Chapter 46
Viewers 8k

🫶Chapter 46




အချိန်ဆွဲနေခြင်းမရှိဘဲ နျန်ယွီယီ ရွှမ်းမူတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို ဒေါင်းလုတ်ဆွဲလိုက်ကာ လိုအပ်သော အတည်ပြုရမည့်အရာအားလုံးဖြည့်လိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုစသည်နှင့် ဝေ့ပေါ်တွင် လင့်ကိုမျှဝေပေးလိုက်သည်။


ယခုလေးတင်မှ အလုပ်ဆင်းလာသည့် ဟွမ်းယွီမုံ့မှာ သူမဖန်အကောင့်သို့ဝင်လိုက်ပြီး သူမ အချစ်လေး၏ အသစ်တွေ့ထားသောပုံအချို့ကို အခြားပရိသတ်များနှင့်မျှဝေရန် ရည်ရွယ်ထားသည်။ သူမ အံ့ဩသွားရသည်မှာ ယနေ့ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာမှာ အခြားတစ်ခုဖြစ်နေခြင်းကိုပင် ဖြစ်သည်။


တချက်အမြန်ကြည့်လိုက်ရာ နျန်ယွီယီ တိုက်ရိုက်ထုတ်လွှင့်နေကြောင်းသိလိုက်ရပြီး ချက်ချင်းဆိုသလို ရွှမ်းမူတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို ဒေါင်းလုတ်ဆွဲလိုက်သည်။


ထည့်ပြီးသည်နှင့် အကောင့်သစ်တစ်ခု အလောတကြီးဖွင့်ကာ နျန်ယွီယီ၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ရှာဖွေလိုက်သည်။


တိုက်ရိုက်ထုတ်လွှင့်မှုအတွင်းဝင်လာပြီးနောက် ဗီဒီယိုမတက်လာခင် သူမ စက္ကန့်အနည်းငယ်ခန့်မျှ အနက်ရောင်မျက်နှာပြင်ကြီးနှင့် ကြုံလိုက်ရသေးသည်။


အရည်အသွေးကိုကြည့်ခြင်းအားဖြင့် ဖုန်းထဲမှတိုက်ရိုက်ထုတ်လွှင့်နေခြင်းဖြစ်ကာ ကင်မရာပေါ်တွင် ကြောင်ပေါက်လေးနှစ်ကောင်ကိုသာ ပြသထားသည်။


ရုတ်တရက်ဆိုသလို သာယာနာပျော်ဖွယ်အသံမှာ သူမနားထဲတွင် ပြည့်နှက်သွားခဲ့သည်။


“ ခဏလေးစောင့်ပေးနော်… ဆက်တင်လေးချိန်ပါရစေဦး…”


မျက်နှာပြင်ပေါ်တွင် မှတ်ချက်များဖြင့် ပြည့်သွားခဲ့သည်။ ပလူပျံနေသော မှတ်ချက်‌များကြောင့် စိတ်ရှုပ်သွားရကာ ဟွမ်းယွီမုံ့ သူတို့ထဲမှအများစုကို ဖွက်ထားလိုက်ပြီး အရောင်စုံအဆင့်မြင့်မှတ်ချက်များကိုသာ မြင်နိုင်စေရန်ဖွင့်ထားလိုက်သည်။


ကင်မရာရှုထောင့်မှာ ရုတ်တရက်ပြောင်းလဲသွားပြီး ရင်းနှီးနေသောမျက်နှာလေးတစ်ခုမှာ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။


“ အားလုံးပဲကောင်းသောညနေခင်းပါ…” ဆယ်ဖီဆွဲသည့်တုတ်ချောင်းကို ကိုင်ထားသော နျန်ယွီယီမှ နှုတ်ဆက်လိုက်သည် “ ညစာစားပြီးကြပြီလားဗျ…”


[ စားပြီးပါပြီ ]


[ အခုပဲ အလုပ်ဆင်းလာပြီး ဝင်ကြည့်နေတာလေ… နျန်နျန်ကိုကြည့်ရင်းစားဖို့ ပါဆယ်မှာလိုက်ပြီ ]


[ အခုထိမစားရသေးဘူး … ဒီမှာကတော့ အလုပ်အချိန်ပိုဆင်းနေရပါတယ် ]


“ တချို့တွေက မစားရသေးဘူးလား…” လိုင်းပေါ်မှ လက်ဆောင်များပို့ပေးနိုင်သော ဆက်တင်ကိုသတိထားမိသွားသောကြောင့် နျန်ယွီယီ ဖုန်းကို ဆယ်ဖီဆွဲသည့်တုတ်ချောင်းမှဖြုတ်ကာ စတင်တို့ထိလိုက်သည်။


ထို့နောက် လက်ဆောင်တသီတန်းကြီးမှာ မျက်နှာပြင်ပေါ်၌ ပေါ်ထွက်လာခဲ့လေသည်။


ဟွမ်းယွီမုံ့ ခဏကြာတုန့်ဆိုင်းနေမိသောကြောင့် သူမယူလိုက်ချိန်၌ အားလုံးမှာကောက်ပြီးသွားလေပြီ။


[ အားးးး နင်‌တို့တွေအရမ်းမြန်ကြတာပဲ ]


[ ငါကျိန်ရဲတယ် တစ်စက္ကန့်လေးပဲ နောက်ကျသွားတာ.. အားလုံးပြောင်သွားပြီ ]


[ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်ရမယ့် တာဝန်ရှိတာလား ]


“ တိုက်ရိုက်ထုတ်လွှင့်ရမယ့်တာဝန်လား…” နျန်ယွီယီ မဖြေခင် မှတ်ချက်ကိုပြန်ဖတ်လိုက်သည် “ ဟင့်အင်း မရှိပါဘူး… မင်းတို့တွေနဲ့ စကားပြောချင်လို့ တက်လာခဲ့တာ …”


“ အားလုံးပဲ စကားပြောချင်ကြလား… ဒါမှမဟုတ် ကြောင်လေးတွေကို မြင်ချင်ကြလား…”


[ မင်းကိုတွေ့ချင်တာပါ ]


[ အိုးး ငါကတော့ နှစ်ခုစလုံးကို ကြည့်ချင်တယ် QAQ ]


[ ကလေးတွေပဲ ရွေးချယ်ကြတာ… တို့လိုလူကြီးကတော့ အားလုံးလိုချင်တယ်လေ ]


“ ‌ဒါပေမယ့် တစ်ခုပဲရွေးလို့ရမှာနော်…” နျန်ယွီယီ မှတ်ချက်အပုံလိုက်ကြီးကြောင့် ရယ်မောနေပြီး ယခုခေတ်အင်တာနက်အသုံးပြုသူများ၏ ဟာသရုပ်ပုံများနှင့် ပြက်လုံးများပြည့်နေသည်ကိုကြည့်ကာ အံ့ဩနေမိသည်။


ဆယ်ဖီဆွဲသည့်တုတ်ချောင်းမပါဝင်သောကြောင့် နျန်ယွီယီ ဖုန်းကို သူ့ဘာသာကိုင်ကာ ရိုးရိုးရှင်းရှင်း ကိုယ့်ဖက်သို့ကိုယ်ပြန်ချိန်ထားလိုက်သည်။


ဟွမ်းယွီမုံ့၏အမြင်အရဆိုလျှင် ဤသည်မှာ အောက်မှနေ၍ အပေါ်သို့ပင့်သော ရိုက်ချက်မျိုးဟုဆိုနိုင်သည်။


အခြားသူများမှ ရုပ်ဆိုးသည်ဟု ပြောလေ့ရှိကြသော ရှုထောင့်မျိုးပင်ဖြစ်သည်။


အများစုအတွက် စိတ်ပျက်ဖွယ်ကောင်းသော်လည်း နျန်ယွီယီမှာမူ သူ၏ကြည့်ကောင်းသော ရုပ်ရည်ကြောင့် ထိုကဲ့သို့ကင်မရာရှုထောင့်မျိုးပင်လျှင် သူ၏ချောမောမှုကို မလျော့သွားစေပေ။


နျန်ယွီယီ ခဏကြာတွေးလိုက်ပြီးနောက် ကြောင်လေးများကို ဦးဆုံးပြရန်‌ဆုံးဖြတ်လိုက်သည်။


“ ကြောင်လေးနှစ်ကောင်က အခုချိန်နိုးနေကြပြီလေ.. ဒါပေမယ့် မင်းတို့သာ ခဏစောင့်ရမယ်ဆိုရင် သူတို့ပြန်အိပ်ပျော်သွားနိုင်တယ်…”


 နျန်ယွီယီ ပြောပြလိုက်သည်။ တစ်လသားအရွယ်သာ ရှိသေးသော ကြောင်ပေါက်လေးများမှာ အတော်အတန်အိပ်နိုင်သူများ ဖြစ်သည်။


နျန်ယွီယီ နံရံပေါ်မှ ကြောင်လေးများနှင့် ကစားသည့်အရုပ်ကို ဖြုတ်ယူလိုက်ပြီး ကြောင်ပေါက်လေးနှစ်ကောင်ကို လှည့်ပတ်ပြေးရန် ဆွဲဆောင်လိုက်သည်။


မှတ်ချက်နေရာရှိ တစ်စုံတစ်ယောက်မှ ကြောင်လေးများ၏ နာမည်မေးလာသည်ကို တွေ့လိုက်ရသောကြောင့် နျန်ယွီယီ ကော်ဇောပေါ် ‌တင်ပလ္လင်ခွေထိုင်လျက် ကြောင်အစင်းကျားလေးနှင့် လိမ္မော်ရောင်ကြောင်ပေါက်လေးကို သူ၏ပေါင်ပေါ်တင်ပေးလိုက်သည် 


“ သူတို့ကို ဂျူဂျူနဲ့ လီလီလို့ခေါ်တယ်လေ…ဘယ်နာမည်က ဘယ်ကြောင်လေးနဲ့ သက်ဆိုင်လဲဆိုတာကိုတော့ မင်းတို့ခန့်မှန်းမိလောက်မှာပါ…”


[ ဟားဟားဟား… နျန်နျန်က နာမည်တွေနဲ့ပတ်သက်လာရင် တကယ်ကြီး ဖန်တီးနိုင်စွမ်းမရှိတာ မဟုတ်ဘူးလား ]


[ အားးးးး ငါလည်းသူတို့ကို ပွတ်ပေးချင်တယ်လေ… အရမ်းမနာလိုတာပဲ ]


[ ကြောင်ပေါက်လေးနှစ်ကောင်လုံးက ရိုးရိုးအိမ်မွေးကြောင်လေးတွေပဲ ]


[ ရိုးရိုးအိမ်မွေးကြောင်က ဘာဖြစ်နေလို့လဲ … ငါတို့အိမ်မှာဆိုလည်း တစ်ကောင်ရှိတာပဲလေ ]


[ မဟုတ်ဘူးလေ… ရိုးရိုးအိမ်မွေးကြောင်ပေါက်လေးကို ရောင်းတာရှားတယ်လို့ ငါဆိုလိုချင်တာပါဟယ်… အထူးသဖြင့် ဒီီလောက်ငယ်တာမျိုးပေါ့… ငါမှတ်မိသလောက်ဆိုရင် သူတို့လေးတွေပုံကို နျန်နျန် ဝေ့ပေါ်မှာတင်တုန်းက တစ်လသားတောင် မရှိကြသေးဘူးမလား ]


[ ဒီလိုဆိုရင် နျန်နျန်က ကြောင်ပေါက်လေးတွေကို ကယ်ခဲ့တာလား ]


မှတ်ချက်နေရာမှာ အပြိုင်အဆိုင်ငြင်းခုံနေမှုများကို သတိမထားမိသည့် နျန်ယွီယီမှာမူ ကြောင်ပေါက်လေးများကို ချော့မြူရာတွင်သာ နစ်မြုပ်နေသည်။


တစ်လခွဲမျှသာ ရှိကြသေးသောကြောင့် သူတို့လေးများ၏ အမွှေးများမှာ မွေးစအရွယ်မှ နူးညံ့သောအမွှေးများသာ ဖြစ်နေဆဲဖြစ်ပြီး ထိကိုင်ကြည့်ပါက မယုံနိုင်လောက်အောင် နူးညံ့အိစက်နေသည်။


သူ မှတ်ချက်များကို ပြန်စစ်မိသည့်အချိန်၌ ကြောင်ပေါက်လေးများ၏ မူရင်းကိုမှန်းဆချက်များမှာ တစ်ထောင်နားသို့ပင် တိုးကပ်နေခဲ့သည်။


“ ကျွန်တော်သူတို့ကို ကယ်လာခဲ့တယ်လို့ ပြောလို့ရပါတယ်…”


အခွင့်အရေးကို အမိအရယူကာ နျန်ယွီယီ သူငယ်ချင်းဟောင်းများ ရှိုးကိုကြော်ငြာလိုက်သည် “ သူတို့ကို ရသစုံရှိုးရိုက်တုန်းက တွေ့လာတာလေ…ဒါရိုက်တာကြီးတောင် ထည့်ရိုက်ပေးထားသေးတယ်… နောက်လ အဲ့သည့်အပိုင်းလွှင့်လာရင် အဲ့သည့်မှာ သူတို့ကိုမြင်ရမှာလေ…”


[ သူငယ်ချင်းဟောင်းများရှိုးလား… ငါရဲ့အကြိုက်ဆုံး ညစာစားချိန်ရှိုးပဲ ]


[ ငါရောပဲ… အမြဲတမ်းပါဆယ်မှာပြီး ကြည့်ရင်းစားနေ‌ကြလေ ]


[ ဒါပေမယ့် ဟင်းချက်နိုင်တဲ့နှစ်ယောက်က ဒီနှစ်မှာ ထွက်သွားကြတယ်မလား… ကျန်ခဲ့တဲ့သူထဲမှာ ဘယ်သူကတကယ်ဟင်းချက်နိုင်တာလဲဟင် ]


မှတ်ချက်များထံမှ သိချင်စိတ်များကြောင့် နျန်ယွီယီ စနောက်လိုက်သည် “ ဒီတစ်ခေါက်ရာသီက ပိုပြီးသွားရည်ယိုစရာကောင်းမှာနော်… မုန့်တွေများများပိုစုထားကြပါ..”


အစာစားပြီးသည်နှင့် ထျန်ထျန်မှာ သူမ၏ကြောင်ကျက်သရေနှင့်အတူ ခုန်ဆင်းလာပြီး ကြောင်ပေါက်လေးနှစ်ကောင်ကို ချီကာ ထောင့်နားတွင်သွားချထားခဲ့သည်။


ပြီးသည်နှင့် အရှက်တစ်စွန်းတစ်စပင်မရှိဘဲ နျန်ယွီယီ၏ပေါင်ပေါ်သို့ တည့်တည့်ဝင်ခွေလိုက်လေသည်။


[ ဝါးး အစတုန်းကတော့ ကြောင်ပေါက်လေးတွေကို မကိုင်စေချင်တဲ့ မိခင်စိတ်ကြောင့်လို့ ငါထင်နေခဲ့တာ ပြီးကြမှ မနာလိုတာဖြစ်နေတာပဲ ]


[ ငါတော့ ရယ်ရလို့သေတော့မယ်… ဘယ်လောက်တောင် ရယ်သံကျယ်နေလဲဆိုရင် ငါ့တိုက်ခန်းက လုံခြုံရေးအစောင့်တောင် ကြားနိုင်မှာလေ ]


[ ကံကောင်းလို့ ငါရိုက်ယူထားမိလို့ပေါ့… နောက်ပြီးမှ အထူးခေါင်းစီးနေရာမှာ သွားတင်ရမယ် ]


မျက်နှာပြင်‌ပေါ်ရှိ မှတ်ချက်အားလုံးမှာ ရယ်မောနေကြသောကြောင့် နျန်ယွီယီလည်း ပုခုံးများတုန်လာသည်အထိ ရယ်နေမိသည်။ ရယ်ရင်းဖြင့်ပင် နျန်ယွီယီ ထျန်ထျန်၏ခေါင်းလေးကို ပွတ်ပေးလိုက်လေသည်။


ထိုမြင်ကွင်းအပြီးတွင် နျန်ယွီယီမှာ တဖန်ပြန်လည်၍ ရေပန်းစားလာပြန်သည်။


အတိအကျဆိုရမည်ဆိုလျှင် ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့သူမှာ သူ၏ချစ်စဖွယ်ကြောင်လေးများ ဖြစ်ကြသည်။


ကြောင်လေးများ၏ ချစ်စဖွယ်ဗီဒီယိုနာမည်ကြီးသွားပြီးနောက် GIF အီမိုဂျီများအဖြစ်သို့ပင် ပြောင်းသွားရုံသာမက အချို့သော အမှတ်တံဆိပ်များမှ နျန်ယွီယီအား သူတို့ကုန်ပစ္စည်းကို ကြော်ငြာပေးရန် ကမ်းလှမ်းလာသည်အထိပင် ပေါက်သွားခဲ့သည်။


နျန်ယွီယီတစ်ယောက် အံ့အားသင့်ကာ ကြည်နူးနေရသော်လည်း ကျိုးအာ့ဟယ်အား အကုန်လုံးကို ငြင်းခိုင်းလိုက်သည်။


ကျိုးအာ့ဟယ်မှ အကြောင်းအရင်းကို မေးလာချိန်၌ နျန်ယွီယီ ကြောင်လေးကိုပွတ်ကာ ပြုံးလျက် ပြန်ဖြေလိုက်သည်


 “ သူတို့ရဲ့ကုန်ကျစရိတ်ကို ကျွန်တော်တတ်နိုင်နေတာပဲလေ… ပြီးတော့ အပြင်ဖက်မှာ ကြော်ငြာတွေအများကြီးဆိုရင် ကြောင်ပေါက်လေးတွေ လန့်သွားလိမ့်မယ်…”


ဤသို့ဖြင့် ရက်သတ္တပတ်တစ်ပတ် ကုန်ဆုံးသွားပြန်သည်။


ထိုတစ်ပတ်လုံးတွင် ရှဲ့ညီအစ်ကိုများနှင့် ဖန်ကျုံးချွမ်းမှာ သူ့အိမ်သို့ ညနေတိုင်း ညစာလာစားလေ့ရှိပြီး စားပြီးသည်နှင့် ဒုတိယထပ်လသာဆောင်တွင် အားလုံးထိုင်လိုက်ကြကာ လလေအေးကိုခံစားရင်းဖြင့် အဝေးမှအလုပ်လုပ်နေကြသည်။


သေချာပေါက်ပင် နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့မှာ အလုပ်လုပ်ရန်မလိုသောကြောင့် ဝမ်ကျစ်ရုန်ယောက်သာ ထိုင်ဆော့နေလိုက်ကြသည်။


တစ်ပတ်အတွင်း ရှဲ့ယီကျိုး၏ ပံ့ပိုးပေးမှုအောက်တွင် နျန်ယွီယီ ကြယ်အလင်းရောင်အဆင့်ထိ တက်လာနိုင်ခဲ့သည်။


*****


ယနေ့တွင် သူတို့ပုံမှန်အတိုင်း ညစာစားပြီးနောက် ရှဲ့ယီနန် လပ်တော့ကိုပေါင်ပေါ်တင်လျက် ဆိုဖာပေါ်တွင်ထိုင်နေပြီး သူ၏လက်ချောင်းများမှာမူ ကီးဘုတ်ပေါ်တွင် လျှင်မြန်စွာပြေးလွှားနေခဲ့သည်။


အံ့ဩဖွယ်ရာကောင်းသည်မှာ ရှဲ့ယီနန်၏ဘေးတွင် ဖန်ကျုံးချွမ်းထိုင်နေပြီး ထိုသူနှစ်ဦးမှာ မကြာခဏဆိုသလို စကားဖလှယ်နေကြခြင်းပင်။


နားကြပ်တပ်လျက် နျန်ယွီယီ ဂိမ်းထဲတွင် အကြိမ်ကြိမ်အခါခါ သေဆုံးပြီးနောက် သူ၏အကြည့်မှာ ရွှေ့သွားခဲ့သည်။


ဂိမ်းတစ်ပွဲပြီးသွားချိန်၌ နျန်ယွီယီ ရှဲ့ယီကျိုး၏ပုခုံးကို တို့ကာ လှမ်းကြည့်ရန် ညွှန်ပြလိုက်သည် “ သူတို့က မတည့်နေရမှာမဟုတ်ဘူးလား…”


ရှဲ့ယီကျိုးမှာ တိတ်ဆိတ်နေဆဲပင် “ သူတို့မတည့်သင့်ဘူးလို့ ဘာလို့ပြောတာလဲ…”


နျန်ယွီယီ ရှဲ့ယီကျိုးထံ လာနောက်နေတာလား ဟူသည့်အကြည့်တချက်ပေးကာ ပြောလိုက်သည်


 “ အရမ်းသိသာတယ်လေ… အစ်ကိုကြီးက လူကြီးမင်းဖန်ကို သဘောမကျဘူးဟာကို… ဒါပေမယ့် လူကြီးမင်းဖန်ကတော့ ဒီဟာကို သတိမထားမိတဲ့ပုံပဲ…”


ရှဲ့ယီကျိုးက ပို၍သတိထားနေပြီး သူနှင့်သူ့အစ်ကိုတို့၏ ဖန်ကျုံးချွမ်းအပေါ် သတိကြပ်နေမှုမှာ အလွန်သိသာသွားသောကြောင့် နျန်နျန်ပင်လျှင် သတိပြုမိခဲ့သည်လားဟု စတင်တွေးတောလိုက်မိသည်။


အခြားနေရာတွင်မူ ရှဲ့ယီနန်နှင့် ဖန်ကျုံးချွမ်းတို့ စကားအနည်းငယ်ပြောဆိုပြီးနောက် နျန်ယွီယီ ရှဲ့ယီနန်မှ သူ့ကိုအနားလာရန် လက်ပြလာသည်ကို ‌မြင်လိုက်ရသည်။


နျန်ယွီယီ သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်ပြီး တစ်ဖက်လူမှ ခေါင်းညိတ်လာစဉ်တွင် သူထသွားကာ သူတို့ဘေးတွင်ဝင်ထိုင်လိုက်သည်။


“ နျန်နျန် ဒါကိုတချက်ကြည့်ပါဦး…” ရှဲ့ယီနန်မှ နျန်ယွီယီ မျက်နှာပြင်ကိုမြင်နိုင်ရန် လပ်တော့ကိုလှည့်ပေးလာသည်။


ပြသထားသည်မှာ ပါဝါပွိုင့်တင်ဆက်မှုတစ်ခုဖြစ်ပြီး ခေါင်းစဉ်ကိုမြင်လိုက်ရချိန်၌ နျန်ယွီယီ တောင့်ခဲသွားခဲ့သည်။ ရှဲ့ယီနန် တစ်မျက်နှာချင်းစီ လှန်ပြလာသည့်အချိန်မှသာ သူသတိပြန်ဝင်လာခဲ့လေသည်။


တင်ပြချက်မှာ ကျောင်းတွင်ရှိသော မိဘမဲ့ကလေးများနှင့် ပတ်သက်၍ ဆရာများ၏ တွေးခေါ်ယူဆပုံများကို အစီအရင်ခံထားခြင်းဖြစ်သည်။


ထိုအခိုက်အတန့်လေးတွင် နျန်ယွီယီ၌ စိတ်ခံစားချက်ပေါင်းများစွာ အတွင်းတွင်မြင့်တက်လာပြီး ကျေးဇူးတရားများ လျှံကျလုနီးပါးဖြစ်လာရသည်။ အဆုံး၌ နျန်ယွီယီ အရှေ့သို့ အပြေးသွားကာ ရှဲ့ယီနန်ကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်မိသည်။


ရှဲ့ယီနန်မှ သူ့ကိုထိန်းကိုင်ကာ နောက်ကျောကို အသာအယာပုတ်ပေးလာသည်။


“ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး..” နျန်ယွီယီအသံမှာ သိသိသာသာပင် နှာခေါင်းသံပါနေသောကြောင့် ရှဲ့ယီနန်ကြောင်အသွားရသည်။


“ မဟုတ်တာ ရပါတယ်ကွာ…”


ရှဲ့ယီကျိုး၏အကြည့်မှာ နျန်ယွီထံ မျက်လုံးများမှေးလျက်ကြည့်နေသော ဖန်ကျုံးချွမ်းနှင့် ဆုံမိခဲ့သည်။


စီးပွားရေးအကြောင်း ဆွေးနွေးစဉ်ရှိခဲ့သော ထိုသူ၏ ပုံမှန်အေးစက်စက် အမူအရာကင်းမဲ့ပုံနှင့် ဆန့်ကျင်ဘက်ပင် ယခုအချိန်၌ ဖန်ကျုံးချွမ်း၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေမှုများ အထင်အရှားပေါ်နေခဲ့သည်။


ရှဲ့ယီကျိုး မည်သူမျှသတိမပြုမိလောက်မည့် သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။


ဖန်ကျုံးချွမ်းအပေါ် သူ၏ မ‌လိုမုန်းထားနေမှုများမှာ အဆုံး၌ ပျောက်ကွယ်သွားခဲ့သည်။


****


နောက်တစ်နေ့တွင် နျန်ယွီယီ စောစောနိုးလာပြီး အိမ်အကူအဒေါ်ကြီးကို အားလပ်ရက်တစ်ရက်ပေးကာ သူကိုယ်တိုင်ချက်ပြုတ်ရန် ဆုံးဖြတ်လိုက်သည်။ တချို့တစ်ဝက်ကိုမူ ကုမ္ပဏီတွင်ရှိနေသော ကျိုးအာ့ဟယ်ထံ သွားပေးမည်ဟု ရည်ရွယ်ထားခဲ့သည်။


အားလုံးပြီးစီးသွားချိန်၌ နေ့လယ်ခင်းအချိန်သို့ပင် ရောက်နေလေပြီ။ နျန်ယွီယီ ဟင်းပွဲများအားလုံးကို အပူခံဘူးဖြင့်ထည့်ကာ ကားငှား၍ ဖုန့်ဟွာဖျော်ဖြေရေးကုမ္ပဏီသို့ ထွက်လာလိုက်သည်။


သူ ကျိုးအာ့ဟယ်ကို အသိမပေးမိခဲ့သောကြောင့် ဧည့်ကြိုနေရာတွင် ကျိုးအာ့ဟယ်ရှိမရှိအကြောင်း မေးလိုက်ရပြီး ရှိကြောင်း ခိုင်လုံသည့်အဖြေရမှာသာ နျန်ယွီယီ အပေါ်သို့တက်လာလိုက်သည်။


ကျိုးအာ့ဟယ်၏ ရုံးခန်းအနားသို့ ရောက်လာစဉ် အခန်းတံခါးအနည်းငယ်ဟနေသည်ကို နျန်ယွီယီ မြင်လိုက်ရသည်။


တံခါးအဟကြားမှ လှမ်းချောင်းကြည့်လိုက်စဉ် ရုံးခန်းထဲမှ စားပွဲပေါ်တွင် ပြင်းပြင်းရှရှနမ်းရှိုက်နေသူနှစ်ဦးကို တွေ့သွားခဲ့လေသည်။


နျန်ယွီယီ : “....”


ပါးပြင်ပေါ်မှ ရှက်သွေးဖြာမှုမှာ နားရွက်များအထိသို့ပင် တက်သွားခဲ့ပြီး နျန်ယွီယီ တစ်ကိုယ်တည်းတီးတိုးရေရွတ်လိုက်မိသည်။


“ တမင်တကာလုပ်တာမဟုတ်ပေမယ့် ဘယ်လိုလုပ်ပြီးတော့များ ဒီအရာမျိုးကို တံခါးမပိတ်ဘဲ လုပ်နေကြတာလဲမသိ…”


နျန်ယွီယ အနောက်ပြန်လှည့်လိုက်ချိန်၌ အနည်းငယ်ရုပ်ရှင်ဆန်သွားခြင်းကြောင့် ဖြစ်နိုင်ပေမည်။ နေ့လယ်စာဘူးများမှာ တံခါးဘောင်နှင့်တိုက်မိသွားခဲ့ပြီး အထဲမှ စိတ်အားထက်သန်စွာ နမ်းရှိုက်နေသူနှစ်ဦးကို တုန့်ဆုတ်တွန့်ဆုတ်ဖြင့် ခွာသွားစေသည်။


အတိအကျဆိုရမည်ဆိုလျှင် အပေါ်မှလူသည် ခွာပေးရန်တုံ့ဆိုင်းနေစဉ် ကျိုးအာ့ဟယ် သူ့ကိုအားအနည်းသုံး၍ တွန်းထုတ်လိုက်ခြင်းပင် ဖြစ်သည်။


ကျိုးအာ့ဟယ် နျန်ယွီယီ တံခါးအပြင်ဖက်တွင် ရပ်နေသည်ကို မြင်လိုက်ရမှသာ စိတ်သက်သာရာရသွားပြီး ယခုထိတိုင် မဖယ်ပေးချင်သေးသည့် တစ်စုံတစ်ယောက်ကို ဘေးသို့ဖယ်ထုတ်ပစ်လိုက်သည်။


ကျိုးအာ့ဟယ် အသံကိုနှိမ့်၍ ထပြောလိုက်သည် “ ရင်းကျင်း မင်းစိတ်လွတ်သွားပြီလား…”


နားရွက်တက်ချိတ်မတတ် ပြုံးနေသည့်ရင်းကျင်းမှာမူ ကျိုးအာ့ဟယ် တွန်းဖယ်လိုက်ခြင်းကြောင့် ထရပ်ကာ ဧည့်သည်ထိုင်ခုံတွင် ခြေချိတ်ထိုင်လျက် ကျိုးအာ့ဟယ်ထံ လူယုတ်မာအပြုံး ပြုံးပြနေသည်။


အသေးစိတ်လိုက်ကြည့်မည်ဆိုပါက … ဤသည်မှာ ကျေနပ်ဂုဏ်ယူနေသော အပြုံးတစ်ခုဖြစ်နေပေလိမ့်မည်။


နျန်ယွီယီ ချောင်းအသာဟန့်လိုက်ပြီး ထပ်မံ၍ ထိုကဲ့‌သို့သော မြင်ကွင်းမျိုး ထပ်မမြင်ရစေရန် တံခါးခေါက်နေချိန်အတွင်း ခေါင်းငုံ့ထားလိုက်သည်။


“ ဝင်လာလို့ရပြီ…” ကျိုးအာ့ဟယ် ရင်းကျင်းထံ အကြည့်တချက်ပစ်လွှတ်ကာ အပြင်မှလူကို လှမ်းခေါ်လိုက်သည်။


ထိုသူအတွက် ကောင်းကောင်းပြုမူရန် အသံတိတ်ပြောနေခြင်းပင် ဖြစ်သည်။


“ ဘာတွေယူလာတာတုန်း…” ကျိုးအာ့ဟယ် သူ၏ရှုပ်ပွနေသော စားပွဲကို သပ်သပ်ရပ်ရပ်ဖြစ်သွားရန် ပြန်ရှင်းနေပြီး နျန်ယွီယီကိုင်ထားသော နေ့လယ်စာဘူးများကို သတိပြုမိသွားကာ မသိစိတ်မှ သူ၏အဝတ်အစားများကို စစ်ကြည့်လိုက်မိသည်။


ကံကောင်းစွာဖြင့် ၎င်းတို့မှာ အလွန်အကျွံတွန့်ကြေမနေပေ။


“ အစ်ကိုကျိုးအတွက် နေ့လယ်စာယူလာပေးမယ်ဆိုပြီး ဟင်းနည်းနည်းချက်ခဲ့တာ…” ရှက်နေသေးသည့် နျန်ယွီယီမှ နေ့လယ်စာဘူးကို ချပေးပြီးသည်နှင့် ပြန်ရန်ပြင်လိုက်သည်။


“ ခဏနေပါဦးဟ…” ကျိုးအာ့ဟယ် လှမ်းခေါ်လိုက်ရသည် “ ငါမင်းနဲ့ဆွေးနွေးစရာရှိတယ်…”


ပြောပြီးသည်နှင့် ကျိုးအာ့ဟယ် ရင်းကျင်းထိုင်နေသည့်ခုံကို ဖတ်ခနဲကန်ပစ်လိုက်သည်။


ရင်းကျင်းမှာမူ ထိုင်ခုံနှင့်အတူ အဝေးလွင့်သွားသည့်တိုင် စိတ်ဆိုးသွားခြင်းမရှိဘဲ ပြုံးစိစိဖြစ်နေဆဲပင်။


“ ငါ့အနုပညာရှင်နဲ့ ဆွေးနွေးစရာရှိလို့ မင်းအရင်ပြန်လိုက်တော့… ပြီးတော့  မင်းကိုမတွေ့ချင်ဘူးနော် မျက်စိအောက်ရောက်မလာနဲ့ဦး…”


“ဒါဆိုလည်း ကောင်းပါပြီ‌ဗျာ…” ရင်းကျင်း ထရပ်လာပြီး ထိုင်ခုံကို သူ့နေ

ရာသူပြန်ထားပေးလိုက်သည်။ ထို့နောက် တိတ်တဆိတ် ကိုယ်ကိုကိုင်းကာ ကျိုးအာ့ဟယ်၏ ပါးကိုရွှတ်ခနဲ အမြန်နမ်းလိုက်လေသည်


 “ ကိုယ့်လမ်းနဲ့ကိုယ်နေပါ့မယ်…”


ကျိုးအာ့ဟယ် ထိုသူကို စိုက်ကြည့်လိုက်သည်


 “ လစ်လိုက်တော့… သွား မြန်မြန်သွားချည်…”




🫶