🫶Chapter 54
အငြင်းပွားဖွယ်မန့်များမှာ အခြားသူများအကြားတွင် မြှုပ်နှံခံလိုက်ရပြီး ခုခံကာကွယ်ပေးနေသော နျန်ယွီယီနှင့် ရှဲ့ယီကျိုး၏ပရိသတ်များမှလွဲ၍ ဝေ့ပေါ်တွင် လှုံ့ဆော်မှုများစွာ မရှိလိုက်ပေ။
သို့သော်လည်း ညနေခင်းတွင် တစ်စုံတစ်ယောက်မှ ယုန်ဖိုရမ်တွင် ပိုစ့်တစ်ခုကိုအစချီကာ ပွဲရှာလာသည်။
ထိုပိုစ့်မှာ ဖိုရမ်ပေါ်တွင် အမြန်ဆုံးနည်းနှင့် ပျံ့နှံ့သွားပြီး ရှဲ့ယီကျိုးနှင့်နျန်ယွီယီတို့၏ဖန်များမှ မူရင်းတင်သူကို ပွဲရှာသူအဖြစ်စွပ်စွဲခဲ့ကြသည်။ အခြားသောဖြတ်သွားဖြတ်လာများသည်လည်း နျန်ယွီယီ၏ ပွဲဦးမထွက်ခင်မှ အတိတ်အကြောင်းကို စိတ်ပါဝင်စားစွာတူးဆွလာကြသည်။
၎င်းမှာ အကြီးအကျယ်မဖြစ်ခဲ့သောကြောင့် ဖုန့်ဟွာဖျော်ဖြေရေးကုမ္မဏီမှ ထိုပိုစ့်နှင့်ပတ်သက်၍ များစွာအရေးမစိုက်ခဲ့ပေ။
ဤသည်မှာ ကျိုးအာ့ဟယ် နျန်ယွီယီအတွက် အင်တာဗျူးတစ်ခုမစီစဉ်ပေးခင်အထိ ဖြစ်သည်။
နျန်ယွီယီ ဆံပင်၊မိတ်ကပ်နှင့်အ ဝတ်အစားများကြိုတင်ပြင်ဆင်ရန်အတွက် ကုမ္ပဏီသို့စောစောရောက်လာသည်။ ထို့နောက် လာမည့်အင်တာဗျူးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကျိုးအာ့ဟယ်နှင့်အတူ တိတ်တဆိတ်ဆွေးနွေးလိုက်သည်။
“ မေးခွန်းတွေက ဒီဟာပဲလား…” နျန်ယွီယီ အင်တာဗျူးမည့်အဖွဲ့မှ ကြိုတင်ပြင်ဆင်ပေးထားသော မေးခွန်းစာရင်းကိုကိုင်ထားသည်။
“ ဟင့်အင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ဆွပေးဖို့အတွက် မျှော်လင့်မထားတဲ့မေးခွန်းနည်းနည်းတော့မေးလာလိမ့်မယ်… အဲ့သည့်ရှိုးက တည်းဖြတ်မထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ ကြိုမပြင်ထားတဲ့မေးခွန်းတွေကြောင့် အဓိကနာမည်ကြီးနေတာလေ…” ကျိုးအာ့ဟယ်ရှင်းပြလိုက်သည်။
ထိုရှိုးမှာ နျန်ယွီယီ၏ပရိသတ်အုပ်စုကို အင်အားတောင့်စေမည့် အောက်ခံမဖြစ်ခဲ့ပါက ကျိုးအာ့ဟယ် ၎င်းကိုလက်ခံမည်မဟုတ်ပေ။
“ အဲ့သည့်အခါကြတော့လည်း မီးစင်ကြည့်ကတာပေါ့…” ကျိုးအာ့ဟယ် ခုံမှထကာ အဝတ်များကို သပ်ရပ်သွားစေရန်ပြန်ပြင်လိုက်သည်
“ သွားရအောင် အချိန်ကျခါနီးနေပြီ…”
“ အင်း…”
ကုမ္ပဏီမှ နျန်ယွီယီအတွက် ဝတ်ဆင်လိုက်လျှင် သူ၏သွယ်လျသောကိုယ်ဟန်ကို ထင်းထွက်သွားစေရန် အဖြူရောင်ရှပ်အင်္ကျီကို ပြင်ဆင်ထားပေးခဲ့သည်။
နျန်ယွီယီမှာ ၁.၈မီတာရှည်သူမဟုတ်သည့်တိုင် ကောင်းမွန်သော ခန္ဓာကိုယ်အချိုးအစားရှိသူဖြစ်ပြီး အဖြူရောင်ရှပ်နှင့် အနက်ရောင်ဘောင်းဘီတို့၏ တွဲစပ်မှုမှာ သူ့ကိုထင်ရှားသောအမြင်ကို ပေးစွမ်းစေနိုင်သည်။
အင်တာဗျူးအတွက် ထိုင်ခုံတွင်နေရာယူလိုက်ပြီး နျန်ယွီယီ သူ၏မျက်နှာချင်းဆိုင်မှ အမျိုးသားနှင့် အမျိုးသမီးတင်ဆက်သူထံ ပြုံးပြလိုက်သည်။
အမျိုးသမီးတင်ဆက်သူမှ သူအဆင်သင့်ဖြစ်ပြီလားဆိုသည်ကို နူးညံ့စွာမေးလာပြီး နျန်ယွီယီ ခေါင်းညိတ်ပြလိုက်သည်နှင့် အင်တာဗျူးကို စတင်လိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ယခင်နူးညံ့သိမ်မွေ့နေသာ တင်ဆက်သူမှ သူမ၏နူးညံ့သောအမူအယာကို ဖယ်ထုတ်လိုက်ပြီး ပို၍ထက်မြက်သော ကိုယ်ဟန်အမူအယာကို ထုတ်ဖော်လာသည်။
အစပိုင်းတွင် နျန်ယွီယီကို ကြိုပြင်ပေးထားသည့်မေးခွန်းများသာ မေးနေခဲ့ပြီး စိတ်အေးလက်အေးဖြေစေသည်။
သို့သော်လည်း ကြိုပြင်ထားသည့်မေးခွန်းများကုန်သွားချိန်တွင် တင်ဆက်သူနှစ်ဦးလုံးမှ အကြမ်းဖျင်းပြုံးပြလာသည်ကို နျန်ယွီယီသတိပြုမိလိုက်သည်။
ဤသည်မှာ ရှိုးအစစ်အမှန်စတင်ပြီဖြစ်ကြောင်း အသိပေးသည့်သဘောမျိုးပင်။
ခဏကြာပြီးသည်နှင့် ထိုသူနှစ်ဦးမှ ပို၍ထက်ရှသော မေးခွန်းများကို မေးလာကြသည်။
“ အနာဂတ်အိမ်ထောင်ဖက်အတွက် စံသတ်မှတ်ချက်မျိုးမလားရှိမလားဗျ… ကျွန်တော်တို့နိုင်ငံမှာလည်း တရားဝင်လိင်တူလက်ထပ်ခွင့်ပြုပေးထားတာ နှစ်အတော်ကြာပြီဆိုတော့ အနာဂတ်လက်တွဲဖော်အတွက် လိင်အမျိုးအစားသတ်မှတ်ထားတာလား ဒါမှမဟုတ် လိုက်ဖက်ညီမှုကိုပဲ ပိုပြီးဦးစားပေးတာမျိုးလား…”
ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ၏ရည်ညွှန်းမှုကို ပြောင်ပြောင်တင်းတင်းထုတ်မေးလာခြင်းဖြစ်သောကြောင့် နျန်ယွီယီကြောင်သွားရပြီး ခဏတာဆွံ့အသွားရသည်။
“ အင်းးး ကျွန်တော့်မှာ စံသတ်မှတ်ချက်ဆိုတာမျိုးတော့မရှိပါဘူး…”
နျန်ယွီယီ မေးခွန်း၏နောက်ဆုံးအပိုင်းကို စဉ်းစားနေခဲ့သည်
“ အနာဂတ်လက်တွဲဖော်အတွက်ကတော့ အချိန်ကျတဲ့အခါမှကြည့်တာပေါ့… ကျွန်တော်ကအခုထိငယ်နေသေးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားဖို့အချိန်မကျသေးဘူးလို့ ထင်မိပါတယ်…”
အဖြေ၏အောက်မှ ပေးချင်သည့်အဓိပ္ပါယ်မှာ ရှင်းလင်းလှသည် : ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ကိုလာမဖိနဲ့၊ အတွေးတောင်များများစားစားမရှိသေးတာမလို့ ဘာဖြေရမလဲသိမနေဘူး…
[ ယောင်္ကျားလေးဖန်တွေရောက်လာပါပြီ… ကျွန်တော်တို့အတွက်ရော အခွင့်အရေးရှိနိုင်မလားဗျ (ရုတ်တရက်စိတ်လှုပ်ရှားနေသော JPG) ]
[ အားးး သူကကလေးလေးပဲရှိနေသေးတာလေ… တင်ဆက်သူရေ ဆက်မတူးပါနဲ့တော့ ]
[ နျန်ရဲ့နားရွက်တွေတောင် နီလာပြီ… သူအရမ်းရှက်နေတာပဲ… ဟားဟားဟား ]
[ မိန်းကလေးဖန်တစ်ယောက်အနေနဲ့ ရောက်လာပြီး ဆက်တိုက်မျှော်လင့်နေပေမယ့် အဆုံးကျ စိတ်ပျက်သွားရတာပဲဟယ် ]
[ ကျေးဇူးပြုပြီး သူ့ကိုထပ်မစပါနဲ့တော့ဟယ်… ဟားဟား ရယ်ရလို့သေမှာပဲ… နျန်ယွီယီရဲ့ဖန်တွေက အကောင်းဆုံးပဲဟေ့ ]
နျန်ယွီယီ၏အဖြေကို အမှီပြုကာ အမျိုးသားတင်ဆက်သူမှာ ပို၍ပင်တူးဆွလာသည် “ မင်းရဲ့ပရိသတ်အုပ်စုထဲကကော စဉ်းစားထားတာမျိုးရှိလား… ကျွန်တော်မှတ်မိသလောက်ဆိုရင် လူကြီးမင်းဖန်ကလည်း မင်းပရိသတ်ထဲက တစ်ယောက်ပဲလေ….”
သူတို့ကျေးဇူးပြုပြီး ဒီမေးခွန်းကိုရပ်ပေးလို့ရမလားဟေ…
နာရီတကြည့်ကြည့်နှင့်စောင့်ဆိုင်းနေသည့် ကျိုးအာ့ဟယ်မှာ တင်းအားကြောင့် လက်ဖဝါးတွင်ချွေးပင်ပြန်လာရသည်။
ထို့နောက် သူ နျန်ယွီယီ၏တခစ်ခစ်ရယ်သံကို ကြားလိုက်ရသယောင်ပင်။
“ အင်းးးး ဟုတ်ရင်လည်းဟုတ်မှာပေါ့… ဘယ်အရာမှသေချာတာမှမဟုတ်တာ…”
ကျိုးအာ့ဟယ် : ….
[ ဝါးးးး မျှော်လင့်ချက်ပေးနေတဲ့အသံကိုများ ငါကြားလိုက်ရတာလား ]
[ ဒီလိုဆိုရင် ငါလည်းအချစ်ခံရနိုင်လားဟင်… အရမ်းစိတ်လှုပ်ရှားနေပြီနော် ]
[ အခုချက်ချင်းထပြီး မျက်နှာသစ် သွားတိုက်တော့မယ်… သည်အတိုင်း အိပ်ရာထဲမှာ အပျင်းတစ်နေမိခဲ့တယ်ဆိုပေမယ့် အခုတော့ နိုးထပြီးတောက်ပဖို့ ဆုံးဖြတ်လိုက်ပြီဟေ့… ငါ့ရဲ့အိပ်မက်တွေအတွက် ထိုက်တန်နေဖို့လိုတယ်လေ ]
တင်ဆက်သူနှစ်ယောက်၏ မေးပုံမေးဟန်နှင့် ပို၍အသားကျလာချိန်တွင် နျန်ယွီယီပိုမိုအဆင်ချောလာသည်။
၎င်းမှာ နောက်ဆုံးမေးခွန်းမတိုင်ခင်အထိပင်။
တင်ဆက်သူနှစ်ဦးမှ အကြည့်ချင်းဖလှယ်လိုက်ကြကာ မေးခွန်းမေးလာသည် “ အခုဆိုရင်တော့ ဖန်တွေအရမ်းသိချင်နေကြတဲ့ နောက်ဆုံးမေးခွန်းကိုရောက်ပါပြီ…”
“ သူငယ်ချင်းဟောင်းများရှိုးကို ကြည့်ရသလောက်ဆိုရင် မင်းမှာ ပြောင်မြောက်တဲ့ဟင်းချက်စကေးကို ပိုင်ဆိုင်ထားတယ်ဆိုတာ အတိအကျပဲနော်… ပြီးတော့ ခေတ်ဟောင်းမီးဖိုနဲ့လည်း အတော်လေးရင်းနှီးကျွမ်းဝင်တဲ့ပုံပဲ… ရှိုးအတွက်ကြောင့်များ ကြိုတင်ပြင်ဆင်ထားတာများလားမသိဘူး…”
ထိုမေးခွန်းမှာ အပြီးသတ်ရိုက်ချသည့်မေးခွန်းမျိုးဖြစ်သည်။ အကယ်၍သာ ပြင်ဆင်ထားသည်ဟု နျန်ယွီယီဝန်ခံလိုက်ပါက ရှိုးအတွက် မျက်နှာလိုချင်၍ ပြင်ဆင်ထားသည်ဟု စွပ်စွဲကြမည်ဖြစ်ပြီး ငြင်းဆန်မည်ဆိုပါလျှင်လည်း ထူးဆန်းနေပေလိမ့်မည်။
အထက်တန်းစားများနှင့် မကြာခဏတွဲတွေ့ရတတ်သူ ကြယ်ပွင့်တစ်ယောက်အနေဖြင့် အဘယ့်ကြောင့် ထိုအရာများနှင့် အလွန်ရင်းနှီးနေရသည်နည်း။
နျန်ယွီယီ မသိစိတ်မှ ဆိုဖာအစွန်းကို ဆုပ်ကိုင်ထားမိသည်။ သို့သော်လည်း ကင်မရာတွင်ပေါ်နေမည့် သူ၏မျက်နှာကိုမူ မပျက်ယွင်းသွားစေရန် ကြိုးစားထိန်းသိမ်းနေသေးသည်။
တင်ဆက်သူမှ ကိစ္စများကိုမွှေနှောက်ရန် ကြိုးစားနေသည်မှာ အသေအချာပင်။ ကြည့်ရှုနေသူများမှလည်း ဒရာမာကိုစောင့်ဆိုင်းနေကြသည်။
တင်ဆက်သူများမှာ ဖန်အဖွဲ့အစည်းမှဖြစ်သောကြောင့် သူ စိတ်အေးနေခဲ့ရသော်လည်း ယခုတွင်မူ နျန်ယွီယီ နိုးကြားသွားရလေပြီ။
ပုံမှန်ကြည့်ရှုနေသူများဆိုလျှင် အနုတ်သဘောဆောင်သောအရာများကို ပျံ့စေခြင်းအား ရှောင်ရှားသင့်သည်။ သူတို့သည်ကာ ဝေဖန်ခြင်းဖြင့်အလုပ်ရှုပ်နေကြပြီး နျန်ယွီယီ၏အင်တာဗျူးများကို မကြည့်ခဲ့ကြသောကြောင့် အမှန်တကယ်ကြည့်ရှုသူများပင် ဟုတ်ပါ၏လော…
နျန်ယွီယီ အသက်တချက်ရှုလိုက်ပြီးနောက် အသံပျော့လေးဖြင့် ပြောလိုက်သည်။
“ ကျွန်တော်က မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာရတာလေ… အခြေအနေတွေကတော့ အကောင်းဆုံးမဟုတ်ဘူးပေါ့… အသက်ဆယ်နှစ်လောက်ထိက ခေတ်ဟောင်းမီးဖိုနဲ့ပဲ ချက်ပြုတ်ခဲ့ရတာလေ…ကျွန်တော်က တခါတလေကျရင် မိဘမဲ့ဂေဟာကျောင်းအုပ်ကြီးနဲ့ သွားနေလေ့ရှိတော့ မီးဖိုကိုစောင့်ကြည့်ပေးရင်း ရင်းနှီးသွားခဲ့တာပဲ…”
မျှော်လင့်မထားသည့်အဖြေကြောင့် တင်ဆက်သူနှစ်ဦးမှာ အစီအစဉ်ကို အပြီးမသတ်ခင်အထိ ခဏကြာတိတ်ဆိတ်သွားကြသည်။
ကင်မရာများပိတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှု အဆုံးသတ်သွားသည်နှင့် ကျိုးအာ့ဟယ် ပြေးဝင်လာပြီး နျန်ယွီယီကို သူ့အနောက်တွင်ထားကာ တင်ဆင်သူများကိုမေးခွန်းထုတ်လိုက်သည်။
“ မင်းတို့က အခုလက်ရှိ ဖုန့်ဟွာမှာ တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတာနော်…”
“ အဟမ်းးး ကျွန်တော်တို့က ဒီအတိုင်း ရေပန်းစားမှုခေါင်းစီးရအောင် ဖန်တီးလိုက်ရုံပဲမဟုတ်လား…”
အမျိုးသားတင်ဆက်သူမှ ခါးကိုငုံ့ကိုင်းကာ ကျိုးအာ့ဟယ် အပြင်းအထန်တောင်းပန်လာသည်
“ နောက်တစ်ကြိမ်ကျရင် မှတ်ထားလိုက်ပ့ါမယ်..”
“ နောက်တစ်ကြိမ်ဆိုတာမရှိတော့ဘူး… နျန်က နောက်တခါ ဒီအင်တာဗျူးမှာ ထပ်ပါတော့မဟုတ်ဘူး…” ကျိုးအာ့ဟယ် အေးစက်စွာတုံ့ပြန်ကာ နျန်ယွီယီကို စတူဒီယိုအပြင်ဖက်သို့ ဆွဲခေါ်လာသည်။
“ စိတ်မတိုနေပါနဲ့တော့… ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဖုံးကွယ်ထားမဲ့အရာမှ မဟုတ်တာပဲလေ…” နျန်ယွီယီ ကျိုးအာ့ဟယ်၏လက်မောင်းကို ဆုပ်ကိုင်ကာပြောလိုက်သည်
“ ကျွန်တော်နေ့လည်စာလိုက်ကျွေးမလို့ အစ်ကိုလိုက်မှာလား…”
နျန်ယွီယီ၏အတိတ်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်ကြောင်း ကျိုးအာ့ဟယ်သိနေသည့်တိုင် နျန်ယွီယီ၏ငယ်စဉ်အခါက ရုန်းကန်ခဲ့ရခြင်းကို သူအမှန်တကယ်ကိုယ်ချင်းစာမိပြီး လိုင်းပေါ်တွင် အတင်းအဖျင်းပြောကြမည်မျိုးကို သူမဖြစ်စေချင်ပေ။
ကျောင်းတွင်းအနိုင်ကျင့်မှုများ၏ ခံရသူများမှာ တိုက်ရိုက်ထိခိုက်မှုများကြောင့် နာကျင်ခံစားရရုံမကဘဲ စကားဖြင့်ဝေဖန်ကြခြင်းများမှာလည်း သူတို့၏စိတ်ဒဏ်ရာများကို ထပ်ပေါင်းထည့်ပေးနိုင်သည်။
ကျိုးအာ့ဟယ် နျန်ယွီယီကို စတင်စီမံပေးချိန်မှစ၍ နျန်ယွီယီ၏အတိတ်ကိုအသုံးချ၍ နာမည်ကျော်ကြားမှုမယူနိုင်စေရန် သူကောင်းကောင်းကာကွယ်ပေးထားခဲ့သည်။
အချိန်အတော်ကြာ သူကာကွယ်ပေးထားပြီးနောက် အနှီအင်တာဗျူးကြောင့် အရာအားလုံးလူရှေ့တွင် ပေါ်ထွက်သွားမည်ကိုမူ သူမထင်ထားမိခဲ့ပေ။
ကျိုးအာ့ဟယ် စိတ်တိုနေသောကြောင့် နျန်ယွီယီ သက်ပြင်းသာချလိုက်ရသည်။ သူ၏မန်နေဂျာအပေါ် အမှန်တကယ်ဂရုစိုက်ကြောင်း ဖော်ပြတော့မည့်အချိန်၌ ရုတ်တရက်ဆိုသလို အနားသို့ဆွဲခေါ်ခံလိုက်ရသည်။
“ မင်းငါ့ကို နေ့လည်စာလိုက်ကျွေးလို့မရတော့ဘူး…” ကျိုးအာ့ဟယ်တစ်ယောက် အရှေ့သို့တည့်တည့်ကြည့်နေခဲ့သည်။
“ ဘာကို…” နျန်ယွီယီ ကျိုးအာ့ဟယ်ဆိုလိုရင်းကို နားမလည်သောကြောင့် လှမ်းကြည့်လိုက်ရာ မလှမ်းမကမ်းတွင်ရပ်နေသည့် ဖန်ကျုံးချွမ်းကိုတွေ့လိုက်ရသည်။
“ ကျွန်တော် စာအိတ်နီပို့လိုက်ပါ့မယ်…” နျန်ယွီယီ ကျိုးအာ့ဟယ်ကိုလွှတ်လိုက်ပြီး စကားချန်ကာ ဖန်ကျုံးချွမ်းဆီသို့ အပြေးသွားလိုက်သည်။
“ ဟွန့် ငါလည်း ငါ့ကောင်လေးဆီသွားလို့ရပါတယ်နော်…” ကျိုးအာ့ဟယ် တွေးနေခဲ့သည်။
ပွေ့ဖက်နေသည့်နှစ်ဦးသားကိုကြည့်ကာ ကျိုးအာ့ဟယ် တတိယဘီးဆက်မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး ဓာတ်လှေကားတွင်းသို့ တစ်ဦးတည်းဝင်၍ ရင်းကျင်းကိုရှာရန် အပေါ်ထပ်သို့တက်သွားလိုက်သည်။
“ ဒီကိုဘယ်လိုရောက်နေတာလဲ…” နျန်ယွီယီ စိတ်လှုပ်ရှားနေသည်ကို ဖုံးဖိကာမေးလိုက်သည်။
“ ကိုယ့်ကောင်လေးကို အလုပ်လာကြိုတာလေ…” ဖန်ကျုံးချွမ်းမှ နျန်ယွီယီ၏ဆံပင်ကိုပွတ်သပ်ပေးကာ ပြောလာသည် “ ထမင်းသွားစားရအောင်…”
“ ဟုတ်ကဲ့…”
နျန်ယွီယီတစ်ယောက် သူ၏မန်နေဂျာကို နှစ်သိမ့်ပေးရန်အလို့ငှာ ပမာဏများများပါသည့် စာအိတ်နီတစ်အိတ် အမြန်ပို့ပေးလိုက်လေသည်။
ကျိုးအာ့ဟယ်ကို စာရိုက်ရင်းအလုပ်ရှုပ်နေသောကြောင့် ဓာတ်လှေကားတွင်းသို့ ဝင်လာချိန်၌ အထဲတွင်ရှိနေပြီးသူကို နျန်ယွီယီ သတိမပြုမိလိုက်ချေ။
၎င်းမှာ သူ့ပုခုံးပေါ်သို့ လက်တစ်ဖက်မကျလာခင်အထိပင်။
ထိတ်လန့်သွားပြီး ဖုန်းလွတ်ကျမလိုဖြစ်သွားရသည့် နျန်ယွီယီမှ မည်သူဖြစ်ကြောင်း လှမ်းမကြည့်နိုင်ခင်မှာပင် ရင်းနှီးနေသောအသံကိုကြားလိုက်ရသည်။
“ နျန်နျန်…” ရှဲ့ယီကျိုး၏အသံမှာ သူ၏အနောက်မှထွက်ပေါ်လာသည်။
“ ဒု ဒုတိယအစ်ကို…” သွားလေပြီဟုသည့် ပုံရိပ်များ နျန်ယွီယီ၏အတွေးထဲတွင် ဖြတ်ပြေးသွားပြီး အနောက်လှည့်ကာ ရှဲ့ယီကျိုး၏လက်မောင်းကိုတွဲချိတ်လိုက်သည်
“ ဒီနေ့ ကုမ္ပဏီကိုလာရတာလား…”
“ ညစာစားဖို့မင်းကိုလာခေါ်တာလေ…အိမ်တော်ထိန်းက မင်းအကြိုက်ဆုံးဟင်းတွေချက်ထားပေးတယ်…” ရှဲ့ယီကျိုး ဘေးတွင်တိတ်ဆိတ်စွာရပ်နေသည့် ဖန်ကျုံးချွမ်းဖက်သို့ကြည့်ကာ မေးလိုက်သည်
“ မင်းတို့နှစ်ယောက်ပြောပြီးကြပြီလား…”
သေစေအနိုင်ဆုံးမေးခွန်းကို မေးလိုက်ခြင်းပင်။
ရှဲ့ယီကျိုးမှ သူ၏ပုခုံးကိုဖက်ထားပေးမှုလွတ်သွားသည်ကို နျန်ယွီယီခံစားလိုက်ရပြီး သူ၏ဒုတိယအစ်ကိုကြီးမှ သူ့ပါးကိုညှစ်ကာပြောလာသည် “ ဓာတ်လှေကားထဲမှာတောင် ချစ်ကြည်နူးတစ်တီတူးပြနေတယ်ပေါ့လေ…ကုမ္ပဏီကတစ်ယောက်ယောက်မြင်သွားပြီး လိုင်းပေါ်တင်ခံရမှာ မကြောက်ဘူးလား…”
ဒုတိယအစ်ကိုကိုကြည့်ရတာ … အရမ်းစိတ်ဆိုးမနေသလိုပဲ။
နျန်ယွီယီ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး မသိစိတ်မှ ဓာတ်လှေကားတွင်းရှိ စောင့်ကြည့်ကင်မရာထံ လှမ်းကြည့်မိလိုက်သည်။
“ နောက်တစ်ခါဆိုရင် ပိုသတိထားနော်…” ရှဲ့ယီကျိုးမှ အလျော့ပေးဟန်ဖြင့် နျန်ယွီယီ၏ဆံပင်ကိုပွတ်လျက် မေးလာသည် “ ညစာတော့အိမ်ပြန်စားမယ်မလား…”
သူတို့အိမ်ပြန်ပြီး ညစာစားကြရင် ဖန်ကျုံးချွမ်းကကော…
နျန်ယွီယီအကြည့်ရောက်သွားသည့်နေရာကို မြင်နေရသောကြောင့် ရှဲ့ယီကျိုး ညီငယ်လေး၏အတွေးကို ခန့်မှန်းမိခဲ့သည်။
ပြန်လည်ရင်းနှီးရသည်မှာ မကြာသေးသော သူ၏ညီငယ်လေး တစ်ဖန်ပြန်လည်ခိုးခံရတော့မည့်အရေးကိုတွေးကာ ရှဲ့ယီကျိုးသက်ပြင်းသာ ချလိုက်မိသည်။
“ အတူသွားစားတာပေါ့လေ…”
“ ကောင်းတာပေါ့…”
*****
ဝေ့ပေါ်တွင် ..
နျန်ယွီယီ နောက်ဆုံးမေးခွန်းကို ဖြေလိုက်ချိန်၌ တိုက်ရိုက်ထုတ်လွှင့်မှု၏ မန့်များမှာ ယာယီဗလာဖြစ်သွားခဲ့သည်။
နျန်ယွီယီ၏ပရိသတ်များမှာ အများစုသည် သနားနေကြသော်လည်း ဖြတ်သွားဖြတ်လာဟုခေါ်သော ကြားနေပရိသတ်များမှာမူ သူတို့၏စကားဝိုင်းထဲတွင် ပို၍တောက်လောင်လာကြသည်။
ပရိသတ်ဖိုရမ်ပေါ်၌ ယခင်မြုပ်နှံခံလိုက်ရသည့် ပိုစ့်မှာတဖန်ပြန်ပေါ်လာပြီး ဆွေးနွေးမှုအသစ်များစွာ ထွက်လာခဲ့သည်။
ခေါင်းစဉ် : လီထောင်
[“ နျန်ယွီယီက မိဘမဲ့ဂေဟာကလာတယ်ဆိုရင် ဘာလို့အကောင်ကြီးတွေနဲ့ သိနေရတာလဲ …”)
[အဓိကပို့စ် : သူကတကယ်ပဲ အထက်တန်းလွှာရဲ့ ကစားစရာလေးတစ်ခုလား]
[တစ်လွှာ : အစတုန်းကတော့ ငါမယုံခဲ့ပေမယ့် အခုတော့…]
[နှစ်လွှာ : သူ့ရဲ့နှစ်လိုဖွယ်ရှိမှုကြောင့်လဲဖြစ်မှာပေါ့… ရှဲ့ယီကျိုးက သူ့လက်ထောက်ကိုလည်း ကောင်းကောင်းဆက်ဆံပေးတာပဲဟာကို… မုန်းနေကြတဲ့သူတွေက ဒီမှာလာပြီး ကြားနေလိုလိုလာလုပ်မနေနဲ့နော်… ငါတော့နျန်ယွီယီအတွက် စိတ်မကောင်းဖြစ်မိတယ်… ဘာလို့သူ့မှာ အဖျက်အမှောင့်တွေ သည်လောက်များနေရတာလဲဟယ်]
[သုံးလွှာ : သူက မကြာသေးခင်ကမှ နာမည်တက်လာတာလေ ကြည့်ရတာ အကောင်ကြီးကြီးတွေက နောက်ခံပေးထားပုံပဲ…တကယ်လို့ ငါသာ အာဏာရှိတဲ့သူဆိုလည်း သူ့ကိုပံ့ပိုးပေးမှာပဲလေ… ကြည့်ကောင်းတယ် စိတ်ထားလည်းကောင်းတယ် သရုပ်ဆောင်ပါကောင်းနေသေးတာ သေချာပေါက်ကိုပေါက်မှာပဲဟာ… ကြော်ငြာကမ်းလှမ်းလာမှာတွေနဲ့ အသင့်တော်ဆုံးပေါ့]
[လေးလွှာ : ငါလည်းအပေါ်ထပ်ကလူပြောတာကို ထောက်ခံတယ်… အဆိုးမြင်ဝါဒီတွေကတော့ ဘယ်အရာမဆို နေရာတိုင်းလိုက်အပြစ်ပြောနေကြမှာပဲလေ]
[ငါးလွှာ : ဖုန့်ဟွာအတွက် အရင်းအမြစ်တွေရှိတာ ထုံးစံပဲလေ… ဒါပေမယ့် ဖုန့်ဟွာအောက်က နာမည်ကြီးတွေပဲ အရင်းအမြစ်တွေပြည့်နေရမှာ မဟုတ်ဘူးလား… နျန်ယွီယီကကော… ဓားလမ်းမနဲ့ သူငယ်ချင်းဟောင်းများရှိုးကလွဲရင် ဘာများရှိလို့လဲ… မဂ္ဂဇင်းရိုက်ထားတာလည်းမရှိ ကြော်ငြာလည်းမရှိနဲ့… ဘယ်ကနေ အရင်းအမြစ်တွေပေါက်ကွဲထွက်လာတာလဲ အိပ်မက်ထဲကနေလား]
[ခြောက်လွှာ : ဓားလမ်းမက ဖုန့်ဟွာကပေးတာမဟုတ်ဘူး… နျန်ယွီယီ သူ့ဘာသာယူနိုင်ခဲ့တာ]
[ခုနစ်လွှာ : ဘာကိုဆိုလိုတာလဲဟင်]
[ရှစ်လွှာ : သတင်းစာရှင်းလင်းပွဲတုန်းက မေးခွန်းတစ်ခုကိုပြန်ပြောရရင် ကျန်းရွှယ်ယုံပြောသွားတာတော့ နျန်ယွီယီကောလိပ်တက်နေတုန်း သူဖမ်းစားခံလိုက်ရပြီး လူတွေ့စစ် အတည်ပြုလိုက်တာလေ…ပြီးကြမှသာ ဖုန့်ဟွာမှာ လက်မှတ်ထိုးလိုက်တာ]
[ကိုးလွှာ : သည်လိုဆိုရင် ဖုန့်ဟွာကပေးထားတဲ့ အရင်းအမြစ်က သူငယ်ချင်းဟောင်းများ ရှိုးတစ်ခုထဲပေါ့]
[ဆယ်လွှာ : ကဲ ကဲ တော်ကြစို့… ဒီရက်ပိုင်းတွေမှာ အရင်းအမြစ်တွေရှိလို့ အပြစ်ပြောခံရတာဘယ်သူမှမရှိဘူးလေ… ငါ့ရဲ့နျန်လေးက အရမ်းသနားဖို့ကောင်းတာပဲဟယ်]
နျန်ယွီယီ၏ပရိသတ်များမှာ တက်တက်ကြွကြွဖြင့် အထင်မှားမှုများကို ဖြေရှင်းကာ သတင်းအမှားဖြန့်ဝေသူများကို တိုင်ကြားပေးကြသောကြောင့် ပရိသတ်ဖိုရမ်ထဲတွင် ထိုအရေးနှင့်ပတ်သက်သည့်ပို့စ် နည်းသထက်နည်းသွားတော့သည်။
🫶