖြေပေးမှုကြောင့် သူတို့ အရေးယူမခံလိုက်ရပေ။
ကံကောင်းစွာဖြင့် လက်တလော စတားကွန်ရက်က ဂယက်ထနေပြီး မြို့တော်ဂြိုဟ် လူထုလုံခြုံရေးကို အလေးပေးအာရုံစိုက်နေခြင်းမရှိပေ။ မဟုတ်ပါက ယခုအချိန်တွင် ချန်ကျီ၏နောက်ကို မက်ခါတိုက်ခိုက်ရေးသမားများပင် စေလွှတ်ခံရမည် စိုးရသည်။
စုန့်နင်ဖုန်းက စိတ်ငြိမ်ငြိမ်ထားပြီး မေးလာ၏။
" ဘယ်လိုဖြစ်ရတာလဲ...ငါ့ကို အရင်ဆုံးသေချာရှင်းပြဦး..."
" သူတို့က အခုပြိုင်ပွဲထဲမှာမလား...ရုတ်တရက်ကြီး မြေပုံစနစ်က ပျက်သွားပြီး အထဲက လူတွေအကုန် ပျောက်သွားတာပဲ...ပြိုင်ပွဲရဲ့ နှစ်ဆယ့်လေးသင်းလုံး တစ်ချိန်တည်းမှာပဲ ပျောက်သွားတာ...ဆရာက သူတို့နောက်လိုက်သွားတယ်...ကျွန်တော့်ကိုလည်း ပြန်လာပြီး သတင်းပို့ခိုင်းလိုက်တာ..."
မက်ခါလိဂ်တွင် ကစားသမားများ နှင့် ပွဲစောင့်ကြည့်သူများက သုံးဖက်မြင်(3D) ပုံစံ စတားကွန်ရက်ထဲဝင်ရပြီး ၎င်းက စိတ်အာရုံကို စတားကွန်ရက်ထဲသို့ လွှဲပြောင်းလိုက်ရခြင်းမျိုးဖြစ်သည်။
ထိုက်ယီဂိုဏ်းမှ လူများအတွက် ၎င်းက ရင်းနှီးသလိုလို မရင်းနှီးသလိုလို ဖြစ်၏။ ရင်းနှီးသည်ဟုဆိုရခြင်းမှာ ၎င်းက သူတို့အတွက် သာမန်ဝိညာဥ်ခွဲထွက်ခြင်းမျိုးသာဖြစ်ပြီး မရင်းနှီးဟုဆိုရခြင်းမှာ ၎င်းက ကျင့်ကြံရေးဖြင့် ခွဲထွက်ခြင်းမျိုးမဟုတ်ဘဲ နည်းပညာမှတစ်ဆင့် ခွဲထွက်ခြင်းမျိုးဖြစ်နေသောကြောင့်ပင်။
ရလဒ်အားဖြင့် မြေပုံစနစ်ထဲမှ ကစားသမားများ ရုတ်တရက် ပျောက်ကွယ်သွားသောအခါ သူတို့၏ သက်ဆိုင်ရာ ပြင်ပခန္ဓာကိုယ်အသီးသီးကလည်း ကိုမာအခြေအနေသို့ ကျရောက်သွား၏။ လူအများက ၎င်းကို စိတ်အာရုံပျောက်ဆုံးခြင်းဟု ခေါ်ဆိုကြပြီး ထိုက်ယီဂိုဏ်းက ၎င်းကို ဆာ့ဆာ့နှင့် အခြားသူများ ဝိညာဥ်မြောလွင့်သွားခြင်းဟု လက်ခံထားကြသည်။
စုန့်နင်ဖုန်း ခေတ္တမျှသေချာစဥ်းစားပြီးနောက် ပြောလိုက်သည်။
" အရင်ဆုံးပြန်သွားပြီး ဆာ့ဆာ့နဲ့ဆရာရဲ့ အပြင်ခန္ဓာကို ကာကွယ်ပေးထားရအောင်...ဆရာသာ အနားမှာရှိနေရင် သူတို့ ဘာမှမဖြစ်နိုင်လောက်ပါဘူး..."
အဖွဲ့လိုက်ပြိုင်ပွဲမှာ ၁၃ဆင့်မြောက်၏ ၂၅ကြိမ်မြောက်ပွဲစဥ်သို့ရောက်ရှိနေပြီ ဖြစ်ပြီး ပြိုင်ပွဲမှာ တစ်စထက်တစ်စပို၍ ပြင်းထန်လာ၏။ ဤနေရာအထိ ရောက်လာပြီဖြစ်သော အသင်းများမှာ အတော်ကိုသန်မာနေပြီဟု ပြော၍ရသည်။
လက်ရှိတွင် ယခုထက်တိုင် ဖယ်ရှားမခံရသေးသည့် အကယ်ဒမီ၏လူသစ်အဖွဲ့သုံးဖွဲ့ ကျန်ရှိနေသေးသည်။ ၎င်းက ပထမဘက်စုံအကယ်ဒမီလူသစ်များအဖွဲ့ ၊ စစ်တပ်အကယ်ဒမီအဖွဲ့ နှင့် ဒုတိယအကယ်ဒမီအဖွဲ့တို့ပင်။ ဤရလဒ်က မှတ်သားရလောက်အောင်မဟုတ်သော်လည်း ဤအဖွဲ့သုံးဖွဲ့စလုံးက ပထမနှစ်ကျောင်းသားသစ်များဆိုသည်ကို ပြန်တွေးကြည့်လျှင် ထိပ်ဆုံး ၂၅ဖွဲ့ထဲအထိ ပါဝင်နိုင်ခဲ့ခြင်းကပင် အတော်ကို အထင်ကြီးစရာကောင်းလှချေပြီ။
အတွေ့အကြုံရှိပြီးသားစီနီယာများကပင်လျှင် ကျောင်းသားများ၏ အရည်အချင်းက ပိုပိုကောင်းလာသောကြောင့် လက်ဖျားခါနေရ၏။ ပထမနှစ်ကျောင်းသားသစ်များအတွက် SSအဆင့်သာရှိသောအဖွဲ့သားများအားလုံးစုစည်းရန်က မလွယ်ကူပေ။
သို့သော် ကံမကောင်းစွာဖြင့် ဤပွဲစဥ်တွင် ပထမဘက်စုံလူသစ်အကယ်ဒမီအဖွဲ့က စစ်တပ်အကယ်ဒမီလူသစ်အဖွဲ့နှင့် ရင်ဆိုင်ရသည်။
၎င်းက အားလုံးမြင်တွေ့ချင်နေကြသော ပြိုင်ပွဲမျိုးပင်။ အအဘယ်ကြောင့်ဆိုသော် ပထမနှစ်ကောလိပ်နှင့် တက္ကသိုလ်ကျောင်းသားများအားလုံးက အလွန်အင်အားကောင်းကြသောကြောင့် သူတို့တိုက်ခိုက်သည်ကို မမြင်ရသေးဘဲနှင့် မည်သည့်လူသစ်ကျောင်းသားများ ပိုအားကောင်းသလဲဆိုသည်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။
ဆာ့ဆာ့က စုန့်နင်ဖုန်းကို သူတို့တစ်သင်းလုံး၏ မက်ခါအား ပြောင်းလဲပေးရန် တောင်းဆိုခဲ့၍ အသင်း၏ အင်အားက များစွာတိုးတက်သွားသည်က သေချာသည်။ သို့သော် စစ်တပ်အကယ်ဒမီအပါအဝင် အခြားအသင်းများကလည်း ပေါ့သေးသေး မဟုတ်ချေ။
ဤမက်ခါလိဂ်တွင် ကျောင်းများဘက်မှ ဝင်ရောက်ပါဝင်အားဖြည့်ပေးခြင်းမျိုးမရှိသော်လည်း ပရော်ဖက်ဆာချန်ရှန်းက ဆာ့ဆာ့တို့ကို ဖိအားပေးလာသလိုမျိူး စစ်တပ်အကယ်ဒမီကလည်း ကျန်းဖုန့်တို့အသင်းကို ငရဲလိုလေ့ကျင့်ရေးမျိုး ပေးခဲ့သည်။ စစ်တပ်အကယ်ဒမီ၏ ဂုဏ်ကို သူတို့ ကျဆင်းစေ၍မဖြစ်ပေ။
ပထမစစ်တပ်အကယ်ဒမီဘက်မှ ဆာ့ဆာ့နှင်အခြားသူများရှေ့တွင် ကြမ်းကြမ်းတမ်းတမ်းပြောနေသော်လည်း လူရိုင်းအသင်းနှင့်ယှဥ်ပြိုင်ပွဲပြီးနောက် သူတို့အများစု အသက်ရှူမှားသွားကြသည်။ သူတို့ ဝန်မခံချင်သော်လည်း ဆာ့ဆာ့တို့၏အသင်းက အမှန်တကယ်ပင် လျင်လျင်မြန်မြန် တိုးတက်လာ၏။
စစ်တပ်အကယ်ဒမီ၏ အကြီးဆုံးအားသားချက်က အဖွဲ့လိုက်လုပ်ဆောင်မှုကောင်းရှိခြင်းနှင့် မြေပုံစနစ်ကို ကျွမ်းဝင်မှုရှိထားခြင်း ဖြစ်သည်။ ဆာ့ဆာ့အသင်း၏ ပြီးခဲ့သောပြိုင်ပွဲများကို သူတို့ကြည့်ရှူခဲ့ရပြီး သူတို့သာ တမင်အားနည်းပြခဲ့ခြင်းမဟုတ်လျှင် သူတို့အသင်း၏ အဖွဲ့လိုက်လုပ်ဆောင်မှုက တော်တော်ဆိုးရွားပေ၏။
ထိုအချိန်တုန်းက စစ်တပ်အကယ်ဒမီရှိလူများမှာ သူတို့အနိုင်ရရန် အခွင့်အရေးရှိသည်ဟု တွေးထင်ခဲ့သည်။သို့သော် ပဏာမပွဲစဥ်တွင် ဆာ့ဆာ့၏အသင်းက အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသည့်အလား လုံးဝကို ပြောင်းလဲသွား၏။ ဖြစ်သလိုစီစဥ်ထားသောအဖွဲ့၏ အဖွဲ့ဝင်များက လက်တွေ့တွင် အဖွဲ့၏ အမြင့်ဆုံးလုပ်ဆောင်နိုင်မှုကို ရယူပေးနိုင်ခဲ့သည်။ ထို့အပြင် သူတို့၏ တစ်ဦးချင်းပြိုင်ပွဲအလိုက် အားကောင်းမှုအရ စစ်တပ်အကယ်ဒမီဘက်မှ သူတို့ကို အနိုင်ရရန် မလွယ်ကူတော့ပေ။
အညံ့ခံလိုက်ခြင်းက တစ်ခုတည်းသော ရွေးချယ်စရာမဟုတ်ပေ။ ငရဲလေ့ကျင့်ရေးများအပြီး စစ်တပ်အကယ်ဒမီ၏ လုပ်ဆောင်မှုများကလည်း သိသိသာသာတိုးတက်လာ၏။ သူတို့က ဆာ့ဆာ့နှင့်အခြားသူများ၏ တိုက်ခိုက်ရေးပုံစံကိုပင် ပစ်မှတ်ထားပြီး တစ်ဖက်အသင်း၏ အားနည်းချက်ကိုရှာကာ နည်းဗျူဟာများပင် ဆွဲထားလိုက်သေးသည်။
ဤတစ်ကြိမ် သူတို့ရရှိထားသော မြေပုံက အာကာသမြေပုံဖြစ်သည်။ အသင်းတစ်သင်းစီက သူတို့က ပထမဆုံးထောက်ကူအဖြစ် ကြယ်စင်အာကာသယာဥ် တစ်စင်းစီ ရရှိထားပြီး ထိုအရာမှလွဲ၍ သူတို့၏ စွမ်းအင်မကုန်ခမ်းမီ ပြိုင်ပွဲကို အဆုံးသတ်ရန် ထောက်ကူပစ္စည်းများကို ကိုယ်တိုင်ရှာဖွေရန် လိုအပ်သည်။
အာကာသစနစ်တွင် ကြယ်စင်အာကာသယာဥ်၏ လမ်းကြောင်းနှင့် မက်ခါနှစ်မျိုးစလုံးက စွမ်းအင်လိုအပ်ပြီး စွမ်းအင်သိုလှောင်ထားလည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ပြိုင်ဘက်ကိုရှာပြီး ပြိုင်ပွဲကို အမြန်ဆုံးအဆုံးသတ်ပစ်လိုက်ခြင်းကသာ ဤစနစ်၏ ပထမနည်းဗျူဟာဖြစ်သည်။
သို့သော် ပြိုင်ပွဲစပြီး ငါးမိနစ်အကြာ၌ပင် ဆာ့ဆာ့မှာ ပတ်ဝန်းကျင်ကို သူမ၏ စိတ်ဝိညာဥ်အာရုံဖြင့် အာရုံခံနေစဉ် သူမရှေ့ရှိ မြင်ကွင်းအားလုံး မှောင်မည်းသွား၏။
ကွင်းထဲရှိ ကြည့်ရှူသူပရိသတ်များ၏ အမြင်တွင်လည မြေပုံတစ်ခုလုံး ကျောက်သလင်းကွဲဖန်သားအသွင်ပြောင်းလဲသွားသည်။ ကြည့်ရှူသူများက အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။
" ဘာဖြစ်တာလဲ...စတားကွန်ရက်က စက်ချွတ်ယွင်းမှု ဖြစ်သွားတာလား...မြန်မြန်ပြင်ကြစမ်းပါ..."
စတားကွန်ရက်မှာ အခုလို အမှားကြီးမျိုးတစ်ခါမှ မဖြစ်ဖူးသော်လည်း ဤအခြေအနေတွင် သူတို့က စတားကွန်ရက်ကို အကြွင်းမဲ့ယုံကြည်ထားပြီး မတော်တဆတစ်ခုခုဖြစ်သွားသည်ဟုသာ ထင်နေကြသည်။
သို့သော် ရွှီယီက အကောင်းမြင်မနေနိုင်တော့ပေ။ သူက တင်းမာသော မျက်နှာထားဖြင့် ပြောလာ၏။
" တစ်ခုခုဖြစ်နေပြီ... ဆာ့ဆာ့နဲ့ တခြားသူတွေရဲ့ ဝိညာဥ်က ပျောက်သွားပြီ..."
စတားကွန်ရက်၏စနစ်က ထိုကဲ့သို့ချို့ယွင်းမှုကြီးကို မြန်မြန်ပြန်မပြင်နိုင်သေးဘဲ အားလုံးကိုပင် သတိပေးထားလိုက်သည် ။
( စတားကွန်ရက်၏စနစ်မှာ လက်ရှိတွင် ချို့ယွင်းမှုဖြစ်ပေါ်နေပါသဖြင့် ကျေးဇူးပြု၍ ကွန်ရက်ထဲမှ အမြန်ဆုံးထွက်ပေးကြပါ...မဟုတ်လျှင် နောက်တစ်မိနစ်အတွင်း အလိုအလျောက် ကွန်ရက်ထဲမှ ထုတ်ပယ်ပေးသွားပါမည်...)
ကိစ္စကြီးတစ်ခုခုဖြစ်နေပုံရသောကြောင့် အားလုံးမှာ အထိတ်တလန့်ဖြစ်သွား၏။ သူတို့က ကွန်ရက်ထဲမှ အမြန်ထွက်လိုက်နိုင်သော်လည်း ကစားပွဲအလယ်တွင်ရှိနေသော ကစားသမားများ ဘယ်လိုလုပ်ကြမည်ကို သူတို့မသိနိုင်ပေ။
သူတို့ မည်မျှပင် ထိတ်လန့်နေပါစေ ထွက်ရန်လမ်းမရှိချေ။ စတားကွန်ရက်၏ စနစ်တွင် ပင်မဦးနှောက်က အနေအထားအားလုံးကို ကိုင်တွယ်ထားသည်။ ၎င်းက လူများကို ကွန်ရက်ထဲမှ ထုတ်ပယ်လိုက်ပါက မည်သူကမျှ တွန်းလှန်နိုင်မည်မဟုတ်ပေ။
သေချာပေါက် အချို့လူများက ကွန်ရက်ထဲမှ ထုတ်ပယ်ခံနေရချိန်တွင် ယောက်ျားတစ်ယောက်က ထိုထုတ်ပယ်သည့်လှိုင်းကို ဆန့်ကျင်ကာ မြေပုံရှိရာသို့ ဦးတည်သွားနေကြောင်း သတိထားမိလိုက်ကြသည်။ တစ်စုံတစ်ယောက်က ကြင်နာစွာဖြင့် သူ့ကိုပင် သတိပေးလိုက်သေးသည်။
" ညီအစ်ကို...အဲ့ဒီဘက်က အန္တရာယ်များတယ်..."
သို့သော် မျက်စိတစ်မှိတ်အတွင်း ထိုယောက်ျားက ပျောက်ကွယ်သွားပြီး သူတို့ထင်ယောင်ထင်မှားဖြစ်သွားသည့်အလားပင်။ အဆုံးတွင် ယခုလိုအခြေအနေမျိုး၌ ထိုကဲ့သို့ အန္တရာယ်များသောနေရာကို မည်သူကမှ သွားချင်မည်မဟုတ်ပေ။
အားလုံး စတားကွန်ရက်ထဲမှ ထွက်လာပြီးနောက် အခြေအနေကို သတိပေးရန် မက်ဆေ့ချ်များမျှဝေကြတော့သည်။ သူတို့အားလုံး ချွင်းချက်မရှိ ရရှိလိုက်သောသတင်းမှာ ပျောက်ဆုံးသွားသော ကစားသမားများအားလုံး၏ ပြင်ပခန္ဓာက ကိုမာဝင်နေပြီး မည်သူမျှ နိုးထလာခြင်း မရှိသေးပေ။ ဖက်ဒရေးရှင်းတစ်ခုလုံး အထိတ်တလန့်ဖြစ်သွား၏။ မက်ခါလိဂ်က အသက် သုံးဆယ်အောက် မက်ခါတိုက်ခိုက်ရေးသမားများကို ပါဝင်ယှဥ်ပြိုင်ခွင့်ပြုထားသည်။ ဤမက်ခါလိဂ်က အာရုံစိုက်ခံရမှုများပြီး ဖက်ဒရယ်၏ အနာဂတ်ကျောထောက်နောက်ခံဖြစ်သော လူငယ်များဖွဲ့စည်းထားသည့် အဖွဲ့နှစ်ဆယ့်လေးဖွဲ့ တိတိပါဝင်သည်။ ဤလူငယ်များသာ မနိုးထနိုင်တော့လျှင် ဖက်ဒရေးရှင်း၏ ပင်ကိုယ်စွမ်းရည်များ၌ ကြီးမားသောကွာဟချက်ကြီးရှိလာပေလိမ့်မည်။
၎င်းက သူပုန်များထံမှ တိုက်ခိုက်ခံရခြင်းထက်ပင် ပို၍ အရေးကြီးသောကိစ္စဖြစ်နေချေပြီ။ သူပုန်နှင့် အာကာသဓားပြများ ပူးပေါင်းပြီး ဖက်ဒရေးရှင်းကို အငိုက်ဖမ်းတိုက်ခိုက်လျှင်ပင် ယခုအခြေအနေကဲ့သို့ သူတို့ဘက်က မက်ခါတိုက်ခိုက်ရေးသမားများစွာကို ဆုံးရှုံးလိုက်ရမည် မဟုတ်ပေ။
ပြစ်တင်ဝေဖန်ချက်များနှင့် စုံစမ်းမေးမြန်းမှုများက စတားကွန်ရက်ကုမ္ပဏီနှင့် ဖက်ဒရေးရှင်း၏အရာရှိများထံ တရစပ်ကျရောက်လာပြီး ချက်ချင်းဖြေရှင်းချက်ထုတ်ပေးရန် ပြည်သူဘက်က လိုလားနေ၏။
ဤအခြေအနေက မမျှော်လင့်ထားဘဲ ဖြစ်ပွားသွားသည့်အတွက် ဖက်ဒရေးရှင်း၏ အရာရှိများလည်း အကျပ်ရိုက်နေရသည်။ ထို့အပြင် ကိုမာဝင်သွားသော အချို့ကစားသမားများထဲ၌ ထိုအရာရှိများ၏ မိသားစုဝင်များလည်း ပါဝင်နေ၏။
သူတို့ ဘာဆက်လုပ်ရမလဲဆိုတာသိရင် အခုနေ သူတို့ ကလေးတွေကို အရင်ဆုံးမကယ်ဘဲ ရှိပါဦးမလား…
ဖက်ဒရေးရှင်း၏ အရာရှိများက ချက်ချင်းပဲ စတားကွန်ရက်၏ တာဝန်ရှိသူ ချန်သာ့ယိုကို ဆက်သွယ်လိုက်သည်။
" ခင်ဗျားတို့ ချန်မိသားစုက အမြဲတမ်း စတားကွန်ရက်ကို ထိန်းချုပ်နေတာပဲ... စတားကွန်ရက်ကနေ ခင်ဗျားတို့ ဘယ်လောက်အကျိုးအမြတ်ရှားထားလဲဆိုတာ ထားလိုက်ဦး...ဒါပေမဲ့ အခုတော့ ဘာတွေဖြစ်နေသလဲဆိုတာကိုရော ခင်ဗျားဘက်က ကျုပ်တို့ကို မပြောပြတော့ဘူးလား..."
" ချန်မိသားစု... ခင်ဗျားတို့ဘက်က ဖက်ဒရေးရှင်းရဲ့ ရာဇဝတ်မှတ်တမ်းရှိသူ ဖြစ်သွားချင်နေတာလား..."
ဖက်ဒရေးရှင်း၏ အရာရှိက မာမာထန်ထန်သာပြောလိုက်သည်။
အမှန်တွင် မကြာသေးခင်ကတင် သူတို့ ချန်သာ့ယိုနှင့် စနောက်နေခဲ့ကြသေး၏။ အဆုံးတွင် စတားကွန်ရက်၏ အနေအထားက သာလွန်ပြီး ချန်မိသားစု၏ ချမ်းသာကြွယ်ဝမှုကိုလည်း အခြားမည်သည့်မိသားစုကမှ မယှဥ်သာပေ။ သူတို့ အလွယ်လေး ဆန့်ကျင်၍ မရနိုင်ကြပေ။
သုံးဖက်မြင်နည်းပညာသုံး စတားကွန်ရက်၏ တည်ထောင်သူမှာ ချန်မိသားစုဝင် ဖြစ်သည်။ သူ မသေခင်တွင် စတားကွန်ရက်ကို ချန်းမိသားစုဝင်များကသာ ထိန်းချုပ်ပိုင်ခွင့်ရှိမည်ဟု စည်းကမ်းထုတ်သွား၏။ တစ်ချိန်တည်းမှာပင် ချန်မိသားစုဘက်က ဖက်ဒရေးရှင်း၏ စစ်တပ်နှင့် နိုင်ငံရေးပိုင်းတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။
ထိုစည်းကမ်းကို မျိုးရိုးအစဥ်အဆက်လက်ဆင့်ကမ်းခဲ့သည်။ အပေါ်ယံတွင် ချန်မိသားစုက အခြားမိသားစုများနှင့် သဘောထားကွဲလွဲမှုများမရှိသောကြောင့် သူတို့၏ ဆက်ဆံရေးက အလွန်ကောင်းမွန်ပေ၏။
သို့သော် ယနေ့ဖြစ်သွားသည့်ကိစ္စက သူတို့ကြားရှိ တည်ငြိမ်မှုကို ပျက်စီးသွားစေသည်။
ချန်သာ့ယို သူ့နဖူးထက်မှ ချွေးစေးများကို သုတ်လိုက်သည်။
" အားလုံးပဲ...ကျွန်တော့်မှာ အားလုံးကိုသတင်းအချက်အလက်တွေကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက်မရှိပါဘူး... ဒါကြောင့် ကျွန်တော်တို့လည်း အရေးပေါ်အလျင်စလို စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေပါတယ်...ကျွန်တော်တို့ဘက်က သတင်းတစ်စုံတစ်ရာကိုသိရတာနဲ့ ချက်ချင်းပြန်ပြီး အသိပေးသွားပါမယ်..."
" ဒီကိစ္စကလည်း ကျွန်တော်တို့ ချန်မိသားစုနဲ့ သက်ဆိုင်နေတာမျိုးမရှိပါဘူး...တကယ်လို့ ကျွန်တော်တို့မှာ သတ္တိရှိတယ်ဆိုရင်တောင် ဒီလိုကိစ္စမျိုးကို ကြံစည်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး..."
ချန်သာ့ယိုက ထပ်တလဲလဲ ရှင်းပြလာ၏။
ဝန်ကြီးချုပ်ဟယ့်ဝိန်က သူ့ကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်ကာ ပြောလာ၏။
" ခင်ဗျားဘက်က ကျုပ်တို့ကျေနပ်လောက်မယ့် အဖြေကိုပေးနိုင်ဖို့ နှစ်နာရီတိတိအချိန်ရမယ်...မဟုတ်လို့ကတော့ ကျုပ်တို့ဘက်ကလည်း ခင်ဗျားကို အရေးယူပြီး ဖက်ဒရယ်ရဲ့ ပြည်သူပြည်သားတွေကလည်း ခင်ဗျားကို တစ်စစီ ဆွဲဖြဲကြလိမ့်မယ်..."
" ဟုတ်ကဲ့ပါ...ဟုတ်ကဲ့ပါ..."
ချန်သာ့ယို တလေးတစားပြန်ဖြေလိုက်ရသည်။
သူ့ကားထဲသို့ပြန်ရောက်သည်နှင့် ချန်သာ့ယို၏ အမူအရာမှာ ချက်ချင်းမည်းမှောင်သွားပြီး သူ၏ဝဖိုင့်ဖိုင့်မျက်နှာမှာလည်း ရှုံ့တွသွား၏။
" ဘယ်ကောင်ကများ ငါ့ကို ပြဿနာရှာနေသလဲ ငါကြည့်ဦးမယ်..."
ကြင်နာတတ်သောဦးလေးကြီး၏ မျက်နှာမှာ ယခုတွင်တော့ ရက်စက်ကြမ်းကြုတ်မှုများသာ ကျန်ရှိတော့သည်။
ချန်မိသားစု၏ စီစဥ်မှုတွင် အမှားဆိုသည့်ကဏ္ဍ မပါဝင်ပေ။
💫💫💫