Chapter 64
Viewers 3k

💫 Chapter 64



" ဒါပေမဲ့လည်း ကျင့်ကြံတဲ့နည်းလမ်းက အလုံးစုံဖြေရှင်းနိုင်တာမဟုတ်ဘူး...အဲ့ဒါက လူရဲ့ ပါရမီအပေါ်မှာလည်း မူတည်သေးတယ်...ကျင့်ကြံသူရဲ့ ပါရမီက မလုံလောက်တာ ဒါမှမဟုတ် အကာအရံက စိတ်အာရုံကို စုပ်ယူတဲ့နှုန်းကို အမှီမလိုက်နိုင်ဘူးဆိုရင် ထိခိုက်ဒဏ်ရာရနိုင်သေးတယ်..."


ကျန်းချန်က လက်သာခါပြလိုက်သည်။

" အဲ့ဒါကို မပြောပါနဲ့ဦး...အခုကတောင် ထင်ထားတာထက် အခြေအနေကောင်းနေပြီလို့ ပြောရမှာပဲ..."


" ပြီးတော့ ဒီကျင့်ကြံရေးနည်းလမ်းက ဒီတွင်းနက်ကြီးထဲက ငါတို့ ထွက်သွားပြီးရင်တောင် အသုံးဝင်နိုင်သေးတယ်မလား...ငါတို့သာ ရှင်သန်နေနိုင်သေးသရွေ့ ဒါက ငါတို့အတွက် အခွင့်အရေးကောင်းကြီးပဲ..."


လိုအပ်ချက်များကိုမဆိုထားနှင့် ကောင်းစွာနားလည်တတ်သူဆိုလျှင်ပင် ဆာ့ဆာ့ကို များစွာကျေးဇူးတင်နေမိဦးမည်ပင်။


" ကောင်းပြီ...နင့်ရဲ့ စိတ်ဝိညာဥ်ပင်လယ်အဆင့်က Sအဆင့်ထက်တောင် ပိုမြင့်မှာပဲ..."

ဟယ့်ချောင်ယွမ်က ညည်းညူလာ၏။


သူတို့ ၎င်းကို ယခင်ကတည်းက သံသယရှိနေသော်လည်း အခုတွင် အတည်ပြုပြီးသား ဖြစ်သွားသည်။


ကျန်းချန်ကလည်း စိတ်အားငယ်စွာပြောလာ၏။

" ငါ တော်တော်တုံးတာပဲ... ဘာမှသေချာမစဥ်းစားဘဲ နင့်ကိုတောင် ရန်စမိခဲ့သေးတယ်...ငါ တောင်းပန်ပါတယ်... နင်ကတကယ့် ဘော့စ်ဆိုရင်လည်း ဝက်ကလေးဟန်ဆောင်ပြီး ကျားတွေကို စားမနေပါနဲ့တော့... နင့်မှာ ငါတို့မသိသေးတဲ့နောက်ခံရှိသေးတယိလို့သာ ပြောလိုက်ပါတော့လား...အဲ့လိုသာဆို ငါနင့်ကိုတွေ့တာနဲ့ တစ်ခါတည်း လှည့်ပြေးခဲ့မှာပေါ့... "


ပြန်တွေးကြည့်လိုက်လျှင် သူက ဘဝင်မြင့်ကာ ဆာ့ဆာ့ကို ဖိနှိပ်ရန်လုပ်ခဲ့သော်လည်း သူမက သူ့ကိုမျက်နှာသာပေးခဲ့ခြင်းပင်။ သို့သော်လည်း အဆုံးသတ်တွင် သူကသာ ဆုံးမခံလိုက်ရသည့်သူဖြစ်၏။ သူသာ အချိန်များကို နောက်ပြန်ဆုတ်ခွင့်ရလျှင် ဂုဏ်ယူစရာမကောင်းသည့် သူ့ကိုယ်သူထိုးကြိတ်ပြီး ' မြန်မြန်ဒူးသာထောက်လိုက်စမ်းပါ ' ဟုပြောလိုက်မည်ဖြစ်သည်။


ဆာ့ဆာ့က ဘာမှမသိသည့်အလား မျက်တောင်ခတ်လာ၏။

" အဲ့ဒီအချိန်တုန်းကလည်း ငါ့ရဲ့ဂိုဏ်းက အရမ်း အင်အားကြီးပါတယ်လို့ နင့်ကိုပြောသားပဲ...ဒါပေမဲ့ နင်မှ ငါ့ကို မယုံတာ..."


သူမက မည်သည့်အခါကမှ ဂိုဏ်း၏ ဂုဏ်ပုဒ်ကို ဖုံးကွယ်ထားရန် မစဥ်းစားဖူးပေ။ သူမ၏ ဂိုဏ်းအကြောင်းထုတ်ပြောရသည့်အခါတိုင်း သူမက အမြဲလိုလို ဂုဏ်ယူနေတတ်သည်။


ကျန်းချန်၏ နှုတ်ခမ်းထောင့်စွန်းမှာ ရှုံ့တွသွား၏။ ထိုအချိန်က ထိုက်ယီဂိုဏ်းကို ကြယ်တာရာခေတ်၌ သိသည့်သူ မရှိသေးဘဲ သူတို့ဂိုဏ်းက သိမ်နုပ်သောဂြိုဟ်မှလာသည့် ထူးဆန်းသောအမည်တပ်ထားသည့် ဂိုဏ်းမျှသာ။


' သူတို့တွေနဲ့သာ အဆက်အသွယ်ရှိတဲ့သူမဟုတ်ရင် သူတို့က တကယ့်Big shotတွေဆိုတာ ဘယ်လိုလုပ် သိနိုင်ပါ့မလဲ...' 


သူက ဘေး၌ငြီးတွားနေရင်း သူ့မစ်ရှင်ကိုလည်း နှေးဖင့်နေ၍မရသောကြောင့် သူ့တို့ပြန်ဆုံရန်လုပ်ထားသော အမှတ်အသားပြုထားသည့်နေရာကို သွားလိုက်ကြသည်။ ထိုနေရာ၌ လူနည်းစုက အဖွဲ့လိုက်ရောက်ရှိနေကြချေပြီ။


အချို့လူများက သူတို့၏ ခေါင်းကို လက်ဖြင့် ကာထားကြပြီး ညည်းသူညည်း ၊ ဂါထာရွတ်သူက ရွတ်နေကြ၏ ။

" ငါတို့ ဒီနေရာမှာပဲ အားလုံးအတူစုနေလို့ရော ဖြစ်ပါ့မလား...ဒီနေရာကို သေချာလိုက်စူးစမ်းကြည့်သင့်တယ် မထင်ဘူးလား..." 


" ထားလိုက်ပါတော့...ဘာဖြစ်မလဲဆိုတာပဲ စောင့်ကြည့်ကြတာပေါ့... ငါတို့ဒီနေရာမှာစုခိုင်းထားတာက ပထမဘက်စုံအကယ်ဒမီက ကျောင်းသားတွေနဲ့ မိသားစုကြီးက သားတွေတဲ့...သူတို့က သိထားတာတွေလည်း များတယ်... အတွင်းသတင်းတွေလည်း ရထားလို့နေမှာပေါ့..." 


အားလုံးက မက်ခါတိုက်ခိုက်ရေးသမားများဖြစ်ကြပြီး တစ်ယောက်တည်းလည်း မဟုတ်ကြသောကြောင့် ဇာချဲ့နေခြင်းမျိုးလည်း မရှိကြပေ။ သို့သော် လူအများစု၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများရှိနေသည်။ အခြေအနေကို သေချာမသိရသလို အင်အားမဲ့နေသည့်ခံစားချက်က သူတို့ကို အထိတ်တလန့်ဖြစ်စေ၏။


သို့သော် ဆာ့ဆာ့က ကျင့်ကြံရေးနည်းလမ်းကို ပြောပြလိုက်ချိန်၌ သူတို့ထိတ်လန့်မနေတော့ဘဲ အံအားသင့်ကာ နားမလည်နိုင်ဖြစ်သွားကြသည်။


' ငါတို့ အန္တရာယ်တောထဲရောက်နေတာတောင် ဒါက ဘယ်လို ကံကောင်းမှုမျိုးလဲ...' 


အချို့လူများက ဆာ့ဆာ့ကို အထူးတဆန်းပင် ကြည့်လာ၏။ 

' ဒီကောင်မလေးက တကယ်ရူးကြောင်ကြောင်နိုင်တာပဲ...မိသားစုကြီးကလူတွေတောင် ဒီကိစ္စအတွက်နဲ့သူတို့ရဲ့ စိတ်ဝိညာဥ်ပင်လယ်ကို ဒီကျင့်ကြံရေးနည်း ထုတ်ပြောပေးနိုင်မှာမဟုတ်ဘူး...'


သေချာပေါက် အလကားအကျိုးအမြတ်ရလိုက်သည့်သူများက မည်သည့်အသံမှထွက်ကြမည်မဟုတ်ပေ။

' ဒါက ကောင်းတဲ့ကိစ္စပဲ မဟုတ်ဘူးလား...'


ဆာ့ဆာ့က သူတို့အား ကွေ့ဝိုက်နေရန် အချိန်မပေးပေ။

" အချိန်မဆွဲကြနဲ့တော့...နင်တို့ အခု မစနိုင်ဘဲ ခေါင်းဆက်ကိုက်လာမယ်ဆိုရင် နင်တို့ရဲ့ စိတ်ဝိညာဥ်ကို ပြန်ကုသမရနိုင်တဲ့ ထိခိုက်မှုတွေ ရှိလာလိမ့်မယ်..." 


လူအုပ်စုက အလွန်ကြောက်သွားသောကြောင့် မြန်မြန်ထိုင်ချကာ တင်ပလ္လင်ခွေထိုင်လိုက်ပြီး ဆာ့ဆာ့သင်ပေးသည့်အတိုင်း သူတို့၏ စိတ်ဝိညာဥ်ပင်လယ်ကို စတင်ကျင့်ကြံလိုက်သည်။

' အဲ့ဒါက အခွင့်အရေးလား ဘေးဒုက္ခလားဆိုတာကိုတော့ ငါတို့အသက်ရှင်လျက် ထွက်သွားနိုင်တဲ့အခါကျရင် သိရမှာပဲ...'


ကောင်းသည့်အချက်မှာ ဤလူများ၏ ကျင့်ကြံရေးက တိုးတက်မလာလျှင်ပင် အားလုံးက မက်ခါတ်ိုက်ခိုက်ရေးသမားများဖြစ်သောကြောင့် စိတ်ဝိညာဥ်ပင်လယ်အဆင့်ကလည်း မြင့်ကြသည်။ ထို့အပြင် သူတို့၏ စိတ်အသိအာရုံကလည်း မကျင့်ကြံထားသောသူများနှင့်ယှဥ်လျှင် ကွာခြားချက်ရှိပေလိမ့်မည်။ သူတို့ထဲတွင် စိတ်ဝိညာဥ်ပင်လယ်အဆင့် အနိမ့်အမြင့်ကွာခြားချက်များရှိသော်လည်း မည်သူမှ တစ်ဆင့်ထဲ၌ ရပ်နေမည်မဟုတ်ပေ။


ထိုအချိန်မှာပင် ကောင်းကင်ရှိ အကာအရံမှာ တဖြည်းဖြည်း ရွေ့လျားနေ၏။


*****


လွန်ခဲ့သော ငါးရက်က Dဂြိုဟ်တွင် ရှဲ့ရုန်၏ ဂမ္ဘီရဟောကိန်းကြောင့် သူပုန်နှင့် အာကာသဓားပြများမှာ သူတို့၏ စိတ်ထဲ၌ မည်သည်တို့ပဲရှိနေပါစေ ၊ စကားလုံးဖြင့် လိုလားမှုရှိကြောင်းဖော်ပြလာ၏။


အိုက်ဇယ်က ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ့စိတ်ဝိညာဥ်ပင်လယ် တိုးတက်သွားရခြင်း၏ အကြောင်းကို ကြော်ငြာလိုက်သည်။

" ကျုပ်ရဲ့ စိတ်ဝိညာဥ်ပင်လယ်က စတားကွန်ရက်ကြောင့် တိုးတက်သွားတာပဲ..." 


" ဟမ်...မင်းငါတို့ကို လာလှည့်စားနေတာလား..." 

တစ်စုံတစ်ယောက်က မနေနိုင်ဘဲ ဘောက်ဆတ်ဆတ်ပြောလာသော်လည်း အိုက်ဇယ်၏ အေးစက်သောအကြည့်ကြောင့် ချက်ချင်းအသံပိတ်သွား၏။


သို့သော် ထိုသူက အားလုံးတွေးနေသည့်အကြောင်းကို ထုတ်ပြောလိုက်ခြင်းပင်။

' စတားကွန်ရက်မှာသာ အဲ့လိုမျိုးလုပ်လို့ရရင် အရင်ကတည်းက ရှာတွေ့တာကြာရောပေါ့... ဒါပေမဲ့ ဖက်ဒရေးရှင်းဘက်ကလည်း အသံတိတ်နေပြီး စတားကွန်ရက်ကို သုံးပြီး အဲ့ဒီလို တိုးတက်သွားတဲ့သူရှိတယ်လို့လည်း တစ်ခါမှ မကြားဖူးပါဘူး...' 


အိုက်ဇယ်က တည်ငြိမ်စွာပြောလာ၏ ။

" ကျုပ်က အဲ့ဒီလို အပေါစားဟာသတွေကို ပြောနေမှာ မဟုတ်ဘူး... အဲ့ဒီလို အလိမ်အညာကို ပြောတယ်ပဲထားပါဦး ..တစ်ချက်စစ်ကြည့်လိုက်တာနဲ့ ပေါ်သွားမှာပဲ မဟုတ်ဘူးလား..." 


လွန်ခဲ့သောသုံးနှစ်ခန့်က ဂြိုဟ်ကို ကျူးကျော်လာသော ဂြိုဟ်သားရဲများကို ရှင်းလင်းရန် သူ မစ်ရှင်ဖြင့် စေလွှတ်ခံခဲ့ရသည်။ သို့သော် သူနှင့် အဆင်မပြေသော လုပ်ဖော်ကိုင်ဘက်က တမင် စစ်ရေးသတင်းများ ဖွင့်ထုတ်ခဲ့သည့်အတွက် ဂြိုဟ်သားရဲများ၏ အသိုက်ထဲသို့ ကျရောက်သွားပြီး အသက်ရှင်လျက်ပြန်ထွက်မလာနိုင်လုနီးပါး ဖြစ်ခဲ့ရသည်။


အိုက်ဇယ် အတော်လေးစိတ်ပျက်သွားသော်လည်း တစ်ခါတည်းနှင့် ပြန်ထွက်လာနိုင်ခဲ့သည်။ သို့သော် သူ့တစ်ကိုယ်လုံးဒဏ်ရာများဖုံးလွှမ်းနေပြီး စိတ်ဝိညာဥ်ပင်လယ်ပင် ပြိုကွဲလုမတက် ဖြစ်ခဲ့သည်။ 


အချို့လူများက သူ့ကို ဟာသအဖြစ်ကြည့်ရန်သာ စောင့်နေကြကြောင်း သူသိသည်။ ထို့ကြောင့် သူက လူထုကို ချမပြခဲ့ခြင်းပင်။ သူ့စိတ်ဝိညာဥ်ပင်လယ်က လုံးဝပြိုကွဲမသွားသေးသရွေ့ ၊ သူသာ အသက်ရှင်နေသေးသရွေ့ ထိုသူများကို သူတို့၏စိတ်တိုင်းကျအတိုင်း ဖြစ်ခွင့်မပေးနိုင်ပေ။


အိုက်ဇယ်က သူ့ဒဏ်ရာများကြောင့် အချိန်အချို့ခန့် အနားယူလိုက်ပြီး သူ့နေ့ရက်များကို စတားကွန်ရက်ထဲ၌ ပြန်လည်အားဖြည့်ရင်းသာ ကုန်ဆုံးခဲ့ရသည်။ စတားကွန်ရက်၏ လုံခြုံရေးက အလွန်စိတ်ချရသောကြောင့် သူသာ သူ့ကိုယ်သူ မထုတ်ဖော်မိသ၍ သူက အိုက်ဇယ်ဆိုသည်ကို မည်သူမှ သိမည်မဟုတ်ပေ။


ကံမကောင်းစွာဖြင့် သူမည်မျှ ကြိုးစားယှဥ်ပြိုင်ပါစေ သူ့စိတ်ဝိညာဥ်ပင်လယ်က တဖြည်းဖြည်းလျော့ကျကာ သူလည်းထိန်းချုပ်၍ မရတော့ပေ။


မြေပုံစနစ်အပိုင်း၏ လေ့ကျင့်ရေးအပိုင်းပြီးနောက် အိုက်ဇယ်မှာ ကယောင်ကတမ်းဖြစ်နေ၏။ သူ့စိတ်ဝိညာဥ်ပင်လယ်ပြိုကွဲကာ စိတ်လွတ်သွားပြီး သာမန်လူများကို ထိခိုက်အောင်မလုပ်မိခင် စတားကွန်ရက်ထဲမှထွက်ရန် ကြိုးစားလိုက်သည်။ သူ့စိတ်ထဲ မူးဝေနေပြီး သူ မည်သည့်နေရာသို့ ရောက်နေမှန်းမသိတော့သည့်အချိန်တွင် သူ့မျက်လုံးများမပိတ်မီ စိတ်ထဲ၌ အတွေးတစ်ခုသာရှိတော့သည်။

' ငါ မသေချင်သေးဘူး...' 


အိုက်ဇယ် ပြန်သတိရလာသောအခါ သူက ပြိုကွဲသွားခြင်းမရှိသည့်အပြင် ထိုအစား သူ့စိတ်ဝိညာဥ်ပင်လယ်က ပို၍ပင် တိုးတက်သွား၏။ သူရောက်ခဲ့သည့် ထူးခြားဆန်းကြယ်သော နေရာကိုလည်း သူမှတ်မိသည်။ ၎င်းက စွန့်ပစ်ထားသည့်ဂြိုဟ် D252 ပင်။


စတားကွန်ရက်ထဲ၌ ချို့ယွင်းချက်ကို သူရှာတွေ့ခဲ့ပုံပင်။ မြေပုံစနစ်၏ ဒေတာစီးဆင်းမှုက တည်ငြိမ်မှုမရှိဘဲ ထိုဒေတာစီးဆင်းသည့် လမ်းကြောင်းအတိုင်းရှာဖွေကြည့်လျှင် ထိုနေရာကို ရောက်သွားနိုင်၏။


အိုက်ဇယ် ယခင်ကဆိုလျှင် အခြားသောသူများကဲ့သို့ပင် ဒေတာစီးဆင်းမှူများဖြင့် တည်ဆောက်ထားသော စတားကွန်ရက်ကို ပုံရိပ်ယောင်ကစားစက်ဟုသာ ထင်ခဲ့သည် ။ သို့သော် D252ဂြိုဟ်ကို ရောက်ခဲ့ပြီးနောက် သူ့တွင် သံသယများရှိလာ၏။

' ဒါက တကယ်ကို ဒေတာဖန်တီးထားရုံသပ်သပ်ပဲလား...' 


ဂြိုဟ်ပိုးကောင်ကဲ့သို့ သက်ရှိမျိုးက ထူးခြားပြီး D252ကလည်း အလွန်သေချာနေသည့်ဂြိုဟ်ဖြစ်သောကြောင့် ၎င်းက တိုက်ဆိုင်သွားရုံဆိုသည်ကို ယုံကြည်ရန် ခက်ခဲနေ၏။


အိုက်ဇယ် သံသယဝင်မိသည် ။

' စတားကွန်ရက်ရဲ့ တာဝန်ရှိသူတွေက တကယ်ပဲ မသိတာရော ဟုတ်ရဲ့လား...' 


ဤသည်ကလည်း သူ ဖက်ဒရေးရှင်းကို သစ္စာဖောက်ရသည့် အကြီးဆုံးအကြောင်းပြချက်ထဲမှ တစ်ခုပင်။ စတားကွန်ရက်၏ အဆက်အသွယ်က အလွန်ကြီးမားသောကြောင့် သူ့သံသယများသာ မှန်နေသည်ဆိုလျှင် မည်သူ့ကိုယုံကြည်ရမှန်းပင် သူ မသိတော့ချေ။


" သာမန်ပြည်သူတွေ အဲ့ဒီလမ်းကြောင်းကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး...ကျုပ်ကသာ တစ်ဦးတည်းသော ဦးဆောင်နိုင်တဲ့သူပဲ...ဒါပေမဲ့ ကျုပ်နဲ့အတူ လူတိုင်းကိုခေါ်သွားမှာမဟုတ်ဘူး...ကျုပ်ယုံကြည်ရတဲ့သူတွေကိုပဲ ခေါ်သွားမှာ..."


ရှဲ့ရုန်က သေချာနားထောင်နေ၏ ။

' သူရှင်းပြတာကို နားထောင်ကြည့်ရသလောက် အဲ့ဒါက ကျင့်ကြံရေးကမ္ဘာရဲ့ ဝိညာဥ်ကျင့်ကြံတဲ့မြေပြင်လိုပဲ...စိတ်ဝင်စားစရာတော့ ကောင်းနေပြီ...' 


အိုက်ဇယ်က လူအားလုံးကို သေချာဆန်းစစ်လိုက်သည်။

" ခင်ဗျားတို့ထဲက လူတချို့က ဖက်ဒရေးရှင်းထဲကလူတွေနဲ့ ပတ်သက်နေတာလည်း ဖြစ်နေနိုင်သေးတာပဲ...ခင်ဗျားတို့ထဲက တချို့က ဖက်ဒရေးရှင်းဘက်ကပျိုးထောင်ပေးထားတဲ့သူတွေလည်း ဖြစ်နေနိုင်သေးတာပဲ...ဒါပေမဲ့ လူတွေက သူတို့အတွက် ကောင်းမယ့်အရာကိုတော့ ပယ်ချမဟုတ်ဘူးလို့ ကျုပ်ထင်ပါတယ်...ဟုတ်တယ်မလား..." 


အစည်းအဝေးတွင် အရောင်ပြောင်းသွားသော မျက်လုံးများကို သူတွေ့လိုက်ရသော်လည်း သူအံ့အားသင့်မသွားပေ။


" သေချာပေါက်မဟုတ်ဘူးပေါ့..." 

တစ်စုံတစ်ယောက်က ချက်ချင်း ထရပ်လာ၏။


အိုက်ဇယ်က ပြောလိုက်သည်။

" ကောင်းပြီ...ဒီတစ်ခေါက်တော့ ကျုပ်နဲ့အတူခေါ်သွားဖို့အတွက် လူတချို့ကို ရွေးလိုက်မယ်..." 


အစည်းအဝေးခန်းထဲရှိလူများ မှင်သက်သွား၏။

" ကျုပ်တို့က စတားကွန်ရက်ကနေ တစ်ဆင့်သွားရမှာ မဟုတ်ဘူးလား..." 


" မဟုတ်ဘူး...နောက်ထပ်ဝင်ပေါက်တစ်ခုရှိရဦးမယ်လို့ ကျုပ်ခံစားမိတယ်...ကျုပ်တို့အတွက် အဲ့ဒီဝင်ပေါက်က လုံခြုံစိတ်ချရတယ်ဆိုရင် အဲ့ဒီနေရာကို ကျုပ်တို့ အလုံးစုံထိန်းချုပ်လို့ ရနိုင်ပြီ..." 


အိုက်ဇယ်၌ သံသယအချို့ ရှိနေသေးသည်။

' အဲ့ဒါက D252ဂြိုဟ်ကို လက်တွေ့မှာ ရောက်သွားနိုင်တာလည်း ဖြစ်နိုင်တယ်...ငါအဲ့ဒါကို စမ်းကြည့်မှရမယ်...' 


" ဝမ်ဟူနဲ့ကျောက်အာ့ ခင်ဗျားတို့ ကျုပ်နဲ့လိုက်ခဲ့..." 


အိုက်ဇယ်၏ လူရွေးသည့်နည်းလမ်းက နားလည်ရခက်သည်။ ဝမ်ဟူ နှင့် ကျောက်အာ့က သူပုန်အဖွဲ့ဝင်များထဲ၌ လုပ်ရည်ကိုင်ရည်မြင့်သော်လည်း ဤလူနှစ်ယောက်က အိုက်ဇယ်ကို အပြည့်အဝထောက်ခံထားသူများ မဟုတ်ပေ။  


' သူက ဘာလို့ပိုယုံကြည်ရမယ့်သူတွေကို မရွေးလိုက်တာလဲ...ဘယ်လိုတောင် နမော်နမဲ့နိုင်ရတာလဲ...' 


သို့သော် ဝမ်ဟူနှင့်ကျောက်အာ့၏ ရာထူးအနေအထားကြောင့် အခြားသူများမှာ ထိုကိစ္စအပေါ်ထင်မြင်ချက်များရှိနေလျှင်ပင် ထုတ်မပြောရဲကြပေ။


အိုက်ဇယ်က သူတို့ကို မျက်စိစုံမှိတ်ပြီး ရွေးခဲ့ခြင်းမဟုတ်သည်မှာ သေချာ၏။ 


အိုက်ဇယ် စကားပြောနေသည့်အချိန်၌ ဝမ်ဟူ၏ မျက်လုံးအကြည့်များက ပြောင်းလဲသွား၍ ထိုသူက ဖက်ဒရေးရှင်းနှင့် အလုပ်လုပ်နေသောသူဖြစ်ရမည်ဟု အိုက်ဇယ် သံသယရှိသည်။ အကယ်၍ D252ကသာ သူတွေးထားသလိုဆိုလျှင် သူပုန်တပ်ထဲရှိ ရာထူးမြင့်များထဲ၌ ဖက်ဒရေးရှင်း၏ သူလျှိုပါနေလောက်သည်။ သို့သော် ဖက်ဒရေးရှင်းနှင့် အလုပ်လုပ်နေသည့်သူရှိလျှင်ပင် ထိုသူက D252အကြောင်းကို အမှန်အတိုင်းသိထားဦးမည် မဟုတ်လောက်ပေ။ ၎င်းက အခွင့်ကောင်းယူရမည့် အချက်ပင်။


တစ်ဖက်၌ ကျောက်အာ့ကမူ ဖက်ဒရေးရှင်း၏ ဆန့်ကျင်ဘက်သာဖြစ်ကြောင်း ခိုင်မာ၏။ သူသာ အနား၌ ရှိနေလျှင် ဝမ်ဟူက ပြဿနာဖြစ်နေလျှင်ပင် သူက ထိုပြဿနာကို သေချာပေါက် ရှင်းလင်းပစ်လိုက်မည်။


ရှဲ့ရုန်က ထိုကဲ့သို့ စိတ်လှုပ်ရှားဖွယ်ရာကောင်းသည့် အခြေအနေကို မြင်နိုင်ရန် အခွင့်အရေးကို လုံးဝ လက်လွှတ်လိမ့်မည် မဟုတ်ချေ။

" ကျွန်တော့်ကိုလည်း ခေါ်သွားပေးပါ...ကျွန်တော့်ကိုလည်း ခင်ဗျားနဲ့အတူ ခေါ်သွားပါလို့..." 


လူလေးယောက်၏ ကြယ်စင်အာကာသယာဥ်က D252 ဂြိုဟ်ရှိရာသို့ စတင်ထွက်ခွာတော့သည်။


ဤသည်က အိုက်ဇယ်အတွက် ပထမဦးဆုံးအကြိမ် ဂြိုဟ်ပေါ်သို့ အမှန်တကယ်ခြေချဖူးခြင်းဖြစ်သည်။

သို့သော် ထိတ်လန့်ဖွယ်ကောင်းသည့်အချက်က ထိုနေရာမှာ သူနှင့်လုံးဝစိမ်းသက်မနေပေ။ ၎င်းက စတားကွန်ရက်၏ သုံးဖက်မြင်ကမ္ဘာထဲ၍ သူတွေ့ခဲ့ရသည်နှင့် တစ်ထေရာတည်းပင်။


သူ၏ သံသယများထဲမှ တစ်ခုကို အတည်ပြုပြီးသား ဖြစ်သွားချေပြီ ။


" ကျုပ်နဲ့အတူ ဒီနားမှာလာရပ်ကြ ...ခင်ဗျားတို့ရဲ့ စိတ်ဝိညာဥ်ပင်လယ်က အားကောင်းလာလိမ့်မယ်..." 

အိုက်ဇယ်က သူတို့ကို လမ်းညွှန်ပေးလိုက်သည်။


ဝမ်ဟူနှင့် ကျောက်အာ့က သူညွှန်ကြားပေးသည့်အတိုင်း ကျောက်သားစင်မြင့်ထက်၌ ရပ်လိုက်ကြသည်။ ထို့နောက် ယောက်ျားနှစ်ယောက်မှာ ရှော့ခ်ရသွားသည့်အလားပင်။စိတ်ဝိညာဥ်စွမ်းအားများ မြင့်တက်လာသည််ကို သူတို့အမြင်အာရုံဖြင့် မမြင်နိုင်သော်လည်း သူတို့၏ ဦးနှောက်အာရုံက သက်တောင့်သက်သာဖြစ်နေသော ခံစားချက်ကိုရပြီး ယုံမှားစရာမရှိပေ။


အိုက်ဇယ်နှင့် အခြားသူများက ထိုအရာကို မမြင်နိုင်သော်လည်း ရှဲ့ရုန်က မြင်နိုင်၏။ လေထဲ၌ များစွာသော စိတ်ဝိညာဥ်အာရုံများရှိနေပြီး ထိုယောက်ျားနှစ်ယောက်က ၎င်းတို့ကို စုပ်ယူနေကြသည်။


ဤသည်က ဝိညာဥ်သန့်စင်သည့်မြေပြင်ပင်။ ထို့အပြင် ၎င်းက သဘာဝကွင်းပြင်ဖြစ်ပြီး ဝိညာဥ်သန့်စင်သည့်မြေပြင်ဖြစ်လာရန် ဖန်တီးထားခြင်းပင်။ ကျင့်ကြံရေးကမ္ဘာရှိလူတိုင်းက မိစ္ဆာနည်းလမ်းဖြင့် ကျင့်ကြံသူတိုင်းကို ရှုံ့ချကြသည်။ ရှဲ့ရုန်မှာ အခြားကမ္ဘာကို ကူးပြောင်းလာပြီဖြစ်သော်လည်း စည်းမျဥ်းသဘောထားများကို မမေ့လျော့သေးပေ။


ရှဲ့ရုန်က အသေအချာပြုံးလိုက်သည်။

" စိတ်ဝိညာဥ်ပင်လယ်ကို တိုးမြှင့်တာလား...ဒါဆို ကျွန်တော်လည်း စမ်းကြည့်ဦးမယ်..." 


ထို့နောက် သူ့စိတ်ဝိညာဥ်အာရုံက အလုံးစုံ ပျံ့နှံ့သွားပြီး လွင့်မြောနေသော စိတ်ဝိညာဥ်အာရုံများကို သူတို့၏ လားရာအတိုင်း ပထုတ်လိုက်သည်။ အကြမ်းဖက်ဖျက်ဆီးပစ်သည့် နည်းလမ်းကြောင့် ကျင့်ကြံရေးမြေပြင်က ချက်ချင်း လှုပ်ရမ်းလာ၏။


" ဘာဖြစ်တာလဲ...ဘာတွေ ဖြစ်သွားတာလဲ..." 


တစ်ချိန်တည်း၌ပင် မြေပုံစနစ်ကြောင့် ပြိုင်ပွဲမှ ရောက်ရှိလာသော ကျောင်းသားများလည်း ရုတ်တရက် မူးဝေစေသည့်လှိုင်းအလျားကို ခံစားလိုက်ရပြီး မြေပုံစနစ်မှာ လုံးဝ မဲမှောင်သွားတော့သည်။


*****


ချန်သာ့ယို ရုတ်တရက် စတားကွန်ရက်၏ ပင်မထိန်းချုပ်ရေးစနစ်မှ သတိပေးချက်ကို ရရှိလိုက်သည်။

" ဘာဖြစ်တာလဲ..ဘာလို့ ရုတ်တရက်ကြီး ထိန်းချုပ်လို့မရတော့တာလဲ..." 


ကံမကောင်းစွာဖြင့် သူ့မေးခွန်းကို မည်သူမှ မဖြေပေးနိုင်သလို သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။


သူချက်ချင်းပဲ ဝမ်ဟူကို အရေးတကြီးဆက်သွယ်လိုက်ရသည်။ D252ဂြိုဟ်၌ တစ်ခုခုဖြစ်နေခြင်းဟု သူသံသယဝင်မိသည်။ ဝမ်ဟူမှာ ချန်မိသားစုက ပျိုးထောင်ပေးထားသော သူပုန်ဖြစ်သည်။


သို့သော် သူ့ဆက်သွယ်မှုကို မည်သူမှ ပြန်မဖြေလာပေ။ သူ့မှန်းဆချက်မှန်နေပြီဟု ချန်သာ့ယို ပိုယုံကြည်လာ၏။ သူစိတ်ထဲမှ သက်ပြင်းချနေမိသည် ။

' ငါဒါကို ပိုဆိုးအောင် မလုပ်ချင်ပါဘူး...ဒါပေမဲ့လည်း နည်းလမ်းမရှိတော့ဘူး...' 


မက်ခါတိုက်ခိုက်ရေးသမားများ မည်သည့်နေရာသို့ ရောက်သွားကြောင်း သူသိသည်။


D252 ဂြိုဟ်ကို ယင် နှင့် ယန် အပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြားထား၏။ ယင်နေရာ၌ စိတ်ဝိညာဥ်များကို ဝိညာဥ်သန့်စင်သည့်နယ်မြေသို့ ပို့ဆောင်ပေးပြီး ယန်နေရာ၌မူ ထိုစိတ်ဝိညာဥ်များအားလုံးကို စုပ်ယူနိုင်၏။



💫💫💫