Chapter 17
Viewers 5k

🫶Chapter 17




ကျိုးအာ့ဟယ် ဆက်လာမည့်အကူအညီကိုငြင်းပယ်လိုက်ပြီးနောက် နျန်ယွီယီကို သူ့ဘာသာထိန်းကိုင်ကာ ဓာတ်လှေကားအတွင်းသို့ ဝင်လိုက်လေသည်။


သူတို့နှစ်ဦး၏ရှေ့တွင် သက်လတ်ပိုင်းစုံတွဲတစ်တွဲမှာလည်း ဓာတ်လှေကားတွင်းသို့ ဝင်ရောက်နှင့်ပြီးဖြစ်သည်။


ထိုသူတို့၏ အံ့အားသင့်ဖွယ်အရောင်အဝါကြောင့် ကျိုးအာ့ဟယ် တချက်ထပ်ကြည့်လိုက်မိကာ မည်သည့်အင်အားကြီးမိသားစုမှလာသည်နည်းဟု တွေးတောနေမိသည်။


“ ငြိမ်ငြိမ်နေ ယိမ်းထိုးမနေနဲ့… ဓာတ်လှေကားကို မှီရပ်နေဦး… ငါခလုတ်နှိပ်ရဦးမယ်…” ကျိုးအာ့ဟယ် အားနေသည့်လက်တစ်ဖက်မှ ဓာတ်လှေကားခလုတ်ကို နှိပ်ချင်သော်လည်း ယခင်အချိန်များတွင် နာနာခံခံရှိသော နျန်ယွီယီမှာ ယခုအချိန်၌ မငြိမ်မသက်ဖြစ်နေပြီး သူ့ကို ခလုတ်နှိပ်ခြင်းမှ တားဆီးနေခဲ့သည်။


ကျိုးအာ့ဟယ် နျန်ယွီယီကို အောက်ချထားရန် စဉ်းစားနေမိချိန်၌ သူတို့၏အနောက်မှစုံတွဲမှာ အရှေ့သို့တက်လာခဲ့သည်။


“ ခွင့်ပြုပါ…” အနက်ရောင်ဒေါက်မြင့်ဖိနပ်ဝတ်ပြီး ရှဲ့လို့နှင့်လက်ချင်းချိတ်ထားသော လင်းရီယွဲ့မှ လှမ်းမေးလိုက်သည် “ ဘယ်အထပ်ကိုလဲ…”


“ အဲ.. ဆယ့် ဆယ့်တစ်ထပ်ကိုပါ…” ကျိုးအာ့ဟယ် ခဏမျှလန့်သွားသောကြောင့် ထအော်လိုက်မိသည်။


တစ်ဆယ့်တစ်ထပ်အတွက်ခလုတ်ကို ရှဲ့လို့မှ နှိပ်ပေးလာသည်ကို ကျိုးအာ့ဟယ် မြင်လိုက်ရသည်။


အိုက်ယားး တခြားသူတွေရဲ့ အချစ်ကို ခါးသက်သက်အားကျရတဲ့ နောက်တစ်နေ့ပါလား…


ကျိုးအာ့ဟယ် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။


လင်းရီယွဲ့၏အကြည့်များမှာမူ ကျိုးအာ့ဟယ်၏မျက်နှာမှနေ၍ သူကိုင်ထားပေးသော နျန်ယွီယီထံကျရောက်သွားကာ သူမ၏အမူအရာမှာ ချက်ချင်းနူးညံ့သွားခဲ့သည်။


စကားဖြင့် ဖော်ပြမရနိုင်သည့် ချိုမြိန်မှုတစ်ခုမှာ သူမ၏နှလုံးသားထဲတွင် ဖုံးလွှမ်းသွားခဲ့သည်။


တစ်ဆယ့်တစ်ထပ်သို့ရောက်ချိန်၌ ကျိုးအာ့ဟယ် နျန်ယွီယီကို ထိန်းလျက်ဓာတ်လှေကားတွင်းမှ ထွက်လိုက်ပြီးနောက် အနောက်သို့လှည့်ကြည့်ကာ ကျန်ခဲ့သည့်စုံတွဲကို ကျေးဇူးတင်လိုက်သည်။


ဓာတ်လှေကားတံခါးပိတ်သွားသည်နှင့် ၎င်းတို့မှ လင်းရီယွဲ့၏အမြင်ကို ပိတ်ဆို့လိုက်သည်။


“ ငယ်ရတာကောင်းလိုက်တာနော်…” လင်းရီယွဲ့ သက်ပြင်းချလိုက်မိသည်။


“ အခုလည်းပဲ ကောင်းပါတယ်ကွာ…” ရှဲ့လို့မှ ဇနီးသည်၏လက်ကို နူးနူးညံ့ညံ့ပွတ်သပ်လိုက်သည် “ ကူကိုင်ထားပေးရတဲ့ ကောင်လေးက မင်းနဲ့အတော်လေးတူတယ်…”


“ ကျွန်မနဲ့တူတာလား…” လင်းရီယွဲ့ အံ့ဩတကြီးမေးလိုက်မိသည်။


“ အင်း ဟုတ်တယ်… မျက်လုံး မျက်ခုံးတွေ နှုတ်ခမ်းတွေက ပုံစံခွက်တစ်ခုထဲကလိုပဲ…”


“ အဲ့ကလေးက ရှောင်မုမုနဲ့တရွယ်တည်းပဲနော်…” လင်းရီယွဲ့ စူးစမ်းကြည့်လိုက်ပြီးနောက် ခဏရပ်သွားကာ သူမ၏မျက်လုံးများတွင် ကြေကွဲရိပ်များပြည့်လာခဲ့သည်။


ရှဲ့လို့ အလျင်အမြန်ပင် သတိထားမိသွားကာ ဖုန်းကိုယူ၍ ထိုသူနှစ်ဦး၏အချက်အလက်ကိုစုံစမ်းရန် သူ၏လက်ထောက်ကိုညွှန်ကြားလိုက်သည်။


လက်ထောက်သည်လည်း ချက်ချင်းလှုပ်ရှားလာခဲ့ပြီး ရှဲ့လို့ မိုးပျံတိုက်ခန်းသို့ ရောက်ပြီးခဏအကြာတွင် သူ့ထံပို့လာသည့် အချက်အလက်များကို ရရှိလိုက်သည်။


“ အသက်ကကိုက်နေတယ်…” ရှဲ့လို့ ဇနီးသည်ကို စိတ်ချသွားစေရန် ကြိုးပမ်းလိုက်သည် “ ကိုယ် ဒါနဲ့ပတ်သက်ပြီးရှာဖို့ လူလွှတ်လိုက်မယ်နော်… အခုတော့ စိတ်လျော့ထားပါဦး…”


“ တကယ် တကယ်လို့သာ…” လင်းရီယွဲ့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားပြီး ဒူးပေါ်တင်ထားသည့်လက်မှာ အနည်းငယ်တုန်ယင်နေခဲ့သည်။


“ တကယ်လို့ဆိုတာမရှိဘူး… အားလုံးကအဆင်ပြေသွားမှာပါကွာ…” ရှဲ့လို့ ဇနီးဖြစ်သူကို အနီးကပ်ထိန်းထားပေးပြီး သက်သာရာရာစေရန် ကြိုးစားလိုက်သည် “ ရေကူးကန်ကအဆင်သင့်ဖြစ်နေပြီ… ကိုယ်တို့အဲ့သည့်မှာခဏနားလိုက်ရင်ကော ဘယ်လိုလဲ…”


နျန်ယွီယီ ညလယ်ခေါင်တွင်နိုးလာခဲ့ပြီး ကိုက်ခဲနေသည့်ခေါင်းကိုဆုပ်ကိုင်ကာ သူ၏အရက်ဒဏ်ခံနိုင်မှုအပေါ် ရှော့ရနေမိသည်။


သူများများမသောက်နိုင်ကြောင်း သိထားခဲ့ပြီးဖြစ်သော်လည်း အနည်းဆုံးအနေဖြင့် ခွက်သေးဆယ်ခွက်ခန့် သောက်နိုင်လောက်မည်ဟု ထင်ထားခဲ့မိသည်။


သုံးခွက်ထဲနဲ့ မှောက်သွားတာ မဖြစ်သင့်ဘူးလား…


အဲ့သည့်သုံးခွက်မှာတောင် နှစ်ခွက်ကဝိုင်တွေလေ…


သူ့ခန္ဓာကိုယ်၏အရက်ဒဏ်ခံနိုင်စွမ်းမှာ စိတ်ကူးထားသည်ထက် ပိုမိုဆိုးရွားနေခဲ့သည်။ ကံကောင်းသည်မှာ ကျိုးအာ့ဟယ်သည် သူနှင့်အတူရှိနေခဲ့ခြင်းပင်။ မဟုတ်ပါက မည်သည့်အရာများဖြစ်နိုင်သည်ကို မည်သူသိနိုင်ပါမည်နည်း။


“ နိုးပြီလား…” ကျိုးအာ့ဟယ် တံခါးမှဝင်လာခဲ့သည် “ ငါ ညလယ်စာနည်းနည်းမှာထားတယ်… မင်းစားချင်လား…”


“ ဟုတ်ကဲ့…”


ညလယ်စာစားပြီးနောက် ကျိုးအာ့ဟယ်နှင့် နျန်ယွီယီတို့နှစ်ဦးသား အိပ်ရာပေါ်တွင် လှဲနေမိကြသည်။


“ ငါမင်းကိုနည်းနည်းကြာကြာပိုပြီး ခံနိုင်မယ်ထင်ခဲ့တာ…” ကျိုးအာ့ဟယ်မှ အံ့အားသင့်နေသည့်အမူအရာဖြင့် ပြောလာခဲ့သည် “ သုံးခွက်နဲ့မှောက်သွားမယ်လို့တော့ တကယ်ကြီးကိုမထင်ထားမိဘူး…”


ရှက်စိတ်မွှန်သွားရသည့် နျန်ယွီယီမှာ စကားများပင်ထစ်လာရသည် “ ကျ ကျွန်တော်လည်း မထင်ထားဘူးလေ…”


“ မင်းကိုအခန်းထဲပို့ပေးပြီးတော့ ငါ အခန်း ၁၁၀၇ကိုစစ်ကြည့်ခဲ့သေးတယ်…” ကျိုးအာ့ဟယ်မှ ရုတ်တရက်အလေးအနက်ပြောလာသည် “ အဲ့သည့်ယွီစစ်ဟန်က အတော်လေးစိတ်ပုပ်တာပဲ…အဲ့သည့်မှာ စောင့်နေတဲ့သူရှိပြီး‌သားလေ… ဘယ်သူလဲမင်းသိလား…”


“ အင်း…” နျန်ယွီယီ မျက်ခုံးတစ်ဖက်ပင့်ကာ “ သိပြီးသားပဲ ဘာလို့သွားစစ်နေသေးလဲ..” ဟူသည့်အမူအရာကိုချိတ်ဆွဲထားခဲ့သည်။


“ ယွီစစ်ဟန်က ပင်းဟော်ဖျော်ဖြေရေးကုမ္ပဏီနဲ့ လက်မှတ်ထိုးဝာာကို မင်းသိတယ်မလား…” ကျိုးအာ့ဟယ် စပြောလိုက်သည် “ ၁၁၀၇ထဲကလူက ပင်းဟော်ရဲ့ဒါရိုက်တာတစ်ယောက်ပဲ… အတော်အတန် ချမ်းသာတယ်လို့ပြောနိုင်ပေမယ့် အသက်က ၅၆တောင်ဖြစ်နေပြီ… အဆီတဝင်းဝင်းနဲ့ ဝတာမှဝက်တစ်ကောင်အတိုင်းပဲလေ…”


ရွံ့ဖို့ကောင်းသည့် လူအိုကြီးက သူ့ကလေးအပေါ် မျက်စိ‌ကျနေကြောင်း တွေးမိသွားချိန်၌ ကျိုးအာ့ဟယ် အနည်းငယ်ရွံ့ရွာမိသွားသည်။


နျန်ယွီယီမှာ အတွေးနယ်ပယ်ပင် မချဲ့ရဲတော့ပေ။ သို့သော် သူသည်လည်း ပဟေဠိဖြစ်နေခဲ့သည်။


မူရင်းဇာတ်ကြောင်းထဲတွင် ယွီစစ်ဟန်မှာ သူ့အပေါ်များစွာ စိတ်ဝင်စားခြင်းမရှိဘဲ စာရေးသူမှာ နျန်ယွီယီအား ယွီစစ်ဟန်အတွက် ခြေနင်းတုံးတစ်တုံးအဖြစ်သာ ရေးသားခဲ့သောကြောင့် ကိစ္စများမှာ ထိုမျှအထိ ဆိုးရွားလာမည်ဟု သူမထင်ထားမိခဲ့ပါချေ။


အကယ်၍သာ သူကြိုသိထားမည်ဆိုပါက ယွီစစ်ဟန် ကောင်း‌ကင်ပေါ်သို့ တက်သွားမည်ဆိုလျှင်ပင် သူလာမိလိမ့်မည်မဟုတ်ပေ။


“ ဒီတစ်ခေါက်နောက်ဆုံးပဲမှတ်လိုက်တာပေါ့ကွာ…” ကျိုးအာ့ဟယ်မှ သူ့ကိုယ်သူစောင်ခြုံလိုက်ကာ ပြောလာသည်


 “ ငါလည်းပင်ပန်းနေပြီ ဒီညတော့ ဒီမှာပဲအိပ်ပြီး မနက်ဖြန်မနက်မှ အိမ်ပြန်ကြတာပေါ့…”


သူတို့နောက်တစ်နေ့မနက်အထိ အိပ်နေခဲ့ကြပြီး နျန်ယွီယီနိုးလာချိန်၌ ကျိုးအာ့ဟယ်မှာ ကိုယ်လက်ဆေးကြောသန့်စင်ပြီးဖြစ်သည်။


“ မျက်နှာထသစ်တော့… ငါတို့ နေ့လယ်စာစားပြီးရင် အိမ်ပြန်ကြတာပေါ့…” ကျိုးအာ့ဟယ် စားပွဲပေါ်မှ နေ့လယ်စာကိုညွှန်ပြလိုက်သည် “ ပြောရမယ်ဆိုရင် ဘီအက်စ်ဟိုတယ်ရဲ့ဟင်းတွေက ထိပ်တန်းပဲဟ…”


နေ့လယ်စာစားပြီးချိန်တွင် ကျိုးအာ့ဟယ် ဧည့်ကြိုဌာနသို့ အခန်းပြန်အပ်ရန်သွားလိုက်ပြီး သူတို့အဝင်ဝတွင် လမ်းခွဲ၍ အသီးသီးအိမ်သို့ပြန်လာလိုက်ကြသည်။


အိမ်သို့ရောက်သည်နှင့် နျန်ယွီယီ တစ်အိမ်လုံးသန့်ရှင်းရေးလုပ်လိုက်ပြီးနောက်  ဟင်းချက်ပစ္စည်းများဝယ်ရန် ညမမှောင်ခင် ကုန်တိုက်သို့သွားလိုက်သည်။


ဟင်းမည်သို့ချက်ရမည်ကို နျန်ယွီယီ မသိဘဲမနေချေ။ အဆုံး၌ ငယ်စဉ်ကတည်းက ကိုယ့်ဝမ်းကိုယ်သာကျောင်းခဲ့ရသောကြောင့် လိုအပ်သောပညာများကို လေ့လာထားရမည်ပင်။


ဈေးဝယ်ပြီးနောက် အင်္ကျီလက်ကိုခေါက်တင်ကာ ပစ္စည်းများနေရာလိုက်သည်။ ထို့နောက် တို့ဖူး၊ အသားစဉ်းကောနှင့် ငါးတစ်ကောင်ရွေးကာ ညစာအတွက် မာပိုတို့ဖူးနှင့် ငါးပေါင်းချက်ရန်ပြင်လိုက်လေသည်။


ညစာစားရန် ထိုင်လိုက်ချိန်၌ ယွီစစ်ဟန်ထံမှ ထပ်မံ၍ဖုန်းတစ်ကောဝင်လာခဲ့သည်။


ဒီတစ်ကြိမ်တွင်တော့ သူမကိုင်တော့ဘဲ နံပါတ်ကို တန်းဘလော့ပစ်ခဲ့သည်။


သူသည် အမြဲလိုပင် ကျေးဇူးတရားနှင့် ရန်ငြိုးများကို ခွဲခြားထားသူဖြစ်ပြီး မူလကိုယ်၏ ယွီစစ်ဟန်အပေါ်ထားသည့် အစ်ကိုကြီးတစ်ယောက်အဖြစ် လေးစားမှုကြောင့်သာ သူ‌တွေ့ဆုံရန်လက်ခံခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယွီစစ်ဟန် ဤကဲ့သို့လုပ်ခဲ့ပြီးချိန်၌ မည်သို့မျှမနေလိုက်သကဲ့သို့နေပြီး ဆက်လက်ဆက်သွယ်နေရန်မှာ ရူးသွပ်ရာကျပေလိမ့်မည်။


ရေချိုးခန်းဝတ်စုံကိုဝတ်လျက် ယွီစစ်ဟန် နံပါတ်တစ်ခုကို စိုးရိမ်တကြီးခေါ်နေခဲ့သည်။


ပထမတစ်ကောမှာ မကိုင်လာသောကြောင့် သူအသက်တချက်အောင့်အာ တိတ်တဆိတ်ဆဲဆိုမိလိုက်သည်။ ဒုတိယတစ်ကြိမ်ခေါ်လိုက်ချိန်တွင်မူ ဘလော့ခံရပြီဖြစ်ကြောင်းကို ယွီစစ်ဟန်သိလိုက်ရလေသည်။


ဒေါသပေါက်ကွဲလာပြီး ယွီစစ်ဟန် ဖုန်းကိုဆိုဖာပေါ်သို့ ပစ်ပေါ်လိုက်မိသည် “ မနေ့က နျန်ယွီယီ အခန်း ၁၁၀၇ကို လုံးဝမသွားခဲ့တာများလား…”


ဒါရိုက်တာ၏ဒေါသကို လက်ခံခဲ့ရကာ နှိမ့်နှိမ့်ချချတောင်းပန်နေရသော ဝမ်ယင်းခိုမှာ ဖုန်းချပြီးသည်နှင့် ယွီစစ်ဟန်ကိုစိုက်ကြည့်လိုက်သည်။


“ မင်းလုပ်ခဲ့တာ သည်လိုလား… သူဝင်သွားလား မဝင်သွားလားတောင် မင်းမသိနေဘူးလား…”


“ သူ့ကိုမူးအောင်တိုက်ပြီး ၁၁၀၇ကိုခေါ်သွားပေးဖို့ စားပွဲထိုးကိုပြောလိုက်တာပဲဟာ…” ဝမ်ယင်းခို၏ဒေါသကြားတွင် တည်တည်ငြိမ်ငြိမ်နေနိုင်ရန် ယွီစစ်ဟန်ကြိုးပမ်းလိုက်ရသည် “ အစ်မ ဒီတစ်ခေါက်တော့ ကျွန်တော်အမှားလုပ်မိတာ ဝန်ခံပါတယ်…”


“ ကျိုးအာ့ဟယ်က မင်းနောက်တည့်တည့်မှာရှိနေတာကို မင်းကန်းနေခဲ့တာလား… မင်းထွက်သွားတာနဲ့ ကျိုးအာ့ဟယ်က နျန်ယွီယီကို အဝေးခေါ်သွားတာလေ…” ဝမ်ယင်းခို၏ဖိနှိပ်ထားသည့် ဒေါသမှာ ပေါက်ကွဲထွက်လာခဲ့သည် “ ငါတို့မနေ့ညက ဝမ့်ကျင့်ဖူကို စော်ကားမိသွားပြီ… နင့်ဘာသာပဲ ဒီဟာကိုကိုင်တွယ်လိုက်တော့…”


“ ဒီတစ်ခါလည်း အခန်း ၁၁၀၇ပဲ… နျန်ယွီယီ မသွားလိုက်မှတော့ မင်းပဲသူ့နေရာကိုယူလိုက်ချည်…”


“ အစ်မ…” ယွီစစ်ဟန်၏နှုတ်ခမ်းမှာ တုန်ယင်သွားရသည် “ ကျွန်တော်လေ…”


“ မင်းအရင်းအမြစ်တွေ အကုန်ဆုံးရှုံးချင်တယ်ဆိုရင်တော့ ငြင်းပေါ့….” ဝမ်ယင်းခိုမှ မျက်စောင်းထိုးကာ ပြောလာပြီး သူမ၏အသံမှာ အေးစက်နေခဲ့သည်။


“ ကျ ကျွန်တော်နားလည်ပါပြီ…” ယွီစစ်ဟန် တွန့်ဆုတ်စွာ ပြန်ဖြေလိုက်ရသည်။


ဖက်တီးဝမ့်ကျင့်ဖူအကြောင်း တွေးမိရုံလေးနှင့်ပင် သူအန်ချင်လာရသည်။


“ သူကအခုမထောင်နိုင်ဘူးဆိုတော့ အရုပ်တွေသုံးလောက်တယ်…မင်းဘာသာပဲ ပြင်ဆင်ထားလိုက်တော့… အရင်းအမြစ်တွေရဖို့ ဘာလိုလဲဆိုတာ မင်းသိသင့်တယ်နော်…” ဝမ်ယင်းခို နှုတ်ခမ်းနီပြင်ဆိုးလိုက်သည်


 “ တကယ်လို့သာ ပင်းဟော်ကို မင်းအတွက်မြေတောင်မြှောက်ပေးစေချင်ရင် မင်းဘက်ကလည်း အဖိုးအခတော့ပေးချေရမှာပေါ့…”


“ ကျွန်တော်နားလည်ပါတယ်…”



🫶