💫 Chapter 67
အားအနည်းဆုံးလူများ၏ စိတ်ဝိညာဥ်ကပင် ပြန်ပြီးအားအင်ပြည့်လာကြောင်း ရွှီယီတွေ့လိုက်ရသည်။ သူ့အမတစိတ်ဝိညာဥ်ဖြင့် ဤဂြိုဟ်ကို ထိုးဖောက်ကာ နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်ရန် ရွှီယီက ကြံစည်ထား၏။ ဤနေရာကို ဖျက်ဆီးပစ်လိုက်လျှင် လေထဲ၌ လွင့်မြောနေသောစိတ်ဝိညာဥ်အာရုံများကပါ အလိုလျောက်ပျောက်ကွယ်သွားပေလိမ့်မည်။
၎င်းက အနည်းငယ် ဖြုန်းတီးရာကျသော်လည်း ရွှီယီက ၎င်းကို စိတ်မပူချေ။ ဘာဆိုဘာမှမရှိသည့်အခါမှသာ အလိုရမ္မက်နှင့် ယှဥ်ပြိုင်မှုတို့ကို ရှောင်ရှားနိုင်ပေလိမ့်မည်။
သို့သော် ယခုတစ်ခေါက်တွင် လူတစ်ယောက်က ပြေးဝင်ကာ တားဆီးလာ၏ ။
" ရပ်လိုက်..."
ပြေးထွက်လာသည့်သူက ဝမ်ဟူဖြစ်၏။
ဝမ်ဟူနှင့် ကျောက်အာ့တို့က ရွှီယီ၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် မှင်သက်သွားပြီး နောက်မှလိုက်ပါလာခဲ့ကြသည်။ ဖြစ်သွားသည့်ကိစ္စများက အလွန်မြန်လွန်းသောကြောင့် မည်သည့်အရာများ ဖြစ်နေသည်ကို သူတို့လုံးဝ လိုက်မမှီနိုင်တော့ပေ။
သို့သော်လည်း အိုက်ဇယ်က ဘာမှမလှုပ်ရှားတာကို တွေ့ရသည့်အတွက် သူတို့လည်း ဘာမှမလုပ်ခဲ့သော်ငြား အဆုံး၌ ရွှီယီ၏စကားများကို သူတို့နားလည်သွား၏။ အကယ်၍ ဤနေရာသာဖျက်ဆီးခံလိုက်ရလျှင် သူတို့၏ စိတ်ဝိညာဥ်ပင်လယ်ကို မြှင့်တင်နိုင်တော့မည် မဟုတ်ချေ။
ဤသည်က သူတို့နှင့်သက်ဆိုင်သော ရတနာတွင်းကြီးဖြစ်၍ မည်သည့်နေရာကမှန်းမသိပေါ်လာသော လူတစ်ယောက်ကို ဖျက်ဆီးခွင့်ပေး၍ မရပေ။ ထို့အပြင် ထိုလူနှင့် တစ်ဖက်တည်းဖြစ်ပုံရသော ရှဲ့ရုန်ကိုလည်း လုံးဝယုံကြည်၍မရပေ။
ဝမ်ဟူက ရုတ်တရက်ဝင်တိုးသွားသောကြောင့် အိုက်ဇယ် နှင့် ကျောက်အာ့ပင် ထိတ်လန့်သွား၏။ သို့သော် သူတို့တစ်ယောက်မှ ဝမ်ဟူကို ဝင်မတားကြပေ။ သူတို့၏ အတွေးကလည်း ဝမ်ဟူလိုပင်။ ရွှီယီအား ဤနေရာကို ဖျက်ဆီးခွင့်မပေးနိုင်သလို တစ်လက်စတည်းက ထိုသူ၏ အင်အားကိုပါ စမ်းသပ်ကြည့်၍ရနိုင်၏။
အိုက်ဇယ် ဤနေရာအား ရွှီယီကို ဖျက်ဆီးခွင့်မပေးနိုင်ခြင်းမှာ သူကိုယ်တိုင်အတွက်မဟုတ်ပေ။ ယခုကဲ့သို့ အရင်းအမြစ်ကြီးတစ်ခုလုံးရှိနေ၍ သူတို့ ကောင်းကောင်းအသုံးချသင့်ပေသည်။
ဝမ်ဟူ ပြေးဝင်သွားရင်း သူ့မက်ခါကိုပါ တပ်ဆင်လိုက်သော်လည်း ရွှီယီက သူ့ကို ကြည့်ပင်ကြည့်မနေပေ။
ဝမ်ဟူမှာ ရွှီယီ၏ အင်္ကျီစကိုပင် မထိနိုင်သေးမီ ရှဲ့ရုန်က သူ့ကို လက်ဗလာနှင့် ဖိသိပ်လိုက်၏။ ရှဲ့ရုန်က သူပုန်များထံမှ လက်နက်နှင့် မီးများဖြင့် အဝိုင်းခံရကာ ရိုက်နှက်ခံရမည်ကို စိုးသောကြောင့်သာ သူက ရူးကြောင်ကြောင် ပြုမူခဲ့သော်လည်း တစ်ယောက်ချင်းတိုက်ခိုက်မည်ဆိုပါက အင်အားအကြီးဆုံး အိုက်ဇယ်ပင်လျှင် သူ့ပြိုင်ဘက်မဖြစ်နိုင်ချေ။
ဤလူများက ဆရာ့ဆီကို ပြေးဝင်သွားမည်မျိုး ရှဲ့ရုန် ခွင့်မပြုနိုင်ပေ။
ဝမ်ဟူ ရုန်းချင်သော်လည်း သူ့ခေါင်းက မြေကြီးနှင့်ကပ်နေပြီး လှုပ်၍ပင် မရချေ။
ဝမ်ဟူအား ရှဲ့ရုန်ထိန်းထားသည့်ပုံစံ ဆာ့ဆာ့ သူ့ကိုလုပ်ခဲ့သည့်ပုံစံနှင့် ဆင်နေသောကြောင့် ကျန်းဖုန့်တစ်ယောက် သူ့ခေါင်းကိုပင် ထိကြည့်လိုက်မိသည်။
' သူ့ကိုကြည့်စမ်းပါဦး...ဘာမှမလုပ်နိုင်ဘဲ နာကျင်မှုကိုပဲ ခံစားနေရပြီ...တကယ့်ကို ထင်ထားတဲ့အတိုင်းပဲ မောင်နှမတွေကတော့...'
ကျောက်အာ့နှင့် အိုက်ဇယ်လည်း လှုပ်ရှားလာ၏။ ဝမ်ဟူက သူတို့ဘက်မှလူဖြစ်ပြီး ပန်းတိုင်ချင်းတူနေသည့်အတွက် သူ့ကို သူတို့လွှတ်ထားပေး၍မရချေ။
" ရှဲ့ရုန်...မင်းကအခု ငါတို့နဲ့ မျက်နှာအပျက်ခံတော့မလို့လား..."
" ရှဲ့ရုန်...ဒီနေရာက ဘယ်လောက်တန်ဖိုးကြီးသလဲဆိုတာ မင်းသိသင့်တယ်...ငါတို့လည်း မင်းရဲ့ရန်သူ မဖြစ်ချင်ပါဘူး...ဒါပေမဲ့ ဒီနေရာကို ဒီအတိုင်းဖျက်ဆီးပစ်လိုက်တယ်ဆိုတာက ဉာဏ်ရှိတဲ့ လုပ်ရပ်တော့ မဟုတ်ဘူး...ငါတို့ ဒါကို ပြန်ပြီးဆွေးနွေးလို့ ရပါတယ်..."
ရှဲ့ရုန်က ရွှီယီရှေ့၌ ခွေးပေါက်လေးလို ပြုမူနေသည်မှာ ကိစ္စတစ်ခုဖြစ်ပြီး အပြင်လူများရှေ့တွင် 'ဘာကအရေးကြီးသလဲ' ကို သူနားလည်သည်။ သူက ကျောက်အာ့ နှင့် အိုက်ဇယ်ကို အေးစက်စွာကြည့်လိုက်သည်။
" ခင်ဗျားတို့ ကိုယ့်ကိုယ်ကိုယ်အရှက်မခွဲမိဖို့ ကျွန်တော်အကြံပေးချင်တယ်...သူ့ကို ကျွန်တော် ဘယ်လိုကိုင်တွယ်ထားသလဲဆိုတာ ခင်ဗျားတို့လည်း မြင်နေတာပဲ..."
အိုက်ဇယ်နှင့်ကျောက်အာ့ တိတ်ဆိတ်သွား၏။ သူတို့ သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီးသားပင်။ ဒါကြောင့်လည်း သူတို့တိုက်ရိုက်သွားမတိုက်ခိုက်ပင် ရှဲ့ရုန်နှင့် အငြင်းပွားနေရခြင်းဖြစ်သည်။
ဝမ်ဟူ၏ တိုက်ခိုက်သည့်စွမ်းရည်က မနိမ့်သလို သူပုန်စစ်တပ်ထဲ၌ သူ့ရာထူးကမြင့်သည်ဟု ယူဆနိုင်၏။သို့သော် ရှဲ့ရုန်က မက်ခါပင် တပ်ဆင်စရာမလိုဘဲ လက်ဗလာဖြင့် လူကို လှဲသိပ်လိုက်ပြီး သူတို့၏ တွေးခေါ်နိုင်စွမ်းကိုပါ စိန်ခေါ်လာ၏။
အိုက်ဇယ်၏ တိုက်ခိုက်စွမ်းရည်နှင့်ပင် ချုံခိုတိုက်ခိုက်ခြင်းမျိုးမဟုတ်လျှင် သူ့လိုအသာလေး လုပ်လိုက်နိုင်မည် မဟုတ်ပေ။
" ကျွန်တော့်ကို ဒီနေရာက အသုံးဝင်တယ်မဝင်ဘူးတွေ လာပြောမနေကြနဲ့...ဒီနေရာမရှိဘဲနဲ့လည်း ခင်ဗျားတို့ ရှင်သန်ခဲ့ဖူးကြတာပဲ...ဒီနေရာမရှိတော့လည်း ခင်ဗျားတို့က မရှင်သန်နိုင်တော့မှာ ကျနေတာပဲ...လောဘဆိုတာ တဖြည်းဖြည်းကြီးထွားလာတာ...ပြီးတော့ ဒီနေရာကို သာမန်ပြည်သူတွေကိုပါ ပေးမယ့်ပုံတော့မပေါ်ဘူးလေ...အဲ့ဒါက လူနည်းစုအတွက်ပဲ အင်အားနဲ့အကျိုးအမြတ်ဖြစ်လာမှာ မဟုတ်ဘူးလား..."
ရှဲ့ရုန်၏ စိတ်က ပြတ်သား၏။
ကျင့်ကြံရေးကမ္ဘာမှ လူများက ထိုသို့ အရှုပ်အထွေးများကြားထဲဝင်မပါလိုသော်ငြား ရပ်ကြည့်နေမည်ဟုလည်း မဆိုလိုပေ။ သူတို့က အပြင်လူများဖြစ်သည့်အတွက် ဖြစ်ပျက်နေသည့်အရာများကို ဤနေရာမှလူများထက်ပင် ပိုရှင်းရှင်းလင်းလင်းမြင်တွေ့နေရသေးသည်။
ရှဲ့ရုန်၏ စကားကိုကြားပြီးနောက် သူတို့နှစ်ယောက်စလုံး ပြောစရာရှာမရတော့ချေ။ သို့သော် ဤနေရာကို အလွယ်လေးလက်လွှတ်ခံလိုက်ခြင်းမျိုးလည်း သူတို့မလုပ်နိုင်ပေ။
ထိုအချိန်မှာပင် မြေကြီးက ရုတ်တရက် အနည်းငယ်လှုပ်ရမ်းလာပြီး တဖြည်းဖြည်းနှင့် အားကောင်းလာကာ ငလျင်ကြီးတစ်ခုလှုပ်နေသကဲ့သို့ပင်။
ရွှီယီ၏ အမူအရာက အနည်းငယ်တင်းမာသွား၏။
" သွားကြစို့..."
ရွှီယီက သူ့စိတ်စွမ်းအင်ဖြင့် လှေငယ်တစ်စင်းကို ဖန်တီးလိုက်ပြီး ဆာ့ဆာ့နှင့် ပြိုင်ပွဲဝင်များကို လှေပေါ်သို့ တက်ခိုင်းလိုက်သည်။
" ဆရာ...ကျွန်တော့်ကို ထားခဲ့တော့မလို့လား..."
ရွှီယီက သူ့ကိုအနည်းငယ် မသတီသလိုကြည့်ကာ
ပြောလိုက်သည်။
" ငါမင်းကို အခု သယ်မသွားနိုင်သေးဘူး...ဒီလူတွေကို မင်းခေါ်လာခဲ့တာပဲ...မင်း အခုနေ မသေချင်သေးဘူးဆိုရင် မြန်မြန်သာသွားတော့..."
ရှဲ့ရုန် ငိုမဲ့မဲ့ဖြစ်နေ၏။ သူက ယခုလေးတင် အိုက်ဇယ်တို့နှင့် အဆက်ဖြတ်လိုက်သော်လည်း ဆရာက သူ့ကို သူတို့နှင့်အတူ သွားခိုင်းနေ၏။ ၎င်းက သူ့သေတွင်းသူ တူးခိုင်းနေသလိုပင်။
သို့သော်လည်း ဆရာကပြောလာပြီဖြစ်သည့်အတွက် ရှဲ့ရုန်လည်း တွန့်ဆုတ်မနေတော့ချေ။
ရှဲ့ရုန်က ဝမ်ဟူကို လွှတ်ပေးပြီး ကြယ်စင်အာကာသယာဥ် ရှိရာသို့ တစ်ချိုးတည်းပြေးတော့သည်။
" ပြေး ပြေး ပြေး...မင်းတို့မသေချင်ရင် ပြေးသာပြေးကြတော့..."
အိုက်ဇယ်နှင့် ကျောက်အာ့ကလည်း နှေးဖင့်မနေပေ။ ဝမ်ဟူက သူတို့ထက် တစ်ဝက်အကွာလောက် နောက်ကျနေ၏။ ထို့နောက် ဂြိုဟ်ပိုးကောင်များက မြေကြီးထဲမှ ခွဲထွက်လာကြသည်ကို သူတွေ့လိုက်ရသည်။
" သေစမ်း...."
ထို့အပြင် ဤဂြိုဟ်ပိုးကောင်များက မျိုးစိတ်၏ မူလမျိုးမဟုတ်ပေ။ ထိုပိုးကောင်များက သူတို့တပ်ဆင်ထားသောမက်ခါများထက် ၆ဆ ၇ဆခန့်ပိုကြီးပြီး ပျော့ပျောင်းရှည်သွယ်သော ၎င်းတို့၏ကိုယ်ခန္ဓာကို သူရှိရာသို့ လှိမ့်ဆင်းလာ၏။ ထို့အပြင် သူတို့၏ ပါးစပ်များက သူ့ကို ဝါးမြိုပစ်ရန်အတွက် ပုံမှန်မကျသော ထောင့်ချိုးပုံစံဖြင့် ဖွင့်ဟထားလျက်ရှိသည်။
ထိုဂြိုဟ်ပိုးကောင်များ၏ ခံတွင်းထဲ၌ ချွဲကျိကျိအရည်များကိုပင် ဝမ်ဟူတွေ့လိုက်ရသည်။ ၎င်းက သူတို့၏ အစာချေအရည်ဖြစ်ပြီး အလွန်ပျက်စီးလွယ်စေ၏။ ထိုချွဲကျိကျိအရည်များက မြေပြင်ပေါ်သို့ တစက်စက်ကျနေပြီး မညီညာသောသဲမြေပြင်ပြင်လျှင် ချိုင့်ခွက်ကြီးအဖြစ် ချက်ချင်း တိုက်စားခံလိုက်ရသည်။
ဝမ်ဟူက ဂြိုဟ်ပိုးကောင်များကို စွမ်းအင်အမြောက်ဆံဖြင့် ပစ်လိုက်သော်လည်း သွားမတိုက်ခိုက်ရဲပေ။ သူတစ်ခါတည်း လှည့်ပြေးရ၏။ ဂြိုဟ်ပိုးကောင်များက အုပ်စုဖွဲ့နေတတ်သည်ကို သူသိထားပြီး သူ၏ အခုလှုပ်ရှားမှုမျိုးဖြင့် ဂြိုဟ်သားရဲတစ်ကောင်ကိုပင် ယှဥ်နိုင်မည်မဟုတ်ပေ။
" ဒီကမ္ဘာပေါ်မှာ ပိုးကောင်တွေအကုန် မျိုးတုံးသွားပြီလို့ ငါထင်ခဲ့တာ...သူတို့က ဘာလို့ ရှိနေရသေးတာလဲ..အရမ်းကြောက်ဖို့ကောင်းတယ်..."
ဝမ်ဟူပြောသွားသည်က လုံးဝ မှန်၏။ သူ့လှည့်ပြေးသည်နှင့် ပိုးကောင်များက ပိုထွက်လာပြီး အစုလိုက်အပြုံလိုက်ချီတက်လာကြသည်။
ထိုပိုးကောင်များက အုပ်စုလိုက်မဆိုထားနှင့် တစ်ကောင်တည်းဆိုလျှင်ပင် ကိုင်တွယ်ရမလွယ်ချေ။
ကောင်းသည့်အချက်မှာ သူက ပိုးကောင်များကို အဆွဲဆောင်နေဆုံးမဟုတ်ဘဲ သူ့အနောက်သို့လိုက်နေသည့် အရှိန်ကလည်း ထိုမျှလောက်မမြင့်ပေ။ ပိုးကောင်အများစုက ရွှီယီ၏အနောက်သို့ လိုက်နေသော်လည်း ၎င်းက မီးတောက်ထဲသို့တိုးဝင်သည့် ပိုးဖလံကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ တစ်ကောင်ချင်းစီက တဖျတ်ဖျတ်နှင့် ပုရွက်ဆိတ်ကလေးများလိုပင် သက်ဆင်းကုန်၏။
သို့သော် သူတို့က ဘာမှမခံစားလိုက်ရသည့်အလား ပို၍ပင် အားကောင်းလာကြသည်။
လှေထဲမှတစ်ဆင့် မြင်ကွင်းကို မြင်နေရသောသူများ၏ အမူအရာမှာ ဖြူဖျော့သွား၏။ သူတို့၏ စိတ်ဝိညာဥ်စွမ်းအားက ကောင်းနေသောကြောင့်သာမဟုတ်လျှင် တစ်ယောက်ယောက်က အန်ချမိလောက်သည်။
မြေပြင်ကြီးလှုပ်ရမ်းကာ နောက်ထပ်ငလျင်တစ်ခုထွက်ပေါ်လာပြီးနောက် ဦးခေါင်းထိပ်၌ ချိုပါပြီး ပိုကြီးသောပိုးကောင်ကြီးထွက်လာကာ အနက်ရောင်မျက်လုံးများဖြင့် ရွှီယီကို ဦးတည်စိုက်ကြည့်နေကြသည်။ ၎င်းက ရန်သူက မျက်နှာကို သေချာမှတ်မိအောင် လုပ်နေသည့်အလားပင်။
ထိုအကြည့်မျိုးက လူများကို အလွယ်တကူ ကြက်သီးထနိုင်စေ၏။ ၎င်းက ဂြိုဟ်ပိုးကောင်မျှသာမဟုတ်ဘဲ ဉာဏ်ရည်မြင့်မျိုးစိတ်များပင်။
၎င်းက ဂြိုဟ်သားရဲများအကြောင်း သိပြီးသားလူများအဖို့ အသစ်အဆန်းမဟုတ်ချေ။
' အဲ့ဒါက ပိုးကောင်ဘုရင်မပဲ...'
ဤပိုးကောင်ဘုရင်မက သူတို့ယခင်တွေ့လိုက်ရသည့် ပိုးကောင်များနှင့် ကွာခြား၏။
ထိုအခိုက်အတန့်တွင် အားလုံး၏ နားထဲ၌ တဝီဝီဆူညံသံကို ကြားလိုက်ရပြီး ထူးဆန်းသောအသံက အော်ဟစ်လာ၏။
" ဒီမှာပဲ...ဒီမှာပဲနေပြီး သေလိုက်ကြ..."
စိတ်ဝိညာဥ်အာရုံအားနည်းသူများဆိုလျှင် သူတို့၏ ခေါင်းများကို ဆုပ်ကိုင်ထားမိကြပြီး ရှဲ့ရုန်ဘေးရှိ ကျောက်အာ့နှင့် အိုက်ဇယ်ပင်လျှင် နားထဲမှ သွေးများယိုစီးကျလာ၏။ သူတို့၏ မျက်လုံးများက ကြောက်ရွံ့နေကြ၏။
"အဲဒါက ဘာကြီးတုန်း..."
' ပိုးကောင်တွေက စကားပြောနိုင်တာလား...အဲ့ဒါက ငါတို့နားထဲကို တိုက်ရိုက်ကြီး ထုတ်လွှင့်လိုက်တာမျိုးလား...'
အကယ်၍ ယခင်ကသာ တစ်ယောက်ယောက်က ယခုလိုလာပြောလိုလျှင် သူတို့ထရယ်မိလောက်သည်။
' ဂြိုဟ်ပိုးကောင်တွေက အဲ့လောက်သာ ဉာဏ်ရည်မြင့်နေရင် သူတို့က စကြဠာကြီးကို အုပ်စိုးနေလောက်ပြီပေါ့...'
သို့သော် အရာအားလုံးက သူတို့၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်နေပြီး အလွန်အိပ်မက်ဆန်ပေ၏။
ရှဲ့ရုန်က လှောင်ရယ်လိုက်သည်။
" တကယ်ကို ရုပ်ဆိုးတဲ့ဟာတွေပဲ...ဘာလို့များ ကိုယ့်ကိုယ်ကိုယ် အလှောင်ခံဖို့ ထွက်လာကြတာလဲ...ငါသာ မင်းတို့လို ပုံဆိုးပန်းဆိုးဖြစ်နေရင် လူတွေနဲ့တွေ့ရဖို့ ထွက်လာမှာတောင်မဟုတ်တော့ဘူး...မင်းတို့လိုအကောင်မျိုးတွေကို ငါ့ဘာသာတောင် တိုက်ခိုက်နိုင်တယ်..."
အိုက်ဇယ်သာမက ကျောက်အာ့နှင့်ဝမ်ဟူပင် သူ့ကို လေးစားသလို ကြည့်လိုက်မိကြသည်။
ထို့နောက် အခုလေးတင် ထိုသို့ပြောသွားသော ရှဲ့ရုန်က ကြယ်စင်အာကာသယာဥ်ကို အမြင့်ဆုံးအရှိန်ဖြင့် မောင်းထွက်သွားသည်ကို တွေ့လိုက်ရသည်။
အိုက်ဇယ်နှင့်ကျန်လူများ : "...."
' သူက ခိုးကြောင်ခိုးဝှက်ထွက်ပြေးတာပဲ...'
ရှဲ့ရုန်က ထိုသို့ကြွားဝါလိမ်ညာတတ်သည်ကိုသာ သူတို့မတွေ့လိုက်ရလျှင် သူတို့တစ်ဘဝလုံး အလဟဿဖြစ်သွားလောက်သည်။
ရှဲ့ရုန်က သူ့ကိုယ်သူ ကြွားဝါနေမိသလို မခံစားရပေ။ သူသာ ဝင်တိုက်ခိုက်လိုက်လျှင် ထိုအကောင်များကို သူအမှန်တကယ် ချေမှုန်းပစ်နိုင်သော်လည်း ဗျူဟာမြောက်လှသည့် တပ်ဆုတ်သည့်နည်းကိုသာ သူကရွေးချယ်လိုက်ခြင်းဖြစ်၏။
အိုက်ဇယ်က ရှဲ့ရုန်ကိုကြည့်လိုက် ပိုးကောင်များဝိုင်းခံနေရသော ရွှီယီကို ကြည့်မိလိုက်ဖြင့် ပြောလိုက်၏။
" သူ့ကို အဲ့ဒီမှာ တစ်ယောက်တည်း ထားခဲ့လို့ အဆင်ပြေပါ့မလား..."
ရှဲ့ရုန်က လက်သာခါပြလိုက်သည် ။
" စိတ်မပူပါနဲ့...ခင်ဗျားတစ်ခုခုဖြစ်ရင်တောင် ဆရာကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး..."
သူတို့လုပ်ရမည့်အလုပ်က ဆရာ့ကို တာဝန်ပိုမပေးမိရန်ပင်။
ပိုးကောင်များ အုံလိုက်ကျင်းလိုက် ဝိုင်းခံနေရသောလည်း ရွှီယီ၏အကြည့်က တစ်ချက်မှ မပြောင်းသွားပေ။
*****
ချန်သာ့ယိုက နောက်ဆုံးတွင် ဖန်သားပြင်ခလုတ်ကို ထောက်လိုက်သော်လည်း တုံ့ပြန်မှုမရှိပေ။ စက်ချို့ယွင်းမှု သတိပေးချက်များသာ ဆက်တိုက်ပေါ်လာ၏။
သူက ခေါင်းလှည့်ကာ တည်ငြိမ်နေသော စုန့်နင်ဖုန်းကို ကြည့်ပြီး သတိထားမိလိုက်သည်။
' ဒါတွေ အားလုံးကို သူထိန်းချုပ်ထားတာပဲ...ဒါကြောင့် သူတည်ငြိမ်နေတာ...'
စုန့်နင်ဖုန်း မည်သို့လုပ်ထားသည်ကို သူ မသိသော်လည်း သူ့လက်ထဲမှ မည်သို့မှမလွတ်မြောက်နိုင်ပေ။
' ချန်မိသားစုက အခက်အခဲတွေကြားနေ ဒီအထိရောက်လာပြီးသွားပြီ...ဒါကို ငါ့လက်ထဲရောက်မှ အပျက်အစီးမခံနိုင်ဘူး...'
ချန်သာ့ယိုမှာ အလွန်ဒေါသထွက်နေ၏။ သူ့လက်ထဲ၌ သိုလှောင်ဘားခလုတ်က ရုတ်တရက်ပေါ်လာပြီး မက်ခါကို တပ်ဆင်လိုက်သည်။
" ငါမင်းကို အစက အသက်ရှင်ခွင့်ပေးမလိုပါပဲ...ဒါပေမဲ့ ဒါကို မင်းတောင်းဆိုတာနော် ..."
" ဒါက ငါ့ရဲ့ မက်ခါ ' bright lagoon' ပဲ...သူ့ရဲ့စွမ်းအင်ကို မင်းကပထမဦးဆုံးမြင်တွေ့ရတဲ့သူဖြစ်လိမ့်မယ်လို့တောင် မထင်ထားဘူး....ငါ့မက်ခါရဲ့ လက်နဲ့ သေခွင့်ရတဲ့အတွက် မင်းဂုဏ်ယူသင့်တယ်..."
အကယ်၍ အပြင်လူများသာရှိပါက ညည်းညူနေလောက်ချေပြီ။
'ချန်သာ့ယိုက ဘယ်တုန်းကများ အဲ့လောက်သန်မာသွားတာလဲ...'
လူများသိထားသည်မှာ ချန်သာ့ယိုမှာ AAအဆင့်သာဖြစ်ပြီး အခြေအနေမဆိုးရုံမျှသာ။ သို့သော် အများ၏ အမြင်၌ သူက ချမ်းသာပြီး တသီးတသန့်နေတတ်ကာ မက်ခါကို သေချာလေ့ကျင့်ထားပုံလည်းမရချေ။ သို့သော် ယခု သူ့ပုံစံက လုံးဝပြောင်းလဲသွား၏။
သူ့မက်ခါ ' bright lagoon' က သာလွန်Sအဆင့်မက်ခါဖြစ်သောကြောင့် သူ့စွမ်းရည်အဆင့်က ထိုမျှအထိရှိနေပြီဟူသည့် အဓိပ္ပါယ်ပင်။ ထို့အပြင် မက်ခါလေ့ကျင့်ထားသောသူမဟုတ်ပါက ထိုသို့လည်း လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
' သာလွန်Sအဆင့်...ဒါလေးပဲလား...'
Bright Lagoon စွမ်းအင်အမြောက်ဆံဖြင့် အနီးကပ်ပစ်လွှတ်လိုက်သော်လည်း စုန့်နင်ဖုန်းက ရှောင်တိမ်းလိုက်သည်။ သူက ချက်ချင်းပင် ချန်သာ့ယိုကို ဖမ်းချုပ်ကာ ကန်ထုတ်ပစ်လိုက်သည်။ သူပြန်မထနိုင်မီမှာပင် စုန့်နင်ဖုန်းက သူ မလှုပ်နိုင်အောင် ချုပ်ထား၏။
ထို့နောက် ချန်သာ့ယို၏ မက်ခါကို သူက တစ်စစီ ဆွဲဖြုတ်ပစ်လိုက်သည်။
" အင်း...ဒီဇိုင်းလေးကတော့ စိတ်ဝင်စားဖို့ကောင်းသားပဲ ..."
ချန်သာ့ယို၏ မျက်လုံးမှာ အကြောက်တရားကြောင့် ပြူးကျယ်သွား၏။
' ဒါ...ဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ...'
ချန်သာ့ယိုက သူ့အင်အားကိုသူ ကောင်းကောင်းသိသည် ။ အိုက်ဇယ်နှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်လောက်သည်အထိ ချန်သာ့ယိုက ယုံကြည်ချက်ရှိသည်။ သို့သော် ဤယောက်ျားအရှေ့တွင် သူက လှည့်ပတ်ကစားနေသော ကလေးသာသာမျှသာ ရှိ၏။
ထို့အပြင် စုန့်နင်ဖုန်းက သူ့မက်ခါကို တစ်စစီဖြုတ်ပစ်နေသည်တွေ့လိုက်ရသောအခါ သူ့ပါးစပ်မှပင် သွေးအန်ထုတ်မိမတက် ဖြစ်သွား၏။
" မင်း...မင်းဘယ်လိုတောင် လုပ်ရဲရတာလဲ.."
သူ့မက်ခါကို ဖန်တီးရန် မည်မျှအားစိုက်ထားရသည်အား မည်သူမှ သိမည်မဟုတ်ပေ။ သို့သော် စုန့်နင်ဖုန်း၏ လုပ်ရပ်ကြောင့် သူ့မက်ခါက သတ္တုအပိုင်းအစများ ပုံထားသလို ဖြစ်သွားစေ၏။
စုန့်နင်ဖုန်းက သူ့ကို ကြည့်ရင်း ပြောလိုက်သည်။
" ခင်ဗျား ဆိုရိုးစကားတစ်ခုကို မကြားဖူးဘူးလား...လူယုတ်မာတွေက စကားများများပြောလို့ သေသွားကြတာ ...ခင်ဗျားက တအားနားညီးဖို့ကောင်းနေပြီ..ပါးစပ်ပိတ်ထားလိုက်တော့..."
ချန်သာ့ယိုက လှောင်ရယ်လာ၏။
" ငါက မင်းဘယ်သူလဲဆိုတာ မသိပေမဲ့ မင်းက အရမ်းသန်မာတယ်ဆိုရင်တောင် အဲ့ဒါက ဘာမှအသုံးမဝင်ဘူး...မင်းစောင့်နေတဲ့သူတွေက ပြန်လာမှာ မဟုတ်တော့ဘူး...သူတို့ဘယ်ကိုရောက်သွားလဲ မင်းသိလား...အဲ့ဒီနေရာက ငရဲလိုပဲ...စတားကွန်ရက်ကလည်း ဖျက်ဆီးခံလိုက်ရပြီဆိုတော့ သူတို့ပြန်လာနိုင်မယ့် နည်းလမ်းမရှိတော့ဘူး..."
" မင်းသာငါနဲ့ ပူးပေါင်းမယ်ဆိုရင်တော့ မင်းဂရုစိုက်တဲ့သူတွေကို ကယ်တင်ပေးနိုင်မယ့် အခွင့်အရေးငါ့မှာရှိပါသေးတယ်..."
နောက်တစ်စက္ကန့်တွင် ချန်သာ့ယိုမှာ အသံပင် မထွက်နိုင်တော့ချေ။
စုန့်နင်ဖုန်းက သက်ပြင်းချလျက် ပြောလိုက်၏။
" လူတွေက ငါ့နှုတ်ပိတ်မန္တန်ကို ဖြုန်းတီးမိအောင်လုပ်နေကြတာပဲ...ခင်ဗျား ကိုယ့်အနေအထားကိုယ် မသိဘူးလား..."
သူက ချန်သာ့ယို၏ ပြည့်ဖောင်းဖောင်းမျက်နှာကို ပုတ်လိုက်သည်။
" ဆရာ့ကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါပဲ...ဒါပေမဲ့ ကိုယ့်အခြေအနေကိုယ်ပဲ အရင်ထည့်တွေးဦး..."
ချန်သာ့ယို : "...."
' ငါ့ကို စကားပြောခွင့်ပေးပါ...ငါ့မှာ ပြောစရာစကားတွေ အပုံလိုက်ရှိသေးတယ်...'
သူ့အတွက် စကားပြောရန်က မဖြစ်နိုင်သလို လေထုကသန့်ရှင်းသွားလိုပင် စုန့်နင်ဖုန်း ခံစားလိုက်ရသည်။ အနည်းဆုံး သူက " bright lagoon" ကိုလေ့လာရန် အခွင့်အရေးရလိုက်၏။
💫💫💫