Chapter 14
Viewers 4k

🫶Chapter 14




လူအုပ်ကြားထဲမှ ဖန်ကျုံးချွမ်းက နျန်ယွီယီကို မသိမသာထိန်းကိုင်ကာ ဘေးတံခါးမှတိတ်တဆိတ်ထွက်သွားလိုက်သည်။


ပွဲမှာလွန်စွာသက်ဝင်လှုပ်ရှားနေသောကြောင့် ဖြစ်နိုင်ပေမည်။ ခန်းမအပြင်ဘက်တွင် အလျင်စလိုဖြတ်သွားနေကြသည့် ဝန်ထမ်းအနည်းငယ်ရှိခဲ့ပြီး အခြားမည်သူကိုမှ မတွေ့ခဲ့ရချေ။


အစပိုင်းတွင် ဖန်ကျုံးချွမ်း နျန်ယွီယီကို ပုခုံးမှီလျက်ဖြင့် ထိန်းကိုင်ထားပေးချင်သော်လည်း သူထိန်းကိုင်ပေးရန် ကြိုးစားနေသူမှာမူ ပူးပေါင်းလာခြင်းမရှိဘဲ ခြေတစ်လှမ်းလှမ်းရန်ကိုပင် ငြင်းဆန်နေခဲ့သည်။


တိတ်တဆိတ်ချလိုက်သည့် သက်ပြင်းတစ်ခုနှင့်အတူ ဖန်ကျုံးချွမ်း သူ့အနောက်တိုင်းဝတ်စုံ၏အပေါ်ဝတ်ကို ကြယ်သီးဖြုတ်လိုက်သည်။ ထို့နောက် အနည်းငယ်ငုံ့ကိုင်းကာ နျန်ယွီယီအား သူ၏လည်ပင်းကိုချိတ်တွယ်ထားစေလိုက်ပြီး ခြေထောက်များကွေး၍ ဖြတ်ခနဲကောက်မလိုက်သည်။


ထိုခဏတွင် နျန်ယွီယီမှ မသိစိတ်မှရုန်းကန်လာသည်။ သို့သော်လည်း သုံးစက္ကန့်အတွင်းမှာပင် ဤနေရာမှာ အိပ်ရန်အကောင်းဆုံးနေရာဟု သဘောပေါက်သွားခဲ့ပြီး သက်သောင့်သက်သာရှိသော အိပ်စက်ဟန်သို့ပြောင်းကာ အိပ်မောကျသွားလေသည်။


သူ၏လက်မောင်းတွင်းရှိ တွန့်လိမ်နေသူမှာ သက်သောင့်သက်သာရှိစွာ အိပ်ပျော်သွားသည်ကို ခံစားလိုက်ရသောကြောင့် ဖန်ကျုံးချွမ်း တောင့်တင်းသွားပြီး မလှုပ်ရဲတော့ချေ။


၎င်းမှာ နျန်ယွီယီ လုံးလုံးလျားလျား အိပ်မောမကျသွားခင်အထိပင်။ ထို့နောက်မှသာ ဖန်ကျုံးချွမ်း အသက်တစ်ချက်ရှုသွင်းလိုက်ပြီး သုံးစက္ကန့်ခန့်ရပ်နားကာ ကားပါကင်ဆီသို့ဆက်သယ်သွားလိုက်သည်။


မည်သို့ပင်ဆိုစေကာမူ သူ၏ခံစားနေရသည့် နွေးထွေးမှုမှာ သူ၏‌ရင်ခွင်ထဲရှိ ကောင်ငယ်လေးအပေါ် ခံစားချက်များဖြစ်ပေါ်နေကြောင်း အတိအကျပြောဆိုနေသည်။


နျန်ယွီယီ နိုးလာချိန်တွင် လည်ပင်းမှစူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။


“ အမ်း…”


ဖျော့တော့သောငြီးတွားသံမှာ ကားမောင်းနေသည့် ဖန်ကျုံးချွမ်း၏အာရုံကို သူ၏ဘေးမှလူဆီသို့ ပြန်ပြောင်းပေးလိုက်သည်။


“ နိုးပြီလား..”


မျက်လုံးများဖွင့်လိုက်ချိန် ပြတင်းပေါက်အပြင်ဘက်ရှိ နီယွန်မီးများကြောင့် နျန်ယွီယီ ခဏမျှစိတ်ရှုပ်သွားရသည်။


“ ကျွန်တော်ဘယ်မှာလဲ…”


“ ကားထဲမှာ…” ဖန်ကျုံးချွမ်း လှဲထားသည့်ကားထိုင်ခုံအနေအထားကို မူလအတိုင်းဖြစ်အောင် ပြန်ပြင်ပေးလိုက်ပြီး နျန်ယွီယီ လည်ပင်းအားဆန့်နေသည်ကို သတိပြုမိသွားသည် “ လည်ပင်းနာနေပြီလား…”


“ နည်းနည်းပါ…” နျန်ယွီယီ လည်ပင်းကိုညှစ်ကြည့်လိုက်ပြီးနောက် သူ၏ခါးကိုနှိပ်နယ်နေခဲ့သည် “ ဘယ်လိုလုပ်ပြီးဒီအထဲရောက်လာတာလဲ…”


အနည်းငယ်ကော့တက်သွားသည့် နှုတ်ခမ်းများနှင့်အတူ ဖန်ကျုံးချွမ်းမှ သူ့ထံကြည့်လာခဲ့သည် “ ကိုယ်မင်းကိုသယ်လာပေးတာ…”


သယ် … ငါ့ကိုသယ်လာခဲ့တာလား …


လန့်သွားရသောကြောင့် နျန်ယွီယီ တံတွေးသီးကာ ချောင်းအဆက်မပြတ်ဆိုးနေရပြီး သူ၏စိတ်ထဲတွင်မူ ဗလာဖြစ်နေရသည်။


ပုံမှန်အားဖြင့် အမြဲလိုတင်းမာနေတတ်သော ဖန်ကျုံးချွမ်းမှာ သူ့ထံကြည့်နေစဉ် နူးညံ့မှုအရိပ်အယောင်များပါဝင်နေပြီး ထိုသူ၏အသံသည်ပင် ရွှင်မြူးနေဟန်ရှိသည်


 “ မမှတ်မိဘူးလား… မင်းပဲ‌ ခေါင်းမာမာနဲ့ လမ်းမလျှောက်တော့ဘူး အိပ်တော့မယ်ဆိုပြီး ကိုယ့်ကိုအတင်းသယ်လာခိုင်းတာလေ…”


သယ်လာခိုင်းတာလား …


“ အဟွတ် အဟွတ်…”


နျန်ယွီယီ၏ချောင်းဆိုးသံမှာ ပို၍ကျယ်လာရသည်။ ဖန်ကျုံးချွမ်း ကားကိုအရှိန်လျော့လိုက်ကာ အဆုံး၌ လမ်းဘေးချရပ်လိုက်ပြီး နျန်ယွီယီ၏အန္တရာယ်ကင်းခါးပတ်ဖြုတ်ပေးရန် ကိုယ်ကိုစောင်း၍ နောက်ကျောကိုပွတ်ပေးလိုက်သည် “ သက်သာသွားပြီလား…”


“ အဟွတ်…” တဖြည်းဖြည်းချင်း ပြန်လည်သက်သာလာချိန်မှသာ သူ့ထံရေတစ်ဘူးလှမ်းပေးလာသည့် ဖန်ကျုံးချွမ်းစီသို့ နျန်ယွီယီကြည့်လိုက်မိသည်။


သူ ဂရုတစိုက်နှင့်ရေဘူးအဖုံးဖွင့်ကာ မော့သောက်လိုက်သည်။


“ ကျေးဇူးပါ…” နျန်ယွီယီ ရေဘူးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ သူ၏ကျေးဇူးတင်မှုကို အသံပျော့လေးဖြင့် ဖော်ပြလိုက်သည်။


နျန်ယွီယီ ရေအနည်းငယ်မော့သောက်နေသည်ကိုကြည့်ကာ ဖန်ကျုံးချွမ်း၏နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာသည်။


နျန်ယွီယီရေသောက်ပြီး အဖုံးပြန်ပိတ်လိုက်ချိန်မှသာ သူမေးလိုက်သည် “ မင်းနေရာလား ဟိုတယ်ကိုလား…”


အစပိုင်းတွင် ဖန်ကျုံးချွမ်း နျန်ယွီယီကို အနားယူရန်ဟိုတယ်တစ်ခုသို့ ပို့ပေးမည်ဟု ကြံထားသော်လည်း လမ်းတဝက်တွင် နိုးလာမည်ကိုမူ သူမမျှော်လင့်ထားခဲ့ပေ။


“ အိမ်ပဲပြန်လိုက်မယ်လေ…” နျန်ယွီယီ ခေါင်းပြူထွက်ကာ ရောက်ရှိနေသည့်နေရာကို သိရန်ကြိုးစားလိုက်သည် “ လူကြီးမင်းဖန် ကျွန်တော့်ကိုချပေးခဲ့လို့ရပါတယ်… ကျွန်တော် ဒီကနေကားငှားပြန်လိုက်မယ်…”


“ လိပ်စာ…” ဖန်ကျုံးချွမ်း သူ့ကိုကြားဖြတ်ပြောလာသည်။


“ အမ်…”


“ မင်းဘယ်မှာနေတာလဲ…”


နျန်ယွီယီ သူ၏လိပ်စာကို ပြောပြလိုက်သည်။


လမ်းကြောင်းကိုစစ်ဆေးပြီးနောက် ဖန်ကျုံးချွမ်း နျန်ယွီယီ၏ကားခါးပတ်ကို ပြန်ပတ်ပေးလိုက်သည်။ သူကောင်းစွာထိုင်နေကြောင်း သေချာသွားမှသာလျှင် ခြေနင်းကိုနင်းကာ နေရာပြစနစ်မှ လမ်းညွှန်သည့်အတိုင်း မောင်းထွက်လာလိုက်သည်။


နျန်ယွီယီ အရှေ့သို့မှီလိုက်စဉ် ဖန်ကျုံးချွမ်း၏လည်ကုပ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောကြောင့် အလွန်စိတ်လှုပ်ရှားသွားပြီး အသက်ဖျော့ဖျော့သာ ရှုမိသွားခဲ့သည်။


လေထုမှာ ခဏကြာတိတ်ဆိတ်သွားလေသည်။


အပြင်ဘက်ရှိမြင်ကွင်းကို တဖြည်းဖြည်းရင်းနှီးလာချိန်မှသာ နျန်ယွီယီ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။ ထိုစဉ် ရုတ်တရက် ဖန်ကျုံးချွမ်း၏စကားမှ ကြားဖြတ်ဝင်လာခဲ့သည်။


“ မင်းငါ့ကို တခြားနာမည်နဲ့ခေါ်နိုင်တယ်… သည်လိုဆို အရမ်းကြီးစိမ်းသက်မနေတော့ဘူးပေါ့…”


သူ၏လူကြီးမင်းဖန်ဟု ခေါ်ဆိုပုံကို ဖန်ကျုံးချွမ်းဆိုလိုကြောင်း နျန်ယွီယီသိရန် အချိန်ခဏမျှယူလိုက်ရသည်။


“ဒါဆိုရင်…” နျန်ယွီယီ တွေးလိုက်မိသည် “ အစ်ကိုဖန်ဆိုရင်ကော ဘယ်လိုလဲဗျ…”


“ အင်း…”


အသံနိမ့်နိမ့်ဖြင့် တုံ့ပြန်လာသံမှာ နျန်ယွီယီကိုထိရှသွားစေပြီး သူ၏အသံများအပေါ် ချစ်မြတ်နိုးမှုမှာ တဖန်ပြန်လည်ပေါ်ပေါက်လာခဲ့သည်။


“ ရောက်ပြီ…” ဖန်ကျုံးချွမ်း နျန်ယွီယီတိုက်ခန်းအောက်တွင်ရပ်ကာ ဘေးပတ်ဝန်းကျင်တဝိုက်ကို ဘေးကင်းရန်အတွက် အလိုလိုစစ်ဆေးနေမိသည်။


“ ကျေးဇူးပါ အစ်ကိုဖန်…”


အစ်ကိုဖန်ဟူသည့်စကားလုံးမှာ သူ၏လျှာပေါ်မှထွက်ပေါ်လာချိန်တွင် နျန်ယွီယီ အနည်းငယ်ကိုးရိုးကားယားနိုင်သည်ဟု ခံစားလိုက်ရသည်


 “ ဒါကနည်းနည်းထူးဆန်းသလိုပဲ… ဒါမှမဟုတ် ကျွန်တော်တခြားနာမည်ပြောင်းခေါ်ရင်ကော…”


အကြံတစ်ခုမှ နျန်ယွီယီကို ရိုက်ခတ်လာသည် “ အစ်ကိုဖန်လို့ခေါ်ရတာက ဒီအတိုင်းအစ်ကိုလို့ခေါ်သလိုမျိုးပဲ နည်းနည်းထူးဆန်းတယ်နော်…”


သူထိုစကားများကို ရေရွတ်မိသည်နှင့် ချက်ချင်းနောင်တရသွားခဲ့သည်။


ဘာလို့သည်လူကို အစ်ကိုလို့ခေါ်ရမှာလဲ… ဒါက သောက်ကျိုးနည်းကို လူကြီးမင်းဖန်ကြီးဟာကို…


နျန်ယွီယီ အစ်ကိုဖန်ဟု ပြန်ပြောင်းခေါ်မည့်အချိန်တွင် ဖန်ကျုံးချွမ်းမှ သူ၏သုံးနှုန်းမှုအသစ်ကို နူးညံ့စွာအတည်ပြုပေးလာသည်ကို ကြားလိုက်ရသည်။


“ မင်းအိမ်ရောက်ရင် တစ်ခုခုထပ်စားလိုက်ဦး…” ဖန်ကျုံးချွမ်းမှ အကြံပေးလာသည် “ ပွဲမှာတုန်းက မင်းစားတာအရမ်းနည်းလွန်းတယ်…”


“ ဟုတ်ကဲ့…” နျန်ယွီယီ ခဏရပ်သွားပြီးနောက် ဆက်ပြောလိုက်သည် “ ဒါဆို အစ်ကို… ကျွန်တော် အပေါ်တက်ရတော့မလား…”


ဖန်ကျုံးချွမ်း ကားဘေးတွင်ရပ်ကာ အပေါ်ထပ်တိုက်ခန်းမီးပွင့်လာသည်အထိ နျန်ယွီယီကိုစောင့်ကြည့်ပေးနေသည်။ ပြီးနောက်မှသာ ကားထဲသို့ပြန်သွားလိုက်ပြီး စိတ်ချသွားခဲ့သည်။


နျန်ယွီယီ အိမ်သို့ရောက်ပြီး အချိန်များစွာမကြာလိုက်ချေ။ ကျိုးအာ့ဟယ်ထံမှ ဖုန်းဝင်လာခဲ့သည်။


“ သောက်ကျိုးနည်းဟေးးး နောက်ဆုံးတော့ဖုန်းကိုင်ပြီပဲ… မင်းအခုဘယ်ရောက်နေတာလဲ… လူကြီးမင်းဖန်ကော မင်းနဲ့အတူရှိနေတာလား… သူ့လက်ထောက်က မင်းအိပ်ပျော်သွားလို့ ခေါ်သွားပေးတယ်လို့ ပြောလာတယ်… သူမင်းကိုတစ်ခုခုလုပ်သေးလား… မင်းအခုအဆင်ပြေရဲ့လား…”


မေးခွန်းအပုံလိုက်ကြီးဖြင့် ဆက်တိုက်ပစ်လွှတ်ခံလိုက်ရသောကြောင့် နျန်ယွီယီ နားရွက်များနှင့် ခေါင်းပင်ကိုက်သွားရသည် “ ကျွန်တော် ဘယ်မေးခွန်းကိုအရင်ဖြေရမလဲဟင်…”


“ ခဏလေးးး ငါတွေးဦးမယ်… ငါအခုမင်းကိုတစ်ခုပဲမေးမယ်ကွာ…” ကျိုးအာ့ဟယ်မှ သက်ပြင်းကြီးကြီးတချက်ချလိုက်ပြီး မေးလာသည် “ မင်း.. တင်ပါးနာနေသေးလား…”


နျန်ယွီယီ : “ ??? “


“ ဘာလို့ကျွန်တော့်တင်ပါးကနာနေရမှာလဲ ..” နျန်ယွီယီ အံ့ဩတကြီးပြန်ဖြေလိုက်မိသည် “ ကားထဲအိပ်မိလို့ပဲ လည်ပင်းနဲ့ခါးနာနေတာပါဗျာ…အဲ့ဟာက အရမ်းကိုသက်သောင့်သက်သာမရှိတာပဲ…”


ထိုစကားမှာ ကျိုးအာ့ဟယ်ကို အလန့်တကြားဖြစ်သွားစေသောကြောင့် ထအော်မိသွားခဲ့သည်။


“ မင်းအိပ်ခဲ့တာ… ကားထဲမှာလား..” ကျိုးအာ့ဟယ် ပူပင်ရလွန်းသောကြောင့် အသံပင်အက်ကွဲလုနီးပါးဖြစ်လာရသည် “ ကားကဘယ်မှာရပ်ထားတာလဲ…. လမ်းဘေးမှာတော့မဟုတ်ဘူးလားဟေ… ဟုတ်လား…”


နျန်ယွီယီ နှာခေါင်းရှုံ့လိုက်မိသည် “ ကားကလမ်းပေါ်မှာမရှိလို့ ဘယ်မှာရှိလဲရမှာလဲ… ပျံနေမယ်လို့အစ်ကိုထင်လို့လား…”


“ သောက်ကျိုးနည်း မင်းအရမ်းဆိုးတာပဲ… လူကြီးမင်းဖန်မှာက ကားမောင်းဖို့ဒါရိုင်ဘာရှိပြီးသားဆိုတော့… မင်းက အနောက်ခန်းမှာ အိပ်နေတာလား…”


ကျိုးအာ့ဟယ်၏စကားတဝက်ခန့်မှသာ နျန်ယွီယီ ဆိုလိုရင်းကိုဖမ်းမိသွားခဲ့ပြီး သူ၏မျက်နှာမှာ နီမြန်းလာရသည် “ အစ်ကိုကျိုး ဘာတွေလျောက်တွေးနေတာလဲ…”


“ ကျွန်တော်က သည်အတိုင်းအိပ်ပျော်သွားလို့ လူကြီမင်းဖန်က ကူညီပြီးကားထဲထည့်ပေးခဲ့တာ…” နျန်ယွီယီ အံကိုကြိတ်ကာပြောလိုက်မိသည် “ ကျွန်တော်တို့က ရိုးရိုးပဲအိပ်ပျော်နေတာလို့… ပုံမှန်အတိုင်း မျက်လုံးကိုမှိတ်ပြီး အနားယူတာဗျ… အစ်ကို့ခေါင်းထဲဘာတွေရှိနေတာလဲ တကယ်…”


“ ပြီးတော့ လမ်းတစ်ဝက်မှာ ကျွန်တော်နိုးလာလို့ လူကြီးမင်းဖန်က အိမ်ကိုကားမောင်းပြီးပို့ပေးတယ်လေ…”


“ … အာ…” ကျိုးအာ့ဟယ် သူ၏အတွေးများ အရှိန်လွန်မိသွားပုံပင်။


အနည်းငယ်ရှက်သွားရပြီး ကျိုးအာ့ဟယ် ဖုန်းမချခင် နျန်ယွီယီထံ‌ မေးခွန်းအနည်းငယ်ဆက်မေးနေလိုက်သည်။


နျန်ယွီယီ ရှက်သွေးဖြာလာပြီး ထူပူနေရသောမျက်နှာကို ပုတ်လိုက်မိသည်။ ထို့နောက် ရေချိုးခန်းထဲသို့ အမြဲပြေးဝင်ကာ ရေဖြင့်မျက်နှာသစ်လိုက်ပြီး သူ့ကိုယ်သူ တည်ငြိမ်သွားစေရန်အတွက် ကြိုးစားလိုက်ရသည်။


ဆေးကြောပြီးနောက် နျန်ယွီယီ သူ့ကိုယ်သူရေချိုးခန်းမှန်ထဲတွင် ကြည့်လိုက်မိသည်။


မှန်ထဲတွင်ရောင်ပြန်ဟပ်နေသည်မှာ အိပ်ထားသောကြောင့် အနည်းငယ်တွန့်ကြေနေသည့် အဖြူရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး လောလောလတ်လတ် ခေါင်းလျှော်လာသောကြောင့် ရေစက်များစီးကျနေကာ ထူးခြားဆန်းကြယ်စွာ ဆွဲဆောင်မှုရှိသောပုံစံဖြစ်ပေါ်နေစေသည်။


“ မေ့လိုက်တော့ ငါဒီအတိုင်း ရေချိုးပြီးပဲ အိပ်လိုက်တော့မယ်…” နျန်ယွီယီ ခဏအကြာတွင် သမ်းဝေလိုက်သည်။


ရေချိုးပြီးသည်နှင့် ‌နျန်ယွီယီမှာ တန်း၍အိပ်ပျော်သွားခဲ့သည်။


ဤသို့ဖြင့် သူ၏‌တစ်ရက်တာမှာ အဆုံးသတ်သွားခဲ့လေသည်။


ဖန်ကျုံးချွမ်းမှာမူ သူ၏နေရာသို့ပြန်ရောက်ချိန်တွင် နျန်ယွီယီ၏ အစ်ကိုဟုခေါ်သံမှ ခြောက်လှန့်‌ခံနေရခြင်းကြောင့် တစ်ညလုံးရေအေးများကိုသာ လောင်းချနေခဲ့ရလေသည်။




🫶