💫 Chapter 66
ယခင်ကဆိုလျှင် ဆာ့ဆာ့က ရှဲ့ရုန်ကို မတွေ့ရသည်မှာကြာပြီးနောက် ဦးဆုံးနွေးထွေးစွာ ကြိုဆိုမည့်သူဖြစ်လိမ့်မည်။ သို့သော် ယခုတစ်ကြိမ်တွင် သူမက ရှဲ့ရုန်၏ စိတ်သောကများနေသော အချက်ပြမှုများကို မတွေ့သည့်အလား ဘာမှမဖြစ်သလိုပင် ခေါင်းကိုလှည့်သွားသည်။
တစ်စက္ကန့်အတွင်းမှာပင် သူမ၏ ဆရာက လူသားဖြစ်စေ ၊ ဂြိုဟ်သားရဲဖြစ်စေ ရှင်းလင်းပေးလိမ့်မည်ဟု ပေးထားသော ကတိကို ချိုးဖောက်လိုက်ရသည်။ နောက်တစ်စက္ကန့်အတွင်းတွင် သူမ၏ တတိယစီနီယာအစ်ကိုက တစ်ခုခုမှားနေကြောင်း သေချာသွား၏။
' တတိယစီနီယာအစ်ကို မရှိလည်း ရှင်သန်သွားလို့မရတာတော့ မဟုတ်ပါဘူးလေ...'
သူမက လုချန်းမင်နှင့် အခြားသူများကို သတိပေးလိုက်သည်။
" အဟမ်း...နင်တို့နည်းနည်းတော့ နောက်တွန့်သွားမှာပေါ့...ဒါပေမဲ့ မကြာခင်မှာ ထိတ်လန့်စရာမြင်ကွင်းတွေ မြင်ရတော့မှာပါ..."
ရှဲ့ရုန် : "...."
သူက ဆာ့ဆာ့၏စကားကို သေချာရှင်းရှင်းလင်းလင်းကြားလိုက်ရပြီး လက်မှဆွဲခေါ်ပြီး မေးလိုက်ချင်မိသည်။
' ဒါဆို နင့်ရဲ့ မေတ္တာတရားတွေက ပြောင်းလဲသွားပြီပေါ့ ဟုတ်လား...'
လွန်ခဲ့သောနာရီအနည်းငယ်ခန့်က ရှဲ့ရုန်က ပရမ်းပတာဖြစ်စေခဲ့ပြီး သူတို့ရပ်နေသော နေရာက တုန်ခါကာ ကျောက်သားပြင်တစ်ခုလုံး ပြိုကွဲကြေမွသွား၏။ သူပုန်များက သူတို့၏ အင်အားကို မြှင့်တင်ချင်သော်လည်း သူတို့၏ အသက်ကို စွန့်စားမည်မဟုတ်ချေ။ ထို့ကြောင့် သူတို့ရွေးချယ်စရာမရှိဘဲ လွတ်မြောက်အောင်လုပ်ရန်သာ ရှိတော့၏။
သူတို့လွတ်လာပြီးနောက် ပြဿနာနောက်တစ်ခုက ပေါ်လာပြန်သည်။
ဒီနေရာက သူတို့ရဲ့ စိတ်ဝိဉာဥ်ပင်လယ်ကို ဆက်ပြီးမြှင့်တင်ပေးနိုင်ပါဦးမလား…
ဝမ်ဟူက အိုက်ဇယ်ကို ဦးစွာမေးခွန်းထုတ်လိုက်သည်။
" မင်းဒါကို အရင်ကြိုတင်ကြံစည်ထားတာမလား...မင်းအရမ်းတွေ လိုလားနေတယ်ဆိုကတည်းက ငါတို့ကို ရည်ရွယ်ချက်ရှိရှိ ဒီနေရာကို ခေါ်လာတာပဲ ဖြစ်ရမယ်... ဒါပေမယ့် ဝိညာဥ်သန့်စင်ရေးမြေပြင်က ငါတို့မျက်စိရှေ့တင် ပြိုကွဲသွားပြီ..."
အိုက်ဇယ်၏ မျက်နှာထားကတင်းမာနေ၏။
" လာပြန်ပြီ...ကျုပ်က မလိုတာတွေ လုပ်ကိုမလုပ်ဘူး...အရင်က ကျုပ်လည်း ဒါမျိုးမကြုံဖူးဘူး..."
ထို့နောက် သူက ရှဲ့ရုန်ကို သေချာစိုက်ကြည့်လိုက်သည်။
အခြားသူများ ဒုက္ခတွေ့နေသည်နှင့်ယှဥ်လျှင် ရှဲ့ရုန်၏ မျက်နှာက ရဲမနေသလို ပင့်သက်ရှိုက်နေခြင်းမျိုးလည်း မရှိပေ။
ဝမ်ဟူနှင့် ကျောက်အာ့က သူ့ကို ငတုံးဟု ထင်မှတ်နေသောကြောင့်သာ သာမန်မဟုတ်သည်ကို သတိမထားမိခြင်းဖြစ်သည်။ သို့သော် သေချာစဥ်းစားကြည့်မည်ဆိုလျှင် ပြဿနာကို ရိပ်စားမိနိုင်၏။ သူတို့သုံးယောက်လုံး၏ အင်အားနှင့် ခန္ဓာကိုယ်တည်ဆောက်ပုံက မသေးသော်လည်း ကြံကြံခံကျော်လွှားခဲ့ရပြီး ရှဲ့ရုန်ကမူ မည်သည့်သက်ရောက်မှုမှ ခံလိုက်ရပုံမပေါ်ပေ။
ရှဲ့ရုန်က အိုက်ဇယ်ကို ဖြူစင်ရိုးသားစွာကြည့်လိုက်ပြီး သူ့မျက်နှာ၌ ' ကျွန်တော်ကတကယ်ပဲ ပွဲလာကြည့်ရုံတင်ပါ ' ဟု ရေးထိုးထားသည့်အလားပင်။
အိုက်ဇယ်က သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ရှဲ့ရုန်က 'ဘယ်လိုလူမျိုးလဲ'ဆိုသည်ကို သူ အမှန်တကယ်နားမလည်တော့ပေ။ ထိုသူအား လူဖျင်းလူညံ့ဟု ပြောလျှင်လည်း ပုံကြီးချဲ့ရာကျလိမ့်မည်။ သို့သော်လည်း သူ့ကို တစ်ခုခုသိသာအောင်လုပ်ရန် ခေါ်လာပြီးနောက် အိုက်ဇယ်က သူ့ရွေးချယ်မှုကိုပင် ပြန်ပြီးမေးခွန်းထုတ်စရာရှိလာ၏။
ထိုကောင်လေးက ယုံကြည်ရနိုင်ခြင်း နှင့် မယုံကြည်ရခြင်းအကြားတွင် အချိန်မရွေးပြောင်းလဲနေပြီး အရောင်ပြောင်းကြောင်တစ်ကောင်ကဲ့သို့ပင်။ ဤအခြေအနေတွင် သူက ရှဲ့ရုန်ကိုလည်း ခက်ခဲအောင်လုပ်ရန် မပြင်ဆင်ထားပေ။ ထိုအစား သူက ဝမ်ဟူကို ကြည့်ကာ ပြောလိုက်သည်။
" အမှန်တိုင်းပြောရရင် ခင်ဗျားကမှ သံသယဝင်စရာအကောင်းဆုံးလို့ ကျုပ်ထင်တယ်...ခင်ဗျားတကယ်ပဲ D252ဂြိုဟ်အကြောင်း မသိတာရော ဟုတ်ရဲ့လား..."
၎င်းက ကျောက်အာ့၏ တုံ့ပြန်မှုနှင့် အတူတူပင်။ D252ဂြိုဟ်က ဖက်ဒရေးရှင်းဘက်ကက လက်လှမ်းမမှီနိုင်သည့် ယခုလိုနည်းလမ်းမျိုးဖြင့် တည်ဆောက်ထားသည်။ ထို့ကြောင့် သူတို့ထဲမှ လူတစ်ယောက်က ဖက်ဒရေးရှင်းဘက်မှလူများနှင့် ပူးပေါင်းနေခြင်းသာ ဖြစ်ရမည်။ အိုက်ဇယ်က မကြာသေးမီကမှ ရောက်ရှိလာသည့်သူဖြစ်သောကြောင့် သံသယထဲမှ ဖယ်ထုတ်ထားနိုင်သေးသည်။ ထိုအကြောင်းကို သေချာတွေးကြည့်မည်ဆိုလျှင် ၎င်းက သူတို့ထဲမှ လူတစ်ယောက်သာ ဖြစ်နိုင်၏။
ကျောက်အာ့က ဝမ်ဟူကို မျက်နှာသေဖြင့်ကြည့်လိုက်သည်။
" ငါမင်းနဲ့ ညီအစ်ကိုတွေဖြစ်လာတာ ဒီလောက်နှစ်တွေကြာပြီ...မင်းဘယ်လိုများ သစ္စာဖောက်ရဲရတာလဲ..."
အိုက်ဇယ်က မီးမွှေးပေးလိုက်သည်။
" ဒါပေမဲ့ ဝမ်ဟူကိုကြည့်ရတာ သူလည်း D252ဂြိုဟ်နဲ့ ပတ်သက်လို့ အမှန်တရားကို မသိသေးဘူးနဲ့တူပါတယ်...ခင်ဗျားက တခြားလူတွေအတွက် အရမ်းအလုပ်ကြိုးစားပေးခဲ့တယ်...ဒါပေမဲ့ အဲ့ဒီလိုဆိုတိုင်း သူတို့က ခင်ဗျားကို အလေးအနက်ထားလိမ့်မယ်လို့ မဆိုလိုဘူးလေ..."
အိုက်ဇယ်၏ စကားများက ဝမ်ဟူ၏ ရင်ထဲလောင်စာထည့်ပေးလိုက်နိုင်၏။
ယခုအခါ ကျောက်အာ့နှင့် အိုက်ဇယ်တို့က သူ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည့်အတွက် ရှင်းပြနေလျှင်လည်း အပိုပင်။ သူသာ အမှန်တိုင်း ထုတ်မပြောလျှင် ဤနေရာက ဘယ်တော့မှ အသက်ရှင်လျက် ထွက်ခွင့်မရလောက်ပေ။
ထို့ကြောင့် သူက စိတ်ပါလက်ပါပြောလာ၏။
" ငါက သစ္စာဖောက်မဟုတ်ပါဘူး...ငါ့ကို ဆက်သွယ်ခဲ့တဲ့သူက ချန်မိသားစုရဲ့ ချန်သာ့ယိုပဲ...သူက ဖက်ဒရေးရှင်းနဲ့လည်း အဆက်အစပ်မရှိသလို ငါတို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးချင်တဲ့အကြောင်းတွေ အများကြီး ပြောခဲ့တယ်...သူ့ကိုလည်း ငါတို့ထဲက တစ်ယောက်လို့ပဲ ငါထင်ခဲ့တာ...ပြီးတော့ သူ့မိသားစုကလည်း ငါတို့ကို အများကြီးထောက်ပံ့ပေးခဲ့တယ်...အဲ့ဒါက ဘာပဲဖြစ်ဖြစ် အရှုံးမရှိပါဘူးလို့ ငါတွေးခဲ့တာ...ဒါကြောင့် ငါမငြင်းခဲ့ဘူး...သူက D252ဂြိုဟ်ကို စောင့်ကြည့်ထားဖို့ ငါ့ကိုပြောတယ်...ဒါပေမဲ့ ဒီနေရာမှာ ဒါမျိုးဖြစ်နေလိမ့်မယ်လို့ ငါမသိခဲ့ဘူး..."
" သူက သူ့ရဲ့သရုပ်မှန်ကို ဖော်ထုတ်ခွင့်မပေးထားဘူး...အဲ့ဒါက သာမန်ပါပဲ...သူက ဖက်ဒရေးရှင်းထဲမှာပဲ ရှိနေသေးလို့ သူ့ရဲ့ သရုပ်မှန်သာပေါ်သွားရင် အန္တရာယ်များနိုင်တာကြောင့် ဖော်ထုတ်ခွင့်မပေးထားတာလို့ ငါထင်ခဲ့တာ..."
ဝမ်ဟူက သူ့ရိုးသားမှုကို သက်သေပြရန်အတွက် သစ္စာဆိုရန်အထိ စိတ်အားထက်သန်နေ၏။
တစ်စုံတစ်ယောက်က သစ္စာဖောက်အဖြစ် တံဆိပ်ကပ်ခံရပြီဆိုလျှင် မည်သို့ဖြစ်လာမည်ဆိုသည်က သူနှင့် ရင်းနှီးနေပြီးသားပင်။
အမှန်တကယ်တွင် ဝမ်ဟူပြောသွားသမျှကလည်း အမှန်များသာပင်။
သူသာ ချန်မိသားစုဘက်က ထောက်ပံ့မခံရရင် သူတို့ဘက်က သူ့ကို ဘာလို့အများကြီး ပြောပြထားဦးမှာလဲ…
သူ့ဘက်ကအမြင်အရ ချန်မိသားစုထံမှ အသုံးချခံလိုက်ရသည်ဟူသော ခံစားချက်ထက် သူကလည်း အကျိုးအမြတ်အတွက် အလုပ်လုပ်ခဲ့ခြင်းသာဖြစ်ပြီး သာမန်လူတစ်ယောက်ဆိုလျှင်လည်း သူ့လိုရွေးချယ်မှုကိုသာ လုပ်ကြမည်ပင်။
ကျောက်အာ့က သူ့ကို လေးနက်စွာ ကြည့်လာ၏။
" အားလုံးက မင်းပြောသလို ဖြစ်ပါစေလို့ပဲ ငါမျှော်လင့်ပါတယ်...ပြန်ပြီး မင်းကိစ္စကို အရင်ဆွေးနွေးကြတာပေါ့...အခုအရေးကြီးဆုံးကိစ္စက ငါတို့ဒီမှာ ဘာလုပ်ကြမှာလဲ..."
အိုက်ဇယ် စိတ်ထဲမှ တွေးနေမိသည်။
' လုံလောက်ပြီ...ဒါဆို ဒီကိစ္စက တိုက်ဆိုင်တာမဟုတ်ဘူးပဲ...ချန်မိသားစုနဲ့ပတ်သက်ပြီး တစ်ခုခုတော့မှားနေတာပဲ...ဒီကိစ္စမှာ လူဘယ်နှစ်ယောက်လောက် ပါဝင်ပတ်သက်နေသလဲဆိုတာကိုပဲ ငါမသိရသေးတာ...'
အိုက်ဇယ်ကပြောလိုက်သည်။
" ဒါက Dကြယ်စင်စုပဲ...ဒီဂြိုဟ်ကလည်း အခု ကျုပ်တို့ထိန်းချုပ်မှုအောက်မှာရှိနေတာဆိုတော့ ကျုပ်တို့ဒါကို အခွင့်ကောင်းယူရမယ်...ဒီနေရာကို ကျုပ်တို့ခြေကုပ်ယူထားပြီဆိုတာ ချန်မိသားစုကို သိသွားစေလို့ မဖြစ်ဘူး...ဒီနေ့ အပြောင်းအလဲပေါ်လာတာက စတားကွန်ရက်မှာ ချို့ယွင်းမှုတစ်ခုခုပေါ်လာလို့ဖြစ်နိုင်တယ်...ပြန်ပြီး တစ်ချက်ကြည့်ကြည့်ကြတာပေါ့..."
ထို့နောက် သူတို့လမ်းလျှောက်သွားနေရင်း ရွှီယီတို့နှင့် တိုးသွား၏။ ဆာ့ဆာ့၏ အတန်းဖော်များက စပြီးရေရွတ်လာကြတော့သည် ။
" လတ်စသတ်တော့ ဒါက သူပုန်တွေရဲ့ လက်ချက်ဖြစ်နေတာပဲ...စက်ဆုပ်ဖို့ကောင်းလိုက်တာ..."
" ဒါက တကယ်ကို လှည့်ကွက်များတဲ့ သူပုန်တွေပဲ လုပ်နိုင်တာလေ..."
" ဗိုလ်မှူးအိုက်ဇယ်ကလည်း ဒီလူတွေထဲက တစ်ယောက်ဖြစ်နေတာပဲ...အနာဂတ်ရဲ့ကြယ်ပွင့်ကလည်း နောက်ဆုံးတော့ ပြိုလဲသွားပြီပဲ..."
" သူတို့က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
သူတို့က ရှဲ့ရုန်နှင့် ကျန်သူများကို ဆန့်ကျင်နေ၏။
ရှဲ့ရုန်မှလွဲ၍ အိုက်ဇယ်နှင့် အခြားသူများလည်း ရွှီယီကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွား၏။ အမှန်ပင် ၊ သူတို့က ရွှီယီတစ်ယောက်တည်းကိုသာ မြင်နိုင်ကြသည်။
ဆာ့ဆာ့နှင့် အခြားသူများက နာမ်ဝိညာဥ်သာဖြစ်သောကြောင့် သာမန်လူများက သူတို့ကို လုံးဝ မမြင်နိုင်ပေ။ ရွှီယီကလည်း အမတဝိညာဥ်ဖြစ်သော်ငြား သူ့ဝိညာဥ်ကအလွန်သိပ်သည်းသောကြောင့် မသိသည့်သူများက သူ့ကို သာမန်လူတစ်ယောက်လိုသာ ဆက်ဆံကြလိမ့်မည်။
[T/N - ဆာ့ဆာ့တို့က စတားကွန်ယက်ကနေ စိတ်ဝိညာဉ်(နာမ်)ပဲဝင်ထားတာပါ မူရင်းခန္ဓာကိုယ်တွေက မြို့တော်မှာ ကျန်ခဲ့တာပါ မေ့သွားမှာစိုးလို့ ]
သို့သော် ဤလူသူမဲ့ဂြိုဟ်ပေါ်၌ လူတစ်ယောက်ပေါ်လာခြင်းကပင် သူတို့ကို သတိအနေအထားဖြစ်သွားစေရန်လုံလောက်၏။
သို့သော်လည်း အိုက်ဇယ်နှင့် အခြားနှစ်ယောက်က ဘာမှပင်မလုပ်ရသေးမီ သူတို့ထဲမှ ရှဲ့ရုန်က အော်ဟစ်ကာ တစ်ဖက်လူ၏ ခြေထောက်အနားသွားဖက်ထားတော့သည်။
" ဆရာ မတိုက်ခိုက်ခင် ကျွန်တော်ရှင်းပြတာလေး အရင်နားထောင်ပါဦး..."
ဆာ့ဆာ့နှင့် ပြိုင်ပွဲဝင်များ : "...."
အိုက်ဇယ် : "...."
အမှန်တွင် ရှဲ့ရုန်ပါးစပ်မဟမီက အားလုံးက အတူတူသာဖြစ်ပြီး သူပါးစပ်ဟလိုက်သောအခါ အားလုံးကို မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်စေ၏ ။
ရွှီယီ : " မင်းထစမ်း...မင်းတစ်ခုခုကို လိပ်ပြာမလုံဖြစ်နေတာမလား..."
တစ်ခါတစ်ရံ ဤတပည့်ကို သူ အမှန်တကယ် ပြန်ပေးချင်မိသည်။
ရှဲ့ရုန် : ' ဟုတ်သားပဲ...ငါက ဘာကို လိပ်ပြာမလုံဖြစ်နေတာလဲ...'
သူက သူပုန်များနှင့် ရှိနေရသော်လည်း သူ့ဂိုဏ်းထဲမှ လူများက မည်သည့်အနေအထား ၊ မည်သည့်ဘက်လိုက်ခြင်းမျိုးမှလည်းမရှိသလို သူကလည်း ဂိုဏ်းစည်းကမ်းကို ဖောက်ဖျက်သည့်လုပ်ရပ် ဘာတစ်ခုမှ မလုပ်ထားပေ။ သူက ထိုစိတ်ဝိညာဥ်အာရုံများကို စုပ်ယူနေသည့် ဆက်သွယ်မှုကို ဖျက်ဆီးပစ်ခဲ့သည်ဟုပင် ပြော၍ရသည်။
ယခင်က သူ ပြဿနာအလွန်များခဲ့သောကြောင့်သာ ဆရာ့ကိုမြင်သည်နှင့် ထိတ်လန့်နေခြင်းဖြစ်၏။ အထူးသဖြင့် နှစ်ဖက်က ရန်သူများဖြစ်နေသည့်အခါ လိပ်ပြာမလုံသည့်ခံစားချက်က ပိုကြီးလာခြင်းပင်။
အသိပြန်ဝင်လာသောရှဲ့ရုန်က သူ့တရားမျှတကြောင်း ပြလာ၏။
" ဆရာ...ဒီနေရာကို ဖန်တီးထားတာ ကျွန်တော်မဟုတ်ပါဘူး...ကျွန်တော် ဒီကိုရောက်တော့ စိတ်ဝိညာဥ်အာရုံတွေကို စုပ်ယူဆက်သွယ်နေတဲ့ မြေပြင်ကိုတွေ့တာနဲ့ တစ်ခါတည်းဖျက်ဆီးပစ်ခဲ့တာ...ထိုက်ယီဂိုဏ်းက သင်ကြားပြသပေးထားတာတွေကို ကျွန်တော် ဘယ်တုန်းကမှ မမေ့ပါဘူး..."
ရှဲ့ရုန်က တတွတ်တွတ်ရှင်းပြလာ၏။ သူ့အနောက်တွင် အမြှီးလေးတယမ်းယမ်းဖြစ်နေပြီး သူ့ဆရာချီးကျူးလာမည်ကိုပင် စောင့်နေသည့်အလားပင်။
သူပုန်များက သူ့ကိုမည်သို့တွေးထင်သည်ဖြစ်စေ သူ ကြောက်နေစရာမလိုတော့ပေ။ ဆရာက ဤနေရာတွင် ရှိနေ၍ သူလည်း သူပုန်များကို ကြောက်ရွံ့ပြီး လုံးဝသူရဲဘောကြောင်နေစရာမလိုတော့ပေ။
သူသာကောင်းကောင်းပြုမူပါက အတတ်နိုင်ဆုံးက ဆရာက သူ့ကို မြန်မြန်ပြန်လွှတ်ပြီး မြို့တော်ဂြိုဟ်ကို ပြန်လွှတ်ပေးလောက်သည်။
' ငါက ဝံပုလွေတွေဝိုင်းနေတဲ့ ရန်သူတပ်စခန်းထဲကို ဝင်ရဖို့ တော်တော်အားထုတ်ခဲ့ရတယ်ဆိုပေမဲ့ သူတို့ရဲ့ ဆိုးယုတ်တဲ့အစီအစဥ်တွေကို ကိုင်တွယ်ဖို့ ငါ့ရဲ့ သရုပ်မှန်တောင် ပေါ်မလိုဖြစ်ခဲ့တာ ...ငါက တကယ်စွန့်လွှတ်အနစ်နာခံတတ်တဲ့သူပဲ...'
ဆာ့ဆာ့က တတိယစီနီယာအစ်ကိုမှာ ပိုပြီးလေ့လာသင်ယူနိုင်ရန် ရုပ်ရှင်အကယ်ဒမီတွင် သွားရောက်ပညာသင်ယူနေခြင်းဖြစ်မည်ဟုသာ ထင်ထားပြီး အရေးအခင်းနယ်မြေသို့ရောက်နေလိမ့်မည်ဟု မတွေးခဲ့မိပေ။
အိုက်ဇယ်၏ နှုတ်ခမ်းထောင့်စွန်းများက လှုပ်ရှားသွား၏။ရှဲ့ရုန်က Dဂြိုဟ်တွင် အလွန်ဒုက္ခခံစားနေရသောကြောင့် သူ့မျက်ရည်များကပင် အစစ်များဖြစ်လိမ့်မည်ဟု သူထင်ခဲ့မိသည်။ လက်တွေ့တွင်မူ ရှဲ့ရုန်က ဤနေရာတွင် အကြီးအကဲတစ်ယောက်ဖြစ်လာရန် ကြံစည်နေခြင်းသာ ဖြစ်ရပေမည်။
ရွှီယီက သူ့စကားများကြောင့် စိတ်လှုပ်ရှားမသွားပေ။
" ဆာ့ဆာ့နဲ့အတူ တခြားသူတွေပါလာသေးတယ်ဆိုတာရော မင်းမြင်ရဲ့လား...မင်း ရုတ်တရက် လမ်းကြောင်းကို ဖျက်ဆီးလိုက်လို့ စတားကွန်ရက်မှာ ပြဿနာဖြစ်သွားပြီး သူတို့အကုန်လုံး ဒီနေရာကို အပို့ခံလိုက်ရတာပဲ..."
" အာ..."
ရှဲ့ရုန်၏ ခါးသီးသောအတွေးများမှာ ရုတ်တရက် ဖျက်ဆီးခံလိုက်ရ၏။
" အကျိုးဆက်ကိုမတွေးဘဲ အမြဲနမော်နမဲ့နဲ့...ကြည့်ရတာ မင်းက ဒီနေရာကို ရောက်လာတာကြာပြီဆိုတော့ တိုးတက်အောင်မကျင့်ကြံရသေးလို့ထင်တယ်..."
ရှဲ့ရုန် ချက်ချင်း ဒူးထောက်ချလိုက်မိသည်။
" ဆရာ...ကျွန်တော် မှားသွားပါတယ်...ကျွန်တော်က ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ခဲ့တယ်ဆိုတာကိုပဲ တွေးပြီး လွှတ်ပေးလိုက်ပါ..."
" ထတော့..."
သူက ဘာလို့ ထိုမျှလောက် အရှက်ရအောင်လုပ်နေသည်ကို ရွှီယီလည်း မတွေးတတ်တော့ပေ။
" ငါ့မှာ အခုမင်းကိစ္စကို ဆွေးနွေးဖို့ အချိန်မရှိသေးဘူး..."
သူက ဆာ့ဆာ့နှင့်အတူပါလာသောသူများကို ပြောလိုက်သည် ။
" ဆာ့ဆာ့ သင်ပေးတဲ့နည်းလမ်းအတိုင်း စပြီးကျင့်ကြံကြပါ..."
တစ်ချိန်တည်းမှာပင် ရွှီယီက လက်ကိုမြှောက်လိုက်ပြီး ဝိညာဉ်သန့်စင်ရေးမြေပြင် ပြိုကွဲသွားရာမှ လွင့်မြောနေသော စိတ်ဝိညာဥ်အာရုံတို့ကို ဆွဲငင်လိုက်သည်။ သိပ်သည်းသော စိတ်ဝိညာဥ်အာရုံများက ထိုကျင့်ကြံနေသောသူများက အနား၌ ရစ်သိုင်းသွား၏။ ဤနေရာက ကျင့်ကြံရန်အတွက် အထူးကောင်းမွန်သောနေရာပင်။ သူတို့၏ ခေါင်းကိုက်နာကျင်မှုများက အလွယ်တကူပြေပျောက်သွား၏။
ရှဲ့ရုန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
သူ့မူလရည်ရွယ်ချက်က အစီအရင်ကို ဖျက်ဆီးရန် ဖြစ်သော်လည်း ၎င်းက ဤသို့သော ပြဿနာအတန်းလိုက်ကို ဖြစ်စေလိမ့်မည်ဟု သူ မထင်ထားမိပေ။ ဤအပြစ်မရှိသောလူများက သူ့ကြောင့် ကိစ္စထဲပါဝင်ခဲ့ရသည်ဆိုလျှင် သူလည်း အပြစ်မကင်းသလို ခံစားရသည်။
ကံကောင်းစွာဖြင့် ဤနေရာတွင် ဆရာရှိနေသောကြောင့် ဘာမှကြီးကြီးမားမားမဖြစ်သွားပေ။ ၎င်းကလည်း သူတို့ကံကောင်းသည်ဟု ယူဆနိုင်ပြီး သူတို့၏ စိတ်ဝိညာဥ်ပင်လယ်ကလည်း နောက်ပိုင်းတွင် များစွာမြင့်တက်သွားပေလိမ့်မည်။ အခြားနေရာများ၌ သူတို့ကျင့်ကြံနိုင်သော်လည်း ထိုကဲ့သို့ သိပ်သည်းကာ လွင့်မြောနေသော ဝိညာဥ်များကို ထိန်းချုပ်မှုမရှိလျှင် အကျိုးသက်ရောက်မှုက သေချာပေါက် ကွာခြားလိမ့်မည်။
" ဆရာ...ဒီနေရာကို ဘာကြောင့်များ ဖန်တီးထားတာဖြစ်မလဲ..."
ရှဲ့ရုန် မမေးဘဲ မနေနိုင်တော့ပေ။ သူ ဤနေရာကိုအကြမ်းပတမ်းဖျက်ဆီးပစ်နိုင်သော်လည်း ဖြစ်လာသောအကျိုးဆက်များကြောင့် မေးရမည့် မေးခွန်းများရှိနေသေးသည်။
သူ့ဝှက်ဖဲကို ထိန်းထားရန်အတွက် အိုက်ဇယ်မှာလည်း သေချာပေါက် အမည်မသိကိစ္စများရှိနိုင်၏။ သို့သော် ရှဲ့ရုန်က ၎င်းကို အလေးအနက်မမှတ်ယူထားပေ။ သူ့တွင်လည်း အိုက်ဇယ်အား ဖုံးကွယ်ထားသည့် ကိစ္စများရှိနေသည်ပင်။ အားလုံးက တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်အသုံးချနေခြင်းသာ။
အခု ဆရာက ဒီနေရာမှာရှိနေပြီဆိုမှတော့ အသုံးချပစ္စည်းအိုက်ဇယ်ကို ဝေးဝေးပစ်ရတော့မှာပဲ...
ရွှီယီက ပြောလာ၏။
" အဲ့ဒါကို အစာကျွေးဖို့ သုံးတာ..."
ကြယ်တာရာခေတ်နှင့် ကျင့်ကြံရေးကမ္ဘာက လုံးဝကွာခြားသော်လည်း မည်သည့်ခေတ်မျိုးတွင်မဆို အလိုလောဘကြီးသည့် လူသားများက ရှိနေဆဲပင်။ ကျင့်ကြံရေးခေတ်၏ မိစ္ဆာကျင့်ကြံရေးသမားများက သူတို့၏ ကျင့်ကြံရေးကို အသုံးချသလို ကြယ်တာရာခေတ်၏ အလိုလောဘကြီးသူများက နည်းပညာကို အသုံးချကာ သူတို့၏ ဆန္ဒကို ဖြည့်တင်းကြသည်။
" ဒါပေမဲ့ ဒါက မြေမျက်နှာသွင်ပြင်တည်နေရာနဲ့ သံလိုက်စက်ကွင်းနယ်မြေ ဖြစ်နေတာကြောင့်လို့လည်း ပြောလို့ရတယ်...သူတို့ နည်းပညာတစ်ခုတည်းနဲ့ပဲ ဝိညာဥ်သန့်စင်တဲ့မြေပြင်ကိုတော့ ဖန်တီးလို့မရနိုင်ဘူး...ဒီနေရာကို ဖျက်ဆီးခံလိုက်ရပြီဆိုတာနဲ့ သူတို့ချက်ချင်းပြန်ပြီး အသစ်တစ်ခုတည်ဆောက်လို့ရမှာ မဟုတ်ဘူး..."
💫💫💫