Chapter 1
Viewers 2k

🫶Chapter 1




နျန်ယွီယီ သူ၏ကိုယ်ပေါ်သို့ဖြာကျလာသော စူးရှရှနေရောင်ကို ခံစားမိခဲ့သည်။ အသားပေါ်ရှိရွှဲနစ်နေသော ချွေးများမှာ သူ့အားအိပ်ရာမှပင် လန့်နိုးလာခဲ့စေသည်။


အအိပ်လွန်သွားခြင်းကြောင့် ပြတင်းပေါက်အပြင်မှ ထိုးဖောက်ဝင်ရောက်လာသော နေရောင်မှာ နျန်ယွီယီအတွက် မျက်လုံးဖွင့်ရန်ခက်ခဲသွားစေသည်။ အဓိကလင်းနေသောအရာကို ကာဆီးရန် လက်ဖြင့်သာအုပ်ကာလိုက်ရကာ ခေါင်းကိုငုံ့၍ မျက်လုံးများကိုအလင်းရောင်နှင့်အသားကျသွားစေရန် ချိန်ညှိလိုက်ရသည်။ ထို့နောက်တွင်မှသာ ဘေးပတ်ဝန်းကျင်သို့ စတင်စူးစမ်းလိုက်ပါတော့သည်။


“ ဟမ် ဒါကဆေးရုံမဟုတ်ဘူးလား…”‌


 နေရာတိုင်းတွင် အဖြူရောင်များပြည့်နေမည်ဟူသည့် သူ၏မျှော်မှန်းချက်နှင့် တခြားစီပင် အခန်းမှာ မီးခိုးဖျော့နှင့် အပြာရောင်အရိပ်များဖြင့် မှိုင်းပြနေခဲ့သည်။


အံ့ဩမှုကြောင့် နျန်ယွီယီ၏မျက်လုံးများပြူးကျယ်သွားရလေသည်။


ဝိုင်ယာကြိုးတွေနဲ့ သည်လောက်အမြင့်ကြီးကနေ ပြုတ်ကျသွားရတာတောင် သူတို့ငါ့ကိုဆေးရုံမပို့ပေးဘူးလား… ထုတ်လုပ်ရေးအဖွဲ့က တကယ်ကြီးသည်လောက်တောင် ကပ်စေးနည်းတယ်ပေါ့လေ…


တကယ်လား… သူတို့က သန်းဆယ်ချီတန်မဲ့ တည်းဖြတ်ချက်တစ်ခုတည်းကိုပဲ လုံးလုံးအမှီပြုနေပြီး သရုပ်ဆောင်မကောင်းတဲ့ ဒုတိယအဆင့်သရုပ်ဆောင်ကိုကျပေးဖို့တတ်နိုင်ပြီးတော့ ငါ့ကျဆေးရုံပို့ပေးဖို့ နောက်ထပ်ထောင်ဂဏန်းလောက်ကို မတတ်နိုင်ဘူးလား…


 အားမလိုအားမရဖြစ်စွာဖြင့် နျန်ယွီယီ လက်သီးတင်းတင်းဆုပ်ကာ အခန်းကိုစူးစမ်းရန် လေးတိလေးကန်ဖြင့်မထခင် ကုတင်ကိုထုချမိသည် ။


“ ဒါက ငါ့အိမ်လည်းမဟုတ်ဘူး… ဟိုတယ်ရောက်နေတာလား… ခဏလေး တစ်ခုခုတော့လွဲနေပြီ … ငါ အရပ်ပိုပုသွားတာလား…”


သူ၏သံသယများကို အလောတကြီးအတည်ပြုရန်အတွက် နျန်ယွီယီ ရေချိူးခန်းတံခါးကိုတွန်းဖွင့်ကာ မှန်ရှေ့သို့အမြန်ပြေးသွားလိုက်မိသည်။ သို့သော်လည်း မှန်ထဲမှပုံရိပ်ကိုမြင်လိုက်ရချိန်၌ နျန်ယွီယီ တောင့်ခဲသွားရလေသည်။


ဒါ ဒါကငါ့မျက်နှာလား…


မျက်နှာသွင်ပြင်မှာ သူ၏ကိုယ်ပိုင်ရုပ်ရည်နှင့်ဆင်တူသော်လည်း ကြွေထည်ကဲ့သို့ချောမွေ့ကာ ပိုမိုပြီးပြည့်စုံသော မျက်နှာကျနှင့် လက်ရှိသူ၏အခြေအနေကြောင့် တဖျတ်ဖျတ်ခတ်နေသောမျက်တောင်များမှာ နျန်ယွီယီအား ကြော့ရှင်းသောသခင်ငယ်လေးတစ်ဦးနှင့် ပိုတူသွားစေသည်။


နျန်ယွီယီ လက်တွေ့အချိန်သို့ပြန်မရောက်ခင်အထိ မှန်ရှေ့တွင် အချိန်အတော်ကြာ ကြောင်ကြည့်နေမိသည်။ ထို့နောက် အိပ်ခန်းထဲတွင် လှန်လှောရှာဖွေလိုက်ပြီး သက်သေအချို့ကိုရှာတွေ့နိုင်ရန်ကြိုးစားနေမိသည်။ နောက်ဆုံး၌ သူ၏အကြည့်များသည် ကုတင်ဘေးရှိစားပွဲပေါ်မှ စာရွက်အပိုင်းအစတစ်ခုစီသို့ ကျဆင်းသွားခဲ့သည်။


စာရွက်ဖြူပေါ်တွင် မင်နက်နက်ဖြင့်ရေးသားထားသည်မှာ “ မင်းကိုယ်တိုင်ရဲ့ အပြိုင်ပုံစံကို ရှာတွေ့နိုင်လိမ့်မယ်…” ဟူ၍ဖြစ်သည်။


ငါ့ကိုယ်တိုင်ရဲ့အပြိုင်ပုံစံလား…


နျန်ယွီယီ မှတ်စုစာရွက်ကိုကောက်ယူလိုက်ချိန်တွင် ၎င်း၏အောက်မှ အိုင်ဒီတစ်ခုကိုသာ တွေ့လိုက်ရသည်။


အိုင်ဒီကဒ်မှာ လွန်ခဲ့သောသုံးနှစ်ခန့်က လုပ်ထားခြင်းဖြစ်ပြီး ယခုလေးတင် မှန်ရှေ့တွင် သူမြင်လိုက်သောပုံရိပ်ထက် ပိုမိုငယ်ရွယ်နေခဲ့သည်။


သူနှင်ဆင်တူသော်လည်း နေရာတိုင်းတွင် ပို၍သာလွန်နေသည့်မျက်နှာကိုကြည့်နေမိကာ ထပ်တူကျနေသော မွေးနေ့ရက်စွဲကို သတိပြုမိသွားချိန်၌ နျန်ယွီယီ အတွေးလွန်သွားရပြီး အဆုံး၌ သူ့ပါးကိုပင်သူ ပြန်ညှစ်ကြည့်မိခဲ့သည်။


“ အာ့ နာတယ်ဟ သည်ဟာကအိပ်မက်မဟုတ်ဘူးပဲ…”


“ သည်လိုဆိုရင် ငါ အပြိုင်ကမ္ဘာကိုကူးပြောင်းလာခဲ့တာပေါ့…”


“ တခြားကမ္ဘာ…”


“ ငါ့ကိုယ်တိုင်ရဲ့ တခြားပုံစံတစ်ခုအဖြစ် နေထိုင်ရမှာလား…”


“ ငါ့ရဲ့မူလခန္ဓာကိုယ်ကကော ဘာဖြစ်သွားပြီလဲ… ကြိုးပြတ်ကျတာကနေ သေသွားပြီလား…”


နျန်ယွီယီ မျက်လုံးများကိုပိတ်ထားမိလိုက်သည်။ ပြီးနောက် သူ၏ခုန်ပေါက်နေသည့်နှလုံးကို တည်ငြိမ်သွားစေရန်အတွက် အိပ်ရာပေါ်သို့ ပြန်လှဲချမိလိုက်လေသည်။


***


နောက်တစ်နေ့မနက်… အရုဏ်ဦး၏ပထမဆုံးအလင်းရောင်ကျဆင်းလာချိန်တွင် ဖွာလန်ကြဲနေသည့်ဆံပင်များနှင့် နျန်ယွီယီမှာ ပြတင်းပေါက်စီသို့ မျက်နှာသေဖြင့် စိုက်ကြည့်နေခဲ့သည်။


ယမန်နေ့နေ့လယ်ခင်း အိပ်ရာပေါ်သို့ ပြန်လည်လဲကျပြီးနောက်တွင် မှတ်ဉာဏ်များမှာ သူ၏စိတ်တွင်းသို့စတင်စီးဝင်လာခဲ့သည်။ ၎င်းတို့ကို အစီအစဉ်ကျသွားစေရန် တစ်ညလုံးကုန်ဆုံးပြီးချိန်မှသာ သူမှတ်မိနေသည့် အရာတော်တော်များများမှာ ထူးဆန်းစွာဖြင့် ရင်းနှီးနေကြောင်း သတိပြုမိလိုက်သည်။


အတိအကျဆိုရမည်ဆိုလျှင် သူ အဆိုပါမှတ်ဉာဏ်များကို ရေးသားထားသောပုံစံဖြင့် သူမှတ်မိနေခြင်းဖြစ်သည်။


ဤသည်မှာ သူ၏မူလကမ္ဘာတွင်ဖတ်ရှုခဲ့ဖူးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ ဝတ္ထုတွင်းရှိ အသေးစားဇာတ်ဆောင်လေးတစ်ယောက်နှင့် နာမည်တူနေသောအကြောင်းအရင်းကြောင့်ပင် နျန်ယွီယီ စာရေးသူအတွက် အားပေးသောမန့်အချို့ချန်ထားပေးဖူးခဲ့လေသည်။ မမျှော်လင့်စွာဖြင့် အဆိုပါအသေးစားဇာတ်ဆောင်မှာ အခန်း၅တွင် ခဏသာပါသော ခပ်ပြောင်ပြောင်ဇာတ်ကောင်မျိုးဖြစ်ပြီး အဓိကဇာတ်လိုက်အား ပေါ်လွင်စေမည့် ခြေနင်းတုံးတစ်ခုအဖြစ်သာ ရေးသားထားခြင်းဖြစ်သည်။


ဟာသပုံစံတဲ့


အဓိပ္ပါယ်မရှိလိုက်တာ…


‌ဒေါသပေါက်ကွဲသွားရသောကြောင့် နျန်ယွီယီ ၎င်းဝတ္ထုကို ဖတ်ရှုသည့်စာရင်းထဲမှ ထုတ်ပယ်ပစ်လိုက်လေသည်။ ဤသို့ဖြင့် ရက်အနည်းငယ်ကြာ စိတ်ထဲမတင်မကျဖြစ်နေပြီးနောက်တွင် သူထိုအရာကို မေ့ပစ်လိုက်တော့သည်။ ထို့နောက်တွင်မှ ဆိုရှယ်မီဒီယာပေါ်ရှိ သာမန်ကာလျှံကာ လျောက်ကြည့်မိသည့်ပို့စ်တစ်ခုကြောင့် သူနားလည်သဘောပေါက်သွားရသည်။ အဓိကဇာတ်လိုက် ယုစစ်ဟန်သည် ၎င်း၏ကြွယ်ဝသောပုံရိပ်ကို အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဟိုင်ဈေးကွက်၏ ထိပ်တန်းအသိုင်းအဝိုင်းထဲသို့ဝင်ရောက်၍ ဖျော်ဖြေရေးနယ်ပယ်ထိပ်ဆုံးထိတက်ကာ သူဌေးကြီးတစ်ဦးဖြစ်လာရသည်ကိုပင်။


ထိုအခြင်းအရာကိုမြင်ခဲ့ရပြီးနောက် အထူးသဖြင့် ပထမဆုံးငါးပိုင်းရှိ စိတ်မပါလက်မပါ ရေးသားထားသောဇာတ်ကောင်များကိုကြည့်ကာ နျန်ယွီယီ အန်ချင်လာသောကြောင့် ညစာကိုပင်မစားခဲ့ပေ။


ဟုတ်ပေသည်။ လက်ရှိအချိန်၌ သူဝတ္ထုတွင်းသို့ကူးပြောင်းလာကြောင်းကို နျန်ယွီယီသိရှိသွားခဲ့လေပြီ။ အချိန်အနေအထားအရအား အကဲခတ်ရမည်ဆိုလျှင် အရွယ်ရောက်စ အဓိကဇာတ်လိုက်နှင့် သူထိပ်တိုက်မတွေ့ဆုံရသေးချေ။


“ ကံကောင်းလို့ လုံးဝပွဲပြီးသွားတာမဟုတ်နေတာပေါ့…သည်တစ်ခေါက်တော့ ငါ သေချာပေါက်လုံခြုံစိတ်ချရမဲ့ အကွာအဝေးတစ်ခု ထားထားနိုင်ရမယ်…” ဆင်ခြင်သုံးသပ်မှုအချို့အပြီးတွင် နျန်ယွီယီ ဖျော်ဖြေရေးနယ်ပယ်မှ ထွက်ခွာရန်ဆုံးဖြတ်လိုက်ကာ နှစ်အတော်ကြာသူ့ထံရှိခဲ့သည့် သရုပ်ဆောင်အရည်အချင်းကို စွန့်ပစ်လိုက်လေသည်။


အမှန်စစ်စစ်အားဖြင့် မိမိကိုယ်ကို စောင့်ရှောက်ခြင်းသည်သာ အရေးအကြီးဆုံးဖြစ်ကာ ၎င်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိနေပေ။ အဓိကဇာတ်လိုက်ထံတွင် ရွေးချယ်ခံရသော အကာအကွယ်ရောင်ဝါ‌ရှိနေစဉ်အတွင်း နျန်ယွီယီ အားနည်းလှသော ကိုယ့်ကိုကိုယ် ထိုးနှက်ရန်အကြံမရှိချေ။


ဤသို့ဖြင့် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် နျန်ယွီယီအဝတ်များကို ပြန်ဖြန့်လိုက်ကာ ရေချိူးခန်းစီသို့ ရေချိုးရန်သွားလိုက်သည်။ ညအိပ်ဝတ်စုံဝတ်စုံပြောင်းလဲဝတ်ဆင်လိုက်ပြီးနောက် ပါဆယ်အချို့ကိုပင် မှာယူလိုက်သေးသည်။


အသင့်စားအစားအစာမှာယူထားသည့်အချိန်အတွင်း နျန်ယွီယီ သူ၏သေဆုံးမှုစီသို့ ဦးတည်‌စေသည့် အသေးစိတ်အ‌ချက်အလက်များကို ပြန်လည်တွေးတောနေခဲ့သည်။


ထုတ်လုပ်ရေးအဖွဲ့မှ အသုံးပြုခဲ့သည့်ကြိုးများကို လုံခြုံရေးအတွက် အကြိမ်ပေါင်းမြောက်များစွာ စစ်ဆေးခဲ့ပြီးဖြစ်သည်။ ဒါရိုက်တာနှင့် ထုတ်လုပ်သူ နှစ်ဦးစလုံးတို့မှာ မတော်တဆဖြစ်မည်ကို အလွန်စိုးရွံ့နေသောကြောင့် သူတို့သူ့ကိုအကွက်ချခြင်းမှာ မဖြစ်နိုင်ပေ။ သို့တိုင်အောင် စက်ပစ္စည်းချို့ယွင်းသွားသည်မှာ တိုက်ဆိုင်လွန်းလှသည်။


သို့သော် မိတ်ကပ်လိမ်းနေစဉ်အတွင်း သူ၏အေဂျင်စီတစ်ခုထဲမှ နျန်ယွီယီကိုအမြဲလိုမထီမဲ့မြင်ပြုတတ်သော တွဲဖက်သရုပ်ဆောင်တစ်ဦး၏ နောက်သလိုပြောင်သလိုပြောသွားခြင်းတစ်ခုရှိခဲ့ဖူးသည် “ ထုတ်လုပ်ရေးတစ်ခုလုံးမှာမှ ဆယ်မိနစ်‌လောက်ပါရတဲ့ အသေးစားဇာတ်ရုပ်လေးကို သရုပ်ဆောင်နေရမှတော့ ပြောင်မြောက်တဲ့အရည်အချင်းရှိလဲ ဘာသုံးစားလို့ရမှာမလို့လဲ…”


ထိုစဉ်အခါက နျန်ယွီယီ ၎င်းစကားကိုအရေးတယူပြုခဲ့ခြင်း မရှိပေ။ သို့သော် ယခုအချိန်တွင် သူကြိုးပေါ်သို့တက်မခင် အဆိုပါတွဲဖက်သရုပ်ဆောင်၏ ယုတ်ညံ့သောအမူအရာကို ပြန်လည်တွေးမိသွားပြီးနောက် အရာအားလုံးမှာ ရှင်းလင်းသွားခဲ့သည်။


သောက်ကျိုးနည်း သူ တရားခံကိုဖမ်းမိသွားပေမယ့်


လက်စားမချေလိုက်နိုင်ဘူးပဲ…


စိတ်တိုသွားသောကြောင့် ထိုနေ့ညတွင် နျန်ယွီယီ ထမင်းနှစ်ပန်းကန်တောင် စားပစ်မိသည်။(သူတိုတာ တစ်မျိုးလေး😁)


နောက်တစ်နေ့မနက် အိပ်ချင်မူးတူးဖြင့် သွားတိုက်နေစဉ်အတွင်း မန်နေဂျာထံမှဖုန်းဝင်လာခဲ့သည်။


“ နျန်ယွီယီ ငါပို့လိုက်တဲ့စာကို မင်းမမြင်ဘူးလား…” ဖုန်းကိုင်လိုက်သည်နှင့် ကျိုးအာ့ဟယ်၏ဒေါသတကြီးအသံမှ ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။


နျန်ယွီယီမှာမူ သူ၏နှုတ်ထွက်မည့်ဆုံးဖြတ်ချက်အား ကျိုးအာ့ဟယ်ထံ မည်သို့ပြောရမည်နည်းဟု တွေးတောနေခဲ့သည်။


နျန်ယွီယီ၏ အချိန်အတော်ကြာတိတ်ဆိတ်နေခြင်းကို ခံစားမိပြီးနောက် ကျိုးအာ့ဟယ်၏ဒေါသများမှ လျော့ပါးသွားရကာ ၎င်းအစားပူပန်ခြင်းက အစားထိုးဝင်ရောက်လာသည် “ ကြည့်လေ ငါပြောသားပဲ အဲ့သည့်ဟာကခက်ပါတယ်လို့… အထူးသဖြင့် မင်းကြိုးတန်းပေါ်ကနေ ရုတ်တရက်ပြုတ်ကျပြီးနောက်မှာပေါ့… အသိသာကြီးကို တစ်ယောက်ယောက်ကမွှေနေတာလေ… ပြီးတော့ အေဂျင်စီက မင်းကိုအထောက်အပံ့မပေးထားတဲ့အတွက် ဒါရိုက်တာကျန်းကလဲ အလျော်ပေးဖို့ငြင်းဆန်နေတာ…” 


ကျိုးအာ့ဟယ် ပြောရင်းပြောရင်းဖြင့် ပိုမိုစိတ်တိုလာရသည် “ သည့်ထက်ပိုပြီးမလုပ်နိုင်ခဲ့တဲ့ ငါ့ကိုယ်ငါပဲ ပိုအပြစ်တင်မိတယ်ကွာ… မင်းပြုတ်ကျလာတုန်းက အောက်မှာသာသစ်ကိုင်းတွေမရှိခဲ့ရင် အနည်းဆုံးတော့ အိပ်ရာပေါ်တစ်လလောက် လဲသွားမှာ… ငါ သေချာပေါက် တာဝန်ယူရမဲ့လက်သည်ကိုရှာပစ်မယ်…”


“ ဆံပင်နဲ့ဘာလုပ်နေတာလဲ…” နျန်ယွီယီ သွားတိုက်ပြီးနောက် လက်များကိုရေစွတ်ကာ ဆံပင်ကိုပွတ်လိုက်သည် ။


“ ဒါရိုက်တာကျန်းက ‌သည်ကိစ္စအပေါ် ဟန်ပြနေတာမဟုတ်ဘူး… ဖြစ်နိုင်တာတော့ သူကျွန်တော်တို့ကို ရိုက်ကွင်းမှာပြဿနာမရှာစေချင်ဘူးဖြစ်မယ်… တကယ်လို့သာ ဆက်ပြီးတူးဖော်နေရင်း သူသေချာပေါက် ကျွန်တော်တို့ကိုအရင်ရှင်းပစ်လိမ့်မယ်…”


နျန်ယွီယီ၏စကားကိုကြားပြီးနောက် ကျိုးအာ့ဟယ် ပါးစပ်ဖွင့်လိုက်မိသော်လည်း စကားလုံးရှာမတွေ့သည့်အတွက် ပြန်ပိတ်လိုက်ရသည်။ အဆုံး၌ သူ ဒေါသထွက်ရလွန်းသောကြောင့် ထဆဲမိမလိုပင် ဖြစ်နေရလေသည်။


“ ဒါနဲ့ အစ်ကိုကျိုး ကုမ္ပဏီနဲ့ကျွန်တော့်စာချုပ်က နှစ်ဘယ်လောက်ကျန်သေးလဲ…”


“ နှစ်နှစ်လေ ဘာလို့လဲ…” ကျိုးအာ့ဟယ် ပြန်ဖြေလိုက်စဉ် အနည်းငယ်ကြောင်အသွားရသည်။


“ သည်အတိုင်းမေးကြည့်တာပါ…” နျန်ယွီယီ အတွေးပါပါဖြင့် ခဏရပ်လိုက်ကာ ပြီးနောက်တွင် ပေါ့ပေါ့ပါးပါးမေးလိုက်သည် “ စာချုပ်ဖောက်ဖျက်ကြေးကကော ဘယ်လောက်လဲ… ကျွန်တော် လက်မှတ်ထိုးတုန်းက အချက်အလက်အများစုကို မေ့သွားလို့လေ…”


“ ဘာလို့ ဒဏ်ကြေးအကြောင်းမေးနေတာလဲ…” ကျိုးအာ့ဟယ် လက်ရှိအချိန်၌ စတင်၍သတိကြီးကြီးထားနေခဲ့လေပြီ “ မင်းစာချူပ်ဖျက်ဖို့တွေးနေတာလား…”


“ ကျ ကျွန်တော်က သည်အတိုင်းမေးကြည့်တာပါ…” နျန်ယွီယီ ကိုးရို့ကားယားနိုင်စွာ ပြန်ဖြေလိုက်ပြီးနောက် စကားလမ်းကြောင်းကို အခြားတစ်နေရာသို့ပြောင်းလိုက်မိသည် 


“ ထုတ်လုပ်ရေးအဖွဲ့ကကော ဘာပြောလဲ…”


“ ငါ့ကိုလမ်းလာလွှဲမနေနဲ့…” နျန်ယွီယီ၏ အဆင်မပြေမှုကို သ‌တိထားမိသွားသည့်အတွက် ကနဦးတွင် ကျိုးအာ့ဟယ် ဆူလိုက်ချင်မိသော်လည်း လက်ရှိဖျော်ဖြေရေးနယ်ပယ်သို့ ဝင်ရောက်လာစဉ်အတွင်း တွေ့ကြုံရသောကိစ္စများကို ပြန်လည်စဉ်းစားမိပြီးနောက် သူ၏အသံမှာ နူးညံ့သွားရသည် 


“ မင်းရဲ့ဒဏ်ကြေးက ၆သန်းပဲ… စာချုပ်က အမြင့်ဆုံးချုပ်ထားတာမဟုတ်တော့ အနည်းဆုံးစာချုပ်ဖောက်‌ဖျက်ကြေးပေါ့ကွာ…”


စာချုပ်ဖျက်ပြီးနောက် လျော်ကြေး၆သန်းပေးရန် မည်မျှကြာမည်ကို နျန်ယွီယီတွက်ချက်နေခဲ့သည်။ ပြီးသည်နှင့် ဘေစင်ပေါ်တွင် မှီလျက်ပြောလိုက်လေသည် 


“ အစ်ကိုကျိုး စိတ်ချပါ… ကျွန်တော် သည်အတိုင်းသိချင်ရုံလေးရယ်…”


“ ငါတို့ဘယ်တော့ရိုက်ကွင်းစီပြန်သွားကြမှာလဲ..” ကျိုးအာ့ဟယ် တမင်တကာ စကားလမ်းကြောင်းပြောင်းပစ်လိုက်သည် “ ဒါရိုက်တာကျန်းက မင်းကိုနားရက်တစ်ပတ်ပေးထားတာ အခုမှသုံးရက်ပဲရှိသေးတယ်…”


“ မနက်ဖြန်ပြန်သွားတာပေါ့…” နျန်ယွီယီ ဘေစင်ပေါ်သို့ ဖြည်းဖြည်းချင်းကျနေသည့် ရေကိုကြည့်လျက် အစောပိုင်းတွင် ကျိုးအာ့ဟယ်ပြောခဲ့သည့်အကြောင်းကို စိတ်ထဲတွင်သိမ်းကာ ပြောလိုက်သည်။


“ ကောင်းပြီလေ မနက်ဖြန်ကြရင် ငါမင်းကိုလာကြိုလိုက်မယ်… နည်းနည်းတော့နားလိုက်ပါဦးကွာ.. မင်းမသက်သာသေးရင် ရိုက်ကွင်းကိုအလျင်စလိုပြန်သွားဖို့ မလိုပါဘူးဟ…”


“ အင်း…” ကျိုးအာ့ဟယ်မှ သူ့အပေါ်ထားသော စစ်မှန်သည့်ပူပန်မှုကို နျန်ယွီယီခံစားလိုက်ရသည်။ သူ့ကဲ့သို့ မိဘမဲ့ဂေဟာ၌ ကြီးပြင်းလာရသူအဖို့ ထိုအရာမှာ ထူးဆန်းလှ၏။


ဖုန်းချပြီးသည်နှင့် နျန်ယွီယီ အခန်းထဲသို့ပြန်သွားကာ အိပ်ရာဘေးရှိစားပွဲပေါ်မှ စာရွက်ကိုယူ၍ ရေချိုးခန်းတွင်းသို့ပြန်ဝင်သွားလိုက်သည်။ ၎င်းကိုဂရုတစိုက်ဖြင့် ရေထဲနှစ်လိုက်ကာ မည်သူမှမဖတ်နိုင်ကြောင်း အတည်ပြုပြီးမှသာ ပြန်ထွက်လာခဲ့သည်။


သူ၏လုပ်ရပ်များသည် မှတ်စုထဲမှစာကြောင့် တွန်းအားပေးခံရသည့်တိုင် နျန်ယွီယီ ဘဝ၏ဦးတည်ရာလမ်းကြောင်းကို ပြောင်းလဲပစ်မည်မဟုတ်ချေ။


ထိုအရာမှာ သည်အတိုင်းပတ်ဝန်းကျင်ပြောင်းလဲသွားခြင်းသာဖြစ်သည်။


***


ဟိုင်မောမြို့၏ နွေဦးရာသီအစ လေပြေလေညင်းမှာ အနည်းငယ်အေးလှသောကြောင့် လက်ပြတ်အင်္ကျီကိုသာ ဝတ်ဆင်ထားသည့်အတွက် လေဖြတ်တိုက်သွားချိန်၌ နျန်ယွီယီ ကြက်သီးများပင် ထသွားရသည်။


ထပ်မံ၍နှာချေလိုက်ပြီးနောက် နျန်ယွီယီ ကော်ဖီဆိုင်တစ်ခုရှေ့တွင်ရပ်ကာ ဆိုင်တွင်းသို့ဝင်လိုက်သည်။


“ ကျေးဇူးပြု၍ လက်တေးတစ်ခွက်ပေးပါ…” ကော်ဖီတစ်ခွက်မှာလိုက်ပြီးနောက် ထောင့်တစ်ထောင့်ရှာကာ ထိုင်လိုက်ပြီး ဖုန်းကိုထုတ်၍ ဟိုဟိုသည်သည်ကြည့်လိုက်မိသည်။


အကယ်၍သာ သူစာချူပ်ဖောက်ဖျက်ကြေးမပေးနိုင်ပါက ဖျော်ဖြေးရေးနယ်ပယ်မှ ထွက်ခွာခြင်းမှာ နည်းလမ်းတစ်ခုဖြစ်မည်မဟုတ်တော့ပေ။ ထို့အတွက်ကြောင့် နယ်ပယ်အတွင်း သူ၏အနာဂတ်အစီအစဉ်ကို ဂရုတစိုက်ပြင်ဆင်ရန် လိုအပ်နေသည်။


နျန်ယွီယီ ကော်ဖီဆိုင်ထဲတွင် တစ်နေကုန်ထိုင်နေခဲ့ပြီး မိုးစုန်းစုန်းချုပ်သွားမှ ပြန်ထွက်လာခဲ့သည်။


မြို့တော်၏နီယွန်ရောင်မီးများအောက်တွင် လမ်းလျှောက်ရင်းဖြင့် သူ နျန်ယွီယီဟုအမည်တပ်ထားသည့် အိမ်တစ်လုံးစီသို့ ဦးတည်လိုက်တော့သည်။



🫶