Chapter 127
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 127


"ဘာဖြစ်လို့ အရမ်းဆူညံနေတာလဲ!"

မြို့စားကြီးသည် သူ့ရှေ့တွင် စံအိမ်ထဲရှိ မည်သည့်အစေခံကမှ ထိုကဲ့သို့ရုန်းရင်းဆန်ခတ်ဖြစ်အောင်မလုပ်ဖူးသောကြောင့် ဒေါသထွက်စပြုလာခဲ့သည်။သူ့ကြည့်ရတာ ဘတ်သ်ကို ချက်ချင်းလည်ပင်းဖြတ်ချင်နေပုံရသည်။

"သခင် အခုချက်ချင်းမြင်မှရမယ့်ဟာတစ်ခုရှိပါတယ်...!"

သို့တိုင် ဘတ်သ်က နောက်မဆုတ်ခဲ့ပေ။ တစ်သက်မှာ တစ်ခါပဲရသော အခွင့်အရေးဖြစ်တာကြောင့် ဘတ်သ်သည် မြို့စားကြီးကို ခေါ်ထုတ်ရန် ပိုရျယ်သောအသံဖြင့် အော်လိုက်သည်။

မြို့စားကြီးက အံတင်းတင်းကြိတ်ကာ တံခါးကိုဆွဲဖွင့်ပြီး ဘတ်သ်၏ ပါးကိုရိုက်မလို လက်မြှောက်လိုက်ချိန်တွင် ဘတ်သ်သည် သူမ လက်ထဲကိုင်ထားသည့်အရာအား သူ့ကိုအမြန်ပြလိုက်သည်။

"ကျွန်မ မြို့စားကတော်ကြီး ရေးထားပုံရတဲ့ စာတစ်စောင်ရခဲ့တယ်...ဒါပေမယ့် လူမှားပို့ခဲ့တဲ့ပုံပဲ...!"

"လူမှားပို့တဲ့စာလား"

၎င်းက သူ့ကိုပို့လိုက်သည့် စာမဟုတ်ဘဲ မတော်တဆမှားပို့လိုက်သောစာပင်။ မြို့စားကြီးအတွက် အဓိပ္ပါယ်ကို ချက်ချင်းနားလည်ရန် ခက်ခဲသောကြောင့် လက်ပြန်ချပြီး စာကိုလက်ခံလိုက်သည်။

ထို့နောက် ကွာရှင်းပြတ်စဲသည့် လုပ်ငန်းစဉ်များ တရားဝင်စတင်ပြီး သူ့ပိုင်ဆိုင်မှုများအားလုံးကို ယူရန်ရည်ရွယ်ထားတာကြောင့် လောလောဆယ်တော့ အစီရင်ခံတာရပ်ပြီး အဖမ်းမခံရအောင် တိတ်တဆိတ်နေရန် ပြောထားသောစာဖြစ်၏။

"...ဒါက ဘာသောက်ကျိုးနည်းလဲ"

"အဲ့ဒါက... သူမ တိတ်တိတ်လေးတွေ့နေတဲ့လူကို ပို့ဖို့ရည်ရွယ်ထားတဲ့စာဖြစ်နိုင်တယ်"

"တိတ်တိတ်လေးတွေ့နေတဲ့လူလား"

"ဟုတ်တယ် ဟုတ်တယ်...! တကယ်တော့ အရင်တုန်းက မြို့စားကတော်ကြီးက အပြင်ကို ဘာမှမပြောဘဲ ခဏခဏသွားတတ်တယ်။ကျွန်မတော့ သူမ အဲ့လူနဲ့သွားတွေ့တာလို့ ထင်တယ်…"

"…"

ထို့ကြောင့် မြို့စားကတော်ကြီးသည် မြို့စားကြီး၏နောက်ကွယ်၌ လျှို့ဝှက်ဆက်ဆံရေးတစ်ခုရှိနေသည်ဟု အဓိပ္ပာယ်ဖြစ်သည်။၎င်းမှာ သူဘယ်တုန်းကမှ သံသယမဖြစ်ဖူးခဲ့သောအရာဖြစ်တာကြောင့် ဒေါသများက ကောင်းကင်အထိ မြင့်တက်သွားခဲ့သည်။

"ဒီတော့ သူမက အဲ့ကိစ္စကြောင့် ကွာရှင်းချင်နေတာလား။ တကယ့်ကို ရူးနေတဲ့မိန်းမပဲ!"

မြို့စားကြီးသည် မြို့စားကတော်ကြီး၏ မမှားနိုင်သော လက်ရေးကြောင့် လွယ်လွယ် အရူးလုပ်ခံခဲ့ရသည်။ အကယ်၍ သူမသာ သူ့ရှေ့မှာ ရှိပါက သူမကို အပိုင်းပိုင်း ဖြဲစုတ်လောက်သည်။

ဘတ်သ်သည် စာကြောင့် ဒေါသထွက်နေသော မြို့စားကြီးကို ဆက်လိမ်ခဲ့သည်။

"တကယ်တော့ ကျွန်မ အရင်တစ်ခါတုန်းက သခင်မကြီးနဲ့အတူ လိုက်ဖူးတော့ အဲဒီလူကို တွေ့ဖူးတယ်လို့ထင်တယ်။သေတော့မသေချာပေမယ့် အဲ့လူကိုအပြင်ထွက်ပြီးသွားတွေ့တာ ထူးဆန်းတယ်…"

"အဲ့ဒါဘယ်သူလဲ!?"

သူမ တစ်ဖက်လူကို သိကြောင်းကြားလိုက်ရသောကြောင့် မြို့စားကြီး၏ မျက်လုံးများက မီးတောက်လာခဲ့သည်။ သစ္စာဖောက်ခြင်းအပြင် ထိုအမှန်တရားကို ကွာရှင်းခြင်းရာ၌ အသုံးပြုနိုင်သည်။

ဘတ်သ်က ဒုက္ခရောက်သလိုအမူအရာဖြင့် တုံ့ဆိုင်းသွားပြီးနောက် ဖြေးညှင်းစွာ ပါးစပ်ဖွင့်ခဲ့သည်။

"တကယ်တော့ အဲ့ဒါက… သခင်မကြီး အပြင်မှာတွေ့တဲ့လူက အိမ်တော်ထိန်း ဂျူလီယန်ပဲ…"

၎င်းက လိမ်ညာတာမဟုတ်ပေ။ အိမ်တော်ထိန်းနှင့် မြို့စားကတော်ကြီးတို့ အပြင်မှာ တွေ့ခဲ့သည်က အမှန်ပင်ဖြစ်သည်။

ဒါပေါ့ တကယ်တော့ သူတို့က ဖောက်ပြန်တာကဲ့သို့ ဆိုးရွားသောအရာများ လုပ်နေတာမဟုတ်ပေ။အိမ်တော်ထိန်းတွင် ကျောက်မျက်ရတနာများကို ကြည့်တတ်သော မျက်လုံးများရှိတာကြောင့် သူမကို ခဏတာ ကူညီခဲ့ရုံဖြစ်သည်။ သူတို့၏တွေ့ဆုံမှုကို ထုတ်ပြောရသည့် ရည်ရွယ်ချက်မှာ ငါးစာအဖြစ် ဆွဲဆောင်ရန်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ယခုတွင် သူတို့နှစ်ဦးထိပ်တိုက်တွေ့ကြပြီး ဂျူလီယန်သည် စစ်ဆေးမေးမြန်းမှုကို အလွယ်တကူ ရှောင်နိုင်ရန် ခက်ခဲနိုင်ပေသည်။

မြို့စားကြီးကလည်း သူ့ရုံးခန်းထဲ တစ်ယောက်ယောက်ရှိနေတုန်းပဲဆိုတာကို မေ့သွားလိမ့်မည်ဖြစ်သည်။

"ဒါဆို 'တိတ်တိတ်နေ'လို့ ပြောတာက...!"

၎င်းက စံအိမ်ကြီးထဲ ဒီတိုင်းငြိမ်ငြိမ်နေပြီး အခြေအနေတွေကို စောင့်ကြည့်ဟု ဆိုလိုပေသည်။ သူ့အစီရင်ခံစာတွေကို ယာယီရပ်ထားဖို့ ပြောထားတာကြောင့် သူက သေချာပေါက် အိမ်တော်၏ အချက်အလက်များကို ရောင်းစားနေတာ ဖြစ်နိုင်သည်။

ဘတ်သ်၏ စကားများ မှန်ပါက ၎င်းမှာ တစ်ခုတည်းသော အဓိပ္ပါယ်ဖြစ်သည်။မြို့စားကြီးသည် ဒေါသတကြီးဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ ဘတ်သ်ကို အော်လိုက်သည်။

"အဲ့ကောင် အခုဘယ်မှာလဲ!"

* * *

ဘတ်သ်က သူမအတွက်အချိန်ဆွဲပေးနေတာကြောင့် လူနာသည် မြို့စားကြီး၏ရုံးခန်းထဲ ရှာဖွေရန် အခွင့်အရေးရခဲ့သည်။

အခန်းထဲတွင် စာရွက်စာတမ်းများ သိမ်းဆည်းထားသော အံဆွဲများစွာရှိနေသည်။လူနာသည် ပုံမှန်အသုံးပြုပုံမရသောအံဆွဲများကို စတင်ဖွင့်လိုက်သည်။ထို့နောက် ရုတ်တရက် သူမဖခင် ဘယ်ရွန်ပဲလ် တစ်ချိန်က ပြောခဲ့ဖူးသော စကားကို အမှတ်ရမိသွားခဲ့သည်။

-အဖေ မြို့စားကြီးရဲရုံးခန်းကို အချက်အလက်တွေတင်ပြဖို့သွားတော့ သူက စားပွဲအောက်က အံဆွဲတွေကို သော့အထပ်ထပ်ခတ်ပြီး ခဏခဏ စစ်ဆေးနေတာ။အဲ့ဒါနဲ့ အဖေလည်း လူသိလို့မရတဲ့ စာရွက်စာတမ်းတွေ ရှိနေတာလားလို့ နောက်လိုက်တာ သူက မီးထရှို့တော့မလိုမျိုး တော်တော်ဒေါသထွက်လာပါရော။

ထိုအချိန်က လူနာသည် ဘယ်ရွန်၏ စနောက်မှုက အနည်းငယ်လွန်သည်ဟု ထင်ခဲ့သော်လည်း မြို့စားကြီးက ထိုစားပွဲအောက်ကအံဆွဲများနှင့် ပတ်သက်ပြီး ဆတ်ဆတ်ထိမခံဖြစ်နေခြင်းမှာ အခြားသူများ မမြင်စေလိုသည့် အရာတစ်ခု တကယ်ရှိနေသောကြောင့်ဖြစ်နိုင်သည်။

'အမှောင်ဆုံးနေရာက မီးအိမ်အောက်ပဲ။ ဒါကြောင့် လူတွေကအများအားဖြင့် လျှို့ဝှက်ချက်တွေလုံခြုံအောင် အဲ့မှာသိမ်းထားတတ်ကြတယ် ဒါပေမယ့် တစ်ခါတလေ တချို့က ဆန့်ကျင်ဘက်လုပ်တတ်ကြတယ်'

လူနာက ထိုအကြောင်းတွေးလိုက်ပြီး မြို့စားကြီး၏ စားပွဲအောက်က အံဆွဲတစ်ခုချင်းစီတိုင်းကို စတင်စစ်ဆေးခဲ့သည်။

"အမ်…!"

ဘတ်သ်၏သော့ဖြင့် အံဆွဲများအားလုံးနီးပါး ဖွင့်၍ရခဲ့သော်လည်း တစ်ခုကမူ ဖွင့်လို့မရခဲ့ပေ။ အတိအကျပြောရလျှင် ၎င်းကပွင့်သွားသော်လည်း အတွင်းတွင် သော့ခတ်ထားသော အခြားအံဆွဲတစ်ခုရှိနေခဲ့သည်။

ဒီဟာများလား…သံသယဖြစ်စရာပဲ။ ကြည့်ရသည်မှာ သူမအဖေ နောက်ခဲ့ခြင်းမဟုတ်ဘဲ မြို့စားကြီးက တကယ်ပင် အခြားသူများအား ပြ၍မရသောအရာကို ဖုံးကွယ်ထားခဲ့သည်။

သို့သော် ဘတ်သ်၏သော့က ၎င်းအတွက် အလုပ်မဖြစ်ပေ။ သူမတွင် ရွေးချယ်စရာမရှိဘဲ ဘတ်သ်ကိုသော့အသစ်ပြုလုပ်ခိုင်းပြီး အရုဏ်တက်ချိန်ကျမှ အံဆွဲကိုဖွင့်ပြီး အကြောင်းအရာများကို ခိုးယူနိုင်မည့်ပုံရသည်။

'ဒါပေမယ့် ကြိုးစားကြည့်မှပဲ...'

လူနာက ရုပ်ရှင်များထဲမှကဲ့သို့ ဆံညှပ်ဖြင့် သော့ဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ဘတ်သ်က အချိန်ဆွဲရင်းအလုပ်များနေတာကြောင့် သူမလည်း သူမကြိုးစားသင့်ပေသည်။

လူနာက သူများအတွေးများကို အဆုံးသတ်လိုက်ပြီး မြို့စားကြီး၏ စားပွဲပေါ်၌ရှာဖွေခဲ့ရာ စာရွက်စာတမ်းများတွဲထားသည့် ကလစ်တစ်ခုကို တွေ့ခဲ့သည်။

သူမက အံဆွဲ၏ သော့ပေါက်ထဲထည့်ပြီး တစ်ချက်နှိပ်ရာ ကလစ်ခနဲ သော့ပွင့်သွားခဲ့သည်။

"…!"

သို့သော် ပြဿနာတစ်ခုရှိလာခဲ့သည်။ သူမက သော့ဖွင့်ခဲ့ရုံသာမက သော့ကိုပါ ချိုးမိခဲ့သည်။

'ငါ-ငါ အားအရမ်းသုံးခဲ့မိတာလား။ ငါ အခု ဘာလုပ်သင့်လဲ။ ဘာလို့ အရေးကြီးစာရွက်စာတမ်းတွေဝှက်ထားတဲ့ အံဆွဲကဒီလောက်အားနည်းနေရတာလဲ'

လူနာ ခဏလောက်တွန့်ဆုတ်သွားသော်လည်း ဖြစ်ပြီးသွားပြီဖြစ်တာကြောင့် ပြန်ပြင်လို့မရတော့ချေ။ ၎င်းက အပြင်ဘက်မှာ ထင်သာမြင်သာရှိသော ပျက်စီးမှုမျိုးမဟုတ်တာကြောင့် သူမ မပြောပါက ဘယ်သူမှ သိမှာမဟုတ်ပေ။

'ထားတော့ ကျန်တာကို ရိုယာဖြေရှင်းလိမ့်မယ်'

သူ၏ ကမ္ဘာပေါ်ရှိအနှစ်သက်ဆုံးအရာမှာ မြို့စားကြီးမိသားစုကို အနှောင့်အယှက်ပေးရခြင်းဖြစ်ကြောင့် မည်သည့်အချက်ခဲကိုမဆို လက်နှစ်ဖက်ဖွင့်ကာ ကြိုဆိုလောက်ပေသည်။ ထို့အပြင် သူမ အဖမ်းမခံရဘဲ ထွက်ပြေးနိုင်လျှင်လည်း ပြဿနာမရှိနိုင်ပေ။

လူနာက ထိုသို့တွေးရင်း စာရွက်စာတမ်းများကို အမြန်ကြည့်လိုက်သည်။

ဘတ်သ် ရှင်းပြခဲ့သလိုပင် မြိုစားကြီးက အမှန်တကယ်မတည်ရှိသော လူများစွာကို ဖန်တီးပြီး အမြတ်ပိုင်ဆိုင်မှုများ ခွဲဝေပေးခဲ့သည့် မှတ်တမ်းများကို တွေ့ခဲ့ရသည်။

'...ဒီလောက်ချမ်းသာတဲ့သူက ဘာလို့ဒီလိုမျိုး လုပ်ရတာလဲ'

လူနာက ကျစ်တစ်ချက်သပ်လိုက်ပြီး မြို့စားကြီး၏ပြစ်မှုအား ပြတ်ပြတ်သားသားသက်သေပြနိုင်မည့် စာရွက်စာတမ်းအချို့ကို ရွေးထုတ်လိုက်သည်။

လူနာက နောက်ပိုင်း၌ ငြင်းဆိုမှုများကို ရှောင်နိုင်ရန် မြို့စားကြီး၏ လက်မှတ် သို့မဟုတ် တံဆိပ်ပါသည့်စာရွက်စာတမ်းများကိုသာ ရွေးချယ်ခဲ့သည်။ သူ့ကို ကူညီပေးခဲ့သော မြို့စားများ၏ စာရွက်စာတမ်းမိားကိုလည်း သူမ လက်လွှတ်မခံခဲ့ပေ။

'ဒီလောက်ဆို လုံလောက်ပြီထင်တယ်'

သူမခအရာအားလုံးကို ယူသွားချင်သော်လည်း ၎င်းတို့အားလုံးကို ဖွက်ထားရန် နေရာမရှိကာ သူမ ဤအတိုင်း ပွင့်လင်းစွာယူမသွားနိုင်ပေ။

လူနာက အဓိကစာရွက်စာတမ်းများကို ခေါက်ပြီးသူမဂါဝန်ထဲထည့်ကာ ကျန်စာရွက်စာတမ်းများကို အံဆွဲထဲပြန်ထည့်ပေးတော့မည့်အချိန်တွင် စောစောက သူမ မမြင်ခဲ့သော စာရွက်စာတမ်းတစ်ခုကို သတိထားမိသွားခဲ့သည်။

'ဟင်... ဒါက ဘာလဲ'

၎င်းက ဒဲဗောရာနှင့် မြို့စားကြီးတို့၏ စာချုပ်ဖြစ်သည်။

အရူးကြီး မကောင်းတဲ့လူ

လူနာက မြို့စားကြီးကို ကျိန်ဆဲလိုက်ပြီး ထိုစာချုပ်ကိုပါ သူမ၏ဂါဝန်ထဲသို့ထည့်ကာ ဘာမှမဖြစ်ဟန်ဖြင့် ရုံးခန်းထဲမှထွက်လာခဲ့သည်။

"ဘတ်သ်ရေ"

မမျှော်လင့်စွာပင် ပတ်ဝန်းကျင်၌ ဘယ်သူမှ မရှိနေခဲ့ပေ။ 

ဘတ်သ်က ဘာလုပ်ခဲ့လို့ မြို့စားကြီးက သူမ သူ့ရုံးခန်းထဲမှာရှိနေတုန်းပဲဆိုတာကို မေ့ပြီးပျောက်ကွယ်သွားခဲ့တာလဲ။

'ဘာဖြစ်နေမှန်းမသိပေမယ့်...အခုတော့ အခန်းထဲပဲပြန်သွားတာပေါ့'

သူမက အံဆွဲသော့ကို ဖျက်စီးခဲ့သောကြောင့် သူမ၏ အရေးကြီးဆုံးတာဝန်မှာ စာရွက်စတမ်းများကို ဖွက်ရန်ဖြစ်သည်။ သူမဖမ်းမမိခင် ထွက်သွားရန် လိုအပ်သည်။

လူနာက ဘတ်သ်မပါဘဲ အခန်းထဲသို့ပြန်သွားကာ အခန်းအနှံ့နေရာအမျိုးမျိုးတွင် စာရွက်စာတမ်းများကို ဝှက်ထားပြီးနောက် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။ သူမက အရုဏ်တက်ချိန်မှ စံအိမ်ကြီးမှ ထွက်သွားရန် ရည်ရွယ်ထားသောကြောင့် ကိစ္စမရှိချေ။

ထိုအတွေးဖြင့် ညနက်လာရန် စောင့်နေခဲ့ပြီး ရုတ်တရက် ဘတ်သ်က ဘာလို့ပြန်မလာသေးတာဟု တွေးမိသွားခဲ့သည်။

'သူမ တစ်ခုခုဖြစ်နေတာတော့ မဟုတ်လောက်ဘူးမလား...'

ဘတ်သ်က အချိန်ဆွဲရန် မြို့စားကြီးအား လိမ်ညာခဲ့ပြီး ယခုနှိပ်စက်ခံနေရမည်ကို သူမစိုးရိမ်မိသည်။မဟုတ်ပါက ယခုအချိန်ထိ အဆက်အသွယ်မရှိလာသည်မှာ ထူးဆန်း၏။ လူနာက သူမဒီတိုင်း မသိဟန်ဆောင်ပြီး ထွက်ပြေးလိုက်ရမလား ဟုတွေးလိုက်သည်။

သူမက အသုံးချခံနေရသော်လည်း အပြစ်ရှိသကဲ့သို့ ခံစားရခဲ့သည်။

ထို့ကြောင့် လူနာက ရွေးချယ်စရာမရှိတော့သကဲ့သို့ အိပ်ယာပေါ်မှထလိုက်သည်။

အကယ်၍ သူမ ဘတ်သ်ကိုမစစ်ကြည့်ခဲ့ဘဲ ဤအတိုင်းချန်ထားပြီး စံအိမ်ကြီးထဲမှ ထွက်သွားခဲ့ပါက ကြောက်စရာကောင်းသော အရာတစ်ခုခု ဖြစ်သွားနိုင်ပေသည်။

သူမ အခန်းထဲက ထွက်ခါနီးမှာပဲ...

ဒေါက်-ဒေါက်

တစ်ယောက်ယောက်က တံခါးခေါက်လာခဲ့သည်။ 

ဘတ်သ်များလား...

အပြင်မှာ မိုးမလင်းသေးပေမယ့် ဤအချိန်ကြီး ဘယ်သူက လက်မထပ်ရသေးသော အမျိုးသမီးတစ်ဦး၏ အခန်းကို လာမှာလဲ။ 

ကြည့်ရတာက ဘတ်သ်က မြို့စားကြီးကိုဖြေရှင်းရင်း ဤမျှနောက်ကျသွားခဲ့ပုံရသည်။

လူနာ စိတ်သက်သာရာရသွားပြီး မေးလိုက်သည်။

"ဘယ်သူလဲ။ ဘတ်သ်လား"

သို့သော် ကံမကောင်းစွာ တံခါးအပြင်ဘက်ရှိသူမှ ဘတ်သ်မဟုတ်နေခဲ့ချေ။ သူက လူနာလုံးဝမမျှော်လင့်ထားသော သူတစ်ယောက်ပင်။

"မဟုတ်ဘူး ကိုယ်ပါ"

လူနာက တံခါးလက်ကိုင်ကိုလှည့်ခါနီးမှာပင် ရင်းနှီးသော်လည်း ဤနေရာတွင်မရှိသင့်သော ယောက်ျားတစ်ယောက်၏အသံကို ကြားလိုက်ရသောကြောင့် မျက်တောင်တဖျတ်ဖျတ်ခတ်ကာ အေးခဲသွားခဲ့သည်။

"ဟေး! ခဏလေး ရှင် ဒီမှာဘာလုပ်နေတာလဲ!"

TK Team (chapter 127)