Chapter - 67
(စပရိုက်!!)
လီယာ ပြောခဲ့သည်မှာ အမှန်ဖြစ်သည်။ အိမ်ရှေ့မင်းသား နန်းကျသွားပြီးနောက် ဒုတိယမင်းသားသည် ပို၍အာဏာရှိလာပြီး စစ်ပွဲကို တိုက်ခိုက်ရန် တပ်ဖွဲ့များကို ဦးဆောင်ခဲ့သည်။
စီဆဲလ်၏ သူလျှိုများသည် ဒုတိယမင်းသားသည် အနီရောင်ဝတ်ထားသော အမျိုးသားတစ်ဦးနှင့်အတူသွားလာနေသည် ဟူသည့် အခြားအချက်အလက်များကိုလည်း တွေ့ရှိခဲ့ကြသည်။ ထိုလူသည် ဖြူဖွေးသော အသားအရည်ရှိကာ အမြဲတစေ ထူးဆန်းစွာ ပြုံးနေတတ်သေးသည်။
အနီရောင်အရိပ်သည် ဒုတိယမင်းသားနှင့် ပူးပေါင်းကာ ကျန်သည့်ပင်လယ်ဓားပြများကို ခေါ်ဆောင်ကာ တစ်ဖက်ရန်သူအတွက် အရေမတွက်နိုင်သော စစ်သည်အင်အားကို ထောက်ပံ့ပေးနေကြောင်း စီဆဲလ်သိပြီးဖြစ်သည်။
ထိုထောက်ပံ့မှုကြောင့် မင်းသားသည် အလွန်အားကောင်းလာပြီး ဖက်ဒရေးရှင်းနှင့် တိုက်ပွဲများစွာတွင် လုံးဝရှုံးနိမ့်ခြင်း မရှိတော့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်တစ်နှစ်ခွဲနီးပါး ကုန်ဆုံးသွားခဲ့ပြီး ဇာစ့်တို့နှင့် စစ်ပွဲသည် တစ်နှစ်ခွဲနီးပါးကြာမြင့်လာခဲ့ပြီဖြစ်သည်။
ဤကာလအတွင်း စီဆဲလ်သည် မြို့တော်သို့ ပြန်လာခဲပြီး ကျောင်းမြန် နှင့် ရှောင်လဲ့တို့ကိုလည်း ပင်မစစ်သင်္ဘောတွင်သာ နေထိုင်ရန် ခေါ်ဆောင်သွားခဲ့သည်။ ကျောင်းမြန် ၏ဗိုက်သည်လည်း တနေ့တခြားပိုကြီးလာပြီး သူ့အတွက် သွားလာရသည်မှာ အဆင်မပြေဖြစ်လာသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောင်းမြန်သည် ကျန်းမာရေး ဘယ်လောက်ကောင်းကောင်း သူသည် ညဘက်တွင် အိပ်မပျော်နိုင်ဘဲ အိပ်ပျော်သွားသည့်အခါတွင်လည်း ကြွက်တက်သောကြောင့် နိုးနိုးလာရသဖြင့် သည်းမခံနိုင်တော့ပေ။ သူသည် နေ့ခင်းဘက်တွင်သာ အိပ်ငိုက်တတ်ပြီး အစားစားသည့်အခါတွင်လည်း အစပိုင်းတွင် စားချင်စိတ်ရှိပြီး နောက်ပိုင်းတွင် ပျိ့အန်ချင်မှုကြောင့် စားချင်စိတ် မရှိတော့ပေ။
အမှန်အတိုင်းပြောရရင် အရမ်းပင်ပန်းသည်။
ဒါကို ဆရာဝန်နှင့် စမ်းသပ်သည့်အခါ ဆရာဝန်က ကလေးသည် ကျန်းမာပြီး အလွန်တက်ကြွမှုနေခြင်းကြောင့် ဤသို့ဖြစ်ရသည်ဟု ပြောသဖြင့် တစ်နည်းအားဖြင့်လည်း စိတ်သက်သာရာ ရသွားသည်။
ကျွီ.....
ကျောင်းမြန်၏ဗိုက်ရှေ့တွင် ကြီးမားသော ဘောလုံးကြီးတစ်လုံး ရောက်နေပြီး ထိုအချိန်တွင် သူသည် လက်တစ်ဖက်ဖြင့် ခါးကိုထောက်ကာ ဆေးပစ္စည်းများ တင်ထားသည့် စင်ကို ပင်မစစ်သင်္ဘော၏ ဓာတ်ခွဲခန်းဆီသို့ အခြားလက်ဖြင့် တွန်းလိုက်သည်။
စင်ပေါ်၌ ဆေးဖက်ဝင် အပင်များဖြင့် ပြည့်နေသည်။
လွန်ခဲ့သည့်ခြောက်လအတွင်း၊ သူတို့သည် အဓိကတိုက်ပွဲဝင်သင်္ဘောတွင် နေရုံသာမကဘဲ စီဆဲလ်သည် သင်္ဘောပေါ်တွင် ဓာတ်ခွဲခန်းတစ်ခုပါ ဆောက်ပေးထားပြီး ကျောင်းမြန် နှင့်အတူ အခြားသုတေသနပညာရှင်များကိုပါ ဟောင်လုလုနှင့် ပတ်သက်သည့် သုတေသနကို ဆက်လက်လုပ်ဆောင်စေခဲ့သည်။
ယနေ့အချိန်တွင် စစ်ပွဲအတွင်း စစ်သားများစွာသည် ဇာစ့်အဆိပ်သင့်ခဲ့ကြရာ ဟောင်လုလုသည် ယခုအချိန်တွင် အလွန်အသုံးဝင်လာပြီး ကျောင်းမြန်သည်လည်း "အံ့ဖွယ်ဆရာဝန်" ဖြစ်လာခဲ့သည်။
"ဟေး.....ဗိုလ်ချုပ်ကျောင်း ကျွန်တော်လာပြီ"
ဖြတ်သွားသော စစ်သားတစ်ယောက်က ကျောင်းမြန် စင်တစ်ခုကို တွန်းနေသည်ကို တွေ့လိုက်ရကာ သူအလွန် လန့်ဖျပ်သွားပြီး ကူတွန်းရန် အမြန် နေရာဝင်ယူလိုက်သည်။
"ကျေးဇူးတင်ပါတယ်.."
ကျောင်းမြန်သည် လက်တစ်ဖက်ကို ကျောနောက်မှာထားကာ ပြုံးပြလိုက်သည်။
ထိုစစ်သားလည်း အံ့အားသင့်သွားပြီး ခေါင်းကို အမြန်
လှည့်ကာ စပ်ဖြဲဖြဲရုပ်ဖြင့် စင်ကို ဓာတ်ခွဲခန်းထဲသို့ တွန်းသွားလိုက်သည်။
ရေတပ်ဗိုလ်ချုပ်ကြီးစီဆဲလ် သည် အရမ်းတော်ပြီး မောက်မာမှုမရှိသည့် ဗိုလ်ချုပ်ကျောင်းကို ရထားသည်မှာ အလွန်ကံကောင်းလှသည်။
"ဗိုလ်ချုပ်ကျောင်း...!"
ကျောင်းမြန်၏ စစ်သား၏ ခေါင်းနောက်သို့ ကျော်ကြည့်လိုက်ရာ ဒေါက်ဖိနပ်စီးကာ ပြေးလွှားနေသည့် မင်ရန်အား မြင်လိုက်ရသည်။
"ဘာဖြစ်လို့လဲ.."
ကျောင်းမြန် ခေါင်းတစ်ချက်ဆတ်ပြပြီး....
"ဒါဏ်ရာရတာ ရှိသေးလို့လား"
"ဟုတ်တယ်! ကျွန်မ ဒီကိုလာတာ ဗိုလ်ချုပ်ကျောင်းကို သတိပေးစရာရှိလို့ .... အခု Y9 က သယ်လာတဲ့ ဒဏ်ရာရသူတွေကို လောလောဆယ် အဋ္ဌမမြောက် စစ်ရေယာဉ်မှာ ထားထားတယ်... ကျေးဇူးပြုပြီး အဲ့ဒီ့ကို ကုသဖို့နဲ့ အဆိပ်ထုတ်ဖို့ ဆရာဝန်တစ်ယောက်ကို စေလွှတ်ဖို့ ဗိုလ်ချုပ်ကျောင်းကို လာတောင်းဆိုတာပါ.... အရေးကြီးဆုံးအချက်ကတော့ အဲ့ဒီ့ကို ဗိုလ်ချုပ်ကျောင်း ကိုယ်တိုင် လုံးဝ မသွားပါနဲ့...."
"ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် အဲဒီကို တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ သုတေသနဓာတ်ခွဲခန်းက ဆရာဝန်တွေကို ကျွန်တော် ကိုယ်တိုင် ဟောင်လုလု သုံးနည်းကို သင်ပေးထားတာဆိုတော့ သူတို့သိပါတယ်..."
ထို့နောက် ကျောင်းမြန်လည်း ပြုံးကာ....
"ကျွန်တော် ကိုယ်တိုင်လည်းမသွားပါဘူး...."
မည်သူကမှ သူ့ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ခွင့်ပေးရန် ဆန္ဒမရှိကြသလို သူကိုယ်တိုင်လည်း မသွားချင်ပေ။
စစ်မြေပြင်မှ ပြန်ရောက်လာသော စစ်သည်များသည် များသောအားဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရလာကြသည်။ ကျောင်းမြန်သည် အခုလို မွေးခါနီး ဖွားခါနီး အချိန်တွင်သွေးထွက်သံယို မြင်ကွင်းများကို မကြည့်လိုပါ...ကလေးအတွက် သင့်တော်လား မသင့်တော်လား မသိသော်လည်း သွေးညှီနံ့များ ရှူမိပါက ကျောင်းမြန်၏ ဗိုက်သည် သည်းမခံနိုင်တော့ဘဲ မအီမသာ ဖြစ်လာတော့သည်။
"ကောင်းပါပြီ ဗိုလ်ချုပ်ကျောင်း ကျေးဇူးတင်ပါတယ်.... အဲ့ကို လူကိုယ်တိုင် မသွားဖို့ မမေ့ပါနဲ့...."
"အင်းပါ...."
ကျောင်းမြန် ပြုံးကာ ထပ်ပြောလိုက်သည်။
"ကျွန်တော်တို့ ဒီပင်မတိုက်ပွဲဝင်သင်္ဘော ပေါ်က မထွက်ခွာခင် အားလုံးသေသွားမှာကို ကျွန်တော်ကြောက်လို့ပါ...နားလည်ပါပြီ"
ဒီလူတိုင်းသည် သူ့ကိုယ်သူတို့ ထိခိုက်မည်ထက် ကျောင်းမြန်ထိခိုက်မည်ကို ပိုကြောက်ကြသည်။
"ဟမ့်! ဗိုလ်ချုပ်ကျောင်းက သူ့ကိုယ်သူ မချစ်လို့လည်း မရဘူးလေ...."
မင်ရန်သည် သူမနှုတ်ခမ်းများကို ကိုက်ကာ.....
"သူ့ဗိုက်က ဘယ်လောက်ကြီးနေပြီလဲဆိုတာ ကြည့်ဦး...အဲ့ဒါကို သူက ဓာတ်ခွဲခန်းထဲမှာ ပြေးလွှားနေတုန်းပဲ..... ဒါကိုသာ ဗိုလ်ချုပ်ကြီး စီဆဲလ် သိသွားရင် သေချာပေါက် ဆူလိမ့်မယ်...."
ကျောင်းမြန် ရယ်လိုက်သည် ။
သူ အလုပ်မလုပ်ရလျှင် မနေနိုင်သည်ကို စီဆဲလ်သိသောကြောင့် သူ(စီဆဲလ်) စိတ်ဆင်းရဲရပေမယ့်လည်း သူ့မှာ တားလို့မရပေ။
ဟောင်လုလုသည် ကလေးကစားစရာ မဟုတ်သည့်အတွက် အဆိပ်ဖြေဆေးလုပ်နည်းကို သိသောသူမှာ ကျောင်းမြန် တစ်ယောက်တည်းသာဖြစ်သည့်အတွက် တိကျမှန်ကန်အောင် သေချာ သင်ကြားပေးရလေသည်။
"ဟင်း... ဒီတိုက်ပွဲက ဘယ်တော့မှပြီးမှာလဲ..."
ကျောင်းမြန် : "ရေခဲမြစ်နဲ့ အဖွဲ့ချုပ်စစ်ပွဲတုန်းကတောင် ခြောက်နှစ်လောက် ကြာခဲ့တာလေ..."
မင်းရန် : "အာ..... ဒါပေမယ့် အင်းစက်ကြယ်က ကျွန်မတို့ကို တိုက်ခိုက်နေတာ အနှစ်နှစ်ဆယ်ကျော်ပြီ။ အရင် ဘုရင်မကြီး ကွယ်လွန်သွားပြီးကတည်းက ငြိမ်းချမ်းရေး စာချုပ်ကလည်း သက်တမ်းကုန်သွားလို့.... ကျွန်မတို့ အခု အင်းဆက်ကြယ်နဲ့ စစ်ဖြစ်နေရပြီ .."
"ဟုတ်ပါတယ်.."
ကျောင်းမြန် ခေါင်းခါပြီး သက်မ ချလိုက်သည်။
"ဒါဆို ကျွန်မ ထွက်သွားတော့မယ်.... ဒဏ်ရာရတဲ့သူတွေကို သွားမကြည့်နဲ့နော်..."
"အင်းပါ....အင်းပါ"
ကျောင်းမြန်လည်း ပြုံးကာ မင်ရန်အား လက်ပြလိုက်သည်။
ကျောင်းမြန်သည် ဓာတ်ခွဲခန်းကို စစ်ဆေးပြီးနောက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ညရောက်ပြီပဲ....။
ကျောင်းမြန်သည် သူတကယ့်ကို ပင်ပန်းနေပြီဟု ခံစားမိသောကြောင့် သူ့အခန်းကို အရင်ပြန်အိပ်ရန် ဆုံးဖြတ်လိုက်သည်။
အရင်က သူ့ခန္ဓာကိုယ်ကို သိပ်ဂရုမစိုက်သော်လည်း ကလေးလေးရှိလာသည့် နောက်တွင် ပုံမှန် အချိန်ဇယားဆွဲကာ သူ့ကိုယ်သူ ပိုကောင်းအောင် နေခဲ့သည်။
ဒါသည် ကလေးအတွက် သူ၏တာဝန်ဖြစ်သည်။
ကျောင်းမြန် သူ့အခန်းသို့ ပြန်သည့်လမ်းတွင် စင်္ကြံတစ်ခု ရှေ့မှဖြတ်သွားရသည်။
စင်္ကြံ၏ ဘေးဖက်တွင် ဟိုဘက်ဒီဘက် ထွင်းဖောက်မြင်ရသည့် မှန်များကို တန်းစီပြီး ကပ်ထားသောကြောင့် ညကောင်းကင်တွင် ကြယ်များ ရောင်စုံရှိနေသည်ကို မြင်ရလေသည်။
ကျောင်းမြန် အံ့အားသင့်သွားပြီး ပြတင်းပေါက်နားတွင် ရပ်လိုက်သည်။
ပြတင်းပေါက်ဘေးမှကြည့်လျှင် ကြယ်များဖြင့် လှပနေသည့် ကောင်းကင်ကြီးအပြင် သူတို့သည် အခုချိန်တွင် ဖက်ဒရယ်မြို့တော်အနီးတွင်ရှိနေပြီး မြို့တော်အပြင်ဘက်ရှိ တံတားများကိုလည်း မြင်နိုင်သည်။
ရေခဲမြစ်နှင့် ဖက်ဒရေးရှင်းကို ဆက်သွယ်ထားသည့် တံတားသည် အလွန်ကြီးမားပြီး မရေမတွက်နိုင်အောင် တောက်ပသော မီးရောင်များဖြင့် အလှဆင်ထားသောကြောင့် ၎င်းကိုလည်း ဤနေရာမှ မြင်နိုင်ပါသေးသည်။
ကျောင်းမြန် ရုတ်တရက် ခံစားချက်အနည်းငယ်ကို ခံစားလိုက်ရသည်။
အဖွဲ့ချုပ်နှင့် ရေခဲမြစ်တို့သည် မူလက ဆက်သွယ်ထားခြင်းမရှိဘဲ ၎င်းတို့ကြားတွင် မီးတောက်များပြည့်နေသည့် ဖိအားမြင့်နေရာတစ်ခုရှိသည်။ အပူချိန်မြင့်မားမှုနှင့် လေဖိအားကြောင့် သာမန်လူများ ဖြတ်သန်းသွားလာလို့ မရနိုင်ချေ။ ထို့ကြောင့် ရေခဲမြစ်နှင့် အဖွဲ့ချုပ်သည် အချင်းချင်း ဆက်သွယ်မှု မရှိခဲ့ပေ။
စီဆဲလ်သည် တံတားကို တည်ဆောက်နိုင်ရန် နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်။
ကျောင်းမြန်သည် မေးလေး တမော့မော့ဖြင့် ပြတင်းပေါက်အပြင်ဘက်မှ တောက်ပနေသည့် တံတား၏ အလှကို ငေးမောနေမိသည်။
"ဗိုလ်ချုပ်ကျောင်း...!"
အယ်ဗင်သည် သူ့ဘေးမှရပ်၍ လက်ပြနေသည်ကို မြင်လိုက်ရသဖြင့် ကျောင်းမြန် ထိတ်လန့်သွားသည်။
"ဗိုလ်ချုပ်ကျောင်း...!"
အယ်ဗင် သူ့ဆီလျှောက်လာသည်ကို မြင်သဖြင့် ကျောင်းမြန်လည်း ပြုံးပြကာ အရင်မေးလိုက်သည်။
" အဋ္ဌမမြောက် စစ်သင်္ဘောဆီ မသွားဖို့ ငါ့ကို ထပ်ပြောဖို့ မင်း ဒီကို လာတာတော့ မဟုတ်ဘူးမလား..."
"မဟုတ်ဘူး မဟုတ်ဘူး!"
အယ်ဗင်၏ မျက်နှာသည် နီရဲလာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဗိုလ်ချုပ်ကျောင်း၊ ကုန်းပတ်ပေါ်ကို အခု သွားကြည့်လိုက်!"
"ဟမ်...!"
ကျောင်းမြန် : "ပင်မသင်္ဘောက ကုန်းပတ်လား"
"ဟုတ်တယ်!"
"ဘာလို့လဲ!"
"ခင်ဗျား အဲ့ကို သွားရင် သိလိမ့်မယ်..."
ကျောင်းမြန် မျက်ခုံးကိုပင့်တင်လိုက်သည်။
အယ်ဗင်သည် သူ့အား ဒုက္ခပေးမည် မဟုတ်သော်လည်း သူ့ကို လာ လျှို့ဝှက်နေသည်..... ကုန်းပတ်ပေါ်မှာ ဘာဖြစ်လို့လဲ....!
ကျောင်းမြန် နောက်တစ်ခါ ထပ်မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...!"
"အိုင်း..! ခင်ဗျား မသွားရင် မသိရတော့ဘူးနော်..."
"မင်းမပြောရင် ငါမသွားဘူး"
"အိုး! ဗိုလ်ချုပ်ကြီး စီဆဲလ်က ခင်ဗျားကို အဲ့မှာ စောင့်နေတယ်..."
အယ်ဗင်သည် ကျောင်းမြန်အား အချိန်ထပ်မဆွဲရဲတော့ဘဲ အော်လိုက်တော့သည်။
"ခင်ဗျား ဘာလို့ သွားမကြည့် သေးတာလဲ....!"
ကျောင်းမြန် ခဏကြောင်သွားပြီး ခေါင်းယမ်းကာ....
"အဲ့ဒါဆို....သွားရမှာပေါ့...."
"ဟုတ်တယ်..."
အယ်ဗင်သည် အသက်ကို ပြင်းပြင်းရှူကာ ကျောင်းမြန်နှင့်အတူ ဓာတ်လှေကားထဲသို့ ပျော်ရွှင်စွာ လိုက်ပါသွားခဲ့သည်။
"ရောက်ပြီ!"
ဓာတ်လှေကားသည် သွားချင်သည့် အထပ်သို့ရောက်လာပြီး တံခါးပွင့်သွားသည်။
"ကုန်းပတ်ပေါ်မှာ ဘာရှိလို့လဲ.."
ကျောင်းမြန် အံ့အားသင့်သွားသည်။
ကုန်းပတ်ပေါ်ရောက်ပြီးနောက် ကျောင်းမြန် ပထမဆုံးမြင်လိုက်ရသည်မှာ ပန်းပွင့်များဖြစ်သည်။
လာဗင်ဒါပန်းတွေ အများကြီးပဲ။
ကုန်းပတ်တစ်ခုလုံးကို လာဗင်ဒါပန်းများဖြင့် ဖုံးအုပ်ထားပြီး တစ်ချိန်တည်းမှာပင် အစားထိုးကာ စိုက်ပျိုးထားသည့် ပန်းခင်းတစ်ခုလည်း ရှိနေပြီး လေထဲတွင် အရိုးလေးများ တထောင်ထောင်ဖြင့် လွင့်မျောနေသည့် ခရမ်းရောင်ပန်းများ လည်းရှိနေသေးသည်။
စီဆဲလ်သည် အဖြူရောင် စစ်ဝတ်စုံကို ၀တ်ဆင်ထားပြီး ပန်းများကြားတွင် ရပ်ကာ နှင်းဆီပန်းများကို ကိုင်ဆောင်ကာ သူ့ကို ပြုံးပြနေသည်။
ကျောင်းမြန် အလွန်အံ့ဩသွားသည်။
"ခင်ဗျား...."
ဒါ...
စီဆဲလ် က ပြုံးပြီး နွေးထွေးစွာပြောလိုက်သည်။
"မြန်မြန်....ဒီကိုလာလေ"
ပုံမှန်အားဖြင့်၊ စီဆဲလ်သည် တမင်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အနက်ရောင် စစ်ဝတ်စုံ သို့မဟုတ် အဖြူရောင် အဖျားနားတွင် ရွှေစီထားသည့် ယူနီဖောင်းကို ၀တ်ဆင်တတ်သော်လည်း ယနေ့ဝတ်ထားသည့် ပုံစံမှာ လုံးဝ မတူပါ..။
ဒီနေ့တွင် စီဆဲလ်သည် အဖြူရောင်ကို ဝတ်ထားသော်လည်း သူ၏အမူအရာကြောင့်လား အဝတ်အစားဒီဇိုင်းကြောင့်လား မသိသော်လည်း သူ့ပုံစံမှာ အလွန်နူးညံ့နေသည်။ အင်္ကျီလက်ရှိ ခရမ်းရောင်လိုင်းများသည် လာဗင်ဒါ ပန်းပွင့်များနှင့် တူညီသောအရောင်ဖြစ်သည်။
စီဆဲလ်၏နောက်တွင်၊ ကြယ်မှုန်လေးများဖြင့် အစက်ချကာ အလှဆင်ထားသည့် မှင်ကဲ့သို့ မဲမှောင်နေသည့် ညကောင်းကင် ရှိနေလေသည်။
ကျောင်းမြန်၏ မျက်လုံးများသည် စီဆဲလ်၏ သွေးဆောင်ဖြားယောင်းမှုကို ခံလိုက်ရကာ ကူကယ်ရာမဲ့စွာဖြင့် သူ့ဆီသာ လျှောက်သွားနေမိသည်။
ကျောင်းမြန် စီဆဲလ်ရှေ့သို့ ရောက်သောအခါ စီဆဲလ်သည် ဒူးတစ်ဖက်ကို ထောက်ကာ ဒူးထောက်လိုက်သည်ကို တွေ့လိုက်ရသည်။
ကျောင်းမြန် အံ့ဩသွားကာ....
"ခင်ဗျား ဘာလုပ်တာလဲ..."
"အာ့မြန်..."
စီဆဲလ်သည် ပန်းများကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး တခြားတစ်ဖက်၌ အနီရောင် ကတ္တီပါဘူးငယ်ကို ဖွင့်ကာ ကျောင်းမြန်အားပေးလိုက်သည်။
'ကိုယ့်ကိုလက်ထပ်ခွင့်ပြုပါ...!"
အနီရောင်ဘူးလေးထဲတွင် ငွေပြာရောင် လက်စွပ်တစ်စုံ ရှိနေလေသည်။
လက်စွပ်၏အရောင်သည် ကျောင်းမြန်၏ဆံပင်အရောင်နှင့်တူပြီး ထူးခြားသည့် ဒီဇိုင်းမဟုတ်ဘဲ သာမန်လက်စွပ်တစ်ကွင်းသာဖြစ်သော်လည်း လက်ရာမြောက်လှသည်။
"ကျွန်တော်......"
စီဆဲလ်ဆီလာရာတွင် အခုလိုကြုံရလိမ့်မည်ဟု မထင်ထားသောကြောင့် ကျောင်းမြန် အလွန် အံ့ဩသွားသည်။
စီဆဲလ် က ပြုံးပြီး ပြောလိုက်သည်။
"လက်ထပ်စာချုပ်ကလည်း အလျင်စလိုဖြစ်သွားပြီး အလုပ်သဘောအရပဲ ဖြစ်သွားရတယ်.... ကိုယ် မင်းကို တရားဝင် ခွင့်မတောင်းဖူးသလို... လက်ထပ်ပွဲလည်း တရားဝင် မလုပ်ရသေးဘူးလေ...."
ကျောင်းမြန် သူ့အောက်နှုတ်ခမ်းကိုသာ ကိုက်လိုက်သည်။
"အဲ့ဒါကြောင့်... ကိုယ် မင်းကို အဲ့ဒါတွေ အကုန်လုံး အစားပြန်လုပ်ပေးချင်တယ်...."
စီဆဲလ် စိတ်လှုပ်ရှားကာ တစ်လုံးချင်း မေးလိုက်သည်။
"အာ့မြန်.... ဒါဆို မင်း ကိုယ့်ကို လက်ထပ်ဖို့ ဆန္ဒရှိလား..... တရားဝင် လက်ထပ်ပွဲလုပ်ပြီး ကိုယ့် လက်ကို တွဲဖို့ ဆန္ဒရှိလား...!"
ကျောင်းမြန် ရယ်မောလိုက်သည်။
စီဆဲလ်ကလည်း ပြုံးပြီး ထပ်ပြောလိုက်၏။
"ကိုယ် မင်းကို အမြဲတမ်းကာကွယ်ပေးပြီး ချစ်သွားမှာ... မင်းရဲ့ အတိတ်မှာ ကိုယ် မပါခဲ့ပေမယ့် မင်းရဲ့ အနာဂတ်မှာတော့ ကိုယ်အမြဲရှိနေမှာ ပျောက်ကွယ် မသွားစေရဘူး..."
ကျောင်းမြန်၏ ပါးပြင်လေးများသည် ပေါက်ထွက်လုမတတ် နီရဲလာပြီး နာရွက်ထိပ်လေးများပါမချန် နီရဲလာသည်။
ထို့နောက် ကျောင်းမြန်လည်း ပြုံးကာ စီဆဲလ်ဆီသို့ လက်ဆန့်ပေးလိုက်သည်။
စီဆဲလ်သည် ကျောင်းမြန်၏လက်သူကြွယ်တွင် လက်စွပ်တစ်ကွင်းကို ညင်သာစွာ ဝတ်ပေးလိုက်သည်။
"အခု....မင်းက ကိုယ့်အပိုင်ပဲ..."
ထို့နောက် ကျောင်းမြန်သည် ပန်းများကို ပွေ့ဖက်ထားရင်း ဒူးထောက်တစ်ဖက် ထောက်ချလိုက်သည်။
"အာ့မြန်...!"
စီဆဲလ်၏ ဆံပင်များထောင်သွားပြီး ကျောင်းမြန်အား ထူပေးလိုက်ပြီး အော်လိုက်တော့သည်။
"မင်းဘာလုပ်နေတာလဲ!"
“ကျွန်တော်လည်း လိုချင်တယ်…”
ကျောင်းမြန်သည် ဘူးထဲရှိ အခြားလက်စွပ်ကို တစ်ချက်ကြည့်လိုက်သည်။
စီဆဲလ် အံ့သြသွားသည်။
ကျောင်းမြန်သည် လက်စွပ်ကို ကိုင်ကာ စီဆဲလ်၏လက်ကို ဆုပ်ကိုင်ထားရင် ပြောလိုက်သည်။
"ကျွန်တော့် ဘဝအဆုံးထိ ခင်ဗျားကို အမြဲတမ်းကာကွယ် ပေးပြီး သက်ဆုံးထိ ချစ်သွားမယ်..."
ကျောင်းမြန်သည် လက်စွပ်အား စီဆဲလ်၏ လက်သူကြွယ်တွင် စွပ်ပေးလိုက်သည်။
လက်စွပ်တစ်စုံသည် ညအလင်းရောင်အောက်တွင် တောက်ပနေသည်မှာ အချင်းချင်း ကတိသစ္စာ ထားနေသကဲ့သို့ ဖြစ်နေသည်။
'ရွှီး....ဖြောင်း...'
ညကောင်းကင်မှာ ရောင်စုံမီးရှူးမီးပန်းတွေနဲ့ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် ကျောင်းမြန် အံ့ဩသွားသည်။
တိတ်ဆိတ်သောညကောင်းကင်တွင် မီးပွင့်လေးများသည် တစ်ခုပြီးတစ်ခု လင်းလက်လာသည်။
ကျောင်းမြန်သည် ခေါင်းမော့ကာ ပြိုးပြိုးပြက်ပြက်ပြက် လင်းလက်နေသည့် မီးပွင့်လေးများကို ကြည့်နေသကဲ့သို့ စီဆဲလ်သည်လည်း ကျောင်းမြန်၏ တောက်ပနေသည့် မျက်ဝန်းလေးများကိုသာ ကြည့်နေမိသည်။
"အရမ်းလှတာပဲ..."
ကျောင်းမြန် : "ခင်ဗျား....လုပ်တာလား...ဟုတ်လား...!"
စီဆဲလ် ပြုံးပြသော်လည်း ဘာမှ ပြန်မပြောပေ။
ရင်သပ်ရှုမောဖွယ် မီးရှူးမီးပန်းပဲ.....။
စီဆဲလ်သည် ကျောင်းမြန်အတွက် ကြယ်တာရာ မီးပန်းကို ဖန်တီးပေးလိုက်သည်။
ထိုညတွင် စစ်သင်္ဘောပေါ်ရှိလူတိုင်းသည် မီးရှူးမီးပန်းများ ဖောက်သည်ကို မြင်တွေ့ခဲ့ရသည်။
ကုန်းပတ်ပေါ်ရှိ ဇာတ်ဆောင်များဖြစ်ကြသည့် ကျောင်းမြန် နှင့် စီဆဲလ်တို့သည် ပန်းပွင့်များကြားတွင် နက်ရှိုင်းစွာ နမ်းရှိုက်နေကြသည်။
---------------------------------------------------------------------------------