Chapter 44
Viewers 8k

🫶Chapter 44




“ ဘာလို့ဖန်ကျုံးချွမ်းက အဝါးခံထားရတာလဲ…သူကတော့ သည်အခြေအနေမှာ နာမည်တပ်ခံရဖို့ မထိုက်တန်ဘူးလား…”


ကျိုးအာ့ဟယ် ပါးစပ်ဖွင့်လိုက်ပြီးနောက် ပြန်ပိတ်သွားကာ အဆုံး၌ လက်လျော့လိုက်သည်


 “ မင်းရဲ့ဦးစားပေးမှုတွေကတော့ တကယ်ထူးခြားတာပဲ…”


သူ စိုးရိမ်နေခဲ့ရသော်လည်း လက်ရှိတွင် သူ၏စိုးရိမ်စိတ်များမှာ အချည်းနှီးဖြစ်သွားရသည်။


ညွှန်ကြားချက်အချို့ပေးလိုက်ပြီးနောက် ကျိုးအာ့ဟယ်မှာ ထိုကိစ္စကိုကိုင်တွယ်ရန် ဖုန်းချလိုက်ချိန်၌ နျန်ယွီယီမှာမူ ဝေ့ပေါ်တွင် မန့်များဆက်ဖတ်နေခဲ့သည်။


[ အမလေးလေး ဒီဟာက ငါနောက်ဆုံးတွေ့လာတဲ့ အတင်းအဖျင်းတဲ့လား ]


[ ချင်အန်းလား… ဖုန့်ဟွာက ချင်အန်းအရှေ့က အဆင့်မြင့်တိုက်ခန်းတွေမှာ သီးသန့်ဆောင်ထားပေးတယ်မလား… သူ့ဘာသူ ဒီအတိုင်းသူငယ်ချင်းနဲ့ လမ်းလျှောက်ထွက်တာဖြစ်မှာပေါ့…ပုံမှန်ပဲမဟုတ်ဘူးလားဟေ ]


[ အပေါ်ထပ်ကလူကို ချင်အန်းအကြောင်း ရှင်းပြရမယ်ဆိုရင် ချင်အန်းက တစ်နေရာထဲမှာပဲ ဗီလာနဲ့ တိုက်ခန်းကျယ်ရပ်ကွက်နှစ်ခုလုံးရှိတယ်ဆိုပေမယ့် နေရာနှစ်ခုကို မဆက်ထားဘူးလေ…တိုက်ခန်းနေရာကနေ ဗီလာဖက်ကို လမ်းလျှောက်ထွက်လို့မရဘူး… သည်တော့ကာ…]


[ ဒီလိုဆိုရင် တစ်စုံတစ်ယောက်က နျန်ယွီယီကို ဗီလာထဲခေါ်သွင်းခဲ့တာလား ]


[ ဘုရားရေ ငါ့အိမ်ပြိုကျပြီလားဟင် ]


[ အခုထိတော့ ဖုန့်ဟွာဖက်ကနေ ဘာမှထုတ်ပြန်လာတာမရှိသေးဘူး… ငါတော့ သူတို့ဆီကဟာကိုပဲ စောင့်နေမိတယ် ]


[ ဘာလို့များ နျန်ယွီယီက ဗီလာတစ်လုံးဝယ်နိုင်တယ်လို့ ထည့်မစဉ်းစားကြတာလဲဟင်… အရင်တုန်းကဆိုရင်လည်း လူသစ်လို့ လူတွေယူဆကြပေမယ့် တကယ်တမ်း ချမ်းသာနေပြီး သူတို့ဘာသာ အိမ်ဝယ်တဲ့အဖြစ်မျိုးရှိခဲ့တာပဲလေ ]


[ ငါ ဒီဟာကိုသိတယ်… ငါက ဖုန့်ဟွာမှာ သူတို့စာချုပ်လက်မှတ်ထိုးတာကို တာဝန်ယူပေးရတဲ့နေရာကလေ…နျန်ယွီယီရဲ့မှတ်တမ်းအရဆိုရင် သူ့မှာ ဘာမိသားစုမှ မပြထားဘူး.. ကြည့်ရတာ မိဘမဲ့ဂေဟာက လာတာထင်တယ် ]


[ မိဘမဲ့ဂေဟာကလား အရမ်းသနားဖို့ကောင်းတာပဲဟယ် ] 


နျန်ယွီယီ အစပိုင်းတွင် ကွန်မန့်များကို ပျော်ပျော်ကြီးဖတ်နေမိပြီး သူ့ကိုမုန်းတီးနေကြသူများသည်ပင် စိတ်တိုစေရန်မတတ်နိုင်ကြချေ။ သို့သော်လည်း စကားဝိုင်းမှာ သူ၏မိဘမဲ့ဂေဟာမှအကြောင်းသို့ ပြောင်းသွားချိန်တွင် နျန်ယွီယီ၏အမူအရာမှာ မှောင်မိုက်သွားလေသည်။


မှတ်ချက်နေရာမှထွက်ကာ စိတ်ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး သူ့ကိုယ်သူအတွက် သံပုရာဆိုဒါတစ်ခွက် သွားဖျော်ရန်ဆုံးဖြတ်လိုက်သည်။


ဖျော်ရည်ပြင်ပြီးနောက် နျန်ယွီယီ တစ်ငုံသောက်လိုက်သည်။ စူးရှသောအချဉ်အရသာမှာ စပ်ဖျင်းဖျင်းခံစားချက်နှင့်အတူ ပေါင်းစပ်ပြီး သူ၏ပါးစပ်ထဲတွင် ပြည့်သွားခဲ့သည်။


လိုင်းပေါ်တွင်ဖြစ်ပျက်နေသည်များကို မသိနိုင်သည့် ထျန်ထျန်မှာမူ နေရောင်ရသည့် လှေကားတစ်နေရာတွင်လဲလျက် အမွှေးများကိုဖြီးသင်နေပြီး အမြီးကိုလှုပ်ယမ်းနေသည်။


“ အရမ်းချဉ်တာပဲ…” နျန်ယွီယီ ခွက်ကိုပြန်ချထားလိုက်ရပြီး အချဉ်ဓာတ်ကြောင့် သွားများကျိန်းလုမတတ် ဖြစ်နေရသည်။


တံခါးဘဲလ်မှာ ရုတ်တရက်မြည်လာပြီး တံခါးဖွင့်ဖွင့်ခြင်း နျန်ယွီယီ တင်းကြပ်စွာပြေးဖက်ခံလိုက်ရသည်။


“ နျန်နျန်အဆင်ပြေရဲ့လား…” 


ရှဲ့ယီကျိုးမှ သူ့ကိုစိုးရိမ်တကြီးပွေ့ဖက်လာပြီး အပြေးအလွှားလာခဲ့ရသောကြောင့် နဖူးတွင်ချွေးများစို့နေခဲ့သည်။


ရုတ်တရက်အဖက်ခံလိုက်ရသဖြင့် ကြောင်အသွားပြီး နျန်ယွီယီ ရှဲ့ယီကျိုး၏လက်မောင်းကြားတွင် ရုန်းကန်နေမိသော်လည်း ဆံပင်များပွသွားရုံမှလွဲ၍ များစွာအရာမရောက်လိုက်ပေ။


“ ဒုတိယအစ်ကိုရေ လွှတ်ပါဦး ကျွန်တော်အသက်တောင် မနည်းရှုနေရပြီ…”


ထိုစကားကိုကြားမှသာ ရှဲ့ယီကျိုး သူ့ကိုအမြန်လွှတ်ပေးလာသည်။


“ ကျွန်တော်အဆင်ပြေပါတယ်…” လွတ်သွားသည်နှင့် နျန်ယွီယီ အသက်ရှုမကြပ်သွားစေရန် အသက်ကို ပြင်းပြင်းရှုရှိုက်လိုက်ရသည်။


“ ဝေ့ပေါ်ကကိစ္စနဲ့ပတ်သက်လို့…”


“ ကျွန်တော်သိပါတယ်…” ရှဲ့ယီကျိုး ဝေ့ပေါ်မှကိစ္စကြောင့် အပြေးလာမည်ဟု နျန်ယွီယီ ထင်မထားမိခဲ့ချေ “ ကိစ္စကြီးမဟုတ်ပါဘူး… ကျွန်တော်တို့ မှတ်ချက်နည်းနည်းလောက်ကိုပဲ ဖိပေးလိုက်ဖို့လိုတာပါ… အချိန်တစ်ခုကြာသွားပြီးရင် လူတွေလည်း မေ့မေ့ပျောက်ပျောက်ဖြစ်သွားလိမ့်မယ်…”


နျန်ယွီယီ ရှုပ်ထွေးနေဟန်ဖြင့် ပြောလိုက်သည်


 “ ဒုတိယအစ်ကိုလည်း အရင်က သည်လိုကိစ္စမျိုးဖြစ်ဖူးတာပဲဟာ…ဒီဟာမျိုးက ပုံမှန်ပါပဲ…”


တကယ်ပဲ ပုံမှန်ဖြစ်ရဲ့လား…


တကယ့်ကို ပုံမှန်ကိစ္စတစ်ခုဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်တွင် မည်သည့်အနုပညာရှင်မဆို ကောလာဟလများနှင့်ကြုံခြင်း သို့မဟုတ် အချို့သောအပုပ်အပွများဖော်ခြင်းမျိုး မခံဖူးမည်နည်း။


အမှန်နှင့်အမှားမှာ ရောထွေးနေသောကြောင့် လူထုမှာ ခွဲခြားနိုင်ကြမည်မဟုတ်ချေ။ အချို့သောကြယ်ပွင့်များမှာ မှားယွင်းစွပ်စွဲခံရသော်‌လည်း မီးရောင်အောက်သို့ ပြန်တက်မလာနိုင်ဘဲ အချို့မှာမူ အစစ်အမှန်ကိုဖော်ထုတ်ခံရလျှင်ပင် လှည့်ကွက်သုံး၍ ပရိသတ်သန်းချီပြန်ရယူနိုင်သည်။


ရှဲ့ယီကျိုး ထိုကိစ္စကို အချိန်အတော်ကြာကပင် ကျင့်သားရခဲ့ပြီးဖြစ်သည်။ ဖျော်ဖြေရေးနယ်ပယ်ထဲတွင် နှစ်အတန်ကြာကျင်လည်ခဲ့ပြီးနောက် လူ့သဘာဝမှာ ဈေးအပေါဆုံးအရာဖြစ်ကြောင်း သူယုံကြည်မိသည်။


ရှဲ့ယီကျိုး နျန်ယွီယီကို ထပ်မံဖက်လိုက်ပြီး ဆံပင်ကိုအသာအယာသပ်ပေးလိုက်သည်။


“ အပြီးသတ်ရှင်းဖို့ သိပ်မကြာတော့ပါဘူးကွာ…”


အစည်းအဝေးခန်းမှ ထွက်လာပြီးနောက် ရှဲ့ယီနန် သတင်းရလာသည်နှင့် ချက်ချင်းဆိုသလို ကုမ္ပဏီရဲ့ပီအာအဖွဲ့ကို အခြေအနေအားကိုင်တွယ်ရန် ညွှန်ကြားလိုက်သည်။


ရက်အနည်းငယ်သာ အနားယူရသေးသော ရင်းကျင်းမှာ ထပ်မံ၍အချိန်ပိုဆင်းလိုက်ရပြန်သည်။ သူ၏ဆံပင်ကိုဆွဲကာ ကွန်ပြူတာရှေ့တွင်ထိုင်၍ နည်းဗျူဟာများချမှတ်နေရပြီး ထိုအရာအားလုံးမှာ ကျိုးအာ့ဟယ်မှ ဖိအားပေးနေစဉ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။


ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပေးပြီးနောက် ရှဲ့ယီနန် ချင်အန်းသို့ အမြန်မောင်းလာရာ လမ်းတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် မိဘများနှင့်သွားဆုံခဲ့သည်။


“ အားကျိုးပြောတာတော့ နျန်နျန်က အခုစိတ်အခြေအနေကောင်းပါတယ်တဲ့…” ရှဲ့ယီကျိုး ကပျာကယာမိဘများကို နှစ်သိမ့်လိုက်ရသည်


 “ အမေစိတ်မပူနဲ့နော်…”


“ အမေက ဘယ်လိုများစိတ်မပူဘဲ နေနိုင်မှာလဲကွယ်…” ယနေ့မနက်တွင် သားငယ်လေး၏ အဓိကစာမျက်နှာကို ပျော်ပျော်ကြီးဝင်ကြည့်ရန်လာခဲ့သော်လည်း သူမဝေ့ပေါ်သို့ရောက်သည်နှင့် အဆိုးဘက်ရောက်သည့် မှတ်ချက်အများအပြားကို မြင်လိုက်ရသောကြောင့် ရှော့ရသွားခဲ့သည်


 “ ဘယ်သူက အချက်အလက်တွေကို ပေါက်ကြားစေခဲ့လဲဆိုတာ သိရပြီလား…”


“ ကျွန်တော်တို့ ချင်အန်းနဲ့ဆွေးနွေးနေပါတယ်…” ချင်အန်းမှာ လုံခြုံရေးနှင့်ပတ်သက်လျှင် စိတ်ချနိုင်သည့် အဆင့်မြင့်ဗီလာရပ်ကွက်ဖြစ်သည်။ ထို့အတွက်ကြောင့် ၎င်း၏ လုံခြုံရေးကင်မရာကို တောင်းယူရန်မှာ အနည်းငယ်စိန်ခေါ်ရာရောက်သည် “ သူတို့ကပေးဖို့ တွန့်ဆုတ်နေကြတယ်… ခဏလေး…”


ရှဲ့ယီနန် မိဘများကိုရှင်းပြနေစဉ် ရုတ်တရက် သူ၏ဖုန်းထဲသို့ ဖိုင်တစ်ခုဝင်လာခဲ့သည် “ လုံခြုံရေးကင်မရာကဗီဒီယိုရလာပြီ…”


ပေးပို့လာသူမှာ ထိုကိစ္စကိုကိုင်တွယ်ရန် စေလွှတ်ထားသော သူ၏လက်ထောက်မဟုတ်ဘဲ ဖန်ကျုံးချွမ်း‌ဖြစ်နေသည်။


“ အဖေမေ့သွားတာ… ချင်အန်းကို ဖန်အဖွဲ့က ရင်းနှီးမြုပ်နှံမှုတွေနဲ့ တည်ထောင်ထားတာလေ…” ထို့နောက်တွင်မှသာ ရှဲ့လို့သတိရသွားခဲ့သည်။


ရှဲ့ယီနန်ထံ ဖန်ကျုံးချွမ်းပေးပို့လာသည့်ဖိုင်မှာ မတူညီသောရှုထောင့်သုံးခုမှနေ၍ လူတစ်ဦးတည်း၏ မတူညီသောရိုက်ချက်များကို ပြသပေးနေသည့် ဗီဒီယိုကလစ်များဖြစ်သည်။


ပထမဗီဒီယိုတွင် အိမ်ရာဝင်း၏ဝင်ပေါက်ကို ပြသထားသည်။ ယွီစစ်ဟန်မှာ အနက်ရောင်ကားတစ်စီးထဲတွင် အနည်းငယ်ဝဖိုင့်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦးနှင့် အတူရှိနေပြီး သူ၏လက်ကို ထိုသူ့ပေါင်ပေါ်တင်ထားခဲ့သည်။ အိမ်ရာဝန်းထဲတွင် ပါပါရာဇီမရှိသောကြောင့် လုံခြုံပြီဟုပင်မှတ်ယူထားကာ ကားပြတင်းပေါက်တံခါးများကိုပင် ချထားခဲ့သည်။


ဒုတိယဗီဒီယိုထဲတွင်မူ ဗီလာဝင်ပေါက်ကိုပြသထားသည်။ ဒါရိုက်ဘာမှ ကားထဲတွင်ရှိနေစဉ် အပေါ်ပိုင်းတွင် လေကာကုတ်တစ်မျိုးတည်းကိုသာ ဝတ်ဆင်ထားသည့် ယွီစစ်ဟန် ပြန်ထွက်လာခဲ့သည်။


တတိယဗီဒီယိုတွင်ကား ယွီစစ်ဟန် ဗီလာမှတစ်ဦးတည်းထွက်လာပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားပြီး ဖုန်းထုတ်ကာ ဓာတ်ပုံအနည်းငယ်ရိုက်ယူနေသည့်မြင်ကွင်းဖြစ်သည်။


ဗီဒီယိုသုံးခုစလုံးတွင် ယွီစစ်ဟန်နှင့်အတူ ဖြစ်ပျက်ခဲ့သည့်အရာအားလုံးကို ရှင်းရှင်းလင်းလင်းပြသထားသည်။


နျန်ယွီယီ၏ မိဘမဲ့ဂေဟာမှအကြောင်း စုံစမ်းစစ်ဆေးထားသည့် ရလဒ်ကိုပြန်တွေးမိသွားပြီး ရှဲ့ယီနန်၏မျက်နှာမှောင်မိုက်သွားကာ ဒေါသကြောင့် ဖုန်းကွဲလုမတတ်ညှစ်လိုက်မိသည်။


“ ဘယ်သူတဲ့လဲ…” သားဖြစ်သူ၏မျက်နှာကိုကြည့်ခြင်းအားဖြင့် ကျူးလွန်သူကိုဖော်ထုတ်ပြီးပြီဖြစ်ကြောင်း ရှဲ့လို့သိနေခဲ့သည်။


“ ယွီစစ်ဟန်..” သူ၏လက်ထောက်စီသို့ ဖုန်းမှတဆင့် ညွှန်ကြားချက်များ ဆက်တိုက်ပေးနေစဉ် ဖခင်မေးလာသည်ကို ပြန်ဖြေလိုက်သည်။


[ ဒီဗီဒီယိုကိုတည်းဖြတ်ပြီး သင့်တော်တဲ့အချိန်မှာ ထုတ်ချလိုက် ]


နျန်ယွီယီ သူ၏ဒုတိယအစ်ကိုတစ်ဦးတည်းကိုသာ နှစ်သိမ့်ပေးရမည်ဟု အစောပိုင်းတွင်ထင်ထားမိခဲ့သော်လည်း ခဏအကြာတွင် ရှဲ့ယီနန်နှင့် လင်းရီယွဲ့တို့ပါ ရောက်ချလာကြောင်း သိလိုက်ရသည်။


သူတို့ထံမှ အဝိုင်းခံလိုက်ရသောကြောင့် နျန်ယွီယီ သူ၏အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများဖြင့် ဆိုဖာပေါ်မှ တစ်ဦးတည်းသောသူ ရှဲ့ယီကျိုးထံ ကယ်ဆယ်ပေးရန် အကူအညီတောင်းခံလိုက်သည်။


သို့သော်လည်း လူတိုင်း၏အာရုံစိုက်မှုထံမှ နျန်ယွီယီကို ကယ်တင်ခဲ့သူမှာ ရှဲ့ယီကျိုးမဟုတ်ဘဲ ယခုလေးတင် တံခါးမှဝင်လာသည့် ဖန်ကျုံးချွမ်းဖြစ်နေခဲ့သည်။


“ အွန်း အွန်း…” နျန်ယွီယီ အလျင်အမြန် မျက်လုံးများဖြင့် အချက်ပြလိုက်ရသည်။


“ ဦးလေးရှဲ့…” ဖန်ကျုံးချွမ်းမှ ရှဲ့လို့အား တည်ငြိမ်စွာနှုတ်ဆက်လာသည်။


ရှဲ့လို့မှ အသိအမှတ်ပြုသည့်အနေဖြင့် ‌ခေါင်းညိတ်ပြလိုက်ပြီး နျန်ယွီယီသည်လည်း အခွင့်အရေးကိုအမိအရယူကာ ရှောင်ထွက်လာလိုက်သည်။


နောက်ဆုံး၌ စိတ်သက်သာရာရသွားပြီးနောက် နျန်ယွီယီ မီးဖိုချောင်သို့သွားရန် အကြောင်းပြချက်တစ်ခုပေးလိုက်သည်။ သူလူတိုင်းအတွက် အသီးဖျော်ရည်တချို့ သွားပြင်ပေးမည်ဖြစ်ကာ အသီးများလှီး၍ ဖျော်စက်တွင်ထည့်ဖျော်မည်ဖြစ်သည်။


လင်းရီယွဲ့လည်း သားငယ်လေးကိုကူညီ၍ အသီးများဆေးပေးရန် အနောက်မှလိုက်လာလိုက်သည်။


သူမနှင့်ရှဲ့လို့၏ အကာအကွယ်အောက်တွင် ကြီးပြင်းလာသင့်သော သူမ၏ကလေးလေးမှာ လူချစ်လူခင်များသော စန္ဒရားပညာရှင် သို့မဟုတ် သူ့အစ်ကိုကြီးကဲ့သို့ စီးပွားရေးဉာဏ်ကြီးရှင် သို့မဟုတ် တစ်နှစ်ပတ်လည်လုံး အေးအေးလူလူ လျောက်လည်နေတတ်သည့် သခင်ငယ်လေးတစ်ဦးဖြစ်လာသင့်သည်။


သို့သော်လည်း နျန်ယွီယီမှာ ထိုသို့ဖြစ်မလာဘဲ အလွန်ကိုယ့်အားကိုယ်ကိုးကာ ဟင်းချက်တော်ခဲ့သည်။ သူမသားအတွက် ရည်ရွယ်ထားသည်မှာ ဤသို့သောဘဝမျိုးမဟုတ်ပေ။


လင်းရီယွဲ့၏ ကြေ‌ကွဲနေသောခံစားချက်ကို အာရုံခံမိလိုက်သောကြောင့် နျန်ယွီယီပြုံးပြလိုက်သည်


 “ ကျွန်တော်တကယ်ပဲ ဟင်းချက်ရတာကို သဘောကျတာပါ…ဟင်းတွေချက်နေရရင် ကျွန်တော်ပျော်တယ်လေ…”


သူ ခေါင်းကိုမော့ကာ လတ်လတ်ဆတ်ဆတ်လှီးထားသည့် ဖရဲသီးတစ်စိတ်ကို လင်းရီယွဲ့၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။


နျန်ယွီယီ၏ ရွှင်မြူးရိပ်အပြည့်ရှိသော လခြမ်းကွေးသဏ္ဍာန်မျက်ဝန်းများမှာ လင်းရီယွဲ့၏စိတ်ကို တခဏအတွင်း တောက်ပလာစေသည်။


ဧည့်ခန်းထဲတွင် ရှဲ့လို့နှင့် ရှဲ့ယီနန်တို့မှာ ကုမ္ပဏီမှတုန့်ပြန်ချက်များကို လက်ခံယူနေပြီး ညွှန်ကြားချက်များ ဆက်တိုက်ထုတ်ပြန်နေသည်။


တစ်ဦးတည်းဖြစ်နေသည့် ဖန်ကျုံးချွမ်းမှာမူ အပေါ်ထပ်သို့တက်ကာ ဒုတိယထပ်၏ ဝရန်တာလက်ရန်းကိုမှီလျက် ဆေးလိပ်သောက်နေခဲ့သည်။


သူ၏အကြည့်မှာ ဗီလာအရှေ့မှ လူလုပ်စမ်းချောင်းပေါ်သို့‌ ရောက်ရှိနေပြီး လက်ချောင်းကြားမှ ‌စီးကရက်သည် ပို၍တိုလာသည့်တိုင် ပါးစပ်ထဲသို့မထည့်ရသေးပေ။


“ တစ်လိပ်လောက်ရဦးမလား..” ရှဲ့ယီကျိုး အနားရောက်လာပြီး ဖန်ကျုံးချွမ်းနှင့် တစ်မီတာခန့်အကွာတွင် ရပ်လိုက်သည်။


ဖန်ကျုံးချွမ်း အကြည့်ပြန်လွှဲလိုက်ပြီးနောက် အိတ်ကပ်ထဲမှ ဆေးလိပ်ဘူးကိုထုတ်ကာ ပစ်ပေးလိုက်သည်။


ရှဲ့ယီကျိုး ဘူးကိုဖမ်းယူလိုက်ပြီး အထဲမှစီးကရက်တစ်လိပ်ထုတ်ကာ မီးညှိ၍ နှုတ်ခမ်းများအကြားညှပ်လိုက်သည်။


သူ၏ပါးစပ်မှ ဆေးလိပ်ငွေ့များမှာ ရှဲ့ယီကျိုး၏အမူအရာကို ဖုံးလွှမ်းသွားခဲ့သည်။


“ ငါ့အစ်ကိုက စိတ်ရောဂါကုထုံးဝယ်ခဲ့တာကို သိလား…” ရှဲ့ယီကျိုး ရုတ်တရက်ထပြောလိုက်သည်။


ထိုစကားကိုကြားရချိန်၌ ဖန်ကျုံးချွမ်း၏ ပုံမှန်ဖြစ်နေသည့် မျက်နှာသေကြီးပေါ်တွင် ခံစားချက်အရိပ်အယောင် အနည်းငယ်ပေါ်လာခဲ့သည်။


“ အပေါ်ယံမှာတော့ နျန်နျန်က ကျွန်တော်တို့ရဲ့ရုတ်တရက် ပြန်လည်ပေါင်းစည်းမှုကြောင့် သက်ရောက်မခံရသလိုပဲ…” 


ရှဲ့ယီကျိုး ဥယျာဉ်ငယ်လေးအတွင်းမှ ညှိုး‌နွမ်းနေသည့် နှင်းဆီတစ်ပွင့်ကိုကြည့်ကာ ပြောလိုက်သည်


 “ ဒါပေမယ့် သူ့မသိစိတ်ကနေ ဆက်တိုက်တုန်လှုပ်နေတာ‌လေ… နည်းနည်းပါးပါးစုံစမ်းကြည့်ပြီးတော့ ကျွန်တော်နဲ့အစ်ကိုကြီးတို့သိလိုက်ရတာက နျန်နျန်ငယ်ငယ်တုန်းက ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အဖယ်ကျဉ်ခံရပြီး အထီးကျန်ခဲ့တယ်တဲ့…”


ဖန်ကျုံးချွမ်း၏မျက်နှာပေါ်တွင် လေအေးတချက် ဖြတ်တိုက်သွားသည်။


“ လုပ်ခဲ့တဲ့သူတွေကို တာဝန်ယူခိုင်းပြီးပြီလား…”


“ အခုထိမလုပ်ရသေးဘူး…” ရှဲ့ယီကျိုး ခေါင်းယမ်းပြလိုက်သည်


 “ဒီဟာနဲ့ပတ်သက်ပြီး နျန်နျန်ရဲ့ရပ်တည်ချက်ကို ကျွန်တော်တို့ မသိရသေးဘူးလေ…”


“ ဒီလိုဆိုရင် သူက မလုံခြုံမှုကို နက်နက်ရှိုင်းရှိုင်းခံစားနေရတာပေါ့…” မိသားစုနှင့်ဖြစ်စေ သူငယ်ချင်းနှင့်ဖြစ်စေ ပေါင်းသင်းဆက်ဆံရာတွင် နျန်ယွီယီ၏အချို့သော ထူးဆန်းနေမှုများကို သတိပြုမိခဲ့သောကြောင့် ဖန်ကျုံးချွမ်းမေးလိုက်သည်။


“ ဟုတ်တယ်..” ရှဲ့ယီကျိုး ဆေးလိပ်ပြာကိုခါချလိုက်ပြီး မျက်လုံးမှိတ်ထားကာ နာကျင်မှုမှာ မျက်နှာပေါ်တွင် သိသိသာသာပေါ်နေခဲ့သည်။


“ ငါနားလည်ပြီ…” ဖန်ကျုံးချွမ်း သူ၏ဆေးလိပ်ကိုမီးသတ်ကာ အမှိုက်ပုံးထဲသို့ထည့်လိုက်သည်။


ဖန်ကျုံးချွမ်းထွက်သွားပြီးနောက် ရှဲ့ယီကျိုး ဝရန်တာတွင် အချိန်အတော်ကြာနေခဲ့မိသည်။


မိဘမဲ့ဂေဟာမှ ကိစ္စများကို ဖခင်ဖြစ်သူသိပြီးကြောင်း သူအဖြေရှာနိုင်ခဲ့ပြီး မိခင်၏အမူအရာကိုကြည့်ခြင်းအားဖြင့် သူမသိဦးမည်မဟုတ်ပေ။


ရှဲ့ယီကျိုး ဖုန်းထုတ်၍ လွန်ခဲ့သောရက်အနည်းငယ်ခန့်က ရှဲ့ယီနန်သူ့ထံပို့လာသော ဇစ်ဖိုင်ကိုဖွင့်ကြည့်လိုက်သည်။


အထဲတွင် နျန်ယွီယီ၏ ကျောင်းတက်ခဲ့သောနှစ်များအကြောင်း အသေးစိတ်အချက်အလက်များပါဝင်ပြီး အတန်းဖော်များထံမှ မည်သို့ဝိုင်းပယ်ခံရသည့်အကြောင်း၊ မိဘမဲ့ဂေဟာတွင် ယွီစစ်ဟန်မှ မည်သို့အမြတ်ထုတ်ခဲ့သည့်အကြောင်းနှင့် အချစ်‌ဆုံးသူငယ်ချင်းဟု ယုံကြည်ထားသူထံမှ မည်သို့သစ္စာဖောက်ခံရသည့်အကြောင်းများ ပါဝင်ခဲ့သည်။


နျန်ယွီယီ ယခုလေးတင်မှ ညှစ်ထားသောအသီးဖျော်ရည်များကို ဧည့်ခန်းထဲသို့သယ်လာစဉ် အပေါ်ထပ်မှဆင်းလာသည့် ဖန်ကျုံးချွမ်းနှင့် ကွက်တိသွားဆုံခဲ့သည်။


“ အစ်ကိုအပေါ်တက်သွားတာလား…” နျန်ယွီယီ ဖန်ကျုံးချွမ်းထံ လိမ္မော်ရည်တစ်ခွက်ပေးလိုက်သည် 


“ ကျွန်တော့်ရဲ့ ဒုတိယအစ်ကိုကကော ဘယ်မှာလဲ..”


နျန်ယွီယီအရှေ့တွင်ရပ်ကာ ရှဲ့ယီကျိုးပြောခဲ့သည့်စကားများကို ပြန်အမှတ်ရသွားပြီး ဖန်ကျုံးချွမ်း နျန်ယွီယီကို ပွေ့ဖက်ထားချင်စိတ်များ တဟုန်ထိုးတက်လာသည်။ သို့သော်လည်း ရှဲ့လို့နှင့် လင်းရီယွဲ့တို့မှာ ဧည့်ခန်းထဲတွင် ထိုင်နေကြသေးသည်ဖြစ်ရာ ဖန်ကျုံးချွမ်း သူ၏ခံစားချက်များကိုသာ ဖိနှိပ်ထားလိုက်ရသည်


 “ သူအပေါ်မှာ…”


အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ဖန်ကျုံးချွမ်း နူးညံ့စွာပြောလိုက်သည် “ ခေါင်မိုးထပ်မှာ‌လေ ..”


“ ကျွန်တော်သူ့ကိုအပေါ်တက်ပြီး သွားရှာလိုက်ဦးမယ်…” နျန်ယွီယီ လှေကားပေါ်သို့ တက်သွားရန်ဆုံးဖြတ်လိုက်သော်လည်း ဖန်ကျုံးချွမ်းမှ သူ့အား ခါးကိုဆွဲဖက်လျက်တားမြစ်လာသည်။


“ သူခဏနေရင် ပြန်ဆင်းလာပါလိမ့်မယ်…” ဖန်ကျုံးချွမ်း လက်များကို နျန်ယွီယီ၏ခါးတွင် မြဲမြံစွာချိတ်လျက် လှေကားမှ ဆွဲခေါ်လိုက်သည်။


ရုတ်တရက်‌အဖက်ခံလိုက်ရသောကြောင့် နျန်ယွီယီ သတိလက်လွတ်ဖြစ်သွားခဲ့ရပြီး သူအသိပြန်ဝင်လာချိန်၌ ဖြစ်ပြီးသွားခဲ့ကာ လှေကားရင်းတွင် မျက်လုံးများပြူးလျက်အံ့ဩတကြီး ရပ်နေမိသည်။


သူ… တကယ်ကြီး… သည်လိုအသယ်ခံလိုက်ရတာလား…


နျန်ယွီယီ မတ်တတ်ရပ်နေသေးပြီး မှော်ဂါထာဖြင့် ပြုစားခံလိုက်ရသည့်အလား မျက်တောင်တဖျတ်ဖျတ်ခတ်နေခဲ့သည်။


ဖန်ကျုံးချွမ်းပြောခဲ့သည်မှာ အမှန်ပင်။ ခဏအကြာ၌ ရှဲ့ယီကျိုး ပြန်ဆင်းလာပြီး ညီငယ်ဖြစ်သူ လတ်လတ်ဆတ်ဆတ်ဖျော်ပေးသော လိမ္မော်ရည်ကိုသောက်နေခဲ့လေသည်။



🫶