Chapter 68
Viewers 3k

💫 Chapter 68



သူ့မက်ခါကိုသာ ထုတ်ပြလိုက်လျှင် လူအားလုံးက မှင်သက်သွားလောက်နိုင်သည့် သက်ရောက်မှုပင် ရှိလာနိုင်လိမ့်မည်ဟု ချန်သာ့ယိုက အမြဲတမ်းတွေးခဲ့သည်။ သူ့ကို အမြဲတမ်း လောဘကြီးသည့်သူဌေးကြီးဟုသာ သိထားကြသော သူများက လေးစားအားကျသောမျက်လုံးများဖြင့် ကြည့်လာမည့်နေ့ကို သူအမြဲလိုလို စိတ်ကူးယဥ်ခဲ့ဖူးသည်။


သို့သော သူ မည်သို့စိတ်ကူးယဥ်ခဲ့ပါစေ ၊ ဤကဲ့သို့အခြေအနေမျိုးဖြင့် အဆုံးသတ်သွားရလိမ့်မည်ဟု စိတ်တောင်မကူးခဲ့ချေ။ သူ့ကြွက်သားများလည်း မလှုပ်နိုင်သလို အသံပင်မထွက်ချေ။ စိတ်အေးလက်အေးရှိသောအမျိုးသားက သူ့မက်ခါအား တစ်စစီဖြုတ်နေသည်ကိုသာ သူကြည့်နေနိုင်ခဲ့သည်။


' ဒါကို ဘယ်လိုသုတေသနမျိုးလို့ ခေါ်ရမလဲ...' 


ချန်သာ့ယိုက စုန့်နင်ဖုန်း၏ ကော်လံကိုဆွဲပြီး သေချာရှင်းပြချင်သော်လည်း သူ မလုပ်နိုင်ပေ။


' ဒါနဲ့ ဒီငကြောင်က ဘယ်ကနေများ ထွက်လာတာလဲ...' 


စုန့်နင်ဖုန်း၏ အန္တရာယ်မှ လုံခြုံအောင်မနေခဲ့မိသည့်အတွက်သာ ချန်သာ့ယို နောင်တရမိတော့သည်။ စုန့်နင်ဖုန်းပြောသည့်အတိုင်း သူနာခံပြီး အချိန်ယူခဲ့လျှင်ပင် ဤသို့ဖြစ်လာလိမ့်မည်မဟုတ်ချေ။


' ဒီယောက်ျားရဲ့ တိုက်ခိုက်စွမ်းရည်က အဲ့လောက်မြင့်နေလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ...' 


' မဟုတ်သေးဘူး...စတားကွန်ရက်သာ ရုတ်တရက် ချို့ယွင်းမသွားဘဲ ပြိုင်ပွဲဝင်တွေလည်း မပိတ်မိသွားဘူးဆိုရင် ငါလည်း ဒီလူတွေနဲ့ ရှုပ်မိမှာမဟုတ်သလို ဒီလောက်ပြဿနာတွေလည်း တက်မှာမဟုတ်ဘူး...D252ဂြိုဟ်ရဲ့ ပြဿနာနောက်ကွယ်က ဘယ်သူ့လက်ချက်လဲဆိုတာ ငါရှာမတွေ့ပါစေနဲ့ပဲဆုတောင်းတယ်...မဟုတ်လို့ကတော့ အဲ့ဒီလူကို ငါအလွတ်ပေးမိမှာ မဟုတ်ဘူး..." 


ဤပြဿနာများက စုန့်နင်ဖုန်းဘက်မှလူကြောင့် ဖြစ်သွားသည်ဟုသာ ချန်သာ့ယိုသိလိုက်ရပါလျှင် သစ္စာအဖောက်ခံလိုက်ရသောကြောင့် ပါးစပ်မှ သွေးပင်အန်မိလောက်သည်။

' ငါ့ကို အဲ့ဒီလို ရက်စက်တဲ့ဟာသတွေနဲ့ လာမနောက်ကြပါနဲ့...' 


ချန်မိသားစု၏ အစီအစဥ်ဘယ်နှစ်ခုခန့် ဖော်ထုတ်ခံလိုက်ရပြီးသည်ကို ချန်သာ့ယို မသိချေ။ အခုလက်ရှိ၌ သူက သေရေးရှင်ရေးအခြေအနေတွင် ကျရောက်နေ၏။ စုန့်နင်ဖုန်း၏ တည်ငြိမ်သောမျက်နှာကိုကြည့်လိုက်သောအခါ မျက်လုံးထဲ၌ ကျေနပ်အားရကာ သတ်ဖြတ်လိုသော အရိပ်ယောင်များကိုပါ မြင်လိုက်ရသည်။

' D252က အခြေအနေတွေကိုသာ သိရင် သူဆက်ပြီး တည်ငြိမ်နိုင်ပါဦးမလား...' 


စုန့်နင်ဖုန်းကို သူ လိမ်ညာမပြောခဲ့ပေ။ စတားကွန်ရက်က ပျက်စီးသွားပြီး လူများက ထိုနေရာ၌ ပိတ်မိနေသောကြောင့် လွတ်မြောက်ရန် အခွင့်အရေးပင် ရှိပါ့ဦးမလားဆိုသည်ကို မသိရချေ။ သူတို့က ပိုးကောင်များ၏ အစာပင် ဖြစ်နှင့်နေလောက်သည်။


စုန့်နင်ဖုန်းက သန်မာသလို ထိုနေရာ၌ ပိတ်မိနေသော သူ့လူကလည်း သန်မာနိုင်လောက်သည်။ သို့သော်လည်း သူတို့၏ ပြိုင်ဘက်က လူသားပင် ဟုတ်မနေချေ။


သူ သေ၍ မဖြစ်သေးပေ။ ဤယောက်ျားက သူ့စကား နှင့် လုပ်ရပ်များအား နောင်တရနေမည့်ပုံကို သူကြည့်ချင်သေးသည်။


ကြီးမားသောဂြိုဟ်ပိုးကောင်များ ပေါ်ထွက်လာပြီးနောက် ဖက်ဒရေးရှင်းဘက်မှ ပြိုင်ပွဲဝင်များသာမက သူပုန်များအတွက်ပါ မလွယ်ကူတော့ချေ။ သူတို့ထဲမှ လုပ်ဆောင်မှု အနှေးကွေးဆုံးသူများပင်လျှင် တစ်ခုကို သတိထားမိလိုက်သည် ။

' တစ်ယောက်ယောက်က ဒီနေရာမှာ ပိုးကောင်တွေကို ပျိုးထောင်ပေးနေတာပဲ...' 


D252ရှိ ပိုးကောင်ဘုရင်မကို ဘိုးဘေးများက သတ်ဖြတ်ခဲ့ပြီးနောက် ဂြိုဟ်ပိုးကောင်များကို အပြီးတိုင်မရှင်းလင်းပစ်ခဲ့ရသေးပေ။ သူတို့က ရံဖန်ရံခါ မြေပြင်ပေါ်သို့ ပေါ်ထွက်လာကာ လူများကို ရွံရှာစေသော်လည်း နောက်ပိုင်းတွေ့ရသောပိုးကောင်များက အားနည်းပြီး လူများကို ခြိမ်းခြောက်နိုင်စွမ်းအထိမရှိခဲ့ချေ။


သို့သော် ဤနေရာ၌ ထွက်ပေါ်လာသော ပိုးကောင်များက လုံးဝမတူညီပေ။ အကယ်၍ ဤကြီးမားသော ပိုးကောင်များသာ ပျံ့နှံ့သွားလျှင် လူသားများ ယခုလို ငြိမ်းချမ်းပျော်ရွှင်စွာ ရှိနေနိုင်ဦးမည်မဟုတ်ပေ။


ဤအသိက သူတို့ကို တုန်လှုပ်ခြောက်ခြားစေ၏။ ဖက်ဒရေးရှင်းအတွင်း၌ မိသားစုကြီးများကြား ရုန်းကန်လှုပ်ရှားရပြီး အပြင်ဘက်၌ သူပုန်နှင့် အာကာသဓားပြများက သူတို့ကို လောဘတက်စွာ စောင့်ကြည့်နေကြသည်။ သို့သော် မည်သည့်ဘက်ကမဆို ဂြိုဟ်သားရဲကောင်များအပေါ်ထားသည့် သဘောထားက ရွံရှာစက်ဆုပ်ခြင်းသာ။


လူသားများက လူသားများပင်။ သူတို့အကြား ကွဲလွဲမှုများရှိနေလျှင်ပင် ပြန်လည်ပေါင်းစည်းနိုင်၏။ သို့သော် ဂြိုဟ်သားရဲများက သူတို့နှင့်မတူညီဘဲ လူသားများနှင့်လည်း ဘယ်တော့မှ ပေါင်းစည်းနိုင်လိမ့်မဟုတ်ပေ။


အာကာသကိုစူးစမ်းရှာဖွေသည့်သမိုင်းတွင် ကြယ်တာရာများကို စူးစမ်းရှာဖွေသည့် ပထမဦးဆုံးသော သူရဲကောင်းများအုပ်စုက တနင့်တပိုးပေးဆပ်ခဲ့ရသည်။ မရေမတွက်နိုင်သောသူများက ဂြိုဟ်သားရဲများနှင့် တိုက်ပွဲအတွင်း သေဆုံးသွားကြပြီး အချို့လူများက သမိုင်းစာအုပ်တွင် မော်ကွန်းရေးထိုးခံရကာ အချို့က သေဆုံးပြီးနောက် မေ့လျော့ခံထားရ၏။ သူတို့က အနာဂတ်မျိုးဆက်သစ်များအတွက် အေးချမ်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် သူတို့၏အသက်ကို စွန့်လွှတ်ပေးခဲ့သည်။


ဤလူများက အုတ်မြစ်ချပေးပြီးနောက်တွင် လူသားတို့၏ ပေါင်းစည်းမှုက တစ်ဖန်ပြန်ပြိုကွဲသွားပြီး ပြန်ပေါင်းစည်းရန်ဆိုသည်က နောက်ထပ်ကိစ္စရပ်တစ်ခု ဖြစ်လာ၏။


အကယ်၍ ထိုအချိန်က ပတ်ဝန်းကျင်သာ အနည်းငယ် ဆိုးနေလျှင် ပြဿနာများလည်း များစွာမရှိလောက်သေးပေ။ အဆုံးတွင် လူအများစု၏ ဦးနှောက်က ချို့ယွင်းမှူရှိနေ၏။အကယ်၍ လူသားများသာ မျိုးတုံးသွားပါက အာဏာကို မည်သည့်နေရာတွင် အသုံးချရတော့မည်ကို မသိပေ။ သေရေးရှင်ရေးနှင့် ရင်ဆိုင်ရသောအခါတွင် အားလုံးက အရေးမပါသော အသေးအဖွဲကိစ္စများသာ ဖြစ်သွား၏။


သို့သော် လက်ရှိအခြေအနေအရ ကြည့်မည်ဆိုလျှင် လူအချို့က ဂြိုဟ်သားရဲများနှင့် မဟာမိတ်ဖွဲ့ထားကြောင်း မြင်သာ၏။


' ဒါက လူသားအချင်းချင်းသစ္စာဖောက်တဲ့သူတွေပဲ...' 


ဤလူများကို ရှာတွေ့ပြီး သူတို့အမြစ်ပြတ်သုတ်သင်နိုင်ပါစေဟု မျှော်လင့်မိသည်။ သို့သော် ပြဿနာမှာ ထိုနောက်ကွယ်ကလူက မည်သူဖြစ်ကြောင်း သူတို့မသိသလို ' အခုလိုဖြစ်အောင် အစီအစဥ်ဆွဲထားတာ ဘယ်လောက်ကြာပြီလဲ ၊ ဘာလို့လုပ်ရသလဲ ' စသည်များကိုလည်း သူတို့ တစ်ခုမှမသိချေ။


အားလုံး၏ စိတ်ထဲတွင် လေးလံနေ၏။ သို့သော် ယခုလက်ရှိတွင် အရေးကြီးဆုံးက ဤနေရာမှ လွတ်မြောက်ရန်သာ ဖြစ်သောကြောင့် သူတို့အများကြီး မတွေးနိုင်သေးပေ။ သူတို့သာ ဤနေရာတွင် သေသွားလျှင် သူတို့တတ်နိုင်သည်က ဘာမျှမရှိချေ။


.....


ရွှီယီ၏ အလင်းရောင်ဖြင့် ဝှေ့ယမ်းလိုက်တိုင်း ထိုနေရာတွင် ဂြိုဟ်ပိုးကောင်အလောင်းများကျသွားပြီး လူများကို အော့အန်ချင်စိတ်မြင့်တက်လာစေ၏။ ပိုးကောင်များက ဘုန်းခနဲလဲကျသွားတိုင်း အစိမ်းပုပ်ရောင်အရည်များက စင်ထွက်အိုင်ထွန်းကုန်သည်။ သို့သော်လည်း ရွှီယီ၏ အဖြူရောင်ဝတ်ရုံကို တစ်စက်ကလေးမှ လာစင်ခြင်းမရှိပေ။


အကယ်၍ တစ်ယောက်ယောက်သာ ဤမြင်ကွင်းကို ဖော်ပြရမည်ဆိုလျှင် ၎င်းက အလွန်မျက်စိဖမ်းစားပြီး စိတ်ကိုလန်းဆန်းစေသည်ဟု ဆိုရမည်။


လှေငယ်လေးပေါ်ရှိလူများမှာ စိုးရိမ်ထိတ်လန့်နေ၏။ ရွှီယီက သန်မာသော်လည်း သူတစ်ယောက်တည်းဖြစ်နေသောကြောင့် အားလုံးကလည်း ဂေါ်ဖီထုပ်သာသာဖြစ်သည်။အကယ်၍ သူတို့သာ တတ်နိုင်လျှင်လည်း အင်္ကျီလက်ကိုခေါက်တင်ပြီး သူ့နောက်က ကူပေးနေမိမည်ပင်။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဥ်အာရုံက ယခုမှ ပြန်လည်ဖွဲ့စည်းနေရုံအဆင့်သာရှိပြီး သူတို့တတ်နိုင်သည့်အရာ ဘာမှမရှိချေ။


သူတို့ ဘာမှ မလုပ်နိုင်ရုံသာမက ရွှီယီ၏ အားနည်းချက်ကိုလည်း သူတို့မြင်နေရသည်။


ပိုးကောင်ဘုရင်မအတွက် အဆင့်နိမ့်ပိုးကောင်များက အသုံးချခံသာသာဖြစ်သော်လည်း သူတို့အားလုံး ထိုကဲ့သို့ အုံလိုက်ကျင်းလိုက် သုတ်သင်ခံလိုက်ရသောအခါ ဒေါသထွက်ကာ ရွှီယီကို မတိုက်ခိုက်ဘဲ မနေနိုင်တော့ချေ။ သို့သော်လည်း ဤယောက်ျားက လျှော့တွက်၍မရကြောင်းကို သိနေသောကြောင့် သူ့အပိုဝန်များကို ဦးဆုံးတိုက်ခိုက်ရန် ပြင်လိုက်သည်။


အဆင့်နိမ့်ပိုးကောင်များက ရုပ်ပိုင်းဆိုင်ရာဖြင့်သာ တိုက်ခိုက်နိုင်သော်လည်း ဤပိုးကောင်ဘုရင်မကမူ စိတ်ဝိညာဥ်ပင်လယ်ကိုပါ တိုက်ရိုက်တိုက်ခိုင်နိုင်စွမ်းရှိ၏။ ထိုပိုးကောင်ဘုရင်မ၏ စူးစူးဝါးဝါးအော်သံကို ကြားလိုက်ရသောအခါ သူတို့ခေါင်းပြန်ကိုက်လာပြီး စိတ်ဝိညာဥ်အာရုံကို တိုက်ခိုက်ခံရပြန်သည် ။


ပိုးကောင်ဘုရင်မက ဆွဲငင်ကာ စူးစူးဝါးဝါးအော်ဟစ်နေ၏။ စူးရှသော အသံက အားလုံး၏ မျက်နှာကိုပင် ဖြူဖျော့သွားစေသည်။ သို့သော် သူတို့က ရွှီယီကို နှောင့်ယှက်မိမည်စိုးသောကြောင့် မသက်မသာဖြစ်နေခြင်းကို တောင့်ခံနေကြသည်။


ဆာ့ဆာ့က အခြားသူများထက် အခြေအနေပိုကောင်းသော်လည်း အနည်းနှင့်အများ ခံစားရဆဲပင်။ သူမပင် ခံစားမိလျှင် အခြားသူများ ဘယ်လောက်ဖိအားများနေမည်ကို တွေးကြည့်၍ရနိုင်၏။ ထိုပိုးကောင်ဘုရင်မ၏ တိုက်ခိုက်မှုက မပြင်းထန်သော်လည်း စိတ်ဝိညာဥ်စွမ်းအားက သူမထင်ထားသည်ထက် ကျော်လွန်နေခဲ့သည်။


ဆာ့ဆာ့က အားလုံးကို သတိပေးလိုက်သည်။

" အားလုံးပဲ ကျင့်ကြံပြီး အနှောင့်အယှက်တွေကို ဖယ်ရှားပစ်လိုက်ပါ..." 


၎င်းက ပိုးကောင်ဘုရင်မ၏ အသံကို အလုံးစုံမပိတ်ဆို့ထားနိုင်သော်လည်း အနည်းဆုံးတော့ စိတ်ဝိညာဥ်အာရုံ မပြိုကွဲအောင် ကာကွယ်ထားနိုင်၏။


သို့သော် ဤမျှနှင့် မပြီးသေးပေ။


ပိုးကောင်ဘုရင်မ၏ အမိန့်အောက်တွင် ပိုးကောင်များက လှေရှိရာသို့ ပြေးဝင်လာကြပြီး ၎င်းတို့၏ အောက်ပိုင်းခန္ဓာကိုယ်က မြောက်များစွာသော ပိုးကောင်ငယ်လေးများအဖြစ် ပြိုကွဲကာ ရွှီယီ၏ အားနည်းချက်ကို ရှာဖွေကြတော့သည်။


" ကျေးဇူးမသိတတ်တဲ့ လူသားတွေ...နင်တို့ရဲ့ လုပ်ရပ်အတွက် ပြန်ပေးဆပ်ရလိမ့်မယ်..." 


ပိုင်းကောင်ဘူရင်မမှာ ၎င်း၏ အသိုက်နှင့် အစာသိုလှောင်စည်ကလည်း ဖျက်ဆီးခံလိုက်ရသောကြောင့် ငိုက်မျဥ်းနေရာမှ လန့်နိုးသွားခဲ့လေရာ ဤလူသားကို သူ လွယ်လွယ်နှင့် အလွတ်ပေးတော့မည်မဟုတ်ပေ။


အနည်းဆုံး ဤအကွက်က အလုပ်ဖြစ်သွား၏။


ရွှီယီက အားလုံးကို လျစ်လျူရှူနိုင်သော်လည်း သူတာဝန်လုပ်ဆောင်သည့်အချိန်တွင် အဆုံးထိမြင်အောင် ကြည့်တတ်သည်။ သူက အားလုံးကို ကယ်တင်ရန်ရည်ရွယ်ထား၍ တစ်ဝက်ကိုသာ ကယ်တင်ပြီး တစ်ဝက်ကိုချန်ထားခဲ့ရန် ဘယ်လိုမှ မဖြစ်နိုင်ပေ။


ဤနေရာ၌ သူက လူကိုယ်တိုင်ပါ ရှိနေရလျှင် အနှီးစက်ဆုပ်ဖွယ်ရာသတ္တဝါများကို ပို၍သေချာကိုင်တွယ်လောက်သည်။ သို့သော်လည်း သူ့စိတ်ဝိညာဥ်ကသာ ဤနေရာတွင် တည်ရှိနေပြီး တစ်ဝက်က ထိန်းချုပ်ကန့်သတ်ခံထားရသည်။ အချိန်တစ်ခုစာလောက် သူ အမှန်တကယ် ဖြေရှင်း၍မရလောက်ပေ။


ရွှီယီက တစ်ဖက်သို့လှည့်ကာ ဆာ့ဆာ့ကို ကြည့်လိုက်သည်။


ဆာ့ဆာ့က သူ့ကို စိတ်မပူစေချင်သောကြောင့် ပြုံးပြလိုက်သည်။ သို့သော် ဤအပြုံးက သူ့ဆုံးဖြတ်ချက်ကို ပိုခိုင်မာသွားစေ၏။ ရွှီယီက ထူးဆန်းသောအပြုံးမျိုးဖြင့် ပိုးကောင်ဘုရင်မကို ကြည့်ကာ ပြောလိုက်သည်။

" မင်းကို မြန်မြန်ပဲ အပြီးသတ်လိုက်ရတာပေါ့..." 


ရွှီယီက သူ့ဓားကို မြှောက်ကာ ပိုးကောင်ဘုရင်မ၏ ဘေးသို့ ချက်ချင်းရောက်သွား၏။ သူ့စိတ်ဝိညာဥ်အာရုံဖြင့် စုစည်းထားသောဓားကို ရွှီယီက ပိုးကောင်ဘုရင်မ၏ ထိပ်ဦးချိုတည့်တည့်သို့ ခုတ်လွှဲလိုက်သည်။ 


ပိုးကောင်ဘုရင်မကလည်း ရှောင်တိမ်းခြင်းပြုမည့်အစား ရွှီယီကို ချုပ်နှောင်ထားရန် သူ၏စေးကပ်သောခန္ဓာကိုယ်ကိုသာ အသုံးချလာ၏။ ဦးချိုက သူ့အားနည်းချက်ဟုတ်သည်ဟုဆိုနိုင်သလို မဟုတ်ဘူးဟုလည်း ဆိုရမည်။ ဤဦးချိုက စိတ်ဝိညာဥ်တိုက်ခိုက်မှုနှင့် ဆက်စပ်နေပြီး အဆင့်မြင့် စွမ်းအင်သတ္တုရိုင်းတစ်ခုလို မာကျော၏။ သာမန်တိုက်ခိုက်မှုမျိုးလောက်နှင့် ၎င်းကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သို့သော် ရွှီယီကသာ ချုပ်နှောင်ခံလိုက်ရမည်ဆိုလျှင်....


.....


ပိုးကောင်ဘုရင်မ၏ စေးကပ်ပြီး နူးညံ့သောလက်များက ရွှီယီ၏ ညာဘက်လက်နှင့် ထိသွား၏။ တစ်စုံတစ်ယောက်သာ အနီးကပ်ကြည့်မည်ဆိုလျှင် ရွှီယီ၏ မျက်နှာက ချက်ချင်းပြာနှမ်းသွားသည်ကို မြင်တွေ့ရနိုင်၏။ 


သို့သော် တစ်ချိန်တည်း၌ပင် ရွှီယီ၏ ဓားက ပိုးကောင်ဘုရင်မခေါင်းထက်ရှိ ဦးချိုကို ထိုးဖောက်သွားပြီး အစိမ်းပုပ်ရောင်အရည်များ စင်ထွက်ကုန်၏။ ၎င်းက ရွှီယီ၏ အမူအရာကို ပို၍ပင် ဆိုရွားသွားစေတော့သည်။


ပိုးကောင်ဘုရင်မက ဆွဲဆွဲငင်ငင်အော်ဟစ်လာသော်လည်း ရွှီယီက ထိုးဖောက်သွားသည့်အသံကို ကာကွယ်ပေးထားလိုက်သောကြောင့် ဆာ့ဆာ့နှင့် အခြားသူများက ထိုအသံကို မကြားနိုင်တော့ပေ။ မဟုတ်ပါက ထိုကဲ့သို့ နီးကပ်သော အကွာအဝေးဖြင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုမျိုးကို သူတို့တောင့်ခံနိုင်မည်မဟုတ်ပေ။


" နင်က ဘယ်သူလဲ..." 

ပိုးကောင်ဘုရင်မက အနက်ရောင်မျက်လုံးများဖြင့် ရွှီယီကို စိုက်ကြည့်နေ၏။


' လူသားတိုင်းက ဒီလောက်တောင်ပဲ သန်မာကြတာလား...ငါတို့ ငါတို့ဂြိုဟ်သားရဲတွေကျတော့ရော...'


၎င်းက ရွှီယီ၏အဖြေကိုပင် စောင့်မနေတော့ချေ။ ဦးခေါင်းထက်မှ ချိုမရှိတော့အခါ ပိုးကောင်ဘုရင်မက ချက်ချင်းအားနည်းသွားပြီး စိတ်ဝိညာဥ်အာရုံကို ထပ်မတိုက်ခိုက်နိုင်တော့ပေ။ ရွှီယီက အမြစ်ပြတ်သုတ်သင်တော့မည့်အကြောင်းကို သိရသောအခါ ပိုးကောင်ဘုရင်မက အခြားသော ဂြိုဟ်ပိုးကောင်များကိုပင် ဂရုစိုက်မနေတော့ဘဲ လှည့်ပြေးရန် ပြင်တော့သည်။


ရွှီယီက သူ့ကိုအလွယ်လေး လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ပိုးကောင်ဘုရင်မက အန္တရာယ်အငွေ့အသက်ကို ရလိုက်ပြီး ခေါင်းလှည့်ကာ ရွှီယီကို မကျေမချမ်းကြည့်လိုက်သေးသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို မြောက်များစွာသော ဂြိုဟ်ပိုးကောင်များအဖြစ် ဖောက်ခွဲလျက် ဦးတည်ရာမျိုးစုံကို ပျံထွက်သွား၏။


အခြားသော ဂြိုဟ်ပိုးကောင်များကလည်း အုံလိုက်ကျင်းလိုက် ပြန်ဆုတ်ကြတော့သည်။ ရွှီယီက သူတို့နောက်ကို လိုက်မနေတော့ဘဲ ဆာ့ဆာ့တို့ အုပ်စုကိုသာ ပြောလိုက်သည် ။

" အရင်ဆုံး ပြန်ကြရအောင်..." 


သူ့မျက်နှာက အမူအရာကင်းမဲ့နေပြီး အသံကတည်ငြိမ်နေသော်လည်း ယခင်ကနှင့် ယှဥ်လျှင် သူ၏ အေးစက်သောအရိပ်ယောင်က လျော့ကျသွားကြောင်း အားလုံးခံစားမိလိုက်သည်။


သို့သော်လည်း ရွှီယီက အနည်းငယ်အေးစက်ပြီး ဝေးကွာသောခံစားချက်ကို ပေးနေဆဲဖြစ်သောကြောင့် အားလုံးအတွက် ချဥ်းကပ်ရန်ကလည်း မလွယ်ကူပေ။ အားလုံး ဘာပြော၍ ပြောရမည်လည်း မသိကြချေယ


ရွှီယီက လှေငယ်လေးကို လက်တစ်ဖက်တည်းဖြင့် ထိန်းထားလိုက်ပြီး အားလုံးမှာ ဟင်းလင်းပြင်ထဲသို့ ကျရောက်သွားသလို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်စာအတွင်းမှာပင် သူတို့အားလုံး မြို့တော်ဂြိုဟ်သို့ ပြန်ရောက်လာ၏။


....


" ကောင်းပြီ..။ဒီမှာလုံခြုံသွားပြီ...မင်းတို့ ပြန်လို့ရပါပြီ..." 


အားလုံးက မြို့တော်ဂြိုဟ်တွင် နေထိုင်ခြင်းမဟုတ်သော်လည်း သူတို့တစ်ယောက်ချင်းစီတိုင်းကို အိမ်လိုက်ပို့ရန်အထိ ရွှီယီ ဒုက္ခမပေးသင့်ချေ။


မည်သို့ပင်ဖြစ်စေ မြို့တော်ဂြိုဟ်၏လမ်းပန်းဆက်သွယ်ရေးက ဖြောင့်ဖြူးပြီး သူတို့၏ စိတ်ဝိညာဥ်ပုံစံဖြင့် အခမဲ့ပင် စီးနင်းခွင့်ရဦးမည်။ သူတို့ အခြားသူများကို ဒုက္ခမပေးချင်လျှင်လည်း မြို့တော်ဂြိုဟ်ရှိ သူတို့အသိတစ်ယောက်ယောက်ကိုရှာကာ လိုက်ပို့ခိုင်း၍ ရနိုင်သေးသည်။ အဆုံးတွင် ဤအချိန်ကာလအတွင်း ဖြစ်ပျက်သွားသည့်ကိစ္စများက ပြိုင်ပွဲဝင်များကြားရှိ ခင်မင်မှုကို နက်ရှိုင်းစေရန် လုံလောက်ပြီး ဤမျှလောက်က ထွေထွေထူးထူးပင် မဟုတ်တော့ချေ။


လူစုမခွဲမီ ဆာ့ဆာ့နှင့် ရင်းနှီးသော အဖွဲ့ထဲမှလူများက သူမကို တီးတိုးပြောလာ၏ ။

" နင့်ဆရာကို ကြည့်ရတာ အခြေအနေကောင်းပုံမရဘူး...သူ ဒဏ်ရာရထားတာများလား..." 


" နင်တစ်ခုခုလိုအပ်တာရှိရင် ကျန်းမိသားစုကိုသာ လာခဲ့..."


" နင့်စက္ခုကွန်ရက်ကနေလည်း ငါ့ကို တန်းပြီးဆက်သွယ်လို့ရတယ်...ငါ ဟယ့်မိသားစုက လူတွေကိုပါ တစ်ခါတည်း ပို့ပေးလိုက်မယ်..." 


ရွှီယီက ဂြိုဟ်သားရဲကောင်များဖြင့် တိုက်ခိုက်ပြီး ထိခိုက်ဒဏ်ရာရကာ အခြေနေမကောင်းကြောင်း အားလုံးရိပ်စားမိကြသည်။ ရွှီယီက အလွန်သန်မာသည်ကို အားလုံးမြင်နိုင်သော်လည်း ထိုဂြိုဟ်သားရဲကောင်များက အလွယ်တကူကိုင်တွယ်၍ရနိုင်ခြင်း မဟုတ်ပေ။


ဟယ့်ချောင်ယွမ်၏ စကားကို ကြားပြီးနောက် ကျန်းချန်က မပျော်မရွှင်ဖြစ်သွား၏။

" ဟေး...ဟယ့်ချောင်ယွမ်...မင်းက ငါနဲ့ လာပြိုင်ချင်နေတာလား..."


သူက ဆာ့ဆာ့ကို သတိပေးလိုက်သည်။

" သူပြောတာကို နားထောင်မနေနဲ့...နင်တစ်ခုခုလိုအပ်တယ်ဆိုရင် ငါ့ဆီကိုသာ လာခဲ့...ငါ့လုပ်ပိုင်ခွင့်က သူ့ထက် ပိုမြင့်တယ်..." 


ဟယ့်ချောင်ယွမ်က သူ့ကို ပြောစရာစကားပင်မရှိတော့သလို ကြည့်လိုက်သည်။

' ဘယ်သူက ပိုပြီးပြိုင်ဖို့ကြိုးစားနေတာလဲ...ငါ မဟုတ်တာတော့ သေချာတယ်...'


ဆာ့ဆာ့က ပြောလာ၏။

" စိတ်မပူပါနဲ့...ဘာဖြစ်နေလဲဆိုတာ ငါသိပါတယ်..."


ဆာ့ဆာ့က ရွှီယီနှင့်အတူ မြို့တော်ဂြိုဟ်ရှိ နားနေရာသို့ပြန်သွားလိုက်သည်။ ချန်ကျီက ထိုနေရာတွင်သာ စောင့်နေပြီး သူတို့ကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ပြောလာ၏။

" ဆရာနဲ့ ဆာ့ဆာ့...ပြန်လာကြပြီလား..." 


ရွှီယီက ခေါင်းအသာညိတ်ပြကာ သူ့အခန်းထဲသို့သာ တန်းဝင်သွားတော့သည်။ ဆာ့ဆာ့ကသာ စိုးရိမ်တကြီး ပြောလာ၏။

" ဒုတိယစီနီယာအစ်ကို...ကျွန်မပြီးမှပဲ ပြောပြတော့မယ်..."



💫💫💫