🫶Chapter 64
ဖန်ကျုံးချွမ်းက ကုတင်အစွန်းတွင်ထိုင်ကာ ကုတင်အလယ်တွင်ထိုင်နေသည့် နျန်ယွီယီကို ဆွဲ၍ ဖက်လိုက်သည်။
“စမ်းကြည့်ပြီးမှ အဆင်ပြေမပြေသိရမှာပေါ့”
စမ်းကြည့်ကြမယ်???
ပထမဆုံးကြိုးစားမှုမှာတင် သေသွားမှာကြောက်မိတယ်...။
နျန်ယွီယီ သူ့အား တွေးဆဆဖြင့်ကြည့်လာသည်။
ဖန်ကျုံးချွမ်း သူ့ကိုထပ်မစတော့ပေ။
“လိမ္မာတယ်...နောက်ကျနေပြီ...အိပ်ရအောင်”
“ကောင်းပြီ”
အဆုံးတွင်တော့ နျန်ယွီယီသည် ဖန်ကျုံးချွမ်း၏အခန်းရှိ သူ့ကုတင်တွင် အိပ်ရတော့သည်။
....ဖန်ကျုံးချွမ်းဘေးနားတွင်ပေါ့...။
နျန်ယွီယီနိုးလာသောအခါ သူ၏ကိုယ်အပေါ်ပိုင်းမှာ အဖိခံထားရသလို ခံစားလိုက်ရသည်။ သူထနိုင်ရန် အချိန်အနည်းငယ်ယူလိုက်ရ၏။
ဖန်ကျုံးချွမ်းက သူ့ဘေးတွင် မျက်လုံးများပိတ်လျက် အိပ်နေဆဲဖြစ်သည်။ သူ၏ပုံမှန်တည်ကြည်သည့်မျက်နှာ အမူအရာများက အိပ်ပျော်နေချိန်တွင် နူးညံ့နေ၏။
အိပ်ပျော်နေသည့်ဖန်ကျုံးချွမ်းကို သေချာကြည့်ရင်း ကျီစယ်သည့်အတွေးတစ်ခုက နျန်ယွီယီ၏ အတွေးထဲသို့ ဝင်လာသည်။
အိပ်ရာထဲမှ ခြေဖျားထောက်၍ထွက်လိုက်ကာ ရေချိုးခန်းထဲမှ ခေါင်းစည်းကြိုးအပိုတစ်ခုယူလိုက်သည်။ ထို့နောက် ဖန်ကျုံးချွမ်း၏ ဆံပင်များကို မြင်းမှီးသေးသေးလေးပုံစံစည်းပေးလိုက်သည်။
ဖန်ကျုံးချွမ်း၏ခေါင်းပေါ်မှ ပန်းရောင်မြင်းမှီးသေးသေးလေးကိုကြည့်၍ နျန်ယွီယီ မရယ်မိအောင် ထိန်းထားရသည်။ ဒုတိယတစ်ခုစည်းတော့မည့်အချိန်တွင် သန်မာသည့် လက်တစ်စုံ၏ အောက်၌ အဖိခံထားရသည်ကို သိလိုက်ရသည်။
“ပျော်နေတယ်ပေါ့” ဖန်ကျုံးချွမ်း၏ ကြည်လင်နေသောမျက်လုံးများက သူ့မျက်လုံးများကိုကြည့်နေကာ လက်နှစ်ဖက်လုံးက နျန်ယွီယီကိုဖိထားလေသည်။
နျန်ယွီယီက စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လာသည်။ “ပျော်ဖို့ကောင်းတယ်လေ...ကျွန်တော် နောက်တစ်ဖက်ထပ်စီးပေးမယ်ဆိုရင်ရော”
“နောက်တစ်ဖက်ပါစီးရင် နှစ်ဖက်လှလှလေးဖြစ်သွားမှာ”
“အဲ့အတွက် အနမ်းဆယ်ချက်ပေးရမယ်”
လျင်မြန်သည့်အရှိန်ဖြင့် နျန်ယွီယီသည် ဖန်ကျုံးချွမ်းအား မြန်ဆန်သောအနမ်းဆယ်ခုပေးလိုက်ကာ ပျော်ရွှင်မြူးထူးစွာဖြင့် ဖန်ကျုံးချွမ်း၏ဆံပင်အား နှစ်ဖက်ညီညီစည်းပေးလိုက်သည်။
သူ၏ “ကြိုးစားအားထုတ်မှု” များကို ပြသရန် နျန်ယွီယီက ဓာတ်ပုံရိုက်ကာ ဖန်ကျုံးချွမ်းဆီသို့ ပို့ပေးလိုက်သည်။
“ဘယ်လိုထင်လဲ...ကျွန်တော်က ဆံပင်စည်းတဲ့နေရာမှာတော့ တော်တော်လေး ကျွမ်းကျင်တယ်မလား” နျန်ယွီယီက မရယ်မိအောင်ထိန်း၍ ဖန်ကျုံးချွမ်းအားဓာတ်ပုံကိုပြလိုက်သည်။
ဖန်ကျုံးချွမ်းက မျက်နှာသေဖြင့် တစ်ဖက်ပန်းရောင်၊ တစ်ဖက်ခရမ်းရောင်ဖြင့် ထောင်နေသည့် ဆံပင်လေးနှစ်စုကို ကြည့်၍ ပြောလာ၏။ “တော်တော်လေး အထင်ကြီးစရာကောင်းပါတယ်...နျန်နျန်...ကိုယ်တို့မှာ သမီးလေးရှိလာရင် မင်း သူမရဲ့ ဆံပင်တွေကို နေ့တိုင်း ကျစ်ပေးနိုင်လိမ့်မယ်”
“!!!” နျန်ယွီယီ ကြက်သီးထသွား၏။ “အစ်ကိုပဲ မွေးပါ”
မဟုတ်သေးဘူး...
ဒါဘယ်သူ့အကြံလဲ...
ဖန်ကျုံးချွမ်းက သူ့ရဲ့အစမ်းတွဲတဲ့ကာလမှာပဲရှိသေးတာ...သူတို့ရဲ့စကားဝိုင်းက ဘယ်လိုဖြစ်လို့ ကလေးတွေရှိတဲ့ဆီရောက်သွားတာလဲ...
နျန်ယွီယီသည် ခံစားချက်များပြည့်လျှံလာကာ သူ့ကိုယ်သူပုတ်၍ ကုတင်ပေါ်မှဆင်းကာ ထွက်ပြေးရန် ပြင်လိုက်သည်။
ဖန်ကျုံးချွမ်း အလျင်အမြန်ဖြင့် သူ့ကိုနှစ်သိမ့်လိုက်၏။ “ဟုတ်ပါပြီ...ဟုတ်ပါပြီ...ကိုယ်မွေးပါ့မယ်...ကတိပေးမယ်”
“...ကျွန်တော့်အကျိုးယုတ်နေသလိုခံစားနေရတုန်းပဲ...ဘယ်လိုလုပ်သင့်လဲ”
နျန်ယွီယီသည် မျက်နှာအား ဖန်ကျုံးချွမ်း၏ ပခုံးပေါ်သို့မှီလိုက်ကာ ခေါင်းပေါ်မှ ဆံပင်အထုံးလေးနှစ်ခုအား ဆော့နေရင်းမေးလိုက်သည်။
“နိုင်ငံကိုပြန်ဖို့ ပြင်နေပြီလား”
မနေ့ညက အိပ်ရာမဝင်ခင် ဖန်ကျုံးချွမ်းဆီသို့ ဖုန်းလာသည့်အသံ သူကြားလိုက်သည်။ ကုမ္ပဏီတွင် အရေးပေါ်ကိစ္စတစ်ခုခုရှိနေသည့်ပုံပင်။
“အင်း” ဖန်ကျုံးချွမ်း ပြန်ဖြေသည့်အနေနှင့် တီးတိုးပြောလိုက်သည်။
နျန်ယွီယီသည် လူချင်းမခွဲချင်သောကြောင့် မနက်ခင်းတွင် အပြင်ထွက်ဘဲနေမည်ဟု ဖန်ကျုံးချွမ်း၏ အခန်းထဲမှနေ၍ ရှဲ့ယီကျိုးထံလှမ်းစာပို့လိုက်သည်။
နေ့လည်ဘက်တွင် ရှဲ့ယီကျိုးနှင့်ရှဲ့ယီနန်တို့၏ အဖော်ပြုခြင်းနှင့်အတူ နျန်ယွီယီသည် ဖန်ကျုံးချွမ်းအား လေဆိပ်သို့ လိုက်ပို့လိုက်သည်။
“ဆက်ကြည့်မနေနဲ့တော့...သူသွားပြီ” ရှဲ့ယီကျိုးက ကြိတ်မှိတ်သည်းခံရင်း နျန်ယွီယီ၏ ဆံပင်ကိုဖွ၍ ပြောလိုက်သည်။ “လာ...တခြားနေရာကိုသွားရအောင်”
နျန်ယွီယီက ဖြေးညင်းစွာအကြည့်လွှဲ၍ သဘောတူသည့်အနေဖြင့် အသံပြုလိုက်သည်။
ဖန်ကျုံးချွမ်းထွက်သွားပြီးနောက် နျန်ယွီယီသည် သူ၏နောက်ခရီးပန်းတိုင်ဖြစ်သည့် ဂရိသို့မသွားခင် ပဲရစ်တွင် သုံးရက်ဆက်တိုက် လျှောက်လည်လိုက်၏။
ဒီတစ်ကြိမ်တွင် ဟိုတယ်၌မနေဘဲ ရှဲ့ယီနန်ရင်းနှီးမြှုပ်နှံထားသည့် ပင်လယ်ဘေးမှဗီလာတွင် နေလိုက်ကြသည်။
ဝင်ပေါက်နှင့်သိပ်မဝေးသည့်နေရာတွင် ကမ်းခြေရှိသည်။
လက်ထဲတွင် ခြင်းထောင်းအသေးလေးဖြင့် နျန်ယွီယီသည် ခြေဗလာဖြင့် ကမ်းခြေတစ်လျှောက်လျှောက်၍ ကျိုးအာ့ဟယ်နှင့်ဖုန်းပြောနေရင်း ကမာအခွံများလိုက်ကောက်လိုက်၏။
“နေရောင်ခံခရင်မ်တွေအများကြီးလိမ်းနော်...မကြာခင် ရိုက်ကွင်းစတော့မှာ...နေလောင်မခံမိစေနဲ့...မင်းသားကိုးရဲ့ ဇာတ်ကောင်က ဖြူဖွေးနူးညံ့နေရမှာ” ကျိုးအာ့ဟယ်တွတ်ထိုးနေသည်။
“သိပါပြီ...သိပါပြီ” နျန်ယွီယီသည်ကမာခွံတစ်ခုကို ကုန်းကောက်ရင်း စနောက်လိုက်၏။ “သွားချိန်းမတွေ့ဘူးလား...ကျိုးမားမား”
သို့သော် နျန်ယွီယီ ထိုမေးခွန်းမေးလိုက်ပြီးနောက်တွင် ကျိုးအာ့ဟယ်၏အသံမှာ တိမ်ဝင်သွားတော့သည်။
တစ်ခုခုမှားနေကြောင်း နျန်ယွီယီခံစားလိုက်ရ၏။ “အစ်ကိုကျိုး...ရှိနေသေးလား”
“ရှိတယ်...” ကျိုးအာ့ဟယ်သည် သတိမထားအောင် သက်ပြင်းချလိုက်ကာ နျန်ယွီယီ သတိထားမထားမိစေရန် လျင်လျင်မြန်မြန်ဖြင့် ပြောလိုက်သည်။
“နောက်ဗုဒ္ဓဟူးနေ့ကျရင်စမှာ...အချိန်မီပြန်လာနိုင်လား...ဒါမှမဟုတ် ရှဲ့ယီကျိုးနဲ့အတူ နောက်ကျမှာလား”
“မဟုတ်ဘူး...အစ်ကိုကျိုး...စကားလမ်းကြောင်းမလွှဲနဲ့...အစ်ကိုနဲ့ရင်းကျင်းကြားမှာဘာဖြစ်ထားတာလဲ” နျန်ယွီယီသည် ကမာခွံများကို စိတ်မဝင်စားတော့ဘဲ ကမ်းခြေတွင် ထိုင်ချလိုက်ကာ ပင်လယ်ကြီးကိုငေးကြည့်လိုက်သည်။
“ငါတို့...လမ်းခွဲလိုက်ပြီ?” ကျိုးအာ့ဟယ်၏အသံမှာ မရေမရာဖြစ်နေသည်။ “လမ်းခွဲလိုက်ပြီထင်တာပဲ...နောက်ဆုံးတစ်ခေါက်က ရန်ဖြစ်ခဲ့ကြတယ်”
တိတိကျကျပြောရမည်ဆိုလျှင် အရင်စတင်ခဲ့သူမှာ သူသာဖြစ်၏။
“ ထင်တာပဲ ဆိုတာဘာကိုပြောတာလဲ...ကျိုး...အစ်ကိုသူ့ကိုမချစ်ခဲ့ဘူးလား”
ကျိုးအာ့ဟယ် မျက်လုံးထဲတွင် စူးရှမှုတစ်ခုခံစားလိုက်ရကာ ခေါင်းကိုမော့၍ မျက်ရည်များစီးကျလာမည်ကို တားဆီးလိုက်သည်။
“တချို့ကုမ္ပဏီတွေ ဘာလို့ ရုံးတွင်းရည်းစားထားတာကို ကန့်သတ်ထားလဲ ငါအခုနားလည်သွားပြီ” ကျိုးအာ့ဟယ်၏ အသံမှာ ဝမ်းနည်းမှုများရောစွက်နေ၏။
“နောက်ဆုံးတစ်ခေါက်တုန်းက သူ့ရုံးခန်းကိုသွားတော့ သူ လူသစ်တစ်ယောက်ကို သင်ပေးနေတာတွေ့ခဲ့တယ်”
“သဝန်တိုသွားတာလား”
“အဲ့အခိုက်အတန့်ရဲ့ဗီဒီယိုကို မင်းဆီပို့ပေးဖို့လိုသေးလား”
“လာစမ်းပါ...အစ်ကိုကျိုးရာ...အဲ့လောက်လည်းမဟုတ်ပါဘူး” နျန်ယွီယီ အလျင်အမြန်တောင်းပန်လိုက်၏။ “တော်လိုက်တော့လေ...ရင်းကျင်းက ဘယ်လိုလူမျိုးလဲ အစ်ကိုမသိဘူးလား”
ကျိုးအာ့ဟယ်သည် ကွန်ပျူတာမျက်နှာပြင်ပေါ်မှ သူနှင့်ရင်းကျင်း၏ပုံကို ငေးကြည့်မိ၏။
သူတကယ်ကို ရင်းကျင်းကဘယ်လိုလူမျိုးလဲဆိုတာမသိဘူးလား…။
သို့သော် ထိုပြဿနာအား စတင်ခဲ့ခြင်းမှ သူ့ကိုယ်သူ မထိန်းနိုင်ခဲ့ချေ။ အချစ်ကသူ့အား တစ်ခါတရံ အလုပ်ကိုပါလျစ်လျူရှုပြီး ထိလွယ်ရှလွယ်ဖြစ်စေသည်။
လတ်တလောတွင်ဖြစ်ပွားခဲ့သည့် လူမှုစာမျက်နှာမှ အဖြစ်အပျက်များက ကျိုးအာ့ဟယ်၏စိတ်ထဲတွင် ရှိနေသေး၏။
နျန်ယွီယီမှာ အဲ့လိုအားကောင်းတဲ့နောက်ခံမရှိခဲ့ရင်ရော? အဲ့အချိန်မှာ ရှဲ့မိသားစုက လူထုကို ချမပြခဲ့ချင်ဘူးဆိုရင်ရော?
နျန်ယွီယီရဲ့ အနာဂတ်က သူရဲ့အချစ်ရေးကြောင့် ပျက်ဆီးသွားနိုင်လောက်လား…။
“အစ်ကိုကျိုး” နျန်ယွီယီက ကင်မရာကိုလှည့်၍ ပင်လယ်ပြင်ရှုခင်းကိုပြလိုက်သည်။ “ကျွန်တော်အခု ဂရိမှာ…ပြီးတော့ ဒီမှာ နောက်ငါးရက်လောက်အထိ ရှိနေဦးမှာ…စိတ်ရှင်းသွားအောင် ဒီကိုလာချင်လား”
ပင်လယ်ပြင်ကြီးက တကယ်ကို ညှို့ငင်ဖမ်းစားနိုင်သည်။ ကျိုးအာ့ဟယ် တစ်ခဏလောက် စိတ်လှုပ်ရှားသွားသော်လ်ည်း သူ့ဘဏ်အကောင့်ထဲမှ ပမာဏကို သတိရသွားသည်။
“မလာလောက်…”
“ကုန်ကျစရိတ်အကုန်လုံး ကျွန်တော်ခံပေးမယ်ဆိုရင်ရော?”
“ကောင်းပြီ…ဒါဆိုငါ့ကိုစောင့်နေ…ငါဒီညပဲ လေယာဥ်လက်မှတ်မှာထားလိုက်မယ်…အစားအသောက်နဲ့ နေထိုင်ဖို့ကိုတော့ မင်းကိုင်တွယ်ပေါ့”
နျန်ယွီယီ : ……
ကျိုးအာ့ဟယ် လေယာဥ်လက်မှတ်မြန်မြန်လေးအမှာတင်လိုက်ကာ ဖုန်းမချခင် နျန်ယွီယီကို အသိပေးလိုက်သည်။
ထို့နောက် လှိုင်းတစ်လုံးပြေးဝင်လာကာ နျန်ယွီယီ၏ခြေထောက်ဆီသို့ ရောက်လာသည်။
နျန်ယွီယီ ခြေထောက်ကိုပြန်ရုတ်လိုက်ကာ ခဏလောက်တွန့်ဆုတ်နေပြီးနောက် ခြေထောက်ကိုမြှောက်၍ ပင်လယ်ထဲသို့ လျှောက်သွားလိုက်သည်။
ရေကခြေကျင်းဝတ်နားသို့ ရောက်သည့်နေရာတွင်ရပ်လိုက်ကာ ရေကိုခြေထောက်ဖြင့် ကန်လိုက်သည်။
ဖုန်းထဲမှတစ်ဆင့် ကျိုးအာ့ဟယ်၏ ကူကယ်ရာမဲ့နေခြင်းများကို သူခံစားနိုင်သည်။ တစ်စုံတစ်ယောက်ကို ချစ်နေပြီး သူတို့ကလည်းပြန်ချစ်နေပါလျက် ခွဲနေရသည့် နာကျင်ခြင်းမျိုး…။
နျန်ယွီယီ အောက်သို့ငုံ့လိုက်၍ စိတ်အခြေအနေမှာ ပင်လယ်ကြီးကိုမြင်ချိန်က ရှိနေသည့်စိတ်လှုပ်ရှားခြင်းများ ပျောက်ဆုံးသွားကာ ထိုင်းမှိုင်းသွားသည်။
“ဖိနပ်စီးထားသင့်တယ်…ရေထဲမှာရှိနေတဲ့သဲအောက်က ကမာခွံအချွန်တွေက ခြေထောက်ကိုရှလိမ့်မယ်”
ပြီးပြည့်စုံစွာထုတ်လွှင့်နေသည့်အသံလွှင့်ဌာနမှာ အသံဖြင့်ပြောလာသော စကားလုံးများက သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။ နျန်ယွီယီလှည့်ကြည့်လိုက်ရာ အနီးနားတွင် ထီးဖြင့်ရပ်နေသော အရပ်ရှည်ရှည်၊ ဆံပင်ရွှေရောင်ဖြင့် အမျိုးသားတစ်ဦးကိုတွေ့လိုက်ရသည်။
ဒါက ကိုယ်ပိုင်သီးသန့်ကမ်းခြေမဟုတ်ဘူးလား…။
နျန်ယွီယီ ထွက်သွားရန်ပြင်လိုက်ချိန်တွင်…
“အာ့”
စူးခနဲ နာကျင်မှုတစ်ခုကို သူ့ခြေချောင်းတွင်ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်ရာ ရေထဲရှိ သူ့ခြေထောက်နားတွင် အနီးရောင်အစွန်းအစလေးကိုတွေ့မြင်လိုက်ရသည်။ ထိုအစွန်းအစလေးက လျင်မြန်စွာ ပျောက်ကွယ်သွား၏။
ရှသွားပြီလား…ကံကလည်းကွာ…
ပိုးဝင်မည်စိုး၍ ထိခိုက်ထားသည့် ခြေထောက်ကိုမကာ နျန်ယွီယီ ကမ်းခြေပေါ်သို့ ခြေတစ်ပေါင်ကျိုးခုန်၍ တက်လာလိုက်သည်။
အရပ်ရှည်ရှည်၊ ရွှေရောင်ဆံပင်နှင့်လူက သူ့ဆီသို့ တည့်တည့်ပြေးလာသည်။
“ကိုယ်ပြန်လိုက်ပို့ပေးမယ်…ပိုးသတ်ရမယ်…မဟုတ်ရင် ပိုးဝင်သွားလိမ့်မယ်”
“ရပါတယ်…ဒီအတိုင်းရှရာသေးသေးလေးပါ” နျန်ယွီယီ ဖွဖွလေးပြုံး၍ ပြန်ပြောလိုက်သည်။
ကလေးတစ်ယောက်အဖြစ် ငယ်စဥ်က အခြားကျောင်းသားအုပ်စုများ၏ နံရံ၊ သို့မဟုတ် ကြမ်းပြင်ပေါ်သို့ အတွန်းခံရသောကြောင့် ထိခိုက်ရှရာများ ခဏခဏရခဲ့ဖူးသည်။
သို့သော် ဆားငံပင်လယ်ရေက ဒဏ်ရာကို ထိလိုက်သည့်အချိန်တွင်တော့ နာကျင်မှုက တိုးလာ၏။
“ဆေးထည့်လိုက်တာကောင်းမယ်” ရွှေရောင်ဆံပင်နှင့်လူက တိုက်တွန်းလာသည်။ ထို့နောက် နျန်ယွီယီကို ချီရန် ပြင်လာရာ နျန်ယွီယီတစ်ယောက် သတိဖြင့်အနောက်သို့ခုန်လိုက်မိသည်။
ခြေတစ်ဖက်တည်းဟန်ချက်မညီသောကြောင့် နျန်ယွီယီမှာ သဲပေါ်သို့ ဖင်ထိုင်လျက်ကျသွားတော့၏။
အံ့ဩစွာကြည့်ကာ ထိုသူစိမ်းကို သူမေးလိုက်သည်။ “ခင်ဗျားကဘယ်သူလဲ…ဒီမှာ ဘာလာလုပ်နေတာလဲ”
“ကိုယ့်နာမည်က အန်ဇိုင်အယ်လ်…ကိုယ့်အဖေက မင်းရဲ့အဖေ၊အမေတို့နဲ့ အချိန်ကုန်ပေးဖို့ လွှတ်လိုက်တာ” ဆံပင်ရွှေရောင်နှင့်လူမှာ ဒေါသထွက်သွားပုံရသည်။
“ကိုယ်က တကယ်ပဲ လူဆိုးတစ်ယောက်ပုံပေါက်နေလို့လား”
“မသိသာလို့လား…ဘယ်သူက တစ်ယောက်ယောက်ကိုဖက်ဖို့ ရုတ်တရက်ကြီးချဥ်းကပ်လာမှာလဲ”
ခြေထောက်ဒဏ်ရာရနေပေမယ့်လို့…။
နျန်ယွီယီမှာ ရှဲ့ယီကျိုးကိုဆက်သွယ်စရာဖုန်းမရှိဘဲ လက်ဗလာနဲ့ဖြစ်နေသည်။ တစ်ခဏလောက် ဒဏ်ရာဖြင့် ခြေထောက်ကို သဲပေါ်သို့ချ၍ တည့်တည့်ရပ်ရန်ကြိုးစားလိုက်သည်။
ကမ်းခြေမှသဲများက ဒဏ်ရာကိုနာကျင်စေရာ နျန်ယွီယီသည် နာကျင်မှုကြောင့် ညည်းတွားလိုက်ပြီး ခြေထောက်ကိုပြန်မရန်ကြိုးစားလိုက်သည်။
“ကိုယ်ပြန်လိုက်ပို့ပေးပါရစေ” အန်ဇိုင်အယ်လ်က နျန်ယွီယီ၏ လက်တစ်ဖက်ကိုတွဲကာ သူ့အပေါ်မှီစေလိုက်သည်။
နျန်ယွီယီက ခေါင်းခါ၍ ခြေလှမ်းအနည်းငယ်လောက် အနောက်သို့ဆုတ်သွားလေသည်။ “ကျွန်တော့်အစ်ကို မကြာခင် ကျွန်တော့်ကိုလာရှာတော့မှာ”
‘မြန်မြန်ထွက်သွားတာကောင်းမယ်…ငါ့အကူအညီက လမ်းမှာလာနေပြီ’ ဟုဆိုလိုခြင်းပင်။
အန်ဇိုင်အယ်လ် ကူကယ်ရာမဲ့သကဲ့သို့ ခံစားလိုက်ရ၏။ ဤလူငယ်လေး၏အရှေ့တွင် သူဘာကြောင့် လူဆိုးတစ်ယောက်ပုံပေါက်နေရလဲ သူသိချင်မိ၏။
ဟုတ်သည်…လူငယ်လေးတစ်ယောက်…။
အန်ဖိုင်အယ်လ်အတွက် နျန်ယွီယီအား နှစ်ဆယ့်နှစ်နှစ်ရှိနေပြီမှန်းသိနေသည့်တိုင် မရင့်ကျက်သေးသည့် ကလေးတစ်ယောက်ပုံပေါ်နေ၏။
သို့သော် နျန်ယွီယီက အန်ဇိုင်အယ်လ်၏ဆယ့်ခြောက်နှစ်အရွယ်ဝမ်းကွဲထက် ပိုငယ်ပုံပေါ်နေသောကြောင့် သဘာဝကျစွာဖြင့် သူ့ကိုကလေးတစ်ယောက်အဖြစ်သာမြင်သည်။
……
နျန်ယွီယီထွက်သွားသည်မှာ ကြာနေပြီကို သတိထားမိသောကြောင့် ရှဲ့ယီကျိုးသည် နေရောင်ခံခရင်မ်လိမ်းကာ သူ့ကိုလိုက်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။
ထို့နောက် အန်ဇိုင်အယ်လ်က နျန်ယွီယီဆီသို့ ကိုယ်ကိုင်းသွားကာ မရှင်းလင်းသည့် လှုပ်ရှားမှုများကို လုပ်နေပြီး နျန်ယွီယီက အနောက်သို့ဆုတ်သွားသည်ကိုမြင်လိုက်ရသည်။
“အန်ဇိုင်အယ်…ဘာလုပ်နေတာလဲ” ရှဲ့ယီကျိုး အော်၍ပြေးသွားလိုက်သည်။
ရင်းနှီးနေသည့်အသံကိုကြားလိုက်ရသောအခါ အန်ဇိုင်အယ်လ်ချက်ချင်း ထလိုက်ကာ ရှဲ့ယီကျိုးဆီသို့ လက်မြှောက်ပြလိုက်သည်။
“ငါဘာမှမလုပ်ဘူး…မင်းညီလေးကိုကူညီပေးမလို့လုပ်နေတာ”
“ကူညီ’ ဆိုသည့်စကားလုံးများကိုကြားလိုက်သောအခါ ရှဲ့ယီကျိုး ချက်ချင်း နျန်ယွီယီကို စစ်ဆေးလိုက်သည်။
“ခြေထောက်ကဘာဖြစ်တာလဲ” ရှဲ့ယီကျိုးထိုင်ချလိုက်ရာ နျန်ယွီယီ၏ခြေမတွင် သွေးထွက်နေသည့်ဒဏ်ရာရှိနေပြီး သဲများနှင့်ပေကျံနေသည်ကို တွေ့လိုက်သည်။ သူမျက်မှောင်ကြုတ်သွား၏။ “ဒါကို ချက်ချင်းဆေးထည့်မှရမှာပေါ့”
“အစ်ကို” နျန်ယွီယီသည် ရှဲ့ယီကျိုး၏ရုတ်တရက်အော်ဟစ်မှုကြောင့် လန့်သွားကာ တုံ့ပြန်လိုက်သည်။ “ကျွန်တော် အဆင်ပြေပါတယ်”
“အရင်ဆုံးပြန်ရအောင်” ရှဲ့ယီကျိုးက နျန်ယွီယီထံမှထွက်လာမည့်စကားလုံးများကို နှောင့်ယှက်လိုက်သည်။ “ကုန်းပိုးပြီးခေါ်သွားပေးမယ်”
ပြန်ဖြေသည်ကိုမစောင့်တော့ဘဲ ရှဲ့ယီကျိုးက ထိုင်ချလိုက်ကာ နျန်ယွီယီအား သူ့ကျောပေါ်သို့တက်ရန် ပြသလိုက်သည်။ ထို့နောက်နျန်ယွီယီအား ကုန်းပိုး၍ တစ်လှမ်းချင်းဗီလာဆီသို့ ပြန်သွားလိုက်သည်။
ခြံဝန်းထဲသို့ ဝင်လိုက်သောအခါ ကြမ်းပြင်မှမျက်နှာကြက်အထိတံခါးမှဖြတ်၍ သက်လတ်ပိုင်းအရွယ်နိုင်ငံခြားသားတစ်ယောက် ဗီလာအထဲတွင် ထိုင်နေသည်ကို နျန်ယွီယီမြင်လိုက်ရသည်။
“အစ်ကို…ဧည့်သည်ရောက်နေတာလား”
“ဟုတ်တယ်…အဲ့ဒါ အန်ဇိုင်အယ်လ်ရဲ့အဖေ”
ရှဲ့ယီကျိုး၏အနောက်မှ အကွာအဝေးတစ်ခုခြား၍လိုက်လာသော အန်ဇိုင်အယ်လ်က ထိုစကားကိုကြားသောအခါ နျန်ယွီယီကိုကြည့်လာသည်။
ကြည့်…ငါမလိမ်ခဲ့ဘူး…။
နှစ်များစွာကြာသည့်အခါ လူမှုစာမျက်နှာပေါ်မှ တစ်ယောက်ယောက်က လူမှုဆက်ဆံရေးတွင် ရှက်စရာကောင်းလွန်းစွာ ဆိုးဆိုးဝါးဝါးခံစားခဲ့ရသည့် အခိုက်အတန့်ကိုပြပါဆိုလျှင် နျန်ယွီယီ ဤအခိုက်အတန့်ကို ဖော်ပြမိပေလိမ့်မည်။
🫶