Chapter 34
Viewers 4k

🎶 Chapter 34



ရိုက်ကူးရေး တစ်ရက်တည်းနှင့်ပင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ အခန်းအားလုံးနီးပါးကို ရိုက်ကူးပြီး ဖြစ်လေသည်။ 


ချန်ကျန့်ထျန်း ဤကဲ့သို့ ပျော်ရွှင်မှုမျိုး မခံစားရသည်မှာ အတော်ကြာပြီဖြစ်သည်။ ဇာတ်ဝင်ခန်း၏ စိတ်ခံစားချက်များကို သူရှင်းပြစရာမလိုဘဲ သရုပ်ဆောင်နှစ်ယောက်က သူလိုချင်သည့်အတိုင်း အတိအကျသရုပ်ဆောင်နိုင်လေသည်။


သူ ရိုက်ကူးရေးလုပ်လေ ပို၍ စိတ်လှုပ်ရှားလေ ဖြစ်လာသည်။ ချန်ကျန့်ထျန်းကို အချိန်နောက်ကျနေပြီဖြစ်ကြောင်းသာ ဟယ့်ကျင်းယွင် သတိမပေးလျှင် ချန်ကျန့်ထျန်းတစ်‌ယောက် ဇာတ်ဝင်ခန်းအားလုံးကို တစ်ထိုင်တည်းနှင့် ရိုက်လိမ့်မည်ဖြစ်သည်။


ထိုသည်မှာ မဖြစ်နိုင်ကြောင်း သူသိသော်လည်း သူ့နှလုံးသားအောက်ခြေမှ စိတ်လှုပ်ရှားမှုတို့ကို မျိုသိပ်ထားမထားနိုင်ပေ။ 


အလုပ်များမပြီးမီ ချန်ကျန့်ထျန်းက ယဲ့ဇယ်ရှစ်၏ အဝတ်လဲခန်းသို့သွားပြီး ယဲ့ဇယ်ရှစ်ကို ပုခုံးပုတ်လိုက်ကာ ပြောလိုက်သည်။

"ကောင်လေး... နောက်နှစ်ရိုက်မယ့် ငါ့ရုပ်ရှင်မှာ မင်းက ခေါင်းဆောင်မင်းသားပဲ..."


ယဲ့ဇယ်ရှစ် အံ့သြသွားသောကြောင့် မျက်လုံးပြူးသွားကာ သူ့ခေါင်းကို အမြန်ရမ်းလိုက်ပြီး ငြင်းလိုက်သည်။

"ဒါရိုက်တာချန် နောက်တစ်ယောက်ကို ရှာသင့်တယ်ထင်တယ်... ကျွန်တော်က သင့်တော်မယ် မထင်ပါဘူး..."


ယမန်နေ့က သူ မဖော်မရွေဆက်ဆံလိုက်သည်ကို ယဲ့ဇယ်ရှစ် စိတ်ဆိုးနေဆဲဟု ချန်ကျန့်ထျန်း ထင်လိုက်သည်။ သူ အနည်းငယ် နောင်တရသွားကာ တစ်ချိန်တည်းမှာပင် စိတ်ညစ်သွားသည်။


ယခုအချိန်တွင် အပြစ်တင်ရမည်မှာ သူ့ကိုယ်သူသာဖြစ်သည်။ သူ့ပါးစပ်က သူ့စိတ်ထဲရှိသည့်အတိုင်း ပြောတတ်သည်ကို သူ မထိန်းချုပ်နိုင်ပေ။


"ဟေ့...ဇယ်ရှစ်..."

ချန်ကျန့်ထျန်း ချောင်းဟန့်လိုက်သည်။

"ငါအရင်က မင်းကို သေချာမလေ့လာဘဲ ပြောမိတာ ငါ့အမှားပါကွာ...မင်းကတော့ ဒီလူအိုကြီးကို စိတ်မဆိုးပါနဲ့... အနာဂတ်မှာ အခွင့်အရေးရှိတိုင်း ငါတို့ အတူတူ အလုပ်လုပ်ကြရအောင်လေ..."


ယဲ့ဇယ်ရှစ် ပြုံးလိုက်သည်။

"ဒါရိုက်တာချန်ကို ကျွန်တော်က ဘာဖြစ်လို့ စိတ်ဆိုးရမှာလဲ... ဒါရိုက်တာချန် အတွေးလွန်နေပါပြီ..."


သူ တကယ်စိတ်ဆိုးသည်မှာ ဟယ့်ကျင်းယွင် ဖြစ်သည်။


ချန်ကျန့်ထျန်းက ထိုသို့မထင်ပေ။


ယဲ့ဇယ်ရှစ်က ထိုကဲ့သို့ ပြောလိုက်သောအခါ သူ ထိုကောင်လေးကို အများကြီး စိတ်မကျေမနပ်ဖြစ်အောင်လုပ်ခဲ့မိသည်ဟု သူတွေးမိသွားသည်။


ယဲ့ဇယ်ရှစ်က အလွန်တော်သည့် သရုပ်ဆောင်မျိုးဖြစ်သည်။ သူလွယ်လွယ်နှင့် လက်မလျှော့နိုင်ပေ။


ဒါရိုက်တာချန်က နှစ်ပေါင်းများစွာတိုင် အနုပညာလောကအတွင်းရှိ သရုပ်ဆောင်များကို ပြစ်တင်ရှုံ့ချရာ၌ နာမည်ကြီးလေသည်။ ထိုသို့သောလူက သူရှုံ့ချဖူးသည့် သရုပ်ဆောင်တစ်ယောက်ကို သူ့ဘက်မှ ဦးစွာတောင်းပန်နေသည်မှာ သနားစရာပင်။


အတန်ကြာသည်အထိ ချန်ကျန့်ထျန်းတစ်ယောက် ယဲ့ဇယ်ရှစ်ကို စကားအကောင်း မည်သို့ပြောရမည်ကို သူ တကယ်မသိခဲ့ပေ။


ထိုသည်ကို စဉ်းစားပြီးနောက် ချန်ကျန့်ထျန်း တစ်ညလုံး အိပ်မပျော်ခဲ့ပေ။ ထို့နောက် သူ ညသန်းခေါင်တွင် ဟယ့်ကျင်းယွင်ထံ စာပို့လိုက်သည်။ 

"ဟေး... လူတွေကို ဘယ်လိုတောင်းပန်ရတာလဲ..."


ဇာတ်ညွှန်းဖတ်နေသော ဟယ့်ကျင်းယွင်က ထိုစာကိုမြင်လိုက်ရသောအခါ ချက်ချင်း ရွှင်မြူးသွားရသည်။

"ယဲ့ဇယ်ရှစ်ကို တောင်းပန်ချင်လို့လား..."


ချန်ကျန့်ထျန်း: "..."


"ငါ ဘယ်တုန်းက သူ့ကို တောင်းပန်ချင်တယ်လို့ ပြောလိုက်လို့တုန်း..."


ဟယ့်ကျင်းယွင် စာပြန်သည်ကိုမစောင့်တော့ဘဲ ချန်ကျန့်ထျန်းဆီမှ စာထပ်ရောက်လာပြန်သည်။ 


"ငါက အဲ့ဒီလို သရုပ်ဆောင်ကောင်းတစ်‌ယောက်ကို လက်မလွှတ်ချင်ယုံပဲ... မင်းက သူနဲ့ အတူတူ အလုပ်လုပ်ဖူးတယ်‌လေ...ငါက အခုမှ သူနဲ့အတူအလုပ်တွဲလုပ်ဖူးတာ..."


ဟယ့်ကျင်းယွင် ပို၍ ပြုံးလိုက်သည်။

"ခင်ဗျားက လက်ထောက် ဒါရိုက်တာ... ပြီးတော့ ယဲ့ဇယ်ရှစ်ကလည်း ကျွန်တော်နဲ့အတူ အလုပ်တွဲလုပ်နေတုန်း ခင်ဗျားနဲ့လည်း ပူးပေါင်းလုပ်နေတာပဲလေ..."


ချန်ကျန့်ထျန်း တည့်တိုးပင်ပြောလိုက်သည်။

"တူမလားကွ..."


ဟယ့်ကျင်းယွင်: "သေချာပေါက် တူတာပေါ့..."


ချန်ကျန့်ထျန်း ဖုန်းကို လွှင့်ပစ်လိုက်သည်။


လူအိုလေးခမျာ စိတ်ဆိုးစွာ အခန်းထဲတွင် လှည့်ပတ်‌နေခဲ့သည်။ သူ ထိုအကြောင်းကိုတွေးလေ 'ထိုင်နေရင်း သေဖို့မစောင့်ချင်'ဟု ခံစားရလေဖြစ်သည်။ 


အရင်က ယဲ့ဇယ်ရှစ်ကို ပူးပေါင်းလာအောင် ဟယ့်ကျင်းယွင် ဘယ်လိုများ လုပ်ခဲ့တာလဲ မသိဘူး...


ကြည့်ရတာ Weibo ပိုစ့်ကြောင့်များလား...


ချန်ကျန့်ထျန်း မျက်လုံးများ ဝင်းလက်သွားကာ သူ့အိပ်ရာအောက်သို့ လွှင့်ပစ်လိုက်သည့် ဖုန်းကို ပြန်ကောက်လိုက်သည်။ ထို့နောက် Weiboကိုဖွင့်ကာ ပို့စ်အသစ်တင်လိုက်သည်။


@ချန်ကျန့်ထျန်း: "ဇယ်ရှစ်က သရုပ်ဆောင်ကောင်းတစ်ယောက်ပဲ... နောက်ရုပ်ရှင်မှာလည်း သူနဲ့အတူ အလုပ်လုပ်ချင်သေးတယ်... @ယဲ့ဇယ်ရှစ်..."


……………


"ကတ်...ဒီနေ့တော့ ဒီလောက်ပဲ...ကြိုးစားခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..."


ဒါရိုက်တာ၏ ညွှန်ကြားချက်ဖြင့် နေ့တစ်နေ့၏ ရုပ်ရှင်ရိုက်ကွင်းမှာ ပြီးဆုံးသွားလေသည်။


ထန်ကျင့်က နာချင်သလိုဖြစ်နေသော သူ့လည်ပင်းကို ပွတ်ကာ ဒါရိုက်တာကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ထို့နောက် နာနီကားဆီသို့ အေးဂျင့်နှင့်လက်ထောက်က သူ့ကို ခေါ်သွားသည်။


"ကျေးဇူးပဲ..."


အေးဂျင့်က ဖုန်းကို လှမ်းပေးလိုက်သည်။

"မင်း ခဏနားလိုက်ဦး... ဟိုတယ်ကိုပြန်ရောက်လို့ မိတ်ကပ်ဖျက်ပြီးရင် အိပ်လို့ရပြီ... နောက်ထပ် ရက်နည်းနည်း‌လောက် အနားယူလို့လည်း ရသေးတယ်..."


ထန်ကျင့် ဖုန်းကိုယူလိုက်ရင်း သူ့နှုတ်ခမ်းများကို ကွေးလိုက်သည်။

"အဆင်ပြေပါတယ်... အခုတော့ကျွန်တော် မအိပ်ချင်သေးဘူး... အဲ့ဒါကြောင့် ဟိုတယ်ကိုပြန်ရောက်မှ အိပ်လိုက်မယ်..."


အေးဂျင့်က ခေါင်းညိတ်လိုက်ပြီး အများကြီး ဆက်မပြောပေ။


ထန်ကျင့် ခေါင်းငုံ့လိုက်ပြီး ဖုန်းကို ဖွင့်လိုက်သည်။ သူ ဖုန်းမျက်နှာပြင်ကို သော့မဖွင့်ရသေးမီ ‌Weibo အချက်ပေးမှုတစ်ခု တက်လာသည်ကို မြင်လိုက်ရသည်။


"ကျော်ကြားသော စစ်သူကြီး"၏ ရိုက်ကူးရေးစပြီး နှစ်ရက်အကြာတွင် ဒါရိုက်တာချန်က အနာဂတ်တွင် အလုပ်အတူလုပ်ရန် ယဲ့ဇယ်ရှစ်ကို မေးခဲ့သည်...


ထန်ကျင့် မျက်လုံးမှေးကြည့်လိုက်ကာ သူမှားဖတ်လိုက်မိသည်ဟု ထင်လိုက်သည်။


Weiboကို ဝင်ကြည့်လိုက်သောအခါ သူအလုပ်ရှုပ်နေသည့်အချိန်အတွင်း ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်ကို သူသိလိုက်သည်။ 


အနုပညာလောကအတွင်း စည်းကမ်းကြီးသည်ဟု နာမည်ကြီးသည့် ချန်ကျန့်ထျန်းက ပထမဦးစွာ ယဲ့ဇယ်ရှစ်ကို Weiboတွင် ချီးကျူးလိုက်သည်။ ထို့နောက် အလုပ်အတူပူးပေါင်းလုပ်ရန် လူသိရှင်ကြား မေးခဲ့သည်။ 


ဒါရိုက်တာချန်နှင့် အလုပ်တွဲလုပ်ရန် တောင်းဆိုရသည့် သရုပ်ဆောင်များ အမြဲတမ်းရှိသည်ကို လူတိုင်းသိကြသည်။ ဒါရိုက်တာချန်က သရုပ်ဆောင်တစ်ယောက်ကို အလုပ်အတူလုပ်ရန် တောင်းဆိုသည်က အရှေ့တွင်ပင် သာဓကပြစရာ မရှိပေ။


ဤသတင်းက အင်တာနက်တစ်ခွင်တွင် အကြီးအကျယ်ဖြစ်ဦးမည်ကို သူအသေအချာပြောရဲသည်။


အင်တာနက်အသုံးပြုသူများသာမက အနုပညာလောကအတွင်းရှိ သရုပ်ဆောင်များပင် ထိတ်လန့်သွားကြသည်။ 


ဒါရိုက်တာချန်နဲ့ အလုပ်အတူတူမလုပ်ချင်တဲ့ သရုပ်ဆောင်ရော ရှိလို့လားဟ...


အင်တာနက်အသုံးပြုသူများက ထိုသည်ကို မှတ်ချက်စာမျက်နှာတွင် ဤကဲ့သို့ ကောက်ချက်ချလိုက်သည်။ သူတို့ထင်သည်မှာ ဒါရိုက်တာချန်က ယဲ့ဇယ်ရှစ်ကို ယခင်က စော်ကားသလိုဖြစ်သွားသောကြောင့် ယဲ့ဇယ်ရှစ်က လက်မခံသည်ဟုပင်။


ဤသည်မှာ ထိတ်လန့်ဖွယ် သတင်းပင်ဖြစ်သည်။


[အရင်တုန်းကဆိုရင် လူသိများတဲ့သရုပ်ဆောင်အသစ် တစ်ဝက်လောက်ကို ဒါရိုက်တာချန်က မကျေမနပ်ဖြစ်အောင် လုပ်ခဲ့တယ်လို့ ပြောကြတယ်...ဒါပေမဲ့လည်း ဒါရိုက်တာချန်က သရုပ်ဆောင်အသစ် ရွေးမယ်လည်းပြောရော အဲ့ဒီလူတွေကဘဲ အရင်ဆုံးသွားပြီး လူရွေးပွဲဝင်တာပဲ...]


[ဒါရိုက်တာချန်ကို ဒေါသထွက်တဲ့ သရုပ်ဆောင်ကို မြင်ရတာ ရှားရှားပါးပါးပဲ...]


[အဲ့ဒီလိုလုပ်နိုင်တဲ့သူက ယဲ့ဇယ်ရှစ်တစ်ယောက်ပဲ ရှိတာလေ...ပြောရရင် သူ့မှာ တကယ်ကို အရင်းမြစ်တွေက ပြတ်လပ်မနေဘူးလေ...]


[မဟုတ်သေးပါဘူး...အရင်ရက်ကတောင် သူ့ကို အိုင်‌ဒေါအနုပညာရှင်လို့ ခေါ်ခဲ့ကြတာ မဟုတ်ဘူးလား... ဒီနေ့တော့ သူ့ကို ဘာလို့သရုပ်ဆောင်လို့ ခေါ်နေရတာလဲ...ဒါရိုက်တာချန်ရေ စကားအပြောင်းအလဲက မမြန်လွန်းဘူးလား...]


[ယောက်ျားတွေအကုန်လုံးက ဒီလိုပဲ...ဒါရိုက်တာချန်လည်း ချွင်းချက်မဟုတ်ဘူး...]


နံနက်ခင်းသုံးနာရီတွင် ထိုပို့စ်မှာ hot search စာရင်း၏ နောက်ပိုင်းတွင် ရောက်လာခဲ့သည်။ ထိုပို့စ်ကိုဆွေးနွေးကြသည့် လူအရေအတွက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာသည်။


ထန်ကျင့် မှတ်ချက်အနည်းငယ်ကိုဖတ်ပြီး ပြန်လာသောအခါတွင် ထိုပို့စ်၏ နေရာမှာ hot search စာရင်းတွင် နေရာအနည်းငယ်ပင် ခုန်တက်လာခဲ့သည်။ 


ထန်ကျင့်၏ စိတ်အခြေအနေမှာ အလွန်ရှုပ်ထွေးနေခဲ့သည်။ ဖုန်းကိုင်ထားသော သူ၏လက်များပင် အနည်းငယ် တုန်ယင်နေခဲ့သည်။


ယဲ့ဇယ်ရှစ်...သူက...ဒါရိုက်တာချန် ချီးကျူးတာခံလိုက်ရတယ် ဟုတ်လား...


ထန်ကျင့် သူ့ရင်ဘတ်ထဲတွင် မွန်းကြပ်နေသည်ဟု ခံစားနေရသည်သာမက အာခေါင်တွင်ပါ အနည်းငယ် ခါးသက်နေသည်ဟု သူခံစားနေရသည်။  


ငါက ယဲ့ဇယ်ရှစ်ထက် တကယ်ပဲ ဆိုးရွားနေတာလား...


သီချင်းဆိုတဲ့‌နေရာ၊ ကတဲ့နေရာအပြင် သရုပ်ဆောင်တဲ့နေရာမှာပါ ယဲ့ဇယ်ရှစ်က ငါ့ထက်သာနေတယ်...


ယဲ့ဇယ်ရှစ်...သူက ဘယ်လိုတည်ရှိမှုမျိုးလဲ...


ဒီကမ္ဘာကြီးပေါ်မှာ ဘက်စုံတော်တဲ့သူဆိုတာ တကယ်ရောရှိလို့လား...


သို့သော် သူ့အရှေ့ရှိ အချက်ကိုကြည့်လိုက်လျှင်ပင် ထိုသည်ကို သူယုံကြည်လက်ခံရမလိုပင်။


"Time Idol"တွင် ယဲ့ဇယ်ရှစ်၏ လုပ်ဆောင်မှုများမှာ အတုအ‌ယောင်မဟုတ်ခဲ့ပေ။ ထိုသည်ကို စင်မြင့်ပေါ်တွင် သူမျက်လုံးဖြင့် ကိုယ်တိုင်မြင်ခဲ့ရခြင်း ဖြစ်သည်။


ဒါရိုက်တာချန်၏ စကားများမှာ တမင်သက်သက် လောကဝတ်ပြုသည်များ မဟုတ်ပေ။


ယဲ့ဇယ်ရှစ်က အမှန်တကယ်ကို သူ့ထက်သာသော တည်ရှိမှုမျိုး ဖြစ်သည်။


ထန်ကျင့် အံကြိတ်လိုက်သည်။


ထန်ကျင့် အတော်ကြာ မလှုပ်မရှားဖြစ်‌နေသည်ကို မြင်သောအခါ သူ့အေးဂျင့် သူ့ကို လှည့်ကြည့်လိုက်သည်။ ထန်ကျင့်၏ ဖြူဖျော့နေသော မျက်နှာကိုမြင်သောအခါ အေးဂျင့်မှာ ထိတ်လန့်သွားသည်။

"ရှောင်ကျင့် ဘာဖြစ်လို့လဲ... နေလို့မကောင်းဘူးလား..."


ထန်ကျင့် အသိပြန်လည်လာကာ သူ၏ ဖျော့တော့တော့ နှုတ်ခမ်းများကို ကိုက်လိုက်သည်။ ထို့နောက် သူ မနေနိုင်ဘဲ မေးလိုက်မိသည်။

"အစ်မ... ဒါရိုက်တာချန်က ပြင်ပဖိအားတွေကြောင့် သူ့ဆန္ဒကိုသူ ဆန့်ကျင်ပြီး လုပ်မယ့်လူမျိုးလို့ ထင်လား..."


ထန်ကျင့် မည်သည်ကို ဆိုလိုချင်မှန်း အေးဂျင့် ချက်ချင်းသဘောပေါက်လိုက်သည်။

"Weiboပို့စ်ကို မြင်လိုက်တာလား..."


ထန်ကျင့် ခေါင်းညိတ်ပြလိုက်သည်။


အေးဂျင့် သက်ပြင်းချလိုက်သည်။


ထိုသတင်းကို သူမ မြင်သောအခါ ထန်ကျင့်၏အမူအရာကို အကဲခတ်နေခဲ့သည်။ 


ထန်ကျင့်က မာနရှိပြီး ရှုံးရသည်ကို မုန်းသည်။ သူ့ကိုယ်သူလည်း စည်းကမ်းတင်းကျပ်ထားသော သူမျိုးဖြစ်သည်။


"Time Idol"တွင် သူ့ထက်သာသည့်သူ တစ်ယောက်ယောက် ရှိနေခဲ့ပါက သူ မသက်မသာခံစားရမည် မဟုတ်ပေ။


သို့သော် ထိုသူက သူ ယခင်က အထင်သေးခဲ့သော ယဲ့ဇယ်ရှစ် ဖြစ်နေခဲ့သည်။ သူ ယလင်က အ‌ထင်သေးခဲ့သည့် ဒုတိယမျိုးဆက် သူဌေးသား လူပေါ်ကြော့တစ်ယောက်က ဘက်စုံထူးချွန်သည့် သူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်က မည်သူမျှမထင်ထားခဲ့ကြသော ကိစ္စဖြစ်သည်။


ထန်ကျင့်အတွက် ကိစ္စများက ရှုပ်ယှက်ခတ်သွားသည်ဟု ခံစားရသည်မှာ ပုံမှန်ပင်ဖြစ်သည်။ 


အေးဂျင့်က အတော်ကြာသည်အထိ စကားပြောမလာသည်ကို မြင်သောအခါ ထန်ကျင့် သူ့စိတ်ထဲမှ အလိုလို နားလည်လိုက်သည်။


တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ မနေနိုင်ဘဲ မေးလိုက်သည်။

"အစ်မ...ကျွန်တော့်မှာ နားချိန်၅ရက်ရှိသေးတယ်...'ကျော်ကြားသော စစ်သူကြီး' မှာ နောက်ထပ် ဇာတ်ရံသရုပ်ဆောင်လိုသေးလားလို့ ကုမ္ပဏီကို မေးပေးပါ့လား..."


အေးဂျင့် ထိတ်လန့်သွားပြီး ရုတ်တရက် ခေါင်းမော့လိုက်ကာ ထန်ကျင့်ကိုကြည့်လိုက်သည်။

"ရှောင်ကျင့်..."


ထန်ကျင့် မျက်လွှာချလိုက်သည်။

"ဘယ်ဇာတ်ကောင်နေရာမဆို အဆင်ပြေတယ်...နောက်ဆုံး တည်းဖြတ်မယ့်အချိန်မှာ အခန်းတစ်ခန်းပဲ ကျန်ခဲ့ရင်တောင်မှ..."


သူ့လည်စလုပ် အထက်အောက် လှုပ်ရှားသွားသည်။

"ကျွန်တော် ဘာဖြစ်လို့ ရှုံးခဲ့ရတာလဲဆိုတာ ကိုယ်တိုင်သွားပြီး ကြည့်ချင်တယ်..."


"ကျွန်‌တော်ကိုယ်တိုင် မမြင်ရရင်... ဒါကိုလက်ခံလိုက်ဖို့ စိတ်ကူးမရှိဘူး..."


"သူသန်မာတာ သိပေမယ့်လည်း... ကျွန်တော်မြင်ချင်သေးတယ်..."


အမှောင်ထဲတွင် မျက်ရည်တစ်ပေါက် ကျဆင်းသွားခဲ့သည်ဟု ထင်သည်။


တိတ်ဆိတ်နေခဲ့သည်။


အေးဂျင့်က သက်ပြင်းရှိုက်လိုက်ပြီးအံကြိတ်ကာ ဆိုသည်။

"ကောင်းပြီ..."


ထန်ကျင့် တိတ်တဆိတ် လက်သီးကျစ်ကျစ်ဆုပ်ထားမိသည်။


ယဲ့ဇယ်ရှစ်...ငါ့ကိုစောင့်နေလိုက်...


.….....……


ယဲ့ဇယ်ရှစ် နံနက်မိုးစင်စင်လင်းချိန် အိပ်ရာထလာမှ ယမန်နေ့ညက ဒါရိုက်တာချန် Weibo ပို့စ်တင်ခဲ့ကြောင်း သိရလေသည်။


ကောင်းရှူက ထိုသည်ကို အလွန်စိတ်လှုပ်ရှားသွားသောကြောင့် စတူဒီယို Weiboကိုဖွင့်၍ ဒါရိုက်တာချန်၏ ပို့စ်ကို ပြန်တင်ပြီး ထိုကမ်းလှမ်းမှုကို လက်ခံကြောင်း ပို့စ်တင်ချင်လေသည်။


ယဲ့ဇယ်ရှစ် သူ့ကိုတားလိုက်သည်။

"ပြန်မတင်နဲ့နော်..."


ကောင်းရှူ ခဏမျှ တုံ့ဆိုင်းသွားသည်။

"ဘာဖြစ်လို့လဲ..."


ယဲ့ဇယ်ရှစ်: "ကျွန်တော်က ဒီရုပ်ရှင်ရိုက်ပြီးတာနဲ့ အနားယူတော့မှာလေ... နောင်တစ်ချိန် သူနဲ့ ဘယ်လိုလုပ် ပူးပေါင်းနိုင်တော့မှာလဲ..."


ကောင်းရှူ ဆွံ့အသွားသည်။

"အနားယူမယ် ဟုတ်လား... ဘာဖြစ်လို့ ဒီလောကကနေ အနားယူချင်နေရတာတုန်း..."


"ကိုယ့်ကိုယ်ကို အနားယူစေချင်လို့ပေါ့... အနုပညာလောကက အရမ်းပင်ပန်းလွန်းတယ်... အိမ်ကိုပြန်ပြီးတော့ဘဲ ဒုတိယမျိုးဆက်သူဌေးသားလေးအဖြစ်နဲ့ အေးအေးဆေးဆေးပဲ နေချင်တော့တယ်..."


ကောင်းရှူနှင့် ယဲ့ဇယ်ရှစ် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြသည်။ သူ့သခင်လေးက ဤအကြောင်းများ ပြောလာသည်ကို ကောင်းရှူ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်သည်။ သူမည်သို့ ခံစားသင့်သည်ကိုပင် ကောင်းရှူ မသိတော့ပေ။


သူ့သခင်လေးနှင့် သူ့ကိုယ်သူအတွက် အနာဂတ်အစီအစဉ်များကို သူ ဆွဲထားပြီးဖြစ်သည်။ 

ဘာဖြစ်လို့ သခင်လေးက ဒီအသိုင်းအဝိုင်းက ထွက်သွားချင်ရတာလဲလို့...


ယဲ့ဇယ်ရှစ်၏ စကားများက ကောင်းရှူကို ထိချက်ပြင်းသွားလေရာ ထိုကိစ္စကိုပင် ကောင်းရှူ မနက်တစ်ခင်းလုံး တွေးနေခဲ့သည်။ ထို့ကြောင့် ပို့စ်ပြန်တင်ရန်ပင် ခေတ္တခဏ မေ့သွားခဲ့ရသည်။


ထိုWeiboပို့စ်ကို ဟယ့်ကျင်းယွင်လည်း နံနက်ခင်းတွင် မြင်လိုက်ရသည်။ ထိုအတွက် ရယ်ရမည်လား ချန်ကျန့်ထျန်းကိုပင် ဆူသင့်သည်လား သူ မတွေးတတ်တော့ချေ။


အဲ့ဒီလူက ငါ့ကို အတုခိုးချင်နေတုန်းလား...


စိတ်မကောင်းစရာမှာ ဟယ့်ကျင်းယွင်က အတုခိုးရန်မလွယ်ကူပေ။


ထိုစာချုပ်ကို လက်မှတ်ထိုးနိုင်ရန် သူ မည်မျှ အားစိုက်ထုတ်ခဲ့ရကြောင်းနှင့် အကြိမ်မည်မျှ အငြင်းခံခဲ့ရကြောင်းကို ချန်ကျန့်ထျန်းတစ်ယောက် မသိခဲ့ပေ။


သေချာပေါက်ပင် ချန်ကျန့်ထျန်းကို သူ ကူညီလိမ့်မည်မဟုတ်ပေ။


ထိုခေါင်းမာသည့် လူအိုကြီးကို သင်ခန်းစာပေးနိုင်ရန်အတွက် ယဲ့ဇယ်ရှစ်ကို သူ အသုံးချနိုင်သည်။


ကောင်းကောင်းသင်ယူပါစေ...အဲ့ဒါမှ နောက်ကျ သူ့စိတ်ထဲရှိရာ မပြောနိုင်မှာ...


ယနေ့တွင် ရိုက်ကူးရေးအဖွဲ့ တစ်ဖွဲ့လုံး၏ လေထုမှာ အနည်းငယ် ထူးဆန်းနေခဲ့သည်။


ဒါရိုက်တာချန်က ယနေ့ အနည်းငယ်ထူးဆန်းနေသည်ကို ရိုက်ကူးရေးဝန်ထမ်းအားလုံး သတိထားမိလိုက်ကြသည်။


သူက ဟယ့်ကျင်းယွင်ကို စိုက်ကြည့်လိုက် ယဲ့ဇယ်ရှစ်ကိုကြည့်လိုက် လုပ်နေခဲ့သည်။


သို့သော် ထိုနှစ်ယောက်မှာမူ ဒါရိုက်တာချန်ကို သူတို့မြင်ကွင်းတွင် မရှိသည့်အလား သူတို့လုပ်စရာရှိသည်များကိုသာ လုပ်နေကြသည်။


ယမန်နေ့က ရိုက်ကူးရေးမှာ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သောကြောင့် ယနေ့ ယဲ့ဇယ်ရှစ် ရိုက်ကူးရမည့် အခန်းများမှာ မခက်ခဲပေ။ ထို့ကြောင့် သူက အားလုံးထဲတွင် အသက်သာဆုံး ဖြစ်နေခဲ့သည်။ အခြားသရုပ်ဆောင်များ ရိုက်ကူးရေးလုပ်နေစဉ် သူက RVထဲတွင်သာ အေး‌အေးဆေးဆေး နေနေခဲ့သည်။


ပူပြင်းလှသည့် နေရောင်အောက်တွင် လူတိုင်းက ချွေးထုတ်ခန်းအတွင်း ရောက်နေသကဲ့သို့ ခံစားနေကြရကာ ယဲ့ဇယ်ရှစ်တစ်ယောက်သာ လေအေးပေးစက် အေးအေးလေးအောက်တွင် ‌ကောင်းချီးပေးခံစားနေရသည်။


‌ဒါရိုက်တာချန် သူရိုက်ကူးရမည့် အခန်းများ ရိုက်ကူးပြီးသွားသောအခါ ရိုက်ကွင်းကို တစ်ခေါက် ပြန်လှည့်လာရာတွင် ယဲ့ဇယ်ရှစ်ကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။


ဒါရိုက်တာချန်၏ မျက်ခုံးများ ရုတ်တရက်ဆိုသလို တွန့်ချိုးသွားသည်။


ငါ့ကို တမင်ရှောင်နေတာပဲ... ငါ ဘာလုပ်ရမလဲ...


သောကရောက်နေသော ဒါရိုက်တာချန်ကို ကြည့်ကာ ဟယ့်ကျင်းယွင် အနည်းငယ် ရွှင်မြူးလာသည်။ သို့သော် သူဘာမှ ဝင်မပြောပေ။


ထို့နောက် ချန်ကျန့်ထျန်းက မနေနိုင်တော့ဘဲ ခါးသီးသော အမူအရာဖြင့် ဟယ့်ကျင်းယွင်ကို ဖမ်းဆွဲလိုက်သည်။

"ပြောပါဦး... ငါ ဘယ်လိုဆက်လုပ်သင့်တုန်း..."


ဟယ့်ကျင်းယွင် သူ့မျက်ဝန်းမှ ပြုံးရိပ်များကို မဖုံးကွယ်ထားနိုင်တော့ပေ။ ထို့နောက် သူ ဒါရိုက်တာချန်ကို ခန့်မှန်းရခက်သော အမူအရာဖြင့် ပုခုံးပုတ်လိုက်သည်။

"ရက်တွေအများကြီး ရှိပါသေးတယ်... အချိန်ယူပြီး သူ့ကို ဘာဖြစ်လို့ မပြောကြည့်လဲ..."


ချန်ကျန့်ထျန်း လဲကျတော့မလိုပင် ခံစားလိုက်ရသည်။ 

ပြဿနာက ငါ အဲ့ဒီလို မလုပ်ချင်ဘူးလေ...


ဟယ့်ကျင်းယွင် ပုခုံးတွန့်လိုက်သည်။

"ကျွန်တော် သူ့ဆီ ပထမဆုံးသွားတုန်းကလည်း သူက မလုပ်ချင်ဘူးတဲ့လေ... အချိန်ယူလိုက်ပါ..."


ချန်ကျန့်ထျန်း: "..."


အလကားပဲ... ငါ ပိုတောင် စိတ်တိုသွားပြီ... ဟယ့်ကျင်းယွင်စုတ်ကတော့...


သို့သော် ချန်ကျန့်ထျန်း စိတ်ငြိမ်သွားပြီး သေချာစဉ်းစားကြည့်သောအခါ ဟယ့်ကျင်းယွင် ပြောသည်က လုံးဝကြီး အ‌ကျိုးအကြောင်းမသင့်သည်လည်း မဟုတ်ဟုပင်။


ယဲ့ဇယ်ရှစ်က ရိုက်ကူးရေးအဖွဲ့တွင် အကြာကြီး ရှိနေဦးမည်ဖြစ်သည်။ သူတစ်ရက်ရက်တွင် စိတ်မဆိုးတော့သည်လည်း ဖြစ်နိုင်သည်။


တစ်ကြိမ်တည်းနှင့် မလုပ်မဖြစ်လျှင် ထပ်ကြိုးစားရမည်။ နှစ်ကြိမ်နှင့် မဖြစ်မြောက်လျှင် အကြိမ်များစွာ ကြိုးစားရုံသာရှိသည်။


ငါ မအောင်မြင်နိုင်ဘူးဆိုတာ မယုံဘူးကွ... 


ကံမကောင်းစွာဖြင့် ဒါရိုက်တာချန် မသိခဲ့သည်မှာ သူကြုံတွေ့နေရသည်က ယဲ့ဇယ်ရှစ်ဆိုသည်ကိုပင်။


ငါးဆားနယ်လိုနေချင်နေတဲ့ ယဲ့ဇယ်ရှစ်ပါလို့...



🎶🎶🎶