🫶Chapter 48
သူဘာဖြစ်နေနေ သဘောကျပေးနေတဲ့လူတွေ ရှိသေးတဲ့တိုင်အောင် နျန်ယွီယီက သူတို့တစ်နေ့ကြရင် သူ့ကိုချန်ထားရစ်မှာပဲလို့ တွေးနေမိတာ…
သူကအချစ်နဲ့မထိုက်တန်ဘူးလို့ ခံစားနေရတယ်…
ကျိုးအာ့ဟယ် ပြောနိုင်သည်မှာ နျန်ယွီယီတစ်ယောက် ဖန်ကျုံးချွမ်း၏သူ့အပေါ် ထားသောအချစ်ကို အသေအချာသိနေသော်လည်း သူ့ကိုယ်ပိုင်အကြောင်းကို သူ့ကိုယ်သူမသိနေဘူးဟုပင်။
“ အခုလောလောဆယ်တော့ ကိစ္စတွေကို သူ့ဘာသူပဲဖြစ်လာပါစေလေ…” ကျိုးအာ့ဟယ် ထိုခေါင်းစဉ်အပေါ် ဆွေးနွေးလိုစိတ်မရှိသောကြောင့် ပြတ်သားစွာငြင်းပယ်လိုက်သည်။
“ ဟုတ်ကဲ့…” နျန်ယွီယီ ဦးထုပ်ပြန်ဆောင်းလိုက်သည်
“ ဒါဆိုရင် ကျွန်တော်ပြန်လိုက်ဦးမယ်…”
“ ငါမင်းကိုပြန်လိုက်ပို့ပါ့မယ်ကွာ… နည်းနည်းနားလိုက်ဦး… တကယ်လို့ သည်ပုံအတိုင်းသာ ပါပါရာဇီတွေ မင်းကိုဖမ်းမိသွားရင် သူတို့ဇာတ်ကြောင်းကို ဘယ်လိုပြောင်းပစ်မလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ…”
“ ကျွန်တော်တစ်ယောက်ထဲလည်း အဆင်ပြေပါတယ်…” နျန်ယွီယီပြန်ဖြေလိုက်ပြီး တံခါးဝသို့ရောက်ချိန်မှ ရုတ်တရက် လှည့်မေးလိုက်သည် “ အစ်ကိုနဲ့ ရင်းကျင်းကကော တစ်ဦးအပေါ်တစ်ဦး ခံစားချက်ရှိကြတာလား…”
ရုတ်တရက်ကောက်မေးခံလိုက်ရသောကြောင့် ကျိုးအာ့ဟယ် မပြုံးမိခင် ခဏကြာရပ်တန့်သွားရသည် “ ဒါပေါ့ဟ…”
နျန်ယွီယီ ခေါင်းညိတ်ပြလိုက်ပြီး ပြန်ထွက်သွားချိန်၌ တံခါးပိတ်ပေးသွားသည်။
နောက်ရက်များတွင် နျန်ယွီယီ သူ့ထံစာတစ်စောင်မှ မပို့လာကြောင်းကို ဖန်ကျုံးချွမ်းသတိထားမိသွားသည်။
“ ထျန်ထျန် ဒီကိုလာပါဦး…” နျန်ယွီယီ ငါးခြောက်ကို လက်တစ်ဖက်မှကိုင်လျက် ထျန်ထျန်ကို ခေါင်းတစ်ဖက်မှတစ်ဖက်သို့ စောင်းစေလိုက်ပြီး ထိုချစ်စဖွယ်အခိုက်အတန့်ကို ဗီဒီယိုရိုက်ကာ ဆိုရှယ်မီဒီယာပေါ်သို့ တင်လိုက်သည်။
ဗီဒီယိုကိုမျှဝေလိုက်သည်နှင့် နျန်ယွီယီ မီဒီယာပေါ်ရှိ ထုတ်ကုန်များစွာထံမှ သီးသန့်စာပို့ခံလိုက်ရပြီး အားလုံးမှာ ထျန်ထျန့်ကို သူတို့ထုတ်ကုန်ကြော်ငြာပေးနိုင်မလားဟု မေးမြန်းနေကြပြန်သည်။
နျန်ယွီယီ သူတို့၏ကမ်းလှမ်းချက်များကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီးနောက် ထျန်ထျန်အတွက် ကြောင်စာတစ်ဘူးဖောက်ပေးလိုက်သည်။
“ ထျန်ထျန်က အရမ်းဉာဏ်ကောင်းတာပဲ…” နျန်ယွီယီ ပြောပြောဆိုဆိုဖြင့် ကြောင်စာကို ပန်းကန်လုံးထဲသို့ လောင်းထည့်ပေးလိုက်သည်။ ထျန်ထျန် စားနေသည်ကိုကြည့်ကာ ဤရိုးရှင်းပြီး ပျင်းရိဖွယ်သာမန်ဘဝလေးတွင်လည်း ၎င်း၏ကိုယ်ပိုင်ပျော်ရွှင်မှုရှိသည်ဟု တွေးမိသွားသည်။
အဒေါ်ကြီးမှ သူ့ကို အောက်ထပ်ဆင်းလာပြီး စွပ်ပြုတ်လာသောက်ရန် ပြောလာသောကြောင့် နျန်ယွီယီ ပြန်ထူးလိုက်ကာ ကြောင်များကိုချ၍ အောက်သို့ဆင်းလာလိုက်သည်။
သူလှေကားမှဆင်းလာသည်နှင့် တံခါးဘဲလ်မှာမြည်လာခဲ့သည်။
အိမ်အကူအဒေါ်မှာ မီးဖိုချောင်ထဲတွင် စွပ်ပြုတ်ပြင်ဆင်ရင်း အလုပ်ရှုပ်နေသည်ဖြစ်ရာ နျန်ယွီယီ သူမကိုတားလိုက်ပြီး ကိုယ်တိုင်တံခါးသွားဖွင့်လိုက်သည်။
ဖွင့်လိုက်သည်နှင့် သူ၏လက်ကောက်ဝတ်မှာ ဆွဲယူခံလိုက်ရကာ ရင်းနှီးနေသောရနံ့ ထွက်ပေါ်လာသည်။
ဖန်ကျုံးချွမ်းတစ်ယောက် တံခါးအဟကြားမှ တိုးဝင်၍ နျန်ယွီယီ၏လက်ကိုဆုပ်ကိုင်ကာ ကိုယ်တခြမ်းကိုဖက်ထားပြီး အပေါက်ဝတွင် သူ့ကိုညှပ်ထားခဲ့သည်။
“ ဒီနောက်ပိုင်း ကိုယ့်ကိုရှောင်နေတာလား…” အဖြေကိုကြိုသိထားပြီးဖြစ်သည့်အသံဖြင့် မေးခွန်းတစ်ခုပေါ်လာသည်။
နျန်ယွီယီမှာ အပြစ်ရှိစိတ်ကြောင့် အောက်သို့သာ ငုံ့ထားမိသည် “ ဟင့်အင်း မဟုတ်ပါဘူး…”
“ လူလိမ်လေး…” ဖန်ကျုံးချွမ်း သူ၏မေးကို နျန်ယွီယီ၏ဦးခေါင်းထိပ်တွင် ဖွဖွတင်ထားလိုက်သည် “ ဘာဖြစ်လို့လဲဟင်…”
နက်ရှိုင်းပြီး သာယာနာပျော်ဖွယ်အသံမှာ သူ၏နားရွက်ကို ဖြတ်တိုက်သွားသဖြင့် နျန်ယွီယီ၏နှလုံးမှာ အကြောင်းအရင်းမရှိ ထခုန်လာသည်။
“ တ တကယ်ပဲ ဘာ ဘာမှမဖြစ်ပါဘူး…” နျန်ယွီယီ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေရသည်
“ ကျွန်တော် ဒီအတိုင်းပဲ… ဒီ ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ပါ ..”
သူ၏အကြောင်းပြချက်မှာ အတော်ကောင်းသည်ဟု နျန်ယွီယီထင်လိုက်မိသည်။
အနည်းငယ်အလုပ်များနေခြင်းမှာ မည်သည့်အတွက်ကြောင့် မဆက်သွယ်ဖြစ်ပါဟူသည်ကို ရှင်းပြပေးနိုင်သည်လေ…
အံ့ဩစရာကောင်းစွာဖြင့် ဖန်ကျုံးချွမ်းမှ မျက်ခုံးတစ်ဖက်ကိုပင့်ကာ မေးလာသည် “ ကြောင်နဲ့ဆော့ပြီး အလုပ်ရှုပ်နေတာလား…”
နျန်ယွီယီ ကိုယ့်တံတွေးကိုယ်သီးသွားပြီး မရပ်မနားချောင်းဆိုးလာသည်။
ချောင်းဆိုးနေရင်းဖြင့်ပင် သူ မည်သည့်နေရာတွင် ချော်ထွက်သွားသည်နည်းဟု တွေးနေမိသည်။
နျန်ယွီယီ၏မျက်လုံးထဲမှ နားမလည်နိုင်ဖြစ်နေပုံကို မြင်ရသောကြောင့် ဖန်ကျုံးချွမ်း အရိပ်အမြွက်ပေးလိုက်သည် “ ဆိုရှယ်မီဒီယာလေ…”
နျန်ယွီယီ : “ !!!!! “
သောက်ကျိုးနည်း သူသာသိခဲ့မယ်ဆိုရင် သူ့ဖန်တွေအတွက် ထျန်ထျန်ရဲ့ဗီဒီယိုကို မတင်လိုက်ပါဘူး…
သူ့ကိုယ်သူမကယ်တင်နိုင်တော့သောကြောင့် နျန်ယွီယီ ဖန်ကျုံးချွမ်း၏ရင်ဘတ်ကိုသာ လက်ညှိုးဖြင့်ထိုးလိုက်သည်
“ အင်အားကြီးဖန်ကော်ပိုရေးရှင်းရဲ့ စီအီးအိုက ဆိုရှယ်မီဒီယာပေါ်မှာ တနေကုန်ဘာတက်လုပ်နေတာလဲ…”
“ မင်းဘာလုပ်နေတာလဲကြည့်နေတာလေ…” ဖန်ကျုံးချွမ်းမှ နူးညံ့စွာရယ်လာသည်။
ထိုသူ၏ရင်ဘတ်မှာ ရယ်သံကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်သွားပြီး ၎င်းခံစားချက်မှာ နျန်ယွီယီ၏လက်ချောင်းထိပ်များအား ပါးလျသောအဝတ်စမှတဆင့် လွယ်လွယ်ကူကူခံစားမိသွားစေသည်။
နျန်ယွီယီ အလျင်စလိုနောက်ဆုတ်လိုက်မိပြီး တုံ့ပြန်မှုကြောင့် လက်ချောင်းများကွေးသွားမိသည်။
“ ဒါပေါ့ မင်းကိုသဘောကျနေတာမလို့လေ…” ဖန်ကျုံးချွမ်း နျန်ယွီယီကို ရင်ခွင်ထဲတွင်ထည့်ကာ လည်ကုပ်ကိုပွတ်ပေးရင်းမှ ဝန်ခံစကားဆိုလိုက်သည်။
သူ၏လည်ကုပ်မှာ ထိလွယ်ရှလွယ်နေရာဖြစ်သောကြောင့် နျန်ယွီယီ အထိအတွေ့ဖြင့် ပျော်ဆင်းသွားရကာ ဖန်ကျုံးချွမ်း၏တိုက်ရိုက်ဝန်ခံလာခြင်းကိုပင် ယာယီမေ့လျော့သွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက်မှသာ သူနားလည်သွားခဲ့ပြီး နျန်ယွီယီ၏မျက်လုံးများမှာ ခံစားချက်များနှင့်အတူ အံ့ဩမှုကြောင့် ပြူးကျယ်လာရသည်။
“ ဟင်… ဘယ်လိုခံစားရလို့လဲ…”
နျန်ယွီယီ၏ရုတ်တရက်အနောက်ဆုတ်လိုက်ခြင်းမှနေ၍ ဖန်ကျုံးချွမ်း သူ့စိတ်ထဲရှိသည့်အရာကို မှန်းဆမိလိုက်သည်။
ထိုအခိုက်အတန့်တွင် နျန်ယွီယီတစ်ယောက် ဘောလုံးတစ်လုံးကဲ့သို့ ကွေးသွားချင်သည်ဟုပင် ဆုတောင်းလိုက်မိသည်။
သို့သော်လည်း ဖန်ကျုံးချွမ်းမှာ နျန်ယွီယီကို ဖိအားမပေးလာချေ။ သူ့ရင်ခွင်ထဲမှ ကောင်ငယ်လေး၏ ရှက်တတ်ပုံကိုသိနေပြီး သူ ထိုကောင်ငယ်လေးအပေါ် မလွှမ်းမိုးလိုက်ချင်ပေ။
“ အမ်းးးး အရင်ဆုံးလွှတ်ပါဦး…” အထိအတွေ့ကြောင့် ခြေထောက်များပျော့ခွေလာသဖြင့် နျန်ယွီယီ တီးတိုးရေရွတ်လိုက်ရသည် “ အဒေါ်ကြီးက မီးဖိုချောင်ထဲမှာပဲရှိသေးတယ်လေ …”
ပြောပြီးသည်နှင့် ချက်ချင်းဆိုသလိုပင် မီးဖိုချောင်တွင်းမှ ခြေသံမှာ ဧည့်ခန်းစီသို့ရောက်လာခဲ့သည်။
ထို့နောက်တွင်မှသာ ဖန်ကျုံးချွမ်း အနည်းငယ်နောင်တရဟန်နှင့်အတူ လွှတ်ပေးလိုက်ပြီး နံရံကိုမှီကာ မတ်မတ်ရပ်စေလိုက်သည်
“ ကိုယ်နဲ့အတူ ညစာစားမှာလား…”
နျန်ယွီယီ ဖန်ကျုံးချွမ်းထံ အကြည့်တချက်ပစ်လွှတ်လိုက်သည့်တိုင် ၎င်း၏နွေးထွေးမှုကြောင့် အနည်းငယ်စိုစွတ်နေခဲ့သည်။
၎င်းမှာ ဖန်ကျုံးချွမ်းအား ပို၍စနောက်ဖြားယောင်းချင်စိတ် ပေါ်လာစေသည်။
“ ကိုယ်နဲ့အတူမစားတော့ဘူးလားဟင်…” ဖန်ကျုံးချွမ်း ပြုံးကာ တစ်ကြိမ်ထပ်မေးလာသည်။
နျန်ယွီယီတစ်ယောက် စိတ်တိုသွားပြီး ဒေါသတကြီးလှည့်ထွက်ကာ မီးဖိုချောင်ဖက်သို့အော်ပြောလိုက်သည် “ အဒေါ်ရေ ကျေးဇူးပြုပြီး ပန်းကန်ခွက်ယောက်တွေကို နှစ်ယောက်စာပြင်ပေးထားပါနော်…’’
“ ကောင်းပါပြီရှင်…” အဒေါ်ကြီးမှ ပန်းကန်တစ်စုံထပ်ယူကာ ပြန်ဖြေလာသည်။
နျန်ယွီယီ၏ဘေးခုံတွင်ထိုင်လိုက်စဉ် ဖန်ကျုံးချွမ်း၏အပြုံးမှာ နူးညံ့သွားသည်။
အဒေါ်ကြီးမှ တို့ဖူးနှင့် တီလားပီယားငါးစွပ်ပြုတ်ကို ပြင်ဆင်ထားပေးခဲ့သည်။ တီလားပီယားဟင်းရည်ဖြင့်ချက်ထားသည့် နူးညံ့သောတို့ဖူးမှာ ငါးညှီနံ့နံသည့်အရသာကို ပျက်ပြယ်သွားစေပြီး ထူးခြားစွာအရသာရှိစေသည်။
ခပ်ပျစ်ပျစ်ငါးစွပ်ပြုတ်မှာ လေးလံသောအရသာမရှိဘဲ ကြက်သွန်မြိတ်များဖြူးပေးထားသောကြောင့် စားချင်စဖွယ်ဖြစ်နေခဲ့သည်။
နျန်ယွီယီတစ်ယောက် ဟင်းချိုကို ဖြည်းဖြည်းချင်းသောက်နေခဲ့သည်။ သူ၏အကြည့်မှာ ပန်းကန်လုံးပေါ်တွင်သာရှိကာ မျက်နှာချင်းဆိုင်မှ အမျိုးသားနှင့်အကြည့်ချင်းမဆုံမိစေရန် ကြိုးစားရှောင်တိမ်းနေသည်။
သို့တိုင်အောင် ထိုအမျိုးသား၏မယိမ်းယိုင်သွားသည့်အကြည့်မှာ သူ့အပေါ်အမြဲရောက်နေကြောင်း နျန်ယွီယီ ခံစားနိုင်သည်။
အဆုံး၌ နျန်ယွီယီ တူကိုချကာ မော့ကြည့်လိုက်သည်
“ ဒီကိုလာတာ စွပ်ပြုတ်သောက်ဖို့လား ကျွန်တော့်ကိုကြည့်ဖို့လား ..”
သူ၏အသံထဲတွင် သဘောမတူခြင်း၊ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နေခြင်းနှင့် ဖုံးကွယ်ထားသည့် ရှက်ရွံ့နေခြင်းတို့ ရောထွေးနေခဲ့သည်။
ဖန်ကျုံးချွမ်းမှာမူ အေးအေးလူလူပင် ဇွန်းကိုအောက်သို့ပြန်ချကာ စကားတစ်ခွန်းမျှမဆိုဘဲ ပြုံးပြုံးကြီးဆက်ကြည့်နေသည်။
အဆိုပါခံစားချက်မှာ နျန်ယွီယီကို ဂွမ်းသားကိုလက်သီးဖြင့် ထိုးနေရသကဲ့သို့ ပို၍ဒေါသထွက်လာစေသည်။
စွပ်ပြုတ်အမြန်သောက်ပြီးသည်နှင့် နျန်ယွီယီ ချက်ချင်းဆိုသလို သူ၏အခန်းသို့ ပြန်သွားလိုက်သည်။
ထမင်းစားခန်းထဲမှမထွက်မီ နျန်ယွီယီ အနောက်သို့လှည့်ကာ စွပ်ပြုတ်ကိုကျက်သရေရှိရှိ သောက်နေသေးသော ဖန်ကျုံးချွမ်းထံကြည့်ပြီး ပြောလိုက်သည်
“ လူကြီးမင်းဖန် ခင်ဗျားမှာလည်း နေ့တိုင်းကိုင်တွယ်စရာအလုပ်တွေများမှာပဲ… စွပ်ပြုတ်သောက်ပြီးသွားရင် ကျွန်တော်ပြန်မပို့တော့ဘူးနော်…”
အဓိပ္ပါယ်မှာရှင်းလင်းသည် : စားပြီးတာနဲ့ ဒိုးလိုက်တော့…
အာ အချစ်လေးက စိတ်ကောက်သွားပြီပဲ…
ဖန်ကျုံးချွမ်း တူကိုချကာ ထွက်သွားပြီဖြစ်သည့် ပုံရိပ်လေးကိုကြည့်၍ သက်ပြင်းတချက်ချလိုက်မိသည်။
သူ့ကိုစောင့်ဆိုင်းနေသည့် အလုပ်ကိစ္စများစွာရှိနေသောကြောင့် ဖန်ကျုံးချွမ်း သူဝယ်လာသည့်လက်ဆောင်ကို ထမင်းစားစားပွဲပေါ်တွင် တင်ထားခဲ့လိုက်ပြီး မီးဖိုချောင်မှ အဒေါ်ကိုနှုတ်ဆက်ကာ ကုမ္ပဏီသို့ပြန်သွားလိုက်သည်။
အခန်းထဲတွင် ဆယ်မိနစ်ခန့်စိတ်ကောက်ပြီးနောက် နျန်ယွီယီ အဆုံး၌ စောင်ပုံအောက်မှ တိုးထွက်လာပြီး အောက်ထပ်မှအသံများကို တိတ်တဆိတ်ခိုးနားထောင်နေခဲ့သည်။
အသံတိတ်သွားကြောင်း သတိပြုမိပြီးနောက် သူဒေါသတကြီး ခေါင်းအုံးကို ခုတင်ပေါ်သို့ ပစ်ပေါက်လိုက်မိသည်။
သူ၏စိတ်ကို တည်ငြိမ်သွားစေရေးအတွက် နျန်ယွီယီ ကျိူးယန်ဧကရာဇ်၏ ဇာတ်ညွှန်းအပြည့်အစုံကို စတင်လေ့လာလိုက်သည်။
လတ်တလောတွင် သူ့ကိုယ်သူ ချိုမြိန်သောရိုမန့်ဒရာမာများအတွင်း နစ်မြုပ်ထားနိုင်မှုကြောင့် နျန်ယွီယီ အဆုံး၌ ဇာတ်ညွှန်းအတွင်းရှိ ကိုးယောက်မြောက်မင်းသား၏ ဇာတ်လိုက်မင်းသမီးအပေါ်ထားသည့် အချစ်ကိုဖမ်းဆုပ်နိုင်ခဲ့လေသည်။
နျန်ယွီယီ နေဝင်သည်အထိ ဆက်လက်လေ့လာနေခဲ့သည်။
အိမ်အကူအဒေါ်ကြီးမှ ညစာစားရန်အော်ခေါ်လာချိန်မှသာ နျန်ယွီယီ သူ့ကိုယ်သူဇာတ်ညွှန်းထဲမှထွက်၍ အောက်ထပ်သို့မဆင်းခင် အကြောဆန့်လိုက်မိသည်။
ထမင်းစားစားပွဲတွင်ထိုင်ကာ နောက်ဆုံးရအတင်းအဖျင်းများကို စပ်စုရန်ဖုန်းကိုဖွင့်လိုက်ချိန် စားပွဲထောင့်နားလေးမှ လက်သီးဆုပ်ခန့်အရွယ်ရှိသော နက်ပြာရောင်ကတ္တီပါဘူးလေးမှာ သူ၏အာရုံကို မရည်ရွယ်ဘဲ ဖမ်းစားသွားခဲ့သည်။
နျန်ယွီယီ စိတ်ဝင်တစား ကောက်ယူစစ်ဆေးကြည့်လိုက်လေသည်။
ဟင်းပွဲများကိုချပေးနေသည့် အိမ်စေမှ နျန်ယွီယီ၏စိတ်ဝင်စားမှုကို သတိထားမိသွားသောကြောင့် ရှင်းပြလာသည် “ နေ့လည်ခင်းတုန်းက လူကြီးမင်းဖန်က သခင်လေးအတွက်ထားပေးခဲ့တာလေ…သူပြောတာတော့ တောင်းပန်တဲ့လက်ဆောင်တဲ့…”
ဖန်ကျုံးချွမ်းလား… တောင်းပန်တဲ့လက်ဆောင်လား…
ပန်းကန်များချပေးပြီးနောက် အဒေါ်ကြီးက မီးဖိုထဲသို့ပြန်ဝင်သွားခဲ့သည်။
နျန်ယွီယီသည်သာ နှုတ်ခမ်းကိုက်လျက် ဘူးကိုစိုက်ကြည့်နေပြီးနောက် ဖွင့်လိုက်သည်။
အတွင်းတွင် နအက္ခရာကို နီလာဖြင့်ထွင်းထားခြင်းနှင့်အတူ ငွေအစစ်ဖြင့်ပြုလုပ်ထားပြီး ရိုးရှင်းစွာကျက်သရေရှိလှသော လက်ကြယ်သီးတစ်ခုရှိနေခဲ့သည်။
ဘူးကိုပြန်ပိတ်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ကျေနပ်သည့်အပြုံးဖြစ်ပေါ်လာကာ နျန်ယွီယီတစ်ယောက် သူ၏ညစာကို ပျော်ရွှင်စွာသုံးဆောင်လိုက်ပါတော့သည်။
နောက်လာသည့်နေ့ရက်များတွင် ရှဲ့ယီကျိုး နျန်ယွီယီ၏ဗီလာသို့ နေ့စဉ်နေ့တိုင်းလာရောက်၍ ဓားလမ်းမ၏စာသားများကို အသံသွင်းရန်အတွက် လေ့ကျင့်ရန်ခေါ်သွားပေးခဲ့သည်။
တစ်ရက်ပြီးတစ်ရက်ကြာလာပြီးနောက် နျန်ယွီယီ ဖန်ကျုံးချွမ်းထံ လိမ်လည်ပြောဆိုထားသည့်အတိုင်း အလုပ်များလာခဲ့သည်။
ဓားလမ်းမအတွက် အသံသွင်းခြင်းပြီးဆုံးသွားသည်နှင့် ကျိုးအာ့ဟယ်မှ သူ့ထံ နောက်အပတ်အတွက် အချိန်စာရင်းကို လှမ်းပေးလာသည်။
ပြည့်ကျပ်နေသည့် အချိန်စာရင်းကိုကြည့်ကာ နျန်ယွီယီ ကျိုးအာ့ဟယ်ထံ တောင်းဆိုနေသည့်အကြည့်တစ်ခုပေးလိုက်သည်။
“ ငါ့ကိုကြည့်နေလည်း အသုံးမဝင်ဘူး… ဒါက ဓားလမ်းမအတွက် ပရိုမိုးရှင်းဆင်းပေးရမယ့် အလုပ်တွေကြီးပဲ…ကျန်းရွှယ်ယုံကို မင်းမတက်တော့ဘူးဆိုပြီး ပြောချင်လို့လား…”
ကျိုးအာ့ဟယ်မှ ပုခုံးတွန့်လျက် ကျန်းရွှယ်ယုံထံသို့သာ အပြစ်ပုံချလာသည်။
နျန်ယွီယီ စိတ်ဓာတ်ကျဆင်းလျက် အိမ်သို့ပြန်လာကာ ငိုမိမလိုဖြစ်နေရသည်။
ကျိုးအာ့ဟယ် သူ့ကို ချင်အန်းဗီလာရပ်ကွက်ဝင်ပေါက်တွင် ချပေးခဲ့သည်။
“ ငါချိန်းတွေ့စရာရှိလို့ မင်းကိုလိုက်မပို့နိုင်တော့ဘူး…” ကျိုးအာ့ဟယ်မှ ပြုံးစိစိဖြင့် နျန်ယွီယီ၏မယုံနိုင်ဖြစ်နေသည့်အကြည့်ကို တုံ့ပြန်လိုက်သည် “ အထဲကိုသာဝင်သွားလိုက်တော့….”
“ အစ်ကိုကျိုးက အရမ်းပြောင်းလဲလွယ်တာပဲ… အလုပ်ထက်အချစ်ကိုရွေးသွားတယ်…” နျန်ယွီယီ ကားထဲမှထွက်သည်နှင့် ပြောလိုက်သည်။
“ ဟေးး ချစ်ရတာက ကလေးထိန်းရတာထက် ပိုကောင်းတယ်လေ…” ကျိုးအာ့ဟယ် နျန်ယွီယီထံ ခရီးသည်ခုံဖက်ရှိ ပြတင်းပေါက်မှတဆင့် လေထဲမှအနမ်းပေးလိုက်သည် “ ငါသွားပြီ… ဒါနဲ့ ကောင်းသောညပါ…”
“ ဒီအတိုင်းသာ ကြွတော်မူပါတော့…” နျန်ယွီယီ မျက်လုံးသာလှန်ပြလိုက်ပြီး ခေါင်းငိုက်စိုက်ကျလျက် အိမ်သို့ပြန်သွားလိုက်သည်။
အိမ်ဝင်ပေါက်အနီးသို့ရောက်သည်နှင့် နျန်ယွီယီ ရပ်တန့်လိုက်ပြီး မျက်လုံးများကိုမှေးစင်းလိုက်သည်။ ထိုအနားတွင်ရပ်နေသူမှာ သူနှင့်ရင်းနှီးသောသူဖြစ်မည့်ပုံပင်။
ပွင့်လင်းစွာဝန်ခံရမည်ဆိုလျှင် ထိုပုံပန်းသဏ္ဍာန်မှာ သူနှင့်အတော်ရင်းနှီးနေသည်။
စိတ်တိုသွားသည့်နျန်ယွီယီမှ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ အသေအချာပင် သူ၏ဂိတ်တံခါးကို မှီလျက်ရပ်နေသူမှာ ဖန်ကျုံးချွမ်းဖြစ်လေသည်။
“ ဘာလို့များခင်ဗျားလို စီအီးအိုကြီးက သည်နားမှာလျောက်ပတ်နေရတာလဲ…မတော်တဆဓာတ်ပုံအရိုက်ခံရရင်ကော… တော်ကြာ ခင်ဗျားရဲ့မိန်းကလေးပရိသတ်အုပ်ကြီးက ပေါက်ကွဲထွက်လာဦးမယ်…” နျန်ယွီယီ ခြောက်ကပ်ကပ်ပြောလိုက်သည်။
“ ကိုယ်က ကိုယ်မြတ်နိုးတဲ့သူကိုစောင့်နေတာလေ… သူတို့နဲ့ဘာဆိုင်တာမလို့လဲ…” ဖန်ကျုံးချွမ်း နျန်ယွီယီ၏ပုခုံးပေါ်သို့ လက်တစ်ဖက်တင်လိုက်သည် “ ပိုပြီးအေးလာနေပြီ နျန်နျန်ဘာလို့ဂျာကင်မဝတ်တာလဲ…”
“ နေ့ခင်းဖက်တွေမှာ နွေးတယ်လေ…” နျန်ယွီယီ ပြန်ဖြေလိုက်သော်လည်း ညနေခင်း လေအေးကြောင့် တချက်တုန်သွားရသည်။
ဖန်ကျုံးချွမ်း မျက်မှောင်ကြုတ်လိုက်ပြီး နျန်ယွီယီကို သူ၏လက်မောင်းကြားထဲသို့ ပိုနီးစေရန် ဆွဲယူလိုက်သည်။
ချက်ချင်းဆိုသလို နျန်ယွီယီ ပို၍နွေးသွားခဲ့သည်။ ဖန်ကျုံးချွမ်းဖက်သို့မှီလျက် ခေါင်းစောင်းကာ အနှီအမျိုးသား၏ချွန်မြသော မေးစေ့နှင့် မေးရိုးကိုရှုစားနေမိသည်။
ကြည့်ကောင်းသောရုပ်ရည်နှင့် အသံတို့အပေါ် ကြွေဆင်းကျတတ်သူ နျန်ယွီယီမှာ နှလုံးခုန်နှုန်းများ မြန်လာရသည်။
ဖန်ကျုံးချွမ်း နျန်ယွီယီကို ခြံဝန်းထဲသို့ခေါ်သွားကာ တံခါးဖွင့်ပေးလိုက်သည်။
အစောပိုင်းတွင် နျန်ယွီယီကြိုတင်အသိပေးထားသည့် အတွက် အဒေါ်ကြီးက ညပိုင်းအတွက် အနားယူသွားပြီဖြစ်သည်။
ကျယ်ဝန်းသောဗီလာကြီးမှာ အလွန်တိတ်ဆိတ်နေပြီး သူ၏နှလုံးခုန်သံကိုပင် ပြန်ကြားနိုင်နေသည်။
မျက်မှောင်ကြုတ်ထားသည့် ဖန်ကျုံးချွမ်းမှမေးလာသည် “ ဘာလို့နှလုံးအရမ်းခုန်နေရတာလဲ…နေမကောင်းလို့လား…”
မေးခွန်းကြောင့် လူမိသွားသည့်နျန်ယွီယီမှာ ပြန်ဖြေရန်ပါးစပ်ဟလိုက်သော်လည်း ထိုအစား ဖန်ကျုံးချွမ်း၏ရင်ခွင်တွင်းတွင်သာ မျက်နှာမြုပ်မိသွားရသည်။
သူ မော့ကြည့်လိုက်ပြီး ထအော်လိုက်သည် “ လာနောက်နေတာလား…”
နျန်ယွီယီ၏တုံ့ပြန်မှုကြောင့်ဖြစ်နိုင်ပေမည် ဖန်ကျုံးချွမ်း သူ့ကိုယ်သူစကားပြောမှားကြောင်း သတိပြုမိသွားသည်။ သူ ကြောင်အသွားပြီး ခဏရပ်လိုက်သော်လည်း ရုတ်တရက်ဆိုသလို အဘယ့်ကြောင့် နျန်ယွီယီနှလုံးခုန်မြန်ကြောင်းကို တွေးမိသွားလေသည်။
🫶