Chapter 1
Viewers 1k

🎶 Chapter 1




"ယဲ့ဇယ်ရှစ်လား..."


ကျန်းရန်က လက်မှ ရေစက်များကိုခါ၍ လှောင်ပြောင်ချင်သည့်မျက်နှာဖြင့် ပြောလိုက်သည်။

"အဲဒီကောင်က ဘယ်လိုလုပ်များ အားကြီးတဲ့ရန်သူ ဖြစ်နိုင်မှာလဲ...သူက ကြည့်ကောင်းတဲ့မျက်နှာလေးရထားပြီး မိဘပိုက်ဆံတွေကိုပဲ ထိုင်ဖြုန်းနေတဲ့ သူဌေးသား အမှိုက်ကောင်ပဲ မဟုတ်ဘူးလား..."


ကျန်းရန်ဘေးမှ လူကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...မနေ့က သူတို့အဖွဲ့ လေ့ကျင့်နေတာကို မင်းမြင်လိုက်ရမှာ...အဲဒီယဲ့ဇယ်ရှစ် သီချင်းဆိုလိုက်တာ ငါ့မှာ ကျီးကန်းအော်ပြီး ထပျံသွားတာထင်လို့...လန့်သွားတာ သေတောင်သေ‌မလိုဖြစ်သွားတယ်..."


ယမန်နေ့က သီချင်းလေ့ကျင့်နေသည်ကို ပြန်မြင်ယောင်၍ ဘေးနားမှ လူတိုင်းကလည်း ရယ်လိုက်ကြသည်။


ရယ်သံများကို နားထောင်၍ သန့်စင်ခန်းထဲ၌ထိုင်နေသော ယဲ့ဇယ်ရှစ်က အသံမထွက်စေအောင် သတိထား၍ မျက်ခုံးကို ပင့်လိုက်မိသည်။


အပြင်မှ လူများကမူ ယဲ့ဇယ်ရှစ်အကြောင်း ဆက်အတင်းတုတ်နေကြသည်။


ကျန်းရန်: "အဲဒီ ယဲ့ဇယ်ရှစ်မှာ ရုပ်လေးချောတာကလွဲလို့ တခြားဘာများ တော်တာကောင်းတာရှိလို့လဲ...ဘာမှစိတ်ပူမနေနဲ့...ငါလေ့လာထားရသလောက်ဆိုရင် ငါတို့ နည်းနည်းစိတ်ပူရမှာ ထန်ကျင့်ပဲရှိတယ်..."


"ထန်ကျင့်ဆိုလို့ ပြောရဦးမယ်...သူနဲ့ ယဲ့ဇယ်ရှစ်တို့က တွဲနေကြတာလား..."


"အတည်လား...ဟန်ဆောင်နေကြတာလား..."


ကျန်းရန်က ခနဲ့သည့်လေသံဖြင့် ဆက်ပြောလိုက်သည်။

"မင်းတို့ မသိကြဘူးလား...ငါ အလုပ်သမားတစ်ယောက်ပြောနေတာ ကြားခဲ့တာတော့ ယဲ့ဇယ်ရှစ်က ဒီ Time Idol ပြိုင်ပွဲကို လာပြိုင်တာ ထန်ကျင့်ကို လိုက်ဖို့ဆိုပဲ..."


သန့်စင်ခန်းအပြင်မှအုပ်စုက ကျန်းရန်၏စကားကြောင့် ပင့်သက်ရှိုက်လိုက်မိကြသည်။


မိန်းကလေးများကသာ အတင်းတုတ်ကြသည်ဟု ပြောကြသော်လည်း ယခု ယဲ့ဇယ်ရှစ် တွေ့နေသလောက်တော့ ယောင်္ကျားလေးများလည်း အတင်းတုတ်ကြသည်ပင်ဖြစ်သည်။ 


"ယဲ့ဇယ်ရှစ်က ဒုတိယမျိုးဆက်သူဌေးသားပဲလေ...လူတစ်ယောက်ကိုလိုက်ဖို့ ဒီလိုပြိုင်ပွဲကို လာပြိုင်ဖို့တောင် လိုလို့လား..."


"ဒါဆိုရင် သူက ဒီပြိုင်ပွဲကို လာဖို့အတွက်ပဲ Starlight Entertainment မှာ သင်တန်းသားနေရာ လုယူလိုက်တာလားမသိဘူးနော်..."

[T/N: Starlight Entertainment - Starlight ဖျော်ဖြေရေးကုမ္ပဏီ။ 

နောက်ပိုင်းတွေမှာ Entertainment လို့ပဲသုံးပါမယ်နော်။]


"အခုခေတ် ဒုတိယမျိုးဆက် သူဌေးသားတွေကတော့ သူတို့လုပ်ချင်တာမှန်သမျှကို ပိုက်ဆံနဲ့ ပစ်ပေါက်ပြီး အကုန်လုပ်နေကြတော့တာပဲ..."


"အဲဒီ ယဲ့ဇယ်ရှစ်က ဒုတိယမျိုးဆက်သူဌေးသားလို့သာပြောနေတာ...ထန်ကျင့်နဲ့ရော ယှဉ်လို့ရလို့လား...ထန်ကျင့်ရဲ့ မိသားစုပိုင်တဲ့ပစ္စည်းတွေက..."


"ကျွိ" ဟူသောအသံနှင့်အတူ ယဲ့ဇယ်ရှစ်က တံခါးကိုတွန်းဖွင့်လိုက်သောကြောင့် အပြင်၌ ဝိုင်းဖွဲ့ဆွေးနွေးနေကြသူများ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ 


တံခါးဖွင့်သံကြားသောကြောင့် လူတိုင်းက လှည့်ကြည့်လိုက်ကြရာ ယဲ့ဇယ်ရှစ်ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် မျက်နှာများက အချိုးပြောင်းသွားကြတော့သည်။ 


ယဲ့ဇယ်ရှစ်က နှုတ်ခမ်းထောင့်၌ အပြုံးစစနှင့် သန့်စင်ခန်းထဲမှ ထွက်လာသောကြောင့် သူ ကျေနပ်နေသည်လား ဒေါသထွက်နေသည်လားကို မည်သူမှ မပြောနိုင်ကြချေ။ 


အလုပ်သမားများက သူတို့၏ သူဌေးအကြောင်းကို အတင်းတုတ်နေကြချိန်တွင် သူဌေးက မိသွားသကဲ့သို့ ယခု သန့်စင်ခန်းထဲမှ အခြေအနေကလည်း တော်တော်ရှက်စရာကောင်းနေသည်။ 


ကျန်းရန်က ဟန်ကိုယ်ဖို့၍ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ သူ့အဖွဲ့သားများကို ပြန်ရန်ပြောမည်အလုပ်မှာပင် ယဲ့ဇယ်ရှစ်က သူ့နားသို့ ခပ်ဖြည်းဖြည်း တစ်လှမ်းချင်းလျှောက်လာလေသည်။ 


ယဲ့ဇယ်ရှစ်၏အရပ်က မြင့်မားကာ သူဝတ်ထားသော ဈေးကြီးသည့်အဝတ်အစားများကလည်း သူ၏ကျစ်လစ်၍ အချိုးအစားကျနသော ခန္ဓာကိုယ်ကိုပေါ်လွင်နေစေသည်။ ကျန်းရန်ဘေး၌ရပ်လိုက်သောအခါ ယဲ့ဇယ်ရှစ်က ကျန်းရန်ထက် ခေါင်းတစ်ဝက်စာခန့် ပိုမြင့်နေသည်။ 


‌‌သူ့ခေါင်းပေါ်မှ လူတိုင်း၏အာရုံကိုဖမ်းစားနိုင်သည့် ပန်းရောင်ဆံပင်များကို မှန်ထဲ၌ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ယဲ့ဇယ်ရှစ်က တစ်ချက်ပြုံးလိုက်ပြီး ဘေစင်မှ ရေပိုက်ခေါင်းကိုဖွင့်၍ လက်ဆေးလိုက်သည်။

"ငါက ထန်ကျင့်ကို မယှဉ်နိုင်ဘူးလို့ ‌မင်းပြောနေတာ ငါကြားလိုက်တယ်..."


အခန်းထဲရှိ လူတိုင်း၏မျက်နှာက တစ်မျိုးစီဖြစ်နေသည်။ အချို့က မျက်နှာအရည်မထူသောကြောင့် ရှက်ကာ နားရွက်များ၊ မျက်နှာများ နီနေကြသည်။ 


ယဲ့ဇယ်ရှစ်က ငါတို့ပြောနေကြတာကို အကုန်ကြားသွားတာပဲ...


ယဲ့ဇယ်ရှစ်က လက်ကိုဖြည်းဖြည်းချင်းဆေး၍ တစ်ရှူးနှစ်ရွက်ကိုယူကာ လက်သုတ်လိုက်ပြီး သူဘာဖြစ်နေသည်ကို မသိစေနိုင်သော မျက်နှာသေဖြင့် ပြောလိုက်သည်။

"ဟုတ်တာပေါ့ ငါနဲ့ ထန်ကျင့်နဲ့ကို ဘယ်လို ယှဉ်နိုင်မှာလဲ...ငါ့မိသားစုရဲ့ ကုမ္ပဏီက တစ်နေ့ကို အမြတ် ဆယ်သန်းလောက်ရနေတာလေ...ထန်ကျင့်တို့ မိသားစုရဲ့ အမြတ်က...အင်း...ငါမှတ်မိတာ မမှားဘူးဆိုရင် နှစ်သန်းလောက်ရတာထင်တယ်..."


ယဲ့ဇယ်ရှစ်၏စကားကို ဘယ်သူကမှ ပြန်မဖြေဘဲ တစ်ခန်းလုံးက တိတ်ဆိတ်နေကြသည်။ 


ယဲ့ဇယ်ရှစ်ကမူ ဘာမှမဖြစ်ဘဲ ရုတ်တရက် အနောက်သို့လှည့်၍ ကျန်းရန်အား ကြည့်လိုက်သည်။

"ဒါနဲ့...မင်း ခုဏက ဘာပြောလိုက်တာလဲ..."


ကျန်းရန်၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွားသော်လည်း ယဲ့ဇယ်ရှစ်၏ ဆောင့်ကြွားကြွားပုံစံကိုလည်း ကြည့်မရဖြစ်နေသည်။ ထို့ကြောင့် ဖုံးကွယ်မနေတော့ဘဲ အံကိုကြိတ်ကာ ပြောလိုက်သည်။

"ငါပြောနေတာက မင်းက ဒုတိယမျိုးဆက်သူဌေးသားလို့သာပြောတာ...ထန်ကျင့်နဲ့..."


"အဲဒါမဟုတ်ဘူး...အဲဒီစကားကိုမပြောခင် အရှေ့က စကား..."

ယဲ့ဇယ်ရှစ်က ကျန်းရန်၏စကားကို ဖြတ်ပြောလိုက်သည်။ 


ကျန်းရန်လည်း ခဏကြောင်သွားပြီးမှ သူပြောခဲ့သည်များကို သေချာပြန်စဉ်းစားကာပြောလိုက်သည်။

"အခုခေတ် ဒုတိယမျိုးဆက်သူဌေးသားတွေက ပိုက်ဆံနဲ့ သူတို့လုပ်ချင်တာမှန်သမျှကို လုပ်နေတယ်ဆိုတာလား..."


ယဲ့ဇယ်ရှစ်က နှုတ်ခမ်းများကိုတွန့်၍ ပိုပြုံးလိုက်ပြီး သူ၏ ဝိုင်းစက်လှပသော မျက်လုံးများကလည်း ပို၍အရောင်တောက်ပသွားကြသည်။ 

"ဒီ Time Idol ပြိုင်ပွဲကို ရိုက်နေတဲ့ စင်‌နဲ့ အလုပ်သမားတွေ၊ ပြိုင်ပွဲဝင်တွေ နေနေကြတဲ့ စံအိမ်က ငါ့မိသားစုပိုင်တာတွေကြီးပဲ...အခု မင်းတို့အကုန်လုံးရောက်နေကြတဲ့ သန့်စင်ခန်းနဲ့ရေချိုးခန်း အပါအဝင်‌ပေါ့..."


ကျန်းရန်၏မျက်နှာက ရုတ်တရက် တောင့်တင်းသွားကာ အံ့ဩမှုဖြင့် မျက်လုံးများလည်း ပြူးကျယ်သွားကြသည်။ ကျန်းရန်သာမက အခြားလူများ၏မျက်လုံးများထဲ၌လည်း အံ့ဩမှုများ၊ အားကျမှုများဖြင့် ပြည့်ကုန်ကြသည်။ 


ယဲ့ဇယ်ရှစ်က လက်ထဲမှ တစ်ရှူးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်၍ ပျင်းရိပျင်းတွဲပုံဖြင့် ပြုံးလိုက်သည်။

"မင်းတို့ကိုပြောပြရတာတော့ အားနာပါတယ်...ဒါပေမယ့် ပိုက်ဆံသာရှိရင် မင်းတို့လို သူများအကြောင်းပြောနေစရာမလိုပဲ တကယ် ကိုယ်လုပ်ချင်သလိုလုပ်လို့ရတယ်..."


ထိုသို့ပြောပြီးသောအခါ ယဲ့ဇယ်ရှစ်က ဘယ်ကိုမှမကြည့်ဘဲ သန့်စင်ခန်းထဲမှ ထွက်လာလိုက်သည်။ သန့်စင်ခန်းထဲမှလူများကမူ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ကျန်ခဲ့ကြသည်။


အနား၌ မည်သူမှမရှိတော့သောအခါမှ ယဲ့ဇယ်ရှစ်၏မျက်နှာမှ အပြုံးစစက တဖြည်းဖြည်း စပ်ဖြဲဖြဲဖြစ်လာသည်။ လမ်းလျှောက်နေရင်းဖြင့် နှစ်ချက်မျှခုန်ကာ ခါးကိုလည်း ဘယ်ညာယိမ်း၍ ထိုနေရာ၌ပင် တန်ဂိုအကကို စကတော့မလို ဖြစ်သွားသည်။ 


ပျော်စရာကြီးပဲ...


ခုဏ ငါ့ပုံကိုကြည့်ရတာ အရမ်းကို မိမိုက်ပြီး ကြည့်ကောင်းနေမယ်ထင်တယ်...


မိုက်လိုက်တာ...


ဒီလိုပုံစံမျိုးကမှ ယဲ့ဇယ်ရှစ်ဆိုတဲ့ ငါနဲ့လိုက်ဖက်တာ...


ငါ့ရဲ့ အမူအရာတွေကလည်း လုံးဝထိမိနေမယ်ထင်တယ်...


ဤသည်မှာ ယဲ့ဇယ်ရှစ်အတွက် ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အလွန်ချမ်းသာသော ဒုတိယမျိုးဆက်သူဌေးသားအနေဖြင့် ပြုမူလိုက်ခြင်းဖြစ်၍ စိတ်လှုပ်ရှားကာ ပျော်ရွှင်နေမိသည်။ 


ဟုတ်ပေသည်။ ဤအကြိမ်မှာ ယဲ့ဇယ်ရှစ်က သူဌေးသားအဖြစ်နှင့် အခြားလူများကို စကားပြောသည်မှာ တကယ်ပင် ပထမဆုံးအကြိမ်ဖြစ်သည်။ သူ ယခင်က ပိတ်ကားချပ်ပေါ်၌သာ သရုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။ တစ်ခါတစ်ရံဆိုလျှင် တကယ့်အစစ်မဟုတ်၍ ဈာန်မဝင်စားနိုင်ဘဲ ကောင်းကောင်းသရုပ်မဆောင်နိုင်သည့်အချိန်များပင် ရှိသည်။ 


ဤတစ်ခေါက်တွင်မူ ယဲ့ဇယ်ရှစ်က သရုပ်ဆောင်ရန်အတွက်မဟုတ်ဘဲ တကယ့် ဆောင့်ကြွားကြွားသူဌေးသားပုံစံ လုပ်နိုင်ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဇယ်ရှစ်က ဤစာအုပ်ထဲသို့ ကူးပြောင်းလာသောကြောင့် ဖြစ်လေသည်။ 


ယမန်နေ့ညတွင် ယဲ့ဇယ်ရှစ်က စာအုပ်ထဲသို့ ကူးပြောင်းလာခဲ့၍ စာအုပ်ထဲမှ သူနှင့် မျိုးရိုးနာမည်သာမက ကိုယ်ပိုင်နာမည်ပါတူသည့် ဗီလိန်ဖြစ်သွားလေသည်။ 


ယဲ့ဇယ်ရှစ်က အကောင်းဆုံးသရုပ်ဆောင်ဆုကို လက်ခံရရှိခဲ့သည့်ညမှာပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ဆုရပြီးပြီးချင်း သေချာပင် မကြည့်ရသေးမီမှာပင် မေ့လဲသွားခဲ့၍ သတိလစ်နေသော်လည်း ဘေးပတ်ဝန်းကျင်မှ အသံများကို ‌ကောင်းကောင်းကြားနေခဲ့ရသည်။ 


အေးဂျင့်က ယဲ့ဇယ်ရှစ်ကို ဆေးရုံသို့ အမြန်ပို့ပြီးသောအခါ ဆရာဝန်က ယဲ့ဇယ်ရှစ်မှာ အလွန်အကျွံ မနားမနေ အလုပ်လုပ်ခဲ့သောကြောင့် ရုတ်တရက် သေဆုံးသွားရခြင်းဖြစ်၍ သူတို့လည်း တတ်နိုင်သမျှ အကောင်းဆုံး ကယ်ပေးရန်ကြိုးစားခဲ့ကြောင်း ပြောနေသည်ကို ကြားလိုက်ရသည်။ 


ယဲ့ဇယ်ရှစ်က ဆေးရုံကုတင်ပေါ်၌ သေနေရင်းကပင် မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။ 

သုံးရက်နဲ့ သုံးည မျက်လုံးလေးတစ်ချက်မပိတ်ဘဲ အလုပ်လုပ်မိတာနဲ့ ချက်ချင်းသေသွားစရာလား...


‌ယဲ့ဇယ်ရှစ် မျက်လုံးများကို နောက်တစ်ကြိမ် ဖွင့်လိုက်ချိန်တွင် စာအုပ်ထဲမှ ယဲ့ဇယ်ရှစ်ဘဝသို့ ကူးပြောင်းသွားခဲ့ပြီဖြစ်သည်။


တိုက်ဆိုင်စွာပင် စာအုပ်ထဲမှ ယဲ့ဇယ်ရှစ်ကလည်း အပြင်မှ ယဲ့ဇယ်ရှစ်ကဲ့သို့ပင် ယမန်နေ့ညက ရုတ်တရက် သေဆုံးသွားခဲ့သည်။ 


ထို့ကြောင့်လည်း ယဲ့ဇယ်ရှစ်က ဤစာအုပ်ထဲသို့ ကူးပြောင်းလာခဲ့ပုံရသည်။ 


အိပ်ရာပေါ်၌ လှဲနေရင်းကပင် ယဲ့ဇယ်ရှစ်က သူ၏ ဇာတ်ရုပ်ကို ချက်ချင်းသဘောပေါက်သွားသည်။ 


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင် ယဲ့ဇယ်ရှစ်က အသက်နှစ်ဆယ်ရှိပြီး စာအုပ်၏ အကြီးဆုံးဗီလိန်ဖြစ်သည်။ သူက အဓိကဇာတ်ကောင်နှင့် အမြဲရန်ဖြစ်ကာ မိသားစုအမွေရရန်လည်း သူ၏ အဖေတူအမေကွဲညီအစ်ကိုနှင့်လည်း ပြိုင်ဆိုင်၍ သူ မကြိုက်သူမှန်သမျှကို နှိပ်စက်ဖိနှိပ်တတ်သော သူဌေးသားတစ်ယောက်ဖြစ်သည်။


ဝတ္ထုများထဲတွင် အဓိကဇာတ်ကောင်အား ဆန့်ကျင်သူမှန်သမျှက မည်သည့်အခါကမှ ဇာတ်သိမ်းမကောင်းသလို ဝတ္ထုထဲမှ မူရင်းယဲ့ဇယ်ရှစ်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်သည်။ ဇာတ်လမ်းအဆုံးသတ်၌ ယဲ့ဇယ်ရှစ်၏ မိသားစုကုမ္ပဏီက သူ့ညီလက်ထဲရောက်သွား၍ ယဲ့ဇယ်ရှစ်လည်း အိမ်မှနှင်ထုတ်ခံရကာ လူတိုင်း၏ ဖယ်ကျဉ်ခြင်းနှင့် တစ်သက်လုံးနေသွားရသည်။ 


သို့သော် ထိုအချက်များကို ယဲ့ဇယ်ရှစ် ဂရုမစိုက်ပေ။ သူစိတ်ဝင်စားသည်က "ချမ်းသာသောမိသားစု" ဟူသော စကားသာဖြစ်သည်။ 


မူလယဲ့ဇယ်ရှစ်က ငွေကိုရေလိုသုံးနိုင်၍ သူ့အသိုင်းအဝိုင်းတွင် နာမည်ကြီးသော ဒုတိယမျိုးဆက်သူဌေးသားဖြစ်သည်။ 


ထို့ကြောင့် ချမ်းသာသည်။


အလွန့်အလွန်ကို ချမ်းသာသည်။ 


ယဲ့ဇယ်ရှစ်၏မျက်လုံးများ တဖျတ်ဖျတ် တောက်ပ‌လာလေသည်။ 


တခြားလူတွေနဲ့ ယှဉ်ပြိုင်နေရတာ ဘာများအကျိုးထူးမှာလဲ...


အဓိကဇာတ်ကောင်ရဲ့အချစ်ကိုရဖို့ မင်းသားနဲ့ ပြိုင်နေရတော့ရော ဘာအမြတ်ရမှာလဲ...


အမွေလုနေရသည်မှာလည်း စိတ်ရှုပ်စရာကောင်းလှသည်။ ငါးဆားနယ်လေးလုပ်ပြီး ရှယ်ယာထည့်ထား‌သောလုပ်ငန်းများဆီမှရသော အကျိုးအမြတ်များကို အေးအေးဆေးဆေးထိုင်သုံးနေရသည်နှင့်ပင် ယဲ့ဇယ်ရှစ်အတွက် လုံလောက်နေပြီဖြစ်သည်။ 


ယခင်မူလဘဝက အသက်ဆုံးရှုံးရသည်အထိ အလုပ်များ မနားမနေလုပ်နေခဲ့ခြင်းမှာလည်း ပိုက်ဆံအတွက်ပင်။


အခု လိုချင်သမျှ အရာရာရနေပြီဆိုမှတော့ ဘာကြောင့်များ အလုပ်ကြိုးစားနေရဦးမှာလဲ… 


ယဲ့ဇယ်ရှစ်က ထိုအကြောင်းများကိုစဉ်းစား၍ တစ်ညလုံး စိတ်လှုပ်ရှားကာ မနက်မိုးလင်းသည်နှင့် ဤပြိုင်ပွဲမှ နှုတ်ထွက်ကြောင်းကို ဒါရိုက်တာကို သွားပြောရန် စီစဉ်ထားလိုက်သည်။ 


သို့သော် ယဲ့ဇယ်ရှစ် တစ်မနက်လုံး ဒါရိုက်တာကို လိုက်ရှာနေခဲ့သော်လည်း အရိပ်အယောင်တောင်မတွေ့ရပေ။ ဒါရိုက်တာကြီး အလွန်အလုပ်များနေဟန်တူသည်။ 


ယဲ့ဇယ်ရှစ်လည်း အလျင်မလိုပေ။ ယခုမှရောက်လာသောဤကမ္ဘာနှင့်လည်း မရင်းနှီးသေးသောကြောင့် ရေချိုးခန်းထဲဝင်၍ အိမ်သာပေါ်ထိုင်ကာ ဖုန်းထိုင်နှိပ်နေလိုက်သည်။ ထိုသို့လုပ်လိုက်ခြင်းဖြင့် အပြင်မှ သူ့‌အကြောင်းဆွေးနွေးပွဲကြီးကို ကြားလိုက်ရမည်ဟု မထင်ထားခဲ့မိချေ။ 


ယခု Time Idol ပြိုင်ပွဲမှ အလုပ်သမားများနှင့် ပြိုင်ပွဲဝင်များနေနေကြသော စံအိမ်ကြီးက လူပေါင်းရာချီနေနိုင်သောကြောင့် အလွန်ကြီးမားသော စံအိမ်ကြီးဖြစ်သည်။ မူလယဲ့ဇယ်ရှစ်ကလည်း ဤပြိုင်ပွဲ၌ ဝင်ပြိုင်ရန်ရောက်နေသော်လည်း သူနေသည့်အခန်းက သီးသန့်တစ်ယောက်ခန်းဖြစ်သောကြောင့် အခြားသင်တန်းသားများနှင့် ကွဲနေသည်။ 


ထို့ကြောင့် ယခု သူ့အကြောင်းအတင်းတုတ်နေကြသည်ကို ယဲ့ဇယ်ရှစ်ကြားသွားသည်မှာ တိုက်ဆိုင်မှု သက်သက်သာဖြစ်သည်။


ငါ့အကြောင်း မကောင်းပြောနေကြတော့ရော ဘာဖြစ်လဲ...


ယနေ့က ခါတိုင်းနှင့်မတူတော့ပေ။ ယဲ့ဇယ်ရှစ်က နောက်ကွယ်မှ မည်သည့်ပံ့ပိုးမှုမှမပါဘဲ ဆယ်နှစ်အတွင်း အကောင်းဆုံးသရုပ်ဆောင်ဆုရရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့ရသော ယဲ့ဇယ်ရှစ် မဟုတ်တော့ပေ။ ယခုဆိုလျှင် သူ့အား ကူညီမည့်လူများနှင့် ချမ်းသာသော နောက်ခံအသိုင်းအဝိုင်းလည်း ရှိနေပေပြီဖြစ်သည်။ 


လူတချို့က ငါ့ကို ကြည့်မရဖြစ်နေတာကို ဂရုစိုက်နေရဦးမှာလား...


စိတ်ကူးထဲတောင်မထည့်ဘူး... 


ယဲ့ဇယ်ရှစ်က ဤအနုပညာအသိုင်းအဝိုင်း၌ပင် နေချင်တော့သည်မဟုတ်ပေ။ 


သူက လူချမ်းသာတစ်ယောက်၏ စည်းစိမ်များကိုသာ ခံစားချင်နေတော့သည်။ 


စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် အနည်းငယ် ကလိုက်ပြီးသည့်နောက်တွင် ယဲ့ဇယ်ရှစ်က အင်္ကျီကို သပ်ရပ်အောင် ပြန်လုပ်၍ ပျော်ရွှင်စွာပြုံးကာ ဒါရိုက်တာကို ဆက်ရှာရန်ပြင်လိုက်သည်။


သို့သော် ယဲ့ဇယ်ရှစ် မသိလိုက်သည်မှာ သူ့အား ဟယ့်ကျင်းယွင်က ထောင့်တစ်နေရာမှ ကြည့်နေခဲ့ခြင်းကိုပင်။ 


ယဲ့ဇယ်ရှစ်၏နောက်ကျောကိုကြည့်ရင်း ဟယ့်ကျင်းယွင်၏မျက်နှာ၌ အပြုံးရိပ်အနည်းငယ် သန်းလာလေသည်။ 


သူ့နားကြပ်ထဲမှ အသံက ဆက်ပြောနေသည်။

"မင်း ငါအခုပြောလိုက်တာ ကြားရောကြားရဲ့လား..."


ဟယ့်ကျင်းယွင်က အေးအေးဆေးဆေးပြန်ပြောလိုက်သည်။

"ဆောရီး...ခုဏက ငါ အသိစိတ်ခဏလွတ်သွားလို့...မကြားလိုက်ဘူး...ပြန်ပြောပါလား..."


တစ်ဖက်လူက စိတ်တိုသွားသော်လည်း မတတ်နိုင်ဘဲ ပြန်ပြောလိုက်ရသည်။

"အေးပါကွာ...ထားပါတော့ ဒါမျိုးက ရိုးနေပြီ...ငါ အခုပဲ ဒါရိုက်တာလီနဲ့ စကားပြောပြီးပြီ...ရှိုးရဲ့ အပိုင်းနှစ်ပိုင်းမှာ မင်းက ဧည့်သည်အနေနဲ့ ဝင်ပါပေးရမယ်...ငါ မင်းရဲ့ အီးမေးလ်ဆီကို စာချုပ်အသေးစိတ်ပို့ထားလိုက်ပြီ..."


ဟယ့်ကျင်းယွင်က ခေါင်းညိတ်၍ စကားအနည်းငယ်ပြန်ပြောလိုက်ပြီးမှ ဖုန်းကိုချကာ လေ့ကျင့်ရေးလုပ်သည့်နေရာဆီသို့ လျှောက်သွားလိုက်သည်။ 


အစောပိုင်းကတင် လူသွားလမ်းပေါ်၌ ခန္ဓာကိုယ်ကိုလှုပ်ကာ ကနေသော ယဲ့ဇယ်ရှစ်အကြောင်းပြန်စဉ်းစား၍ ဟယ့်ကျင်းယွင် မျက်ခုံးကိုအသာပင့်လိုက်မိသည်။ သူရှာနေသောနေရာအတွက် အသင့်တော်ဆုံးကိုလူကိုတွေ့ရန် ဤနေရာ၌ အပိုင်းနှစ်ပိုင်းစာပင် နေရန်မလိုတော့ဟု ထင်သည်။ အစောပိုင်းက ကသွားသော ယဲ့ဇယ်ရှစ်မှာ ဟယ့်ကျင်းယွင်မျက်လုံးထဲ၌ တော်တော်ကြည့်ရကောင်းနေသည်။ 


သို့သော် သူ၏ကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်းခံရရန်မှာ ၁၀၀ ရာခိုင်နှုန်းသေချာနေသည်။


ဟယ့်ကျင်းယွင် ခေါင်းကို အသာခါလိုက်သည်။ သူလိုနေသောနေရာအတွက် အခြားလူများကိုသာ ထပ်ရှာရဦးမည်ဟု ထင်ပေသည်။


...


ယဲ့ဇယ်ရှစ်က ဒါရိုက်တာအား တစ်မနက်လုံးလိုက်ရှာပြီးသောအခါ နောက်ဆုံးတွင် Time Idol ၏ ဒါရိုက်တာချုပ်လည်းဖြစ်၍ မူလယဲ့ဇယ်ရှစ်ဖခင်၏ သူငယ်ချင်းလည်းဖြစ်သူ လီချန်ကျန့်အား လေ့ကျင့်ရေးခန်းမထဲ၌ ရှာတွေ့သွားသည်။ 


ပြိုင်ပွဲက ယဲ့မိသားစု၏စံအိမ်ကို ရိုက်ကူးရေးနေရာအဖြစ် အခမဲ့သုံးခွင့်ရ၍ ပြိုင်ပွဲဝင်များနှင့် အလုပ်သမားများအားလုံးကလည်း စံအိမ်၌ အခမဲ့နေခွင့်ရနေခြင်းမှာ လီချန်ကျန့်ကြောင့်သာဖြစ်သည်။


အစောပိုင်းတုန်းက သန့်စင်ခန်းကပင် ယဲ့မိသားစုအပိုင်ဖြစ်သည်ဟု ပြောခဲ့ခြင်းမှာ ယဲ့ဇယ်ရှစ် လိမ်နေခြင်းမဟုတ်ပေ။


ယဲ့မိသားစု၏ လုပ်ငန်းများက အမှန်တကယ်ပင် ဝင်ငွေများစွာရသောကြောင့် မူလခန္ဓာကိုယ်ပိုင်ရှင် ယဲ့ဇယ်ရှစ်က မွေးတည်းက ရွှေဇွန်းကိုက်၍ မွေးလာသူဖြစ်သည်။ ထို့နောက် ဝတ္ထုဇာတ်လမ်းအရ အလွန်အမြင်ကတ်စရာလူအဖြစ်ကြီးပြင်းလာ၍ နောက်ဆုံး၌ စောစီးစွာပင် သေဆုံးသွားရသည်။ 


အစောပိုင်းက ကျန်းရန်နှင့် အခြားလူများက အိမ်သာထဲ၌ မူလယဲ့ဇယ်ရှစ်မှာ ထန်ကျင့်ကိုလိုက်ရန် ဤပြိုင်ပွဲသို့ ဝင်လာသည်ဟု ပြောနေသည်မှာလည်း တကယ်ဖြစ်သည်။ ထန်ကျင့်က ဤဝတ္ထု၏ အဓိကဇာတ်ဆောင်ဖြစ်၍ မူလယဲ့ဇယ်ရှစ်က ထန်ကျင့်အား လိုက်နေသူဖြစ်သည်။ 


သို့သော် မူလယဲ့ဇယ်ရှစ်က ဤပြိုင်ပွဲသို့ဝင်ရန် တခြားသင်တန်းသားတစ်ယောက်၏နေရာကို အတင်းလုယူလာသည်ဆိုသည်က မဟုတ်ပေ။ 


ယနေ့က ရိုက်ကူးရေးမစမီ နောက်ဆုံးအစမ်းလေ့ကျင့်သည့်ရက်ဖြစ်သောကြောင့် လီချန်ကျန့်က တစ်မနက်လုံးအလုပ်ရှုပ်နေသည်။ သို့သော် ယဲ့ဇယ်ရှစ်ကို မြင်သည်နှင့် လုပ်နေသမျှအားလုံးရပ်ကာ အနားသို့ လျှောက်သွားလိုက်သည်။ 


"ဇယ်ရှစ်...ဘာကိစ္စရှိလို့လဲ..."

လီချန်ကျန့်က လျှောက်လာရင်း မေးလိုက်သည်။

"မနေ့က သီချင်းဆိုလေ့ကျင့်တာ အဆင်မပြေလို့လား...အဆိုသင်ပေးတဲ့ဆရာကို ခေါ်ပြီး ထပ်သင်ပေးခိုင်းရမလား..."


ယဲ့ဇယ်ရှစ်ကပြုံးလိုက်သည်။

"မလိုပါဘူး ဦီးလေးလီ...ဒီနေ့ ကျွန်တော်..."


"ဘာကို မလိုရမှာတုန်း..."

လီချန်ကျန့်က မျက်မှောင်ကြုတ်ကာ ယဲ့ဇယ်ရှစ်၏စကားကို ဖြတ်ပြောလိုက်သည်။

"မင်းအဖေက မင်းကို အစစအရာရာစောင့်ရှောက်ပေးဖို့မှာထားတာ...မနက်ဖြန်က မင်း အဆိုတော်အဖြစ် ပွဲဦးမထွက်ခင် ပထမဆုံးဆိုရမယ့်ပွဲဆိုပေမယ့် ပွဲကတော့ ပွဲပဲလေ...ဖန်တွေရဖို့ ပရိသတ်ကို ကိုယ့်ဘက်က ဆွဲဆောင်နိုင်နေရမှာ..."


ယဲ့ဇယ်ရှစ်က ပြုံးလိုက်သည်။

"ကျွန်တော်လည်း အဲဒီကိစ္စအကြောင်းပဲပြောမလို့လာတာ...ဦးလေးလီ ကျွန်တော် ပြိုင်ပွဲကနေ နှုတ်ထွက်ချင်တယ်..."


"ဘာ..."

လီချန်ကျန့်က စကားပြောရပ်သွားသော်လည်း သူ့မျက်နှာကတော့ ယဲ့ဇယ်ရှစ် ဤသို့ပြောလာမည်ကို မျှော်လင့်ထားပြီးသားပုံနှင့် အံ့ဩမနေချေ။ 

"နှုတ်ထွက်ချင်တယ် ဟုတ်လား..."


ယဲ့ဇယ်ရှစ်က သေချာသောပုံဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် ဦးလေးလီ...ကျွန်တော် သေချာစဉ်းစားပြီးပြီ...ကျွန်တော့်ကို ပြန်ဆွဲခေါ်ဖို့ ကြိုးစားမနေပါနဲ့တော့..."


လီချန်ကျန့်: "ရှောင်ထန်ကို မလိုက်တော့ဘူးလား..."


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်..."


လီချန်ကျန့်: "ပွဲဦးလည်း မထွက်တော့ဘူးလား..."


ယဲ့ဇယ်ရှစ်: "အင်း..."


လီချန်ကျန့်: "အိမ်ပြန်ချင်တယ်ပေါ့..."


ယဲ့ဇယ်ရှစ်: "ဟုတ်..."


လီချန်ကျန့်: "အဲဒါ မကောင်းဘူးလေ..."


ယဲ့ဇယ်ရှစ်: "အဲဒီတော့ ဘာဖြစ်လို့လဲ..."



🎶🎶🎶