🫶Chapter 50
ကျန်းရွှယ်ယုံမှ အိမ်နီးချင်းခရိုင်၏မြို့တော်တွင် ဟိုတယ်ငှားပေးထားပြီးဖြစ်သောကြောင့် ရှဲ့ယီကျိုးနှင့် နျန်ယွီယီတို့ လေယာဉ်ဆိုက်သည်နှင့် ထိုနေရာသို့တန်းသွားလိုက်ကြသည်။
အခြားသောသရုပ်ဆောင်များလည်းရောက်ရှိလာကြသည်။ သို့သော်လည်း နျန်ယွီယီ အခန်းတွင်းစစ်ကြည့်လိုက်ချိန်၌ ကျန်းယန်ကိုမူ မတွေ့ခဲ့ရချေ။
“ သူက ဒါရိုက်တာကျန်းရဲ့ ပိတ်ဆို့ခံလိုက်ရပြီလေ..”
ခေါင်းဆောင်မင်းသမီးမှ သူ့ထံကော်ဖီတစ်ခွက်လှမ်းပေးကာ ပြောလာသည် “ သကြားမပါတာမလို့ စိတ်မပူဘဲသောက်နော်… မင်းကိုဝိတ်မတက်စေဘူးလေ…”
“ ကော်ဖီသောက်တဲ့သူမဟုတ်ဘူးလား…”
နျန်ယွီယီက သူမ အာမခံပြီးတာတောင် ခွက်ကိုပြန်ချထားသောကြောင့် အံ့ဩသွားရပြီး သူမ၏အပြုံးလည်း ပြိုကွဲသွားသည် “ မင်းကတော့ အနေခက်အောင် လုပ်နေတာပဲကွယ်…”
“ မဟုတ်ပါဘူး အရမ်းခါးလို့ပါ .. ကျွန်တော်က သကြားမပါဘဲသောက်တဲ့ သူ မဟုတ်ဘူးလေ ..” နျန်ယွီယီ ပြန်ဖြေလိုက်ပြီးနောက် အလုတ်အသေးသေး တစ်ငုံသောက်လိုက်ရာ အခါးဓာတ်မှာ သူ့ကိုလွှမ်းခြုံသွားခဲ့သည်။
“ မင်း သကြားမရှောင်ဘူးလား…” ရှန့်နျန်ကျီ သူ့ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး သူမ၏မနာလိုမှုကို ဖော်ပြလာသည် “ ကောင်းလိုက်တာ သကြားစားတာတောင် ဝိတ်မတက်ဘူး…”
“ ကျွန်တော်ဝိတ်တက်ပါတယ်…” နျန်ယွီယီ အနားကပ်ကာတီးတိုးပြောလိုက်သည် “ မန်နေဂျာကြီးရဲ့ မျက်လုံးတွေကနေ ရှောင်ပြီး တိတ်တိတ်လေးခိုးစားတာလေ…”
ရှန့်နျန်ကျီ တခစ်ခစ်ရယ်လိုက်မိသည် “ မင်းကတော့ တကယ်ပဲချစ်ဖို့ကောင်းတယ်… ငါ တခြားနေရာမှာသွားရိုက်ရပြီး မင်းနဲ့အတူဆုံတဲ့အခန်းမပါလိုက်တာ နှမြောစရာပဲဟယ် …”
ဓားလမ်းမရိုက်ကူးစဉ်အခါက ရုပ်ရှင်မြို့တော်တွင် ရိုက်ကွင်းနှစ်နေရာတည်ထားခဲ့သည်။ သူနှင့်ရှဲ့ယီကျိုးတို့မှာ တစ်နေရာဖြစ်ပြီး ခေါင်းဆောင်မင်းသမီးမှာ အခြားတစ်နေရာတွင်ဖြစ်သောကြောင့် နျန်ယွီယီ ရှန့်နျန်ကျီနှင့် တွေ့ခဲ့လှသည်။
“ ငါ ရိုက်ကူးရေးကအပိုင်းအစလေးတွေကို မြင်ရုံနဲ့တင် နင်ပေါက်မယ်ဆိုတာ ချက်ချင်းသိလိုက်တာ…” ရှန့်နျန်ကျီ သူမ၏ကော်ဖီကိုမွှေလျက်ပြောလာသည် “ ဒါပေမယ့် ဒီလောက်မြန်မြန်ကြီး ထောင်တက်လာမယ်လို့တော့ မထင်ထားမိဘူး…”
နျန်ယွီယီ : “ ကျွန်တော် အဲလောက်တောင် နာမည်ကြီးနေပြီလား…”
ရှန့်နျန်ကျီ : “ မဟုတ်လို့လား…”
နျန်ယွီယီ : “ ကြယ်ပွင့်က ကျွန်တော့်ကြောင်လို့တော့ ထင်တာပဲရယ်…”
ရှန့်နျန်ကျီ နျန်ယွီယီကို ခေါင်းအစခြေအဆုံးကြည့်ပြီး သူ၏ရိုးသားမှုကို သတိပြုမိသောကြောင့် မှတ်ချက်ပေးလာသည် “ မင်းကတကယ်ပဲ နာမည်ကြီးနေတာပါ… အေအဆင့်လောက်ထိတော့မဟုတ်သေးပေမယ့် မင်းရဲ့ဖန်အုပ်စုက ဘီအဆင့်ကြယ်ပွင့်နဲ့ ရင်ဘောင်တန်းနိုင်နေပြီလေ…”
“ မင်းကိုယ်မင်းလည်း သတိထားကြည့်ပါဦးဟယ်…”
နျန်ယွီယီမှာ သူ၏အလုပ်ပိတ်ရက်များတွင် အိမ်တွင် အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက်ဖြင့်သာ နေတတ်သည်။ အစပိုင်းတွင် သူ၏တိုးပွားလာသော ပရိသတ်အုပ်စုအကြောင်း ကျိုးအာ့ဟယ်သတင်းပို့ပေးတတ်သော်လည်း နောက်ပိုင်းတွင်မူ ရပ်တန့်လိုက်သည်။ ရှဲ့ယီကျိုးအတွက်မှာမူ သူ၏ သန်းဆယ်ချီသောပရိသတ်အားကြောင့် ညီငယ်ဖြစ်သူအပေါ် အားမရနိုင်သေးဘဲ ပို၍ထိတွေ့မှုပေးချင်နေသည်။
ရှန့်နျန်ကျီ သက်ပြင်းသာချလိုက်ရသည် “ မင်းမှာက အရမ်းကောင်းတဲ့ အရင်းအမြစ်တွေရထားတယ်လေ… နာမည်မကြီးသေးတဲ့ ဘယ်သူမဆို ဒီလိုအရင်းအမြစ်တွေနဲ့ပတ်သက်ပြီး မရမချင်းစိတ်ပင်ပန်းရတယ်ဆိုတာ ဘယ်သိမှာတုန်း…”
“ ပြီးတော့ ထပ်ပြီးပြောရရင် ရှဲ့မိသားစုက ဘယ်လိုလုပ်ပြီး အရင်းအမြစ်တွေချို့တဲ့မှာတဲ့လဲ…”
နျန်ယွီယီ ကော်ဖီကိုမွှေနေစဉ် ရှန့်နျန်ကျီရေရွတ်လိုက်သည့် စကားတပိုင်းတစ်စကို ကြားလိုက်ရသည်။
သူမ၏စကားမှ သူ့အာရုံကိုဖမ်းစားသွားသောကြောင့် နျန်ယွီယီ မော့ကြည့်လိုက်မိသည်။
“ ငါဘယ်လိုသိသွားလဲ အဖြေရှာနေတာမလား…” ရှန့်နျန်ကျီ ဘေးပတ်ဝန်းကျင်သို့ ကျက်သရေရှိစွာ လှည့်ကြည့်လိုက်သည် “ ငါက မဒမ်ရှဲ့နဲ့တွေ့ဖူးတယ်လေ…မင်းက သူနဲ့အရမ်းတူတာကိုး…”
“ ပြီးတော့ ရှဲ့ယီကျိုး စစတွေ့ခြင်း မင်းအပေါ်ဆက်ဆံပုံကိုကြည့်ရင် ခန့်မှန်းရမခက်ပါဘူး…”
“ ငါက ဒီအတိုင်း ဝတ္ထုလိုမျိုးအရာက လက်တွေ့ဘဝမှာဖြစ်လာတာကို မယုံနိုင်ဖြစ်နေတာလေ…”
နျန်ယွီယီ စိတ်ထဲတွင်တော့ ခပ်ငေါ့ငေါ့တွေးလိုက်သည်။
ဘာကိုဝတ္ထုဆန်တာလဲ… ဒီကမ္ဘာကြီးကိုက ဝတ္ထုတစ်ပုဒ်ပဲလေ… ပြီးတော့ ခင်ဗျားကလည်း အဲ့အထဲက အရန်ဇာတ်ကောင်လေးတစ်ယောက်ပဲဟာ…
သူတို့နှစ်ဦး ဟိုတယ်ဧည့်ခန်းတွင်ထိုင်နေကြစဉ် ကျန်းရွှယ်ယုံနှင့်အခြားသူများသည်လည်း ဓာတ်လှေကားမှထွက်လာကြပြီဖြစ်သည်။
“ အချိန်ကျခါနီးပြီ…” ရှဲ့ယီကျိုး နျန်ယွီယီထံလာကာ သူ၏အင်္ကျီမှတွန့်ကြေနေသည့်နေရာများကို ပြန်ပြင်ပေးလိုက်သည်
“ သွားရအောင်..
ကားများအားလုံးမှာ ထုတ်လုပ်ရေးအဖွဲ့မှ ပိုင်ဆိုင်ခြင်းဖြစ်ပြီး နျန်ယွီယီနှင့် ရှဲ့ယီကျိုးတို့ ကားတစ်စီးထဲသို့ အတူဝင်သွားချိန်၌ ရှန့်နျန်ကျီမှာမူ အရှေ့မှကားတစ်စီးစီသို့ တစ်ဦးတည်းဝင်သွားခဲ့သည်။
ပရိုမိုးရှင်းပွဲအတွက် ကော်ဇောနီအသေးစားတစ်ခုရှိမည်ဖြစ်ပြီး ကားမှာ ကော်ဇောနီရှေ့သို့ တိုက်ရိုက်မောင်းကာ ကားတံခါးဖွင့်လိုက်သည်နှင့် ကော်ဇောနီပေါ်သို့ တန်းခြေချနိုင်မည်ဖြစ်သည်။
ရှဲ့ယီကျိုးမှာ ပထမဦးဆုံးကားထဲမှဆင်းသွားသူဖြစ်ကာ နျန်ယွီယီ ဆင်းလိုက်ချိန်၌ ကျယ်လောင်သောအားပေးသံများကို ကြားလိုက်ရသည်။
“ ကျိုးကျိုးရေ ချစ်တယ်နော်…”
“ ယောင်္ကျား ယောင်္ကျား ..”
“ ရှဲ့ယီကျိုး ငါနင့်ကိုတွေ့ဖို့ထပ်လာခဲ့ပြီ…”
ရှဲ့ယီကျိုးမှာ အားပေးသံများနှင့် ရင်းနှီးပြီးသားဖြစ်သော်လည်း နျန်ယွီယီအား ခြောက်လှန့်မိသွားမည်စိုးသောကြောင့် ကားပေါ်မှဆင်းသည်နှင့် အထဲသို့ ကိုယ်တဝက်ကိုင်းကြည့်လိုက်မိသည်။
နျန်ယွီယီ ကားတံခါးကိုကိုင်ကာ ဆင်းလာခဲ့သည်။
ကင်မရာများမှာ ပတ်ပတ်လည်တွင်ရှိနေသောကြောင့် ရှဲ့ယီကျိုးအတွက် နျန်ယွီယီ၏လက်ကို ကိုင်ပေးရန်အဆင်မပြေနေပေ။ သူ နျန်ယွီယီနှင့်အတူ ပရိုမိုးရှင်းဆင်းမည့်နေရာသို့ တစ်ယောက်ပြီးမှ တစ်ယောက်သာစီတန်းသွားနိုင်ခဲ့သည်။
သို့တိုင်အောင် ရှဲ့ယီကျိုး “ အရမ်းချိုတာပဲ…” ဆိုသည့်အော်သံများကို ကြားနေရဆဲပင်။
ရှဲ့ယီကျိုး အသံလာရာသို့လှမ်းကြည့်လိုက်ရာ ပရိသတ်တစ်စုမှာ အရှေ့သို့ကွက်တိတက်လှမ်းလာသည်ကို မြင်လိုက်ရပြီး သူတို့၏အော်သံသည်ပင် ပိုမိုကျယ်လောင်လာသည်။
နျန်ယွီယီမှာမူ အစပိုင်းတွင် ခြေလှမ်းစိတ်စိတ်သာလှမ်းနေခဲ့သော်လည်း ရှဲ့ယီကျိုးရပ်တန့်လိုက်သည်ကို မြင်ရပြီးနောက် တိုက်မိသွားမည်စိုးသည့်အတွက် ကမန်းကတန်းရပ်လိုက်ရသည်။
ရလဒ်အနေဖြင့် နျန်ယွီယီ ရပ်လိုက်ပြီးသည်နှင့် မကြာခင်မှာပင် လူတစ်စု၏ “ အပတ်စဉ်CPစုံတွဲ..” ဟူ၍ အော်သံကိုကြားလိုက်ရသည်။
အတင်းအဖျင်းများအား နှစ်သက်သူတစ်ဦးအနေဖြင့် နျန်ယွီယီ CPဟူသည့် စကားနှင့်စိမ်းသက်မနေပေ။ သို့သော်လည်း သူနှင့်သူ့အစ်ကိုတို့ အတွဲတွဲပေးခံရမည်ကိုကား သူထင်မထားမိခဲ့ပါချေ။
“ နားထောင်မနေနဲ့… အရင်ဝင်သွားလိုက်တော့…”
ညီငယ်လေးမှ မကောင်းသောအရာများကို သင်ယူမိသွားမည်စိုးသောကြောင့် ရှဲ့ယီကျိုး ကင်မရာများကို လျစ်လျူရှုလိုက်ပြီး ခြေတစ်လှမ်းပြန်ဆုတ်ကာ ပရိုမိုးရှင်းဆင်းသည့်နေရာသို့ နျန်ယွီယီကို ဦးစွာဝင်သွားစေလိုက်သည်။ ထို့နောက်တွင်မှ အနောက်တွင်နေခဲ့ကာ ခေါင်းငုံ့လျက် ယောင်ယောင်ကို ညွှန်ကြားချက်များ ပေးလိုက်သည်။
ယောင်ယောင်မှ ချက်ချင်းပင် တုံ့ပြန်လာကာ ခြေလှမ်းကိုအရှိန်မြင့်လိုက်သည်။
ထို့နောက် ရှဲ့ယီကျိုး လူထုနှင့်တွေ့ဆုံရမည့်နေရာသို့ ဆက်လက်လျှောက်သွားလိုက်သည်။
ရှဲ့ယီကျိုးက နျန်ယွီယီကို အရှေ့မှဝင်ခဲ့ခိုင်းစဉ်အခါက ရည်ရွယ်ချက်ရှိရှိဖြင့် ကင်မရာများကိုမရှောင်ခဲ့သောကြောင့် သူ၏ပရိသတ်များမှ သူသည်သာ အနောက်သို့ဆုတ်၍ နျန်ယွီယီကို ပေးသွားခဲ့ကြောင်း သိနေကြပေလိမ့်မည်။
သို့သော်လည်း ပရိုမိုးရှင်းပွဲပြီးသည်နှင့် ယောင်ယောင်သည် စူပါစကားဝိုင်းတွင် နျန်ယွီယီမှာ စီနီယာများအပေါ် မလေးစားဘဲ ကပ်၍သွေးစုပ်နေသည်ဟူသော ခေါင်းစီးရေပန်းစားနေသည်ဟု ရှဲ့ယီကျိုးထံအသိပေးလာသည်။
ထိုစီနီယာမှာမူ ရှဲ့ယီကျိုးကိုယ်တိုင်ပင် ဖြစ်လေသည်။
ရှဲ့ယီကျိုးမှ ယောင်ယောင့်ကို စုံတွဲပရိသတ်များနှင့် ပတ်သက်၍ကိုင်တွယ်ဖြေရှင်းခိုင်းခဲ့ပြီး သူမ အလုပ်မပြီးခင်မှာပင် ထပ်မံ၍ ခေါင်းစီးတစ်ခုမှာ ရေပန်းစားလာပြန်သည်။
ဝေ့ပေါ်သို့ ပထမဆုံးတင်ခဲ့သူမှာ ပရိုမိုးရှင်းပွဲသို့ လာရောက်ခဲ့သော ပရိသတ်တစ်ဦးဖြစ်နိုင်ပြီး နျန်ယွီယီမှ ရှဲ့ယီကျိုးကိုဖြတ်ကျော်ကာ အရှေ့သို့လျှောက်သွားသည့် ဗီဒီယိုကိုတင်ထားခဲ့သည်။
အဆိုပါဗီဒီယိုကို ခွင့်ပြုချက်မရှိတင်ထားခြင်းဖြစ်ကာ ရှဲ့ယီကျိုးမှ နျန်ယွီယီကို လိုလိုလားလားလမ်းဖယ်ပေးသည့်အပိုင်းကို ဖြတ်ထုတ်ထားခဲ့ပြီး နျန်ယွီယီမှ ရှဲ့ယီကျိုးအပေါ်မလေးစားဘဲ အဓိကနေရာကို ခိုးယူခဲ့သယောင် ဖန်တီးထားသည်။
ရှဲ့ယီကျိုး ထိုဗီဒီယိုကိုတွေ့သွားချိန်၌ စူပါစကားဝိုင်းထဲတွင် ၎င်းမှာပွက်လောရိုက်နေပြီးဖြစ်သည်။
အချို့သောပရိသတ်များမှာ နျန်ယွီယီသည် ရှဲ့ယီကျိုး၏အမည်နှင့် ချိတ်ဆက်နေသောကြောင့် မနေမနပ်ဖြစ်နေကြသည်။ သို့သော်လည်း ရှဲ့ယီကျိုးမှာ အဓိကအားဖြင့် ထိုအရာများကို လက်သင့်ခံနေသောကြောင့် သူတို့၏မကျေမနပ်ချက်များကို ပေါက်ကွဲထွက်မရကြချေ။
သို့သော်လည်း ထိုဗီဒီယိုမှာမူ သူတို့၏နောက်ဆုံးစည်းဖြစ်သွားခဲ့သည်။
“ ဖန်တွေက သူတို့ရဲ့စူပါစကားဝိုင်းကို နျန်နျန့်ဆီရွှေ့သွားကြပြီ…”
ယောင်ယောင်မှ အလွန်စိုးရိမ်နေဟန်ဖြင့် ပြောလာသည် “ အစ်ကိုလည်း အစ်ကို့ဖန်တွေ ဘယ်လောက်စိတ်ကြီးလဲဆိုတာ သိသားပဲ… နျန်နျန် ဒီဟာကို မခံစားနိုင်လောက်ဘူး…”
“ ငါတို့ ကိစ္စတွေကို ဖြေရှင်းဖို့လိုတယ်…” တစ်နေ့တာလုံး ပရိုမိုးရှင်းဆင်းနေရသောကြောင့် မြင်သာထင်သာရှိစွာ ပင်ပန်းနေပုံရသည့် ရှဲ့ယီကျိုးမှ ပြောလာသည်
“ ငါ ဒါရိုက်တာကျန်းကို မပြုပြင်ထားတဲ့ဗီဒီယိုတောင်းလိုက်မယ်… မင်းလည်း ဖန်တွေကို အဲ့သည့်အချိန်အတွင်း စိတ်လျော့သွားဖို့ ကြိုးစားထားလိုက်ချည်…”
“ နားလည်ပါပြီ…”
ယောင်ယောင်ထံတွင် ကုမ္ပဏီနှင့် ပရိသတ်များအကြား ပေါင်းကူးဟုဆိုနိုင်သည့် ကိုယ်ပိုင်ဝေ့ပေါ်တစ်ခုရှိသည်။ ရှဲ့ယီကျိုး၏ပရိသတ်များအကြားတွင်မူ သူမသည် မြင့်မြင့်မားမားလွှမ်းမိုးနိုင်စွမ်းရှိသူတစ်ဦးဖြစ်လေသည်။
သူမ ဝေ့ပေါ်အကောင့်ကို ဝင်လိုက်ပြီး ဦးဆုံး အခြေအနေကိုရှင်းပြလိုက်ကာ ပြီးနောက်တွင် လူထုအမြင်မဆုံးရှုံးစေရေးအတွက် မျှော်လင့်လျက် သူမ၏ပရိသတ်များကို တည်တည်ငြိမ်ငြိမ်နေရန် ကြိုးစားထိန်းလိုက်သည်။
သို့သော်လည်း ယောင်ယောင်၏ပို့စ်မှာ ပရိသတ်များ၏ဒေါသကို ပို၍ပင်လောင်စာထည့်ပေးသကဲ့သို့ဖြစ်သွားရသည်။
[ နင်ကကျိုးကျိုးရဲ့ဖန်ကော ဟုတ်ရဲ့လား… ဘာလဲ အခုကြ အတွဲရှစ်တဲ့ဖန်ဖြစ်သွားတာလား… အဲ့လိုဟာဆိုရင်တော့ ကျိုးကျိုးရဲ့ဖိုရမ်ကနေ ချက်ချင်းထွက်သွားလိုက်နော် ]
[ သက်သေကဗီဒီယိုထဲမှာပါနေတာကို… လူသစ်လေးက အစ်ကိုကျိုးကို မရိုမသေလုပ်နေတာ အသိသာကြီးပဲလေ…ဒါတောင် သူ့ဖက်ကမနေပေးသေးဘူးလား…သူ့ရဲ့ပုံအကြည်လေးတွေ ခဏခဏတင်ပေးနေတော့ နင်သူ့ကိုတကယ်လေးစားတာလို့ ငါတစ်ခါကထင်ခဲ့ဖူးသေးတယ် ]
[ ငါက အဲ့သည့်ဗီဒီယိုကိုရိုက်ခဲ့တဲ့သူနော်…အဲ့နေရာမှာလည်း ရှိခဲ့တယ်…နင်လည်း အဲ့သည့်မှာရှိခဲ့တယ်မလား… ဒါပေမယ့် ငါတို့စီမှာက အဖွဲ့လိုက်စကားဝိုင်းအသေးလေး ရှိနေပြီးသားနော်… နင့်ကိုယ်နင်သာဘယ်သူလဲဆိုတာ ထုတ်ပြစမ်းပါ…ဒါမှမဟုတ် နင်ကအတွဲရှစ်တဲ့ဖန်လား… မဟုတ်ရင်လည်း သူတို့ကိုကြည့်ဖို့ နံရံကျော်တက်ခဲ့တာများလား..”
မူရင်းဗီဒီယိုပြီးနောက် ဆွေးနွေးချက်များမှာ ယောင်ယောင်၏ပို့စ်အောက်သို့ ရောက်လာကြပြီး သူမကိုဆန့်ကျင့်သည့် တုံ့ပြန်မှုများ ပြင်းထန်လာသည်။
၎င်းမှနေ၍ ယောင်ယောင်အား ပရိသတ်ဖိုရမ်ထွက်ရန် ခေါ်ဆိုမှုများအထိသို့ပင် တက်လာခဲ့လေသည်။
ရှဲ့ယီကျိုး မပြင်ရသေးသည့်ဗီဒီယိုကို ဒါရိုက်တာထံမှယူ၍ အေဂျင်စီသို့ပို့လိုက် သူ၏နေရာကိုကာကွယ်ထားသည့်အပိုင်းကို ဖယ်ထုတ်မည်ဟု မျှော်လင့်၍ နျန်ယွီယီ၏အခန်းသို့ပို့စေလိုက်သည်။
ဖိုရမ်အတွင်းမှ ပွက်လောရိုက်နေမှုများကြောင့် နျန်နျန်စိတ်မကောင်းဖြစ်နေမည်ကို စိတ်ပူသောကြောင့် မုန့်များသယ်ကာ ချော့သည့်အနေဖြင့် အောက်ထပ်သို့ဆင်းလာလိုက်သည်။ သို့သော်လည်း အချိန်အတန်ကြာတံခါးခေါက်ပြီးနောက် ပြန်ဖြေလာသူမရှိချေ။
နျန်ယွီယီ အိပ်ပျော်နေလောက်ပြီဟု မှန်းဆကာ မုန့်ဗန်းကိုကိုင်ကာ သူ၏အခန်းသို့ ရှဲ့ယီကျိုးပြန်လာချိန်၌ ဖြူဖျော့နေသည့်မျက်နှာနှင့် ယောင်ယောင်ကို တွေ့လိုက်ရသည်။
“ အစ်ကိုရှဲ့…” ယောင်ယောင် သူ့ထံမော့ကြည့်လာချိန်တွင် မျက်ရည်များပင်စီးကျလာခဲ့သည်။
ရှဲ့ယီကျိုး မုန့်ဗန်းကို သူမအရှေ့တွင်ချပေးလိုက်ပြီး အခြေအနေကိုလေ့လာရန် သူမဖုန်းကိုယူကြည့်လိုက်သည်။
“ တစ်စုံတစ်ယောက် အိုးကိုမွှေနေတာပဲ…” မုန့်အချိုအနည်းငယ်စားပြီးနောက် ယောင်ယော့င်စိတ်အခြေအနေမှာ အနည်းငယ်တိုးတက်လာသည် “
အဲ့သည့်ဗီဒီယိုကိုတင်တဲ့ ယီရဲ့ကျစ်ကျိုးဆိုတဲ့အကောင့်က သေချာတဲ့အကြောင်းပြချက်တစ်ခုနဲ့ ဖန်တွေကို သွေးဆောင်ဖို့ကြိုးစားနေတာ…”
ရှဲ့ယီကျိုးသည်လည်း ထိုအကောင့်နှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ကောင်းသည်ကို ခံစားမိခဲ့သည်။
“ အေဂျင်စီကကိုင်တွယ်နေပြီ မင်းလည်းနည်းနည်းနားလိုက်ဦး…” ရှဲ့ယီကျိုး ဖုန်းပြန်ပေးလိုက်သည်။
“ ကျေးဇူးပါ အစ်ကိုရှဲ့…” ယောင်ယောင် မုန့်များကိုင်လျက် ပြန်ထွက်သွားမည့်အချိန်တွင် နှာတရှုံ့ရှုံ့လုပ်နေခဲ့သည်။
တံခါးနားအရောက်တွင် အနောက်သို့ပြန်လှည့်ကာ ရှဲ့ယီကျိုးထံ ကျေးဇူးတင်လိုက်ပြန်သည် “ မုန့်အချိုတွေအတွက်လည်း ကျေးဇူးပါနော် အစ်ကို…”
“ အဲ့ဟာက နျန်နျန်အတွက်လေ…” ရှဲ့ယီကျိုး ပွင့်ပွင့်လင်းလင်းဝန်ခံလာသည် “ သူ့ကြည့်ရတာအိပ်ပျော်နေပုံပဲ…”
ယောင်ယောင် : “ …”
***
နျန်ယွီယီမှာမူ မအိပ်သေးချေ။
အွန်လိုင်းပေါ်မှ ပွက်လောရိုက်မှုကို ကျိုးအာ့ဟယ် သူ့ထံချက်ချင်းအကြောင်းထားပြီးဖြစ်သောကြောင့် ထိုအချိန်တွင် ဖိုရမ်များပေါ်ရှိ ဒရာမာတွင်ပျော်ဝင်နေသောကြောင့် တံခါးခေါက်သံကို မကြားခြင်းဖြစ်သည်။
အဆုံး၌ ရှဲ့ယီကျိုးတစ်ယောက် ဘဲလ်မတီးဘဲ တံခါးခေါက်လာမည်ဟုလည်း သူမထင်ထားခဲ့ပေ။
ဗီဒီယိုပေါ်မှ တည်းဖြတ်ထားမှုမှာ အတော်အတန်သိသာနေသောကြောင့် ၎င်းအပေါ်လက်ဆော့ထားကြောင့် မည်သူမဆိုလက်ငင်းပြောနိုင်သည်။
သို့သော်လည်း ထိုအချိန်၌ ရှဲ့ယီကျိုး၏ပရိသတ်များမှာ ဗီဒီယိုတည်းဖြတ်ထားခြင်း မထားခြင်းအပေါ် အမှုမထားကြပေ။ သူတို့၏ဒေါသကိုဖွင့်ထုတ်ရန် နေရာရှာနေကြပြီး ဤအဖြစ်အပျက်က နျန်ယွီယီအပေါ် သူတို့အပြစ်တင်နိုင်ရန် အကြောင်းပြချက်ပေးနေခြင်းဖြစ်သည်။
အဆိုပါဗီဒီယိုမှာ ပြီးပြည့်စုံသော ဖွင့်ထုတ်ရန်လမ်းတစ်ခုဖြစ်နေသည်။
သူတို့၏ဖိုရမ်မှာ ပရိသတ်အများစုမှာလည်း ရှဲ့ယီကျိုး၏ပရိသတ်များနှင့် စတင်တိုက်ပွဲဝင်လာကြသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ထိပ်တန်းကြယ်ပွင့်ဖြစ်နေသည့် ရှဲ့ယီကျိုးပရိသတ်များ၏ စိတ်အားထက်သန်မှုမှာ နျန်ယွီယီ၏ဖက်မှလူများ ယှဉ်နိုင်သည့်အရာမဟုတ်နေပေ။
နာရီဝက်ပင်မကြာလိုက်ချေ။ နျန်ယွီယီ၏ဖိုရမ်တစ်ခုလုံး လွှမ်းမိုးခံလိုက်ရသည်။
ဖိုရမ်ပေါ်မှအငြင်းပွားမှုမှာ သိသိသာသာကြီးထွားလာပြီး အချို့သောပရိသတ်များဆိုလျှင် နျန်ယွီယီအား ဆိုရှယ်မီဒီယာပေါ်တွင် မကောင်းသောခေါင်းစီးဖြင့် ရေပန်းစားသွားရန် ကြိုးပမ်းလာကြသည်။
ထိုအချိန်၌ ဗီဒီယိုကိုပထမဆုံးစတင်ဖြန့်ဝေခဲ့သူ ယီရဲ့ကျစ်ကျိုးမှ ထပ်ပြောလာကာ အတိအကျသောပရိသတ်များမှာ နေရာတွင် အလွန်အာရုံစိုက်မှုရှာနေသောကြောင့် ရှဲ့ယီကျိုးမှာ စိတ်တိုသွားရသည်ဟုပင် ဆိုလာသည်။ သူတို့သည် အခြေအနေကို အမှီပြုကာ နျန်ယွီယီအပေါ် ပို၍ဝေဖန်လာကြသည်။
အစပိုင်းတွင် ဟိုရှာသည်ရှာလုပ်နေရာမှ အိပ်ငိုက်နေသည့်နျန်ယွီယီမှာ သူ့ပရိသတ်များအပြောခံနေရသည်ကို တွေ့လိုက်ချိန်၌ ရုတ်တရက်နိုးကြားလာသည်။
ဖိုရမ်ပေါ်မှပြဿနာများကို ဖြေရှင်းရန်ကြိုးစားနေစဉ် ကျိုးအာ့ဟယ် နျန်ယွီယီထံမှ စာထပ်ရလိုက်သည်။
နျန်ယွီယီ : “ အခြေအနေကို ဖြေရှင်းပြီးပြီလား…”
ကျိုးအာ့ဟယ် : “ ဟင့်အင်း ဒါပေမယ့် ခဏနေရင်ပြီးပါပြီ…မူရင်းဗီဒီယိုကို မထုတ်ပြခင် ငါတို့စာတန်းထိုးနေကြတယ်…”
ကျိုးအာ့ဟယ် : “ မင်းဘာလို့ရုတ်တရက်အလျင်လိုလာရတာလဲ…”
နျန်ယွီယီ : [ စခရင်ရှော့ ]
နျန်ယွီယီ : “ ကျွန်တော့်ကိုဝေဖန်တာကအဆင်ပြေပေမယ့် ကျွန်တော့်ဖန်တွေကို တိုက်ခိုက်လို့တော့မရဘူး…”
ကျိုးအာ့ဟယ် : “ နားလည်ပြီ… အတော်လေးမင်းပီသပါတယ်လေ ( လက်မထောင်နေသည့်ကြောင်ပုံ JPG တွဲလျက်) ]
နျန်ယွီယီ ပရိုမိုးရှင်းအကောင့်တစ်ခုနှင့် ဗီဒီယိုကိုအကြမ်းဖျင်းကြည့်ပြီးနောက်…
“ သူတို့က သည်လောက်မြန်မြန်ကြီးတင်ချလာတာလား…”
ကျိုးအာ့ဟယ် : “ ? “
ကျိုးအာ့ဟယ် : “ ဘာကိုတင်ရမှာလဲ… ငါတို့ကအခုမှ စာပြင်တုန်းရှိသေးတာလေ…အဲ့သည့်ပရိုမိုးရှင်းအကောင့်က အစွဲအလမ်းကြီးလွန်းတယ်… သူတို့ခံယူထားတဲ့ ပြီးပြည့်စုံတဲ့ခေါင်းစီးမရမခြင်း တင်ကြမှာမဟုတ်ဘူး…”
နျန်ယွီယီ စခရင်ရှော့ရိုက်လိုက်သည်။
နျန်ယွီယီ : [ ဗီဒီယို ]
နျန်ယွီယီ : “ ဒါကိုတချက်ကြည့်လိုက်ဦး…”
ကျိုးအာ့ဟယ် : “ ဒါကငါတို့ကုမ္ပဏီကမဟုတ်ဘူး…”
ကျိုးအာ့ဟယ် : “ ငါစစ်ကြည့်လိုက်ဦးမယ်…”
နျန်ယွီယီ ဗီဒီယိုကိုတဖန်ပြန်လည်ကြည့်လိုက်ပြီးနောက် ထိုနေ့ကောဇော်နီပေါ်မှ အဖြစ်အပျက်ကို ပြန်တွေးကြည့်လိုက်ကာ ကင်မရာရှုထောင့်မှာ မည်သည့်ကင်မရာမဆို ရိုက်နိုင်သည့်နေရာမဟုတ်ကြောင်း အတည်ပြုလိုက်သည်။
ဒါပေမယ့် သည်ရှုထောင့်က… သူ့ဖန်တွေက ရိုက်တာများလား…
သူ့ဖန်တွေက ပြန်တိုက်ခိုက်ဖို့ စတင်လာကြတာလား…
ထိုဗီဒီယိုကို ဟွမ်းယွီမုံ့မှရိုက်ကူးခဲ့ခြင်းဖြစ်သည်။
သူမ တရေးတမောအိပ်နေခဲ့ပြီးနောက် သူငယ်ချင်းဖြစ်သူ ပင်းထုံရှင်းထံမှလာသည့် စာအတန်းလိုက်ကြီးကြောင့် နိုးသွားရလေသည်။ ဗီဒီယိုကိုကြည့်ပြီးနောက် သူမဒေါသထွက်လာကာ သူမနှင့်ဆက်ဆံရေးကောင်းသည့် ဗီဒီယိုတည်းဖြတ်သူတစ်ဦးထံသို့ ၎င်းကိုတင်ရန်ပို့ချလိုက်သည်။
ကျိုးအာ့ဟယ်မှ သူ၏ရှာဖွေတွေ့ရှိမှုများကို နျန်ယွီယီနှင့်အတူ မျှဝေလိုက်သည်။
ကျိုးအာ့ဟယ် : “ ဟုတ်တယ် မင်းဖန်တွေဆီကပဲ…အဲ့သည့်အကောင့်ရဲ့ အယ်ဒီတာက မင်းဆီကလက်မှတ်ရနိုင်မလားလို့တောင် မေးနေသေးတယ် [ စခရင်ရှော့ ] “
နျန်ယွီယီ : “ ရတာပေါ့ လိပ်စာတောင်းပြီး လက်မှတ်နှစ်ခုပို့ပေးလိုက်ချည်… တစ်ခုကတော့ ကျွန်တော့်ရဲ့ဖန်လေးအတွက်ပေါ့…”
ကျိုးအာ့ဟယ် : “ ကောင်းပြီ..” ( ပန်ဒါအိုကေလုပ်ပြနေသည့် JPG နှင့်တွဲလျက် )
မူရင်းဗီဒီယိုကိုထုတ်လွှင့်ပြီးနောက် ပေါက်ကွဲနေသည့် ပရိသတ်များမှာ စတင်တည်ငြိမ်လာကြသည်။ ဖိုရမ်နှစ်ခုစလုံးတွင် ပြဿနာလိုက်ရှာနေကြသော ပရိသတ်အနည်းစုမှလွဲ၍ အခြေအနေမှာ သိသိသာသာတိုးတက်လာခဲ့လေသည်။
ထိုအချက်အရ သိသာသည်မှာ ပရိသတ်တစ်ယောက်သည် ပို၍အကြမ်းဖက်နေလေလေ သူ၏တိုက်ခိုက်နိုင်စွမ်းမှာ ပို၍အားနည်းလေလေဟူ၍ပင်။
🫶