💫 Chapter 70
ဆာ့ဆာ့နှင့်ချန်ကျီ နှစ်ယောက်လုံး ဗီဒီယိုကြည့်နေရင်း မျက်နှာကို လက်ဖြင့် ကာထားမိလိုက်သည်။ သူတို့စဥ်းစားကြည့်နေစရာပင် မလိုချေ။ တစ်စုံတစ်ယောက်က သူ့ကိုယ်သူကြွားလုံးထုတ်ရန်လုပ်ရင်း ပြန်အရှက်ခွဲလိုက်မိကြောင်း သူတို့သိနိုင်၏။
ရှဲ့ရုန်၏ ဖန်များ တိတ်ဆိတ်သွားကြသည်ကိုကြည့်လျှင် သူတို့လည်းစိတ်ပျက်သွားကြောင်း သိသာသည်။ ပထမအပိုင်းက သူ့ရုပ်ရည်ကို အသားပေးထားသည့်အပိုင်းများဖြစ်ပြီး အခုတွင် သူ့သရုပ်မှန်ပေါ်သွားချေပြီ။ ဤပုံစံနှင့် နောက်ပိုင်းတွင် မိန်းကလေးများကို သူ ဆွဲဆောင်နိုင်ပါဦးမလား မသေချာတော့ပေ။
ဤကောမန့်များအား သူ့ကို မြင်စေချင်ပြီး အခု 'သူဘယ်လိုခံစားနေရသလဲ'ဟု သူတို့မေးချင်မိသည်။ သင်ခန်းစာမရမီ ကျရှုံးမှုက ရှိစမြဲပင်။
သူတို့နှစ်ယောက်က ဤဗီဒီယိုကိုကြည့်ပြီး သဘောကျနေသလို တစ်ချိန်တည်းမှာပင် အနည်းငယ်ရှက်ရွံသလိုလိုလည်း ဖြစ်မိကြသည်။ ကြယ်တာရာခေတ်တစ်ခုလုံးတွင် ထိုကဲ့သို့ ဂျူနီယာ ညီအစ်ကိုရထားခြင်းကလည်း ရှက်ဖွယ်အတိပင်။ သူ့ကို ဖယ်ထုတ်ထားနိုင်ရန်သာ သူတို့ဆုတောင်းမိတော့သည်။
ဆရာရွှီယီသာ ၎င်းကိုတွေ့သွားလျှင်လည်း သူတို့ကဲ့သို့ တစ်ထေရာတည်း ခံစားမိလိမ့်မည်ဟု သူတို့ခန့်မှန်းကြည့်နိုင်၏။ သူ့ကို အဓိကဇာတ်လိုက်သဖွယ် ပုံဖော်ထားပုံရသော်လည်း ဤကဲ့သို့ နာမည်ကြီးခြင်းမျိုးကို လုံးဝလိုချင်မည်မဟုတ်ပေ။ အထူးသဖြင့် ရွှီယီက ထိုကဲ့သို့ ဟာသမြောက်သောတပည့်ကျော်ကို သူလေ့ကျင့်ပေးထားကြောင်း လူအများကို မသိစေချင်ပေ။
ဤသို့စိတ်ဝင်စားစရာကောင်းသည့်အရာကို လူတိုင်းဆီမျှဝေပေးသင့်သည်။ ဆာ့ဆာ့နှင့် ချန်ကျီက ဗီဒီယိုကို သိမ်းထားလိုက်ပြီး စုန့်နင်ဖုန်းကိုပါ မျှဝေပေးလိုက်၏။
စုန့်နင်ဖုန်းက မက်ခါကို ကလိနေ၏။ ချန်သာ့ယို၏ မက်ခါတွင် စိတ်ဝင်စားစရာကောင်းသည့်အရာတစ်ခုကို သူရှာတွေ့ထားသည်။
' သူဌေးတွေဆိုတဲ့အတိုင်း တကယ်ပါပဲ...တချို့ကုန်ကြမ်းတွေဆို စျေးကွက်ထဲမှ မရနိုင်တာတွေတောင် ပါနေတာပဲ...'
သူ့ထွက်သွားသည့်အခါ သူစိတ်ဝင်စားသည့်အပိုင်းများကိုပါ တစ်ခါတည်းယူသွားချင်မိသည်။
ထိုမက်ခါအား ပြုလုပ်ထားသည့်သူက ပညာရှင်တစ်ယောက်သာ ဖြစ်ရမည်ဟု သူခန့်မှန်းမိသည်။ ထိုမက်ခါ၏ အချို့ဒီဇိုင်းအပိုင်းတို့က အတော်လေးစိတ်ဝင်စားစရာကောင်းပြီး အခြားမက်ခါများ၌ တွေ့ဖူးသည့် ပုံစံမျိုးမဟုတ်ပေ။ သူသာအခွင့်အရေးရမည်ဆိုလျှင် ထိုဒီဇိုင်နာနှင့်အတူ အကြံဉာဏ်အနည်းငယ်ဖလှယ်ချင်မိသည်။
ထိုအချိန်မှာပင် စုန့်နင်ဖုန်း၏ စက္ခုကွန်ရက်က မီးလင်းလာ၏။ ၎င်းက သူနှင့် ချန်ကျီသဘောတူထားသည့် အချက်ပြမှုဖြစ်သည်။
လျှို့ဝှက်အခန်းကို ဒီဇိုင်းဆွဲစဥ်က ချန်မိသားစုမှာ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ထား၏။ အထူးကြိမ်နှုန်းမြင့်ထုတ်ကုန်သာမဟုတ်ပါက မည်သည့်အချက်ပြမှုကိုမှ ပို့လွှတ်၍မရနိုင်ပေ။ ကံမကောင်းစွာဖြင့် သူတို့ဘက်က ထိုသာမန်ဆက်သွယ်မှုများကို ဖြတ်တောက်ထားနိုင်သော်လည်း စိတ်ဝိညာဥ်ဆက်သွယ်မှုကို မဖြတ်တောက်ထားနိုင်ပေ။
စုန့်နင်ဖုန်း အနည်းငယ်နောင်တရသလို သက်ပြင်းချမိသည်။ သူက မက်ခါကို လေ့လာ၍ မပြီးသေးမီ ဆရာကပြန်ရောက်လာခဲ့ပြီဖြစ်သည်။ ဤနေရာ၌ သူဝေ့လည်ကြောင်ပတ်လုပ်နေ၍ မဖြစ်တော့၍ သူလိုချင်သည့်ပစ္စည်းအချို့ကို ယူလိုက်သည်။
သူက ချန်သာ့ယိုကို ပြန်လွှတ်ပေးကာ ပြောလိုက်၏။
" ကောင်းပြီ... ကျုပ်ပြန်ပြီး အခြေအနေကို တစ်ချက်စစ်ကြည့်လိုက်ဦးမယ်... ထွက်ပြေးမနေနဲ့ဦး... ခင်ဗျားနဲ့ ကျုပ်စာရင်းရှင်းဖို့ ကျန်သေးတယ်..."
' ငါအရင်ဆုံး ဆာ့ဆာ့ရဲ့အခြေအနေကို သွားစစ်ဆေးပြီးမှ ချန်သာ့ယိုကို ဘယ်လိုလုပ်ရမလဲဆိုတာ ဆုံးဖြတ်တော့မယ်...'
စုန့်နင်ဖုန်းက ပုံမှန်အတိုင်း ပြန်ထွက်သွားသည်ကိုကြည့်ပြီး ချန်သာ့ယို ခေါင်းရှုပ်သွား၏။
'သူက ဒီအတိုင်းလေး ထွက်သွားပြီလား...'
သူက တစ်ခဏတာ တွန့်ဆုတ်သွားပြီးနောက် ယခုထိ ကြိုးတုပ်ထားခံရဆဲဆိုသည်ကို သိလိုက်၏ ။
ချန်မိသားစု၏ လျှို့ဝှက်ခန်းတံခါးက ပွင့်လာပြီး ထွက်ပေါက်နားရှိ အစောင့်များမှာ ဟိတ်ဟန်အပြည့်ဖြင့် ထွက်လာသော လူကိုတွေ့လိုက်ရသည်။ သူတို့အားလုံး ဇဝေဇဝါဖြစ်သွား၏။
' တစ်ယောက်ယောက်ဝင်သွားသေးတာလား...ငါတို့လည်း ဘယ်သူမှ မတွေ့လိုက်မိပါဘူး...ဘော့စ်များ မျက်နှာတွေဘာတွေပြောင်းသွားတာလား...'
စုန့်နင်ဖုန်း၏ စိတ်အေးလက်အေးဖြစ်နေသော အမူအရာကြောင့် သူတို့သံသယဝင်ရန်ပင် ခက်နေ၏။ သူတို့တွင် လျှို့ဝှက်ခန်းထဲရှိ ကိစ္စများကို စုံစမ်းရန်အခွင့်အရေးမျိုး မရှိပေ။
ထိုနေရာမှ ထွက်လာပြီးနောက် စုန့်နင်ဖုန်းက သူ့စက္ခုကွန်ရက်ကို ဖွင့်ကြည့်ပြီး ရယ်လိုက်မိသည်။ သူက ချန်သာ့ယိုကို လှည့်ကြည့်ကာပြောလိုက်၏။
" အိုး...ဒါနဲ့စကားမစပ် အရမ်းလည်းပျော်မနေနဲ့ဦး...ခင်ဗျား ခဏနေလိုင်းတက်ပြီး သတင်းကိုစစ်ကြည့်ဖို့ ကျုပ်အကြံပေးချင်တယ်..."
ထို့နောက် သူထွက်သွား၏။
စုန့်နင်ဖုန်း ဘာကိုဆိုလိုချင်သည်အား သူ နားမလည်ပေ။ သို့သော် သူပြောသောစကားအရ ခံစားချက်မကောင်းတော့ပေ။ သူ စိုးရိမ်တကြီး အော်ပြောလိုက်သည်။
" အပြင်ကလူတွေ သေကုန်ကြတာလားဟ...ငါ့ကို မြန်မြန်လာလွှတ်ပေးကြဦး..."
ဤအချိန်တွင် ချန်မိသားစု၏ အစောင့်များက ပြေးဝင်လာပြီး လျှို့ဝှက်ခန်းထဲ၌ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသည်။ ချန်သာ့ယိုလည်း ကိုရိုးကားယားအခြေအနေဖြစ်နေ၏။ ချန်သာ့ယိုက နိုင်ငံ့ထိပ်သီးပုဂ္ဂိုလ်မဟုတ်သော်လည်း စတားကွန်ရက်ရှိနေခြင်းကြောင့် ထူးခြားသောဂုဏ်ပုဒ်မျိုးရှိထားသည်။
'ငါက ဘယ်လိုလုပ်များ ဒီလိုဆက်ဆံခံနေရတာလဲ…'
အစောင့်ခေါင်းဆောင်မှာ တုန်လှုပ်သွား၏။
' ငါ ဒီကိစ္စအတွက် အပြစ်တင်ခံရတော့မလား...ကိစ္စတွေပြီးတဲ့အထိ ငါတိတ်တိတ်လေးပဲ နေလိုက်ရမလား...'
သူက သေချာလိုက်ကြည့်ရန်ကိုပင် ကြောက်ရွံ့နေမိသည်။ ချန်သာ့ယိုကို သူ အလျင်အမြန် ကြိုးဖြည်ပေးလိုက်ပြီးနောက် ချန်သာ့ယိုက ဒေါသတကြီး အော်ဟစ်လာတော့သည်။
" ငါမင်းတို့ကို ဘာအတွက်ကျွေးမွေးထားတာလဲ...အဲ့ဒီကောင် မျက်နှာပြောင်ပြောင်နဲ့ ဒီအတိုင်းလေးထွက်သွားတာကို မင်းတို့ရပ်ကြည့်နေကြတာလား..."
အမှန်တွင် ၎င်းက သူ့ဒေါသများကို အခြားသူအပေါ် ပုံချနေမိရုံသာ၊ သူကိုယ်တိုင်လည်း စုန့်နင်ဖုန်းကို ကြောက်မိ၏။ အစောပိုင်းက သူ့အစောင့်များကို စုန့်နင်ဖုန်းနောက် လိုက်သွားရန် အော်ပြီးအမိန့်ပေးလိုက်နိုင်သော်လည်း စုန့်နင်ဖုန်းက သူတို့ထဲမှ တစ်ယောက်ယောက်အား သတ်ပစ်လိုက်မည်ကို သူစိုးရိမ်မိသည်။ ထို့ကြောင့် စုန့်နင်ဖုန်း ခပ်ဝေးဝေးရောက်ပြီး မကြားနိုင်လောက်တော့မှသာ သူက မောက်မာစွာအော်ဟစ်လိုက်ရသည်။
သို့သော် ရှင်သန်နေထိုင်ရန်အတွက် ဤအလုပ်ပေါ်မှီခိုနေရသော အစောင့်ခေါင်းဆောင်က ဘာမှမတတ်နိုင်ပေ။ သေချာပေါက် သူ့ဘော့စ်၏ အမိန့်ကို နာခံရုံသာရှိ၏။ ထို့ကြောင့် သူချက်ချင်း ပြန်ဖြေလိုက်သည်။
" ကျွန်တော်တို့ အခုချက်ချင်းပဲ သူ့နောက်ကို လိုက်သွားလိုက်ပါ့မယ်..."
" နေဦး..."
ချန်သာ့ယိုက သူတို့ကို မှုန်ကုပ်ကုပ်အမူအရာဖြင့် တားလိုက်သည်။ သူ ပထမဦးစွာ ဖြစ်ပျက်နေသောအရာများကို သိရှိရန်အတွက် စတားကွန်ရက်ကို စစ်ဆေးရန်လို၏။
ချန်သာ့ယိုမှာ သူစက္ခုကွန်ယက်ကို ဖွင့်ပြီးနောက် ဗီဒီယိုကို တွေ့လိုက်ရရချင်း ဝိညာဥ်လွင့်မလိုပင် ဖြစ်သွားသည်။ ချန်မိသားစု နှစ်ပေါင်းများစွာ ပြင်ဆင်လာသည့်အရာအားလုံး ဖော်ထုတ်ခံလိုက်ရချေပြီ။ ထိုမျှမကသေးဘဲ ဂြိုဟ်ပိုးကောင်များကလည်း စီစဥ်ထားသည့်အချိန်ထက် ပိုစောပြီး ထွက်လာကြ၏။
ထိုထက် ပိုဆိုးသည်မှာ ချန်သာ့ယို သူ့စက္ခုကွန်ရက်ကို ဖွင့်လိုက်ချိန်တွင် ဖက်ဒရေးရှင်း၏ ရာထူးမြင့်ပုဂ္ဂိုလ်များက ကြေညာချက်ထုတ်ထားသည်ကို သူတွေ့လိုက်ရသည်။
( မက်ခါလိဂ်မှာ ပိတ်မိနေတဲ့ ကစားသမားများအားလုံးကို အန္တရာယ်ကင်းကင်းနဲ့ ကယ်တင်ပြီးပါပြီ...အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တာကြောင့် လတ်တလောမှာ မက်ခါလိဂ်ကို ခေတ္တရပ်စဲထားပါတယ်...)
ဤသတင်းကို ကြေညာလိုက်သောအခါ ဖက်ဒရေးရှင်းပြည်သူများက အလွန်ဝမ်းသာသွားပြီး အဖြစ်အပျက်များကို မေးခွန်းထုတ်ကြတော့သည်။
" ဒါတွေက တကယ်ပဲ ဘယ်လိုဖြစ်ရတာလဲ..."
ကယ်တင်ခံရသည့် ကစားသမားဟုထင်ရသော သူတစ်ယောက်က ပြောလာ၏။
" ကျွန်တော်တို့ ဘာတွေကျော်ဖြတ်ခဲ့ရသလဲဆိုတာ ခင်ဗျားတို့ စဥ်းစားကြည့်လို့တောင် ရမှာမဟုတ်ဘူး...ကျွန်တော် အခုပြောချင်တာကတော့ ကျွန်တော်တို့ကို ကယ်တင်ပေးခဲ့တဲ့သူတွေကို ကျေးဇူးတင်တယ်ဆိုတာပါပဲ...ပြီးတော့ အခုအွန်လိုင်းမှာ နာမည်ကြီးနေတဲ့ ဗီဒီယိုကလည်း အစစ်အမှန်ပါ..."
၎င်းကို တွေ့ပြီးနောက် ချန်သာ့ယို ဆက်ပြီး နှေးဖင့်မနေရဲတော့ပေ။ သူက အားလုံးကို ထွက်သွားခိုင်းကာ သိုလှောင်ဘားခလုတ်ထဲတွင် အထုတ်အပိုးများပြင်ထားပြီး ထွက်ပြေးရန် အသင့်ပြင်ထားလိုက်သည်။ ထို့အပြင် ချိန်ကိုက်ဗုံးကိုပါ သူတစ်ခါတည်း ပြင်ထား၏။ သူထွက်သွားသည်နှင့် သူ့နေရာကတစ်ခါတည်း ပေါက်ကွဲပျက်စီးကာ အသုံးဝင်သည့်ပစ္စည်းဘာတစ်ခုမှကို ရှာတွေ့နိုင်တော့မည် မဟုတ်ချေ။
အခြားသူများအတွက်ကို ချန်သာ့ယိုက စိုးရိမ်မနေပေ။ သူတို့က သတင်းကိုရရချင်း အစအနမရှိ ပျောက်သွားလောက်ချေပြီ။
အခြားသူများနှင့်ယှဥ်လျှင် ချန်သာ့ယိုက သူ့ကိုယ်သူသာ ပိုပြီး စိတ်ပူမိသည်။ သူ့စိုးရိမ်စိတ်များက အခြေအမြစ်မရှိပေ။ သူတတ်နိုင်သမျှ မြန်မြန်ထွက်ခွာရန် ပြင်သော်လည်း တံခါးပေါက်ပင်မရောက်သေးခင် ဖက်ဒရေးရှင်း၏ စစ်သားများက သူ့ကို ဖမ်းဆီးလိုက်သည်။
အကယ်၍ ချန်သာ့ယိုသာ ဗီဒီယိုနှင့် ကစားသမားများလွတ်မြောက်လာသည့် သတင်းတက်တက်ချင်း ထွက်ပြေးခဲ့မည်ဆိုလျှင် လွတ်မြောက်နိုင်လောက်သည်။ သို့သော် သတင်းများတက်ပြီး စုန့်နင်ဖုန်းထွက်သွားမှသာ သူကကြိုးဖြည်ပေးခံရ၏။ ဤအချိန်ကွာဟချက်အနည်းငယ်လေးက ဖက်ဒရေးရှင်း၏ ရာထူးမြင့်ပုဂ္ဂိုလ်များ အချိန်မီတုံ့ပြန်ရန် လုံလောက်ပေသည်။
အထူးတပ်သားများက ချန်မိသားစု၏ အစောင့်အားလုံးကို ဖမ်းဆီးလိုက်သည်။ အကယ်၍ ချန်သာ့ယိုသာ သူ့တိုက်ခိုက်စွမ်းရည်များကို မဆုံးရှုံးခဲ့လျှင် ထိပ်တန်းမက်ခါ၏ အင်အားဖြင့် သူအသာလေးလွတ်မြောက်သွားနိုင်လောက်သေးသည်။ သူ၏တစ်ကိုယ်ရည် တိုက်ခိုက်စွမ်းရည်နှင့် ဖက်ဒရေးရှင်း၏အထူးတပ်သားထဲမှ နှစ်ယောက်ထက်ပိုပြီး သူ့ကိုမယှဥ်သာလောက်ပေ။
ကမောက်ကမဖြစ်နေသည်က သူ့မက်ခါကို စုန့်နင်ဖုန်းက တစ်စစီဆွဲဖြုတ်သွားခြင်းကြောင့်ပင်။ မက်ခါမရှိဘဲနှင့် မက်ခါတိုက်ခိုက်ရေးသမားများကို သူ ပြန်မတိုက်ခိုက်နိုင်ပေ။ သူက စုန့်နင်ဖုန်းမဟုတ်သလို ဦးနှောက်ပျက်နေသည့်သူလည်း မဟုတ်ပေ။
ချန်သာ့ယိုမှာ အချိန်တိုလေးအတွင်း ကြိုးပြန်တုပ်ခံလိုက်ရပြန်ပြီး လုံခြုံရေးအတင်းကြပ်ဆုံးထောင်၏ စစ်ကြောရေးခန်းထဲသို့ ပို့ခံလိုက်ရသည်။
ပထမတပ်ဖွဲ့က ချန်မိသားစုကို ရှာဖွေသောအခါ လျှို့ဝှက်ခန်း၌ ပေါက်ကွဲမှုဖြစ်သွားပြီး အခန်းထဲရှိ အချက်အလက်များကို ဆုံးရှုံးလိုက်ရသည့်အပြင် ထိုပေါက်ကွဲမှုထဲ၌ တပ်သားနှစ်ယောက်ပါ သေဆုံးသွား၏။
ပထမတပ်ဖွဲ့၏ ဗိုလ်ချုပ်က ဒေါသတထောင်းထောင်းထသွားပြီး ချန်သာ့ယို၏ ပါးစပ်ကို မရရအောင်ဖွင့်ရန် ဆုံးဖြတ်ထားသည်။ ချန်သာ့ယို အဖမ်းခံရပြီးနောက် မျက်စိပိတ်နားပိတ်ဖြင့် အပြင်ကမ္ဘာနှင့် အဆက်ဖြတ်ထား၏။ သူက လွတ်မြောက်ရန်လည်း မကြိုးစားသလို သေလမ်းလည်းမရှာပေ။
ချန်မိသားစုနှင့် နီးစပ်သောသူများမှာ ခရီးထွက်သွားကြပြီး သူတို့စုံစမ်းကြည့်ချိန်၌ ရှာမတွေ့တော့ပေ။ ချန်မိသားစု၏ အခြားမိသားစုဝင်များကို ဖမ်းမိထားပြီ ဖြစ်သော်လည်း သူတို့က ဘာမှမသိသလိုသာငိုယိုနေကြ၏။ သူတို့က ဘာ မေးမေး " အကွက်ဆင်ခံရတာပါ" ဟူသည့်အဖြေကိုသာ ပေးကြသည်။
ချန်မိသားစု၏ လက်အောက်ခံ စတားကွန်ရက်ကုမ္ပဏီကို အာဏာပိုင်များက စစ်ဆေးသောအခါ အားလုံးရှင်းလင်းနေ၏။ လတ်တလောတွင်ဆက်လက် စုံစမ်းနေဆဲဟုသာ ယူဆရသည်။
ထွက်ပေါ်လာသော ဗီဒီယိုနှင့်လွတ်မြောက်လာသောကစားသမားများ၏ စကားသံတို့က ကြယ်တာရာခေတ်ပြည်သူများကို အထိတ်တလန့်ဖြစ်စေ၏။
" လူတိုင်းလိုလိုက သုံးဖက်မြင်ကွန်ရက်ကို သုံးကြတာလေ...အဲ့ဒီ ကွန်ရက်နဲ့ ချန်မိသားစုကတောင် ပြဿနာရှိနေတယ်ဆိုရင်တော့ ဖက်ဒရေးရှင်းက ဘယ်လိုတွေ ဆက်ဖြစ်လာမှာလဲ..."
" ဒီဆင့်ကဲပြောင်းလဲတဲ့ဂြိုဟ်သားရဲတွေက ဘယ်ကနေဘယ်လိုဖြစ်လာကြတာလဲ...တခြားဂြိုဟ်က သားရဲတွေရော ဒီလိုပဲ ဆင့်ကဲပြောင်းလဲကြကုန်ပြီလား..."
ဝန်ကြီးချုပ်ဟယ့်ဝန်က လူထုငြိမ်ဝပ်ပိပြားစေရန်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး အားလုံးက ထိန်းချုပ်နိုင်သည့်အခြေအနေတွင် ရှိနေသည်ဟု ဖော်ပြထား၏။ သုံးဖက်မြင်ကွန်ရက်၏ အခြေအနေကိုလည်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ဖက်ဒရေးရှင်းက ပြဿနာများကိုလည်း ဖြေရှင်းနိုင်စွမ်းရှိသောကြောင့် ပြည်သူများ စိုးရိမ်ရန်မလိုကြောင်း တစ်ဆက်တည်းရှင်းပြသွား၏။
သို့သော် လတ်တလောပြဿနာများက သိသိသာသာပေါ်ပေါက်လာသောကြောင့် ဤထုတ်ပြန်ကြေညာချက်က အားလုံး၏ သံသယများကို ပြေပျောက်သွားစေခြင်းမျိုးမရှိပေ။
မြို့တော်ဂြိုဟ်တွင် ပြဿနာတစ်ခုက အားလုံးကို မီးခိုးကြွက်လျှောက်ဖြစ်စေ၏။
" ဘာတွေဖြစ်ကုန်တာလဲ...အတွင်းသတင်းပေးတဲ့သူများ ရှိနေတာလား..."
" ကြည့်ရတာ ချန်မိသားစုရဲ့ကိစ္စကြီးဖြစ်မယ့်ပုံပဲ... ဖက်ဒရေးရှင်းက သူတို့ကို ဆန့်ကျင်ပြီး အရေးယူတော့မယ်လို့ ငါထင်တယ်..."
" သုံးဖက်မြင်ကွန်ရက်က တကယ်ပြသနာရှိနေတာပဲ... ချို့ယွင်းချက်သေးသေးလေးကို ပြုပြင်ပြီးတာတောင် ငါအခုထိ ကွန်ရက်ထဲပြန်ဝင်လို့မရသေးဘူး..."
" အဲ့ဒီဗီဒီယိုကို မြင်ပြီးကတည်းက ငါ့ခံစားချက်မကောင်းတော့ဘူး..."
ဤအချိန်တွင် ဖက်ဒရေးရှင်းက မာရှယ်ဥပဒေ(စစ်အုပ်ချုပ်ရေးဥပဒေ)ကို ကြေညာလိုက်ပြီး ရာထူးမြင့်ပုဂ္ဂိုလ်များလည်း အရေးပေါ်အစည်းအဝေးများ ဆက်တိုက်တက်ရ၏။
" ချန်သာ့ယိုဘက်က တစ်ခုခုထုတ်ပြောလာပြီလား..."
" သူက ပြောဖို့ကို ငြင်းနေတုန်းပဲ...သူ့မှတ်ဉာဏ်ကိုပြန်ရှာကြည့်ဖို့အတွက် သူ့စိတ်ဝိညာဥ်ပင်လယ်ကို ဆန်းစစ်ဖို့ ကျွန်တော်တို့ စီစဥ်ထားပါတယ်...ဒါပေမဲ့ သူ့ရဲ့ စိတ်ဝိညာဥ်ပင်လယ်က Sအဆင့်ကို ကျော်သွားပြီဆိုတာ ကျွန်တော်တို့ သိလိုက်ရတယ်...စစ်ဆေးကြည့်လိုက်တော့ သူ့ဗီဇအဆင့်ကလည်း အတူတူပဲဖြစ်နေတယ်..."
ပထမတပ်ဖွဲ့၏ ဗိုလ်ချုပ်က ထူးဆန်းသောအမူအရာဖြင့် တင်ပြလာ၏။
ချန်သာ့ယို၏ ယခင်အဆင့်များက ထိုမျှလောက်မမြင့်ကြောင်း သူတို့သိကြသည်။ ၎င်းက သူ့ပါရမီကို မြှင့်တင်နိုင်မည့်နည်းလမ်းအား ထိုသူက ရှာတွေ့ထားသည့်အဓိပ္ပါယ်ပင်။ အကယ်၍ ထိုသူ၏ နောက်ကွယ်မှ တပ်အင်အား၏ ပျမ်းမျှအဆင့်က S+ အဆင့်သာဆိုလျှင် သူတို့ဘယ်လိုကိုင်တွယ်ရမည် မသိတော့ပေ။ ထို့အပြင် တစ်ဖက်လူက ချန့်သာယိုထက်ပင် သေချာဖုံးကွယ်ထားပြီး မည်သူက သစ္စာဖောက်ကြောင်း သူတို့မသိရသည့်အတွက် စစ်ဆေးမှုတွင် အချိန်ပြည့်မြှုပ်နှံထား၍ မဖြစ်သေးပေ။ သူတို့အချိန်မရွေး နောက်ကျောကို ဓားဖြင့်ထိုးခံရနိုင်၏။
ဝန်ကြီးချုပ်ဟယ့်ဝိန်က ချန်သာ့ယို၏ စံအိမ်ထဲတွင် သက်သေတစ်ခုခုရလိုရငြား ကြွင်းကျန်ရစ်သောပစ္စည်းများကို စစ်ဆေးရန် သုတေသီများကို စီစဥ်ထား၏။ ထို့အပြင် စုံစမ်းမေးမြန်းရန်အတွက် ကယ်တင်ခံရသောကစားသမားများကိုပါ သူတို့ဖိတ်ကြားထားလိုက်သည်။
ဤကိစ္စက အရေးကြီးသည့်ကိစ္စဖြစ်ပြီး ဟယ့်ဝိန်က ဦးစွာမဆက်သွယ်ခဲ့လျှင်ပင် သူတို့က တင်ပြရန်လုပ်ထား၏။
စုပေါင်းစစ်ဆေးရေးအဖွဲ့က သဲလွန်စများကို စုစည်းပြီးနောက် ချန်သာ့ယိုက စတားကွန်ရက်ကိုသုံးကာ စိတ်ဝိညာဥ်အာရုံများကို စုစည်းနေပြီး ဂြိုဟ်သားရဲများကို ကျွေးရန်အသုံးချနေကြောင်း ကောက်ချက်ချမိသည်။
၎င်းက ပိုက်ဆံအတွက်သာ မဟုတ်ချေ။ ဖက်ဒရေးရှင်း၏ သမိုင်းက နှစ်၃၀၀ကျော်တိုင်ခဲ့ပြီး သုံးဖက်မြင်ကွန်ရက်မှာ ဖက်ဒရယ်စတည်ထောင်ကတည်းက တည်ရှိလာခြင်းဖြစ်သည်။
' လက်ရှိစတားကွန်ရက်က ပြဿနာရှိနေတယ်ဆိုတော့ အရင်တုန်းကလည်း ပြဿနာမရှိခဲ့ဘူးလို့ ပြောလို့မရနိုင်ဘူးမလား...'
ဤမေးခွန်း၏ အဖြေက အားလုံးကို မူးဝေသွားစေ၏ ။
' ချန်မိသားစုက ဒီကိစ္စတွေကို ဘယ်တုန်းကတည်းက စီစဥ်နေခဲ့တာလဲ...ဒီကြယ်တာရာကြီးတစ်ခုလုံးကလူတွေထဲ ဒီကိစ္စကိုပါဝင်ပတ်သက်နေတဲ့သူက ဘယ်နှယောက်လောက်ရှိနေပြီလဲ...'
" ဒီစတားကွန်ရက်က စိတ်ဝိညာဥ်အာရုံကို ဘယ်လိုနည်းလမ်းနဲ့ စုစည်းနေတာလဲ...ငါတို့ဘာလို့များ ဘာမှမခံစားမိရတာလဲ..."
မာရှယ်လီမင်က အရေးကြီးဆုံးမေးခွန်းကို ထုတ်မေးလိုက်သည်။
သုတေသီက သူ့မျက်မှန်ကိုင်းကို ပင့်တင်ကာ ရှင်းပြလာ၏။
" ကျွန်တော်တို့ဘက်က ဟယ့်ချောင်ယွမ်နဲ့တခြားသူတွေဆီက ရထားတဲ့သတင်းအရ D252ဂြိုဟ်ပေါ်မှာရှိတဲ့ ထူးဆန်းတဲ့သံလိုက်စက်ကွင်းနယ်မြေက စိတ်ဝိညာဥ်အာရုံတွေကို စုပ်ယူပေးနိုင်တယ်လို့ သိရပါတယ်...သေချာတာကတော့ ကွင်းဆင်းမလေ့လာရသေးဘဲ ဒါက ချန်မိသားစုနဲ့ ဆက်စပ်နေပါတယ်လို့တော့ ကျွန်တော်တို့မသိနိုင်ဘူး...ပြီးတော့ အဲ့ဒီသံလိုက်စက်ကွင်းနယ်မြေကလည်း ဖျက်ဆီးခံလိုက်ရပြီလို့ ဆိုပါတယ်..."
" ဘယ်သူမှမသိအောင် ကျွန်တော်တို့ရဲ့ စိတ်ဝိညာဥ်အာရုံတွေကို ဖမ်းယူဖို့ဆိုတာ တကယ်တော့ ချန်မိသားစုဘက်က အသေးစိတ်လုပ်ထားမယ်ဆိုရင် လွယ်ကူတဲ့ကိစ္စပဲ...ကျွန်တော်တို့ရဲ့ စစ်ဆေးချက်အရ လူသားတွေရဲ့ ပါရမီအဆင့်ကလည်း တကယ်ပဲ ဆင့်ကဲပြောင်းလဲနိုင်စွမ်းရှိပါတယ်..."
" သေချာသာလေ့ကျင့်လိုက်မယ်ဆိုရင် စိတ်ဝိညာဥ်ပင်လယ်အဆင့်နဲ့ ဗီဇအဆင့်နှစ်မျိုးစလုံးက တဖြည်းဖြည်း တိုးတက်လာနိုင်ပါတယ်... သုံဖက်မြင်စက္ခုကွန်ရက်က အဲ့ဒီလိုကနေ တဖြည်းဖြည်းလွင့်မြောလာတဲ့ စိတ်ဝိညာဥ်အာရုံနည်းနည်းချင်းစီကို စုပ်ယူနေတာပဲ...အဲ့ဒါက မသိသာတဲ့ပမာဏလေးပဲဆိုပေမဲ့ ဖက်ဒရေးရှင်းတစ်ခုလုံးကနေလာတဲ့ ပမာဏကို တွက်လိုက်မယ်ဆိုရင်တော့ သုံးဖက်မြင်ကွန်ရက်အသုံးပြုသူတွေက ကျွန်တော်တို့ထင်ထားတာထက်ကို ပိုများနေပါသေးတယ်..."
ချန်မိသားစုက တဖြည်းဖြည်းချင်း ချဥ်းကပ်မှုကြောင့် ကွန်ရက်ထဲသို့ နေ့စဥ်ဝင်ရောက်သည့်လူဦးရေက ထင်ထားသည်ထက်ပင် ပိုကျော်လွန်နေသေးသည်။ သူတို့ ဤကိစ္စကို နှစ်ပေါင်းများစွာလုပ်လာသည်ဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
💫💫💫