Chapter 129
Viewers 8k

ဇာတ်လိုက်လား? ငါ သူ့ကို မလိုချင်ဘူး chapter 129


"လူနာ! မင်း ငါ့အနားမှာပဲနေမယ်လို့ပြောခဲ့တယ်လေ... မင်း သူနဲ့မတွေ့တော့ဘူးလို့ပြောခဲ့တယ်လေ! ငါ့ကိုဘာလို့ထပ်ပြီးသစ္စာဖောက်ရတာလဲ"

ဖယ်ဆန်၏ပစ်မှတ်က ရုတ်တရက်သူမဆီပြောင်းလာသောကြောင့် လူနာ အလိုလိုနောက်ဆုတ်မိသွားခဲ့သည်။

ထို့ကျေးဇူးကြောင့် သူမက ဖယ်ဆန်၏ ဖမ်းဆီးခြင်းကို ရှောင်ရှားနိုင်ခဲ့သော်လည်း ကံမကောင်းစွာပင် ပြတင်းပေါက်ကြီးတစ်ခုက လူနာ၏ နောက်တွင် ရှိနေခဲ့သည်။

လူနာသည် ဖွင့်ထားသောပြတင်းပေါက်ဘက်သို့ သူမ၏ခန္ဓာကိုယ် ယိုင်ကျသွားသည်ကို ခံစားလိုက်ရပြီး လိုက်ကာကို အမြန်ဆွဲရန် ကြိုးစားခဲ့သော်လည်း ပြုတ်ကျခြင်းမှ ရပ်တန့်ရန် အချိန်နှောင်းသွားခဲ့သည်။

'...!'

ဘာလဲ…! ငါ တကယ်ကြီး ဒီအတိုင်းသေရတော့မှာလား... ငါ့ဘဝအတွက် အပြင်းအထန်ရုန်းကန်ခဲ့ရနာကို နောက်ဆုံးတော့ ဒီလိုအဆုံးသတ်ရတော့မှာလား... မယုံနိုင်စရာပဲ

သူမ တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုကို မခံနိုင်သေးမီပင် သူမ၏ မြင်ကွင်းက ဖယ်ဆန် နှင့် အန်းသန့်စ်မှ ကောင်းကင်သို့ ပြောင်းသွားခဲ့သည်။

ဒဲဗောရာ၏အခန်းက တတိယထပ်တွင်ဖြစ်သည်။ ထို့ကြောင့် သူမက တတိယထပ်ကနေ နောက်ပြန်ပြုတ်ကျသွားခဲ့ဟုဆိုလိုပေသည်။

သူမက လျှို့ဝှက်ဆန်းကြယ်သောသေခြင်းတရားထံမှ ရှောင်လွှဲနိုင်ခဲ့သော်လည်း ပြုတ်ကျခြင်းဖြင့် သေဆုံးတော့မည့်ပုံရသည်။ သူမ အသက်ရှင်ခဲ့လျှင်ပင် အနည်းဆုံး လေဖြတ်သွားနိုင်ချေရှိသည်။

ဒါက ရုပ်စုံမှန်ပြောင်းများလား...

ထိုခဏလေးအတွင်း သူမ အရာများစွာမြင်လိုက်ရပြီး အတွေးများစွာဖြတ်သွားခဲ့သည်။

လူနာက အိပ်ယာပေါ်လဲလျောင်းနေပြီးလော်ရာနှင့် အမ်မာတို့၏ အကူအညီမပါဘဲ မလှုပ်ရှားနိုင်သော သူမကိုယ်သူမမြင်ယောင်လိုက်ကာ မျက်လုံးကိုတင်းကြပ်စွာမှိတ်ခါနီးတွင် ရင်းနှီးသောမျက်နှာတစ်ခုက သူမ၏ အနက်ရောင်မြင်ကွင်းထဲ ဝင်ရောက်လာခဲ့သည်။

"လူနာ!"

၎င်းက အန်းသန့်စ်ပင် ဖြစ်သည်။ သူက တစ်စက္ကန့်မျှပင် မတုန့်ဆိုင်းနေဘဲ ပြတင်းပေါက်မှ ခုန်ချပြီး လူနာကို လှမ်းဖက်လာခဲ့သည်။

'ခ-ခဏလေး! ရှင် ဘာတွေတွေးနေတာလဲ သခင်လေး...!'

သူမမှာ မေးခွန်းထုတ်ရန် အချိန်ပင်မရှိခဲ့ပေ။ သူမ အန်းသန့်စ်၏လက်မောင်းထဲ ပွေ့ဖက်ခံလိုက်ရသည်နှင့် တပြိုင်နက် မြေပြင်နှင့် ခန္ဓာကိုယ်ရိုက်ခတ်မှုကို ညွှန်ပြနေသည့် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့တိုင် လူနာက နာကျင်မှုကို မခံစားခဲ့ရပေ။ အန်းသန့်စ်က သူ သူမကို နာကျင်စေမှာမဟုတ်သကဲ့သို့ တင်းကျပ်စွာပွေ့ဖက်ထားပြီး ကျောဖြင့်ကျသွားခဲ့သောကြောင့်ပင်။

သူတို့ပြုတ်ကျသည်မှာ အချိန်အနည်းငယ်ကြာသွားခဲ့ပြီဖြစ်သော်လည်း အန်းသန့်စ်ထံမှ တုံ့ပြန်မှုတစ်စုံတစ်ရာ မတွေ့ရတာကြောင့် လူနာက သူ့ကိုခေါ်လိုက်သည်။

"...သခင်လေး"

သို့သော် အဖြေပြန်မရခဲ့ပေ။ 

မဖြစ်နိုင်ဘူး...

လူနာက အန်းသန့်စ်ကို ထပ်ခေါ်လိုက်ပြီး တုန်ယီနေသောလက်များဖြင့် သူ၏သွေးခုန်နှုန်းကို စစ်ဆေးခဲ့လိုက်သည်။

"သခင်လေး... သခင်လေး အန်းသန့်စ်!"

ကံကောင်းစွာဖြင့် နှလုံးခုန်နေဆဲဖြစ်သော်လည်း ပြန်ဖြေလာခြင်းမရှိပေ။ လူနာက အန်းသန့်စ်၏ရင်ခွင်ထဲမှ လျင်မြန်စွာထွက်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်သည်။

"ရှင်-ရှင်အဆင်ပြေရဲ့လား...! ခံစားလို့ရသေးလား…!"

အန်းသန့်စ်က သတိလစ်နေပုံရပြီး သူ့ကို မလှုပ်သင့်မှန်း သူမသိပေသည်။ သူတို့တတိယထပ်ကနေ ပြုတ်ကျခဲ့တာကြောင့် အရိုးများကျိုးသွားနိုင်သည်။

မဟုတ်သေးဘူး သူသေသွားပြီလား...သူ အသက်ရှင်နေသေးတယ်ဆိုရင် ဘာလို့မလှုပ်တာလဲ။

အပြင်ပိုင်းကြည့်ရသည်မှာ အဆင်ပြေနေပုံရသော်လည်း သူ၏မှိတ်ထားသော မျက်လုံးများက သူသေဆုံးသွားကြောင်း ဖော်ပြနေခဲ့သည်။

သူမ၏နှလုံးသားက ရုတ်တရက်နစ်မြုပ်သွားပြီး သူမစိတ်က ဗလာဖြစ်သွားခဲ့သည်။ သူမ၏ လက်များက တုန်ယင်နေပြီး နှုတ်ခမ်းများခြောက်သွေ့လာကာ မျက်လုံးထဲမှ ပူနွေးသောမျက်ရည်များ စီးကျလာခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူမ တစ်စုံတစ်ဦးကို အကူအညီတောင်းရန် လိုအပ်သည်ဟု ခံစားခဲ့ရသည်။ သူမ မျက်ရည်များဖြင့် လူသူကင်းမဲ့နေသော ပတ်ဝန်းကျင်ကိုကြည့်ကာ အကူအညီတောင်းခါနီးမှာပင် အန်းသန့်စ်က အနည်းငယ်ချောင်းဆိုးပြီး မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လာခဲ့သည်။

"…ဘယ်သူ့မှ မခေါ်နဲ့"

"သခင်လေး!"

လူနာက သူ့အနားသို့ လျင်မြန်စွာကပ်လိုက်သည်။ သူက ချောင်းဆိုးနေဆဲဖြစ်ပြီး အခြေအနေသိပ်မကောင်းနေသော်လည်း သူမကို ဘယ်သူ့မှမခေါ်ရန် အခိုင်အမာ ပြောခဲ့သည်။

"ခေါ်စရာမလိုဘူး။ ဘယ်သူ့ကိုမှ မခေါ်နဲ့။ ဘာပဲဖြစ်ဖြစ်..."

သူက ချောင်းထပ်ဆိုးပြီး ကောင်းစွာစကားမပြောနိုင်ခဲ့သော်လည်း လူနာက သူဘာဆိုလိုတာလဲဆိုတာကို နားလည်နိုင်ခဲ့သည်။

'ဘာပဲဖြစ်ဖြစ် အရမ်းနောက်ကျသွားပြီ'

"ဟင့်အင်း... ကျွန်မတို့ လက်လျှော့လိုက်လို့မရဘူး! ကျွန်မ အကူအညီတောင်းလိုက်မယ်! သူတို့က ဘယ်လိုဆိုးရွားတဲ့မိသားစုဆိုဆို လူသေနေတာကို ဒီတိုင်းကြည့်နေမှာမဟုတ်ဘူး"

လူနာက ပြင်းပြင်းထန်ထန် ခေါင်းခါယမ်းပြလိုက်ပြီး ဘယ်သူမှ သူမကိုမကူညီရင်ပင် သူ့ကိုသယ်ပြီး သူမကိုယ်တိုင် ဆေးရုံပို့ရန်ဆုံးဖြတ်လိုက်သည်။

အန်းသန့်စ်က ထူးဆန်းသောအကြည့်ဖြင့် သူမကို စိုက်ကြည့်လာပြီး သူ့လက်ကို ဖြည်းညှင်းစွာဆန့်ထုတ်ကာ လူနာ ၏လက်ကို ဆုပ်ကိုင်ခဲ့သည်...

သေလုနီးပါးဖြစ်နေပုံရသော လူတစ်ဦးအတွက် သူ့လက်က နွေးထွေးနေသေးသည်။ 

ကောင်းပြီ...သူက မသေသေးဘူးဆိုတော့ အဲ့လိုပဲဖြစ်ရမှာပေါ့။

"အဆင်ပြေပါတယ်...ကိုယ့်ဘေးနားမှာပဲနေပေးပါ...ကျေးဇူးပြုပြီး ဘယ်သူ့ကိုမှမခေါ်လိုက်နဲ့"

သူ့အသံက တိုးညှင်းနေသော်လည်း သူ့အသံထွက်က ရှင်းနေသေးပေသည်။ သို့သော် လူနာက ၎င်းကိုသတိပြုမိရန်အချိန်မရှိဘဲ ခံစားချက်များ ရောထွေးကာ မျက်ရည်များကျဆင်းလာပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်-ကျွန်မသာ ဒီအိမ်ကိုစိတ်လိုက်မာန်ပါ မလာခဲ့ဘူးဆိုရင် ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး...!"

ထို့နောက် သူမက ကိုယ့်ကိုကိုယ် အပြစ်တင်လာခဲ့သောကြောင့် အန်းသန့်စ် က ခေါင်းယမ်းပြလိုက်သည်။

"မဟုတ်ဘူး...မင်းကြောင့် ကိုယ်တို့ခိုင်လုံတဲ့ သက်သေတွေ ရထားတယ်လေ။ ဖယ်ဆန်က ကိုယ့်ကိုမြင်ပြီး စိတ်ရူးပေါက်သွားသွားလို့ ဒီလိုဖြစ်ခဲ့ရတာ"

အန်းသန့်စ်က သူ့သေခါနီးအချိန်မှာပင် သူမကိုနှစ်သိမ့်ပေးနေသောကြောင့် လူနာ၏ နှလုံးသားမှာ နာကျင်သွားခဲ့သည်။

လူနာက နဂိုအတိုင်းပြန်မဖြစ်နိုင်သောအခြေအနေထဲ စတင်ငိုကျွေးခဲ့မိသည်။ အန်းသန့်စ်က တစ်ခုခုကို ခဏလောက် တွေးခဲ့ပြီးနောက် လူနာ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ ပါးစပ်ဖွင့်လိုက်သည်။

"ကိုယ့်မှာတောင်းဆိုစရာရှိတယ်"

လူနာက မသေခင်နောက်ဆုံးတောင်းဆိုချက်ကို လုပ်တော့မည့်ပုံရသော အန်းသန့်စ်ကို ကြည့်ရင်းမျက်ရည်များကို သုတ်လိုက်ကာ စကားပြောရန် တိုက်တွန်းလိုက်သည်။

"ကိုယ်တို့ အချင်းချင်းသိခဲ့တာကြာပြီဆိုပေမယ့် ဒီအတိုင်းအဆုံးသတ်သွားတာ နည်းနည်း ခံစားရတယ်..."

လူနာက အန်းသန့်စ်ဘာပြောမလဲဆိုတာကို စိတ်ကူးကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူ မသေခင် လုပ်ဖူးချင်သောအရာများရှိတာကြောင့် ဤအတိုင်းသေရသည်မှာစိတ်မကောင်းစရာပဲဟုပြောနေပုံရသည်။

လူနာက သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူနှင့်အတူသေဖို့ တောင်းဆိုရင်တောင်မှ နားထောင်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် အန်းသန့်စ်က အဖြေပေးရန် ခဏလောက် တုံ့ဆိုင်းနေခဲ့တာကြောင့် တောင်းဆိုချက်က ခက်ခဲပုံရသည်။

သို့သော် သူ မတောင်းဆိုဘူးဟုမဆိုလိုပေ။

အန်းသန့်စ်က လူနာ ဤကဲ့သို့ထိန်းမနိုင်သိမ်းမရ ငိုကြွေးနေချိန်တွင် ထိုအဓိပ္ပါယ်မဲ့သော တောင်းဆိုချက်ကို ပြုလုပ်ရန် အဆင်ပြေပါ့မလားဟု ခဏလောက် တွေးခဲ့မိသည်။

သို့တိုင်း နောက်တစ်ကြိမ်အခွင့်အရေးမရနိုင်လောက်ဟု တွေးလိုက်ပြီး လက်ဆန့်ထုတ်ကာ လူနာ၏ နှုတ်ခမ်းများကို သူ့လက်နှင့်ဖြည်းညှင်းစွာ ပွတ်သပ်၍ ပြောလိုက်သည်။

"မင်းကိုယ့်ကို အနမ်းပေးမယ်ဆိုရင် ကိုယ် ပိုသက်သာသွားလိမ့်လို့ထင်တယ်"

သူမ သေချာပေါက် ငိုကျွေးတာရပ်ပြီး ဘာတွေပြောနေတာလဲဟု မေးခွန်းထုတ်လာလောက်သည်။

သူသည် တစ်ဝက်လောက်စနောက်ကာ ပြောဆိုခဲ့သော်လည်း အံ့သြစရာကောင်းစွာပင် လူနာက သူ့ကို ဒေါသထွက်လာခြင်း မရှိခဲ့ပေ။

"ကျွန်မ ပေးပါ့မယ်"

ထိုအဖြေနှင့်အတူ မဆိုင်းမတွပင် သူမ၏ နူးညံ့သော နှုတ်ခမ်းများက သူ့ပါးပြင်ဆီသို့ ဖိကပ်လာခဲ့သည်။

အန်းသန့်စ်က သူမ၏ ရုတ်တရတ်လုပ်ရပ်ကြောင့် အံ့အားသင့်သွားပြီး မျက်လုံးများပြူးကျယ်လိုက်စဉ်တွင် လူနာက သူ၏ အခြားပါးတစ်ဖက်ကို အနမ်းပေးလာခဲ့သည်။

သူက ကလေးသူငယ်မဟုတ်သလို ပါးပြင်ပေါ်အနမ်းပေးခံရသည်က ရယ်ရသော်လည်း သူ မရယ်ခဲ့ပေ။ ထိုအစား သူက လူနာ၏ မျက်လုံးများထဲ နက်နက်နဲနဲစိုက်ကြည့်ပြီး သူ့နှုတ်ခမ်းများကို ညွှန်ပြလိုက်သည်။

"ဒီကိုရောပဲ"

လူနာက နာခံမှုရှိသော ကျောင်းသူတစ်ဦးလိုပင် သူ့တောင်းဆိုမှုကို ဖြည့်ဆည်းပေးရန် သူမနှုတ်ခမ်းကို လှုပ်လိုက်စဉ်တွင် သေခါနီးဟန်ဆောင်နေခဲ့သော အန်းသန့်စ် က သူမခါးကို ဆွဲဖက်လာခဲ့သည်။

* * *

"...ရှင် ရှင် ဘာလို့ အရမ်းအဆင်ပြေနေရတာလဲ"

လူနာသည် အန်းသန့်စ်က တတိယထပ်မှပြုတ်ကျသည့်တိုင် လုံးဝကောင်းမွန်နေပုံရသည်ကို ယခုမှသဘောပေါက်သွားခဲ့ပြီး သူ့ရင်ဘတ်ကိုတွန်းထုတ်ကာ မေးလိုက်သည်။

သူမတွန်းထုတ်သော်လည်း တုတ်တုတ်မှမလှုပ်သော အန်းသန့်စ်က အလွန်ကျန်းမာနေပုံရသည်။

"ကိုယ် မွေးကတည်းစ ကျန်းမာသန်စွမ်းပြီးမွေးလာခဲ့တာ"

"...ဟင် ဒါပေမယ့် ရှင် တတိယထပ်ကနေ ပြုတ်ကျခဲ့တာလေ။ ပြီးတော့ ရှင် ချောင်းတွေအရမ်းဆိုးနေတယ်လေ"

"ကိုယ်က ကျောနဲ့ကျပြီး အသက်ရှုအောင့်လိုက်ရလို့ ချောင်းဆိုးသွားတာ"

"ဒါဆို ရှင် ကျွန်မကိုဘယ်သူ့မှမခေါ်ဖို့ပြောခဲ့တဲ့အကြောင်းပြချက်ကရော..."

"ကိုယ် တကယ်အဆင်ပြေနေလို့လေ...ကိုယ် သေတော့မယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး"

အန်းသန့်စ်က တည်ငြိမ်စွာ ပြန်ဖြေပြီး လူနာ၏ ခါးတစ်ဝိုက်ကိုဖက်ထားကာ သူမနှုတ်ခမ်းကို ညင်သာစွာနမ်းလိုက်သည်။

"…?!"

လူနာ၏ မျက်နှာက အိပ်မွေ့ချခံရသကဲ့သို့ နီမြန်းလာခဲ့သည်။

"လေဒီရဲ့ ကျေးဇူးကြောင့် ကိုယ့်အားအင်တွေ ပြန်ပြည့်လာခဲ့ပြီ။ ဒါကို လက်စသတ်ရအောင်"

အန်းသန့်စ်က အလွန်ပေါ့ပါးစွာ မတ်တတ်ထရပ်ပြီး လူနာ၏လက်ကိုဆွဲယူကာ သူမကို ထူမပေးလ်ုက်သည်။ ထို့နောက် သူနှင့်အတူရှိနေသော စာရွက်စာတမ်းအချို့ကို ညွှန်ပြလိုက်ိုက်သည်။

"မင်း ကြိုးစားရယူခဲ့တဲ့ ဒီသက်သေတွေနဲ့ဆို ကိုယ်တို့ ဘေးကင်းကင်းနဲ့ လွတ်မြောက်နိုင်တယ်"

လူနှစ်ယောက်က တတိယထပ်မှပြုတ်ကျခဲ့ကြပြီး ငိုယိုကာ အနမ်းများပင် ဝေမျှခဲ့ကြသော်လည်း ကံကောင်းစွာဖြင့် လူတစ်ဦးမှလွဲ၍ မည်သူမျှ သူတို့ကို သတိမပြုမိခဲ့ပေ။

ထိုမှသာက လူနာက အရေးကြီးဆုံးအရာကို သဘောပေါက်သွားပြီး တတိယထပ်ရှိ ပွင့်နေသော ပြတင်းပေါက်ကို မော့ကြည့်လိုက်သည်။

ထို့နောက် ကမ္ဘာကြီးပြိုလဲကျသွားသလို အမူအရာဖြင့် သူတို့အားစိုက်ကြည့်နေခဲ့သော ဖယ်ဆန်ကိုတွေ့လိုက်ရသည်။

အန်းသန့်စ်က ထိခိုက်မှုမရှိခဲ့သော်လည်း ဖယ်ဆန်က သူတို့ကို ပြတင်းပေါက်မှ ပြုတ်ကျစေသောတရားခံ ဖြစ်နေဆဲပင။ လူနာက သူ့ကို လက်ခလယ်ပေးလိုက်ပြီး ပြောလိုက်သည်။

"တရားရုံးမှာတွေ့မယ် ဖယ်ဆန်။ နင် ဒီတစ်ခါတော့ လူသတ်ရန်ကြံစည်မှုနဲ့ ထောင်တကယ်ကျတော့မှာ"

လူနာတွင် ဒါပဲပြောစရာရှိ၏။ သူမ ဖယ်ဆန်ကို နောက်ထပ် မတွေ့ချင်တော့ပေ။

အန်းသန့်စ်က အဓိပ္ပါယ်ကိုတောင် မသိဘဲ ဖယ်ဆန်ကို လက်ခလယ်ထောင်ပြလိုက်ပြီး လူနာကို ကောက်မကာ အိမ်ကြီးထဲမှ အမြန်ထွက်သွားခဲ့သည်။

"အားးး…"

ဖယ်ဆန်က သူတို့တဖြေးဖြေးချင်း ပျောက်ကွယ်သွားသည်ကို မျက်တောင်မခတ်စိုက်ကြည့်နေခဲ့ပြီး မကြာမီမှာပင် မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။

TK Team (chapter 129)