Chapter 13
Viewers 4k

🫶Chapter 13



“ အားကျိုး … လူကြီးမင်းဖန်… ဘယ်လိုလုပ်ပြီး မင်းတို့နှစ်ယောက်လုံး ဒီရောက်နေတာလဲ…”


“ ဘယ်လိုဖြစ်ပြီး လူတိုင်းဒီရောက်နေတာလဲ…” နက်ပြာရောင်ဝတ်စုံနှင့် ရှဲ့ယီနန်မှ နွေးထွေးစွာပြုံးပြလာသည် “ လူကြီးမင်းဖန်ရောက်လာတုန်းက ဝင်ပေါက်မှ  ကျွန်တော့်ကို ဘာလို့အကြောင်းမကြားခဲ့ရတာလဲ…”


“ သူတို့ကို ဒီအတိုင်းထားဖို့ ငါပြောလိုက်လို့ပါ…” ဖန်ကျုံးချွမ်း ပြန်ဖြေလိုက်ပြီး သူ၏အမူအရာမှာ တည်ငြိမ်နေသည်။


အမှန်တရားမှာမူ သူဝင်လာသည်နှင့် ကောင်ငယ်လေးတစ်ယောက်မှာ အခြားသူများထံမှ သွေးဆောင်ဖြားယောင်းကာ ခြိမ်းခြောက်ခံနေရသည်ကို သတိပြုမိသွားသောကြောင့် ဧည့်ကြိုဝန်ထမ်းများအား သည်အတိုင်းဖြတ်ကျော်ပြီး နျန်ယွီယီထံသွားလိုက်မိခြင်းဖြစ်သည်။


“ နျန်ယွီယီ မင်းဘယ်ကိုထပ်ပြီးလစ်ပြေးနေရတာလဲ…” အဝေးမှအပြေးလာသော ကျိုးအာ့ဟယ်မှာ နျန်ယွီယီ၏ဘေးတွင်ရှိသည့်လူကို မြင်လိုက်ရချိန်၌ ကြောင်အသွားရသည်။


သောက်ကျိုးနည်း ငါမြင်နေတာအမှန်ကောဟုတ်ရဲ့လား…


ငါ့မင်းသားဘေးမှာ ရပ်နေတာ တကယ်ပဲဘယ်သူတွေလဲ…


“ အစ်ကိုကျိုး…” နျန်ယွီယီ အနောက်သို့ရောက်သည်အထိ ခြေလှမ်းအနည်းငယ်ဆုတ်သွားလိုက်ပြီး ခေါင်းစောင်းကာ ဂျိုးသူ့ထံလာရှာသည့်အကြောင်း ကျိုးအာ့ဟယ်ကို ပြောပြလိုက်သည်။


“ ချီးး အဲ့သည့်မိန်းမလျာလိုကောင်ကတော့ ငါ့ဆီကနေတောင် ဖြတ်ခုတ်ရဲတယ်…” ကျိုးအာ့ဟယ် အသံတိတ်ကြိမ်းဝါးမိသည်။ ပြီးနောက် ပြန်လှည့်လိုက်ကာ တောက်ပသောအပြုံးဖြင့် ပြောလိုက်လေသည် 


“ ဥက္ကဌ… လူကြီးမင်းဖန်… ဒါရိုက်တာ…”


ထိုအချိန်မှသာ ရှဲ့ယီနန်၏အနောက်တွင်ရပ်နေသော နှုတ်ခမ်းနီအရောင်တောက်တောက်ဖြင့် အားကြီးသောအော်ရာများလျှံထွက်နေသည့် အသက်သုံးဆယ်စွန်းစ အမျိုးသမီးတစ်ဦးကို သတိပြုမိလိုက်သည်။


“ အာ့ဟယ်..” ထိုအမျိုးသမီးမှ ကျိုးအာ့ဟယ်ကိုမြင်လိုက်ရချိန်၌ ရပ်တန့်သွားခဲ့သည် 


“ ဒီတစ်ယောက်က မင်းဟိုတခါလက်မှတ်ထိုးခဲ့တဲ့ အနုပညာရှင်လား…”


ကျိုးအ့ာဟယ် : “ ဟုတ်ပါတယ်…”


အသေးစိတ်လေ့လာကြည့်မည်ဆိုပါက ကျိုးအာ့ဟယ် ပြန်ဖြေလိုက်ချိန်တွင် သူ၏ဖုန်းကိုတင်းတင်းဆုပ်ထားပြီး အနည်းငယ်တောင့်တင်းနေသည်ကို နျန်ယွီယီသတိပြုမိလိုက်သည်။


ထိုအမျိုးသမီးမှာမူ နျန်ယွီယီကို ခြေဆုံးခေါင်းဆုံးကြည့်၍ မှတ်ချက်မပေးလာခင်အထိ တိတ်ဆိတ်နေခဲ့သည် “ သူ့မှာအလားအလာရှိသားပဲ…”


“ ခဏနေရင် ငါ့ရုံးခန်းကိုလာခဲ့… သူ့အနာဂတ်အတွက် ငါတို့ဆွေးနွေးကြတာပေါ့…”


ကျိုးအာ့ဟယ် ကြောင်အသွားရသည်။ ပြီးနောက် ပျော်ရွှင်မှုများ လွှမ်းခြုံသွားပြီး ပြန်ဖြေလိုက်မိသည် “ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဒါရိုက်တာ…”


“ ငါတို့တွေအလုပ်အကြောင်းကို နောက်မှပြောကြတာပေါ့…” ရှဲ့ယီနန် လက်ကိုသာမန်ကာလျှံကာယမ်း၍ ပြောလိုက်သည် “ ဇီယာနာ မင်းကိစ္စတွေကိုပဲ အရင်သွားလုပ်လိုက်ပါ…”


“ ဟုတ်ကဲ့ပါ ဥက္ကဌ…” ဇီယာနာဟုခေါ်သည့်အမျိုးသမီးမှ ကျိုးအာ့ဟယ်ထံ အပြုံးတစ်ပွင့်ပေးလိုက်ပြီးနောက် ဒေါက်ဖိနပ်သံတဒေါက်ဒေါက်ဖြင့် ပြန်ထွက်သွားခဲ့သည်။


“ အစ်ကိုကျိုး…” တစ်စုံတစ်ရာမူမမှန်သည်ကို သတိပြုမိလိုက်သောကြောင့် နျန်ယွီယီ မေးလိုက်မိသည်


 â€œ အစ်ကို ဇီယာနာကို သဘောကျနေတာလား…”


ရေသောက်နေသည့်ကျိုးအာ့ဟယ်မှာ နျန်ယွီယီ၏မေးခွန်းကို ကြားလိုက်ရချိန်၌ ရေသီးလုနီးပါးဖြစ်သွားရသည်။


“ မင်း… ပေါက်ကရတွေ…” ကျိုးအာ့ဟယ် ထအော်မိတော့မည့်အချိန်လေးတွင် အနားရှိဖန်ကျုံးချွမ်းနှင့်စကားပြောနေကြသူများထံမှ အကြည့်ကိုသတိပြုမိ‌သွားသောကြောင့် သူ၏စကားလုံးများကို ကပျာကယာပြန်မြိုချလိုက်ရသည်။


သို့တိုင်အောင် သူအေးစက်စက်အကြည့်သုံးစုံ ရလိုက်ဆဲပင်။


“ မင်းခေါင်းထဲဘာတွေရှိနေတာလဲကွာ…” ကျိုးအာ့ဟယ် အသံကိုနှိမ့်၍ပြောလိုက်သည် “ ခုနတုန်းကသူကို မင်းသတိမထားမိလိုက်ဘူးလား…”


နျန်ယွီယီ သိချင်လာသောကြောင့် မေးလိုက်မိသည် “ ဘာကိုသတိထားမိရမှာလဲဗျ…”


ကျိုးအာ့ဟယ် : “ ငါတို့ရုပ်ဆင်တယ်ဆိုတာကိုလေ…”


နျန်ယွီယီ : “ ??? “


ကျိုးအာ့ဟယ် သက်ပြင်းသာချလိုက်မိသည် “ သူကငါ့အစ်မကွ… အိမ်ထောင်စုစာရင်းတစ်ခုတည်းက ငါ့အစ်မအရင်း…”


နျန်ယွီယီ : “ ဘာကို…”


ကျိုးအာ့ဟယ် ပြောလိုက်မိသည် “ ဘာကိုအာနေတာလဲ…ဇီယာနာရဲ့တရုတ်နာမည်က ကျိုးအာ့နာဟ… မင်းကုမ္ပဏီအကြောင်း ဘာမှကိုမသိနေတာလားဟေ…”


နျန်ယွီယီ အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေခဲ့သည်။


သူ့ထံတွင် ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီနှင့်ပတ်သက်၍ မှတ်ဉာဏ်များစွာမရှိနေချေ။


တစ်နည်းအားဖြင့် မူလကိုယ်မှာ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီအကြောင်း များစွာတူးဖော်ခဲ့ခြင်းမရှိခြင်းကြောင့် သူမသိနေခဲ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။


“ ဂျိုးအကြောင်းဆက်ပြောရအောင်…” ကျိုးအာ့ဟယ် အသံကိုပို၍ပင်နှိမ့်လိုက်သည် “ မင်းသူ့ရည်ရွယ်ချက်တွေကို သိတယ်မလား…”


နျန်ယွီယီ ခေါင်းညိတ်ပြလိုက်သည်။ သူအနေဖြင့် လုံးလုံးလျားလျား မသိနေခြင်းမဟုတ်ပေ။


“ မင်းဘယ်လိုထင်လဲ…” ကျိုးအာ့ဟယ်မှမေးလာသည်။


“ ကျွန်တော့်မျက်လုံးတွေနဲ့ ကိုယ်တိုင်လေ့လာခဲ့တာလေ… ဘာကိုဘယ်လိုထင်ရမှာလဲ…” နျန်ယွီယီ ကျိုးအာ့ဟယ်ထံမှ မသောက်ရသေးသည့်ဝိုင်နီခွက်ကို လှမ်းယူလိုက်သည် “ တကယ်တော့ ကျွန်တော်ကသူ့ကို လေးခုမြောက်လူထုဆေးရုံ လမ်းညွှန်ပေးဖို့ စဉ်းစားနေတာလေ…”


လေးခုမြောက်လူထုဆေးရုံမှာ ဟိုင်ရှီမြို့တော်၏ စိတ်ရောဂါများကိုကုသရာတွင် လူသိများသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။


ကျိုးအာ့ဟယ် ထမရယ်လိုက်ခင် သုံးစက္ကန့်မျှသာ မျက်နှာသေကြီးကို ထိန်းထားနိုင်လိုက်သည်။


အစ်ကိုကြီးနှင့်ဖန်ကျုံးချွမ်းတို့ကြားမှ စီးပွားရေးစကားဝိုင်းကို ပျင်းရိနေသော ရှဲ့ယီကျိုး၏အာရုံမှာ နျန်ယွီယီထံအပြည့်အဝရောက်နေခဲ့သည်။ ကျိုးအာ့ဟယ်၏ရယ်သံကို ကြားလိုက်ရချိန်၌ သူဆက်လက်ထိန်းမထားနိုင်တော့ဘဲ အစ်ကိုဖြစ်သူထံ ခေါင်းတချက်ညိတ်ပြကာ နျန်ယွီယီရှိရာသို့ လှည့်လာလိုက်သည်။


“ အစ်ကိုရှဲ့…” ရှဲ့ယီကျိုးကို မြင်လိုက်ရချိန်တွင် နျန်ယွီယီ သူ့အတွက် ရှန်ပိန်တစ်ခွက်ယူပေးလိုက်သည်။


ရှဲ့ယီကျိုး ထိုခွက်ကိုယူကာ တကျိုက်တည်းမော့သောက်လိုက်ပြီးနောက် နျန်ယွီယီ၏လက်ထဲမှ ဝိုင်နီခွက်ကိုပါ အတင်းယူကာ မော့သောက်လိုက်ပြန်သည်။


“ ဟေးး အစ်ကိုရှဲ့ ဒီဟာကကျွန်တော့်ခွက်လေ…”


“  ကလေးတွေက အရက်မသောက်သင့်ဘူး…” နျန်ယွီယီ၏အနောက်မှ ဖန်ကျုံးချွမ်းတီးတိုးပြောလာသည်။


ထပ်မံ၍ ကလေးအဖြစ် ပြောဆိုခံလိုက်ရသော နျန်ယွီယီမှာ သူ့ကိုဝန်းရံထားသည့် အရပ်ရှည်ရှည်အမျိုးသားသုံးဦးကို ကြည့်လိုက်မိသည်။ သူပြန်လည်ချေပလိုက်ချင်မိသော်လည်း စကားလုံးများ ပျောက်ရှနေရသည်။


သူလုပ်နိုင်သည်မှာ လက်ချောင်းများကိုယှက်နွယ်ရင်း တီးတိုးပြောခြင်းမျှသာ။


“ ကျွန်တော်က နှစ်ဆယ့်နှစ်နှစ်ဖြစ်နေပါပြီနော်…”


“ ဘာကိုလဲ..” ဖန်ကျုံးချွမ်း နျန်ယွီယီ၏စကားများကို မကြားလိုက်ရချေ။


နျန်ယွီယီ သက်ပြင်းရှည်ကြီးသာ ချလိုက်ရသည် “ ကျွန်တော်ပြောတာက လူကြီးမင်းဖန်ပြောတာ မှန်တယ်လို့…”


ပွဲကိုတက်ရောက်လာသောလူများတွင် ရှဲ့ယီနန် ,ဖန်ကျုံးချွမ်းတို့နှင့် စီးပွားရေးဆွေးနွေးချင်ကြသူများပါဝင်ပြီး များစွာသောအနုပညာရှင်များနှင့် ကုမ္ပဏီ၏ဝန်ထမ်းများမှာမူ ရှဲ့ယီကျိုးထံမှ လက်မှတ်ရယူချင်နေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူတို့သုံးဦးလုံး အတူရှိနေကြချိန်တွင် မည်သူကမှ အနားကပ်မလာရဲခဲ့ပေ။


စတိတ်စင်၏အလင်းရောင်များမှာ အဖြူရောင်ဖျော့ဖျော့မှ အနီရောင်အဖြစ်ပြောင်းလဲသွားခဲ့သည်။ ယိမ်းနွဲ့နေသောအကသမားများသည်လည်း ပျောက်ကွယ်သွားပြီး စင်ပေါ်ရှိပစ္စည်းပြင်ဆင်မှုများဖြင့် အစားထိုးခံလိုက်ရလေသည်။


“ ပွဲတော်ရဲ့အဓိကအစီအစဉ်စပြီပဲ…” ကျိုးအာ့ဟယ် လက်ချောင်းများကို တဂျွတ်ဂျွတ်ချိုးနေရင်းဖြင့် ပြောလိုက်သည် 


“ ဒီနေ့ညမှာ ဖျော်ဖြေပွဲတွေအများကြီးရှိလိမ့်မယ်… ငါတို့ကုမ္ပဏီကနေ အသစ်ဖွဲ့ထားတဲ့ ယောင်္ကျားလေးအဖွဲ့တွေနဲ့ မိန်းကလေးအဖွဲ့တွေလည်း ဖျော်ဖြေကြမှာလေ…”


“ တကယ်လား…” နျန်ယွီယီ၏အာရုံမှာ ပြောင်းသွားခဲ့သည် “ သူတို့ MOLA ကိုဆိုကြမှာလား..”


MOLA ဆိုသည်မှာ ဖုန့်ဟွာ၏နောက်ဆုံးဖွဲ့စည်းထားသော ယောင်္ကျားလေးအဖွဲ့၏ ပွဲဦးထွက်အယ်ဘမ်မှ ရေပန်းစားသောသီချင်းဖြစ်သည်။


ထိုစကားကိုကြားလိုက်ရချိန်တွင် ရှဲ့ယီကျိုးမှ လှမ်းကြည့်လာသည် “ မင်း အဲ့သီချင်းကိုကြိုက်တယ်လား…”


“ သီချင်းကအဆင်ပြေပါတယ်…”  နျန်ယွီယီ သူကြည့်ဖူးသော ဗီဒီယိုများကို ပြန်တွေး‌ကြည့်နေခဲ့သည် “ ဒါပေမယ့် အကကတော့ တကယ်ကောင်းတယ်… အရမ်းမိုက်တာပဲ…”


နျန်ယွီယီ မမြင်ရသည့် ထောင့်တစ်ထောင့်မှနေ၍ ဖန်ကျုံးချွမ်းနှင့်အခြားသူနှစ်ဦးမှာမူ မျက်မှောင်အသီးသီးကြုတ်နေကြသည်။


ပွဲအစီအစဉ်ပြီးလုပြီးခင်အထိ နျန်ယွီယီ မျှော်လင့်စောင့်‌စားနေသော MOLAမှာ တင်ဆက်သူ၏စာရင်းထဲတွင် လုံးလုံးပေါ်လာခဲ့ခြင်းမရှိချေ။


အိပ်ချင်စိတ်မှာ တဖြည်းဖြည်းကြီးထွားလာရင်း နျန်ယွီယီ အခါခါသမ်းဝေနေခဲ့ကာ အဆုံး၌ မတ်တပ်ရပ်လျက်ဖြင့် အိပ်ပျော်သွားခဲ့သည်။


နျန်ယွီယီကိုသာ တောက်လျောက်စောင့်ကြည့်နေသော ဖန်ကျုံးချွမ်းမှ နျန်ယွီယီ ခေါင်းစောင်းကျသွားသည်ကို မြင်လိုက်သည်နှင့် ကိုင်ထားပေးရန် အမြန်ပြေးလာခဲ့သည်။


နျန်ယွီယီ မည်မျှနွမ်းနယ်‌နေသည်ကို မြင်နေရခြင်းကြောင့် ဖန်ကျုံးချွမ်း သူ၏ပုခုံးပေါ်တွင် အချိန်ခဏမျှနားခွင့်ပေးလိုက်သည်။


ရုတ်တရက်လစ်ဟာသွားသောခံစားချက်ကြောင့် နျန်ယွီယီလန့်နိုးလာသည်။


“ နိုးပြီလား…” ဖန်ကျုံးချွမ်း ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်သည် “ ပင်ပန်းနေသေးလား ..”


သူ၏လေးလံနေသော မျက်လုံးများကိုပွတ်ကာ နျန်ယွီယီ အိပ်ချင်မူးတူးဖြင့် ခေါင်းညိတ်ပြလိုက်မိသည်။


“ ကားထဲသွားအိပ်ချည်…” ဖန်ကျုံးချွမ်းမှ နျန်ယွီယီကို ထိန်းကိုင်ပေးထားရင်းဖြင့် အကြံပြုလာသည်။


“ ဟင့်အင်း အိပ်လို့မရဘူး…” နျန်ယွီယီ သူ၏မှိတ်ကျနေသော မျက်လုံးများကို ပွင့်လာရန်ကြိုးစားလိုက်သည် “ အစ်ကိုကျိုးက…”


“ သူ့မန်နေဂျာကို အသိပေးလိုက်…” ဖန်ကျုံးချွမ်း ခေါင်းကိုစောင်းကာ သူ၏လက်ထောက်ကို ညွှန်ကြားလိုက်သည်။


“ ကောင်းပြီ မင်းလေးကရပ်ဖို့တောင် ခက်နေတာပဲ…” ဖန်ကျုံးချွမ်း နျန်ယွီယီကို သူ့ပေါ်တွင် နူးညံ့စွာမှီစေလိုက်သည် “ သွားရအောင်…”


အိပ်ချင်မူးတူးဖြင့် နျန်ယွီယီ ဖန်ကျုံးချွမ်းအနောက်သို့ လိုက်သွားလိုက်လေသည်။



🫶