🫶Chapter 15
ယွီစစ်ဟန်သည် နောက်ဆုံးတစ်ခေါက်က နျန်ယွီယီ၏အကြောင်း စုံစမ်းခိုင်းပြီးနောက်တွင် ရုပ်ရှင်အဖွဲ့နောက်သို့လိုက်ကာ တောတောင်နက်များအတွင်းသို့ သွားနေရပြီး ယနေ့မှသာပြန်ရောက်လာခြင်းဖြစ်သည်။
တောင်တန်းများကြားတွင် သက်ကြီးပိုင်းအိမ်ထောင်စုအချို့သာ ကျန်ရစ်သည်ဖြစ်ပြီး လိုင်းဖမ်းယူနိုင်မှုမှာ ဆိုးရွားကာ ဖုန်းခေါ်ဆိုခြင်းကို ဂြိုလ်တုဖုန်းများဖြင့်သာ လုပ်ဆောင်နိုင်သည်။ ဆက်သွယ်ရေးအတွက် မိုဘိုင်းဖုန်းများကို မှီခိုခြင်းမှာ လုံးလုံးမဖြစ်နိုင်သည့်အရာပင် ဖြစ်လေသည်။
တောင်ပေါ်မှထွက်လာခဲ့ပြီးနောက် ယွီစစ်ဟန် သူငှားထားသည့်တိုက်ခန်းသို့ ပြန်ကာရေမိုးချိုးလိုက်သည်။ ရေချိုးခန်းမှထွက်လာပြီးချိန်၌ ဆိုဖာပေါ်တွင် ဝမ်ယင်းခိုကို မြင်တွေ့လိုက်ရသော်လည်း သူမအံ့ဩသွားခဲ့ချေ။
“ အစ်မ..”
“ ဒါကိုတချက်လောက်ကြည့်ဦး..” ဝမ်ယင်းခိုက သူမကိုင်ထားသည့် တက်ဘလက်ကို သူ့ထံပေးလာသည် “ ဒါ လတ်တလောရေပန်းစားနေတဲ့သတင်းပဲ…”
ယွီစစ်ဟန် ဖတ်လိုက်သည်နှင့် သူ၏မျက်နှာအမူအရာမှာ တဖြည်းဖြည်းဆိုးရွားလာခဲ့သည်။
“ ဒီဟာက ကျန်းရွှယ်ယုံ ကျောင်းမှာတုန်းက စိတ်ကူးယဉ်ခဲ့တဲ့ဇာတ်ရုပ်ပဲ… ပြီးတော့ သရုပ်ဖော်ဖို့အစပြုခဲ့တာ…”
ဝမ်ယင်းခို သူမ၏လောလောလတ်လတ်မှ ဆိုးလာခဲ့သော လက်သည်းနီများကိုကြည့်ရင်းမှ တိတ်တဆိတ်မှတ်ချက်ချလိုက်သည် “ ဟိုတစ်ခါတုန်းက မင်း ဒီဇာတ်ကောင်ကို အရွေးခံဖို့စဉ်းစားထားပေမယ့် ကျန်းရွှယ်ယုံက ရွေးနှင့်ပြီးသွားပြီ…”
“ ကျွန်တော်သိတယ်..” ယွီစစ်ဟန် တက်ဘလက်ကိုပြန်ပိတ်လိုက်ပြီး တွေးတောနေရင်းဖြင့် မျက်လုံးများကို မှိတ်ချလိုက်သည် “ သူ့ဆိုရှယ်မီဒီယာမှာ follow လုပ်တဲ့သူအခြေအနေကကော…”
“ အတော်များတယ်…” ဝမ်ယင်းခိုမှ အေးစက်စွာ ပြန်ဖြေလာသည် “ ဒီအတိုင်းဆိုရင် ရှိုးကိုလွှင့်တာနဲ့ သူမင်းကိုကျော်တက်သွားနိုင်တယ်…”
“ ဒီလိုဆိုရင် ကျွန်တော်တို့ဘယ်ပေးလွှင့်လို့ဖြစ်မလဲ…” ယွီစစ်ဟန် ရုတ်တရက်ထပြောလိုက်ပြီး သူ၏မျက်လုံးများမှာ မနာလိုစိတ်များနှင့် ဆုံးဖြတ်ပြီးသားဖြစ်နေခဲ့သည်
“ စဉ်းစားကြည့်လေ… တကယ်လို့သာ လူထုက သူ ဒီအခွင့်အရေးတွေရအောင်လို့ အိပ်ခဲ့တာမှန်းသိသွားကြရင်ကော…”
“ မင်းဘာကိုအကြံပေးချင်တာလဲ…”
“ လာမဲ့ရက်အနည်းငယ်အတွင်း သူ့ကို ဘီအက်စ်ဟိုတယ်မှာ သွားတွေ့လိုက်မယ်… ကျွန်တော်တို့ကိုစောင့်ကြည့်ဖို့ လူပြင်ထားလိုက်ချည်…” ယွီစစ်ဟန်က လူယုတ်မာအပြုံးဖြင့် ပြောလိုက်သည်
“ ဒီလိုဆိုရင် လိုချင်တဲ့နေရာရောက်အောင် လှည့်ပေးလိုက်လို့ရပြီပေါ့…”
“ ငါမင်းကိုယုံပြီးသား…” ဝမ်ယင်းခို ရုတ်တရက်သိချင်လာသောကြောင့် မေးလိုက်မိသည် “ ဒါပေမယ့် မင်းသူ့ကိုဘာလို့သည်လောက် အငြိုးထားနေရတာလဲ…”
ဘာလို့သည်လောက် နက်နက်ရှိုင်းရှိုင်းအငြိုးထားနေရတာလဲ….
သူ၏ကလေးဘဝမှ မှတ်ဉာဏ်များမှာ ယွီစစ်ဟန်၏မျက်လုံးထဲတွင် ပြန်လည်မြင်ယောင်လာခဲ့သည်။ ယိုယွင်းပျက်ဆီးနေသော မိဘမဲ့ဂေဟာတွင်နေထိုင်ရပြီး ကုတင်များမှာ တံခါးဟောင်းများမှ ပြုလုပ်ထားခြင်းဖြစ်ကာ ဈေးအသက်သာဆုံးအသီးအရွက်များကိုသာ အမြဲလိုစားခဲ့ရသည်။
သူ၏ဘေးတွင် သူ့ထက်ခေါင်းတစ်လုံးစာနိမ့်သည့် ကောင်လေးတစ်ယောက် အမြဲရှိခဲ့ပြီး သူတို့မှာတူညီသော ခွဲတမ်းရှိခဲ့ကြသည်တိုင် ထိုကောင်လေးမှာ ကြီးကြပ်သူများဆီမှ အချစ်ခံရသောကြောင့် မုန့်များခိုးကျွေးခဲ့ကြသည်။ ဆန့်ကျင်ဘက်အားဖြင့် ယွီစစ်ဟန်မှာမူ အဝေးမှနေ၍သာ ထိုကောင်လေး၏မုန့်အချိုများကို မနာလိုဖြစ်ခဲ့ရလေသည်။
“ စစ်ဟန်…” ဝမ်ယင်းခို မျက်မှောင်ကြုတ်လျက် လှမ်းခေါ်လာသည်။
သူမ၏အသံမှာ ယွီစစ်ဟန်ကို အတွေးလွန်နေရာမှ ပြန်လည်ဆွဲထုတ်ပေးခဲ့ပြီး ယွီစစ်ဟန် အကြည့်များကို အောက်ချလိုက်ကာ သူ၏ခံစားချက်များအား ဝမ်ယင်းခိုမြင်ခွင့်မပေးခဲ့ပေ။
လူတိုင်းထိုကောင်လေးကို မည်မျှပင်ချစ်ခင်နေကြပါစေ ယွီစစ်ဟန်ကို သူ၏ဖခင်မှရှာတွေ့သွားခဲ့ပြီး နျန်ယွီယီ မည်သို့မျှအိပ်မက်မက်ခွင့်မရှိသော ဇိမ်ခံဘဝကိုရရှိခဲ့သည်။
ဖျော်ဖြေရေးနယ်ပယ်တွင်ပင် ယွီစစ်ဟန်သည် နျန်ယွီယီကို ထာဝရလွှမ်းမိုးထားနိုင်ရန် ကျိန်ဆိုခဲ့လေသည်။
နျန်ယွီယီ အောင်မြင်မှုအလင်းရောင်ကို တစ်သက်လုံးမရရှိနိုင်ရန် သူအာမခံနိုင်သည်။
အားလပ်ရက်သုံးရက်အပြီးတွင် နျန်ယွီယီ နောက်ထပ်ရိုက်ကွင်းနေရာသို့လိုက်သွားလိုက်သည်။
ကျန်းရွှယ်ယုံရွေးချယ်ထားသောနေရာမှာ ဟိုင်ရှီနှင့်မနီးမဝေးနေရာမှ မင်ရှီအနားတွင်ရှိသည့် တောင်ထွတ်တစ်ခုမှ တောအုပ်ငယ်လေးဖြစ်ပြီး ခရီးသွားနေရာမဟုတ်သောကြောင့် တိတ်ဆိတ်ငြိမ်သက်သည်။
နျန်ယွီယီမှာ ယာယီတဲထဲတွင်ရှိပြီး သမ်းဝေလျက် ကျိုးအာ့ဟယ်၊ ယောင်ယောင်တို့နှင့် ကဒ်ကစားနေခဲ့သည်။
သူ၏နောက်ဆုံးကဒ်ကို စားပွဲပေါ်သို့တင်လိုက်ပြီးနောက် နျန်ယွီယီ အကြောဆန့်လိုက်လေသည် “ ရှုံးတဲ့သူက ကဒ်တွေဝေပေးရမယ်…”
ကျိုးအာ့ဟယ်နှင့် ရမ်မင်တို့ကဒ်များကို ဝေပေးလိုက်ပြီး နောက်လာမည့်အသုတ်အတွက် ပြင်ဆင်လိုက်ကြသည် “ ဒီတစ်ခေါက်မှ မြေပိုင်ရှင်မဖြစ်လို့ကတော့ မနက်ဖြန်ကြရင် ငါတော့အသားကို မေ့လိုက်လို့ရပြီ…ဒီလောက်အခေါက်အများကြီးဖြစ်နေတာ စိတ်တောင်ကုန်လာပြီ တကယ်…”
အဆိုးဆုံးအပိုင်းလား… ကဒ်တွေကကြောက်စရာကောင်းတယ်… အရမ်းကိုဆိုးရွားလွန်းလို့ ကျိုးအာ့ဟယ် လက်တောင်ထဆေးမိလုမတတ်ပဲ။
“ ဟဲ့ရေ နျန်နျန်…” ယောင်ယောင် နေကြာစေ့ကိုခွာစားနေရင်းဖြင့် မေးလိုက်မိသည် “ နင့်အခန်းတွေက မြန်မြန်ပြီးတော့မှာမလား…”
“ ဟုတ်တယ်…” နျန်ယွီယီ အိပ်ချင်စိတ်ပြေသွားစေရန် မျက်လုံးများကိုပွတ်နေခဲ့သည် “ ရုန်ရှီရဲ့ဇာတ်ကောင်က ပြီးခါနီးနေပြီ…”
သူအိမ်ပြန်ပြီး တစ်နေကုန်အိပ်နေရဖို့ သိပ်မလိုတော့ဘူး…
အတွေးလေးနှင့်ပင် နျန်ယွီယီ အလွန်ပျော်ရွှင်နေမိသည်။
“ ဒါရိုက်တာက နင့်ရဲ့အခန်းတွေကို စောစောရိုက်ဖို့စီစဉ်ထားတယ်နော်…” ယောင်ယောင် ရိုက်ကူးရေးအချိန်ဇယားကိုကြည့်ကာ ပြောလိုက်သည် “ အာ သည်လိုဆို နျန်နျန် ဒီမှာ ငါးရက်လောက်ပဲနေဖို့လိုတာပေါ့…”
“ နင်အရမ်းကံကောင်းတာပဲ… အားးး ငါကတော့ အစ်ကိုရှဲ့နဲ့ အကြာကြီးနေရဦးမယ်ဟယ်… သည်မှာက ခြင်တို့အကောင်ပလောင်တို့က ပေါပဘိနဲ့…”
နျန်ယွီယီ သနားနေသည့်အကြည့်ဖြင့်သာ ပေးနိုင်လိုက်သည် : ကံဆိုးတာပဲ…
အကြိမ်ရေအနည်းငယ်အပြီးတွင် နျန်ယွီယီ ဆက်လက်ဆော့ကစားရန် လွန်စွာပင်ပန်းနေပြီဖြစ်သောကြောင့် သူ၏တဲငယ်လေးသို့ အိပ်ရန်ပြန်သွားလိုက်သည်။
တစ်ပတ်အကြာ…
ရိုက်ကူးရေးပစ္စည်းပြင်ဆင်သူမှ နျန်ယွီယီ၏ဝတ်စုံထံ သွေးအတုထည့်ပေးလိုက်ပြီး လုံခြုံရေးအတွက် ကြိုးများကိုစစ်ပေးလိုက်သည်။
“ နျန်ရေ အပြီးသတ်ဖို့အဆင်သင့်ပဲလားဟေ့…” လက်ထောက်ဒါရိုက်တာမှ သူ၏ဝေါ်ကီတော်ကီဖြင့် ရိုက်ကူးရေးပစ္စည်းပြင်ဆင်သူထံ အခြေအနေလှမ်းမေးလာသည်။
“ အားလုံးအဆင်သင့်ဖြစ်ပါပြီ..” ရိုက်ကူးရေးပစ္စည်းပြင်ဆင်သူမှ ပြန်ဖြေလိုက်ပြီးနောက် ရိုက်ကွင်းတွင် နျန်ယွီယီလုံခြုံမှုအတွက် စိတ်ချရရန်အလို့ငှာ နှစ်ခါပြန်စစ်လိုက်သည်။
“ ကောင်းပြီ နျန် အသင့်ပြက်ထားတော့… ငါတို့အစမ်းကျင့်ထားတဲ့အတိုင်း ပြန်လုပ်ကြမယ်ဟေ့…” လက်ထောက်ဒါရိုက်တာမှ ညွှန်ကြားလာသည်။
“ ငါး လေး သုံး နှစ် တစ်… အက်ရှင်…”
နောက်ဆုံးရေတွက်အပြီးတွင် နျန်ယွီယီ သူ၏ဇာတ်ကောင်ထဲသို့ အပြည့်အဝနစ်မြုပ်လိုက်သည်။
ရိုက်ကွင်းတွင် ဓားအတုကိုကိုင်ကာ မြေပြင်ပေါ်တွင် ဒူးတဝက်ထောက်ထားသော ရှဲ့ယီကျိုးထံသို့ ခုန်ဝင်သွားလိုက်လေသည်။
“ စီနီယာအစ်ကို…” ရုန်ရှီ ဟစ်အော်ကာ သတိမဝင်တဝင်ဖြစ်နေသည့် ချိန်ရွှမ်၏အရှေ့သို့ ဝင်လာသည့်ဓားချက်ကိုကာပေးရန်အတွက် ပြေးဝင်လိုက်သည်။
ဓားအတုက သူ၏ခန္ဓာကိုယ်သို့ ထိုးဖောက်ဝင်ရောက်သွားချိန်တွင် ရုန်ရှီ၏နှုတ်ခမ်းများမှ ညည်းတွားသံတချက် လွတ်ထွက်လာခဲ့သည်။
ဓားကိုထောက်တိုင်အဖြစ်သုံးကာ ရုန်ရှီ မတ်မတ်ရပ်နိုင်ရန် ရုန်းကန်နေရသည်။ ယခင်တိုက်ပွဲများမှ သွေးကွက်များမှာ သူ၏လက်တွင် စွန်းထင်းနေပြီး ခန္ဓာကိုယ်ပေါ်ရှိ အမျိုးမျိုးသောဒဏ်ရာဒဏ်ချက်များကြောင့် နာနာကျင်ကျင်ဖြင့် အသက်ကိုခက်ခက်ခဲခဲရှုရှိုက်နေရသည်။
“ စီနီယာအစ်ကို…” ရုန်ရှီ တီးတိုးရေရွတ်လိုက်သည်။ သူ၏အသံမှာ ခံစားချက်များကြောင့် တိမ်ဝင်နေခဲ့ကာ သွေးစွန်းနေသည့်လက်များဖြင့် ချိန်ရွှမ်၏မျက်နှာကို ပွတ်သပ်နေမိသည် “ ကြည့်ရတာ ဒီတစ်ခါတော့ မင်းနဲ့အတူ ကြယ်တွေမကြည့်နိုင်တော့ဘူး ထင်တယ်…”
ထိုစကားကိုပြောပြီးသည်နှင့် ရုန်ရှီ ချိန်ရွှမ်ကိုရုတ်တရက်ပွေ့ဖက်ကာ အနားရှိတောင်စောင်းတစ်ခုမှ ခုန်ချလိုက်သည်။
တခဏအတွင်းမှာပင် သူတို့နှစ်ဦး၏ပုံရိပ်မှာ မြူထူထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
ပြင်းထန်သောပြုတ်ကျခြင်းကြောင့် ချိန်ရွှမ်ကိုသတိပြန်ဝင်လာစေသည်။ မျက်လုံးကိုပြန်ဖွင့်လိုက်သည်နှင့် သူ၏ဆရာတူညီငယ်ရုန်ရှီမှာ သွေးများရွှဲနစ်ကာ နာကျင်နေပြီး သူ့အားတင်းတင်းဖက်ထားသည်ကို တွေ့လိုက်ရသည်။
“ ရုန်ရှီ ရုန်ရှီ…” သူတို့၏အခက်အခဲကို သတိပြုမိသွားသောကြောင့် ချိန်ရွှမ် ပွေ့ဖက်ထားရာမှ ရုန်းထွက်လိုက်သည်။
“ စီနီယာအစ်ကို…” ရုန်ရှီ ဖျော့တော့စွာပြုံးပြလိုက်သည်။ သို့သော်လည်း သူ၏မျက်လုံးထောင့်စွန်းမှနေ၍ ချောက်ကမ်းပါးမှ ကျောက်တုံးတစ်တုံးနှင့် တိုက်မိတော့မည့် အရိပ်အယောင်ကိုဖမ်းယူလိုက်မိသည်။ နောက်ဆုံးကာကွယ်သည့်အနေဖြင့် ရုန်ရှီ လေထဲတွင်ကိုယ်ကိုလှည့်ရန် ခွန်အားအကုန်သုံးလိုက်ပြီးနောက် အောက်သို့ကျမည့်နေရာသို့ သူ့ကိုယ်သူပြောင်းရွှေ့လိုက်လေသည်။
ကြီးမားသောရိုက်ခတ်မှုကြောင့် ရုန်ရှီ၏ပါးစပ်မှ သွေးများစီးကျလာစေကာ အောက်သို့ရောက်ချိန်၌ သူ၏မျက်လုံးများတဖြည်းဖြည်းပိတ်ကျသွားခဲ့သည်။
ရုန်ရှီ၏ကိုယ်ဖြင့်ကာထားပေးသည့်တိုင် အောက်သို့ပြုတ်ကျသည့်အရှိန်မှာ ချိန်ရွမ်ကို သတိလစ်သွားစေသေးသည်။
ချိန်ရွှမ် ညနေခင်းမိုးစက်များ သူ၏အကာအကွယ်မပါသော ခန္ဓာကိုယ်ပေါ် ကျဆင်းလာသည်အထိ သတိလစ်နေခဲ့ပြီး အဆုံး၌ သတိပြန်လည်လာခဲ့လေသည်။
“ ရုန်ရှီ…” သူ၏ဒဏ်ရာများကို လျစ်လျူရှုကာ ချိန်ရွှမ် ထထိုင်လိုက်ပြီး သူ၏အနီးအနားပတ်ဝန်းကျင်တွင် အရူးအမူးရှာဖွေနေမိသည်။
သူ၏အကြည့်မှာ မြက်ခင်းပြင်ပေါ်သို့ ကျရောက်သွားခဲ့ပြီး ဆို့နစ်လာရကာ မျက်ရည်တစ်စက်မှာ ချိန်ရွှမ်၏မျက်နှာပေါ်မှ ကျဆင်းလာခဲ့သည် “ ရှီရှီ မဖြစ်ရဘူး… မဖြစ်ရဘူးလို့…”
ယခုအချိန်၌ လမ်းမလျှောက်တတ်သည့် မွေးကင်းစသဖွယ် ချိန်ရွှမ်လေးဖက်ထောက်သွားနေမိသည်။ သည်းထန်စွာရွာသွန်းနေသောမိုးမှာ သွေးအချို့ကို ဆေးကြောပစ်ခဲ့ပြီး ပွင့်ဟနေသော ဒဏ်ရာများကိုပေါ်ပေါက်လာစေသည် “ ရှီရှီ မင်းဘယ်လိုလုပ်ပြီး စီနီယာအစ်ကိုကို တစ်ယောက်တည်းကြယ်တွေကြည့်ဖို့ ထားခဲ့နိုင်တာလဲကွာ…”
ရုန်ရှီ၏အသက်မရှိသောကိုယ်ကိုကိုင်လျက် ချိန်ရွှမ် ဝိညာဉ်ပျောက်နေပုံရကာ မျက်လုံးများမှိတ်ရင်း ရေရွတ်နေသည်။
“ ဒါအမှန်မဟုတ်ဘူး… မဖြစ်နိုင်ဘူး…’
မိုးကတစ်ညလုံးဆက်လက်ရွာသွန်းနေခဲ့သည်။
ကောင်းကင်ယံမှာ ကြည်လင်သွားသည်နှင့် နေမင်းကြီးသည် တောက်ပစွာလင်းလက်နေကာ သူ၏ရောင်ခြည်မှာ စိုစွတ်နေသောမြေပေါ်တွင် ရောင်ပြန်ဟပ်နေခဲ့သည်။
ချိန်ရွှမ်မှာမူ ယခင်အတိုင်းတည်ရှိနေကာ ယမန်နေ့ကအတိုင်း ရုန်ရှီ၏ရုပ်အလောင်းကို ဖယ်တွယ်ထားဆဲပင်။
နေပြန်ဝင်သွားပြီးနောက် ညကောင်းကင်ယံတွင် ကြယ်များပေါ်ထွက်လာခဲ့သည်။
“ ကြယ်တွေထွက်လာပြီ… ရှီရှီ စီနီယာအစ်ကိုက မင်းနဲ့အတူကြည့်ဖို့ ရောက်နေတယ်နော်…”
“ အဲ့သည့်မှာအရောင်တောက်နေတဲ့ကြယ်လေးကိုတွေ့လား… တစ်နေ့ကြရင် အစ်ကိုမင်းအတွက် ခူးပေးမယ်လေ…”
ကြယ်များပျောက်ကွယ်သွားပြီးနောက် နေမင်းကြီးမှာ မိုးကုပ်စက်ဝိုင်းကိုကျော်ကာ စတင်ပေါ်ထွက်လာခဲ့သည်။
ချိန်ရွှမ် အဆုံး၌ အနည်းငယ်လှုပ်လာခဲ့ပြီး ရုန်ရှီ၏ရုပ်အလောင်းကိုသယ်ကာ တောင်ကြားထဲမှ တစ်လှမ်းချင်းထွက်လာခဲ့လေသည်။
သူ ရုန်ရှီကို ကျန့်မန်တောင်သို့ ပြန်ခေါ်သွားရန် ရည်ရွယ်ထားပြီ
း တောင်အနောက်ဘက်ရှိ သူတို့ပထမဦးဆုံးတွေ့ဆုံခဲ့သောနေရာဆီသို့ သွားမည်ဖြစ်သည်။
သို့မှသာ နေ့စဉ်နေ့တိုင်း သူကြယ်များကိုမော့ကြည့်နိုင်ပေလိမ့်မည်။
🫶