Chapter 14
Viewers 4k

🎶 Chapter 14  

 


ထိုညက ယဲ့ဇယ်ရှစ်၏ တင်ဆက်မှုအပြီး မကြာမီမှာပင်  

“Gurenge + Bliss in the Pure Land of Paradise” ဟူသည့် ခေါင်းစီးဖြင့် ရုပ်သံအရည်အသွေး အထူးကောင်းမွန်စွာ ရိုက်ကူးထားသော ဗီဒီယိုဖိုင်မှာ အင်တာနက်ပေါ်တွင် ထွက်ပေါ်လာ‌လေသည်။ 

 

တိုက်ရိုက်ထုတ်လွှင့်မှုအား ဖန်သားပြင်မှတစ်ဆင့် မှတ်တမ်းယူထားသော ဗီဒီယိုနှင့် ယှဉ်လျှင် ထိုဗီဒီယိုမှာ အရည်အသွေးပိုမို ကောင်းမွန်လေသည်။ ဗီဒီယို အစမှ အဆုံး ပါဝင်သူမှာ ယဲ့ဇယ်ရှစ်တစ်ယောက်တည်းသာဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်ရာတွင် မျက်နှာပြောင်းလဲခြင်းများ အလိုက် ကင်မရာပြောင်းလဲခြင်းများ မရှိချေ။ ထို့ကြောင့် ဗီဒီယိုတစ်ခုလုံးမှာ ယဲ့ဇယ်ရှစ်၏ စင်ပေါ်မှတင်ဆက်မှုအားလုံးကို တစ်လျှောက်လုံး မှတ်တမ်းတင်ထားလေသည်။ 

(T/N- idol concert‌ တွေက fancam လိုမျိုးကို ဆိုလိုချင်တာပါ) 

 

ဗီဒီယိုထဲတွင် ယဲ့ဇယ်ရှစ်၏ သိမ်မွေ့သော မျက်နှာအစိတ်အပိုင်းများကို အကျယ်တဝင့် ဖော်ပြထားလေရာ သူ၏နဖူးပေါ်မှ ချွေးစက်လေးများကိုပင် ကြည်‌လင်ပြတ်သားစွာ မြင်နိုင်ပေသည်။ 

 

ယဲ့ဇယ်ရှစ်၏ ပုံပန်းသွင်ပြင်‌ကိုသာမက ကကွက်များပါမကျန် ဖရိန်တစ်ခုခြင်းစီအား ဖုန်းမျက်နှာပြင်တွင် စခရင်ရှော့ရိုက်ကာ wallpaper တင်ထား၍ရသည်အထိ ကြည်လင်ပြတ်သားစွာ ရိုက်ကူးထားလေသည်။ 

 

ယဲ့ဇယ်ရှစ်၏ အဆိုရော အကပါ သံစဉ်နှင့် ကိုက်ညီလှသည့်အပြင် ကကွက်များမှာလည်း နေရာကျလှပေသည်။ 

 

ထိုဗီဒီယိုဖိုင် ထုတ်လွှင့်ပြီး နာရီဝက်မပြည့်မီမှာပင် လိုက်ခ် နှင့် မှတ်ချက်များမှာ တစ်သောင်းကျော်သွားသည်။ အချို့သော ဝက်ဘ်ဆိုက်တို့၏ ပင်မစာမျက်နှာများတွင်လည်း ထောက်ခံပေးခြင်း ခံရလေသည်။ 

 

မရေတွက်နိုင်သော ပရိသတ်တို့မှာ ထိုဗီဒီယိုအား ဝင်ကြည့်ပြီး မှတ်ချက်များပေးလာကြသည်။ ထိုဗီဒီယိုမှာ ဖြတ်လျှောက်များသာမက အိုတာကုများ၏ အာရုံကိုလည်း ဆွဲဆောင်လိုက်နိုင်သည်။ 

 

သီဆိုသည့် အသံဩရှရှအပြင် ခွန်အားအပြည့်နှင့် ကကွက်တို့မှာ မိန်းကလေးများထက်ပင် သာလေသည်။ များစွာသော အိုတာကုတို့မှာ ထိုသည်ကိုမြင်လျှင် ရင်ကွဲနာကျ လေတော့သည်။ 

 

[ငါတော့ကြေကွဲပါပြီ…ငါဘာဖြစ်လို့ ရင်‌တွေအရမ်းခုန်နေရတာလဲ…ငါက ယောက်ျားကြီးလေ…] 

 

[သေချာပေါက်ကို ယောကျာ်းတွေက ယောက်ျားချင်းပဲနားလည်တာ…ဒီပုခုံးလှုပ်သွားတာလေးကို ငါ‌တော့စွဲလမ်းမိနေပြီ…]

 

[အားးးငါတော့သေပါပြီ…] 

 

အဖြောင့်အများစုမှာ ရိုးရိုးရှင်းရှင်းသာ ပြောသည်။ 

 

[ယဲ့ဇယ်ရှစ် ညီအစ်ကိုရေ…မင်းမှာ အမျိုးသားဖန်တစ်ယောက် ရသွားပြီလို့ ငါကြေညာလိုက်တယ်…]

 

[ရှေ့ကလူ…စောင့်ပါဦး…ဒီမှာနောက်တစ်ယောက်… 

ယောက်ျားလေးဖန် အသစ် သတင်းပို့ပါတယ်…]

 

[ယောကျာ်းလေးဖန် +1…]

 

[ထာဝရအဆုံးထိ…] 

 

[မင်းရဲ့ အကကြောင့် မင်း C အဆင့်နဲ့ပွဲဦးထွက်နိုင်ဖို့ ငါ vote ပေးမယ်…]

 

ထိုဗီဒီယိုအား မဲပေးသူများနှင့် ပြန်တင်သူများ ပိုမိုများပြားလာသောကြောင့် တစ်ရက်အတွင်းမှာပင် ဝက်ဘ်ဆိုဒ်၏ ထိပ်ဆုံးငါးနေရာသို့ အလျင်အမြန်ဝင်ရောက်သွားလေသည်။ “Gurenge + Bliss in the Pure Land of Paradise” ဟူသည့်ခေါင်းစီးမှာလည်း တစ်ရက်တာ၏ ရှာဖွေမှုအများဆုံးစာရင်း ဝင်သွားလေသည်။ 

 

ဒုတိယမြောက်ရက်တွင် ဗီဒီယိုကြည့်ရှုသူ အရေအတွက်မှာ ဆယ်သန်း ကျော်သွားလေကာ လိုက်ခ်လုပ်သူ အရေအတွက်မှာလည်း တစ်သန်းနီးပါးသို့ရောက်ရှိခဲ့သည်။ 

 

ယဲ့ဇယ်ရှစ်မှာ အကတစ်ခုလေးဖြင့် ဤသို့များပြားသည့် ယောက်ျားလေးပရိသတ်အား ဆွဲဆောင်နိုင်လိမ့်မည်ဟု မည်သူမှ မခန့်မှန်းထားခဲ့ကြပေ။ 

 

ယဲ့ဇယ်ရှစ်၏ ကိုယ်ပိုင် Weiboအကောင့်မှာ followerတစ်သန်းနီးပါးခန့် ရရှိခဲ့သည်သာမက မှတ်ချက်စာမျက်နှာတစ်ခွင်တွင်လည်း ယောက်ျားလေးဖန်များသာ ကြီးစိုးနေကြလေသည်။ 

 

[ငါ မှတ်ချက်ဧရိယာကို ဖွင့်လိုက်တာနဲ့ အားလုံးနီးပါး အဖြောင့်ကောင်တွေရဲ့ ပုံတွေချည်းပဲ...] 

 

[ညီအစ်ကိုယဲ့ဇယ်ရှစ်...ဖိုက်တင်း...]

 

[ညီအစ်ကို...ငါမင်းကိုထောက်ခံတယ်နော်... 

ပွဲဦးထွက်လိုက်စမ်းပါကွာ...]

 

[နောက်တစ်ခေါက် ဘာသီချင်းနဲ့ ကမှာလဲ “အချစ်စက်ဝန်း” နဲ့လား... မျှော်နေပါပြီ...]

 

ညတွင်းချင်းမှာပင် ယောက်ျားလေးပရိသတ် တို့၏ဦးဆောင်မှုဖြင့်ယဲ့ဇယ်ရှစ်၏ ကိုယ်ရေးကိုယ်တာ အထူးစကားပြောခန်း ပေါ်ထွက်လာခဲ့သည်။ မိန်းကလေးပရိသတ်များမှာမူ ဆွံ့အစွာဖြင့်သာ ဘေးကပ်နေရုံမှတပါး အခြားမတတ်နိုင်တော့ချေ။ 

 

အချောသတ် ဗီဒီယိုဖိုင်မှာ နောက်ထပ်နှစ်ရက်မတိုင်မီအထိ ထွက်ရန်မရှိချေ။ နောက်တစ်ရက်ဖြစ်သည့် စနေနေ့တွင်မူ ဝန်ထမ်းအားလုံး အချိန်ပိုဆင်းကာ ထိုအချောသတ် ဗီဒီယိုဖိုင်နှစ်ခုအား အပြီးသတ်ခဲ့ကြရကာ ထိုနေ့ညရှစ်နာရီမှာပင် ၎င်းဗီဒီယိုများအား တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။  

 

အွန်လိုင်းတက်ပြီး တစ်နာရီမပြည့်မီတွင် ထိုဗီဒီယိုအား ဝင်ရောက်ကြည့်ရှုသူ အရေအတွက်မှာ စံချိန်တင်မြင့်တက် သွားခဲ့ရသည်။ 

 

ယဲ့ဇယ်ရှစ် ယှဉ်ပြိုင်မည့်အလှည့် ရောက်သောအခါ မှတ်ချက်စာမျက်နှာ တစ်ခုလုံးတွင် ပရိသတ်တို့၏ အားပေးမှုတို့ဖြင့် ပြည့်နှက်သွားလေသည်။


ယဲ့ဇယ်ရှစ်၏ ယှဉ်ပြိုင်မှုတစ်ခုတည်းကိုသာ သီးသန့်တည်းဖြတ်ထားသော ဖိုင်တစ်ခုကိုလည်း မားကတ်တင်း အကောင့်များက ပြန်လည်ဖြန့်ဝေရန် အပြေးအလွှားဝင်လာကြသည်။  

 

အင်တာနက်တစ်ခွင်တွင် ဆွေးနွေးမှုများက ပလူပျံနေသည်။ အီမိုဂျီအမျိုးမျိုးနှင့် gif မျိုးစုံမှာလည်း လေလှိုင်းတစ်ခွင် ပြန့်ကြဲနေလျက်ရှိသည်။ ယဲ့ဇယ်ရှစ် နာမည်ကြီးလာပြီ ဖြစ်သည်။ 

 

ဆွံ့အနေသော အမျိုးသမီးပရိသတ်တို့မှာလည်း မနေနိုင်တော့ဘဲ ဝေးပေါ်တွင် ပို့စ်များတင်ကြတော့သည်။ 

 

[ယဲ့ဇယ်ရှစ် အရင်တစ်ခေါက်က အဆင့်တက်ဖို့ လက်လျှော့ခဲ့တာက ငါတို့အတွက်ကပြချင်လို့ ဆိုတာကို ငါအတင့်ရဲပြီး သံသယဝင်လိုက်ပြီ…]

 

“ပူပူနွေးနွေး သုံးသပ်ချက် : ယုံကြည်ချက်ရှိလိုက် ပြီးတော့ သံသယတွေကို ဖယ်ရှားလိုက်…” 

 

ထိုWeiboပို့စ်မှာ အလွန်လျင်မြန်စွာ ပြန်တင်ခံလိုက်ရပြီး ထပ်မံနာမည်ကြီးလာပြန်သည်။ 

 

အင်တာနက် အသုံးပြုရသည်ကိုနှစ်သက်သည့် ဆိုရှယ်မီဒီယာကျွမ်းကျင်သူလေူ ယုယန်မှာ ထိုWeiboပို့စ်ကို မြင်သောအခါမှ သက်သာရာရစွာ တိတ်တိတ်လေး သက်ပြင်းချမိတော့သည်။ 

 

ကံကောင်းလို့ ယဲ့ဇယ်ရှစ်က ငါ့ကို သဘောကျနေတာ မဟုတ်လို့ပေါ့…

 

တကယ်တော့ ငါ သူ့ကိုဘယ်လိုငြင်းရမလဲဆိုတာ အစကတည်းက တွေးထားခဲ့တာ… 

 

မည်သို့ပင်ဆိုစေကာမူ သူယခုရောက်ရှိနေသော နေရာမှာ ယဲ့ဇယ်ရှစ်ကြောင့် ဆိုသည်ကိုတော့ သူကောင်းကောင်း နားလည်လေသည်။ ထို့ကြောင့်လည်း ယဲ့ဇယ်ရှစ်အား သူကျေးဇူးတင်မိသည်။ 

 

ယုယန်မှာ ယဲ့ဇယ်ရှစ်နှင့် ရင်းနှီးသည့်ထဲ မပါသည့်အတွက် တိုက်ရိုက်ကြီး ကျေးဇူးတင်စကား ပြောရန်မှာလည်း မလွယ်ကူပေ။ ထိုအကြောင်းတွေးမိပြီး ထန်ကျင့်ဆီ သွားရန်သာ ဆုံးဖြတ်လိုက်သည်။ 

 

ယုယန် သူ့ဆီလာရသည့် အကြောင်းအရင်းကို ကြားပြီးနောက် ထန်ကျင့်အမူအရာမှာ အလွန် ရှုပ်ထွေးသွားရသည်။ 

 

ယဲ့ဇယ်ရှစ်၏ ကျော်ကြားမှုကြောင့် ယခုလိုဖြစ်လာမည်ကို မျှော်မှန်းမိသော်ငြား သူ'မနာလိုပါဘူး'ပြောလျှင် လိမ်ရာသာကျတော့မည်။ 

 

ယဲ့ဇယ်ရှစ်၏ ဒုတိယအ‌ခေါက် ယှဉ်ပြိုင်မှုအပြီး သူနှင့် ယဲ့ဇယ်ရှစ် စကားပြောနေသည်ကို ကင်မရာဆရာများမှ မှတ်တမ်းယူထားကြသည်။ ထိုသည်ကိုလည်း နောက်ရက်တွင် ထုတ်လွှင့်ပြသခဲ့လေသည်။ အချို့အင်တာနက် အသုံးပြုသူများမှာ ထိုနေရာကိုပင် သီးသန့်တည်းဖြတ်ကာ “ထန်ကျင့်နဲ့ ယဲ့ဇယ်ရှစ် တို့ကြားက ဆက်ဆံရေး တိုးတက်လာပြီလို့ အာရုံရနေတယ်” ဟုပင် Weiboတွင် ပို့စ်တင်ခဲ့ကြသည်။ 

 

ဗီဒီယိုထဲတွင် ပုံစံမတူသည့် ကောင်ချောလေးနှစ်ယောက်မှာ တစ်ယောက်က အေးစက်စက်သွင်ပြင်ရှိပြီး တစ်ယောက်က ဟန်ပန်အပြည့်ဖြင့် ဝင့်ဝါနေလျက်ရှိသည်။ ထိုပုံရိပ်နှစ်ခုမှာ ဖွင့်ဟပြောစရာမလိုဘဲ အပြန်အလှန် နားလည်နေသည့်အတိုင်း တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြလေသည်။ 

 

ထိုနားတွင် အသံဖမ်းစက်မရှိသောကြောင့် တစ်ယောက်နှင့်တစ်ယောက် မည်သည့်အကြောင်း ပြောနေကြသည်ကို မည်သူမှ မသိကြပေ။ သို့သော် နှစ်ဦးသား၏ ပြုံးရိပ်သန်းနေသော မျက်လုံးများမှ ချီးကျူးလိုဟန်ကိုတော့ သူတို့ အရိပ်အယောင် ဖမ်းမိလိုက်ကြသည်။ 

 

ထန်ကျင့်ပရိသတ်များ၏ အမုန်းဆုံးသူကို ပြောပါဆိုလျှင် ယဲ့ဇယ်ရှစ်က ပထမချိတ်လျှင် ဒုတိယ‌နေရာအား ယူရဲမည့်သူမရှိပေ။ 

 

ချမ်းသာသည့် မိသားစုမှ ဒုတိယမျိုးဆက်ဖြစ်နေသည်ကိုပင် အားမရသေးဘဲ ထိုလူက သူတို့အစ်ကိုကြီးအား မကြာခဏ အနိုင်ကျင့်တတ်သေးသည်။ သူ့ပြစ်မှုများမှာ ရေးချရန်အတွက်ပင် များလွန်းနေသေးသည်။ 

 

ယခင်တစ်ပတ်မှ ယှဉ်ပြိုင်မှုတွင် သူ့ကိုယ်သူဖြူစင်ကြောင်း သက်သေပြရန်အတွက် ထန်ကျင့်ကို လိုက်နေသည်ကိုပင် ခုတုံးလုပ်သွားသေးသည်။ 

 

ထိုသို့လုပ်ခြင်းအား ထန်ကျင့်ပရိသတ်များက အလွန်မုန်းကြလေသည်။ သို့သော် အင်တာနက် အသုံးပြုသူများ၏ စိတ်လှုပ်ရှားမှုနှင့် ယှဉ်လျှင် သူတို့မှာဘာမှမဟုတ်ပေ။ မကြာခဏဆိုသလို သူတို့၏ အပုတ်ချစကားများမှာ တင်ပြီးသည်နှင့် ဖြုတ်ချခံလိုက်ရသည်။ 

 

ထန်ကျင့် အရှက်ခွဲခံသည်နှင့်ပတ်သက်၍ မှတ်ချက်ပေးလာသောအခါတွင်လည်း ထိုအကြောင်းမှာ နာမည်ကြီးလာပြန်သည်။ ထိုပိုစ့်အောက်တွင်လည်း ဤကဲ့သို့ အကောင်းမြင် အင်တာနက်အသုံးပြုသူ အုပ်စုတစ်စုက အမြဲရှိလေသည်။ 

 

[ယဲ့ဇယ်ရှစ်က တောင်းပန်ပြီးပြီပဲ … ဒါကြောင့်ငါ့ကိုလည်း ခွင့်လွှတ်ကြပါ…]

 

[ဟုတ်တယ်…ထန်ကျင့်ကတောင် ကိစ္စမရှိဘူးလို့ ပြောခဲ့တာပဲ…]

 

[ဘယ်သူ့မှာ ရည်းစားဟောင်းမရှိဘဲ နေမှာလဲ…ဖန်တွေ ဒါကို လက်လွှတ်သင့်ပြီ…]

 

ထန်ကျင့်ဖန်များမှာ ထိုသည်ကိုမြင်လျှင် ပို၍ပင် ဒေါသထွက်လာကြသည်။ သို့သော် အကောင်းမြင် ပရိသတ်တို့ကို ပြန်ပြောဖို့ရာ အင်အားမလုံလောက်ပေ။ ထို့ကြောင့် ထိုအ‌ကောင်းမြင် ပရိသတ်များကို သည်းခံရန်သာတတ်နိုင်ပြီး နောက်လာမည့်ပြိုင်ပွဲကျမှ ထန်ကျင့်၏ ‌ချောမောသည့်မျက်နှာကို ကြည့်ရန်ပင် မျှော်လင့်နေကြတော့သည်။  

 

သို့သော် ယဲ့ဇယ်ရှစ်မှာ ပထမပြိုင်ပွဲကပင် နံပါတ်တစ် ဖြစ်လာသည်ကိုတော့ အားလုံးနားလည်ကြလေသည်။


ဒါပေမယ့် အဲ့ဒါ မားကတ်တင်းအတွက် လုပ်ဇာတ်ကြီးပဲမဟုတ်ဘူးလား… 

 

ပရိသတ်များလုံးဝမျှော်လင့်မထားသည်မှာ ဒုတိယယှဉ်ပြိုင်မှုက ဤအခြေအနေ ဖြစ်သွားမည်ကို ဖြစ်သည်။ 

ထန်ကျင့်က လူတိုင်းကို အံ့ဩအောင် လုပ်နိုင်ခဲ့ရဲ့လား… 

 

အဆုံးတွင် ပရိသတ်များမှာ အနည်းငယ် အံ့အားသင့်ရုံမျှသာဖြစ်သည်။ 

 

ဒါဆို ယဲ့ဇယ်ရှစ်ကရော… 

 

များစွာသော သကြားခဲလေးများမှာ တိတ်ဆိတ်လျက်သာ ရှိနေကြသည်။ 

[T/N - သကြားခဲလေးများ = ထန်ကျင့်ဖန်များ သူတို့ကိုယ်သူတို့ ခေါ်သည့်နာမည်]


ယဲ့ဇယ်ရှစ်ကမှ တကယ် အမေးဇင်းပဲ… 

 

ယဲ့ဇယ်ရှစ် စေတနာ့ရှင်ကြီးလုပ်ပြီး အဆင့်တက်ရန် ငြင်းဆိုလိုက်သောအခါ သကြားခဲလေးများ ပွဲခံနေခဲ့သည်။ ထို့ကြောင့် သူတို့က ယဲ့ဇယ်ရှစ် ထုတ်ပယ်ခံရမည်ကို စောင့်မျှော်နေခဲ့ကြသည်။ 

 

သို့သော် မည်သူမှထင်မထားခဲ့သည်မှာ ယဲ့ဇယ်ရှစ် တစ်ယောက် အရှုံးသမားကွင်းစင်တွင် ထိုသို့ အကွက်ရွေ့လာလိမ့်မည် ဆိုသည်ကိုဖြစ်သည်။ 

 

ယဲ့ဇယ်ရှစ်မှာ အကကောင်းသည်။ ထိုကဲ့သို့ ပြင်းထန်သည့် ကကွက်များကနေသော်လည်း အမြင့်သံများကို တုန်ခါခြင်းမရှိဘဲ ဆိုနိုင် ကနိုင်သေးသည်။ 

 

ယဲ့ဇယ်ရှစ်မှာလည်း လုပ်ကိုင်နိုင်စွမ်းရှိသည်ကို ထိုအချိန်တွင် သူတို့သိလိုက်ကြရသည်။ ယဲ့ဇယ်ရှစ်က သူတို့အစ်ကိုကြီးနီးပါး မဆိုးလှချေ။ 

 

ယဲ့ဇယ်ရှစ်က နံပါတ်တစ်ရွေးချယ်မှု ဖြစ်လာသောအခါ သကြားခဲလေးများ နောက်ထပ် မပြောဝံ့တော့ချေ။ 

 

ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့် ပြုံးကာ တစ်ယောက်နှင့်တစ်ယောက် စကားမပြောခင်အထိသာ ထိုသို့ဖြစ်လေသည်။ 

 

[ထန်ကျင့်က အရမ်းချောတာပဲ … ယဲ့ဇယ်ရှစ်ကလည်း တော်တော်ကြည့်ကောင်းတာပဲ…]

 

သူတို့ ဒါကိုအရင်က ဘာဖြစ်လို့ ရှာမတွေ့ခဲ့ကြတာပါလိမ့်… 

 

သူတို့နှစ်ယောက်က ပျော်ပျော်ကြီးကို ရယ်နေကြတာလေ… 

 

CP ခံစားချက်တွေ ဘီလီယံချီပြီးကို ရနေတယ်နော်… 


ထိုသည်ကို သတိထားမိသည်မှာ ထန်ကျင့်ပရိသတ်များပင် မဟုတ်ချေ။ များစွာသော ဖြတ်လျှောက်တို့မှာလည်း သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ပြုံးပြီး ကြည့်နေသည့် ပုံကို မြင်သောအခါ သူတို့ရင်ထဲ တုန်လှုပ်မိကြသည်။  

 

[ဒါကြီးက ချိုမွှေးနေရောပဲဟေး…]

 

[ဒါ နတ်ဖက်တဲ့ စုံတွဲဆိုတာပဲ…]

 

[ယဲ့ဇယ်ရှစ်က အရင်တုန်းက ထန်ကျင့်ကို ကြိုက်ဖူးသေးတာလား…ဘာတွေထပ်ရှိသေးလဲ…]

 

[အဲ့ဒီအပြုံးက ယဲ့ဇယ်ရှစ် သူက ထန်ကျင့်ကို လက်မလွှတ်နိုင်သေးဘူးလို့ ဆိုလိုချင်တာလား…] 

 

[ငါတွေးလေ တွေးလေ စိတ်လှုပ်ရှားလေပဲ …] 

 

မိန်းကလေးတို့မှာ သူတို့ ရင်ခုန်သံများအား မလွန်ဆန်နိုင်ပြီ ဖြစ်ရာ ထိုသို့နှင့် မြောက်အရပ်မှ သကြားခဲလေး ဟုအဓိပ္ပာယ်ရသည့် (ရှီးထန်) CP ပေါ်ပေါက်လာရတော့သည်။ 

 

မြောက်အရပ်က ယဲ့ဇယ်ရှစ် အမည်မှဖြစ်ကာ သကြားခဲလေးမှာ ထန်ကျင့်ပင် ဖြစ်သည်။ ထန်ကျင့်ဖန်များမှာ သူတို့ကိုယ်သူတို့ သကြားခဲလေးများဟု ခေါ်ဆိုကြကာ ထန်ထန် ဆိုသည်မှာ ထန်ကျင့် အားချစ်စနိုးခေါ်ကြသည့် အမည်ဖြစ်လေသည်။ 

 

[ရှီးထန် ...ရှီးထန်... လုံးဝကို မင်္ဂလာသကြားလုံးလေးပဲ...ရိုးရိုးလေးနဲ့ ချိုမြိန်လွန်းမနေဘူးလားဟေ...]

 

နေ့တစ်ဝက်မတိုင်မီမှာပင် ရှီးထန် CP ပရိသတ်မှာ အတော်အသင့်ရှိလာသည်။ 

 

Hot search ကျေးဇူးကြောင့် ယဲ့ဇယ်ရှစ်၏ Weibo ပရိသတ်မှာ မိုးထိုးလုမတတ်ဖြစ်လာသည်။ ထို့ကြောင့်ပင် ထန်ကျင့်၏ Weibo ပရိသတ်မှာလည်း တစ်သိန်း နီးပါးဖြစ်လာသည်။ 

 

အများစုမှာ ပူပူနွေးနွေး ရှီးထန် CP စွမ်းအားကြောင့် ဖြစ်လေသည်။ 

 

ထန်ကျင့်လည်း Weiboကို ဝင်ကြည့်တတ်သည်။ သူနှင့် ယဲ့ဇယ်ရှစ်တို့၏ CP ပရိသတ်ကြောင့် သူ ရယ်သာရယ်နိုင်တော့သည်။ 

 

မကြာမီ ထန်ကျင့် အေးဂျင့်ဆီမှ အခေါ်ခံရလေသည်။ အထူးသဖြင့် CP ပရိသတ်များကြောင့် ဆိုသည်မှာပြောစရာပင်မလိုချေ။ 

 

အေးဂျင့်၏ပြောပုံအရ CP ဖန်များမှာ အဆိုးကြီး မဟုတ်လှချေ။ အချိန်ကိုက် ရောက်လာသည်ဟုပင် ပြောရမည်ဖြစ်သည်။ 

 

ပြောရလျှင် ယဲ့ဇယ်ရှစ်မှာ ယခု ကျော်ကြားနေပြီဖြစ်သည်။ ထန်ကျင့်မှာ ဘာမှ မလုပ်ထားသော်ငြား ဆင်ဖြူတော်မှီပြီး ကြံစုပ်မည့်ကိစ္စကို သူတို့ဘက်က မလုပ်ဘဲမနေချေ။။ 

 

ယဲ့ဇယ်ရှစ် ယခင်က ထန်ကျင့်အပေါ် လုပ်ခဲ့သည့် ကိစ္စများကို အေးဂျင့်များသိ၍ ထန်ကျင့်ကို ခေါ်ရသည်မှာ စိတ်မဆိုးရန်အတွက် နှစ်သိမ့်ရန်သာဖြစ်သည်။ Weiboကို ဝင်မကြည့်ရန်နှင့် ရောက်လာမည့် ကစားပွဲအတွက် အသင့်ပြင်ထားရန် ဖြစ်လေသည်။ 

 

ဒါပေမယ့် ဘာဖြစ်လို့ ထန်ကျင့်က အရမ်းစိတ်ဆိုးနေရတာလဲ… 

 

သူကသာ ဒီကိစ္စမှာ အကျိုးအမြတ်အရဆုံးသူလေ … သူသာထပ်စိတ်ဆိုးရင် နည်းနည်း မသိတတ်ရာကျမနေဘူးလား…. 

 

ပြီးတော့လည်း ယဲ့ဇယ်ရှစ်က မင်းကို ထပ်မနှောင့်ယှက်တော့ဘူးလို့ ပြောထားတာပဲမလား… 

 

သေချာတွက်ကြည့်ရင်တောင် ငါ့မှာ ဆယ်ရက်နေလို့ တစ်ရက်တောင် WeChat ကနေ ကောင်းသောညပါဆိုပြီး မက်ဆေ့မရဖူးပါဘူးနော်… 

 

ထိုသို့တွေးမိသောအခါ ထန်ကျင့်ရင်ထဲ ရှင်းမပြနိုင်သည့် ခံစားချက်တစ်ခု ဖြစ်လာရသည်။ 

 

ပြီးတော့ ဘာလို့ ရှီးထန်တဲ့လဲ … 

 

ယဲ့ဇယ်ရှစ်က နံပါတ် 1 ဖြစ်နိုင်သေးတာလား…


အတွေးလွန်ပြီးနောက် ထန်ကျင့် သတိပြန်ကပ်လာသည်။ ငါ ဘာ‌အ‌ကြောင်း‌ တွေးနေမိတာပါလိမ့်… 

 

ထန်ကျင့် နားရွက်များ ပူနွေးလာပြီး ရှက်လာသောကြောင့် လက်ရှိ အဖြစ်အပျက်ဆီကိုသာ မနည်းအာရုံပြန်စိုက်လိုက်ရသည်။ 

 

သူ့အရှေ့ရှိ ယုယန်၏ မျှော်လင့်နေသော မျက်ဝန်းများကို တွေ့ပြီး ထန်ကျင့်အမူအရာများ သဘာဝမကျ ဖြစ်သွားလေသည်။  

 

“ဒီနေ့ည နှုတ်ဆက်ပွဲ ပါတီရှိတယ်မလား… ယဲ့ဇယ်ရှစ်ကို မင်းကိုယ်တိုင် ကျေးဇူးတင်လို့ရတယ်လေ… အဲ့ဒီလိုဆို သူ့ကို တမင်ကြီး သွားပြောတယ်လို့ မထင်ရတော့ဘူးပေါ့…” 

 

ယုယန် မျက်မှောင်ကြုတ်လိုက်သည်။ သူ တမင်တကာ သွားမပြောခြင်း မဟုတ်ဘဲ ဤအတိုင်း ရှက်နေ၍သာဖြစ်သည်။ 

 

သူရှင်းပြချိန် မရလိုက်မီတွင် ထန်ကျင့်မှာ လှည့်ထွက်သွားလေပြီဖြစ်သည်။  

 

ယုယန် ခေါင်းငိုက်စိုက်ကျသွားသည်။ 

 

ဘယ်လိုလုပ်ရပါ့… 

 

Time Idol ပြိုင်ပွဲ၏ ဒုတိယပြိုင်ပွဲ ပြီးဆုံးချိန်တွင် ရှိုး၏ ထုတ်လွှင့်မှုကို ကြည့်ရှုနှုန်းမှာ တောက်လျှောက် တိုးတက်လာလေသည်။ ထို့ကြောင့် လီချန်ကျန့်မှာ အလွန်ပျော်နေလေရာ တနင်္ဂနွေနေ့တွင် ပြိုင်ပွဲဝင်များကို ခွင့်တစ်ရက်ပင် ပေးလိုက်သေးသည်။  

 

ပြိုင်ပွဲဝင်များမှာ လွတ်လွတ်လပ်လပ်နေနိုင်သော်ငြား ဗီလာတွင် လုပ်နိုင်သော အရာများမှာ အကန့်အသက်ရှိလေသည်။ 

 

ထို့ကြောင့် တနင်္ဂနွေနေ့ညတွင် ဟယ့်ကျင်းယွင် အားနှုတ်ဆက်ရန် စားသောက်ပွဲ အသေးစားလေး လုပ်ဖြစ်ကြသည်။ 

 

ထရိန်နင်အတွက် အစောကြီး ထရန်မလိုသောကြောင့် ပြိုင်ပွဲဝင်များမှာ စိတ်အေးလက်အေးရှိနေကြသည်။ 

 

သူ ငါးဆားနယ်ကဲ့သို့ နေလို့ရပြီဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်မှာ သာ၍ပျော်နေသေးသည်။ 

 

ပြောရမည်ဆိုလျှင် ဤစားသောက်ပွဲမှာ သူစာအုပ်ထဲကူးပြောင်းပြီးမှ ပထမဆုံးကြုံရသည့် ပွဲပင်ဖြစ်လေသည်။ 

 

ယခင်ရက်များက သူတို့၏‌ နေ့စဥ်စားစရာများကို မကန့်သတ်ထားသော်ငြား အယ်လ်ကိုဟောကိုမူ လုံးဝခွင့်မပြုထားချေ။ 

 

ယဲ့ဇယ်ရှစ်မှာ ဝိုင်ကို အရသာမခံရသည်မှာ ကြာလှပြီဖြစ်သောကြောင့် သူ ဝိုင်ကို အလွန်သောက်ချင်နေလေသည်။ 

 

လီချန်ကျန့်မှာ သူသီးသန့် သိမ်းထားသည့်ဝိုင်များကို ထုတ်လာရန်အထိ စိတ်ကောင်းဝင်နေလေသည်။ သို့သော်လည်း ကန့်သတ်ချက်တစ်ခုရှိနေသေးရာ အသက်မပြည့်သေး‌သော သူများမှာ သောက်ခွင့်မရချေ။ 

 

ကျန်ရှိနေသည့် ပြိုင်ပွဲဝင် 25 ယောက်ထဲတွင် အသက်မပြည့်သေးသူမှာ နှစ်ယောက်ရှိလေသည်။ ထို့ကြောင့် အားလုံး ဖန်ခွက်မြောက်ကာ ချီးယားစ် လုပ်နေကြသော်လည်း ထိုနှစ်ယောက်မှာမူ ကိုယ်ပိုင် အချိုရည်ခွက်လေးများကိုသာ ကိုင်ကာ ခါးသီးစွာ ရယ်နေရုံပင်တတ်နိုင်တော့သည်။ 

 

ယဲ့ဇယ်ရှစ်က အခြားသူများနှင့် သောက်ရမည်ထက် တစ်ယောက်တည်း အေးအေးဆေးဆေးလေး သောက်ချင်သောကြောင့် ဝိုင်တစ်ခွက်ကိုယူကာ ထောင့်နားလေးရှိ ဆိုဖာသို့ သွားထိုင်လိုက်သည်။ 

 

ဝိုင်လေးငုံရင်း သူWeiboကို ဖွင့်ကြည့်လိုက်သည်။ 

 

ယောက်ျားလေး ပရိသတ်များစွာ ရရှိလာသည်ကို သူ အံ့အားသင့်သွား‌မိ‌သော်လည်း အလျင်အမြန်ပင် လက်ခံလိုက်နိုင်သည်။ 

 

မှတ်ချက်ဧရိယာအတွင်းရှိ ကွဲထွက်နေသော အဖြောင့်သမားတို့၏ မှတ်ချက်များကြောင့် ယဲ့ဇယ်ရှစ် တစ်ယောက် မြူးကြွကြွလေး ဖြစ်သွားရသည်။  

 

သူ မမျှော်လင့်မိသည်က သူနှင့် ထန်ကျင့်တွင် CP ဖန်များရှိလာသည်ကို ဖြစ်သည်။ 

 

ထိုပရိသတ်များမှာ အလွန်သိသာလေသည်။ 

 

ယဲ့ဇယ်ရှစ် ထို CPဖန်၏ ပို့စ်တစ်ခုကို လိုက်ခ် ပေးသင့် မပေးသင့် စဉ်းစားနေချိန်မှာပင် သူ့အရှေ့ရှိ မီးရောင်မှာ ရုတ်တရက် မှိန်သွားလေသည်။ 

 

ယဲ့ဇယ်ရှစ် မော့ကြည့်သောအခါ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာသည့် ဟယ့်ကျင်းယွင်အား မြင်လိုက်ရသည်။ 

 

ထိုသူမှာ အနက်ရောင် ‌အနောက်တိုင်းဝတ်စုံအား ဝတ်ဆင်ထားလေသည်။ ဈေးကြီးသောပိတ်သားဖြင့် ချုပ်လုပ်ထားသော ထိုဝတ်စုံမှာ ထိုလူအား ပို၍ အရပ်ရှည်သွားသယောင် ဖြစ်နေ‌စေသည်။ 1.9 မီတာ နီးပါးရှိသည့် အရပ်အမြင့်မှာ မတ်တပတ်ရပ်နေရုံနှင့်ပင် လူများအား မမြင်နိုင်သည့် ဖိအားကိုပင် ခံစားရစေသည်။ 

 

ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်မိသည်။ 

 

ဟယ့်ကျင်းယွင် သဘာဝကျစွာပင် သူ့နံဘေး ဝင်ထိုင်လိုက်သည်။ သူရဲကောင်းဆန်သည့် မျက်ခုံးအားပင့်ကာ သူဆိုလိုက်သည်။ 

“မင်း…” 

 

“ကျွန်တော် ရုပ်ရှင်မရိုက်ဘူး…”  

 

ယဲ့ဇယ်ရှစ် စကားကိုတစ်ဖြောင့်တည်းပြောကာ ဟယ့်ကျင်းယွင် ပြောလာမည့် စကားလုံးတို့အား ဖြတ်ပြောလိုက်သည်။ 

 

ဟယ့်ကျင်းယွင် ခဏမျှ အရှိန်သတ်လိုက်ရပြီး သူပြုံးလိုက်သည်။ သူ့နှုတ်ခမ်းပါးများ သေသပ်စွာတွန့်ကွေးသွားပြီး နက်ရှိုင်းသော မျက်ဝန်းတို့တွင် အပြုံးရိပ်လေးဖြစ်တည်လာသည်။ 

 

“ မင်းအထင်လွဲနေပြီ…” 

 

ဟယ့်ကျင်းယွင် သူ့ဝိုင်ခွက်အား ချလိုက်သည်။ သူ့ဘေးရှိ လက်ထောက်က ဖိုင်တစ်ခုပေးလာလေသည်။ ဟယ့်ကျင်းယွင် ထိုဖိုင်အား ယဲ့ဇယ်ရှစ် အရှေ့သို့ တွန်းပို့လိုက်ကာ ချိုသာသော်လည်း လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။ 


“ဒါက ကြော်ငြာရိုက်ဖို့လေ…စိတ်မဝင်စားဘူးလား…”



🎶🎶🎶