🫶Chapter 51 နျန်ယွီယီ သူ၏ကိုယ်ပိုင်ဖိုရမ်ထဲသို့ ပြန်ဝင်ကြည့်လိုက်ရာ ယခုအချိန်တွင် သူ၏ပရိသတ်များမှာ လက်ကျန်ရန်လိုနေသူများကို သူတို့ဘာသာဖြင့် ချုပ်ကိုင်ထားနိုင်ရုံသာမက အသာစီးပင်ရနေကြောင်း သတိပြုမိသွားသည်။ မကြာသေးမီအချိန်မှ ဗီဒီယိုကိုတင်ထားသူ ယီရဲ့ကျစ်ကျိုးမှာ ဒုက္ခအပေးဆုံးဖြစ်သည်။ ဗီဒီယိုကိုသူတည်းဖြတ်ထားကြောင်း အခိုင်အမာဆိုနေရုံသာမက နျန်ယွီယီမှ စီနီယာများအပေါ်တွင် လေးစားမှုမရှိဘဲ မကြာခဏဆိုသလို သူတို့၏ကျော်ကြားမှုအပေါ် ခိုစီးလေ့ရှိသည်ဟူသည့် အမှန်တရားကျန်နေသေးကြောင်း ပြောဆိုနေသည်။ သူမ၏အခန်းထဲတွင် ယောင်ယောင် အဆိုပါ အသုံးပြုသူ ယီရဲ့ကျစ်ကျိုးအကြောင်း လေ့လာနေစဉ် အချိုပွဲများကိုအပြီးသတ်လိုက်သည်။ သူမက ရှဲ့ယီကျိုး၏အဓိကပရိသတ်ကြီးများနှင့် ရင်းနှီးနေသော်လည်း အနှီယီရဲ့ကျစ်ကျိုးမှာမူ လတ်တလောကမှ ပေါ်လာဟန်ရှိသည်။ တင်ထားသည်များမှာလည်း ရှဲ့ယီကျိုး၏ကုန်ပစ္စည်းများနှင့် လောလောလတ်လတ်မှ ပရိုမိုးရှင်းဗီဒီယိုများဖြစ်ပြီး အားလုံးမှာ လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်မှအရာများသာဖြစ်သည်။ တစ်ခုခုတော့လွဲနေသလိုပဲ။ ယောင်ယောင် ဆက်လက်ရှာဖွေနေပြီး အဆုံး၌ အောက်အရောက်ဆုံးပို့စ်ထဲမှ တစ်ခုတွင် ကွန့်မန့်များအတွင်းလွဲမှားနေသည်ကို တွေ့လိုက်ရသည်။ ၎င်းအနောက်ကိုလိုက်ပြီးနောက် ယောင်ယောင် စခရင်ရှော့တသီတန်းကြီးရိုက်ကာ ပရိသတ်ဖိုရမ်ပေါ်သို့ သွားတင်လိုက်သည်။ ခေါင်းကိုယမ်းကာ သူမရေးသားခဲ့သည်။ [ ယီရဲ့ကျစ်ကျိုးကို အမြဲတမ်းသံသယဝင်ချင်စရာကောင်းလို့ ငါတွေးနေမိတာ…အထူးသဖြင့် သူတို့ကနျန်ယွီယီအပေါ် အမုန်းတရားဆောင်တဲ့ကမ်ပိန်းကို ဦးဆောင်လာတဲ့အခါမှာပေါ့…တစ်ညလုံးလိုက်တူးပြီးနောက် ငါဒီဟာကိုတွေ့လာတာပဲ…ကြည့်ရတာ ပင်းဟော်အဖွဲ့နဲ့တွဲထားတဲ့ ကျန်းယန်ရဲ့ အရမ်းတက်ကြွတဲ့ဖန် မေဂျာဖန်အကြီးကြီးက ဖန်အဖွဲ့အစည်းကနေ အကျိုးအမြတ်အကြီးကြီးရထားတဲ့ပုံပဲ…သူတို့ကအခုတော့ ရှဲ့ယီကျိုးဖန်တွေဖက်ကလှည့်ပြီး အကျိုးအမြတ်ရှာဦးမလို့ပေါ့လေ…. ( ပုံများ ) “ [ ဘုရားရေ သည်လိုဖြစ်ခဲ့တာကိုးး ] [ ငါအရမ်းအားနာလိုက်တာ ယောင်ယောင်ရယ် အဲ့သည့် အများကြီးတည်းဖြတ်ထားတဲ့ ဗီဒီယိုကိုဖြတ်မမြင်နိုင်ခဲ့ဘူး ] [ ပြန်ဖြေရှင်းထားတဲ့ဗီဒီယိုကို ကြည့်ပြီးချိန်မှာတော့ ငါတော့ထွက်ပြီ… ဒါပေမယ့် ကိုယ့်ကိုကိုယ်အရမ်းတုံးအမိလို့ ဆဲချင်နေတုန်းပဲ ] [ ဒီနေရာကနေ စိတ်ရင်းနဲ့တောင်းပန်လိုက်ပါတယ်… သူကအချိန်တွေအကြာကြီး အခွင့်အရေးယူခံရတာကို မြင်နေရလို့ ငါစိတ်ဆိုးမိတာနေမှာပါလေ…ဒါပေမယ့် ကြည့်ရတာ သူကအမြဲဆန္ဒရှိခဲ့သလိုပဲ ] [ ဒီဒရာမာကောင်းမှုနဲ့ မူးသွားပြီဟေ့… ကံကောင်းလို့ တစ်ခုခုမှားနေတာကို သတိပြုမိပြီး ငါ့ရဲ့ကျဲမေ့တွေကို တားလိုက်နိုင်လို့ပေါ့…ပြီးတော့ ပိုပြီးအံ့ဩစရာကောင်းတာက နင် ဒီဟာကိုဖိုရမ်မှာ တိုက်ရိုက်တင်ချလိုက်တာပါပဲ ] နောက်တစ်နေ့မနက်တွင် နျန်ယွီယီ နာရီနှိုးစက်သံကြောင့် နိုးထလာပြီး လျော့တိလျော့ရွဲနှင့် အိတ်များထုပ်ပိုးကာ ပြန်ရန်ပြင်လိုက်သည်။ အထုပ်သိမ်းရာတွင် ကူညီပေးရန်ရောက်လာသည့် ရှဲ့ယီကျိုးမှ အိပ်ချင်မူးတူးဖြစ်နေသေးသော နျန်ယွီယီကို မြင်လိုက်ရချိန်၌ ညီငယ်၏ပါးလေးကို လှမ်းဆိတ်လိုက်သည် “ မနေ့ညတုန်းက စောစောအိပ်တယ်မဟုတ်ဘူးလား…ဘာလို့အရမ်းပင်ပန်းနေတဲ့ပုံပေါက်နေရတာလဲ…” “ အရမ်းတော့မစောဘူး… ကျွန်တော် ဖိုရမ်ပေါ်မှာ ညနက်ခဲ့တယ်လေ…” နျန်ယွီယီမှ သမ်းဝေလျက် ပြန်ဖြေလာသည်။ “ မင်းတစ်ညလုံးမအိပ်ထားဘူးလား…” ရှဲ့ယီကျိုး ညီငယ်ကို ပို၍ပင်ပြင်းပြင်းဆိတ်လိုက်ပြီး နဖူးတောက်လိုက်သည် “ ဒါဆိုရင် ငါတံခါးခေါက်တုန်းက ဘာလို့မထူးတာလဲ…” “ တံခါးခေါက်တာလား…” နျန်ယွီယီ ကြောင်သွားရသည် “ အစ်ကိုကြီးရေ ကျွန်တော်တို့မှာ ဘဲလ်ရှိတယ်မဟုတ်ဘူးလား …. ဘာလို့ခေတ်ဟောင်းနည်းလမ်းကြီးကို သုံးနေရတာလဲလို့…” “ မင်းအိပ်နေတာကို အနှောင့်အယှက်ပေးမိမှာစိုးလို့လေကွာ…” ယောင်ယောင်မှာ ဟိုတယ်မှ နောက်ဆုံးထွက်ခွာသူဖြစ်ပြီး နျန်ယွီယီထက်ပင် ပို၍ပင်ပန်းနွမ်းနယ်နေပုံရကာ မရပ်မနားသမ်းဝေနေသည်။ “ ကျွန်မ မနေ့ညတုန်းက ယီရဲ့ကျစ်ကျိုးရဲ့ အမှန်တရားအကြောင်းကို ဖော်ထုတ်နိုင်ခဲ့တယ်…သူတို့က ရှဲ့ယီကျိုးဖန်တွေစီကနေ အကျိုးအမြတ်ရဖို့အတွက်ပဲ ရောက်နေတဲ့ ကျွမ်းကျင်အဆင့်ဖန်တွေလေ…” ယောင်ယောင် ဆက်တိုက်သမ်းဝေနေရင်းမှ ပြောနိုင်လိုက်သည်။ “ ဘယ်သူ့ဖန်လဲ…” ရှဲ့ယီကျိုးမှမေးလာသည်။ “ ကျန်းယန်…” “ တရားဝင်ဆင့်ခေါ်စာထုတ်ပြီး အသရေဖျက်မှုအတွက် တရားစွဲလိုက်…” ရှဲ့ယီကျိုး၏စကားများမှာ အေးစက်နေသည့် ဓားသွားတလက်ကို သယ်ဆောင်ထားခဲ့သည်။ “ နားလည်ပါပြီ…” **** လေယာဉ်မှာ ဟိုင်ဈေးလေဆိပ်သို့ ဆင်းသက်လာသည်။ နျန်ယွီယီ ခရီးစဉ်တလျောက်လုံး အိပ်လာခဲ့သည့်တိုင် လေယာဉ်ဆိုက်ချိန်၌ အိပ်ငိုက်နေဆဲပင်ဖြစ်သည်။ ဖန်ကျုံးချွမ်းမှာ နျန်ယွီယီ၏လေယာဉ်အကြောင်း မေးခဲ့ပြီးဖြစ်သောကြောင့် လာကြိုရန်စောစောရောက်ခဲ့သည်။ ရှဲ့ယီကျိုးမှအဖော်ပြုပေးလာသည့် နျန်ယွီယီကိုမြင်လိုက်ပြီးနောက် တစ်စုံတစ်ယောက်မှ လက်ဆန့်ကာတားဆီးလာပြီး သူတို့၏ရည်ရွယ်ချက်မှာ သိသာထင်ရှားသည်။ ရှဲ့ယီကျိုး၏တွန့်ဆုတ်နေဟန်ကိုကြည့်ကာ ဖန်ကျုံးချွမ်း သက်သောင့်သက်သာရှိသည့်အသံဖြင့် ပြောလိုက်သည် “ မင်းရဲ့ဖန်တွေက အရှေ့မှာရှိတုန်းပဲနော်…သူတို့သာ ဒါကိုမြင်သွားရင် ပိုပြီးကိုင်တွယ်ဖို့ခက်လာလိမ့်မယ်…” “ သူတို့ ကျွန်တော့်ကိုနျန်နျန်နဲ့အတူတွဲမြင်လိုက်မှသာ ပိုပြီးလွယ်သွားမှာမဟုတ်ဘူးလား…” ရှဲ့ယီကျိုးမှာ ခြိမ်းခြောက်မှုကြောင့် မယိမ်းယိုင်သွားချေ “ ယောင်ယောင် နျန်နျန်ကိုခေါ်သွားလိုက်ချည်…” “ အစ်မယောင်ယောင်မလိုပါဘူး ကျွန်တော်လမ်းလျှောက်နိုင်ပါတယ်…” သူတို့၏ထိပ်တိုက်တွေ့နေခြင်းကြောင့် နိုးလာရသော နျန်ယွီယီမှ ပျင်းရိစွာအကြောဆန့်လျက် နိုးထလိုက်သည်။ ထို့နောက်တွင်မှာ ရှဲ့ယီကျိုးနှင့် ဖန်ကျုံးချွမ်းတို့နှစ်ဦးသား နျန်ယွီယီ၏တစ်ဖက်တချက်တွင် နေရာယူလိုက်ကြရင်း သူတို့၏စကားစစ်ထိုးပွဲကို ရပ်တန့်လိုက်ကြသည်။ သူတို့သုံးဦး လမ်းပင်များများမလျှောက်လိုက်ရသေးခင် ချက်ချင်းဆိုသလို နှစ်ဖက်ပရိသတ်များ၏ဝန်းရံခြင်းကို ခံလိုက်ရလေသည်။ မေးခွန်းအချို့ဖြေကာ လက်မှတ်အနည်းငယ်ထိုးပေးပြီးနောက်မှသာ အဆုံး၌ နျန်ယွီယီလွတ်မြောက်နိုင်ခဲ့ပြီး ကားပေါ်သို့ရောက်သည်နှင့် အပူရှိန်ကိုနှစ်ဒီဂရီလျော့ချပစ်လိုက်သည်။ ရှဲ့ယီကျိုးသည်လည်း တုန့်ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပြန်တိုးပစ်လိုက်သည်။ “ ရုတ်တရက်အပူချိန်ပြောင်းလဲတာက ဖျားသွားစေလိမ့်မယ်…” နျန်ယွီယီ၏သနားစဖွယ်အကြည့်ကို တွေ့နေရသည့်တိုင် ဖန်ကျုံးချွမ်းသည်လည်း လိုက်လျောမပေးခဲ့ချေ။ နှစ်ဖက်စလုံးထံမှ ငြင်းပယ်ခံလိုက်ရသောကြောင့် နျန်ယွီယီတစ်ယောက် စိတ်ကောက်ထိုင်နေရန်သာ တတ်နိုင်ခဲ့ပြီး ဖုန်းထုတ်၍ ကျိုးအာ့ဟယ်နှင့်လေပစ်ရန် ပြင်လိုက်သည်။ မဆိုင်းမတွပင် ကျိုးအာ့ဟယ်မှ သူ့ထံဓာတ်ပုံတစ်ပုံပို့လာခဲ့သည်။ ထိုပုံမှာ နျန်ယွီယီတို့သုံးဦးသား အတူယှဉ်တွဲလျက် လေဆိပ်မှထွက်လာကြသည့်ပုံဖြစ်ပြီး ကျိုးအာ့ဟယ်မှ နျန်ယွီယီထံ သူတို့၏အတွဲလိုက် ပေါ်ထွက်လာမှုအကြောင်း ရှင်းပြချက်တောင်းနေသည်။ ဖန်ကျုံးချွမ်းမှ သူ့ကိုလာကြိုခဲ့သည်ဟု နျန်ယွီယီ ရှင်းပြလိုက်ချိန်၌ ကျိုးအာ့ဟယ်ထံမှ အရည်ပျော်နေသည့်အီမိုဂျီ အပြုံလိုက်ရရှိလာသည်။ [ကျိုးအာ့ဟယ် : “ ဖန်တွေကအခုဆိုရင် ဒါရိုက်တာဖန်က ဘယ်သူလဲဆိုတာမေးနေကြပြီ…သူတို့က သူ့ကိုမင်းရဲ့လက်ထောက်အသစ်လို့ ထင်နေကြလားမသိ…ငါဘယ်လိုလုပ်ပြီး ပြန်ဖြေပေးရမှာလဲကွာ…”] [နျန်ယွီယီ : “ အဲ့သည့်အတိုင်းပဲထားလိုက်…ကျွန်တော်အစ်ကို့အတွက် ပါဆယ်အပိုဝယ်ပေးမယ်…”] [ကျိုးအာ့ဟယ် : “ ?????? လစ်စမ်း…”] [ကျိုးအာ့ဟယ် : “ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ငါနဲ့ရင်းကျင်းနဲ့ဆက်ဆံရေးက ရုံးထဲမှာပဲ အပြည့်အဝချည်နှောင်ထားလိုက်ကြပြီလေ…ငါတို့ရုံးထဲမှာပဲ ဒိတ်နေကြတာ :) ..”] [နျန်ယွီယီ : “ အားတင်းထားပါ ကျွန်တော်နှစ်ယောက်စာမှာပေးမယ်လေ…”] [ကျိုးအာ့ဟယ် : “ (ဖိအားဖြင့်ပြုံးနေသည့်အီမိုဂျီ) “] အဆုံး၌ ရှဲ့ယီကျိုးက နျန်ယွီယီကို အိမ်အထိလိုက်မပို့နိုင်လိုက်ပေ။ လမ်းတဝက်မှာတင် သူ၏မန်နေဂျာထံမှ ကိစ္စရှိကြောင်း ဖုန်းလက်ခံရလိုက်လေသည်။ ရှဲ့ယီကျိုးထွက်သွားသည်နှင့် ဖန်ကျုံးချွမ်းမှာ ပို၍ပင်ရဲတင်းလာသည်။ နျန်ယွီယီ၏လက်ချောင်းများကိုကိုင်ကာ ဖန်ကျုံးချွမ်းမှ မေးလာခဲ့သည် “ ဘာလို့သူတို့လေးတွေက အရမ်းပိန်ပါးနေရတာလဲ…” “ဒါကအမှန်မဟုတ်ဘူး..” နျန်ယွီယီ မျက်မှောင်ကြုတ်ကာ လက်ပြန်ရုတ်လိုက်သည် “ ကျွန်တော်ဝိတ်အများကြီးတက်လာတာနော်… အစ်ကိုကျိုးကပြောတယ် သည့်ထက်ဝလာရင် ဝိတ်ချရတော့မယ်တဲ့…” နျန်ယွီယီ၏စကားကို ကြားရချိန်၌ ဖန်ကျုံးချွမ်း၏မကျေမနပ်ဖြစ်မှုမှာ ပို၍နက်ရှိုင်းလာပြီး ကားတွင်းရှိ ရေခဲသေတ္တာအသေးလေးထဲမှ ချိစ်ဒိန်ချဉ်ဘူးကိုထုတ်ကာ ပိုက်တပ်၍ နျန်ယွီယီ၏နှုတ်ခမ်းနားတေ့ပေးလိုက်သည်။ နျန်ယွီယီ နှုတ်ခမ်းများကို ပိုက်အနားကပ်ကာ အများကြီးသောက်လိုက်လေသည်။ ချိစ်ဒိန်ချဉ်၏ကြွယ်ဝသောအရသာမှာ သူ၏ပါးစပ်ထဲပြည့်သွားခဲ့ပြီး ကျေနပ်အားရမှုကြောင့် မျက်လုံးများကိုပင် မှိတ်ချလိုက်မိသည်။ “ နေ့လည်စာမစားခင် အစာအိမ်ကိုနည်းနည်းအသားကျအောင် လုပ်ထားလိုက်ဦး….” “ ကောင်းပါပြီဗျာ…” ကားမှာ နျန်ယွီယီ ရှဲ့ယီကျိုးနှင့်ပထမဆုံးဆုံခဲ့သော စားသောက်ဆိုင်တွင်ရပ်သွားခဲ့ပြီး နျန်ယွီယီနှင့် ဖန်ကျုံးချွမ်းတို့ ဘေးတံခါးမှဝင်ကာ အပေါ်ထပ်သီးသန့်ခန်းသို့ တိုက်ရိုက်တက်သွားလိုက်ကြသည်။ တက်ဘလက်သုံးကာ ဟင်းပွဲများမှာပြီးနောက် သူတို့ စားပွဲထိုးထံပြန်ပေးလိုက်ကြလေသည်။ စားပွဲထိုးထွက်သွားပြီးနောက် အခန်းထဲတွင် နျန်ယွီယီနှင့်ဖန်ကျုံးချွမ်းသာ ကျန်ရစ်ခဲ့သည်။ “ ဒီနေရာက ကိုယ်တို့ပထမဆုံးဆုံတဲ့နေရာပဲနော်…” ဖန်ကျုံးချွမ်းမှ သူ၏အနောက်တိုင်းဝတ်စုံအပေါ်ထပ်ကိုချွတ်ကာ ပြောလာသည်။ ဖန်ကျုံးချွမ်းမှာ ခဲငွေရောင်အနောက်တိုင်းဝတ်စုံဖြင့်ထိုင်နေပြီး အနီးကပ်ကြည့်မည်ဆိုပါက သူ၏ပုခုံးပေါ်မှ ကြွက်သားများကိုတွေ့နိုင်သည်။ “ အင်းး..” နျန်ယွီယီ ထိုနေ့ကိုပြန်လည်အမှတ်ရသွားပြီး ပြုံးလိုက်သည်။ ထိုအချိန်အခါက နောက်ပိုင်းဖြစ်လာမည့်အကြောင်းအရာများကို သူမျှော်လင့်မထားမိခဲ့ပေ။ “ ကိုယ်မင်းကိုပထမဆုံးတွေ့တုန်းက ဘာတွေးမိခဲ့လဲသိလား…” စနောက်ချင်ဟန်ရှိသည့် အပြုံးတစ်ခုမှာ ဖန်ကျုံးချွမ်း၏နှုတ်ခမ်းထောင့်တွင် ပေါ်လာခဲ့သည်။ မကြာမီအစခံရတော့မည့် ခံစားချက်ကိုရလိုက်သောကြောင့် နျန်ယွီယီပြန်ဖြေလိုက်သည် “ ကျွန်တော်မသိတာက ပိုကောင်းမယ်ထင်တယ်…” “ ကိုယ်တွေးနေခဲ့တာ… မင်းကဘာလို့ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲဆိုပြီးလေ..” မည်သည့်အမျိုးသားကမှ ချစ်စဖွယ်ကောင်းသည်ဟု သုံးနှုန်းခြင်းကို မနှစ်သက်ကြသောကြောင့် နျန်ယွီယီသည်လည်း ခြွင်းချက်မရှိပေ။ နျန်ယွီယီ သူ၏တီရှပ်အင်္ကျီလက်မောင်းကိုလှန်ကာ ကြွက်သားများကိုထုတ်ပြလိုက်သည် “ အစ်ကို ကျွန်တော့်ကိုခန့်ညားတယ်လို့ ခေါ်သင့်တာ တကယ်တော့…” ဖန်ကျုံးချွမ်းတစ်ယောက် ရယ်သံကိုသာဖိနှိပ်ထားလိုက်ရသည်။ နက်ရှိုင်းပြီး ပြည့်ဝသောရယ်သံမှာ နျန်ယွီယီ၏နားထဲတွင် ပြည့်သွားခဲ့သည်။ နျန်ယွီယီ နားရွက်များစီမှ ယားကျိကျိခံစားချက်ကြောင့် လက်မောင်းများကို အကြောလျော့လိုက်သည်။ ခဏအကြာ၌ တံခါးခေါက်သံထွက်ပေါ်လာပြီး စားပွဲထိုးမှ ဟင်းပွဲများနှင့်အတူရောက်ရှိလာခဲ့သည်။ ဟင်းပွဲများပြင်ဆင်ပေးပြီးနောက် စားပွဲထိုးမှာ ပြန်ထွက်သွားခဲ့ပြီး အမျှော်အမြင်ရှိစွာဖြင့် သူ့အနောက်မှ သီးသန့်ခန်းတံခါးကိုပိတ်ပေးသွားခဲ့သည်။ မနက်ခင်းတွင် ချိစ်ဒိန်ချဉ်တစ်ဘူးသာသောက်ရသေးသော နျန်ယွီယီမှ ချက်ချင်းဆိုသလို ဟင်းပွဲများစီသို့ အာရုံပြောင်းသွားခဲ့ပြီး ပြောင်မြောက်သောဟင်းချက်စကေးစီတွင် သူ့ကိုယ်သူနစ်မြုပ်လိုက်သည်။ နေ့လည်စာစားအပြီး အစာကြေစေရန် နျန်ယွီယီ ကတွတ်သီးအချိုပွဲကိုစားလျက် အခန်းပြင်ဆင်မှုများကို လှည့်ပတ်ကြည့်နေခဲ့သည်။ ဖန်ကျုံးချွန်း တူကိုချလိုက်သည်ကိုမြင်လိုက်ရသဖြင့် နျန်ယွီယီလည်း မုန့်ကိုအမြန်မြိုချကာမေးလိုက်သည် “ စားပြီးသွားပြီလား…” “ အင်းး…” ဖန်ကျုံးချွမ်းမှ တူကိုပန်းကန်အစွန်းတွင်တင်ထားလိုက်သည် အိမ်သို့မည်သည့်အချိန်ပြန်မည်နည်းဟု နျန်ယွီယီ မေးလုမေးခင်တွင် လက်သုတ်ပဝါတစ်ခုမှာ သူ၏ပါးစပ်အနားသို့ တိုးကပ်လာသည်။ ဖန်ကျုံးချွမ်းတစ်ယောက် နျန်ယွီယီ၏နှုတ်ခမ်းမှ သကြားမှုန်များကို သုတ်ပေးပြီးနောက် တစ်ရှုးကိုပစ်ကာ သူ၏လက်ချောင်းများဖြင့် နျန်ယွီယီ၏နှုတ်ခမ်းကို ဆက်လက်တို့ထိနေသည်။ “ မပြီးသေးဘူးလား…” နျန်ယွီယီ မသိစိတ်မှအနောက်ပြန်ဆုတ်ကာ သူ၏မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေသောကြောင့် သနားစဖွယ်အမူအရာပေါ်လာခဲ့သည်။ “ အင်းးးးး “ ဖန်ကျုံးချွမ်း၏အကြည့်ကို အဓိပ္ပါယ်ဖော်ရန်ခက်ခဲနေပြီး တစ်သက်စာမျှကြာပြီးနောက်မှသာ သူ၏လက်ချောင်းများကို ပြန်ရုတ်သွားခဲ့သည် “ ကိုယ်မင်းကိုအိမ်ပြန်ပို့ပေးမယ်…” “ ဟုတ်ကဲ့ QAQ…” ဖန်ကျုံးချွမ်း နျန်ယွီယီကို သူ၏ဗီလာဝင်ပေါက်အထိ လိုက်ပို့ပေးခဲ့သည်။ နျန်ယွီယီလည်း အိမ်ထဲဝင်ပြီးသည်နှင့် တံခါးမှကိုယ်တစ်ပိုင်းထွက်ကာ လက်ယမ်းနှုတ်ဆက်လိုက်သည်။ **** အလုပ်အပြီးတွင် ရှဲ့ယီကျိုး နားချိန်မရှိဘဲ အိမ်သို့ရှဲ့ယီနန်ဆွဲခေါ်လာခြင်းခံလိုက်ရသည်။ အိမ်သို့ရောက်ချိန်၌ ရှဲ့လို့နှင့် လင်းရီယွဲ့တို့ ဆိုဖာပေါ်ထိုင်လျက် တီဗီကြည့်နေစဉ် တစ်စုံတစ်ယောက်ကို အပြိုင်အဆိုင်ချီးကျူးနေခြင်းအား မြင်တွေ့လိုက်ရသည်။ “ ဟွန့် ကျွန်မ သည်အခန်းကိုအကြိမ်ပေါင်းများစွာ ကြည့်ဖူးပါတယ်နော်…ဒါပေမယ့်ပြောနိုင်တာက နျန်နျန်ရဲ့ဖျော်ဖြေမှုက တကယ်ပြောင်မြောက်တာပဲ…” လင်းရီယွဲ့ တီဗီကို လက်ညိုးထိုးပြလိုက်သည် “ ကျွန်မမှတ်မိသလောက်ဆိုရင် ယီကျိုးဆို အဲ့သည့်အရွယ်တုန်းက သရုပ်ဆောင်မကောင်းလို့ အမုန်းသမားတွေစီကနေ ဝေဖန်ခံနေရတာမလား…” ရှဲ့ယီကျိုး : “....” သူ၏ဖခင်ဖြစ်သူမှာ ချီးမွမ်းရာတွင် ဝင်ရောက်ပါဝင်တော့မည်ဖြစ်ကြောင်း သတိထားမိသွားသောကြောင့် ရှဲ့ယီကျိုး မိဘနှစ်ပါးကိုအမြန်ကြားဖြတ်ပြောလိုက်ရသည် “ အဖေ အမေ…” “ သားပြန်ရောက်ပြီပဲ…” လင်းရီယွဲ့ သူ့စကားကိုကြားရပြီးနောက် သူမ၏မျက်နှာမှာ ယခင်ဝေဖန်နေခြင်းကြောင့် ပျက်ယွင်းသွားခြင်းပင် ရှိမနေချေ “ အိုးထဲမှာ အမူးပြေဟင်းချိုနွှေးပေးထားတယ်နော် နည်းနည်းသောက်လိုက်ချည်…” အစောပိုင်းတွင် ရှဲ့ယီကျိုးမှာ ဒါရိုက်တာ၏ဆုံစည်းပွဲသို့ သွားရောက်ခဲ့ပြီး အခွက်ရေအနည်းငယ်သောက်ခဲ့ရသည်။ “ မလိုတော့ပါဘူး… ကျွန်တော် မပြန်ခင်ကနည်းနည်းသောက်ခဲ့ပြီးပြီ….” ရှဲ့ယီကျိုး ထိုင်ချလိုက်သည် “ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အိမ်ကိုလာဖို့ပြောရတာလဲ…” “ မနေ့ညကအဖြစ်အပျက်ကြောင့်လေ…” လင်းရီယွဲ့မှ သူမ၏စိတ်ပူနေမှုကို ထုတ်ပြလာသည် “ နျန်နျန်အဆင်ပြေရဲ့လား…” “ သူအဆင်ပြေပါတယ်…. အပြင်လူတွေရဲ့အမြင်ကို ညီလေးကသူ့အပေါ်သက်ရောက်ခံပါ့မလား…” ရှဲ့ယီကျိုး အရက်ရှိန်ကြောင့် အနည်းငယ်ကိုက်ခဲလာသည့် နဖူးကိုနှိပ်နယ်နေခဲ့သည်။ ကားပါကင်ထိုးကာ အိမ်ထဲဝင်လာသည့် ရှဲ့ယီနန်သည်လည်း ထိုစကားကို နားစွန်နားဖြား ကြားလိုက်ရသောကြောင့် သဘောတူဟန်ဖြင့် ခေါင်းညိတ်လာသည်။ ယခင်တစ်ခါ နျန်ယွီယီမှ ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့အရှေ့တွင် ဆက်တိုက်တောင်းပန်လာသည့် အဖြစ်အပျက်ကိုတွေးမိသွားသောကြောင့် ရှဲ့ယီကျိုး စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူနှင့် ဆွေးနွေးတိုင်ပင်ခဲ့သည်။ ထိုစိတ်ပညာရှင်မှ ပြောလာသည်မှာ နျန်ယွီယီ၏စိတ်ထဲ၌ မိမိကိုယ်ကိုမလုံခြုံမှု နက်ရှိုင်းစွာအမြစ်တွယ်နေသည်ဟုပင်။ ထိုမလုံခြုံမှုမှာ အပြင်လူများကြောင့် ဖြစ်တည်လာခြင်းမဟုတ်ဘဲ သူနှင့်နီးကပ်သူများကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ အပြင်လူများ၏အမြင်ကြောင့် နျန်ယွီယီမှာ ယိမ်းယိုင်သွားပုံမရဘဲ ဝဘ်ဆိုဒ်ပေါ်တွင်ပင် ပျော်ပျော်ကြီးရှာကြည့်နေကာ သူ့ကိုယ်သူဆွေးနွေးပွဲ၏ အလယ်ဗဟိုဟုမြင်နေခြင်းမရှိပေ။ သို့သော်လည်း ရှဲ့ယီကျိုးနှင့် ဖန်ကျုံးချွမ်းကဲ့သို့သော လူများ၏အရှေ့တွင်မူ သူ့ကိုယ်သူသံသယဝင်ကာ အမှားများကိုသုံးသပ်နေတတ်ပြီး အပြင်ဖက်ပိုင်းတွင် ပုံမှန်ဖြစ်သည့်တိုင် အတွင်းစိတ်တွင်ကား ပြင်းပြင်းထန်ထန်မလုံခြုံမှုကို ခံစားနေရသည်။ နောက်ပိုင်းတွင် ရှဲ့ယီနန်က နျန်ယွီယီ၏ကလေးဘဝအတွေ့အကြုံများအကြောင်းကို ရှာဖွေကြည့်ခဲ့သည်။ အကြမ်းဖျင်းနားလည်လိုက်မှုနှင့်အတူ သူဒေါသနှင့်သနားစိတ်ရောထွေးနေသော ခံစားချက်ကို ရလိုက်သည်။ ရှဲ့ယီနန် ၎င်းကို လင်းရီယွဲ့နှင့်မဆွေးနွေးခဲ့သော်လည်း ရှဲ့လို့ ခန့်မှန်းမိခဲ့ကြောင်း မှန်းဆနိုင်သည်။ ရှဲ့ယီနန် ဖခင်ဖြစ်သူနှင့်သွားတွေ့ချိန်၌ ရှဲ့လို့မှာ နျန်ယွီယီ၏ အပြင်ပိုင်းကိစ္စများကြောင့် စိတ်ဖိစီးနေခြင်းကိုမသိသည့်အလား သူ၏မျက်နှာပေါ်တွင် မည်သည့်အရိပ်အယောင်မှ ပြမလာခဲ့ချေ။ “ တကယ်အဆင်ပြေတာသေချာရဲ့လား…” လင်းရီယွဲ့ ရင်ဘတ်ကိုလက်ဖြင့် ဖိထားခဲ့သည် “ အဆင်ပြေရင်ရပါပြီလေ…” “ စကားမစပ် လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က အမေ ကားပြခန်းသွားတော့ မင်းတို့လူငယ်လေးတွေနဲ့လိုက်တဲ့ ကားတစ်စီးတွေ့လာခဲ့တယ်…” လင်းရီယွဲ့မှ လက်ခုပ်လက်ဝါးတီးလျက် စိတ်အားထက်သန်စွာပြောလာသည် “ အရောင်က သုံးရောင်တောင်ရှိတာ သားတို့တစ်စီးစီရွေးလို့ရတာပေါ့…” “ မနက်ဖြန်မှပဲ ဆုံးဖြတ်ကြတာပေါ့…” ယခင်ရက်များအတွင်း မရပ်မနားအလုပ်လုပ်ခဲ့ရသည့် ရှဲ့ယီကျိုးမှ ဆိုဖာပေါ်သို့ ပစ်လဲချလိုက်ပြီး ထချင်စိတ်ရှိမနေချေ။ လင်းရီယွဲ့ သားဖြစ်သူ၏ခြေထောက်အပေါ်သို့ စောင်တစ်ထည်ခြုံပေးလိုက်သည် “ အမေတို့က သားရုပ်ရှင်ရိုက်တဲ့ပိုက်ဆံအပေါ် မှီခိုနေကြတာလဲမဟုတ်ပဲနဲ့ ဘာလို့များ ကိုယ့်ကိုကိုယ်သည်လောက် တွန်းအားပေးနေရတာလဲကွယ်…” ရှဲ့ယီကျိုး ဆိုဖာပေါ်တွင်လဲလျက် မျက်နှာကြတ်ပေါ်မှ ကျောက်သလင်းမီးဆိုင်းကိုကြည့်ကာ လူမကြားနိုင်သည့်သက်ပြင်းတချက်ချလိုက်သည်။ “ နျန်နျန်ကလည်း ဖျော်ဖြေရေးနယ်ပယ်ထဲမှာပဲလေ…” “ ကျွန်တော်က သူ့အတွက် ပိုပြီးအဆင်ပြေချောမွေ့အောင် လမ်းခင်းပေးရမှာပေါ့…” **** စာရေးသူ၏မှတ်စု : တရုတ်ပြည်ရဲ့ အကောင်းဆုံးအစ်ကိုကြီးပါပဲ။ 🫶