🫶Chapter 18
ရက်နှစ်ဆယ်ကျော်မှာ လျှင်မြန်စွာ ကျော်လွန်သွားပြီး နျန်ယွီယီ သူ၏နေ့ရက်များကို ချက်ပြုတ်ခြင်း၊ ဂိမ်းဆော့ခြင်းနှင့် အိပ်စက်ခြင်းများဖြင့် ကုန်ဆုံးခဲ့သောကြောင့် ပျင်းသည်ဟုမခံစားလိုက်ရချေ။
ဖုန်းမျက်နှာပြင်ပေါ်တွင် “ အနိုင်ရရှိသည် “ ဟူသောစာသားပေါ်လာချိန်၌ နျန်ယွီယီကျေနပ်သွားပြီး အဖွဲ့သားများကို လက်မပေးကာ ဂိမ်းထဲမှထွက်လာလိုက်သည်။ သို့သော်လည်း လော်ဘီသို့ပြန်ရောက်ချိန်တွင်မူ သူသတင်းပို့ခံရသောကြောင့် အမှတ်နှစ်မှတ်ကုန်ဆုံးသွားသည်ကို တွေ့လိုက်ရလေသည်။
??!
သတင်းပို့ချက်ကိုစစ်ကြည့်လိုက်ချိန်၌ သူ၏ယခင် ၁-၁၃-၆ ပွဲကြောင့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ယခင်ပွဲတွင် ရန်သူ့အသင်းမှ ပြောင်မြောက်စွာပညာပြခဲ့သည့် ကစားသမားကိုပြန်တွေးကာ နျန်ယွီယီ သက်ပြင်းသာချလိုက်မိပြီး ထိုသတင်းပို့ချက်မှာ မျှတသည်ဟု ခံစားလိုက်ရသည်။
ကျစ်… ငနူတစ်ကောင်ဖြစ်ရခြင်းရဲ့ အကျိုးဆက်တွေပဲလေ…
ဂိမ်းဆော့ရာတွင် အလွန်ညံ့သော်လည်း ပျော်ပျော်ကြီးဆော့ချင်သေးသည့် နျန်ယွီယီတစ်ယောက် သူ၏စိတ်ကူးယဉ်မျက်ရည်များကိုသုတ်ကာ ထပ်မံ၍တစ်ပွဲဆော့ရန်ပြင်လိုက်ချိန်တွင် သူ၏အမှတ်များမှာ နည်းလွန်းနေသောကြောင့် ဆော့မရသည်ကို တွေ့လိုက်ရသည်။
အဖြစ်ဆိုးတာပဲ….
ကျိုးအာ့ဟယ် ဝင်လာပြီးနောက် ဆိုဖာပေါ်တွင်လဲနေသည့် နျန်ယွီယီကို ပုခုံးလှမ်းပုတ်လိုက်သည် “ ပျင်းနေတာရပ်တော့… အခုကအလုပ်လုပ်ရမဲ့အချိန်ပဲ…”
“ ကျွန်တော့်ပိတ်ရက်က အခုမှစသလိုခံစားနေရတာကို…” နျန်ယွီယီ ဆန္ဒပြလိုက်ပြီး စိတ်ပျက်လက်ပျက်နှင့် ဖုန်းကိုဘေးသို့ပို့လိုက်သည်။
“ ရုပ်ရှင်အဖွဲ့ကလူတွေတောင် ရိုက်ပြီးလို့ပြန်ကုန်ကြပြီ… အသံသွင်းဖို့ပဲ ကျန်တော့တာ…” ကျိုးအာ့ဟယ် မဲ့ပြုံးပြုံးလိုက်သည် “ ရက်နှစ်ဆယ်ကျော် နားထားတာတောင် မင်းကမကျေနပ်နိုင်သေးတာလား…”
“ အရမ်းးးး ကျေနပ်ပါတယ်ဗျာ…”
“ ဒါပေမယ့် အသံသွင်းဖို့အတွက် လောဖို့မလိုပါဘူး…သူတို့တည်းဖြတ်ပြီးတဲ့အထိ စောင့်ကြဦးမှာပါ…ငါ့ဆီမှာမင်းအတွက် ကမ်းလှမ်းလာတဲ့ ရသစုံရှိုးတချို့တော့ ရောက်နေပေမယ့် အရမ်းကောင်းတဲ့ပုံတေ့ာ မပေါ်ဘူး…နောက်မှပဲ သေချာကြည့်ပြီး သူတို့နဲ့ဆွေးနွေးတာပေါ့ကွာ…” ကျိုးအာ့ဟယ် ရှင်းပြလိုက်သည်
“ အသံသွင်းရမဲ့အချိန်ကြရင် ငါမင်းကိုအသိပေးလိုက်မယ်… ဒါရိုက်တာကျန်းက အသံသရုပ်ဆောင်တွေကို သဘောကျပုံမရတော့ လိုလိုမယ်မယ် မင်းရဲ့စာသားတွေလေ့ကျင့်ထားဖို့ မမေ့နဲ့ဦး…”
နျန်ယွီယီ သာမန်ကာလျှံကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် မီးဖိုချောင်တွင်းသို့ဝင်ကာ အစောပိုင်းကမှ သူချက်ထားသည့်ဆန်ပြုတ်သွားခပ်လိုက်သည် “ အစ်ကိုကျိုး နည်းနည်းသောက်ဦးမလား…”
“ အင်း ပဲချဉ်နည်းနည်းထည့်ခဲ့ပေးဦး…”
“ ကောင်းပါပြီဗျာ…”
ကျိုးအာ့ဟယ် သူ့ထံရောက်လာသည့် ရသစုံရှိုးများအပေါ် များစွာကျေနပ်မှုမရှိပေ။ ၎င်းတို့နှင့်ပတ်သက်၍ သူ အတွင်းကျကျလေ့လာမည့်အချိန်၌ ဖုန်းခေါ်ခဲလှသော မိဘများထံမှ ညစာစားရန် ဖုန်းဝင်လာခဲ့သည်။
သူ၏မိဘများမှာ ဟိုင်မြို့တော်တွင် နေထိုင်ကြသူများဖြစ်သောကြောင့် ကားပြန်မောင်းသွားရန် အချိန်များစွာမလိုချေ။ ထို့အပြင် ယခုရက်ပိုင်းတွင်လည်း နျန်ယွီယီ၏ကိစ္စများဖြင့် သူကုမ္ပဏီတွင်သာ အလုပ်ရှုပ်နေခဲ့ရသည်။
အိမ်မပြန်သည်မှာ ရက်အတော်ကြာပြီဖြစ်သောကြောင့် ကျိုးအာ့ဟယ် ခွင့်တစ်ရက်ယူကာ ထိုနေ့နေ့လည်ခင်းတွင် အိမ်သို့ပြန်ခဲ့လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် ခြေချိတ်ထိုင်ကာ တီဗီကြည့်နေသော ကျိုးအာ့နာ၏အကြည့်နှင့် တွေ့ဆုံလိုက်ရသည်။
“ သောက်ကျိုးနည်း နင်လည်းပြန်ရောက်နေတာလား…” ကျိုးအာ့ဟယ် အံ့ဩနေမှုကို မြိုချလိုက်ရသည် “ အလုပ်ကြမ်းပိုးက အိမ်ဘယ်နားလဲဆိုတာ မှတ်မိသေးတယ်လား…”
“ အာ့ဟယ်ပြန်လာပြီပဲ…” သူ၏အမေမှာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည် “ လက်သွားဆေးလိုက်ဦး ညစာရခါနီးနေပြီ…”
“ ဆိုင်းမဆင့်ဘုံမဆင့်နဲ့ ဘယ်လိုလုပ်ပြီး အိမ်ပြန်ရောက်နေတာလဲ…” ကျိုးအာ့ဟယ် ဆိုဖာပေါ်တွင်ထိုင်လျက် အနားရှိဖက်ရှင်မဂ္ဂဇင်းတစ်အုပ်ကို သာမန်ကာလျှံကာကောက်လှန်နေရင်းဖြင့် မေးလိုက်သည်။
ကျိုးအာ့နာ မျက်လုံးကိုသာ လှန်လိုက်မိလေသည် “ ငါသာအိမ်ပြန်မလာရင် အမေက ရုံးခန်းထဲမုန်တိုင်းလာကြဲခါနီး ဖြစ်တော့မှာလေ… ပြီးကျမှ သူသောင်းကျန်းနေတာတွေအားလုံးက ဦးလေးဝမ်ရဲ့သားနဲ့ တွေ့ဖို့ပဲတဲ့ဟယ်…”
“ ဟမ့် အောင်သွယ်တော်လုပ်ငန်းပေါ့လေ…” ကျိုးအာ့ဟယ် လှောင်ပြုံးပြုံးလိုက်မိသည်။
“ အတိအကျပဲ…” ကျိုးအာ့နာမှ လိမ္မာပါးနပ်စွာ ပြန်ပြုံးပြလာသည် “ အော် ဦးလေးဝမ်ရဲ့သားတင်မကဘူး…ဦးလေးယဲ့ရဲ့သမီးကလည်း ဒီနေ့ညပြန်လာမှာလေ…”
ကျိုးအာ့ဟယ် ကြောင်သွားရလေသည်။
“ နင်တွေးနေတဲ့ဟာ အတိအကျပဲ…ငါတို့နှစ်ယောက်လုံး ဘယ်သူကမှ ဘယ်သူ့ကိုလှောင်ဖို့အခြေအနေဟုတ်မနေဘူး…”
ဤသို့ဖြင့် ညစာစားပြီးချိန်၌ ကျိုးအာ့ဟယ် လမ်းသွားလျှောက်မည်ဟု အကြောင်းပြချက်ပေးကာ အမြန်လစ်ထွက်လာခဲ့သည်။
ကျိုးအာ့နာသည်လည်း သူ၏နောက်သို့လိုက်လာခဲ့ပြီး သူတို့မောင်နှမနှစ်ယောက် လမ်းဘေးတွင် ဆေးလိပ်အတူထိုင်သောက်နေမိကြသည်။
“ နင်လက်မှတ်ထိုးတဲ့အနုပညာရှင်က နျန်ယွီယီ ဟုတ်တယ်မလား…” ကျိုးအာ့နာ ဆေးလိပ်မီးခိုးကို လက်စွပ်ကွင်းသဏ္ဍာန် မှုတ်ထုတ်လိုက်ပြီး ပြောလာခဲ့သည် “ အရွေးမှန်သားပဲ သူ့မှာအလားအလာရှိတယ်…”
“ ဒါပေါ့…” ကျိုးအာ့ဟယ် ဂုဏ်ယူသွားပြီး ခေါင်းမော့ရင်ကော့ကာ ဖြေလိုက်ပြီး ဆေးလိပ်တစ်လိပ်ထပ်ထုတ်လိုက်သည်။
“ သူ့ကိုကောင်းကောင်းပျိုးထောင်ပေးချည်… နင် ထိပ်တန်းအေးဂျင့်တစ်ယောက်ဖြစ်သွားတာနဲ့ လက်ထောက်နေရာကို ပြန်သွားရမှာ မဟုတ်တော့ဘူး…”
“ အသိသာကြီးမဟုတ်ဘူးလား…ငါနျန်ယွီယီအပေါ် ယုံပြီးသား… ဓားလမ်းမလွှင့်တာနဲ့ သူသေချာပေါက်ကို အနည်းနဲ့အများတော့ အသိအမှတ်ပြုခံရမှာ…”
ကျိုးအာ့နာမှ မျက်ခုံးတစ်ဖက်ပင့်ကာ မေးလာသည် “ အဲ့လောက်ယုံကြည်မှုရှိတယ်လား…”
ကျိုးအာ့ဟယ် နှာမှုတ်လိုက်သည် “ လုံးဝကိုရှိတာ…”
“ ငါ့ဆီမှာ ရသစုံရှိုးတစ်ခုအတွက် လာပြောထားတာရှိတယ်…” ကျိုးအာ့နာ ဖုန်းကိုထုတ်ကာ ကျိုးအာ့ဟယ်ထံပြလိုက်သည်
“ အေးအေးဆေးဆေးသွားနေတဲ့ ရသစုံရှိုးတစ်ခုက အမြဲတမ်းဧည့်သည်နေရာပဲ… နောက်ဆုံးနှစ်ပိုင်းက ပရိသတ်တွေရဲ့ တုံ့ပြန်ချက်ကိုလည်း နင်တွေ့မှာပါ… ဒီနှစ် မမျှော်လင့်ထားတဲ့အခြေအနေကြောင့် အမြဲတမ်းဧည်သည့်နှစ်ယောက်က နိုင်ငံခြားမှာသောင်တင်သွားပြီး ပြန်မလာနိုင်လိုက်ဘူးလေ… ရှိုးဒါရိုက်တာကလည်း ဖုန့်ဟွာကို ရင်းနှီးမြုပ်နှံမှုရဲ့တစိတ်တစ်ပိုင်းဆိုတော့ အတော့်ကိုပါစေချင်နေတာ..”
“ အမြဲတမ်းဧည့်သည်နှစ်ယောက်လား…” ကျိုးအာ့ဟယ် အချက်အလက်များကို စစ်ကြည့်ပြီးသည့်နောက် ဒါရိုက်တာ၏ဖုံးကွယ်ထားသော ရည်ရွယ်ချက်ကို ဖမ်းမိသွားခဲ့သည်
“ ဒီဒါရိုက်တာရဲ့ ပန်းတိုင်ကမသေးဘူးပဲ… အိုက်ယား သူတို့ကရှဲ့ယီကျိုးကိုပါ မျက်စိကျနေကြတာလေ…”
“ အင်းး…” ကျိုးအာ့နာ ခေါင်းညိတ်ပြလိုက်ပြီး ညမီးအလင်းရောင်မှာ သူမ၏ဆံပင်ကောက်ကောက်များပေါ်တွင် အလင်းပြန်နေခဲ့သည် “ ငါရှဲ့ယီကျိုးနဲ့လည်း ပြောပြီးပြီ…သူက နောက်ထပ်ပါရမဲ့ဧည့်သည်က နျန်ယွီယီဖြစ်ရမယ်ဆိုတဲ့အချက်နဲ့ သဘောတူခဲ့တာ… မဟုတ်ရင် သည်လိုအခွင့်အရေးက နင့်ဆီဘယ်လာပါ့မလဲ…”
“ ကောင်းပြီ…” ကျိုးအာ့ဟယ် တုန့်ဆိုင်းနေခြင်းမရှိဘဲ သဘောတူလိုက်သည်
“ ဒီလောက်ကောင်းတဲ့အခွင့်အရေးကို လက်လွတ်ခံလို့ဘယ်ရပါ့မလဲ…နောက်ကြရင် ငါနျန်ယွီယီကို လက်မှတ်ထိုးဖို့ ကုမ္ပဏီကိုခေါ်လာလိုက်မယ်…”
“ ရှဲ့ယီကျိုးလည်းပါမှာဆိုတော့ ငါတို့ကုမ္ပဏီက ဒါရိုက်တာတွေနဲ့ တချို့ဟာလေးတွေ ညှိလို့ရလား…”
ကျိုးအာ့နာမှ ထုတ်သာပြောလိုက် ဟူသည့်အကြည့်ပြန်ပေးလာခဲ့သည်။
“ ရသစုံရှိုးအတွက် ငါတို့ယွီစစ်ဟန်ကိုတော့ ဧည့်သည်အဖြစ်ခေါ်လို့ရမလား…” ကျိုးအာ့ဟယ် အစ်မဖြစ်သူကဲ့သို့ ရက်စက်သာအပြုံးဖြင့် အဆိုပြုလိုက်သည်။
“ ရတယ်လေ..” ကျိုးအာ့နာ သူမ၏ဆေးလိပ်ကို မီးငြှိမ်းကာ ထရပ်လိုက်ပြီး အမှိုက်ပုံးထဲသို့ပစ်လိုက်သည်။
ဒုတိယတန်း သို့မဟုတ် တတိယတန်းအဆင့်ရှိ သရုပ်ဆောင်ကို ပါခွင့်ပြုခြင်း မပြုခြင်းမှာ အသေးအဖွဲ့သာဖြစ်သည်။
ထိုမျှသာမက သူမ၏မောင်ငယ်ကို ကျိုးအာ့နာကောင်းကောင်းသိသည်။ ကျိုးအာ့ဟယ်တွင် ရည်ရွယ်ချက်ကောင်းကောင်းမရှိဘဲနဲ့ တစ်စုံတစ်ယောက်နှင့် ရန်သူလုပ်လိမ့်မည်မဟုတ်ချေ။
“ ဘယ်သွားမလို့လဲ…” ကျိုးအာ့ဟယ် အနောက်မှလှမ်းခေါ်လာသည်။
“ လေကောင်းလေသန့်ရှူပြီး ဆေးလိပ်နံ့တွေဖယ်မလို့…”
သူတို့နှစ်ဦးအိမ်သို့ပြန်ရောက်သည်နှင့် ကိုယ်ပေါ်မှဆေးလိပ်နံ့မှာ ဖျော့တော့သော်လည်း သတိထားမိနိုင်သောကြောင့် အောင်သွယ်တော်လုပ်ငန်းမှာ နှစ်ဖက်လုံးအတွက် အဆင်မပြေလိုက်ချေ။
“ နင်တို့နှစ်ယောက် အထုပ်ပြင်ပြီး ပြန်ကြတော့…” မိခင်ဖြစ်သူမှာ ဆိုဖာပေါ်တွင် လက်ပိုက်ထိုင်နေပြီး အမူအရာကင်းမဲ့စွာပြောလာသည် “ ဆောင်းဦးလယ်ပွဲတော်ဖြစ်ဖြစ် နိုင်ငံတော်ရုံးပိတ်ရက်ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပြန်ကိုမလာကြနဲ့တော့…”
“ အမေလည်းဗျာ…” ကျိုးအာ့ဟယ်၏အသံမှာ အပြစ်ရှိပုံပေါ်နေခဲ့သည်။
“ ဆောင်းဦးလယ်ပွဲတော်ပိတ်ရက်ဆိုရင် နင်တို့တွေ တစ်ယောက်က နှစ်ဆယ့်ရှစ်နှစ်… တစ်ယောက်ဆို သုံးဆယ်တစ်နှစ်တောင်ဖြစ်နေပြီ… အဲ့ဒါတောင် လူလွတ်ဖြစ်နေကြသေးတယ်…”
“ တောင်းပန်ပါတယ် အမေ…”
“ သွားကြပါ နင်တို့အလုပ်တွေကိုပဲ ဆက်အရေးစိုက်လိုက်ကြ… ငါကနင်တို့အမေမဟုတ်တော့ဘူး…”
ဖခင်ဖြစ်သူမှာမူ အခန်းထဲမှထွက်လာကာ သူတို့၏အိတ်များကို ပေးလာခဲ့သည်။ ကလေးနှစ်ယောက်၏ အပြစ်ရှိနေပုံရသောအမူအရာကို မြင်နေရသောကြောင့် သူတိတ်တဆိတ်လှမ်းပြောလိုက်မိသည် “ ငါလည်းမတတ်နိုင်ဘူးကွာ…”
အိမ်မှကန်ထုတ်ခံလိုက်ရသောကြောင့် ကျိုးအာ့ဟယ်နှင့် ကျိုးအာ့နာတို့ အကြည့်ချင်းဖလှယ်လိုက်ကာ စကားဆိုခြင်းမရှိဘဲ အသီးသီးကိုယ်စီကိုယ်စီ ကားစီသို့ပြန်သွားလိုက်ကြသည်။
သူတို့ကုမ္ပဏီသို့ အတူပြန်မောင်းလာလိုက်ကြလေသည်။
နောက်တစ်နေ့တွင် နျန်ယွီယီ ရသစုံရှိုးအကြောင်း ကျိုးအာ့ဟယ်ထံမှသိလိုက်ရသည်။
“ မင်းတကယ်လို့ အရင်အပိုင်းတွေမကြည့်ရသေးရင် ကြိုကြည့်ထားလိုက်ချည်… ရှိုးကနည်းနည်းပင်ပန်းမယ်ဆိုပေမယ့် ကြည့်ရှုသူနှုန်းကတော့ အမြဲတမ်းအထင်ကြီးလောက်စရာပဲ…” ကျိုးအာ့ဟယ် ဖုန်းထဲမှနေ၍ အကြံပေးလာသည်။
“ ကျွန်တော်က အစ်ကိုရှဲ့နဲ့အတူသွားရမှာလား…” နျန်ယွီယီ တက်ဘလက်ပေါ်တွင် ရှိုးအကြောင်းများကို ရှာဖွေနေစဉ် လှမ်းမေးလိုက်သည် “ အိုးးး ကျေးလက်ဘဝ ရှိုးလား…”
“ ရှဲ့ယီကျိုးနဲ့သွားရမှာ… သည်ရှိုးအတွက် အခွင့်အရေးရလာတာကလည်း သူ့ကြောင့်တစိတ်တစ်ပိုင်းပါတယ်… မင်းကလွဲရင် တခြားပါမယ့်သူတွေက နယ်ပယ်ထဲကအကောင်ကြီးတွေကြီးပဲ…” ကျိုးအာ့ဟယ် အခွင့်အရေးအကြောင်းကို အလွန်စိတ်အားထက်သန်နေမိပြီး ပြောလိုက်သည် “ နောက်ရက်နည်းနည်းလောက်ကို ထိုင်ကြည့်ရင်းအချိန်ဖြုန်းလိုက်ချည်… ရိုက်ကူးရေးက သိပ်မကြာခင်စလိမ့်မယ်…”
“ အဲ့သည့်လောက်မြန်တယ်လား…”
“ ဟုတ်တယ် ဒီနှစ်ဈေးကွက်က အခြေအနေသိပ်မကောင်းလိုက်လို့လေ…ဒါရိုက်တာကလည်း အားလပ်ရက်ယူထားတာ နည်းနည်းကြာနေပြီ…အခုအခွင့်ပေါ်လာတာနဲ့ သူတို့လည်းချက်ချင်းရိုက်ကူးရေးစချင်နေကြတာပေါ့… ပါနေကြဧည့်သည်နှစ်ယောက်က အချိန်တစ်ခုထိတော့ ပါနိုင်မှာမဟုတ်သေးဘူး… သူတို့နိုင်ငံခြားမှာ ပိတ်မိနေကြလို့လေ…” ကျိုးအာ့ဟယ် ရှင်းပြလိုက်သည်။
“ အမြတ်ရနေသရွေ့က အဆင်ပြေပါတယ်..” နျန်ယွီယီ ပန်းသီးကိုတစ်ကိုက်ကိုက်ကာ ပြောလိုက်သည် “ အစ်ကိုကျိုး သည်နေ့ည ညစာလာစားရင်ဘယ်လိုလဲ…ကျွန်တော် ဟော့ပေါ့ချက်စားမလားလို့ ကြံနေတာ…”
“ ကောင်းပြီ…အမဲအသားလွှာနဲ့ အမဲအူကြမ်းတော့ ပိုထည့်ထားဦးနော်…”
သို့သော်လည်း ကျိုးအာ့ဟယ် ညနေခင်းနျန်ယွီယီ၏အိမ်သို့ ရောက်သွားချိန်၌ မမျှော်လင့်စွာဖြင့် ဖန်ကျုံးချွမ်းမှနှုတ်ဆက်လာခြင်းကို ကြုံလိုက်ရသည်။
ကျိုးအာ့ဟယ်၏ ကြောင်အနေသောအမူအရာနှင့် ဆုံလိုက်ရချိန်၌ နျန်ယွီယီလုပ်နိုင်သည်မှာ ပုခုံးတွန့်ပြရုံသာဖြစ်သည်။
တိုက်ခန်းအဝင်ဝ၌ ဖန်ကျုံးချွမ်းနှင့် ဆုံတွေ့လိုက်ရခြင်းကို သူမည်သို့များရှင်းပြနိုင်ပါမည်နည်း။ နျန်ယွီယီ ထိုစဉ်က အံ့ဩသွားရခြင်းမှာ ကျိုးအာ့ဟယ်အောက်မလျော့ကြောင်း ဘုရားသိသည်။
ဒေါ်လာထရီလီယံတန်သည့်ကုမ္ပဏီများကို စီမံခန့်ခွဲရသော သူဌေးကြီးဖန်ကျုံးချွမ်းက သူတို့တိုက်ခန်းမှာ ဘာလာလုပ်နေတာလဲ..
ဖန်ကျုံးချွမ်းမှာမူ နျန်ယွီယီ၏ဆိုဖာပေါ်တွင်ထိုင်ကာ တီဗီကြည့်လျက် အသီးစားနေခဲ့သည်။
တီဗီမှာသူ၏အရှေ့တည့်တည့်တွင် ရှိနေသည့်တိုင် ဖန်ကျုံးချွမ်း၏အာရုံမှာမူ မီးဖိုချောင်ထဲရှိ အလုပ်များနေသော ပုံရိပ်လေးပေါ်တွင်သာ လုံးလုံးလျားလျားရောက်ရှိနေခဲ့သည်။
နျန်ယွီယီ၏အိမ်နားသို့သွားလည်ချင်မိသည့် သူ၏စိတ်မှာ ပုံမှန်မကျနေခဲ့ပေ။ အမြဲလိုစီးပွားရေးလောကထဲမှ အမြဲလိုတည်ငြိမ်နေတတ်သူသည် နျန်ယွီယီနှင့်ပတ်သက်လာပါက အထိန်းအချုပ်ကင်းမဲ့သွားပုံရသည်။
ကျိုးအာ့ဟယ် ဖန်ကျုံးချွမ်း၏အနားသို့ သတိကြီးကြီးထား၍ ချဉ်းကပ်လိုက်သော်လည်း သူအတူမထိုင်ရဲချေ။ ဖန်ကျုံးချွမ်းထံ သူခိုးကြည့်မိသည့် အကြည့်တိုင်းမှာ ကြောက်လန့်ခြင်းများပါဝင်နေရသောကြောင့် တဖြည်းဖြည်းနှင့် ကျိုးအာ့ဟယ် အပေါ်ထပ်အင်္ကျီကိုချွတ်ကာ မီးဖိုချောင်ထဲတွင် ဝင်ရောက်ကူညီလိုက်ရသည်။
ကျိုးအာ့ဟယ် အခွင့်အရေးကို အမိအရယူကာ အဘယ့်ကြောင့် သာမန်ဆန်လှသည့် သူတို့တိုက်ခန်းအပြင်ဘက်တွင် ဖန်ကျုံးချွမ်းပေါ်လာရသည်နည်းဟု တိတ်တဆိတ်မေးမြန်းလိုက်သည်။
“ သူဖြတ်သွားတာဖြစ်နိုင်တာပဲလေ… ဘယ်လိုပဲဖြစ်ဖြစ် သည်တိုက်ခန်းက ဖန်ကော်ပိုရေးရှင်းက ဆောက်ထားတာပဲဟာကို…”
နျန်ယွီယီ အတွေးပါပါဖြင့် ပြောလိုက်သည် “ ပြီးတော့ ကျွန်တော်တို့တိုက်ခန်းက တကယ်ကြီးသာမန်ဆန်နေလို့လား…အစ်ကိုမပြောခင် အနောက်ကဗီလာတွေရှိတဲ့အပိုင်းကိုပဲ တချက်ပြန်ကြည့်လိုက်ပါဦး…”
သူတို့တိုက်ခန်းရှိရာအိမ်ယာမှာ စက်ဝိုင်းပုံသဏ္ဍာန် ဒီဇိုင်းဖော်ထားပြီး အပြင်ဘက်အဝိုင်းတွင် စီးပွားရေးဇုန်နှင့် အထပ်မြင့်တိုက်ခန်းများရှိကာ ၎င်းတို့အနောက်တွင်မူ ဗီလာနေရာအကျယ်ကြီးများရှိသည်။
အဓိကလမ်းမကြီးကိုမျက်နှာမူထားသည့် အထပ်မြင့်တိုက်ခန်းများမှာ အနောက်ဘက်မှဗီလာများအတွက် ဆူညံသံကာဆီးပေးသည့်အရာများဟုပင် ပြောနိုင်ပေမည်။
တကယ်ပဲ အမှန်တရားက ဝမ်းနည်းစရာကောင်းတယ်…
[ ငိုနေသည့်ကြောင်လေး JPG ]
ကျိုးအာ့ဟယ် ခေါင်းတဆတ်ဆတ်ညိတ်ကာ တီးတိုးပြောလိုက်သည် “ ဟုတ်သား ငါကအမြဲတမ်းအပြင်ဘက်အဝိုင်းမှာပဲ ရောက်နေတာဆိုတော့ အထဲကဗီလာတွေကို မေ့မေ့သွားတယ်…”
ထိုအချိန်တွင် ဖန်ကျုံးချွမ်းမှာမူ သူ၏လက်ထောက်ထံစာပို့နေခဲ့သည်။
[ ငါ့ကို ချင်အန်းကအိမ်တစ်လုံးပေး… ]
ချင်အန်းမှာ နျန်ယွီယီ၏အိမ်ယာဖြစ်ပြီး အတွင်းဘက်ရှိ ရှုခင်းများအတွက် လူသိများသောကြောင့် သဘာဝကျစွာပင် ထိုနေရာရှိအိမ်များမှာ ဈေးကြီးလှသည်။
သို့သော်လည်း အတွင်းဘက်ရှုခင်းများမှာ ဗီလာများအတွက် သီးသန့်ဖြစ်သည်။
၎င်းတို့၏အထပ်မြင့်တိုက်ခန်းများမှာ ပုံမှန်လူနေတိုက်ခန်းများနှင့် များစွာကွာခြားခြင်းမရှိချေ။ ကံကောင်းစွာဖြင့် အသံလုံခြင်းမှာ ချီးကျူးဖွယ်ရာရှိပြီး မြို့၏ဆိတ်ငြိမ်အပိုင်းတွင် တည်ရှိခြင်းဖြစ်သောကြောင့် ဆူညံသံများမှာ အနှောင့်အယှက်ပေးနိုင်ခြင်းမရှိပေ။ အထပ်မြင့်တိုက်ခန်းများမှာ ဗီလာအပိုင်းကဲ့သို့ အတွင်းဘက်ရှုခင်းများကို မခံစားနိုင်သည့်တိုင် အိမ်ဈေးမှာ မြို့ထဲရှိပုံမှန်ဈေးထက် အနည်းငယ်နည်းပါးသောကြောင့် ဝယ်သူများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
လက်ထောက်မှာ သူ၏သူဌေးမှ အဘယ့်ကြောင့်ရုတ်တရက် ချင်အန်းရှိအိမ်တစ်လုံးတောင်းလာကြောင်း မသိခဲ့သော်လည်း ထိုအရာမှာ နျန်ယွီယီနှင့်ဆက်စပ်မှုရှိကြောင်းကိုမူ သူခန့်မှန်းနိုင်ခဲ့သည်။
အဆုံး၌ သူတို့၏သူဌေးသည် အနှီအနုပညာရှင်ငယ်လေးအပေါ်ထားသည့် သူ၏ခံစားချက်များအပေါ်တွင် သွယ်ဝိုက်နေခြင်း မရှိခဲ့ချေ။
ချင်အန်းမှအိမ်တစ်လုံးတောင်းခြင်းမှာ ပြဿနာမဟုတ်ပေ။ အိမ်ယာထဲတွင် ဖန်ကျုံးချွမ်းအတွက် တန်ဖိုးကြီးကြီးပြင်ဆင်ထားပြီးသော အိမ်တစ်လုံးရှိနှင့်ပြီးဖြစ်ကာ လူပြောင်းမလာခင် သန့်ရှင်းရေးလုပ်ရန်သာ လိုအပ်သည်။
ဖန်ကျုံးချွမ်း၏ရည်ရွယ်ချက်ကို သတိမပြုမိသည့် နျန်ယွီယီမှာမူ အစားအသောက်များကိုသာ ဆက်လက်ပြင်ဆင်နေပြီး ကျိုးအာ့ဟယ်၏အကူအညီနှင့်အတူ ၎င်းတို့ကိုစားပွဲပေါ်သို့ တင်လိုက်သည်။
ဟော့ပေါ့ချက်ခြင်း၏ အနက်နဲဆုံးအပိုင်းမှာ ဟင်းရည်ပင်ဖြစ်သည်။ အသင့်စားဟင်းရည်များစွာ ရှိနေသော်လည်း နျန်ယွီယီမှာမူ သူကိုယ်တိုင်ကြိုသည့် အရိုးပြုတ်ရည်ကိုသာ ပိုမိုအားပေးသည်။
မွှေးပျံ့သော ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ဟင်းခတ်အမွှေးအကြိုင်များ ၊ ပဲအနှစ်နှင့် လှီးထားသောငရုတ်သီးများကို ၎င်းတို့၏မွှေးရနံ့များထွက်လာစေရန်အတွက် ဆီဖြင့်ကြော်လိုက်ပြီးနောက် အမဲဆီနှင့်အတူ ပိုမိုမွှေးကြိုင်လာစေသည်။ ထိုအရောအနှောကို မနက်ခင်းကတည်းက တည်ထားသည့် အမဲရိုးပြုတ်ရည်နှင့် ပေါင်းစပ်လိုက်ချိန်၌ ရလဒ်အနေဖြင့် နတ်ဘုရားဆန်သော အရသာကို ထွက်ပေါ်လာစေသည်။
မွှေးပျံ့နေသည့်ရနံ့မှာ အလွန်စွဲမက်ဖွယ်ကောင်းလှပြီး ကျိုးအာ့ဟယ် အိုးအဖုံးကိုဖွင့်လိုက်သည်နှင့် သွားရည်ပင်ယိုလာရသည်။
နျန်ယွီယီ ကျိုးအာ့ဟယ်၏လက်ကို ချက်ချင်းရိုက်ချလိုက်သည် “ အရင်ပြင်ပါရစေဦး… လူကြီးမင်းဖန်ကို အပြင်မှာထားပြီး အစ်ကိုဘယ်လိုတောင် သွားရည်တများများလုပ်နေရဲရတာလဲ…”
“ မလုပ်ရဲပါဘူးကွာ…” ကျိုးအာ့ဟယ် အသံတိုးတိုးဖြင့်ရယ်မောလိုက်ပြီး အိုးကိုဂရုတစိုက်မကာ စားပွဲပေါ်သို့တင်လိုက်သည် “ ငါဘီယာနည်းနည်းယူလာသေးတယ်… ဒါပေမယ့် လူကြီးမင်းဖန်က သည်မှာရှိနေတာဆိုတော့ အောက်ကိုပြေးဆင်းပြီး ဘီယာအစား ဝိုင်ပဲသွားဝယ်ရမလားဟေ…”
သူ သေချာပေါက်ပင် ဖန်ကျုံးချွမ်း၏ခွက်ထဲသို့ ဘီယာမထည့်ပေးရဲပေ။
“ ဟော့ပေါ့ကို ဝိုင်နီနဲ့လား…” နျန်ယွီယီ မယုံနိုင်သည့်အကြည့်တချက်ပေးလိုက်ရသည်။
အဆုံး၌ ဖန်ကျုံးချွမ်းမှ သူ့ကိုယ်သူအတွက် ကျက်သရေရှိစွာ ဘီယာလောင်းထည့်လာသောကြောင့် ကျိုးအာ့ဟယ် ဝိုင်ပြေးဝယ်ရန်မလိုလိုက်ပေ။
ဤမျှကြော့ရှင်းသော လှုပ်ရှားမှုများနှင့် နျန်ယွီယီ သူတို့သောက်နေသည်မှာ ဘီယာအစား ၁၉၉၂ခုနှစ်ထုတ် ခေတ်ဟောင်းလာဖီတယ်ကို သောက်နေရသည်ဟုပင် ခံစားသွားရသည်။
ဟော့ပေါ့မှာစပ်လှသော်လည်း ဖန်ကျုံးချွမ်းမှာမူ အဆင့်အတန်းမြင့်မြင့်စားနေဆဲပင်။
ထိုစဉ် နျန်ယွီယီ၏စားသောက်ပုံမှာမူ ပို၍မာန်ပါနေခဲ့သည်။ ဘေးမှကြည့်နေသူများအတွက် နှစ်လိုဖွယ်ရာကောင်းနေသေးသော်လည်း အလိုလိုက်ခံရသော သခင်လေးတစ်ပါးနှယ် မွေးရာပါသိမ်မွေ့သည့်တိုင် တက်တက်ကြွကြွရှိနေခဲ့သည်။
အနှီနှိုင်းယှဉ်မှုကြီးကိုကြည့်ကာ ကျိုးအာ့ဟယ် အနည်းငယ်ကိုးရို့ကားယားဖြစ်သွားရလေသည်။
ကျိုးအာ့ဟယ် အစပ်ကြောင့်နီမြန်းနေသည့် နှုတ်ခမ်းကိုဖုံးကာ အသက်ရှုကြပ်နေသကဲ့သို့ လေရှုရှိုက်နေမိသည်။
စားပြီးသွားချိန်၌ ညရောက်နေပြီဖြစ်ပြီး အလုပ်များရှိနေသောကျိုးအ့ာဟယ်မှာ ပန်းကန်များအားလုံး ဆေးမပြီးခင်အချိန်တွင် ပြန်သွားလိုက်ရသည်။
ထို့နောက်တွင် ဖန်ကျုံးချွမ်းထံသို့လည်း ဖုန်းတစ်ကောဝင်လာခဲ့လေသည်။
၎င်းမှာအလုပ်နှင့်ပတ်သက်နေပေလိမ့်မည်။
နျန်ယွီယီ မေးထောက်ကာ ဖန်ကျုံးချွမ်းထံ ခိုးကြောင်ခိုးဝှက်ဖြင့် အကဲခတ်နေခဲ့သည်။
“ အင်း အင်း…” ဖုန်းချပြီးနောက် ဖန်ကျုံးချွမ်း သူ၏အိတ်ကပ်ထဲမှ ဘူးတစ်ဘူးထုတ်လာခဲ့သည် “ ညစာအတွက်လက်ဆောင်…”
“ ဘယ်လိုပဲဖြစ်ဖြစ် သည်အတိုင်းညစာတစ်နပ်လေးပဲဟာကို…” နျန်ယွီယီ ပြောလိုက်မိသည်။
“ ကိုယ်ကသည်အနောက်လေးတင် နေတာ…” ဖန်ကျုံးချွမ်း ပြောရင်းဆိုရင်းဖြင့် ကတ္တီပါနှင့်ထုတ်ထားသောဘူးကို နျန်ယွီယီ၏လက်ထဲသို့ ထည့်ပေးလိုက်သည် “ ကိုယ်သည်ဟာကိုမြင်တော့ မင်းနဲ့လိုက်မယ်လို့တွေးမိလို့လေ…”
သို့သော်လည်း နျန်ယွီယီမှာမူ ဖန်ကျုံးချွမ်းစကား၏အရှေ့ပိုင်းဖြင့် ဖမ်းစားခံလိုက်ရလေသည် “ ဝါးးး လူကြီးမင်းဖန်က အနောက်လေးမှာတင် နေတာလား..”
“ ဟုတ်တယ်…” ဖန်ကျုံးချွမ်း ခဏမျှတွေးလိုက်ပြီးနောက် ပြောလာသည် “ မင်းကိုလာလည်ဖို့ဖိတ်ခေါ်ပါတယ်…”
“ အပေါ်ထပ်မှာ ဂိမ်းဆော့ဖို့အခန်းရှိတယ်လေ…. သုံးတော့သုံးခဲတယ်…”
“ ဂိမ်းဆော့တဲ့အခန်းလား…” နျန်ယွီယီ၏စိတ်လှုပ်ရှားမှုများ ထိုးတက်လာခဲ့သည်။ မည်သည့်ကောင်ငယ်လေးကမှ ဗီဒီယိုဂိမ်းများ၏ဆွဲဆောင်မှုကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
သေချာပေါက် မည်သူမျှခံနိုင်ရည်မရှိပေ။
ဘာလဲ မင်းက ဖန်ကျုံးချွမ်းကူပေးနိုင်မလားဆိုပြီး အကြံပြုချင်တာလား…
အားးး ဖန်ကျုံးချွမ်း… သူကတော့ လူတွေနဲ့ယှဉ်လိုက်ရင် ဟိုဘက်ကိုတောင်လွန်နေသေးတယ်…
“ အခုသွားကြည့်ချင်လား…” ဖန်ကျုံးချွမ်းမှ မြူဆွယ်လာသည်။
နျန်ယွီယီ တက်တက်ကြွကြွဖြင့် ခေါင်းမညိတ်လိုက်မိခင် ခဏကြာစဉ်းစားနေမိပြီးနောက်တွင် အိပ်ခန်းထဲသို့ အဝတ်လဲရန် အလျင်အမြန်ပြေးဝင်သွားလိုက်လေသည်။
🫶