Chapter 15
Viewers 1k

🎶 Chapter 15

 


ဤကမ္ဘာကြီးထဲတွင် အခြားသူများအား အလုပ်အကိုင် မိတ်ဆက်ပေးချင်‌နေသူများကို ယဲ့ဇယ်ရှစ် အမှန်တကယ် နားမလည်ချေ။ 

 

ငါက ရုပ်ရှင်တောင် မရိုက်ချင်တာ …ကြော်ငြာရိုက်ဖို့ စိတ်ဝင်စားဦးမှာတဲ့လား… 

 

ယဲ့ဇယ်ရှစ် သူ့လက်ထဲမှ ဝိုင်ခွက်အား လေးတွဲ့စွာ ချလိုက်ကာ အနည်းငယ် မတ်မတ်ထိုင်လိုက်သည်။ ဟယ့်ကျင်းယွင်နှင့် အလေးအနက် စကားပြောတော့မည့် ဟန်ပြင်နေစဉ်တွင် အသံတစ်သံက ဝင်ရောက်လာလေသည်။  

 

“နည်းပြဟယ့် ကျွန်တော် နည်းပြကို အခုလေးတင် လိုက်ရှာနေတာ … ဟေး… ဇယ်ရှစ် လည်း ဒီမှာရှိနေတာလား…” 

 

လီချန်ကျန့် ဝိုင်တစ်ခွက်ဖြင့် ရောက်ချလာကာ စားပွဲပေါ်ရှိ ဖိုင်ကို တစ်ချက်ငဲ့ကြည့်ကာ မေးလိုက်သည်။ 

“ဒါ ဘာကြီးလဲ…” 

 

ဟယ့်ကျင်းယွင်က လီချန်ကျန့်ကို လက်ရှိ အခြေအနေအား ရှင်းပြသည် ဆိုရုံမျှသာ အကြမ်းဖျဉ်းပြောလိုက်သည်။ 

 

လီချန်ကျန့် ခေါင်းတစ်ချက်ညိတ်လိုက်သည်။ 

“ကိစ္စက ဒီလိုပေါ့… ဇယ်ရှစ် က အခုထိ ပွဲဦးမထွက်ရသေးဘူးဆိုပေမယ့် သူ့ရဲ့လက်ရှိ ကျော်ကြားမှုအရ ကြော်ငြာတွေရိုက်ဖို့က တကယ်အသင့်တော်ဆုံးပဲ…” 

 

လီချန်ကျန့်တစ်ယောက် သူ၏တူလေးကို အလွန်ကျေနပ်နေလေသည်။  

 

သောကြာနေ့က တိုက်ရိုက်ထုတ်လွှင့်မှုတွင် ယဲ့ဇယ်ရှစ်အကကြောင့် သူပင်အံ့အားသင့်ခဲ့ရသည်။ 

 

ငါ့တူလို့မပြောရဘူး တွေးကြည့်ရုံနဲ့ကို ဂုဏ်ယူရတယ်… 

 

လီချန်ကျန့်၏ ကြားဖြတ်ခြင်းခံလိုက်ရသော ယဲ့ဇယ်ရှစ်မှာ ပြောမည့် စကားတို့ပင် လည်ဝ၌ ဆို့နင်သွားရလေသည်။ 

“ဦးလေးလီ…ကျွန်တော်…” 

 

“ ဒါပေမယ့် ဒီကိစ္စမျိုးအတွက်က ဇယ်ရှစ်ရဲ့ အေးဂျင့်နဲ့ ပြောမှပိုကောင်းတာပေါ့…” 

 

လီချန်ကျန့်က ယဲ့ဇယ်ရှစ်အား 'ဒီကိစ္စဦးလေးနဲ့ လွှဲသာထားလိုက်'ဆိုသည့် သဘောဖြင့် လက်ကာပြလိုက်လေသည်။ 

 

ဒီလိုကိစ္စတွေမှာ ငါသာအတော်ဆုံးပဲလေ…သူ့တူလေးအပေါ် ဘယ်သူမှ အမြတ်မထုတ်စေရဘူးကွ… 

 

ပြောရမည်ဆိုလျှင် ယဲ့ဇယ်ရှစ်က သူ၏တူ‌လေးဖြစ်နေဆဲ ဖြစ်သောကြောင့် သူ့တူလေး ခံစားရမည်ကို သူလုံးဝဖြစ်ခွင့် ပြုမည် မဟုတ်ချေ။ 

 

ယဲ့ဇယ်ရှစ်က ထိုသည်ကို စိုးရိမ်နေရခြင်းမဟုတ်ရပေ။ သူ့မှာ ကြော်ငြာရိုက်ရန် လုံးဝကို စိတ်ကူးမရှိချေ။ သို့သော် လီချန်ကျန့်က သူ့အား စကားတစ်ခွန်းပြောရန်ပင် အခွင့်အရေး ပေးမလာပေ။ 

 

“ဒါနဲ့…ဇယ်ရှစ် မင်းမှာ အေးဂျင့် ရှိပြီလား…”  

လီချန်ကျန့် မေးလာသည်။ 

 

ယဲ့ဇယ်ရှစ် ခေါင်းရမ်းပြလိုက်သည်။ 

ဘယ်လိုလုပ် အေးဂျင့်ရှိမှာတုန်း ငါက ဒီဖျော်ဖြေရေးလောကထဲ ကျင်လည်မှာမှ မဟုတ်တာကို… 

 

ဟယ့်ကျင်းယွင် ထိုသည်ကို ကြားသောအခါ အံ့ဩသွားသည်။ 

“မန်နေဂျာရော မရှိဘူးလား…” 

 

လီချန်ကျန့် တစ်စက္ကန့်မျှ ငြိမ်ကျသွားသည်။  

“ဒီအတွက်က ငါ့ကိုပဲအပြစ်တင်ရမှာပဲ …ဦးလေး အရင်က မင်းအဖေကို ဒီအကြောင်းပြောမလို့ပဲ …နောက်တော့ ဦးလေး အလုပ်တွေများပြီး မေ့သွားတာ…” 

 

ထိုသို့ပြောပြီးသည်နှင့် လီချန်ကျန့် သူ့လက်ထဲရှိ ဝိုင်ခွက်ကို စားပွဲပေါ် ချလိုက်သည်။ 

 

“ဇယ်ရှစ်၊ နည်းပြဟယ့်…ခဏလောက်စောင့်ပေးပါ …ကျွန်တော် အခုချက်ချင်း မစ္စတာယဲ့ကို ဖုန်းခေါ်လိုက်ပါ့မယ်…” 

 

ယဲ့ဇယ်ရှစ် အမြန်ထရပ်လိုက်ကာ သူထိန်းထားသမျှ ပြောလိုက်လေသည်။  

“မလိုပါဘူး… ဦးလေးလီ …ကျွန်တော် ကြော်ငြာတွေ ရိုက်မှာမဟုတ်ဘူး…” 

 

လီချန်ကျန့် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ 

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” 

 

ယဲ့ဇယ်ရှစ် : “ ဦးလေး…ကျွန်တော်…” 

 

လီချန်ကျန့် သဘောမတူနိုင်စွာ ခေါင်းရမ်းလိုက်သည်။  

“မင်းရဲ့ ကတ်တွေတော့ ပြန်လိုချင်သေးတယ်မလား…ဟမ်…” 

 

ဟယ့်ကျင်းယွင်လည်း ဘေးမှာရှိနေသောကြောင့် လီချန်ကျန့် စကားကို ဆုံးအောင် မပြောလိုက်ပေ။ 

 

လီချန်ကျန့် အသံက မတိုးပေ။ စကား အဓိပ္ပာယ်က ဝေဝါးသော်လည်း ဟယ့်ကျင်းယွင် နားလည်လိုက်လေသည်။ 

 

ယဲ့ဇယ်ရှစ် ဒီပြိုင်ပွဲကို ပြဿနာမရှာဘဲ ဝင်ပြိုင်နိုင်တာ မဆန်းတော့ပါဘူး …နောက်ကွယ်မှာ အကြောင်းပြချက် ရှိနေတာကိုး…. 

 

ဟယ့်ကျင်းယွင် မျက်ခုံးများအနည်းငယ် မြင့်တက်သွားသည်။ သူက စဉ်စားနိုင်စွမ်းရှိလေသည်။ 

 

ယဲ့ဇယ်ရှစ်မှာ အစက ပြန်လည်ချေပချင်သော်ငြား ထိုစကားအား ကြားလိုက်ရသောအခါ သူလည်း တိတ်ဆိတ်သွားလေသည်။  

 

လီချန်ကျန့် ဆိုလိုချင်သည်က သူယခု ဤနေရာမှာ ရှိနေရသည်မှာ ကြော်ငြာရိုက်ရန်အတွက်သာ ဖြစ်သည်။


ဘာဖြစ်လို့လဲဆိုတော့ သူ့ရဲ့ ဈေးပေါပေါ အဖေက သူ့ကတ်တွေကို ပိတ်ထားလို့လေ...

 

ကြော်ငြာ ရိုက်ဖို့ဆိုတာကလည်း အဲ့ဒီလောက် အချိန်ယူတာလဲ မဟုတ်ပါဘူးလေ…. 

 

ငါ ကြော်ငြာရိုက်လိုက်တာနဲ့ ဈေးပေါပေါ အဖေကြီးက ပျော်ပြီး ကတ်တွေ ချက်ချင်းထဖွင့်ပေးလာ မလားမှ မသိတာ… 

 

မမိုက်ဘူးလား… 

 

ထိုသို့ တွေးမိပြီးနောက် ယဲ့ဇယ်ရှစ်၏ ဘူးခံနေမှုက အနည်းငယ် လျော့ရဲလာသည်။ ထို့နောက် ဆိုဖာပေါ် ပြန်ထိုင်ချလိုက်သည်။ 

 

ဤသည်ကို မြင်လိုက်ရသော လီချန်ကျန့်မှာ အတော်လေး စိတ်ကျေနပ်သွားရသည်။ သူတို့ နှစ်ယောက်အား စကားပြောပြီးသည်နှင့် သူဖုန်းခေါ်လေတော့သည်။ 

 

မိနစ်အနည်းငယ်ကြာသော် လီချန်ကျန့်တစ်ယောက် အမြန်ပြန်လာကာ ယဲ့ကျန့်ပင်း၏ စကားတို့အား သယ်ဆောင်လာလေသည်။


“ယဲ့ဇယ်ရှစ်ကို သူ့အတွက်သူ ရင်ဆိုင်ခိုင်းလိုက်…”

ဟူ၍ပင်။ 

 

တကယ်ကြီး အဲ့ဒီလိုပြောလိုက်တာတော့ ဘယ်ဟုတ်ပါ့မလဲ သူ့မူရင်းအတိုင်းပြောရရင် အဲ့ဒီခွေးကောင်လေးကို ငါ့ကို ကိုယ်တိုင်လာပြောခိုင်းလိုက် လို့ပြောတာလေ…အေးစက်စက် နှာမှုတ်သံကြီးက အဆစ်ပါလိုက်သေးတာ… 

 

လီချန်ကျန့် သူ့သူငယ်ချင်းအား နှစ်သိမ့်ပေးပြီးနောက် ယဲ့ဇယ်ရှစ်ထံ ပြန်ပြောရန် လာခဲ့လေသည်။ 

 

ဒီကြားချိန်လေးအတွင်း ယဲ့ကျန့်ပင်းတစ်ယောက် စိတ်အေးအေးထားပြီး နှစ်ယောက်သား တကျက်ကျက် မဖြစ်ဖို့ မျှော်လင့်ရတာပဲ… 

 

ယဲ့ဇယ်ရှစ် အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ကာ ဖုန်းကိုထုတ်လျက် ဆက်သွယ်‌နိုင်သည့် လူစာရင်းကို ဖွင့်လိုက်သည်။ သူ၏ ဈေးပေါပေါ အဖေကြီးနာမည်အား တွေ့လိုက်သည်။ 

 

စာအုပ်ထဲသို့ ကူးပြောင်းလာကတည်းက သူ၏အဖေဆီသို့ ဖုန်းခေါ်သည်မှာ ပထမဆုံးဖြစ်သောကြောင့် ယဲ့ဇယ်ရှစ် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ 

 

ဝတ္ထုထဲမှ ယဲ့ကျန့်ပင်းက စည်းကမ်းတင်းကြပ်ပြီး လေးနက်သောသူတစ်ယောက် ဖြစ်လေသည်။ 

 

ယဲ့ကျန့်ပင်းအပေါ် ယဲ့ဇယ်ရှစ် အမြင်များစွာ မရှိပေ။ ဝတ္ထုထဲရှိ မတော်တဆမှု တစ်ခုကိုသာ သူမှတ်မိသည်။ ယဲ့ကျန့်ပင်း သေသွားကာ ယဲ့မိသားစုကုမ္ပဏီက မူလကိုယ်၏ သွေးတစ်ဝက်‌နွယ်သော ညီထံသို့ လွှဲပြောင်းခံလိုက်ရသည်။ ထို့နောက် မူလကိုယ်၏ ကံကြမ္မာက ဆိုးသထက် ဆိုးလာခဲ့သည်။ 

 

ယဲ့ကျန့်ပင်း နံဘေးရှိကတည်းက မူလကိုယ်မှာ အပြင်လောက၌ သူလုပ်လိုသမျှ အကောင်းဆုံး လုပ်နိုင်လေသည်။ ဤသည်ကပင် ယဲ့ကျန့်ပင်း တစ်ယောက် သူ့သားအပေါ် အလွန်ချစ်ခင်ကြင်နာသည်ကို မြင်နိုင်ပေသည်။ 

 

ထိုသည်ကို တွေးမိသောအခါ ယဲ့ဇယ်ရှစ်တစ်ယောက် အလွန်စိုးရိမ်ခြင်းမရှိတော့ပေ။ 

 

ဖုန်းဝင်သွားပြီးနောက် နှစ်စက္ကန့်အကြာမှာပင် ချိတ်ဆက်သွားသည်။ 

 

ယဲ့ဇယ်ရှစ်တစ်ယောက် ခံစားချက်အပြည့်ဖြင့် စကားတစ်ခွန်းမှ မပြောရသေးမီ တစ်ဖက်မှ နှာမှုတ်သံကြီးနှင့် ယဲ့ကျန့်ပင်းအသံမှာ ပေါ်ထွက်လာသည်။ 

“မင်းမှာ အဖေရှိသေးတာတော့ သတိရသေးသားပဲ… ဖုန်းခေါ်ဖို့ သတိရတယ်ဆိုတော့… ကြားသားမိုးကြိုးပါလား …စူပါစတားကြီးရေ…” 

 

ယဲ့ဇယ်ရှစ် : “...” 

ဖုန်းကိုင်ကိုင်ချင်း ‌ ထေ့ငေါ့လိုက်ရမှလားလို့… 

 

ယဲ့ဇယ်ရှစ် ခပ်ဖွဖွလေး ချောင်းဟန့်လိုက်ကာ ချင့်ချိန်သည့် လေသံဖြင့် ပြောလိုက်သည်။ 

“ဦးလေးလီက အဖေ့ဆီ ဖုန်းခေါ်ဖို့ ပြောလို့ပါ…” 

 

ယဲ့ကျန့်ပင်း : “….” 

ကောင်စုတ်လေး… 

 

တစ်ဖက်မှ အတော်ကြာ စကားသံကြားမလာရသောကြောင့် တစ်ခုခုမှားနေကြောင်း ယဲ့ဇယ်ရှစ် အာရုံရလိုက်သည်။ ထို့ကြောင့် စကားတစ်ခွန်း မြန်မြန်ဖြည့်ပြောလိုက်သည်။ 

 

“အဖေ ကျွန်တော့်ဆီက ဘာလိုချင်လို့လဲ…” 

 

ယဲ့ကျန့်ပင်း : “…” 

 

ယဲ့ဇယ်ရှစ် ပင်ပန်းလာလေပြီဖြစ်သည်။ 


 á€’á€Žá€œá€°á€Ąá€­á€Żá€€á€źá€Žá€¸á€€ အခုထိရစ်နေတုန်းပဲလားဟ…

 

ကြည့်ရတာ ငါထပ်ချော့ရဦးမယ် ထင်တယ်… 

 

ဗလာဖြစ်နေတဲ့ ကတ်တွေအတွက် လုပ်နိုင်ရမှာပေါ့… 

 

ယဲ့ဇယ်ရှစ် မျက်လုံးဖွင့်လိုက်ကာ အဓိပ္ပာယ်မရှိသည်များ ပြောလာသည်။  

“အရင်က လေ့ကျင့်ရေးတွေနဲ့ အလုပ်ရှုပ်နေလို့ပါ အဖေရယ် အခုတောင် ဦးလေးလီက နားရက်လေးပေးလို့ အဖေ့ဆီ ဖုန်းခေါ်ဖို့ အချိန်ရတာ‌လေးကို…” 

 

ထိုအခါမှ ယဲ့ကျန့်ပင်း၏မျက်နှာ ကြည့်ကောင်းလာကာ အသံမှာလည်း ပိုညင်သာလာသည်။  

“မင်းကသတ္တိတွေ ကောင်းနေတာပေါ့လေ … ဒီလောက်ကြာတဲ့အထိ ငါ့ဆီဖုန်းခေါ်ရကောင်းမှန်း မသိဘူး… 

ပြီးတော့ မင်းက ငါ့ကို ခြိမ်းခြောက်ပြီး ငွေညှစ်တတ်ဖို့တောင် သင်လာသေးတယ်ပေါ့လေ…” 

 

အဲ့ဒါ ငါလုပ်ခဲ့တာမဟုတ်ဘူးလေလို့…

 

ယဲ့ဇယ်ရှစ် မှားနေသကဲ့သို့ ခံစားလိုက်ရသည်။ 

“နောက်မဖြစ်စေရပါဘူး အဖေ…” 

 

ယဲ့ကျန့်ပင်း ထပ်မံကာ ခပ်ပြင်းပြင်း နှာမှုတ်လိုက်ပြန်သည်။ 

 

ယဲ့ဇယ်ရှစ် တစ်ယောက် အပီအပြင် စကားပြောရန် အသက်ဝဝရှူလိုက်သော်လည်း တစ်ဖက်မှ ဟွန်း ဆိုသည့် အသံဖြင့် တိုက်သွားလေသည်။ အသံက အလွန်မကျယ်ပေ။ 

 

ယဲ့ကျန့်ပင်း : “အဲ့ဒီသားရဲကောင်ကတော့… မန်နေဂျာအတွက် မင်းဘာမှ ပူစရာမလိုဘူး နောက်မှ မင်းကိုလာဆက်သွယ်ဖို့ လူတစ်ယောက်လွှတ်လိုက်မယ်…” 

 

ထိုသို့ပြောပြီးနောက် ယဲ့ကျန့်ပင်းမှာ ယဲ့ဇယ်ရှစ်၏ စကားပြန်သည်ကိုပင် မစောင့်တော့ဘဲ ဖုန်းချလိုက်သည်။ 

 

လည်ချောင်းထဲမှ ထွက်လာတော့မည့် စကားမှာ “ခ” မှာပင် တစ်စို့သွားသောကြောင့် ယဲ့ဇယ်ရှစ် ပြန်သာမျိုချလိုက်ရသည်။ 

 

ဘေးနားရှိ ရပ်နေသော လီချန်ကျန့်မှာ အမြန်မေးလာသည်။ 

“မင်းအဖေက ဘာတဲ့လဲ…” 

 

ယဲ့ဇယ်ရှစ် သက်ပြင်းချလိုက်သည်။ 

“သူပြောတာတော့ တစ်ယောက်ယောက် ဆက်သွယ်လာလိမ့်မယ်တဲ့…” 

 

ယဲ့ဇယ်ရှစ်၏ စိတ်ပျက်သွားမှုအား မြင်လိုက်ရသော လီချန်ကျန့်က ယခုအချိန်မှာ ရေနစ်သူ ဝါးကူမထိုးသင့်ကြောင်း သိလိုက်လေသည်။ ထို့ကြောင့် သူ ယဲ့ဇယ်ရှစ်ကို နှစ်သိမ့်ပေးလိုက်သည်။ 

“အဆင်ပြေသွားမှာပါ…သူအခုထိ စိတ်ဆိုးနေလို့နေမှာပါ … သူစိတ်ပြေမယ့် အချိန်ထိစောင့်ရုံပေါ့ကွာ…ပြီးတော့ မင်းလက်ခံထားတဲ့ ကြော်ငြာလည်းရှိသေးတာပဲ …မင်းမှာ ကြော်ငြာကရမယ့် ပိုက်ဆံရှိနေမှာတော့ အဲ့ဒီအဖိုးကြီးဆီကနေ ဘာတွေမျှော်နေစရာလိုဦးမှာလဲ မဟုတ်ဘူးလား...”


ဟုတ်သားပဲ … 


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်ကာ သူ့ဘေးရှိ ဟယ့်ကျင်းယွင်အား ငဲ့ကြည့်လိုက်သည်။ 

“ဘယ်လိုကြော်ငြာမျိုးလဲ…ပြီးတော့ ကြော်ငြာကြေး ဘယ်လောက်ရမှာလဲ…” 

 

လီချန်ကျန့် ပြုံးလိုက်သည်။ 

 

ဟယ့်ကျင်းယွင်လည်း သူ့နှုတ်ခမ်းထောင့်လေးများ ကွေးသွားကာ ထပ်ပေါင်းပြောလာသည်။ 

“ဒါက Bulgari စီးရီးအတွက် ကြော်ငြာလေ…ဈေးနှုန်းက…” 

 

ဟယ့်ကျင်းယွင် နံပါတ်တစ်ခုကို ယှဉ်ပြလိုက်သည်။ 

 

ယဲ့ဇယ်ရှစ် : “…” 

 

....... 


ယဲ့ကျန့်ပင်း ဖုန်းချလိုက်သည်နှင့် ရုံးခန်းတံခါးကို အပြင်ဘက်မှ တွန်းဖွင့်လာသည်။ 

 

ရုံးခန်းထဲသို့ လူငယ်လေးတစ်ယောက် ဝင်ရောက်လာ‌သည်။ သူက ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ် အရွယ်သာရှိသေးသည်ဟုထင်ရကာ သူ၏ မျက်လုံးနှင့် မျက်ခုံးတို့မှာလည်း ယဲ့ကျန့်ပင်းနှင့် တစ်နည်းတစ်ဖုံ ဆင်တူနေလေသည်။ ယဲ့ကျန်းပင်ကို မြင်သောအခါ ထိုလူငယ်လေးက “အဖေ” ဟုခေါ်လိုက်လေသည်။ 

 

ယဲ့ကျန့်ပင်း သူ့ကို ဖျတ်ခနဲကြည့်လိုက်ကာ ပေါ့ပေါ့ပါးပါး အသံပြုလိုက်သည်။ 

“ရောက်လာပြီပဲ…” 

 

ယဲ့ဟောက်ယန် ခေါင်းညိတ်လိုက်ကာ ယဲ့ကျန့်ပင်းမျက်နှာအား ဝေ့ကြည့်လိုက်သည်။  

“အစ်ကိုကြီးနဲ့ ဖုန်းပြောတာ အဆင်ပြေရဲ့လား…” 

 

ယဲ့ကျန့်ပင်း အများကြီးမပြောဘဲ "အင်း" ဟု ဖြေလိုက်သည်။ 

 

ယဲ့ဟောက်ယန် ဆိုဖာပေါ် ထိုင်လိုက်ကာ မေးလာသည်။ 

“အစ်ကိုကြီးက အဖေ့ကို စိတ်ဆိုးအောင် လုပ်ပြန်ပြီလား…” 

 

ဤသည်မှာ မေးခွန်းမဟုတ်ဘဲ ရိုးရိုး ဝါကျတစ်ကြောင်းသာဖြစ်သည်။ ထိုဝါကျထဲတွင် ယဲ့ကျန့်ပင်းနှင့် ယဲ့ဇယ်ရှစ်တို့ တကျက်ကျက်ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်က ပါဝင်နေလျက်သားဖြစ်သည်။ 

 

ယဲ့ကျန့်ပင်း ဆက်မပြောနိုင်မီမှာပင် ယဲ့ဟောက်ယန် ဆက်ပြောလာသည်။ 

“အစ်ကိုကြီးက အဲ့ဒီလိုမျိုးပါပဲ အဖေသူ့ကို စိတ်မဆိုးပါနဲ့ … သူပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်နေတယ်လို့ ကျွန်တော် တလောကတောင် ကြားမိသေးတယ်…ပြီးတော့ ကုမ္ပဏီက ဝန်ထမ်းတွေတောင် သူ့ကို မဲပေးကြတယ်ဆိုပဲ…” 

 

ထိုသို့ပြောလိုက်သည်နှင့် ယဲ့ကျန့်ပင်းမျက်နှာမှာ ပျော့ပျောင်းလာသည်။  

“ဆိုတော့ မင်းရော သူ့ကိုမဲပေးသေးလား …” 

 

ယဲ့ဟောက်ရန် ဖြောင့်မှန်စွာ ဖြေလေသည်။ 

“မပေးပါဘူး… ကျွန်တော့်အစ်ကိုကြီးက ကုမ္ပဏီက မဲတွေကို ပြောင်ပြောင်တင်းတင်းကို သိမ်းကြုံးယူသွားပြီး မဲစာရင်းထိပ်ရောက်သွားတာလေ…သူက ဝန်ထမ်းတွေကိုနေ့တိုင်း မဲပေးဖို့‌ ပြောထားသေးတာတဲ့… ကျွန်တော်သာ သူ့ကို‌ မဲပေးလိုက်ရင် သူ့ကို အားပေးအားမြှောက် လုပ်‌ပေးသလို ဖြစ်မသွားဘူးလား…” 

 

ယဲ့ကျန့်ပင်း၏မျက်နှာ မှုန်မှိုင်းမှိုင်းဖြစ်သွားပြီး ဆိုဖာပေါ်ရှိ ယဲ့ဟောက်ယန်အား ကြည့်လိုက်သည်။ 

 

ယဲ့ဟောက်ရန် ခဏတာမျှ ခေါင်းမော့ကြည့်လိုက်သည်။ ယဲ့ကျန့်ပင်း၏ မြူခိုးဝေနေသော မျက်လုံးများအား တွေ့လိုက်ရသောအခါ နှလုံးခုန်နှုန်းမှာ စည်းချက်မမှန် ဖြစ်သွားရလေသည်။ 

ဘာဖြစ်လို့လဲ ငါ တစ်ခုခုများ မှားပြောမိလို့လားဟ… 

 

“ဟို အဖေ…”  

ယဲ့ဟောက်ရန် စိတ်လှုပ်ရှားစွာ တွံတွေးမျိုချမိသည်။ 

 

ယဲ့ကျန့်ပင်းက အေးစက်စက် ဆိုလာသည်။ 

“ဝန်ထမ်းတွေကို မဲပေးဖို့ခိုင်းတာ ငါပဲ…” 

 

ယဲ့ဟောက်ယန် သူနားကြားမှားလိုက်သည်ဟု ထင်မိသည်။ 

“ဟင်…” 

 

ယဲ့ကျန့်ပင်း၏အမူအရာမှာ ပို၍ပင် ဆိုးရွားလာလေသည်။  

“မင်းသာ မဲပေးတဲ့ ဝန်ထမ်းဖြစ်နေသ‌ရွေ့ လတိုင်း ဘောနပ်စ် ၅၀၀ ရမှာလေ… ပြီးတော့ ဒါက ဆန္ဒအလျောက် ပေးတဲ့မဲတွေပဲဟာ မသမာလုပ်တာမှ မဟုတ်ဘဲ…” 

 

ယဲ့ဟောက်ရန်၏ မျက်နှာထက်တွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။ 

 

ဝှက်သယ်ဟဲလ် … ငါ့အဖေက ဝန်ထမ်းတွေကို မဲပေး ခိုင်းဖို့အတွက် ဘောနပ်စ်တွေ ပေးတယ်တဲ့လေ… ငါကြားလိုက်တာ မှန်ရော မှန်ရဲ့လား… 

 

“ဘယ်မလဲ မင်းရဲ့ရီပို့ကတ်…”  

ယဲ့ကျန့်ပင်း ကွန်ပြူတာကို ပိတ်လိုက်ကာ အကြည့်တစ်ချက်ပေးလာသည်။ 

 

ယဲ့ဟောက်ယန်၏ နှဖူးထက်မှ ချွေးစေးတို့ ချက်ချင်းပင် လှိမ့်ဆင်းလာလေသည်။  

“အဲ့ဒါ…အဖေ…ကျွန်တော်…” 

 

ယဲ့ကျန့်ပင်း အေးစက်စွာပြောလာသည်။ 

“မင်းဆရာနဲ့ သီးသန့်စကားပြောဖို့ လိုသေးတာလား…” 

 

ယဲ့ဟောက်ယန် : “…” 

 

သူ့အစ်ကိုအား အပြစ်ပုံချရန် ကြံစည်နေခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ 

 

ငါ တော်တော်ဆိုးဆိုးကို ကူကယ်ရာမဲ့နေတာပဲ… 

 

ရုံးခန်းထဲ၌ တစ်နာရီ နီးပါးမျှ ဩဝါဒပေးခြင်း ခံရပြီးနောက် ယဲ့ကျန့်ပင်းက ယဲ့ဟောက်ယန်အား သွားခွင့်ပေးလိုက်သည်။ 

 

ယဲ့ဟောက်ယန် ရုံးခန်းထဲက ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် ယန်မန်အား ဖုန်းခေါ်တော့သည်။ 

“အမေ…သတင်းထူးပဲ…” 

 

ယဲ့ဟောက်ယန်၏ ဗလုံးဗထွေး ရှင်းပြချက်တို့အား နားထောင်ပြီးနောက် ယန်မန် နောက်ဆုံးတွင် သူဆိုလိုချင်သည်ကို နားလည်လိုက်လေသည်။  

 

“သားပြောချင်တာက သားအဖေက သူ့ရဲ့ လက်ဖွာတဲ့သားလေးကို စထောက်ပံ့နေပြီး အတွင်းရေးမှူးကောင်းကို သူ့မန်နေဂျာအဖြစ် ထားမလို့ပေါ့လေ…” 

 

ယဲ့ဟောက်ယန် ခေါင်းပြုတ်ထွက်မတတ်ညိတ်ကာ အလွန်အလေးအနက်ဖြစ်သည့် လေသံဖြင့် ပြောလာသည်။ 

“အခုလေးတင် ကျွန်‌တော် အဖေ့ဆီက အဆူခံလာရတာ…သူပြောတာတော့ ယဲ့ဇယ်ရှစ်က သူ့အနာဂတ်အတွက် ဘယ်လိုစီစဉ်ရမလဲဆိုတာ သိတယ်တဲ့ … ကျွန်တော်သာ စာကြိုးကြိုးစားစား လုပ်ဖို့မသိတာဆိုပြီး ဆူနေခဲ့တာ…” 

 

ငါ့အဖေက ဘယ်လိုများ ငါနဲ့ အဲ့ဒီလက်ဖွာတဲ့ ယဲ့ဇယ်ရှစ်ကို နှိုင်းရက်ပါလိမ့်… 

 

အခုတစ်ခေါက် အစမ်းစာမေးပွဲမှာ သူဆိုးဆိုးဝါးဝါးဖြစ်သွားခဲ့‌ ပေမယ့်လည်း ငါ့မှာအချိန်ရှိတိုင်း ကုမ္ပဏီကို လာပြီး ကုမ္ပဏီကို ဘယ်လိုစီမံခန့်ခွဲ အုပ်ချုပ်ရမယ်ဆိုတာတွေကို သင်နေတာပဲလေ…အဲ့နှစ်ခုက တူလို့လားလို့… 

 

ယန်မန် မျက်နှာမှာလည်း အနည်းငယ် အကျည်းတန်သွားပြီး သူမ မျက်မှောင်ကြုတ်လိုက်သည်။ 

“အဲ့ဒါအပြင် သားအဖေက ဘာထပ်ပြောသေးလဲ…” 

 

ယဲ့ဟောက်ယန် ခေါင်းခါလိုက်ကာ ပြောလိုက်သည်။ 

“သူ အများကြီး ပြောသွားတာ…”  


(T/N- သူ့အဖေက အကြောင်းအရာအများကြီးကို ပြောသွားတာမို့ သူ မမှတ်မိတော့လို့ ခေါင်းခါလိုက်တာပါ) 

 

ယန်မန် ခေတ္တမျှ စဉ်းစားနေကာ ခဏအကြာတွင် ပြောလာသည်။ 

 

“ဘာမှမဖြစ်ဘူး… သူ့အကြောင်း ဘာမှစိတ်ပူမနေနဲ့ … မင်းအစ်ကိုအကြောင်း မသိတာလည်းမဟုတ်ဘဲနဲ့ သူကနလပိန်းတုန်းပဲဟာ…မင်းအဖေက သူ့လက်ထဲ ကုမ္ပဏီကို ဘယ်လိုလုပ် စိတ်အေးလက်အေး လွှဲနိုင်မှာလဲ…စိုးရိမ်မနေနဲ့ အမေကြည့်ရှင်းလိုက်မယ်…” 

 

ယဲ့ဟောက်ယန် ခဏမျှစဉ်းစားလိုက်ကာ သူလက်ခံလိုက်သည်။ 

 

ယဲ့ဇယ်ရှစ်ဆိုတာ အခြေခံ ဘဏ္ဌာရေးအသိတောင် မရှိတဲ့ ငတုံးတစ်ယောက်ပဲလေ …သူ့အဖေသာ သူ့လက်ထဲ ကုမ္ပဏီကို လွှဲကြည့်လိုက်ပါ့လား… နှစ်ရက်ထဲနဲ့ ဒေဝါလီခံသွားရမှာ မြင်ယောင်သေးတယ်…  

 

ယန်မန် သူ့သားအား စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးနောက် ဖုန်းချလိုက်သည်။ 

 

ခေတ္တမျှ‌စဉ်းစားပြီးနောက် သူမ ဖုန်းကိုပြန်ကိုင်လိုက်ကာ အတွင်းရေးမှူးကောင်းထံ ဖုန်းခေါ်လိုက်သည်။ သတင်းထူးအား ရှာဖွေစုံစမ်းရန်အသင့်ဖြစ်နေသည်။ 

 

ယဲ့ကျန့်ပင်းက ယဲ့ဇယ်ရှစ်အား ကုမ္ပဏီကို လက်လွှဲပေးရန်မှာ မဖြစ်နိုင်သော်လည်း အကယ်၍များဆိုသည့် သဘောက ဖြစ်မလာဘဟု မဆိုနိုင်ပေ။ 

 

ယဲ့ဇယ်ရှစ်က သူမနှင့် သူမသားအား အလွန်မုန်းသောကြောင့် ယဲ့ဇယ်ရှစ်သာ ကုမ္ပဏီအား ဆက်ခံလိုက်ပါလျှင် သူတို့သားအမိ၏ အနာဂတ်အား မတွေးဝံ့ချေ။



🎶🎶🎶