🫶Chapter 74
ရက်အနည်းငယ်နားပြီးနောက် နျန်ယွီယီရုပ်ရှင်ရိုက်ကွင်းသို့ ပြန်သွားလိုက်သည်။
နျန်ယွီယီမြွေကိုက်ခံရပြီးနောက် ထုတ်လုပ်ရေးအဖွဲ့သားများက ရိုက်ကွင်းအနီးတစ်ဝိုက်တွင် မြွေပြေးဆေးများကို နေရာအနှံ့လိုက်ဖြန်းခဲ့ကြသည်။
အင်္ဂါနေ့တွင် ကျိုးအာ့ဟယ်က အချိန်စာရင်းအားလုံးကိုရှင်းကာ နျန်ယွီယီဘေးတွင် လာနေပေးသည်။
မိတ်ကပ်ပြင်သည့်တဲထဲတွင်ထိုင်၍ နျန်ယွီယီသည် မိတ်ကပ်ပြင်ဆရာ၏ မျက်နှာအားခြယ်သပေးခြင်း ခံနေသည်။
သည်နေ့၏အခန်းက မင်းသားကိုးဖြစ်သည့် လိအန်းယန်၏ ဇာတ်လိုက်လိချန်းစီအပေါ် သဘောထားများ ပြောင်းလဲသွားသည့်အခန်းဖြစ်သည်။
ဤပြောင်းလဲသွားသည့်အကြောင်းအရင်းက လိအန်းယန်သမင်အမဲလိုက်ထွက်သည့် တောနက်ကြီးဖြစ်သော တော်ဝင်အမဲလိုက်နယ်မြေတွင် လုပ်ကြံသတ်ဖြတ်သူများဖြင့် ဝန်းရံခံရသည့်အချိန်တွင်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ထိုရုန်းရင်းဆန်ခတ်မှုများကြားတွင် လိချန်းစီက သူ့ကိုလာကယ်ခဲ့သည့်သူဖြစ်သည်။
လုပ်ကြံသူများကိုသတ်ဖြတ်ပြီးနောက် ဘေးကင်းပြီဟုတွေး၍ သူလိုက်နေသည့် သမင်ကိုစစ်ဆေးရန် လိအန်းယန်သည် မြင်းပေါ်မှဆင်းလိုက်သည်။ သို့သော် သေချင်ယောင်ဆောင်နေသော ဒဏ်ရာရနေသည့်လုပ်ကြံသူက သူ့ထံသို့ ဓားနှင့်ပြေးဝင်လာခဲ့သည်။
ထိုအရေးကြီးနေသည့်အချိန်တွင် လိချန်းစီကအလျင်အမြန်ဝင်လာ၍ ထိုတိုက်ခိုက်မှုမှ သူ့ကိုကာကွယ်ပေးခဲ့သည်။
ထိုအပြုအမူက လိအန်းယန်အား လိချန်းစီအပေါ် သူ့နှလုံးသားတစ်ခုလုံးဖြင့် ယုံကြည်သွားစေခဲ့သည်။
မိတ်ကပ်ပြင်နေရင်းနားနေသည်ကိုအခွင့်ကောင်းယူ၍ နျန်ယွီယီသည် သူ့စာသားများကို နောက်တစ်ကြိမ် လေ့ကျင့်လိုက်သည်။
ဒါရိုက်တာက မိတ်ကပ်ပြင်နေချိန်အတွင်း ရိုက်ကွင်းနောက်ကွယ်မှအခန်းများကို ရိုက်ချင်သော်လည်း ရှဲ့ယီကျိုးထံမှ အကြည့်စူးစူးများကြောင့် နောက်ပြန်ဆုတ်သွားရသည်။
ဤအခန်းက အရံလူအများကြီးပါသောကြောင့် ပြန်လည်ရိုက်ကူးရမည်ကို လျှော့ချရန် သေချာနေရာချခြင်းက မရှိမဖြစ် အရေးကြီးသည်။
သို့သော် အရံသရုပ်ဆောင်အချို့ကသာ သရုပ်ဆောင်အတွေ့အကြုံရှိသောကြောင့် ဤပမာဏအများကြီးနှင့် အမှားများလုပ်မိမည်မှာ မလွဲဧကန်ပင်။
ထိုအခန်းကို သူတို့နှစ်နာရီကျော်ကြာအောင်ရိုက်ခဲ့ရသည်။ ဝတ်စုံများကိုဝတ်ရင်း နျန်ယွီယီပင်ပန်းလှသောကြောင့် ခက်ခက်ခဲခဲလှုပ်ရှားနေရသည်။
နောက်ဆုံးတစ်ကြိမ်ရိုက်ကူးပြီးနောက် နျန်ယွီယီသည် ဒါရိုက်တာ၏ “ဒီနေ့အတွက်တော်ပြီ” ဆိုသည့် စကားကို နောက်ဆုံးတွင် ကြားလိုက်ရသည်။
မိတ်ကပ်ဆရာက ချက်ချင်းရောက်လာကာ နျန်ယွီယီ၏မိတ်ကပ်နှင့်နှုတ်ခမ်းနီများကို ပြင်ဆင်ပေးပြီး ဆံပင်အတုကိုလည်း သေချာပြင်ပေးလိုက်သည်။
ကျိုးအာ့ဟယ်က သူနှင့်ရှဲ့ယီကျိုးတို့နှစ်ယောက်လုံးအား ရေဘူးကမ်းပေးကာပြောလာသည်။ “နားလိုက်ဦး...မင်းရဲ့နောက်အခန်းက ကျိရှောင်နျန်နဲ့...ရှဲ့ယီကျိုးကတော့ နောက်ရိုက်ကွင်းတစ်ခုမှာ ရှန့်နျန်ကျီနဲ့ ရိုက်ရမှာ”
“ကျွန်တော်တို့အချိန်ဇယားက အဲ့လောက်တောင်ကြပ်တာလား” နျန်ယွီယီသည် ဒါရိုက်တာ၏ ရိုက်ကူးရေးအစီအစဥ်ကို ပြန်တွေးလိုက်သည်။ “အမြဲသည်လိုပဲ ပြည့်နေတာလား”
“ဒါကနှစ်ကုန်ဆောင်းရာသီအားလပ်ရက်၊ ကြည့်ရှုချိန်အမြင့်ဆုံးမှာလွှင့်မယ့် ဇာတ်လမ်းတွဲလေ...သည်တော့ ခဏလောက်တော့ မရပ်မနားရိုက်နေရလိမ့်မယ်” ကျိုးအာ့ဟယ်ရှင်းပြလိုက်သည်။
“ကျွန်တော်တို့ နှစ်ကုန်တောင် ပြီးမှာမဟုတ်ဘူးမလား” နျန်ယွီယီ မျက်မှောင်ကြုတ်လိုက်သည်။ “ထုတ်လွှင့်နေရင်းနဲ့လည်း ရိုက်ကူးရမှာပေါ့”
“ဟုတ်တယ်...ပထမတစ်ဝက်ကိုထုတ်လွှင့်နေချိန် တစ်ဆက်တည်းနောက်တစ်ဝက်ကိုရိုက်သွားမှာ” ကျိုးအာ့ဟယ် အတည်ပြုပေးလိုက်သည်။
ရေအနည်းငယ်သောက်ပြီးနောက် နောက်အခန်းအတွက် ပြင်ဆင်ရန် အဖွဲ့သားတစ်ယောက်က နျန်ယွီယီအား ယဥ်ကျေးစွာခေါ်လာခဲ့သည်။
.....
သူနှင့်ကျိရှောင်နျန်၏အခန်းက နှစ်ယောက်ကြားမှရန်ပွဲဖြစ်သည်။ အရံသရုပ်ဆောင်များ၏အခန်းများနှင့် ယှဥ်လျှင် ၎င်းက ပိုလွယ်သင့်သည်။ သို့သော် သူတို့မှာ ယခင်အခန်းထက်ပင် ပို၍အကြိမ်များစွာ ပြန်လည်ရိုက်ကူးနေရလေသည်။
“ကတ်...ကတ်...ကတ်” ဒါရိုက်တာက အသက်ပြင်းပြင်းရှူကာ သူ၏အသံက အော်လံမှတစ်ဆင့် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“ကျိရှောင်နျန်....ခံစားချက်နည်းနည်းထည့်လို့ရမလား...သည်အခန်းလေးကို ဘယ်နှခေါက်တောင် ရှိနေပြီလားသိရဲ့လား...သရုပ်ဆောင်တဲ့အချိန် သေချာစဥ်းစားတွေးတောစမ်း”
မိတ်ကပ်ဆရာက နျန်ယွီယီ၏မိတ်ကပ်ကိုဖို့ပေးနေချိန်တွင် ကျိရှောင်နျန်၏တုန်ယင်နေသည့် ပုံရိပ်လေးကို တွေ့လိုက်သည်။ နောက်ထပ်ရိုက်ရမည်ကိုရှောင်ရှားရန်နှင့် ကြင်နာမှုများကြောင့် နျန်ယွီယီသည် ကျိရှောင်နျန် မိတ်ကပ်ပြင်ပြီးသွားသောအခါ သူမဆီသို့သွားလိုက်သည်။
“တစ်ခုခုဖြစ်နေလို့လား” ကျိရှောင်နျန်သည် ခုံပေါ်တွင် ဒူးများတင်၍ ထိုင်နေပြီး ကြည့်လာသည်။
နျန်ယွီယီ ဘာပြောရမလဲ သေချာမသိသောကြောင့် တိတ်ဆိတ်နေပြီး တစ်ရှူးလေးကမ်းပေးလိုက်သည်။
ကျိရှောင်နျန် ချုပ်တည်းထားခဲ့သည့်မျက်ရည်များမှာ နောက်ဆုံးကျဆင်းလာခဲ့သည်။ သူမ ငိုရှိုက်လိုက်၏။ “ကျွန်မကို လှောင်ဖို့လာတာလား”
“ငါ့မှာအဲ့လိုလုပ်ဖို့ အချိန်မရှိဘူး...ငါမင်းကို အဲ့အခန်းအတွက် ဇာတ်ညွှန်းပို့လိုက်မယ်...အဲ့မှာ မှတ်စုတွေ ထုတ်ထားပြီးသား” နျန်ယွီယီပြန်ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် ကျိရှောင်နျန်က အနည်းငယ်သံသယများတတ်သည့်လူဖြစ်ကြောင်းတွေး၍ နျန်ယွီယီ ထွက်လာလိုက်သည်။ သူထပ်၍မရိုက်ကူးချင်တော့ပေ။ ဟိုတယ်သို့ပြန်၍ အနားယူချင်နေပြီဖြစ်သည်။
ထို့အပြင် သူ့ကောင်လေးနှင့်လည်း ဗီဒီယိုကောလ်ပြောချင်သေးသည်။
သူနဲ့ တစ်နေ့လုံးမတွေ့ရသေးဘူး...။
နျန်ယွီယီသည် ဇာတ်ညွှန်းအား သူ၏ဖော်ပြချက်များဖြင့် သေသေချာချာမှတ်ထားကာ အချို့အပိုင်းများကို လင်းချီကျင့်နှင့်ပင် ဆွေးနွေးခဲ့သေးသည်။
ဝတ္ထုကို အမှန်တကယ် မြတ်နိုးသောကြောင့် ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးရာတွင် သူအကောင်းဆုံး ကြိုးစားချင်မိ၏။
နှစ်ခေါက်လောက်ကြိုးစားပြီးနောက် နောက်ဆုံးတွင် ထိုအခန်းကိုရိုက်ကူးပြီးသွားခဲ့သည်။
......
နေ့ဘက်၏ပြည့်ကြပ်နေသည့်အချိန်ဇယားများကြောင့် ဒါရိုက်တာက နျန်ယွီယီ၏ ညဘက်အခန်းများကို ရွှေ့ပေးလိုက်သည်။ ရှစ်နာရီထိုးသောအခါ နျန်ယွီယီအားလပ်သွားလေပြီ။
ဟိုတယ်သို့ပြန်ရောက်ပြီးနောက် စားသောက်ထားခြင်းလည်းမရှိဘဲ ပင်ပန်းနေသောကြောင့် ရေချိုးကာ ရှပ်အင်္ကျီ၊ အောက်ခံဘောင်းဘီအတိုနှင့်အတူ အိပ်ရာပေါ်သို့ တက်လိုက်သည်။
ကျောနှင့်အခင်းထိသွားသည်နှင့် သူ့ကိုယ်သူပင်စောင်မခြုံနိုင်ဘဲ အိပ်ပျော်သွားလေသည်။
ခဏနေ၍ အေးလာသောအခါ သူနိုးလာခဲ့သည်။
အင်အားချည့်နဲ့စွာဖြင့် စောင်ခြုံလိုက်ကာ မအိပ်ခင်သူ့ကောင်လေးနှင့်ဗီဒီယိုကောလ် မပြောရသေးသည်ကို နောင်တရမိသည်။
နျန်ယွီယီသည် ဖုန်းမှနာရီကိုကြည့်လိုက်ရာ ဆယ့်တစ်နာရီဝန်းကျင်ရှိနေပြီကိုမြင်လိုက်ရသည်။
သူခေါ်ကြည့်ရမလား...။
ခြောက်သွေ့နေသည့်နှုတ်ခမ်းများကိုသပ်၍ နျန်ယွီယီမထိန်းနိုင်တော့ချေ။ ထို့ကြောင့် ဝီချက်ကိုဖွင့်၍ ထိပ်ဆုံးလူအား ဗီဒီယိုကောလ်ခေါ်လိုက်သည်။
သူ့ကောင်လေးဖြစ်သည့် ဖန်ကျုံးချွမ်းအိပ်နေလောက်သည်ဟုတွေး၍ ချရန်ပြင်လိုက်ချိန်တွင် ခေါ်ဆိုမှုက ချိတ်ဆက်သွားခဲ့သည်။
ရင်းနှီးနေသည့်ချောမောသောမျက်နှာက ဖုန်းမျက်နှာပြင်တွင် ပေါ်လာရာ နျန်ယွီယီ ခဏလောက် မှင်သက်သွားရသည်။
“ဘာလို့မအိပ်သေးတာလဲ” နျန်ယွီယီသည် အခြားတစ်ဖက်မှ စာကြည့်မီးထွန်းထားသည်ကို သတိထားမိလိုက်သည်။
ဖန်ကျုံးချွမ်းသည် ဖုန်းအား အသစ်စက်စက်ဝယ်ထားသည့်ထောက်တိုင်ပေါ်သို့တင်လိုက်၏။ “ကိုယ့်ကောင်လေး ဗီဒီယိုကောလ်ခေါ်လာမှာကို စောင့်နေတာ”
လန့်ဖြန့်သွားကာ နျန်ယွီယီမျက်မှောင်ကြုတ်၍ စတင်ဆူတော့သည်။ “ဆယ့်တစ်နာရီတောင်ကျော်နေပြီလေ...ကျွန်တော်ဖုန်းခေါ်တာကိုစောင့်နေဖို့ သည်လောက်အထိ နေဖို့မှမလိုဘဲ...အစ်ကို့ကျန်းမာရေးအတွက်မကောင်းဘူး”
စိတ်ညစ်ညူးမည့်အစား ဖန်ကျုံးချွမ်းရယ်မောလာခဲ့သည်။
နျန်ယွီယီ လျင်မြန်စွာ ထထိုင်လိုက်ကာ ဘဲရုပ်ကလေးကို ရင်ခွင်ထဲတွင် ပိုက်ထားလိုက်သည်။ “ရယ်နေတယ်? နေမကောင်းဖြစ်တော့ ဘယ်နှယ့်လုပ်မလဲ...ကျွန်တော်တို့ဘယ်လိုလုပ်အတူကြီးပြင်းသွားလို့ရပါတော့မလဲ”
ပြောပြီးနောက် ဖန်ကျုံးချွမ်း၏မျက်လုံးထဲမှ ထူးဆန်းသည့်အကြည့်ကို သတိထားမိလိုက်သည်။ ကင်မရာမြင်ကွင်းကိုပြင်ဆင်ရင်း နျန်ယွီယီသည် သူ၏အင်္ကျီများလျှောကျနေပြီး ပခုံးသားများ ပေါ်နေသည်ကို တွေ့လိုက်ရသည်။
နျန်ယွီယီ၏ နောက်ဆုံးစကားများကိုတွေးနေပြီး အတော်လေးမှန်ကန်ကြောင်းသိရှိလိုက်သည်။
အကြံတစ်ခုက နျန်ယွီယီ၏စိတ်ထဲတွင် ပေါ်လာ၏။
နျန်ယွီယီသည် အပေါ်ဆုံးကြယ်သီးနှစ်လုံးကိုဖြုတ်လိုက်ကာ ဖြူဖွေးသည့်အသားအရေနှင့် တက်တူးတို့ကို ဖော်ပြလာသည်။ ထို့နောက် ကုတင်ပေါ်တွင် ဒူးထောက်၍ ဖုန်းကို စူးစိုက်ကြည့်လိုက်သည်။
“အစ်ကို...နိုးနေမှတော့ စကားပြောရအောင်” နျန်ယွီယီသည် ရည်ရွယ်ချက်ရှိရှိဖြင့် နူးနူးညံ့ညံ့လေးပြောလိုက်သည်။ ချွဲ့နွဲ့သည့်အသံကြောင့် သူကိုယ်တိုင် ဖျားသွားလုနီးပါးပင်။
သို့သော် ဖန်ကျုံးချွမ်းကိုစနောက်ရခြင်းက တန်၏။
ဘဲရုပ်ကလေးကို မြင်ကွင်းထောင့်သို့ပို့လိုက်ကာ ဖန်ကျုံးချွမ်းအား ညုတုတုလေးကြည့်လိုက်သည်။
ဖန်ကျုံးချွမ်း၏အကြည့်များက နျန်ယွီယီ၏ညှပ်ရိုးများနှင့် တက်တူးသေးသေးလေးအပေါ်တွင်သာရှိနေသည်။ သူ တံတွေးမျိုချလိုက်၏။
“အစ်ကို~~” နျန်ယွီယီသည် ကိုယ်ကိုလှုပ်ရမ်းပြလိုက်ကာ ဖန်ကျုံးချွမ်း၏မျက်လုံးထဲမှ နက်မှောင်မှုများကို မြင်လိုက်ရသောအခါ ပြုံးလိုက်သည်။
ထို့နောက် တွေးလိုက်၏။ “မစ်ရှင်အောင်မြင်ပြီ”
နျန်ယွီယီသည် ရုတ်တရက် ကင်မရာကိုပိတ်လိုက်သည်။ “ကောင်းသောညပါ…ဒါက စောစောမအိပ်လို့ အစ်ကို့ကို အပြစ်ပေးတာ”
ဖုန်းချပြီဂနောက် နျန်ယွီယီပျော်ရွှင်စွာနှင့် အိပ်ရာထဲတွင် လှိမ့်နေလိုက်သည်။
လှိမ်ရတာ ပင်ပန်းလာသည့်အခါ အသက်ပြင်းပြင်းရှူ၍လှဲနေလိုက်ပြီး စောင်ကိုကိုင်ကာ အရူးတစ်ယောက်လို ပြုံးနေမိလေသည်။
…
မည်းနက်နေသည့် မျက်နှာပြင်ကိုကြည့်၍ ဖန်ကျုံးချွမ်းသက်ပြင်းချလိုက်ကာ လက်ပ်တော့ကိုပိတ်၍ စာကြည့်ခန်းအား အမှောင်ထုထဲတွင်ထားခဲ့လိုက်သည်။
သိပ်မကြာခင်တွင် ရေချိုးခန်းထဲမှ ရေကျသံများက ပဲ့တင်ထပ်လာလေသည်။
***
နောက်တစ်နေ့တွင် ကျိုးအာ့ဟယ်သည် နျန်ယွီယီကိုခေါ်ရန် သွားသောအခါ သူကဆောင့်ကြောင့်ထိုင်၍ မနက်စာစားနေသည်ကို တွေ့လိုက်ရသည်။
ရုပ်ရှင်ရိုက်ကူးဆဲဖြစ်သောကြောင့် ဒါရိုက်တာက သူတို့၏အစားအသောက်များကိုဂရုစိုက်ရန်နှင့် ကိုယ်အလေးချိန်မတက်စေရန် အဆက်မပြတ်သတိပေးနေပြီး နျန်ယွီယီအား အသီးအရွက်စား သတ္တဝါအဖြစ် ပြောင်းလဲသွားစေသည်။
ရှုံ့ရှုံ့မဲ့မဲ့နှင့်အသုပ်ကိုစားပြီးသောအခါ နျန်ယွီယီ ရေတစ်ခွက်ကြီးသောက်လိုက်၏။
“ဘာလို့ အစောကြီးနိုးနေတာလဲ” ကျိုးအာ့ဟယ် လက်ထဲမှပေါင်မုန့်ကိုချလိုက်သည်။
နျန်ယွီယီ၏အကြည့်များက ပေါင်မုန့်ထဲမှ ဖြည့်ထားသည်များကို စူးစမ်းနေသည်။ “အဲ့ဒါ အသားပေါင်မုန့်လား”
“ဟုတ်တယ်” ကျိုးအာ့ဟယ် မျက်နှာမဲ့၍ဖြေလိုက်သည်။ “ဒါပေမယ့် မင်းစားလို့မရဘူး”
“ဒါက ဘယ်လိုနှိပ်စက်မှုမျိုးလဲ” နျန်ယွီယီ စိတ်ပျက်အားငယ်စွာဖြင့်ပြောလိုက်၏။
“မငိုနဲ့…တစ်ဝက်ကျွေးမယ်” ကျိုးအာ့ဟယ် ဝိတ်ထိန်းနေရသည့်သရုပ်ဆောင်လေးကို နှစ်သိမ့်လိုက်သည်။
နျန်ယွီယီ၏မျက်လုံးများ တောက်ပသွား၏။ “အသားပါတဲ့ဖက်လား”
ကျိုးအာ့ဟယ်လှောင်ပြုံးပြုံးလိုက်၏။ “ဆက်ပြောနေရင် ပေါင်မုန့်တစ်ဝက်တောင် မစားရဘဲနေမယ်”
နောက်ဆုံးတော့ နျန်ယွီယီ အသားမပါသည့် ပေါင်မုန့်တစ်ဝက်ကိုသာ စားလိုက်ရသည်။
မနက်စာစားပြီးနောက် နျန်ယွီယီ သက်တောင့်သက်သာဖြစ်သည့်အဝတ်အစားများလဲကာ မိတ်ကပ်ပြင်ရန် ရိုက်ကွင်းသို့သွားလိုက်သည်။
သန်းခေါင်ကျော်သည်အထိ ညဘက်အခန်းများရိုက်ကူးနေရသည့် ရှဲ့ယီကျိုးကတော့ ရောက်မလာသေးချေ။ တစ်ဖက်တွင်တော့ ရှန့်နျန်ကျီသည် မိတ်ကပ်အခန်းထဲတွင် သမ်းဝေ၍ရောက်နေသည်။
“မနေ့က ညဘက်အခန်းတွေရိုက်ရတယ်မဟုတ်ဘူးလား…မမလေးရှန့်”
ပုံမှန်ဆိုလျှင် ညဘက်အခန်းများရိုက်ပြီးသည့်လူတစ်ယောက်က နောက်တစ်နေ့မနက်စောစောတွင် ရိုက်ကူးလိမ့်မည်မဟုတ်ချေ။
“အင်း…ဒါပေမယ့် ဒီနေ့မနက်ပိုင်းလည်းရိုက်ရတယ်လေ” ရှန့်နျန်ကျီပြန်ပြောလိုက်ကာ မိတ်ကပ်ဆရာအား ခဏအိပ်လို့ရမလားဟု မေးလိုက်သည်။
မိတ်ကပ်ဆရာ သဘောတူလိုက်သည်။ သူမသာငြိမ်ငြိမ်နေပြီး မိတ်ကပ်လိမ်းသည်ကို အနှောင့်အယှက်မဖြစ်သရွေ့ အဆင်ပြေသည်။
ရှန့်နျန်ကျီ တရေးအိပ်နေသည်ကို မနှောင့်ယှက်ချင်သောကြောင့် နျန်ယွီယီတိတ်တိတ်နေကာ JJစာပေမြို့တော်၏ ရောင်းအားအကောင်းဆုံးဝတ္ထုကို ဖတ်နေလိုက်သည်။
မိတ်ကပ်ပြင်ပြီးသွားသည့်အခါ ရှန့်နျန်ကျီအချိန်ကိုက်နိုးလာသော်လည်း သမ်းဝေနေဆဲဖြစ်သည်။
ရှန့်နျန်ကျီရုတ်တရက်မေးလာသည်။ “မင်းမနေ့က ကျိရှောင်နျန်ကို တစ်ရှူးပေးလိုက်တာလား”
“အင်း” နျန်ယွီယီသည် ဇာတ်ကောင်တစ်ယောက်က နောက်တစ်ယောက်အား နံရံတွင်ဖိ၍နမ်းနေသည့် ဝတ္ထု၏ဇာတ်ရှိန်အကောင်းဆုံးအခန်းတွင် နစ်မျောနေသောကြောင့် စိတ်အနှောင့်အယှက်ဖြစ်လျက် ပြန်ဖြေလိုက်သည်။
“ကျွန်တော်တို့ရှိနေတဲ့နေရာကို ကင်မရာလှမ်းရိုက်နေတာမျိုးမရှိလို့…သူမကိုပေးလိုက်တာ”
“ကင်မရာအကြောင်းမဟုတ်ဘူး” ရှန့်နျန်ကျီ အကြောဆန့်လိုက်၏။
“ဒါပေမယ့် သူမရဲ့ အားအနည်းဆုံးအချိန်မှာ ရှိနေတာက…”
“အမ်…မကောင်းတာတစ်ခုခုဖြစ်သွားလို့လား” နျန်ယွီယီ အနည်းငယ်စိုးရိမ်စွာဖြင့် ရှန့်နျန်ကျီကို ကြည့်လိုက်သည်။
သူမ၏တွန့်ဆုတ်နေသည့်အမူအရာကိုကြည့်၍ သူမ ဂျေဂျေအတွက် ရေးပေးခဲ့ဖူးလားဟု တွေးလိုက်သည်။ သူမသာဆိုလျှင် သေချာပေါက် သည်းထိပ်ရင်ဖိုများကို ပိုင်နိုင်နိုင်လိမ့်မည်။
နောက်ဆုံးတွင် ရှန့်ကျားချီပြောလာ၏။ “သူမ မင်းအပေါ်မှာ ခံစားချက်တွေ ဖြစ်လာနိုင်တယ်”
“??” နျန်ယွီယီသည် ဖြေးညင်းစွာဖြင့် အမေးသင်္ကေတလေးထုတ်လိုက်သည်။
“မနေ့ကအခန်းရိုက်ပြီးတဲ့အချိန် သူမင်းကိုကြည့်တဲ့ပုံကို သတိမထားမိဘူးလား” ရှန့်နျန်ကျီပြန်တွေး၍ ပြောလိုက်သည်။
“သူမသာ ဖန်သားပြင်ပေါ်မှာ ရှဲ့ယီကျိုးကို အဲ့လိုအကြည့်တွေနဲ့ကြည့်ခဲ့ပြီး ‘ဖော်ပြနိုင်စွမ်းရှိတဲ့ မျက်လုံးတွေ’ လို့ ချီးကျူးတဲ့သတင်းအချို့ရခဲ့မယ်ဆိုရင် သူမနာမည်ကြီးလာမှာသေချာပေါက်ပဲ”
နျန်ယွီယီ : “…”
နျန်ယွီယီသည် ကျိရှောင်နျန်ထံမှ ခပ်ဝေးဝေးနေရန် ဆုံးဖြတ်လိုက်ပြီး ညာဘက်လက်ကို ဘယ်ဘက်လက်ဖြင့် ဆိပ်လိုက်သည်။
ဝင်ရောက်စွက်ဖက်တဲ့အကျိုးတွေ...ပြီးတော့ အဲ့သည်တစ်ရှူးပေးလိုက်တာရောပဲ...။
ထိုအကြောင်းအရာပြီးသွား၍ သိပ်မကြာခင်တွင် မိတ်ကပ်အခန်းတံခါးမှ တံခါးခေါက်သံထွက်ပေါ်လာကာ ရှန့်နျန်ကျီသည် တုံ့ပြန်လိုက်ပြီး ဝင်လာရန်ဖိတ်ခေါ်လိုက်သည်။
နျန်ယွီယီသည် ကြောက်ရွံ့နေသည့်အမျိုးသမီးအသံကိုကြားလိုက်ရသည်။ “မင်္ဂလာပါ...အစ်မရှန့်...ကျွန်မ အစ်ကိုနျန်ကို လာရှာတာပါ”
“နင်က ကျိရှောင်နျန်ရဲ့ လက်ထောက်မလား” ရှန့်နျန်ကျီသည် ခုံကို တံခါးဘက်သို့လှည့်လာ၍ အထဲသို့ ညွှန်ပြလိုက်သည်။ “သူ ဒီမှာရှိတယ်”
ထို့နောက် နျန်ယွီယီသည် ကျိရှောင်နျန်၏လက်ထောက်က စက္ကူအိတ်လေးတစ်လုံးနှင့်အတူဝင်လာကာ မိတ်ကပ်စားပွဲပေါ်သို့ တင်လိုက်သည်ကို ကြည့်နေလိုက်သည်။ “အစ်မရှောင်နျန်က အစ်ကိုမနေ့က ပေးခဲ့တဲ့ ဇာတ်ညွှန်းကို ကျေးဇူးတင်တဲ့အနေနဲ့ မနက်စာပေးခိုင်းလိုက်လို့ပါ”
စကားပြောပြီးနောက် လက်ထောက်ငယ်လေးမှာ နျန်ယွီယီအား ငြင်းဆိုရန်ပင် အခွင့်အရေးမပေးဘဲ ထွက်သွားတော့သည်။
နျန်ယွီယီသည် သူ့အရှေ့ရှိမနက်စာကိုကြည့်ရင်း ခေါင်းကိုက်လာရသည်။ ရှန့်နျန်ကျီကတော့ ရယ်နေ၏။
“မရယ်နဲ့တော့” နျန်ယွီယီသည် မနက်စာအား ဒုက္ခများနေသည့်အမူအရာဖြင့် မလိုက်သည်။
“ကျွန်တော်ကို ဒါကို ဘယ်လိုလုပ်ရမလဲ”
“အခု ငါပြောတာကိုသဘောပေါက်ပြီလား” ရှန့်နျန်ကျီလက်ဆန့်လိုက်၏။
“ငါ့ကိုပေး...ငါမစားရသေးဘူး”
မနက်စာစားပြီးသည့် နျန်ယွီယီကတော့ နျန်ယွီယီအား စက္ကူအိတ်ကို လှမ်းကြည့်လိုက်သည်။
ကျိရှောင်နျန် မနက်စာပို့ပေးသည်က ကျေးဇူးတင်သည့်အပြုအမူမျှသာဖြစ်ကြောင်း နျန်ယွီယီယူဆ၍ ထိုမျှသာဟု ထင်လိုက်သည်။
သို့သော် ရိုက်ကူးရေးနားသည့်အချိန်တွင် အပြာနုရောင်ဝတ်စုံလေးဝတ်ထားသည့် ကျိရှောင်နျန်က အပြေးလေးရောက်လာကာ ရှက်ရွံ့စွာဖြင့် ခေါင်းလေးငုံ့ထားပြီး မေးလာလေသည်။
“ဒီမနက်က ကျွန်မပို့ပေးလိုက်တဲ့ မနက်စာကိုကြိုက်လား”
🫶