🫶Chapter 45
ရှဲ့ယီနန်ထံမှ ဗီဒီယိုအလွှင့်ခံလိုက်ရသောကြောင့် အွန်လိုင်းပေါ်တွင် တဖန်ပြန်လည်ပေါက်ကွဲလာကြပြန်သည်။
ယွီစစ်ဟန်မှာမူ အင်တာနက်ပေါ်တွင် ဝေဖန်သူများကို ဖြန့်ကျက်ထားပြီး နျန်ယွီယီ၏ ပုံရိပ်ကျဆင်းသွားသည်ကို ထိုင်ကြည့်ရန် ဆုံးဖြတ်ထားခဲ့သည်။
လိုင်းပေါ်မှ တစ်ဖက်သတ်မှတ်ချက်များကိုကြည့်ကာ အဆုံး၌ သူကျေနပ်သွားပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းသို့ သီချင်းတညည်းညည်းဖြင့် ဝင်သွားလိုက်သည်။
ရေမိုးချိုးပြီးနောက် ယွီစစ်ဟန် ဝိုင်နီတစ်ခွက်ပင်ထည့်ပြီး ပြတင်းပေါက်ကိုမှီလျက် နျန်ယွီယီ၏ သနားစဖွယ်အခြေအနေကို မြင်ယောင်ကာ အေးအေးလူလူသောက်နေလိုက်သည်။
အခုလောက်ဆိုရင်တော့ ချောင်လေးမှာခွေပြီး ငိုနေလောက်ပြီထင်တယ်…
ဝိုင်ခွက်ကိုအပြီးသတ်လိုက်ပြီးနောက် ယွီစစ်ဟန် အိပ်စက်ရန် သူ၏အခန်းသို့ ပြန်သွားလိုက်သည်။
နောက်တစ်နေ့ သူနိုးလာချိန်၌ လိုင်းပေါ်ရှိကိစ္စရပ်များမှာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေပြီဖြစ်သည်။
ဝမ်ယင်းခို ယွီစစ်ဟန်ထံ ဖုန်းအကြိမ်ပေါင်းများစွာခေါ်ဆိုထားပြီး အဆုံး၌ သူ၏နေရာသို့ကားမောင်းလာခဲ့ပြီး ဒေါသတကြီးဆူပူကြိမ်းမောင်းလိုက်သည်။
ဝမ်ယင်းခို သူမ၏ပိုက်ဆံအိတ်ကို ယွီစစ်ဟန်ထံ ပစ်ပေါက်လိုက်သည် “ ယွီစစ်ဟန် လိုင်းပေါ်မှပွထနေတာတွေအတွက် ဘယ်လိုဖြေရှင်းမှာလဲ…”
လန့်နိုးလာပြီး ယွီစစ်ဟန် ချက်ချင်းဆိုသလို ဒေါသထွက်လာသည် “ အစ်မစိတ်လွတ်သွားပြီလား…”
“ စိတ်လွတ်သွားတဲ့လူက နင်လို့တော့ ငါထင်တာပဲ…” ဝမ်ယင်းခို အော်ဟစ်လိုက်ပြီး အိတ်ကိုကုန်းကောက်လိုက်ကာ ဖုန်းဆွဲထုတ်၍ ယွီစစ်ဟန်ထံ ပြလိုက်သည် “ သည်ဗီဒီယိုနဲ့ပတ်သက်ပြီး ဘယ်လိုရှင်းမှာလဲ…”
တချက်ကြည့်လိုက်ပြီးနောက် ယွီစစ်ဟန်၏မျက်နှာပေါ်တွင် သွေးရောင်ပျောက်ကွယ်သွားခဲ့သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…” သူရေရွတ်နေမိသည်
“ မဖြစ်နိုင်တာ… ဘယ်သူတင်လိုက်တာလဲ… ဘယ်သူကလဲ…”
“ ဘယ်ဖြစ်မလဲ သည်အကောင့်က ဖုန့်ဟွာနဲ့ဆိုင်တာလေ…” ဝမ်ယင်းခို ပြန်ဖြေလိုက်ပြီး အမြဲတမ်းသပ်ရပ်နေသည့် သူမ၏ဆံပင်များမှာ ဒေါသပေါက်ကွဲမှုကြောင့် ပြေကျလာကာ နှုတ်ခမ်းတွင်သွားကပ်နေသည်
“ ငါ နင့်ကိုဘယ်နှခါပြောရမလဲ… လူသွားတွေ့ရင် သက်သေမချန်ခဲ့ပါနဲ့လို့… အဲ့ဒါတောင် တစ်ဖက်လူကိုသွားရှုပ်ရုံမကလို့ ကားပြတင်းပေါက်ကိုတောင် ဖွင့်ထားလိုက်သေးတာ… နင့်ကိုယ်နင် အရမ်းတွေနာမည်ကြီးနေပြီး အေးချမ်းအောင် အောက်ပြန်ဆင်းဖို့လိုတယ်လို့ တွေးနေတာလားဟဲ့…”
ခေါင်းကိုကိုင်လျက် ဝမ်ယင်းခို ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည် “ ပင်းဟော်ရဲ့ ပီအာဌာနကလည်း သည်ဟာကို မကိုင်တွယ်နိုင်တော့ဘူး… ဗီဒီယိုက ဆိုရှယ်မီဒီယာပေါ်တင်မကဘဲ အင်တာနက်တစ်ခုလုံးမှာ ပွထနေတာ… ငါတို့ အမြန်ဖျက်ဖို့တောင် မမှီလိုက်ဘူး…”
သူမ ရုတ်တရက်ရပ်တန့်လိုက်ပြီးနောက် ယွီစစ်ဟန်နှင့် မျက်နှာချင်းဆိုင်ရပ်ကာ စကားလုံးတိုင်းကို ရည်ရွယ်ချက်ရှိရှိ ပီပီသသပြောလိုက်သည်
“ ယွီစစ်ဟန် နင့်ရဲ့အနုပညာအလုပ်ကတော့ သွားပြီ..”
အလွန်ပြင်းထန်သော အားလျော့မှုတစ်ခုမှာ ယွီစစ်ဟန်အပေါ်ကျရောက်လာသောကြောင့် သူ၏အသံမှာ ခံစားချက်များနှင့်အတူ အက်ကွဲလာသည်
“ ကျွန်တော်တောင်းပန်ပါတယ်… အစ်မ ကျွန်တော်အမှားလုပ်မိသွားပြီ…ဘယ်လိုလုပ်ရမလဲဟင်… ကျွန်တော်တကယ်မဖြစ်ချင်…”
“ အခုမှတော့ ဘာလုပ်ချင်သေးတာလဲ…” ဝမ်ယင်းခို မေးစောင်းလျက် သူ့ထံစိုက်ကြည့်နေသော်လည်း သူမ၏အကြည့်တွင် ဝမ်းနည်းရိပ်များ ပါဝင်နေသည်
“ နင်တင်မကဘူး ငါလည်း အလှောင်ခံလိုက်ရပြီလေ… ပင်းဟော်က ငါ့ကိုလစ်လိုက်ဖို့ ပြောလာတယ်… အခုဆိုရင် အနုပညာရှင်တွေရဲ့ မန်နေဂျာအသိုင်းအဝိုင်းမှာလည်း ငါပိတ်ဆို့ခံလိုက်ရပြီလို့ ..”
“ ယွီစစ်ဟန် နင်ကတကယ့်အရူးပဲ…” ဝမ်ယင်းခို အပြစ်တင်လိုက်ပြီးနောက် ဖိနပ်ဒေါက်ကိုပြန်လှည့်ကာ ထွက်သွားလိုက်သည်။
ယွီစစ်ဟန် အိပ်ရာထဲမှထွက်ကာ တုန်ယင်နေသောလက်များဖြင့် ကွန်ပြူတာကိုဖွင့်ကြည့်လိုက်ရသည်။ ဝေ့ပေါ်ပေါ်သို့ရောက်သည်နှင့် ရေပန်းစားမှုခေါင်းစီးများမှာ သူ၏အမြင်အာရုံကိုပင် ဝေဝါးသွားစေခဲ့သည်။
မျှော်လင့်ချက်အပိုင်းအစလေးဖြင့် အထူးခေါင်းစီးပိုင်းကိုဖွင့်ကာ သူ့ကိုအားပေးနေသေးသည့် သစ္စာရှိပရိသတ်အချို့ ရှိနေသေးပါစေဟု ဆုတောင်းလိုက်မိသည်။
သို့သော်လည်း ပါဝင်သည့်အကြောင်းအရာမှာ သူ၏နောက်ဆုံးမျှော်လင့်ချက်လေးကို ကွဲကြေသွားစေသည်။
[ သောက်ကျိုးနည်း ငါနှစ်တွေအကြာကြီး ဖန်တစ်ယောက်လုပ်လာခဲ့တာ နောက်ဆုံးကြတော့ အပျော်ကောင်လေးတစ်ယောက်ကို အိုင်ဒေါလိုကိုးကွယ်မိသွားတာတဲ့လား ]
[ ဆွံ့အနေရပြီ… တကယ်ကို ပြောစရာစကားလုံးမကျန်တော့တာ…အဲ့သည့်ဗီဒီယိုကိုကြည့်ပြီးနောက် ငါ့မျက်လုံးတွေတောင် စွန်းထင်းသွားသလိုပဲ…ကြည့်ရတာ ငါ့ပိုက်ဆံတွေကို ဘာမဟုတ်တာအတွက် သုံးမိသွားတာပဲ ]
[ ငါဆိုဖွင့်တောင်ဖွင့်မကြည့်ရဲဘူး… ဗီဒီယိုပေါ်ကပုံလေးနဲ့တင် လုံလောက်အောင် အန်ချင်နေပြီ…တကယ်ကြီးကို အဲ့သည့် ဝဝတုတ်တုတ်နဲ့ ရုပ်ဆိုးဆိုး လူအိုကြီးက သူ့ကို ဟောလီးဝုဒ်အဆက်အသွယ်တွေ ယူပေးလာတာလားဟေ ]
[ အမ်းး ငါအိမ်မှာရှိတုန်း ဗီဒီယိုကိုဖွင့်ကြည့်မိတုန်းကဆိုရင် ဘေးမှာထိုင်နေကြတဲ့ ငါ့မိဘတွေလဲ ငါ့လိုပဲအတူတူရှော့ရသွားတာ… သူ့ကိုငါကြိုက်တဲ့ကြယ်ပွင့်ပါလို့တောင် ဝန်မခံရဲဘူး… သည်အတိုင်း ကြုံရာကျပန်း အနုပညာရှင်တစ်ယောက်ပါလို့တောင် နောက်လိုက်ရသေးတယ် ]
[ ဖြတ်သွားဖြတ်လာလေး ရောက်လာပါပြီ… အခုပဲ အကြီးအကျယ် unfollow ရမဲ့ပွဲကို ချပေးလိုက်ပါတယ်… နောက်ဆုံးတော့ သူ့ကိုကာကွယ်ပေးနေတဲ့သူ မရှိကြဘူးပဲ ]
[ ဘာကိုကာကွယ်ရမှာလဲ… ဒီဗီဒီယိုက ပြင်ထားတာ ဒါမှမဟုတ် အကွက်ချထားပါဆိုပြီး ပြောနိုင်တဲ့သူရှိလို့လား ]
[ ဘုရားရေ ဒီဗီဒီယိုကို ဘယ်တုန်းကမှ မကြည့်ခဲ့တဲ့မျက်လုံးတွေရှိဖို့ဆို ငါအများကြီးပေးဆိုပေးမှာ… အံ့ဩစရာပဲ ယွီစစ်ဟန်က ဒါနဲ့ပတ်သက်ပြီး အတော်ကျွမ်းကျင်နေပုံပဲနော် ]
[ အပေါ်ထပ်ကတစ်ယောက်ရေ ကျေးဇူးပြုပြီး အသေးစိတ်ရှင်းမပြလို့ရမလားဟင်…မဟုတ်ရင် ငါ့ညစာကပြန်ထွက်လာတော့မယ်… ဒီလိုလူတစ်ယောက်ကို အားပေးမိတယ်ဆိုတဲ့အချက်နဲ့တင် အန်ချင်လာရလို့ပါ ]
ဖျော့တော့နေသည့်မျက်နှာနှင့်အတူ ယွီစစ်ဟန် တုန်တုန်ယင်ယင်ဖြင့် အထူးရေပန်းစားခေါင်းစီးများထဲမှ ပြန်ထွက်လာလိုက်သည်။
ပြီးပြီ… အားလုံးပြီးသွားပြီ…
****
နျန်ယွီယီမှာ ယွီစစ်ဟန်၏ဗီဒီယိုအကြောင်းကို နောက်ဆုံးသိရသူဖြစ်သည် ရှဲ့ယီနန်မှ သူ့ကိုမပြလာသော်လည်း ရလဒ်အားလုံးကို အကျဉ်းချုံးပြောပြလာသည်။
“ ဒါပေမယ့် အခုအချိန်အတွက်ပဲ မင်းရဲ့ပြဿနာကို ယာယီဖိနှိပ်ထားနိုင်မှာ…တကယ်သေချာဖြေရှင်းဖို့ဆိုရင် ကိစ္စတွေကို ရှင်းလင်းပြဖို့လိုတယ်…” ရှဲ့ယီနန် ပြောရင်းဖြင့် နျန်ယွီယီ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးနေသည်။
“ ဒါပေမယ့်လည်း…” နျန်ယွီယီ တီးတိုးရေရွတ်လျက် ပေါင်ပေါ်လက်တင်ကာ ခေါင်းငုံ့ထားမိသည်။
သူ၏အမည်ကိုရှင်းလင်းရန်မှာ ရိုးရှင်းကြောင်း သူသိနေသည့်တိုင် ကြောက်နေမိသေးသည်။
သူ၏ငယ်သူငယ်ချင်းမှ စွန့်ပစ်သွားစဉ်အခါကကဲ့သို့ ထပ်ပြီးစွန့်ပစ်ခံရမည်ကို သူကြောက်နေမိသည်။
သူတို့ကလေးဘဝတွင် အတူတူပျော်ရွှင်စွာ ဆော့ကစားခဲ့ကြပြီး ထိုသူမှာ သူ့အပေါ် အလွန်ကောင်းစွာဆက်ဆံပေးပြီး နျန်ယွီယီကို သူ၏အချစ်ဆုံးသူငယ်ချင်းဟုပင် ကြေငြာပေးခဲ့သည်။
သို့တိုင်အောင် အဆုံး၌ မည်သို့မည်ပုံဖြင့် ထိုသူလည်း အခြားသူများနှင့်ပူးပေါင်းကာ နျန်ယွီယီကို လှောင်ပြောင်ခဲ့ရသည်နည်း။
ကျောင်းဆင်းပြီးချိန် သန့်စင်ခန်းထဲတွင် ပိတ်ထားခံခဲ့ရသော မိုးရွာသည့်နေ့တစ်နေ့မှ မှတ်ဉာဏ်များမှာ သူ့ထံစီးဝင်လာခဲ့သည်။
သူ၏အရင်းနှီးဆုံးသူငယ်ချင်းဟု သတ်မှတ်ထားသော ထိုသူမှာ တံခါးအနောက်တွင်ရပ်ကာ နျန်ယွီယီကို ခြောက်လှန့်ရန်အကောင်းဆုံးနည်းများနှင့် သူ့အပေါ်မည်ကဲ့သို့ လှောင်ပြောင်ရမည်ကို ပြောလျက်ရယ်မောနေခဲ့သည်မှာ အနာကျင်ဆုံးဖြစ်စေခဲ့သည်။
“ နျန်နျန်…” ဖန်ကျုံးချွမ်း အနောက်မှရောက်လာသည် “ နောက်ထပ်တစ်နည်းတော့ရှိသေးတယ်..”
“ ဘယ်လိုနည်းလဲ…” ရှဲ့ယီနန် မေးလာသည်။
ရှဲ့ယီကျိုးသည်လည်း သဘောပေါက်သွားခဲ့သည်
“ တကယ်ပဲ နည်းတစ်နည်းရှိသေးတယ်… ဒါပေမယ့် ဖန်တချို့ကိုတော့ ဆုံးရှုံးရလိမ့်မယ်…”
သူတို့၏လျှို့ဝှက်ပြောစကားကြောင့် ပဟေဠိဖြစ်နေရသူ ရှဲ့ယီနန်မှ ရှဲ့ယီကျိုးထံ လှမ်းကြည့်ပြီး ရှင်းပြလာသည်ကို စောင့်ဆိုင်းနေသည်။
“ ဖန်ကျုံးချွမ်းက နျန်နျန့်ကို ဝေ့ပေါ်မှာ ပထမဆုံး Follow လုပ်တဲ့သူဖြစ်လာတယ်မဟုတ်လား…” ရှဲ့ယီကျိုးမှ ရှင်းပြလိုက်သည်
“ ဒီတစ်ခေါက်တော့ တဆင့်ထပ်တိုးပြီး နျန်နျန့်ကို သူ့အိမ်မှာ ဧည့်သည်လာလုပ်ဖို့ ဖိတ်ခေါ်တယ်ဆိုပြီး ထုတ်ပြန်လိုက်လေ…”
“ ကျွန်တော်တို့လည်း ပုံနည်းနည်းလောက်တွဲပြီး အဖွဲ့လိုက်ဆုံကြသလို လုပ်လို့ရတာပေ့ါ…”
“ တကယ်ပဲ ဒီဟာက ဖြေရှင်းနည်းဖြစ်လိမ့်မယ်…” ရှဲ့ယီနန် မေးကိုပွတ်လျက် ပြောလာသည်
“ အဲ့ဒါက နျန်နျန်ရဲ့ ခြံခုန်ကူးတဲ့ဖန်တချို့ကို စစ်ထုတ်ပေးပြီး သစ္စာရှိတဲ့ဖန်တွေပဲ အခိုင်အမာကျန်ရစ်ခဲ့လိမ့်မယ်…”
“ ဒါဆိုရင် သည်အတိုင်းပဲ အခြေကျသွားပြီနော်…”
နျန်ယွီယီအပေါ် သနားနေမိသည့် ရှဲ့ယီကျိုးမှ ပြောလိုက်သည်
“ အစ်ကိုကြီး မင်းအဲ့ဒါကိုလုပ်သင့်တယ်… ခဏနေကြရင် ကျွန်တော်တို့ နျန်နျန်ကိုခေါ်ပြီး ညလယ်စာထွက်စားကြတာပေါ့…”
ဖန်ကျုံးချွမ်းစကားစပြောစဉ်ကတည်းက နျန်ယွီယီက ဖန်ကျုံးချွမ်းကိုကြည့်နေပြီး ရှဲ့ယီကျိုးမှ ပြီးပြည့်စုံသော အစီအစဉ်ကို ထုတ်လာချိန်တွင် ရှဲ့ယီကျိုးထံပြောင်းကြည့်လိုက်ကာ အဆုံး၌ ဖန်ကျုံးချွမ်းစီသို့ ပြန်လှည့်ကြည့်လိုက်သည်။
ဖန်ကျုံးချွမ်းမှာမူ သူ၏လည်ကုပ်ကို အသာအယာပွတ်ကာ နှစ်သိမ့်ပေးရန် ကြိုးစားလာသည်။
ညနှစ်နာရီထိုးလုထိုးခင် ဖြစ်နေသည့်တိုင် မည်သူကမှ ပင်ပန်းသည်ဟုမခံစားကြရချေ။ အနားယူရန်ပြန်သွားကြသည့် ရှဲ့လို့နှင့် လင်းရီယွဲ့မှလွဲ၍ လူတိုင်းမှာ ဧည့်ခန်းထဲတွင် ဆက်ထိုင်နေကြသည်။
ရှဲ့ယီနန် ခပ်မြန်မြန်လှုပ်ရှားလိုက်သည်။ သူနှင့်ရှဲ့ယီကျိုးတို့ ချင်အန်းသို့လာသည့် လုံခြုံရေးကင်မရာမှ သက်သေဆွဲထုတ်ကာ ဓာတ်ပုံအနည်းငယ်ရွေး၍ ပီအာအဖွဲ့သို့ ကိုင်တွယ်ဖြေရှင်းရန် ပို့ပေးလိုက်သည်။
ရင်းကျင်းသည်လည်း လျှင်လျှင်မြန်မြန် အလုပ်လုပ်ခဲ့ပြီး ခဏအကြာတွင် လိုင်းပေါ်ရှိ နျန်ယွီယီအပေါ် လူထုအမြင်မှာ စတင်ပြောင်းလဲလာသည်။
[ အမှန်အတိုင်းပြောရမယ်ဆိုရင် သူက လိမ္မာတဲ့ကလေးလေးပုံပေါက်တယ်နော် ]
[ ဒီနေ့အတွက်တော့ ဒရာမာတွေများလွန်းနေပြီ… ငါ့မှာ ဖရဲခင်းထဲဖြတ်သွားမိသလိုကို ခံစားနေရတာ ]
[ ဘယ်နားကို ကလေးလို့မြင်နေတာလဲ… နျန်နျန်က ၂၂နှစ်တောင်ဖြစ်နေပြီနော်…သူက လုံလောက်အောင် ရင့်ကျက်ပုံပေါ်ပြီးသား… ဖြစ်နိုင်မယ်ဆိုရင်ဘသူ့အသက်ကို အမြင်တွေနဲ့ မဖုံးပစ်စမ်းပါနဲ့လား ]
[ ငါ့ကိုရှော့အဖြစ်စေဆုံးအရာကတော့ စီအီးအိုရယ် ဖန်ကျုံးချွမ်းရယ် ငါ့ယောင်္ကျားရယ်က ထမင်းအတူစားခဲ့တာကြတာပဲ…ကမ္ဘာခြားနေတဲ့ နံရံကြီး ပြိုကျသွားပြီဟေ့ ]
[ ယောင်္ကျားဆိုတာ ဘာကိုပြောတာလဲ… ရှဲ့ယီကျိုးကိုဆိုလိုချင်တာလား ရှဲ့ယီနန်ကိုဆိုလိုချင်တာလား…ဖန်နဲ့ရှဲ့လုပ်ငန်းစုနှစ်ခုစလုံးက မကြာသေးမီ နှစ်တွေကတည်းက ခဏခဏပူးပေါင်းခဲ့ကြတာလေ… သူတို့အတွက် ထမင်းအတူစားတာပုံမှန်ပါပဲ…ဒါပေမယ့် နျန်နျန်ပါနေတာကိုတော့ မမျှော်လင့်မိခဲ့ဘူး…သူက မိဘမဲ့ဂေဟာကလာတာမဟုတ်ဘူးလား ]
[ ငါလည်းထူးဆန်းတယ်လို့ ခံစားမိတယ်… သူ့ကို နည်းနည်းတော့သဘောကျခဲ့ဖူးပေမယ့် အခုမဟုတ်တော့ဘူး ]
[ တကယ်ကြီးလား… အခုချိန်မှာ နည်းနည်းသဘောကျရုံလေးနဲ့ ဖန်ဒမ်ထဲဝင်ဖို့ အရည်အချင်းပြည့်မီသွားပြီလားဟင်… ဒါကြီးက ထူးဆန်းတယ်လို့ ခံစားရလို့ ထွက်သွားတော့မယ်နော် ]
လူထုအမြင်ပြေလျော့သွားသည်ကို မြင်တွေ့ရမှသာ ရှဲ့ယီကျိုး စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်ခဲ့သည်။
“ ဗိုက်ဆာနေပြီလား…” ဖုန်းကိုင်ထားစဉ် ရှဲ့ယီကျိုး နျန်ယွီယီထံလှမ်းမေးလိုက်သည်။
နျန်ယွီယီတစ်ယောက် ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်မိသည်။
ဖန်ကျုံးချွမ်းမှာမူ အချို့သောအကြောင်းပြချက်များကြောင့် ကြက်ပေါက်လေးတစ်ကောင် အစာကောက်နေပုံကို ပြေးမြင်မိသွားသည်။
သူတို့လေးဦး ညလယ်စာစားရန် ကားမောင်းသွားလိုက်ပြီး နံနက်မိုးလင်းခါနီးမှသာ ပြန်ရောက်လာကြသည်။
ကားထဲတွင် နျန်ယွီယီ ဖန်ကျုံးချွမ်း၏ဘေးတွင်ထိုင်ကာ သမ်းဝေလျက် မျက်လုံးထောင့်မှ မျက်ရည်စီးကျနေခဲ့သည်။
“ ပင်ပန်းနေပြီလား…” ဖန်ကျုံးချွမ်းမှ ခရီးသည်တင်ထိုင်ခုံကို အနောက်သို့လှန်ပေးလိုက်သည် “ ခဏမှေးလိုက်ချည်…”
“ အင်းးးး အစ်ကိုနဲ့စကားပြောနေမယ်လေ…” နျန်ယွီယီ ထပ်မံသမ်းဝေလိုက်သည်။ သူ၏မျက်ခွံများ လေးလံနေသော်လည်း နိုးကြားလာစေရန် ကားပြတင်းပေါက်မှန်ကိုချလိုက်သည် “ အစ်ကိုလည်း ညလုံးပေါက်နေရတာပဲဟာကို…အဖော်လုပ်ပေးရမှာပေ့ါ..”
နျန်ယွီယီမှာ ပင်ပန်းနေသည့်တိုင် သူ့အတွက်အဖော်လုပ်ပေးချင်နေသည်ကို မြင်လိုက်ရသဖြင့် ဖန်ကျုံးချွမ်း အသံတိတ်ရယ်လိုက်မိကာ သူ၏အေးစက်စက်အမူအရာမှာ အရည်ပျော်ကျသွားခဲ့သည်
“ ကလေးလေး ကိုယ်ကအဆင်ပြေပါတယ်ကွာ… နည်းနည်းအိပ်ထားလိုက်နော်…”
“ တကယ်လား…” ယခုအချိန်တွင် နျန်ယွီယီ၏အသံမှာ နှာသံပင်ပေါက်နေခဲ့လေသည်။
“ အင်း တကယ်…”
သို့တိုင်အောင် နျန်ယွီယီ အလွန်ပင်ပန်းနေသော်လည်း အိပ်ရန်ငြင်းပယ်ကာ ခေါင်းမာမာဖြင့် ဖန်ကျုံးချွမ်းကို စကားပြောပေးနေသည်။
အိမ်သို့ပြန်ရောက်သည်နှင့် နျန်ယွီယီ ဆိုဖာပေါ် အပြေးလဲကာ ထရန် အပြင်းအထန်ငြင်းဆိုနေသည်။
“ ဟင့်အင်း သည်မှာပဲ အိပ်လိုက်ချင်တာလို့…” မျက်လုံးများမှိတ်ထားသည့် နျန်ယွီယီမှ ဖန်ကျုံးချွမ်း၏လက်ကိုရှောင်ကာ ပြောလိုက်သည်။
ဖန်ကျုံးချွမ်း ကော်ဇောပေါ်တွင် ဒူးထောက်လိုက်ပြီး စတင်အိပ်ပျော်လာသည့် နျန်ယွီယီကို ငုံ့ကြည့်ကာ သူ၏မျက်နှာပေါ်တွင် အလျော့ပေးသည့် အရိပ်အယောင်ပေါ်လာသည်။
အဆုံး၌ သူ ကိုယ်ကိုကိုင်းညွှတ်လိုက်ပြီး နျန်ယွီယီ၏နှာခေါင်းလေးကို အနမ်းဖွဖွပေးကာ အပေါ်ထပ်သို့သယ်လာပေးလိုက်သည်။
နျန်ယွီယီ နိုးလာချိန်၌ ညနေခင်းအချိန်သို့ပင် ရောက်နေခဲ့လေပြီ။
နေဝင်ချိန်၏လိမ္မော်ရောင်သမ်းနေသော နွေးထွေးသည့်အခန်းထဲတွင် နျန်ယွီယီ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့သည်။
အိမ်တွင်းစီးဖိနပ်ပါးဝတ်ဆင်ထားသော နျန်ယွီယီမှ လိုက်ကာကိုပြန်ဆွဲလိုက်ရာ အခန်းထဲရှိ လိမ္မော်ရောင်မှာ ပို၍တောက်ပလာသည်။
ပြတင်းပေါက်ကိုမှီလျက် နေရောင်ခံနေစဉ် တစ်နေကုန်အစာမရှိထားသော သူ၏ဝမ်းဗိုက်မှာ အဆုံး၌ အော်မြည်လာခဲ့သည်။
အရမ်းဗိုက်ဆာတာပဲ…
နျန်ယွီယီ လှေကားမှဆင်းလာချိန်၌ ယမန်နေ့ညတွင် သူဆိုဖာပေါ်တွင် အိပ်ပျော်ခဲ့ပုံကို နောက်ကျမှပြန်သတိရလာသည်။
သည်လိုဆိုရင် ဖန်ကျုံးချွမ်းက သူ့ကိုအပေါ်ထပ်အိပ်ရာအထိ သယ်သွားပေးခဲ့တာလား…
နျန်ယွီယီ သူအိပ်ပျော်ပြီးနောက် မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို စတင်တွေးတောလိုက်မိသည်။
တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ…
မမှတ်မိနိုင်သည့်အတွက် ယခုအချိန်၌ ထိုအရေးကိုဘေးချကာ သူ၏ဆာလောင်မှုကို ဖြေရှင်းရန် မီးဖိုချောင်ထဲသို့သွားလိုက်သည်။
ရှဲ့ညီအစ်ကိုများမှ ကြိုတင်အသိပေးထားခဲ့သောကြောင့် အဒေါ်ကြီးမှာ နေ့လယ်စာအတွက် ချက်ပြုတ်ပေးထားပြီး နျန်ယွီယီနိုးလာသည်နှင့် ပြန်လည်အပူပေးကာ ထမင်းစားစားပွဲပေါ် တည်ခင်းပေးလိုက်သည်။
ကျေနပ်မှုအပြည့်နှင့် စားသောက်ပြီးနောက် နျန်ယွီယီ အဆုံး၌ နောက်ဆုံးရသတင်းအချို့ကိုစစ်ရန် အွန်လိုင်းပေါ်သို့တက်လာခဲ့သည်။
ယွီစစ်ဟန်၏ဗီဒီယိုမှာ မသင့်လျော်သည့်အရာ ပါဝင်မှုကြောင့် ကွန်ယက်တစ်ခုလုံးတွင် ဖျက်ချခံခဲ့ရသော်လည်း ၎င်းနှင့်ပတ်သက်သော အတင်းအဖျင်းများမှာ ဝေ့ပေါ်တွင် ပလူပျံနေဆဲပင်။
ယွီစစ်ဟန်မှာ ယခုအချိန်တွင် ပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပြီး သူနှင့်ယခင်ရင်းနှီးခဲ့သော အနုပညာရှင်များသည်ပင် မရင်းနှီးကြောင်း ပွင့်ပွင့်လင်းလင်းကြေညာနေကြသည်။
ပင်းဟော်ဖျော်ဖြေရေးကုမ္ပဏီ၏ တရားဝင်ဝေ့ပေါ်တွင်မူ ယွီစစ်ဟန်မှာ စာချုပ်ပါအချက်အလက်များကို ချိုးဖောက်ခဲ့ခြင်းကြောင့် တရားဥပဒေအရ အရေးယူခြင်းနှင့် ဆက်သွယ်မှုများအား ဖြတ်တောက်ခြင်းတို့ကို ထုတ်ပြန်ကြေငြာခဲ့ပြီး ပို၍နက်ရှိုင်းသော အငြင်းပွားဖွယ်ကိစ္စထဲသို့ တွန်းပို့ခဲ့သည်။
ဖုန်းမျက်နှာပြင်ကိုထောက်ကာ နျန်ယွီယီ သူ့အတွက် လုံးလုံးမခြားနားနေသကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် သူ၏ဖန်ဒမ်းအတွင်းမှ ခေါင်းစီးများကိုစစ်ကြည့်လိုက်ရာ ပို့စ်များမှာ ပရိသတ်များ၏ ပုံမှန်အတိုင်းချစ်မြတ်နိုးနေကြဖြစ်သော သာမန်အခြေအနေသို့ ပြန်ရောက်သွားပုံပင်။
အချိန်တစ်ခုကြာစဉ်းစားပြီးနောက် နျန်ယွီယီ သူ၏ပရိသတ်များကို စိတ်အေးသွားစေရန် တိုက်ရိုက်ထုတ်လွှင့်မှု လုပ်နိုင်မလားဟူ၍ ကျိုးအာ့ဟယ်ထံ စာပို့ပြီးမေးလိုက်သည်။
ကျိုးအာ့ဟယ်မှ စာပြန်လာသည် : [ သေချာတာပေါ့ လုံးဝရတယ်…မင်းငါ့အကူအညီကော လိုသေးလား ]
နျန်ယွီယီ : [ မလိုတော့ဘူး ကျွန်တော် ကြောင်အခန်းထဲကနေပဲ လွှင့်လိုက်မယ်… ဒီအတိုင်း ဖန်တွေနဲ့စကားပြောရုံလေးပဲဟာ ]
ကျိုးအာ့ဟယ် : [ ကောင်းပြီလေ ဘယ်တိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကို သုံးမှာလဲ ]
နျန်ယွီယီ : [ ဖန်အဖွဲ့ရဲ့ပလက်ဖောင်းဖြစ်တဲ့ ရွှမ်းမူတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကိုလေ… သူ့စီကနေလည်း အကျိုးအမြတ်လေး နည်းနည်းပါးပါး ရလိုရငြားတောင်းရတာပေါ့ ဟဲဟဲ ]
ကျိုးအာ့ဟယ် : [ ဟုတ်ပြီ တိုက်ရိုက်ထုတ်လွှင့်မှုစရင် ဝေ့ပေါ်လည်း ကြေငြာဖို့မမေ့နဲ့ဦးနော် ]
နျန်ယွီယီ : [ ဟုတ်ကဲ့ပါဗျာ ]
🫶