Chapter 16
Viewers 4k

🎶 Chapter 16



ယန်မန်ထံမှ ဖုန်းလက်ခံရရှိသော အတွင်းရေးမှူးကောင်းမှာ များစွာ မအံ့ဩပေ။


အတွင်းရေးမှူးကောင်း၏ အမည်မှာ ကောင်းရှူ ဖြစ်သည်။ သူ ယဲ့ကျန့်ပင်းနံဘေး ရှိလာသည်မှာ ငါးနှစ်ကျော် ခြောက်နှစ်ပင် ရှိတော့မည်ဖြစ်သောကြောင့် ယန်မန်တို့ သားအမိနှင့် သခင်လေးယဲ့ဇယ်ရှစ်တို့ကြားရှိ ပွဲပေါင်းများစွာကိုလည်း မြင်တွေ့ခဲ့ရပြီးဖြစ်လေသည်။ 


အကြိမ်ပေါင်းများစွာ ထိုလေးယောက်ကြား ကြားညပ်ခဲ့ရသောကြောင့် သူအလွန်ပင် ဘေးကျပ်နံကြပ် ဖြစ်နေရသည်။


ယဲ့ကျန့်ပင်း သူ့အား လက်ညှိုးထိုးလာပြီး ယဲ့ဇယ်ရှစ် အေးဂျင့် ဖြစ်လာသင့်သည်ဟု ဆိုလာသောအခါတွင်မူ ကောင်းရှူမှာ ခေါင်းပင်ကိုက်လာရတော့သည်။ ပြောရလျှင် ထိုသခင်လေးမှာ ဒေါသထွက်လွယ်သည့် စရိုက်ရှိသောကြောင့် သူ့အကြောင်းသိသူများမှာ ဝေးဝေးကရှောင်ကြလေသည်။ 


သို့သော် ကောင်းရှူတွင်လည်း သူ့အနာဂတ်အတွက် အစီအစဉ်ရှိလေသည်။


ယခုဆိုလျှင် ယဲ့ဇယ်ရှစ်မှာ အနုပညာလောကတွင် ပွဲဦးထွက်နိုင်ပြီဖြစ်သောကြောင့် များစွာသော ပရိသတ်တို့ကိုလည်း ဆွဲဆောင်ထားနိုင်လေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် ဈေးကွက်မြှင့်တင်ရေးနှင့် ထုတ်လုပ်ရေးတို့ပါ ပေါင်းထည့်လိုက်ပါလျှင် ယဲ့ဇယ်ရှစ်မှာ သေချာပေါက်ကျော်ကြားလာမည်ဟု ကောင်းရှူ ရဲရဲကြီးပြောရဲလေသည်။


သူတို့မိသားစု၏ သခင်ငယ်လေးမှာ ဗဟုသုတနှင့် ကျွမ်းကျင်သည့်စွမ်းရည်တို့ ဘာမှမရှိသည့် ချမ်းသာသည့် ဒုတိယမျိုးဆက်လေးဖြစ်သော်ငြား ဤကဲ့သို့ ထမင်းပန်းကန်လုံးကြီးအား သေချာပေါက်ကို စားနိုင်နေလေသည်။ 

(T/N- အဖြစ်မရှိပေမယ့်လည်း နောက်ကွယ်က ပံ့ပိုးပေးမယ့်သူရှိတဲ့အတွက် အရန်သင့်ခူးခပ်စားရုံပဲလို့ ပြောတာပါ)


တစ်နည်းဆိုရလျှင် သခင်ငယ်လေးသာ ရသစုံရှိုးအတွက် လူရွေးပွဲဝင်ပြိုင်ချင်လိုပါသည်ဟု ဂျီတိုက်ခဲ့ပါလျှင် မစ္စတာယဲ့မှာ လွယ်လွယ်နှင့် သဘောတူလိမ့်မည် မဟုတ်သော်လည်း မီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံပေးလိမ့်မည် ဖြစ်သည်။


"Time Idol" အစီအစဉ်မှာလည်း ထုတ်လွှင့်သည်မှာ နှစ်ပတ်မျှသာ ရှိသေးသော်လည်း ရင်းနှီးမြှုပ်နှံငွေ 

မီလီယံပေါင်းများစွာမှာ အမြတ်တို့ဖြင့် ပြန်လည်ရရှိပြီးဖြစ်လေသည်။ သခင်လေးသာ အနာဂတ်တွင် ကျော်ကြားလာပါလျှင် ကောင်းရှူ၏ နှစ်ပတ်လည်လစာမှာလည်း အနည်းဆုံးနှစ်ဆပင် ဖြစ်လာလိမ့်မည်ဖြစ်သည်။


အလုပ်က ခက်ခဲပေမယ့် ဆုလာဒ်ကတော့ အများကြီးပဲ...

ကောင်းရှူတစ်ယောက် အံကိုကြိတ်ကာ သဘောတူလိုက်‌တော့သည်။


ဘိုးဘေးလေးကို အလုပ်အကျွေးပြုရုံပဲမလား ... ပိုက်ဆံအတွက်ဆို လုပ်နိုင်တာပေါ့...


မစ္စတာယဲ့ထံတွင် သဘောတူလိုက်ကတည်းက ကောင်းရှူမှာ သခင်လေးဘက်ကဟု သေချာပေါက် ယူဆနိုင်လေသည်။


ယန်မန်အား ငြင်းဆိုရန် မလွယ်ကူသည့်အတွက် သူအမှန်ကိုသာ ပြောလိုက်လေသည်။

"သူဌေးယဲ့က ကျွန်တော့်ကို သခင်လေးရဲ့ အထွေထွေမန်နေဂျာ ဖြစ်လာဖို့ အမိန့်ပေးထားပါတယ်... စတူဒီယို အခြေချတာကအစ သခင်လေးရဲ့ ကိစ္စအကုန်လုံးကို တာဝန်ယူဖို့ပါ..."


ယန်မန် ထိုသည်ကိုကြားပြီးနောက် အနည်းငယ် စိတ်အေးသွားရသည်။

"အိုး...ဒါဆို ဇယ်ရှစ်က အနုပညာလောကမှာပဲ ဆက်နေတော့မှာဆိုတဲ့ သဘောပေါ့..."


ကောင်းရှူ ပြန်ဖြေခဲ့သည်။


ယန်မန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကာ အပြုံး‌လေးဖြင့် ပြောလာသည်။

"အဲ့ဒီကလေး ဇယ်ရှစ်ကလေ နည်းနည်းတော့ ခေါင်းကိုက်ချင်စရာပဲ ဆိုတော့... အတွင်းရေးမှူးကောင်း အတွက်တော့ ခက်ခဲကောင်း ခက်ခဲနေလိမ့်မယ်..."


ကောင်းရှူ ရှုံ့မဲ့ကာပြုံးလိုက်သည်။

ခေါင်းကိုက်မှာ မဟုတ်ဘူး ခေါင်းပြောင်မှာလေ...


ယန်မန်နှင့် ဖုန်းပြောပြီးနောက် ကောင်းရှူ သက်ပြင်းတစ်ချက်ရှိုက်ကာ ယဲ့ဇယ်ရှစ်ထံ ဖုန်းမခေါ်မီ မိမိကိုယ်ကို အားပေးလိုက်သည်။


ယဲ့ဇယ်ရှစ် ဖုန်းကို အမြန်ကိုင်လိုက်သည်။ နောက်က အသံများက အနည်းငယ်ဆူညံနေလေသည်။ 


"ဟယ်လို... ယဲ့ဇယ်ရှစ်ပါ..."

ကြည်လင်သည့် အမျိုးသားအသံတစ်သံမှာ ဖုန်း၏အခြားတစ်ဖက်မှ ထွက်ပေါ်လာလေသည်။ ထိုအသံမှာသိမ်မွေ့ပြီး ညင်သာလှသည်။


ကောင်းရှူ အနည်းငယ် မိန်းမောတွေဝေသွားကာ ဖုန်းနံပါတ်အား သေချာပြန်ကြည့်မိသည်။


ဒါတကယ်ကြီးကို သခင်လေးနံပါတ်ပါဟ ... ဘာလို့ လေသံက အရမ်းနူးညံ့နေရတာလဲ...


တုံ့ပြန်သံမှာ အတော်ကြာသည့်အထိ ထွက်မလာသော်လည်း ယဲ့ဇယ်ရှစ် စိတ်ရှည်ရှည်နှင့် ထပ်ပြောနေဆဲဖြစ်သည်။ 

"ဟယ်လို..."


ကောင်းရှူ ချက်ချင်းပင် အသိစိတ်ပြန်ဝင်လာလေသည်။ ထို့‌နောက် အမြန်ပြောလိုက်သည်။


"ဟယ်လို...သခင်လေး ကျွန်တော်က ကောင်းရှူပါ မစ္စတာယဲ့က သခင်လေးကို ဆက်သွယ်ဖို့ ပြောထားလို့ပါ..."


ယဲ့ဇယ်ရှစ် နားလည်လေသည်။ ထို့နောက် ပြုံးကာပြောလိုက်သည်။

"ဆိုတော့ ဒီကိစ္စပေါ့ ကျွန်တော်သိပါပြီ... အတွင်းရေးမှူးကောင်း အခုလာဖို့ အဆင်ပြေရဲ့လားမသိဘူး..."


ကောင်းရှူ အဆင်ပြေကြောင်း ပြောလိုက်သည်။


ယဲ့ဇယ်ရှစ် နေရာတစ်ခုအား ပြောလိုက်သည်။


တွေ့ဆုံမည့် အချိန်၊နေရာအား ကြိုတင်ရက်ချိန်းယူပြီးနောက် ဖုန်းချသွားလေသည်။ ကောင်းရှူမှာလည်း သံသယတို့ဖြင့် ပြည့်နှက်နေလျက်ရှိလေသည်။


ဆိုတော့ ဒါကအဆင်ပြေသွားတာလား...


ထိုသံသယများမှာ ညနေခင်းအစည်းအဝေးထိ ဆက်လက်တည်ရှိနေခဲ့လေသည်။


ယဲ့ဇယ်ရှစ်မှာ ရိုက်ကူးရေးကြောင့် ဗီလာမှ ထွက်ခွာ၍မရသော်ငြား ကံကောင်းစွာဖြင့် ယဲ့ဗီလာမှာ အစည်းအဝေးခန်းအား အချိန်မရွေး အသုံးပြု၍ ရနိုင်သည်အထိ ကြီးလေသည်။


မီတင်အခန်းတံခါးအား တွန်းဖွင့်လိုက်သည်။ ယဲ့ဇယ်ရှစ် ဆိုဖာပေါ်တွင် ထိုင်နေသည်ကို ကောင်းရှူ တွေ့လိုက်ရသည်။


သူ့တွင် ထိုပန်းရောင်တောက်တောက် ဆံပင်ကရှိနေသေးလေသည်။ သူ့ အသားအရေမှာလည်း မီးရောင်အောင်တွင် ဖြူဝင်းချောမွတ်နေလေသည်။ ယဲ့ဇယ်ရှစ်၏ မူလကရှိခဲ့သော ‌စိတ်‌ပြောင်းအလဲမြန်ခြင်းနှင့် ကြမ်းတမ်းသော စိတ်နေစိတ်ထားတို့မှာ ပျောက်ကွယ်သွားပြီး ကျန်နေခဲ့သည်မှာ လူကြီးလူကောင်းတစ်ယောက်၏ ညင်သာမှုနှင့် ကျက်သရေရှိမှုတို့သာ ဖြစ်လေသည်။


ကောင်းရှူ ဝင်လာသောအခါ ယဲ့ဇယ်ရှစ်က ပြုံးပင်ပြလိုက်သေးသည်။

"အတွင်းရေးမှူးကောင်း..."


ကောင်းရှူတွေဝေသွားလေသည်။

အရှေ့က ဒီလူက ငါ့မှတ်ဉာဏ်ထဲက ပိုင်းစိုးပိုင်နင်းရှိပြီး မာနကြီးတဲ့ အဲ့ဒီသခင်လေး ပေါ့လေ...


ကောင်လေးက အလွန်ပြောင်းလဲသွားလေသည်။ ညင်သာသော အသံမှာ နားဝင်ချိုလှသည်။


မျက်နှာအစိတ်အပိုင်းများသာ တူမနေပါလျှင် သူ လူမှားတွေ့နေသည်ဟုပင် ကောင်းရှူတွေးမိမည် ဖြစ်သည်။


သူ့ကို ထိတ်လန့်စေမည့် ကိစ္စများမှာ ထပ်လာရန်သာ ရှိနေလေသည်။


ယဲ့ဇယ်ရှစ် ကောင်းရှူအား ထိုင်ရန် ရင်းနှီးစွာ ပြောသည်သာမက ကောင်းရှူအား သောက်စရာတစ်ခုပင် ကမ်းပေးလာသည်။ 


ကောင်းရှူက ဖုန်းရသည်နှင့် အပြေးအလွှား လာခဲ့ရသောကြောင့် ရေတစ်ပေါက်ပင် မသောက်ခဲ့ရပေ။


သူ့လက်ထဲရှိ ဖန်ခွက်အား ကြည့်နေလျက် ကောင်းရှူမှာ ယဲ့ဇယ်ရှစ်နှင့် ပတ်သတ်၍ သူ့အ‌တွေးတို့ ပြောင်းလဲသွားလေသည်။


အထူးသဖြင့် ယဲ့ဇယ်ရှစ်က သူ့အား ယုံကြည်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးရွဲကြီးတို့ဖြင့် ကြည့်လာသောအခါတွင် ဖြစ်လေသည်။

ဒီလိုဂျီးများတဲ့ သခင်လေးဆီက ယုံကြည်ခံရတယ်ဆိုတော့ သခင်လေးက ငါ့ကို တကယ်အသိအမှတ်ပြုတယ် ဆိုတဲ့သဘောပဲ မလား...


အလုပ်သရဲကောင်းရှူမှာ ထိုမျက်လုံးများကြောင့် လှုံ့ဆော်ခံလိုက်ရလေသည်။ ထို့ကြောင့် သခင်လေး စိတ်ပျက်သွားမည်ကို ဘယ်တော့မှ အဖြစ်ခံမည်မဟုတ်ဟု သံဓိဌာန်ချလိုက်လေသည်။


ထို့ကြောင့် ဤကြော်ငြာကိစ္စအပေါ်တွင် အကောင်းဆုံးဆောင်ရွက်ရန် စိတ်ဆုံးဖြတ်ချက် ချထားလေသည်။


ယဲ့ဇယ်ရှစ်အား ဟယ့်ကျင်းယွင် ပေးလာသည့် အချက်အလက်မှာ Bulgari၏ နောက်ရာသီတွင် ထွက်ရှိမည့် ရှေးဟောင်းလက်ဝတ်ရတနာ စီးရီးကြော်ငြာဖြစ်သည်။ 


Bulgariမှာ နိုင်ငံတကာအမှတ်တံဆိပ် တစ်ခုဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်လည်း ကောင်းစွာသိလေသည်။ ဤသို့အဖိုးတန်လှသည့် ကြော်ငြာမျိုးမှာ သူပွဲဦးထွက်ပြီးသည်နှင့် ရရှိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်‌ပေ။


ပြောရမည်ဆိုလျှင် ဤကိစ္စမျိုးနှင့် ဟယ့်ကျင်းယွင် လာနောက်ရန်လည်း အကြောင်းမရှိပေ။


ယဲ့ဇယ်ရှစ် အစကလိုချင်နေသည်မှာ မုန့်ဖိုးမျှလောက်သာ ဖြစ်သောကြောင့် Bulgari၏ ကြော်ငြာအား လက်ခံရန် မလိုအပ်ခဲ့ပေ။ ထို့ကြောင့် Bulgari တံဆိပ်ဖြစ်ကြောင်း သိလိုက်ရသောအခါ အနည်းငယ် တုံ့ဆိုင်းမိသွားသည်။ 


သို့သော် လီချန်ကျန့်နှင့် ဟယ့်ကျင်းယွင်တို့က ဤကြော်ငြာမှာ သူနှင့် လိုက်ဖက်သည်ဟု ပြောကြလေသည်။


ယဲ့ဇယ်ရှစ် ပို၍ပင် တုန့်ဆိုင်းမိသွားသည်။


အတွင်းရေးမှူးကောင်း ရောက်လာသောအခါ ယဲ့ဇယ်ရှစ် စိတ်သက်သာရာ ရသွားလေသည်။


ကောင်းရှူအား သောက်စရာယူလာပေးပြီးနောက် သူ ကောင်းရှူ၏ အမြင်အား သိချင်နေလေသည်။ သူ့အတွေးများအား စုစည်းပြီး စကားပြောမည် ကြံစဉ်မှာပင် ကောင်းရှူက ပြောလာသည်။

"ကျွန်တော်ကြားတာကတော့ ရုပ်ရှင်ဧကရာဇ်ဟယ့်က ကြော်ငြာအတွက် ကနဦးပေးငွေက ဂဏန်းခုနှစ်လုံးလို့ သိရပါတယ်...အဲ့ဒီပမာဏက အရမ်းနည်းလွန်းတယ်..."


ယဲ့ဇယ်ရှစ်: "..."


ကောင်းရှူမှာ ယခုအချိန်တွင် ဈေးညှိနှိုင်းသည့် အခြေအနေသို့ ဝင်ရောက်နေပြီဖြစ်သည်။ သူ့လက်ထဲရှိ လိမ္မော်ရည်အား တစ်ငုံသောက်လိုက်ကာ အလေးအနက်အမူအရာရှိနေသော ဟယ့်ကျင်းယွင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်သည်။ 


"Bulgari တံဆိပ်က ကျွန်တော်တို့ ကုမ္ပဏီနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတာ ရုပ်ရှင်ဧကရာဇ် ဟယ့်လည်း သိမယ်လို့ ကျွန်တော်ထင်ပါတယ်... ဒီစီးရီးရဲ့ ကြော်ငြာတစ်ခုတည်းကို အသာထားဦး... အထွေထွေ ကုန်ပစ္စည်းတစ်ခုရဲ့ ကြော်ငြာကနေတောင် ဒီလောက်ပမာဏကို ချွေးတစ်စက်မထွက်ဘဲ ကျွန်တော်တို့ရနိုင်ပါတယ်..."


ယဲ့ဇယ်ရှစ် ခေါင်းအနည်းငယ်မူးသွားသည်ဟုပင် ခံစားလိုက်ရသည်။

"နေပါဦး..."


တစ်သန်းဆိုတဲ့ ပမာဏကတောင် တော်တော်နည်းနေသေးတာဆိုတော့ အခုကတည်းက ငါ့လစာကို ဖြတ်နေကြပြီလားဟ...


ကောင်းရှူ ယဲ့ဇယ်ရှစ်အား လက်ရမ်းပြလိုက်ကာ သခင်ငယ်လေးအား စိတ်ချပါဆိုသည့် အကြည့်ပေးလာသည်။ ထို့နောက် ဆက်ပြောလိုက်သည်။


"ရုပ်ရှင်ဧကရာဇ်ဟယ့်က ကျွန်တော်တို့ သခင်လေးနဲ့ ပူးပေါင်းဖို့ကို ‌ရိုးရိုးသားသား ဆွေးနွေးချင်တာ ကျွန်တော်သိပေမယ့်လို့ ဒီပူးပေါင်းမှုက နှစ်ဦးနှစ်ဖက်စလုံးရဲ့ ရိုးသားမှုအပေါ် အခြေတည်သင့်တယ် မလား..."


ဟယ့်ကျင်းယွင် အနောက်ရှိ လက်ထောက်၏ အမူအရာမှာ ပြောင်းလဲသွားသည်။ ဟယ့်ကျင်းယွင်က မကျေနပ်ချက် တစ်စုံတစ်ရာ ပြမလာဘဲ ပြုံးကာပြောလိုက်သည်။


"အတွင်းရေးမှူးကောင်း ပြောချင်တာက အဲ့ဒီလိုဆိုရင် ဘယ်လောက်ပမာဏက သင့်တော်မယ်လို့ ထင်ပါသလဲ..."


ကောင်းရှူ နံပါတ်တစ်ခု ပြောလိုက်သည်။


ယဲ့ဇယ်ရှစ်: "…"


ငါ အရင်က ရိုက်ခဲ့တဲ့ အပိုင်းလေးဆယ်ပါတဲ့ TVဒရာမာမှာတောင် ဒီလောက်အများကြီး မပေးဘူးလေ...


ယဲ့ဇယ်ရှစ်၏ တုံ့ပြန်ပုံကို မြင်သောအခါ ကောင်းရှူတစ်ယောက် မမျှော်လင့်စွာ အထင်လွဲသွားလေသည်။

"သခင်လေးက ဒီပမာဏကို နည်းသေးတယ်လို့ ထင်‌နေတာလား... ဒါဆို နှစ်ဆလုပ်လိုက်ကြတာပေါ့...


ယဲ့ဇယ်ရှစ်: "…"


အဆုံးတွင်မူ ကောင်းရှူ၏ ကျေးဇူးဖြင့် ပမာဏအလွန်များသည့် ကြော်ငြာစာချုပ်အား ယဲ့ဇယ်ရှစ် လက်မှတ်ထိုးလိုက်ရလေသည်။


စာချုပ်အား လက်မှတ်ထိုးပြီးနောက် ကောင်းရှူ ယဲ့ဇယ်ရှစ်အား နှစ်သိမ့်လိုက်သည်။ 

"သခင်လေး ဒီပမာဏက နည်းနည်း နည်းပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံး ကြော်ငြာ‌လေးတစ်ခုပဲလေ... နောက်ကျ သခင်လေးရဲ့ ဂုဏ်သတင်း မြင့်တက်လာတာနဲ့အမျှ ကုမ္ပဏီက အရင်းအမြစ်တွေကိုလည်း ကျွန်တော်တို့ ပိုရလာမှာပါ... အဲ့ဒီအရင်းအမြစ်တွေ အားလုံး သခင်လေးဆီ ကျွန်တော်တို့ အကုန်ပေးနိုင်တယ်...အဲ့ဒီအခါကျ ဒီလို Bulgari ကြော်ငြာလောက်လေးနဲ့ စိတ်ရှုပ်စရာ မလိုတော့ဘူး...


ယဲ့ဇယ်ရှစ် နှလုံးပင်အနည်းငယ် တုန်သွားရသည်။ 

Bulgari ကြော်ငြာလေးတစ်ခု ဟုတ်လား... ဒါက လူချမ်းသာတွေရဲ့ ဘဝဆိုတာများလား...


သေချာပေါက်ပင် ယဲ့ဇယ်ရှစ် သူ့ကိုယ်သူ ချမ်းသာသည်ကို မမေ့ပေ။


သူ၏ ချမ်းချမ်းသာသာနေရမည့် ဘဝလေးအား ယဲ့ကျန့်ပင်းထံမှ ဟန့်တားခံထားရသည်မှာတော့ သူ၏ကံဆိုးမှုပင်ဖြစ်လေသည်။


ဒါပေမယ့် ငါ ကြော်ငြာရိုက်ပြီးသွားတာနဲ့ ဘာမှချုပ်တည်းထားစရာ မလိုတော့ဘူးမလား...


ထိုသို့တွေးမိသောအခါ ယဲ့ဇယ်ရှစ် ပျော်လာလေသည်။


သူထွက်မသွားမီ ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်အား Wechatတွင်အပ်ရန် တောင်းဆိုသည်ကို လက်ခံလိုက်‌သေးသည်။ 


ဒုတိယမြောက်အတည်ပြုမက်ဆေ့အား ကျော်ဖြတ်ပြီးသွားလေသည်။ ဟယ့်ကျင်းယွင် စခရင်ပေါ်ရှိ ဖရဲသီးအရုပ်ခေါင်းလေးအား ကြည့်ကာ သူ့နှုတ်ခမ်းထောင့်တို့ တွန့်ကွေးသွားလေသည်။


အားလုံးထွက်သွားသည်အထိ လက်ထောက်ကစောင့်နေခဲ့သည်။ သူမ တော်တော်လေးကို စိတ်မကျေမနပ်ဖြစ်နေသောကြောင့် ပြောလိုက်သည်။


"အစ်ကိုဟယ့် သူတို့တောင်းတဲ့ငွေပမာဏက ဘရန်းကပေးတဲ့ ကြော်ငြာကြေး‌ကိုတောင် ကျော်နေပြီလေ...ကျန်တာအစ်ကို့အိတ်ထဲက စိုက်ရမှာကို ...သူတို့အတော်လေးလွန်တာ မဟုတ်ဘူးလား..."


ဟယ့်ကျင်းယွင် ဖုန်းကိုပိတ်လိုက်ကာ လက်ထောက်အား ပြုံးကာကြည့်လာသည်။ 

"ဒါဆို သူတို့တွေ 'ကျော်ကြားသော စစ်သူကြီး' မှာ ဘယ်လောက်ရင်းနှီးမြှုပ်နှံခဲ့လဲဆိုတာ မင်းသိလား..."


လက်ထောက်က ဟယ့်ကျင်းယွင်နောက်လိုက်သည်မှာ မကြာသေးသော်လည်း ဟယ့်ကျင်းယွင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာလုပ်ကာ ပထမဆုံးရိုက်ကူးထားသော "ကျော်ကြားသော စစ်သူကြီး" ဆိုသည်ကိုမူ ကြားဖူးလေသည်။


သူမ ခေါင်းညိတ်လိုက်သည်။


ဟယ့်ကျင်းယွင် လက်ထောက်အား ကြည့်လိုက်သည်။ သူ့အကြည့်များမှာ ပြုံးနေသော်လည်း လေးနက်လေသည်။ 


"ငါတော့ စိတ်ကြိုက်တွေ့တဲ့ သရုပ်ဆောင်နဲ့ ပိုက်ဆံသန်းဂဏန်းလောက်လေးနဲ့ လဲရတာကို တန်တယ်လို့ထင်တယ်..."


ပိုက်ဆံသာပုံပေးလိုက်လျှင် လူ့သဘောအရ ထိုသူမှာ ထွက်မပြေးတတ်ပေ။


လက်ထောက်မှာ သူမ မျက်လုံးပင့်ကြည့်မိသည်နှင့် ဟယ့်ကျင်းယွင် ပြုံးနေသည်နှင့်တိုးလေသည်။ ထိုသည်ကိုမြင်လိုက်ရသောအခါ သူမနှလုံးသားလေးမှာ အလှတရားကြောင့် ရိုက်ချခံလိုက်ရလေသည်။


ခဏအကြာတွင် သူမပါးများရှက်သွေးဖြာလာကာ အဝေးသို့ အကြည့်လွှဲလိုက်ရလေသည်။ 


ထားလိုက်တော့ ငါ့အိုင်‌ဒေါပျော်နေရင် အကုန်အဆင်ပြေတယ်..


ဟယ့်ကျင်းယွင် ပျော်နေသည်။ ချက်ချင်းလက်ငင်း ချမ်းသာလာသော ယဲ့ဇယ်ရှစ်မှာ ပို၍ပင် ပျော်နေလေသည်။


ယဲ့ဇယ်ရှစ်မှာ အငြိမ်းစားယူမည့် အချိန်ကိုပင် တွေးနေပြီ ဖြစ်လေသည်။ ယခုတွင် သေချာပေါက် မလုံလောက်သေးပေ။ ပိုက်ဆံမှာ ယခုထိ လက်ခံမရရှိသေးသော်လည်း မူပိုင်ခ စတင်ရရှိလာသည်နှင့် သူအငြိမ်းစားယူနိုင်ပြီ ဖြစ်သည်။


ယဲ့ဇယ်ရှစ်တစ်ယောက် အငြိမ်းစားယူရန် တွေးနေသောအချိန်တွင် တစ်ဖက်ရှိ ကောင်းရှူမှာ လီချန်ကျန့်နှင့်တကွ ယဲ့ဇယ်ရှစ်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အား ပြောနေလေသည်။


ကောင်းရှူအတွက် အေးဂျင့်လုပ်ရသည်မှာ ပထမဆုံး ဖြစ်သော်လည်း ဤကိစ္စများမှာ ကုမ္ပဏီ၏ အရေးကိစ္စများနှင့်ဆိုလျှင် ဘာမှမဆိုင်လေရာ သူချောချောမွတ်မွတ် ဆောင်ရွက်နိုင်လေသည်။


တစ်ယောက်နှင့် တစ်ယောက် စကားလုံးအနည်းငယ် ဖလှယ်ပြီးနောက် ဝန်ထမ်းတစ်ယောက် အပြေးအလွှားရောက်လာကာ တိုးတိုးလေးပြောလိုက်သည်။

"ဒါရိုက်တာလီ ပြဿနာတက်နေတယ်..."


ထိုသည်ကို ကြားပြီးနောက် လီချန်ကျန့်မျက်နှာ ရုတ်တရက် ပြောင်းလဲသွားလေသည်။ ထို့နောက် သူမတ်တတ်ရပ်လိုက်ကာ ယဲ့ဇယ်ရှစ်အား ပြောလိုက်သည်။


"ဇယ်ရှစ် နောက်တောင်ကျနေပြီ မင်း မနက်ဖြန် ရုပ်သံရိုက်ကူးရေးအတွက် ပြန်ပြီးနားသင့်နေပြီ... အတွင်းရေးမှူးကောင်း အရင်ပြန်နှင့်လိုက်ပါ...ကျွန်တော်နောက်မှ ဆက်သွယ်လိုက်ပါ့မယ်..."


ကောင်းရှူ ဘာမှပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။


ယဲ့ဇယ်ရှစ်က ဝန်ထမ်းပြောသည်ကို မကြားလိုက်ပေ။ သူ ဤကိစ္စများကိုလည်း စိတ်မဝင်စား၍ လီချန်ကျန့်အား ဤသို့သာပြောလိုက်သည်။

"ဟုတ်ကဲ့ ဒီနေ့ ဦးလေးကို အလုပ်ရှုပ်စေခဲ့မိပြီ... ဦးလေးလည်း စောစောရှင်းပြီး အနားယူသင့်တယ်..."


လီချန်ကျန့် ထိုသို့ ကြားသောအခါ သူ့အမူအရာများ အနည်းငယ် ပြေလျော့သွားလေသည်။ သူပြုံးကာ ယဲ့ဇယ်ရှစ် ပုခုံးအား ပုတ်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပြီ...ဦးလေးသိပါတယ်... မင်းအရင် ပြန်နှင့်လိုက်..."


စကားပြောပြီးနောက် လီချန်ကျန့် ဝန်ထမ်းနှင့်အတူ ထွက်သွားလေသည်။


ကောင်းရှူ ယဲ့ဇယ်ရှစ်အား စိတ်ကျေနပ်မှုတို့ဖြင့် ငဲ့ကြည့်လိုက်သည်။


ငါတို့သခင်လေးက တကယ်ကို ပြောင်းလဲသွားတာပဲ...


အရင်က ယဲ့ဇယ်ရှစ်သာဆို ဒီလိုစကားမျိုးပြောဖို့ ဝေလာဝေး...


ကောင်းရှူ ယဲ့ဇယ်ရှစ်အား ပိုပို၍ စိတ်ကျေနပ်လာလေသည်။ တစ်ချိန်တည်းမှာပင် သူ့သခင်လေးအတွက် အခိုင်မာဆုံး နောက်ခံဖြစ်ပေးမည်ဟုလည်း သူဆုံးဖြတ်လိုက်လေသည်။ 


စတူဒီယိုက အလုပ်တွေ နှောင့်နှေးလို့ မဖြစ်ဘူး...


ထိုအတွေးတို့ဖြင့် ကောင်းရှူ ထွက်သွားသည်။


ယဲ့ဇယ်ရှစ် အဆောင်သို့ တစ်ယောက်တည်း ပြန်သွားလိုက်သည်။ နောက်တစ်နေ့တွင် သူသိလိုက်သည်မှာ ယ‌မန်နေ့ညက ဖြစ်ခဲ့‌သောကိစ္စမှာ ပေါ့သေးသေး ကိစ္စမဟုတ်ဟုပင်။ 


ထန်ကျင့်နှင့်စွေ့ယီ ရန်ဖြစ်ကြလေသည်။


ထိုကိစ္စအား နံနက်‌‌စောစောတွင် ယဲ့ဇယ်ရှစ်ထံသို့ ယုယန်ကိုယ်တိုင် အဆောင်တံခါးဝအထိ လာပြောခြင်းဖြစ်သည်။


သူတို့နှစ်ဦး ရန်ဖြစ်ရသည့် အကြောင်းအရင်းကို မသိရချေ။ လီချန်ကျန့်မှာ ဤကိစ္စအား အလွန်ဒေါသထွက်နေလေသည်။ ထို့နောက် သူက ဝန်ထမ်းများနှင့် ပြိုင်ပွဲဝင်တို့အား ဤကိစ္စကို အပြင်သို့ဖြန့်ပါက အနုပညာလောကအား တာ့တာပြရမည်ဖြစ်ကြောင်း အထပ်ထပ်အခါခါသတိပေးလေသည်။



🎶🎶🎶