🫶Chapter 75
“ဒီမနက်က ကျွန်မပို့ပေးလိုက်တဲ့ မနက်စာကိုကြိုက်လား”
အကွာအဝေးတစ်ခုမှနေ၍ ရှန့်နျန်ကျီသည် သစ်ပင်တစ်ပင်အောက်တွင် သူတို့နှစ်ယောက်အတူရပ်နေပြီး နျန်ယွီယီ၏ အရှုံးပေးနေရသည့်ပုံရိပ်ကိုမြင်နေရသည်။
“နေဦး” သူမက လက်ထောက်၏စကားကိုဖြတ်လိုက်ကာ ဝင်နှောင့်ယှက်ရန် ထီးအရိပ်အောက်မှ ထွက်လိုက်သည်။
“ဘာဖြစ်လို့လဲ” ရှန့်နျန်ကျီ သိချင်ယောင်ဆောင်လိုက်၏။ “အို...ဟုတ်သားပဲ...ရှောင်နျန်...အဲ့မနက်စာကို နင်ဝယ်ခဲ့တာလား...တော်တော်စားကောင်းတယ်...မနက်ဖြန်လည်း ငါ့လက်ထောက်ကို ဝယ်ခိုင်းဦးမယ်”
ကျိရှောင်နျန် မယုံနိုင်စွာဖြင့် မော့ကြည့်လာ၏။
“မနက်စာကို အစ်မစားလိုက်တာလား”
နျန်ယွီယီ အသံနိမ့်နိမ့်ဖြင့် ရှင်းပြလိုက်သည်။ “ငါကစားပြီးသွားလို့...အစ်မရှန့်ကိုပေးလိုက်တာ”
ကျိရှောင်နျန်က လက်သီးဆုပ်လိုက်ကာ ရှန့်နျန်ကျီကို စူးရှစွာကြည့်ပြီးနောက် လှည့်ထွက်သွားတော့သည်။
နျန်ယွီယီစိတ်သက်သာရာရစွာဖြင့် အသက်ရှူထုတ်လိုက်သည်။ “”ကျေးဇူးတင်ပါတယ်...အစ်မရှန့်”
“အခုတော့ ငါ့ကိုကျေးဇူးတင်ပြီပေါ့...” ရှန့်နျန်ကျီသည် ကိစ္စပြီးသွားသောအခါ လက်ပြ၍ ပြန်လှည့်သွားလိုက်သည်။
“ငါ့ကိုမနက်စာသုံးရက်ဝယ်ကျွေး”
“ကျွန်တော့်ရဲ့ မနက်စာက ဒီအတိုင်းအသီးအရွက်အသုပ်လေးရယ်...အစ်မ စားမလို့လား” နျန်ယွီယီ မရေမရာဖြင့် မေးလိုက်သည်။
ရှန့်နျန်ကျီရပ်သွားကာ အံကြိတ်၍တုံ့ပြန်လာ၏။ “ထားလိုက်ပါတော့”
နျန်ယွီယီသည် မနက်စာအိတ်ပေါ်မှ တံဆိပ်ကိုပြန်တွေး၍ ရှက်ကိုးရှက်ကန်းဖြင့် ရယ်လိုက်ကာ ကျိုးအာ့ဟယ်ကို ပြောပြရန်ဆုံးဖြတ်လိုက်သည်။
သူလည်း ကျန်ရှိနေသည့်ကိစ္စများကိုတွေးရင်း သစ်ပင်ဆီမှ ထွက်လာလိုက်သည်။
ရိုက်ကွင်းမှနေ့ရက်များက လျင်မြန်စွာကုန်ဆုံးသွားကာ ရိုက်ကူးရေးအကြောင်းအရာက တိုးတက်လာသည်နှင့်အမျှ လုံးဝမပြီးသေးခင်မှာပင် ဆောင်းရာသီသို့ တဖြည်းဖြည်း ချဥ်းကပ်လာခဲ့သည်။
“သည်နေ့ တော်တော်အေးတာပဲ” အဖြူရောင်အပေါ်ထပ်အင်္ကျီကိုဝတ်ထားသည့် နျန်ယွီယီသည် လက်များကို အာငွေ့ပေး၍ နွေးစေလိုက်သည်။
“အဆင်သင့်ဖြစ်ပြီလား...အစ်ကိုကျိုး”
“လာပြီ...လာပြီ” ကျိုးအာ့ဟယ်သည် နျန်ယွီယီနှင့်တစ်ဆင်တည်း အနက်ရောင်အပေါ်ထပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခရီးဆောင်အိတ်သယ်၍ ချဥ်းကပ်လာသည်။
သူ့ခရီးဆောင်အိတ်ကို ဘေးတွင်ထားလိုက်ကာ အိတ်ထဲသို့ဟိုစမ်းဒီစမ်းလုပ်ပြီးနောက် ကားသော့ကိုထုတ်ကာ ကားအမိုးကိုဖွင့်၍ ခရီးဆောင်အိတ်ကို ထည့်လိုက်သည်။
နျန်ယွီယီက ခရီးသည်ထိုင်သည့်ဘက်မှတံခါးကိုဖွင့်လိုက်ကာ တက်ပြီးနောက် ကျိုးအာ့ဟယ် ကားမောင်းသူနေရာသို့ ဝင်လာသောအခါ ခါးပတ်ပတ်၍ ကားထဲမှအပူပေးစက်ကိုဖွင့်လိုက်သည်။
“အေးလိုက်တာကွာ” ကျိုးအာ့ဟယ် လက်အိတ်များကိုချွတ်၍ပြောလိုက်သည်။
“သည်နှစ်တွေမှာ ဖန်လုံအိမ်အကျိုးသက်ရောက်မှုတွေ တိုးတက်လာတာလား...သည်နှစ် ဟိုင်မြို့က မနှစ်ကထက်ပိုအေးသလိုပဲ...မနှစ်က နှစ်သစ်ကိုရောက်တာတောင် သည်လောက်မအေးသေးဘူး”
“သည်နှစ်ဆောင်းဦးက စောစောရောက်လာတာပဲ” နျန်ယွီယီသည် မှောင်မိုက်နေသည့် မြေအောက်ကားပါကင်အပြင်ဘက်သို့ ကြည့်၍ သွားလိုက်သည်။ “ရိုက်ကွင်းသိမ်းသွားပြီဆိုတော့ ပြန်ကြရအောင်”
“မင်းရဲ့အစ်ကိုရော”
“သူကရိုက်စရာ အခန်းနည်းနည်းကျန်နေသေးတယ်...သဘက်ခါကျရင် ပြန်လာလိမ့်မယ်” ဇာတ်လိုက်ဖြစ်သည့်အလျောက် ရှဲ့ယီကျိုးသည် နျန်ယွီယီထက် ရိုက်ရမည့်အခန်းပိုများလေသည်။
“အနွေးအိတ်တွေကျန်နေသေးလား...မရှိတော့ရင် ထပ်ဝယ်ပေးပြီး ရိုက်ကွင်းဆီကိုပို့ပေးလိုက်မယ်” အမျိုးသားနေ့အားလပ်ရက်အတွင်း လက်ထပ်သွားသည့် ယောင်ယောင်က ပျားရည်ဆမ်းခရီးထွက်ရန် သုံးလအချိန်ယူသွားသောကြောင့် ကျိုးအာ့ဟယ်မှာ နှစ်ယောက်စာတာဝန်ယူနေရ၏။
“မဖောက်ရသေးတဲ့တစ်ဘူးကျန်သေးတယ်...အဲ့လောက်ဆို လုံလောက်ပါတယ်”
“ကောင်းပြီ...ဒါဆို မင်းကို အရင်လိုက်ပို့ပေးမယ်” ကျိုးအာ့ဟယ် လုံလုံလောက်လောက် နွေးသွားသည်နှင့် ကားစက်နှိုးလိုက်သည်။
မြေအောက်ကားပါကင်ထဲမှထွက်လာပြီးနောက် အဖြူရောင်လွှမ်းခြုံနေသည့် ကမ္ဘာကြီး၏ ဆီးကြိုခြင်းခံလိုက်ရသည်။
ဟိုင်မြို့သည် ရက်တော်တော်ကြာကြာ အဆက်မပြတ်နှင်းကျခြင်းကို တွေ့ကြုံရ၏။ နှင်းများမရှင်းရသေးသည့် နေရာများတွင် နှင်းထုက တစ်ဆယ်စင်တီမီတာအထူရှိ၏။
ကျိုးအာ့ဟယ်သည် အပြန်ခရီးအတွက် နှင်းလွတ်သည့်အချိန်ကို ဉာဏ်ရှိရှိဖြင့် ရွေးချယ်လိုက်သည်။ ကားအတွင်းဘက်တွင် တဖြည်းဖြည်းနွေးထွေးလာသောအခါ နျန်ယွီယီ၏လက်များလည်း နွေးလာသည်။
အပြင်ဘက်မှ နှင်းကျနေသည့်မြင်ကွင်းများကိုကြည့်၍ ညစာအတွက် နျန်ယွီယီသည် ဟော့ပေါ့ပူပူလေးသောက်ရန် တွေးလိုက်သည်။
“အစ်ကိုကျိုး...သည်ညချင်အန်းမှာဘာလို့မနေတာလဲ” နျန်ယွီယီ အချိန်တွက်လိုက်၏။
“နွေးသွားအောင် ဟော့ပေါ့ပူပူလေးလုပ်သောက်ကြမယ်လေ”
“တော်တော်လေး ဆွဲဆောင်မှုရှိတာပဲ” ကျိုးအာ့ဟယ်ပြောလိုက်၏။
“ဒါပေမဲ့ ...ငါညဘက်နားတာရှားတယ်...ငါ့ကောင်လေးနဲ့ပဲ အချိန်ကုန်သင့်တာပေါ့”
“......”
နျန်ယွီယီသည် အနည်းငယ်လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရသောကြောင့် ညနေခင်းအစီအစဥ်များရှိ၊ မရှိ မေးရန် ဖန်ကျုံးချွမ်းကို ဖုန်းဆက်လိုက်သည်။
“ကိုယ် ဒီနေ့ အိမ်ကနေပဲအလုပ်လုပ်တာ...သည်ကိုတန်းလာလိုက်လေ...မင်းအခန်းမှာ ဘယ်သူမှ ရှိမနေတော့ အေးနေလိမ့်မယ်”
“ဒီနေ့ အလုပ်မလုပ်ဘူးလား” နျန်ယွီယီ ဖုန်းကာဗာအပေါ်မှ ဘဲရုပ်ကလေးကို ဆော့လိုက်သည်။ “နှစ်သစ်ကူး အားလပ်ရက်က ရက်နည်းနည်းပဲလိုတော့တာမဟုတ်ဘူးလား”
“အင်း...ကိုယ့်သူဌေးက...” ဖန်ကျုံးချွမ်း ရပ်သွားသည်။ “သူကြိုက်တဲ့အချိန် အလုပ်ဖျက်ပစ်တဲ့ အကျင့်ရှိတယ်”
“အိုး...အရင်းရှင်ဝါဒရဲ့ ဆိုးသွမ်းမှုတွေပေါ့”
ကျိုးအာ့ဟယ်သည် ကားမောင်းနေကာ သူတို့စကားများကိုကြားပြီးနောက် တတိယမီးသီးဖြစ်ရသည့်ရုန်းကန်မှုများကို ခံစားလိုက်ရကာ သူ့အတွက် တိတ်တဆိတ် မျက်ရည်ကျမိသည်။
ခရီးကရှည်သောကြောင့် အချိန်ကုန်သွားစေရန် နျန်ယွီယီသည် ဝေ့ပေါ်ကိုဖွင့်ကြည့်ကာ ကျိုးအာ့ဟယ် နားထောင်ရန် စိတ်ဝင်စားဖွယ်ကောင်းသည့်သတင်းများကို ရံဖန်ရံခါ ကျယ်ကျယ်လေး ဖတ်ပေးလေသည်။
“ဟော့ဝမ်းမှာ ‘ဓားလမ်းမ’ စပြနေတာတွေ့မိတယ်” နျန်ယွီယီသည် ‘ဓားလမ်းမ’ က သည်လောက်မြန်မြန် ထုတ်လွှင့်လာသောကြောင့် အံ့ဩမိသည်။
“အချိန်ကိုက်ပဲလေ...နှစ်သစ်ကူးက တစ်ပတ်ပဲလိုတော့တာ....ဒီအချိန်က ကြည့်ရှုသူအများဆုံးအချိန်ပဲလေ...အေးတဲ့ရာသီဥတုက လူတွေတော်တော်များများ တီဗီကြည့်ကြတာကိုး” ကျိုးအာ့ဟယ်သည် ကားစတီယာရင်ကိုလှည့်၍ ပြောလာသည်။
“ဒါပေမယ့် မလွှင့်ခင်...ဒါရိုက်တာက ငါတို့ကို အသိမပေးဘူးလား”
“ပေးခဲ့တယ်လေ...ကျွန်တော်လွတ်သွားတာ” နျန်ယွီယီသည် ဝီချက်ထဲမှ မဖတ်ရသေးသည့်စာများကို ကြည့်လိုက်သည်။ “အခုနောက်ပိုင်း အရမ်းတွေအေးလာတယ်...ဖုန်းသုံးရတာတောင်အဆင်မပြေဘူး”
ကွေ့ပြီး၍ မီးပွိုင့်တွင်ရပ်လိုက်သောအခါ ကျိုးအာ့ဟယ်သည် ဖုန်းကိုလက်ဗွေရာဖြင့် လျင်မြန်စွာ ဖွင့်လိုက်ကာ နျန်ယွီယီနှင့် တူညီသည့်အခြေအနေရှိသည့် ဝီချက်တွင် လက်ထောက်ကျန်းရွှယ်ယုံထံမှစာကို တွေ့လိုက်သည်။
ကျိုးအာ့ဟယ် : “…”
သူတို့တူညီတူမျှ နောင်တရမိသလိုပဲ...။
ဇာတ်လမ်းတွဲကို ဟော့ဝမ်းထုတ်လုပ်သူများမှ ကြော်ငြာပေးကြသည်။ နျန်ယွီယီ ပထမဆုံးနှိပ်လိုက်သည့်အခါ မှတ်ချက်ရာကျော်သာရှိနေသည်။ ကြည့်ပြီးနောက် ထပ်စစ်ဆေးကြည့်သောအခါ အရေအတွက်က များလာ၏။ အများစုမှာ သူ၊ ရှဲ့ယီကျိုးနှင့် ရှန့်နျန်ကျီတို့၏ ပရိသတ်များဖြစ်ကြသည်။ အနည်းစုကတော့ စာအုပ်ပရိသတ်များဖြစ်ကာ သာမန်ကြည့်ရှုသူများ၏ မှတ်ချက်အနည်းငယ်သာရှိသည်။
[ရုံရှောင်ရှီက အရမ်းလှတာပဲ...အဖိုးတန်တဲ့အလှလေး...ဒီဇာတ်လမ်းတွဲက တကယ်ကို အချောအမောတွေစုနေတာဟေ့...အမျိုးသားဇာတ်လိုက်၊ အမျိုးသမီးဇာတ်လိုက်နဲ့ ဒုတိယဇာတ်လိုက်တွေက မိုက်တယ်...ဒုတိယအမျိုးသားဇာတ်လိုက်ပဲ နည်းနည်းလေးလိုနေတာ]
[မူရင်းက ဒုတိယအမျိုးသားဇာတ်လိုက်ရဲ့ ပါတဲ့အချိန်များများနဲ့ယှဥ်လိုက်ရင်... ကျန်းယန်ရဲ့အခန်းတွေ အများကြီးအလျှော့ခံထားရတဲ့ပုံပဲ...]
[သူရဲ့လတ်တလောဖြစ်ထားတဲ့ ငြင်းခုံမှုကိုပြန်တွေးကြည့်ရင် ဖြစ်သင့်တာပဲ...အဲ့ဒါကိုကိုင်တွယ်နိုင်ခဲ့တဲ့ အယ်ဒီတာတွေကို လေးစားတယ်...သူတို့အချိန်ပိုတွေလုပ်ခဲ့ရမှာ...]
[ရိုက်ကွင်းနဲ့အပြင်အဆင်တွေက တကယ်ကိုအံ့မခန်းပဲ...အဲ့လိုကုန်ကျစရိတ်မျိုးနဲ့ဆို ဒါက လုံးဝကောင်းနေမှာ...သည်နှစ်မှာ ကောင်းမွန်တဲ့ဇာတ်လမ်းတွဲထွက်လာမသေးဘူးလို့ထင်နေရင် ဒါကိုကြည့်ကြ...]
......
မှတ်ချက်အနည်းငယ်ကိုဖတ်ကြည့်ပြီးနောက် နျန်ယွီယီသည် ပင်မအကောင့်ကိုဝင်လိုက်ကာ တရားဝင်စာမျက်နှာမှ ကြော်ငြာဆင်းပေးထားသည့်ပို့စ်ကို မျှဝေလိုက်သည်။
ချင်အန်းသို့ရောက်၍ နျန်ယွီယီကားပေါ်မှဆင်းလိုက်သည်နှင့် နွေးထွေးသည့်ပွေ့ဖက်မှုဖြင့် ချက်ချင်းကြိုဆိုခြင်းခံလိုက်ရသည်။
“အင်း...အိတ်...အိတ်ကိုယူဦး” နျန်ယွီယီ အနည်းငယ်ရုန်း၍ ပြောလိုက်သည်။
“ကိုယ်ယူလိုက်မယ်” ဖန်ကျုံးချွမ်းက မာဖလာကိုချွတ်လိုက်ကာ နျန်ယွီယီကိုပတ်ပေးလိုက်ပြီး ကားနောက်ဖုံးထဲမှ ခရီးဆောင်အိတ်ကိုထုတ်လိုက်သည်။
ကျိုးအာ့ဟယ်လည်း လျင်မြန်စွာဆင်းလာလိုက်သည်။
ဖန်ကျုံးချွမ်း၏အိမ်ထဲသို့ ဝင်လိုက်သည်နှင့် နျန်ယွီယီနွေးထွေးမှုလှိုင်းလုံးကြီးကိုခံစားလိုက်ရသည်။
မာဖလာကိုချွတ်လိုက်၍ အောက်မှဂျက်ကတ်ကို ချွတ်လိုက်ရာ အသက်ရှူရချောင်သွားသည်။
“ဒီည ဟော့ပေါ့စားရအောင်” နျန်ယွီယီသည် မီးဖိုခန်းထဲသို့ ခုန်ပေါက်၍ဝင်သွားရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
“အလျင်လိုဖို့မလိုပါဘူး” ဖန်ကျုံးချွမ်း သူ့ကိုဆွဲလိုက်၏။ “အခုမှပြန်ရောက်တာ...နားပါဦး...ဟော့ပေါ့စားချင်ရင် ကိုယ်မှာပေးမယ်”
တစ်ခဏလောက်စဥ်းစားလိုက်ကာ နျန်ယွီယီခေါင်းညိတ်၍ သဘောတူလိုက်သည်။
ညစာကိုတာဝန်ယူပေးမည့်သူပေါ်လာသောကြောင့် နျန်ယွီယီရုတ်တရက် နားချိန်ရသွားလေသည်။
နှစ်ယောက်သားလုံး ကျီဆယ်ရင်းလုံးထွေးနေပြီးနောက် နျန်ယွီယီ အနည်းငယ်ချွေးစို့လာခဲ့သည်။ အောက်မှ ဂျက်ကတ်ကိုချွတ်လိုက်ကာ ခုံပေါ်သို့တင်လိုက်၍ ဖန်ကျုံးချွမ်းနှင့် ကျီဆယ်နေလိုက်သည်။ သူတို့၏ဆော့ကစားခြင်းများက နောက်ဆုံးတွင် အိပ်ခန်းထဲအထိ ရောက်သွားခဲ့၏။
ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲတွင်နားခိုနေရင်း နျန်ယွီယီသည် ဖုန်းတွင်ဝေ့ပေါ်ကိုဖွင့်လိုက်ရာ စိတ်ဝင်စားစရာကောင်းသည့် ရေပန်းစားနေသောအကြောင်းအရာများကို သတိထားမိလိုက်သည်။
“ပထမဆုံးနှင်းကျချိန်က ဆုတောင်းလို့အကောင်းဆုံးအချိန်ပဲ”
နျန်ယွီယီသည် ဟိုင်မြို့မှပထမဆုံးနှင်းကျချိန်ကိုပြန်တွေးလိုက်သည်။ ထိုအချိန်ကရိုက်ကူးရေးအဖွဲ့သားများမှာ စိတ်လှုပ်ရှားမှုများဖြင့် တက်ကြွကုန်ကြသောကြောင့် ဒါရိုက်တာကတစ်နာရီအနားပေးခဲ့ရသည်။
“အင်း...နျန်နျန် ဆုတောင်းခဲ့လား” ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏ခေါင်းပေါ်သို့ မေးတင်ထားရင်း ဖုန်းတွင်ပေါ်နေသည့် အကြောင်းအရာကိုကြည့်လိုက်သည်။
“အဲ့နေ့က ဆုတောင်းခဲ့တယ်” နျန်ယွီယီ ရင်ခွင်ထဲမှလှည့်လာကာ ဖန်ကျုံးချွမ်းကို မျက်နှာချင်းဆိုင်လိုက်သည်။
“ကျွန်တော့်ဆုတောင်းက အစ်ကိုနဲ့အတူအမြဲတမ်းရှိနေနိုင်ဖို့ပဲ”
🫶