Chapter 49
Viewers 8k

🫶Chapter 49




ဖန်ကျုံးချွမ်း၏ တီးတိုးရယ်သံကြောင့် နျန်ယွီယီ ထိုသူ၏ခါးကိုလိမ်ဆွဲရန်ကြိုးစားလိုက်သည်။ သို့သော်လည်း အကြိမ်ပေါင်းများစွာ ‌ကြိုးစားပြီးသည့်တိုင် မအောင်မြင်ခဲ့ပြီးနောက် နျန်ယွီယီ မေးလိုက်မိသည် “ ဘာတွေအရမ်းရယ်နေရလို့လဲ…”


“ ဘယ်ကဟာသလဲ…”


ဖန်ကျုံးချွမ်း၏မျက်နှာပေါ်ရှိအပြုံးမှာ ပို၍ကျယ်ပြန့်လာသည်။ သူ နျန်ယွီယီ၏အနားသို့ကပ်ကာ ကျောပြင်ပေါ်သို့ နူးညံ့စွာပွတ်သပ်ပေးလိုက်သည် “ တောင်းပန်ပါတယ် ကိုယ့်အမှားပါကွာ…”


နျန်ယွီယီ ဖန်ကျုံးချွမ်းကိုတွန်းထုတ်ရန်ကြိုးစားလိုက်သော်လည်း သူ၏လက်မှာ ဖန်ကျုံးချွမ်းရင်ဘတ်သို့ရောက်သွားသည်နှင့် ရုတ်တရက်ဆိုသလို လည်ကုပ်အနောက်မှ ဆွဲယူခံလိုက်ရသည်။


ခဏအကြာတွင် သူ၏နားထဲသို့ ဖန်ကျုံးချွမ်း တီးတိုးပြောလာသံကို ကြားလိုက်ရလေသည် “ ဘာလို့နှလုံးခုန်အရမ်းမြန်နေတာလဲ နျန်နျန်…”


“ မင်းရော ကိုယ့်ကိုသဘောကျနေတာလား…”


“ ကိုယ့်အပေါ်ခံစားချက်တွေ ရှိနေတာလား…”


နျန်ယွီယီ‌တစ်ယောက် လှန့်နှိုးခံလိုက်ရသကဲ့သို့ လည်ပင်းအကိုင်ခံထားရသည်ကိုပင် ဂရုမစိုက်တော့ဘဲ ဖန်ကျုံးချွမ်းကို အဝေးသို့တွန်းထုတ်လိုက်သည်။


“ ဒီ့ထက်ပိုပြီး အရှက်မရှိနိုင်တော့ဘူးလား…”


“ အရှက်လား…” ဖန်ကျုံးချွမ်း နျန်ယွီယီ တွန်းထုတ်လိုက်သည့် အရှိန်ကိုသုံးကာ နံရံပေါ်မှီချလိုက်သည် “ ကိုယ်ချစ်တဲ့သူနောက်လိုက်တဲ့အခါကြရင် အရှက်ဆိုတာ လိုသေးလို့လား…”


နျန်ယွီယီ၏မျက်နှာပေါ်တွင် ရှက်သွေးဖြာသွားပြီး ရှက်ရွံ့မှုနှင့် ဒေါသရောပြွမ်းနေသော ခံစားချက်ကိုခံစားလိုက်ရကာ ပြန်လည်တည်ငြိမ်သွားစေရန် တဖက်သို့လှည့်လိုက်ရသည်။


ဖန်ကျုံးချွမ်း ကောင်ငယ်လေးကို ထပ်မစရန်ဆုံးဖြတ်လိုက်သည် “ ညစာစားပြီးပြီလား ..”


အနောက်သို့ပင် လှည့်မကြည့်လဲ နျန်ယွီယီ အခိုင်အမာ ခေါင်းညိတ်ပြလိုက်သည်။


ရှဲ့ယီကျိုး၏ဂရုစိုက်မှုနှင့်အတူ အနပ်တိုင်းလိုပင် ထမင်းတစ်ပန်းကန်ပိုစားရန် ဒုတိယအစ်ကိုဖြစ်သူမှာ အားစိုက်ထုတ်ထားပုံရသည်။


နျန်ယွီယီတစ်‌ယောက် လုံလောက်သည်အထိ စားပြီးလျှင်ပင် ထိုသို့ဖြစ်နေခဲ့သည်။


“ စောစောနားတော့…” နျန်ယွီယီ ပြန်ရောက်လာစဉ်အခါက သူ၏မျက်လုံးထဲတွင် ပင်ပန်းနေဟန်ကိုတွေ့ထားသောကြောင့် ထမင်းလည်းစားပြီးပြီဖြစ်လေရာ ဖန်ကျုံးချွမ်း ပုခုံးလေးကိုပုတ်ပေးပြီး အနားသွားယူရန် တိုက်တွန်းလိုက်သည်။


“ ဟုတ်ကဲ့…” ယခင်ရက်များအတွင်း နျန်ယွီယီ ပင်ပန်းနွမ်းနယ်နေခဲ့သော်လည်း ဖန်ကျုံးချွမ်းကိုတွေ့လိုက်ရပြီးနောက် ပို၍အားတက်လာသည်။


လှေကားထက်သို့တက်သွားသည့် ပုံရိပ်လေးကိုစောင့်ကြည့်ပြီးနောက်မှသာ ဖန်ကျုံးချွမ်း လှည့်ပြန်လာခဲ့သည်။


နောက်တစ်နေ့မနက်တွင် နျန်ယွီယီ လူသားနှိုးစက်ဖြစ်သူ ကျိုးအာ့ဟယ်ထံမှ အနှိုးခံရပြီး သွားတိုက်ကိုယ်လက်သန့်စင်နေစဉ် တဝါးဝါးသမ်းဝေလျက် သူ၏ညအိပ်ဝတ်စုံဖြင့် အောက်ထပ်သို့ဆင်းလာလိုက်သည်။


လှေကားထောင့်ချိုးသို့ရောက်သည်နှင့် ဖန်ကျုံးချွမ်းတစ်ယောက် ထမင်းစားစားပွဲတွင် ထိုင်နေသည်ကို မြင်လိုက်ရလေသည်။


ဖန်ကျုံးချွမ်း၏အရှေ့တွင်မူ လပ်တော့တစ်လုံးကို ဖွင့်ထားပြီး လှေကားပေါ်ရှိ အမြင့်နေရာမှကြည့်လိုက်လျှင် နျန်ယွီယီ ထိုသူမှာ ဗီဒီယိုကောခေါ်ထားသည်ကို တွေ့ရသည်။


နျန်ယွီယီ၏အရိပ်အယောင်ပေါ်လာသောကြောင့် ဗီဒီယိုထဲရှိလူမှာ စကားပြောလက်စမှ ရပ်တန့်သွားသည်။


ဖန်ကျုံးချွမ်း သူ့ထံလှမ်းကြည့်လာသည် “ နိုးပြီလား…”


ကင်မရာမြင်ကွင်းကိုရှောင်ကာ နျန်ယွီယီ မီးဖိုချောင်ထဲသို့ဝင်လိုက်ပြီး အိမ်အကူမှ လတ်လတ်ဆတ်ဆတ်ဖုတ်ပေးထားသည့် ပေါင်မုန့်ကိုယူ၍ ချိစ်သုတ်လိုက်သည်။


ထို့နောက် မီးဖိုချောင်အဝင်ဝတံခါးတွင် မှီလျက်မေးလိုက်လေသည် “ ဘယ်လိုဖြစ်ပြီး ဒီကိုရောက်နေတာလဲ…”


“ မင်းနဲ့အတူ မနက်စာစားမလို့လေ…” ဖန်ကျုံးချွမ်းမှ ဗီဒီယိုကောကိုအဆုံးသတ်လိုက်ပြီးနောက် ပြန်ဖြေလာသည် “ ပြီးတော့ အလုပ်လိုက်ပို့မလို့…”


“ ? “ နျန်ယွီယီ အရှေ့သို့ခြေနှစ်လှမ်းခန့်တိုး၍ ဖန်ကျုံးချွမ်း၏မျက်နှာခြင်းဆိုင်တွင် ရပ်လိုက်သည် “ ကျွန်တော့်အစ်ကိုနဲ့ မန်နေဂျာက ဘယ်ရောက်နေတာမလို့လဲ…”


“ မင်းရဲ့မန်နေဂျာကိုတော့ ဆက်သွယ်လို့မရဘူး… မင့်အစ်ကိုကတော့ သည်နေ့တခြားအလုပ်တွေရှိနေလို့လေ…” ဖန်ကျုံးချွမ်း အပူပေးထားသည့်နို့ခွက်ကိုယူကာ နျန်ယွီယီရှေ့သို့တွန်းပို့လိုက်သည် “ သောက်လိုက်ဦး…”


ထိုအချိန်မှသာ နျန်ယွီယီ ဖန်ကျုံးချွမ်း၏ဘေးမှ နို့ခွက်ကိုသတိပြုမိသွားပြီး သူ ဓားလမ်းမကိုရိုက်ကူးစဉ်အခါက အတင်းနို့သောက်ခိုင်းခံရသည်ကို အမှတ်ရသွားသောကြောင့် ငြင်းပယ်လိုက်သည် “ မသောက်ဘူး…”


ဖန်ကျုံးချွမ်း လပ်တော့ကိုပိတ်လိုက်သည် “ သောက်ကိုသောက်ရမယ်…”


“ သောက်မှာမဟုတ်ဘူးနော်…”


ဖန်ကျုံးချွမ်းနှင့် သုံးစက္ကန့်မျှ အကြည့်ချင်းထိုးစစ်ဆင်ပြီးနောက် နျန်ယွီယီ အောက်ငုံ့ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် နို့တစ်ခွက်လုံးကုန်သည်အထိ မော့ချလိုက်သည်။


ထို့နောက် ခွက်ကို ဖန်ကျုံးချွမ်းအရှေ့တွင်ချပေးလိုက်ပြီး ခွင့်ပြုချက်တောင်းခံနေဟန်ဖြင့် မေးကိုပင့်ထားခဲ့သည်။


နျန်ယွီယီမှာ မာနကြီးသည့် ကြောင်ပေါက်အဆိုးလေးတစ်ကောင်အလားပင်။


အဆိုပါကြောင်ပေါက်လေး၏ အမွှေးကိုပွတ်သပ်ပေးလိုသော စိတ်ဇောအဟုန်ကို ဖန်ကျုံးချွမ်း တည်ငြိမ်သွားစေရန် ထိန်းချုပ်လိုက်ရသည်။


ယခုအချိန်၌ ထို့ထက်ပို၍အရေးကြီးသောအရာများ သူ့ထံတွင်ရှိနေသေးသည်။


“ အဝတ်သွားလဲချည်… ကိုယ်မင်းကိုလေဆိပ်ကို ခေါ်သွားပေးမယ်…” ဖန်ကျုံးချွမ်း အချိန်ကိုကြည့်လိုက်သည်။


ယနေ့တွင် နျန်ယွီယီတို့ ဓားလမ်းမကို ပရိုမိုးရှင်းဆင်းရန်အတွက် မြို့တော်မှထွက်ခွာ၍ အိမ်နီးချင်းပြည်နယ်သို့ သွားကြရမည်ဖြစ်သည်။


ထိုအကြောင်းတွေးမိရုံဖြင့် နျန်ယွီယီ သိသိသာသာစိတ်ညစ်သွားရပြီး အမြဲ‌လိုထောင်မတ်နေသော သူ့ခေါင်းပေါ်မှ ဆံပင်လေးများသည်ပင် မြင်သာထင်သာရှိစွာ ညှိုးကျသွားခဲ့သည်။


နျန်ယွီယီ အင်္ကျီလဲရန် အိပ်ခန်းစီသို့ပြန်သွားလိုက်ပြီး ထွက်ခွာရန်အတွက် လွန်ခဲ့သောနှစ်ရက်အလိုထဲက ပြင်ထားပြီးသော ခရီးဆောင်အိတ်နှစ်လုံးကို ထုတ်လာလိုက်သည်။


ဖန်ကျုံးချွမ်းသည်လည်း အပေါ်ထပ်သို့လိုက်တက်လာပြီး လှေကားပေါ်တွင် နျန်ယွီယီကို စောင့်ဆိုင်းနေခဲ့သည်။


နျန်ယွီယီ အလျင်လိုနေပုံကို မြင်လိုက်ရသောကြောင့် အရှေ့သို့တိုးကာ ခရီးဆောင်အိတ်များကိုသယ်ပေးလာပြီး အပြင်သို့ထွက်လာလိုက်ကြသည်။


နျန်ယွီယီလည်း အနောက်မှလိုက်လာလိုက်သည်။ သူထွက်သွားမည်အလုပ်တွင် အိမ်အကူအဒေါ်ကြီးမှ လတ်လတ်ဆတ်ဆတ်လှီးထားပြီးသော အသီးများကို တစ်ခါသုံးဘူးတွင်ထည့်၍ ပေးလာသည်။


အပြင်သို့ရောက်သည်နှင့် ဖန်ကျုံးချွမ်းမှ ခရီးဆောင်အိတ်များအား ကားနောက်ခန်းသို့ထည့်နေသည်ကို နျန်ယွီယီတွေ့လိုက်ရသည်။


မနက်ခင်းမှ နွားနို့ကိစ္စကိုမကျေမနပ်ဖြစ်နေသေးသောကြောင့် နျန်ယွီယီ ရည်ရွယ်ချက်ရှိရှိ အရှေ့ခုံတွင်မထိုင်ဘဲ ထိုအစား အနောက်ခုံစီသို့ လာလိုက်သည်။


သို့သော်လည်း ခုံတွင်ထိုင်ပြီးသည်နှင့် အရှေ့တွင် ဒါရိုင်ဘာရှိကြောင်း သူသိလိုက်ရလေသည်။


ထို့နောက် ဖန်ကျုံးချွမ်းသည်လည်း အနောက်ခန်းမှ သူ၏ဘေးနေရာတွင် ဝင်ထိုင်လာသည်။


“ လူကြီးမင်းဖန်…” ဒါရိုင်ဘာမှနှုတ်ဆက်လာသည်။


“ အင်းး လေဆိပ်ကိုသွားမယ်…” ဖန်ကျုံးချွမ်း ပြောလိုက်ပြီးနောက် နျန်ယွီယီဖက်သို့လှည့်ကာ မေးလိုက်သည် “ ဘာဖြစ်နေတာလဲ..”


နျန်ယွီယီ တိတ်တဆိတ်ပြတင်းအပြင်သို့သာ ကြည့်နေလိုက်သည်။


ဖန်ကျုံးချွမ်းက သူ၏အနည်းငယ်စောင်းနေသော ‌အင်္ကျီကော်လာကို တည့်မတ်ပေးလိုက်ပြီးနောက် ထိုင်ခုံခါးပတ်ပတ်ပေးလိုက်သည်။


ချင်အန်းမှ လေဆိပ်သို့သွားရန် အနည်းငယ်ကွာဝေးသည်။


နျန်ယွီယီ အစပိုင်းတွင် ဖန်ကျုံးချွမ်းကို မကြည့်ရန်ဆုံးဖြတ်ထားသော်လည်း နာရီဝက်ပင်မကြာလိုက်ဘဲ သူ၏ထိုင်ခုံပေါ်တွင် အိပ်ပျော်သွားခဲ့သည်။


မီးပွိုင့်အနီးတွင် ကားမှာ ရုတ်တရက် လမ်းသွားလမ်းလာကိုရှောင်လိုက်စဉ် ဘရိတ်အုပ်လိုက်ရသောကြောင့် နျန်ယွီယီ ဖန်ကျုံးချွမ်း၏လက်မောင်းများကြားတွင် အဆုံးသတ်သွားရသည်။


သူတို့လေဆိပ်အနားသို့ နီးလာချိန်မှသာ နျန်ယွီယီနိုးလာခဲ့သည်။


မျက်လုံးများပွတ်လျက် ထိုင်နေချိန် သူ တစ်နည်းတစ်ဖုံဖြင့် ဖန်ကျုံးချွမ်း၏ပွေ့ဖက်မှုအောက်တွင် စောင်လေးခြုံလျက် ရောက်ရှိနေသည်ကို သတိပြုမိသွားသည်။


“ ကိုယ်တို့နောက်ဆယ်မိနစ်ဆိုရင် လေဆိပ်ရောက်တော့မယ်…” ဖန်ကျုံးချွမ်းမှ စောင်ကိုဘေးဖယ်ပေးလိုက်ပြီး ပြောလာသည် “ အိပ်ငိုက်နေတုန်းပဲလား…”


ပျင်းတိပျင်းရွဲ့ဖြင့် အကြောဆန့်လျက် ပို၍နိုးကြားလာသောကြောင့် နျန်ယွီယီ ခေါင်းခါပြလိုက်သည်။


လေဆိပ်သို့ရောက်သည်နှင့် ခရီးဆောင်အိတ်များထုတ်ရန် ဒါရိုင်ဘာမှဦးဆုံးဆင်းသွားခဲ့သည်။


သူတို့သုံးဦးသား လေဆိပ်ထဲသို့ ဝင်လာလိုက်ကြသည်။ ဗီအိုင်ပီများနားနေခန်းတွင် ထိုင်ပြီးချိန်မှသာ နျန်ယွီယီ ဖန်ကျုံးချွမ်းထံတွင် ထွက်သွားမည့်အရိပ်အယောင်မရှိနေကြောင်း သတိပြုမိသွားသည်။


“ အလုပ်သွားဖို့မလိုဘူးလား…” နျန်ယွီယီ ထိုင်နေသည့်နေရာမှ ဖန်ကျုံးချွမ်းထံလှမ်းကြည့်လိုက်သည်။


“ မင်းအတွက် ဒီကိုရောက်နေတာလေ…”


“ အလုပ်နောက်ကျပြီး လစာအဖြတ်ခံရမှာမကြောက်ဘူးလား…”


“ သူဌေးကကိုယ်လေကွာ…”


“ ကျစ် အရင်းရှင်ဝါဒီကြီးစိုးချက်ပဲ…”


“ အင်းပေါ့…”


ရှဲ့ယီကျိုးမှာလည်း အလောတကြီးဖြစ်နေသည့်အလား အလျင်အမြန်ရောက်ချလာပြီး အနည်းငယ်စိုနေသေးသည့်ဆံပင်ကို နားနောက်သို့ပို့ကာ အမြန်လျှောက်လာသည်။


ပျင်းရိနေသည့်နျန်ယွီယီမှ ဖုန်းဆော့နေခဲ့သည်။ သို့သော်လည်း မနက်ခင်းတွင် ကျိုးအာ့ဟယ်ထံဆက်သွယ်၍မရကြောင်း ဖန်ကျုံးချွမ်းပြောလာသည်ကို သတိရသွားသောကြောင့် စိတ်ပူသွားပြီး ဝီချက်တွင်စာပို့လိုက်သည်။


ကျိုးအာ့ဟယ် : [ ? ]


နျန်ယွီယီ : [ အစ်ကိုဖန်မနက်ကပြောတာ အစ်ကို့ဆီဆက်သွယ်လို့မရဘူးဆိုလို့… အဆင်ပြေရဲ့လားလို့ လှမ်းမေးကြည့်တာလေ ]


ကျိုးအာ့ဟယ် : [ အဆင်ပြေပါတယ်… ငါ့တင်ပါးက အကောင်းဆုံးအခြေအနေမှာပဲ ]


ကျိုးအာ့ဟယ် စာကိုအမြန်ဖျက်သွားခဲ့သည်။


ကျိုးအာ့ဟယ်မှ စာကိုဖျက်သွားသည့်တိုင် နျန်ယွီယီ ဖတ်လိုက်ရသေးသည်။


နျန်ယွီယီ : [ ???? ]


နျန်ယွီယီ : [ ဒီလိုဆိုရင် အစ်ကိုကအောက်ထပ်ကပေါ့… ဟုတ်လား… ဟားဟား ရီလိုက်ရတာ ]


ကျိုးအာ့ဟယ် : [ ဘာလာရယ်နေတာလဲ … မင်းလည်း ဖန်ကျုံးချွမ်းနဲ့ဆိုရင် အောက်ထပ်ရောက်တာပဲမဟုတ်လို့လား ]


နျန်ယွီယီ : [ အစ်ကိုက ကျွန်တော့်ရဲ့သတ္တိကို သံသယဝင်နေတာလား ]


ကျိုးအာ့ဟယ် : [ ဒါမှမဟုတ် မင်းကပဲ ဖန်ကျုံးချွမ်းရဲ့သတ္တိကို အထင်သေးနေတာလား ]


ကောင်းပြီလေ ဒါက အရှိန်တက်လာတာပဲ…


နျန်ယွီယီ ဖန်ကျုံးချွမ်းထံ တချက်ခိုးကြည့်လိုက်ပြီးနောက် ကျိုးအာ့ဟယ်ပြောသည်ကို သဘောတူသယောင်ဖြစ်သွားရသည်။


ကျိုးအာ့ဟယ် : [ မင်းသတိမထားမိဘူးလား…ငါမင်းကိုအောက်ထပ်ကလို့ပြောတော့ မင်းရဲ့ချက်ချင်းတုံ့ပြန်မှုက ဖန်ကျုံးချွမ်းနဲ့အတူရှိ၏ မရှိ၏မဟုတ်ဘဲ အောက်ထပ်မဟုတ်ကြောင်း အတင်းငြင်းနေတာလေ ]


ကျိုးအာ့ဟယ် : [ ဒါက အခြေခံသတိပညာပဲ…အောက်ထပ်ကလူတွေပဲ တကယ်တမ်းကျ ဖင်ပိတ်ငြင်းကြတာကိုး ]


ကျိုးအာ့ဟယ် : [ အောက်ကိုဆက်ဆင်းလိုက်ရင်တော့ မင်းက ဖန်ကျုံးချွမ်းနဲ့အတူရှိမယ့် အတွေးကိုမငြင်းဘူးပဲ ]


ကျိုးအာ့ဟယ်၏စာများမှာ နျန်ယွီယီ၏ဖုန်းထဲတွင် တစ်ခုပြီးတစ်ခုဝင်ရောက်လာသည်။


နျန်ယွီယီ ဖုန်းကိုပိတ်လိုက်ပြီး ကျိုးအာ့ဟယ်ပြောသည်ကို ပြန်စဉ်းစားနေမိသည်။


သူ၏အတွင်းစိတ်တွင် ဖန်ကျုံးချွမ်းနှင့် အတူရှိမည့်အတွေးကို သူအမှန်တကယ်မငြင်းပယ်နေပေ။


“ ဘာဖြစ်နေတာလဲ…” ယခုအချိန်တွင် နျန်ယွီယီနှင့် လေယာဉ်တစ်စီးတည်းကျနေသည့် ရှဲ့ယီကျိုးမှ သတိပြုမိသွားသောကြောင့် မေးလာသည်။


သူရောက်လာချိန်တွင် ညီငယ်လေးမှာ ဖုန်းတွင်အာရုံရောက်နေပြီး သူ့ကိုမြင်ပုံမရချေ။


“ အာ ဒုတိယအစ်ကို…” ရှဲ့ယီကျိုး၏ခေါ်သံကြောင့် လန့်သွားရသည့်နျန်ယွီယီမှ ထအော်လိုက်မိကာ ဖုန်းကိုတင်းတင်းဆုပ်ထားမိသည် “ သတင်းတချို့ဖတ်ပြီး အတွေးလွန်နေတာပါ…”


“ ဘာသတင်းတွေလဲ…” ရှဲ့ယီကျိုးမှာ ယုံကြည်ပုံမရချေ။


“....” 


နျန်ယွီယီ ကျိုးအာ့ဟယ်အကြောင်းကို သယ်လာရန်ဆုံးဖြတ်လိုက်သည် “ တကယ်တော့ အစ်ကိုကျိုးအကြောင်းစဉ်းစားနေတာလေ… မနေ့ညကဆို ကောင်လေးနဲ့ချိန်းတွေ့နေလို့ အိမ်တောင်ပြန်မလာဘူးလေ…”


“ သူကရည်းစားရနေတာလား…” ရှဲ့ယီကျိုးမေးလိုက်သည် “ ရင်းကျင်းနဲ့လား…”


“ အစ်ကိုဘယ်လိုသိတာလဲ…” နျန်ယွီယီ ကျိုးအာ့ဟယ်အတွက် လျှို့ဝှက်ပေးထားချင်သော်လည်း ရှဲ့ယီကျိုးမှာ ချက်ချင်းဆိုသလို မှန်းဆနိုင်ခဲ့သည်။


“ အင်း ရင်းကျင်းကလည်း ပေါ်ပေါ်ထင်ထင်ထုတ်ပြနေတာပဲလေ… သူ့ကြည့်ရတာ ကုမ္ပဏီအဝင်ဝမှာတောင် သူ့အချစ်ကိုဝန်ခံချင်နေသလိုပဲ…”


ဒီလိုဆိုတော့ ရင်းကျင်း ကျိုးအာ့ဟယ်အပေါ်သဘောကျနေတာကို ကုမ္ပဏီတစ်ခုလုံးသိကြတာပေါ့…


နျန်ယွီယီ ကျိုးအာ့ဟယ်အတွက် စိတ်ထဲတွင်သာ အကောင်းဆုံးဖြစ်စေရန် ဆုတောင်းပေးလိုက်သည်။


ဘုရားသခင်ကောင်းချီးပေးပါစေ… အာမင်…



🫶