Chapter 38
Viewers 7k

🎶 Chapter 38



တစ်နှစ်အကြာတွင် ဟန်လူမျိုးများ ပြန်ရောက်လာကြ‌သောကြောင့် ရှန်ချန်ကျိုးက စစ်မြေပြင်သို့ ထပ်ထွက်ရပြန်သည်။ 


ထိုသတင်းကိုကြားပြီးသောအခါ အားဇီသည် စိတ်ပူရလွန်းသောကြောင့် တစ်နေကုန် ဘာမှမစားနိုင်ဘဲ အိမ်ထဲ၌သာ ပတ်လျှောက်နေမိသည်။


နောက်ဆုံး၌ ရင်းနှီးနေရသော အသံကိုကြားလိုက်မှသာ အားဇီ၏နှုတ်ခမ်းများက ပြုံးသွားပြီး တံခါးကို အမြန်ဖွင့်ကာ ပြေးထွက်သွားတော့သည်။ 


အားဇီ ရင်းနှီးကျွမ်းဝင်ဖြစ်ပြီးသားနေရာ၌ သူ၏ နဂိုဝတ်ရုံနှင့် မဟုတ်ဘဲ အသစ်စက်စက် စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ရှန်ချန်ကျိုးက အားဇီကို ကျောပေး၍ ရပ်နေလေသည်။ 


အားဇီ၏ မြန်ဆန်နေသော ခြေလှမ်းများက နှေးသွားကြကာ ပျော်ရွှင်မှုများကလည်း ဖြည်းဖြည်းချင်းပျောက်ကွယ်သွားကြသည်။


တစ်လှမ်း...နှစ်လှမ်း...

သူတို့နှစ်ယောက်က ဖြည်းဖြည်းချင်း နီးကပ်သွားကြသည်။ 


"ကတ်..."

ဒါရိုက်တာချန်က ကွန်ပြူတာပေါ်မှကြည့်နေရာမှ မတ်တတ်ရပ်ကာအော်လိုက်သည်။

"အကုန်အဆင်ပြေတယ်...ဟုတ်ပြီ...ဒီနေ့ ရိုက်ကူးရေးပြီးပြီ...အားလုံးပြန်ပြီး စောစောနားကြတော့..."


ရိုက်ကွင်း၌ ပျော်ရွှင်စွာ အော်ဟစ်လိုက်သံများဖြင့် ပြည့်သွားသည်။


ဒါရိုက်တာချန်က ခဏရပ်ပြီးမှပြောလိုက်သည်။

"ဒါနဲ့ ရှောင်ဟယ့်နဲ့ ဇယ်ရှစ်တို့ကတော့ ခဏနေခဲ့ဦးနော်..."


ထန်ကျင့်က ပြန်ရန် ခြေလှမ်းနေပြီဖြစ်သော်လည်း ဒါရိုက်တာချန်၏အသံကိုကြားသောအခါ ရပ်သွားမိသည်။ ထို့နောက် အနားမှ ရိုက်ကူးရေးဝန်ထမ်းကို မေးလိုက်သည်။

"ခုဏ ရိုက်တဲ့အခန်းက အဆင်ပြေသွားတယ်မလား...ဘာဖြစ်လို့ ဒါရိုက်တာချန်က ယဲ့ဇယ်ရှစ်ကို နေခဲ့ခိုင်းတာလဲ..."


ယဲ့ဇယ်ရှစ်က ရုပ်ရှင်စရိုက်တည်းက ဒါရိုက်တာ သူ့ကို ဇာတ်ညွှန်းရှင်းပြရန်မလိုသည်ကို ထန်ကျင့်သိထားပြီးဖြစ်သည်။ 


ထန်ကျင့်၏မေးခွန်းကိုကြားသောအခါ ဝန်ထမ်းက ချက်ချင်း ခေါင်းကိုလှည့်၍ ပြောပြချင်စိတ်များပြည့်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"အစ်ကိုထန် မသိသေးဘူးလား...မနက်ဖြန် ကျွန်တော်တို့ ရိုက်ကွင်းရဲ့ အကြီးကျယ်ဆုံးအခန်းကိုရိုက်မှာ... ခုတင်ပေါ်က အခန်းလေ...အဲဒါကြောင့် ဒါရိုက်တာချန်က မင်းသားနှစ်ယောက်ကို ပြောစရာရှိတာပြောဖို့ နေခဲ့ခိုင်းတာပေါ့..."


ထန်ကျင့်၏မျက်ဝန်းများက ချက်ချင်းကျုံ့ဝင်သွားကြသည်။


ဘာဖြစ်တယ်...


အိပ်ရာပေါ်မှအခန်းကိုရိုက်ရမည့် သရုပ်ဆောင်အနေဖြင့် ယဲ့ဇယ်ရှစ်လည်း အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။


ယဲ့ဇယ်ရှစ်မှာ ယခင်က ရုပ်ရှင်ပေါင်းများစွာ၊ ‌ဇာတ်ကွက်ပေါင်းများစွာ ရိုက်ဖူးသော်လည်း ယခုကဲ့သို့ ခန္ဓာကိုယ်ချင်း ရင်းနှီးသည့် ဇာတ်ကွက်ကို မရိုက်ဖူးသေးချေ။ သူ၏ လိင်စိတ်တိမ်းညွှတ်မှုကြောင့် ထိုကဲ့သို့အခန်းပေါင်းများစွာကို ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ 


ဤတစ်ခေါက်တွင် သဘောတူလိုက်ရခြင်းမှာ ရုပ်ရှင်က လိင်တူချစ်သူရုပ်ရှင်ဖြစ်နေသောကြောင့် ယဲ့ဇယ်ရှစ်အတွက် သရုပ်ဆောင်ရသည်မှာ မခက်ခဲသောကြောင့် ဖြစ်သည်။ ထို့အပြင် ယဲ့ဇယ်ရှစ်ကိုယ်တိုင်ကလည်း စမ်းသပ်ကြည့်ချင်နေမိသည်။


သို့သော်လည်း အစိုးရရုပ်ရှင်ဆင်ဆာအဖွဲ့က ကြပ်တည်းဆဲဖြစ်သည်။ ရုပ်ရှင်ကိုပြသခွင့်ရရန်ဆိုလျှင် ထိုကဲ့သို့ အိပ်ရာပေါ်မှ အခန်းများကို ပွင့်ပွင့်လင်းလင်းပြခွင့်မရှိဘဲ အခန်းအချို့သာ ပြရမည်ဖြစ်သည်။ 


ချန်ကျန့်ထျန်းက ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့ကို နေခဲ့ခိုင်းခြင်းမှာ မင်းသားနှစ်ယောက်လုံး ဤအခန်းရိုက်ရန် သဘောတူလား မေးရန်ဖြစ်သည်။


ဟယ့်ကျင်းယွင်က ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးထားသူဖြစ်၍ ငြင်းစရာအကြောင်းမရှိပေ။ 


ယဲ့ဇယ်ရှစ်ကလည်း လုံးဝအဆင်ပြေပါသည်ဟု ပြောလိုက်သည်။ ဤကဲ့သို့အခန်းမျိုးက သရုပ်ဆောင်တစ်ယောက်၏ သရုပ်ဆောင်နိုင်စွမ်းရည် မည်မျှရှိသည်ကို သိမ်မွေ့စွာပြနိုင်သောကြောင့် ထိုအခန်းရိုက်ရမည်ကိုပင် ပျော်နေမိသေးသည်။


သို့သော် ဟယ့်ကျင်းယွင်နှင့်စာလျှင် ယဲ့ဇယ်ရှစ်၌အခြားစဉ်းစားပေးစရာကိစ္စတစ်ခု ရှိနေသေးသည်။ 

ငါနဲ့ ဟယ့်လောင်ရှီးက ဒီလိုအခန်းကြီးရိုက်ရမယ်ဆိုတော့ တော်ကြာ ထန်ကျင့်က မနာလိုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ...


ထို့ကြောင့် နောက်တစ်နေ့ ရိုက်ကူးရေးမစမီတွင် ဇာတ်ညွှန်းကိုကိုင်၍ လေ့ကျင့်နေသော ထန်ကျင့်ကို မြင်သောအခါ ယဲ့ဇယ်ရှစ်က တမင်သက်သက်ပင် အနားသို့ သွားကာပြောလိုက်သည်။

"စိတ်မပူနဲ့ ထန်ကျင့်...ငါ ဟယ့်လောင်ရှီးကို မကြိုက်ပါဘူး..."


ထန်ကျင့်က ကြောင်သွားသည်။

"ဟမ်..."


ထိုအချိန်၌ ဟယ့်ကျင်းယွင်က သူတို့နားမှ ဖြတ်သွားနေရာမှ ရပ်သွား၍ မျက်ခုံးတစ်ဖက်ကို မြှင့်ကာ မျက်နှာကိုလည်း ဝမ်းနည်းသည့်ပုံပေါက်အောင် လုပ်လိုက်သည်။

"ငါတို့နှစ်ယောက်က ဒီလောက်အချိန်တွေအများကြီး တူတူရှိလာတာကို မင်းက ငါ့ကို မုန်းနေတုန်းပဲလား ဇယ်ရှစ်... ဝမ်းနည်းစရာပဲ..."


ယဲ့ဇယ်ရှစ်လည်း သူပြောလိုက်သည့်စကားကို ဟယ့်ကျင်းယွင် ကြားသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဟာ...ဟယ့်လောင်ရှီးက ဘာဖြစ်လို့ ဒီလိုအထင်လွဲစရာစကားတွေ လာပြောနေတာလဲ...ထန်ကျင့် စိတ်မကောင်းဖြစ်သွားမှာ မစိုးရိမ်ဘူးလား...


ယဲ့ဇယ်ရှစ်လည်း ဟယ့်ကျင်းယွင်ကို လှည့်ကြည့်၍ ချက်ချင်းပင် ဟယ့်ကျင်းယွင်နှင့် အနည်းငယ်လှမ်းသည့်နေရာသို့ရွှေ့ကာ ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ရုပ်ရှင်ရိုက်တာနဲ့ အပြင်ဘဝက ကွာတယ်လေ ဟယ့်လောင်ရှီးရဲ့...ဒီလိုတွေ စနောက်မနေပါနဲ့...ပြီးတော့ ကျွန်တော် မကြိုက်ဘူး လို့ပြောတာကလေ...ကျွန်တော် ဆိုလိုချင်တာ အဲဒီလိုမဟုတ်ဘူးလေ...ဟိုဟာလေ..."


ဟယ့်ကျင်းယွင်: "ဟမ်...ဒါဆို မင်းက ဘာကို ဆိုလိုချင်တာလဲ..."


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။


ငါ ဘယ်လိုဆက်ရှင်းပြရမှာလဲ...


ယဲ့ဇယ်ရှစ်ဘေးမှ ထန်ကျင့်ကလည်း နားမလည်သည့်ပုံနှင့် ဝင်မေးလိုက်သည်။

"ဟုတ်တယ် ဇယ်ရှစ်...မင်း မကြိုက်ဘူး ဆိုတာ ဘာပြောတာလဲ..."


ယဲ့ဇယ်ရှစ်လည်း ထိုနှစ်ယောက်ကို မယုံနိုင်သလို ပါးစပ်အဟောင်းသားနှင့် ကြည့်လိုက်မိသည်။ 

"ဟာ...မင်းတို့နှစ်‌ယောက်က..."


"ဇယ်ရှစ်...ရှောင်ဟယ့်...အဆင်သင့်ပြင်ကြတော့လေ..."

ဒါရိုက်တာချန်၏အသံ‌ကြောင့် ယဲ့ဇယ်ရှစ်ပြောနေသည်မှ ရပ်သွားရသည်။ 


ဟယ့်ကျင်းယွင်လည်း ဤတစ်ခေါက်တွင် တကယ် နားမလည်နိုင်ဖြစ်နေမိသည်။

ယဲ့ဇယ်ရှစ်က ငါ့ကို မကြိုက်ဘူးဆိုတာ ဘာကို ဆိုလိုချင်နေတာလဲ...


ထန်ကျင့်ကလည်း ပို၍ပင် ခေါင်းရှုပ်နေကာ ယဲ့ဇယ်ရှစ်ကို နားမလည်သည့်ပုံနှင့် ကြည့်နေသည်။ 


ယဲ့ဇယ်ရှစ်လည်း သူ့ကို နားမလည်သည့်ပုံစံဆင်တူနှင့် ကြည့်နေကြသော ထိုနှစ်ယောက်ကို ကြည့်ရင်းနှင့်မှ သဘောပေါက်သွားတော့သည်။


အင်း...ထန်ကျင့် ရိုက်ကွင်းကိုရောက်လာတာက ရက်နည်းနည်းပဲရှိသေးလို့ သူတို့ အချင်းချင်းရဲ့ ခံစားချက်တွေ အချစ်တွေကို မမြင်ကြသေးဘူးထင်တယ်...


အေးလေ...ငါ့လို CP ပရိသတ်လေးကပဲ စိတ်တွေစောနေမိတာထင်ပါတယ်...


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်တို့နှစ်ယောက်ကို ဝမ်းနည်းသောအကြည့်လေးဖြင့် ကြည့်လိုက်၍ ဒါရိုက်တာချန်ရှိရာသို့ ဦးစွာလျှောက်သွားလိုက်သည်။


ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ်ကိုကြည့်၍ ရယ်ချင်သွားပြီး သူလည်း ယဲ့ဇယ်ရှစ်နောက်သို့ လိုက်သွားလိုက်သည်။


ထန်ကျင့်တစ်ယောက်တည်းသာ ကြောင်တောင်တောင်ပုံလေးဖြင့် မတ်တပ်လေးကျန်ခဲ့လေသည်။ 


ယဲ့ဇယ်ရှစ်က ဘာပြောချင်နေတာပါလိမ့်...


သို့သော် ထန်ကျင့်၏ပဟေဠိကို ယဲ့ဇယ်ရှစ်ဖြေပေးရန် အချိန်မရှိတော့ပေ။ 


ရိုက်ကူးရေးက ချက်ချင်းပင် စတော့မည်ဖြစ်သောကြောင့် အနီးအနားမှလူများက ရိုက်ကွင်းနေရာမှ ဖယ်ရှောင်သွားကြသည်။


ဒါရိုက်တာချန်၏ ရုပ်ရှင်ရိုက်သည့်စတိုင်က အမြဲတမ်း စိတ်ကူးယဉ်ဆန်၍ ရိုမန့်တစ်ဖြစ်သောစတိုင်ဘက်သွားသောကြောင့် အိပ်ရာပေါ်မှ အခန်းများကပင် သိမ်မွေ့နူးညံ့နေတတ်သည်။


ယမန်နေ့က ဒါရိုက်တာချန်က သူလိုချင်သည့်ပုံစံကို မင်းသားနှစ်ယောက်ကို ‌သေချာပြောပြထားပြီးသားဖြစ်သောကြောင့် ယနေ့၌ အပြည့်စုံဆုံး ရလဒ်ကိုသာ မျှော်လင့်ထားလေသည်။ 


လိုအပ်သောဝန်ထမ်းအချို့မှလွဲ၍ ကျန်နေသောလူများအားလုံးက ရိုက်ကွင်းနေရာမှ ထွက်သွားကြပြီဖြစ်သည်။


ကောင်းရှုကမူ ယဲ့ဇယ်ရှစ်ကို စိတ်မချသောကြောင့် ကျန်နေခဲ့သည်။


ထန်ကျင့်ကလည်း ရိုက်ကွင်းမှ ထွက်သွားရမည်ဖြစ်သော်လည်း ယဲ့ဇယ်ရှစ်က စိတ်မသက်မသာဖြစ်နေမိသည်။ 


ငါနဲ့ ဟယ့်လောင်ရှီးကြားမှာ ဘာစိတ်မှမရှိဘူးလေ...


သူတို့နှစ်ယောက်က ထန်ကျင့်မရှိဘဲ အိပ်ရာပေါ်မှအခန်းကိုရိုက်လိုက်လျှင် ယဲ့ဇယ်ရှစ်၏ အပြစ်ကင်းစင်မှုကို ထန်ကျင့်မသိတော့ဘဲ အထင်လွဲသွားမည်ကို ယဲ့ဇယ်ရှစ်စိုးရိမ်နေမိသည်။ 


ထို့ကြောင့် ယဲ့ဇယ်ရှစ်က ထန်ကျင့်ကိုပါ ရိုက်ကွင်း၌ ဆက်နေရန် တောင်းဆိုလိုက်သည်။


ထန်ကျင့်က အနည်းငယ် ရှက်နေမိသည်။ 


ယဲ့ဇယ်ရှစ် မည်သည့်အရာများ တွေးနေသည်ကို ချန်ကျန့်ထျန်းမသိသော်လည်း ယဲ့ဇယ်ရှစ်က ဘာမှမဖြစ်လျှင် သူလည်း ကန့်ကွက်စရာမရှိသောကြောင့် ထန်ကျင့်ကို ရိုက်ကွင်း၌ နေခွင့်ပေးလိုက်၍ ကင်မရာမော်နီတာ

နောက်၌ပင် သူနှင့်တူတူ လာကြည့်ခိုင်းလိုက်သေးသည်။ 


ဟယ့်ကျင်းယွင်အတွက်မူ ထန်ကျင့် ရိုက်ကွင်းပေါ်၌ ရှိနေသည်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ချန်ကျန့်ထျန်း ဂရုမစိုက်ချေ။ 


ခဏအကြာတွင် မီးအလင်းရောင်များက နေရာတကျဖြစ်ကာ ရိုက်ကူးရေး စတော့သည်။


ယဲ့ဇယ်ရှစ်က ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ဝက်က ဗလာဖြစ်နေကာ အောက်၌လည်း ဘောင်းဘီအတိုလေးသာဝတ်ထား၍ ကင်မရာရှေ့၌ အေးအေးဆေးဆေးရပ်နေသည်။ 


ယဲ့ဇယ်ရှစ်၏ အသားအရေက ဖြူဖွေးနေကာ ကြွက်သားများကလည်း အထင်အရှားကြီးမဟုတ်သော်လည်း ကျစ်ကျစ်လစ်လစ်နှင့် ကြည့်ရကောင်းနေသည်။ အထူးသဖြင့် ခါးနားမှ ကြွက်သားအမြှောင်းများက ဘောင်းဘီအောက်သို့ ဝင်သွားသည့်နေရာက အလွန်ဆွဲဆောင်မှုရှိနေ၍ ဖြူဖွေးသောရင်ဘတ်ပေါ်မှ အပူရှိန်ကြောင့် အနည်းငယ် နီရဲနေသည်ကလည်း တစ်မျိုးကြည့်ကောင်းနေသည်။


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ထံမှ အကြည့်မလွှဲဘဲ အနားသို့ တိုးလာသည်။ 


သရုပ်ဆောင်ရမည်များကို ဒါရိုက်တာချန်က သင်ထားပေးပြီးသားဖြစ်သောကြောင့် ညွှန်ကြားချက်များအတိုင်း သရုပ်ဆောင်သွားရန်သာဖြစ်သည်။ 


သို့သော်လည်း အဝတ်အစားပါသည်နှင့် မပါသည်က ကွဲပြားခြားနားနေသည်သာဖြစ်သည်။ ဟယ့်ကျင်းယွင်၏ ကျယ်ပြန့်သော လက်ဖဝါးက ယဲ့ဇယ်ရှစ်၏ အသားကို ထိလာသောအခါ ရုပ်ရှင်ရိုက်နေမှန်းသိသော်လည်း မနေနိုင်ဘဲ အရေပြားတစ်လျှောက် ကြက်သီးများထသွားမိသည်။ 


ယားလာပြီ...


သူတို့နှစ်ယောက် အချင်းချင်း ပို၍ နီးကပ်သွားကြသောအခါ နှစ်ယောက်လုံး၏မျက်နှာများက အနီရောင်သမ်းနေကြသည်။


ယဲ့ဇယ်ရှစ်၏ လှပသော ပါးပြင်ပေါ်သို့ ချွေးစက်များ စီးကျလာရာ ဟယ့်ကျင်းယွင်က လက်ညှိုးဖြင့် ညင်သာစွာ သပ်လိုက်သည်။ 


"အားဇီ..."

ရှန်ချန်ကျိုး၏အသံက တိုးတိတ်၍ လွမ်းဆွတ်မှုများဖြင့် ပြည့်နေသည်။


အားဇီက နှုတ်ခမ်းများကို ကိုက်ကာ ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။ အားဇီ၏ နားရွက်ထိပ်များကလည်း နီနေကြသည်။


အားဇီက သူ့ကို မကြည့်သော်လည်း ရှန်ချန်ကျိုးက လက်မလျှော့ဘဲ နှုတ်ခမ်းမှ အားဇီကို တဖွဖွခေါ်ကာ တောင်းပန်နေလေသည်။

"အားဇီ...အားဇီ အားဇီ...ကိုယ့်ကို ကြည့်ပါဦး..."


နောက်ဆုံးတွင် အားဇီလည်း မခံနိုင်တော့ဘဲ ရှက်သွေးဖြာနေသော မျက်နှာဖြင့် ရှန်ချန်ကျိုးကို လှည့်ကြည့်လိုက်တော့သည်။


ရှန်ချန်ကျိုးက မျက်နှာကိုငုံ့၍ အားဇီ၏နဖူးပေါ်သို့ တည်ငြိမ်ငြင်သာစွာ နမ်းလိုက်လေသည်။ 


ရှန်ချန်ကျိုး၏နှုတ်ခမ်းများက အားဇီ၏နဖူးကို ထိကပ်သွားကြသည်နှင့် တစ်ပြိုင်နက် အားဇီထံမှ အသံတိုးတိုးလေးထွက်လာသည်။

"ပြန်ကိုပြန်လာရမယ်နော်...ကျွန်တော် စောင့်နေမှာ..."


ရှန်ချန်ကျိုးက ဘာမှမပြောဘဲ အားဇီကိုသာ စူးစိုက်ကြည့်နေလေသည်။


ကိုယ့်ရဲ့အားဇီလေး...


အားဇီ၏ ပန်းနုရောင်သမ်းနေသော ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ 


"တစ်ခုခုပြောပါဦး..."

အားဇီ၏ အသံက ခြောက်ကပ်နေသည်။


ရှန်ချန်ကျိုးက ယခုထိ ဘာမှမပြောသေးဘဲ လက်ကို ဆန့်၍ အားဇီကိုသာ တင်းကြပ်စွာ ဖက်လိုက်သည်။


မျက်ရည်များက တိတ်ဆိတ်စွာ စီးကျနေသော်လည်း အားဇီက ရှိုက်သံမထွက်အောင် အံကို အတင်းကြိတ်ထားလိုက်မိသည်။ 


စစ်မြေပြင်၌ ဘာဖြစ်မည်ကို မည်သူမှ ကြိုမသိနိုင်သည်ဖြစ်ရာ ရှန်ချန်ကျိုး၌ အားဇီ၏ တောင်းဆိုချက်ကို ပြန်ပြောရန် စကားမရှိပေ။


သူ့ရှေ့မှ နှစ်ယောက်ကသာ ဝတ်လစ်စလစ်(ခန္ဓာကိုယ်အပေါ်ပိုင်းပါပဲ) ဖြစ်‌မနေလျှင် ထန်ကျင့်သည်လည်း သူ ယခုကြည့်နေရသည်မှာ 'အိပ်ရာပေါ်ကအခန်းမှ ဟုတ်ရဲ့လား' ဟု သံသယဝင်နေမိမည်ဖြစ်သည်။ 


ဤအခန်းကို စရိုက်စဉ်က အိပ်ရာပေါ်မှ အခန်းဖြစ်သောကြောင့် ထန်ကျင့်က ကြည့်ရင်း နှလုံးခုန်မြန်ကာ ရှက်နေမိ‌သော်လည်း ခဏအကြာတွင် မျက်ရည်များက မထိန်းနိုင်အောင် စီးကျလာတော့သည်။


အိပ်ရာပေါ်က အခန်းကိုကြည့်ရင်း ငိုနေရတာ ကြားမှကြားကောင်းသေးရဲ့လား...


ထန်ကျင့်က မျက်ရည်များကို အမြန်သုတ်နေစဉ်တွင် ချန်ကျန့်ထျန်းထံမှလည်း "ကတ်" ဟု အော်သံထွက်လာသည်။


ကောင်းရှူက တဘက်ကို ယူ၍ အမြန်ပြေးလာကာ ယဲ့ဇယ်ရှစ်၏ ခန္ဓာကိုယ်ကို ခြုံပေးလိုက်သည်။


ယဲ့ဇယ်ရှစ်၏စိတ်က အားဇီ၏ဇာတ်ကောင်သာဖြစ်နေသေးသောကြောင့် ရုတ်တရက် ကြောင်သွားသည်။

"အား ဘာလုပ်တာလဲ...ဘာဖြစ်လို့ တဘက်ကြီး လာပတ်နေတာလဲ..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်အသံကိုကြားသောအခါ လှည့်ကြည့်၍ စနောက်သည့်လေသံဖြင့် ပြောလိုက်သည်။

"အတွင်းရေးမှူးကောင်းက ငါ မင်းကို အခွင့်ကောင်းယူလိုက်မှာစိုးရိမ်နေလို့ ဖြစ်မှာပေါ့..."


ကောင်းရှူလည်း တဘက်ပတ်ပေးနေရာမှ တန့်သွားမိသည်။


ငါ တကယ်လည်း အဲဒီလို ခံစား‌မိလို့ တဘတ် အမြန်လာပတ်ပေးနေရတာလေ...


အစောပိုင်းတုန်းက ဇာတ်ဝင်ခန်း၌ဆိုလျှင် ရုပ်ရှင်ရိုက်နေသည်ဟုသာ ကောင်းရှူ မသိထားပါက ‌ဟယ့်ကျင်းယွင်ကို သူ ဝင်ထိုးပြီးနေလောက်ပြီဖြစ်သည်။


ယဲ့ဇယ်ရှစ်ကမူ ဘာမှများများစားစားမစဉ်းစားဘဲ ဟယ့်ကျင်းယွင်၏စကားကိုကြားသောအခါ ရယ်ချင်သွားမိသည်။

"အတွင်းရေးမှူးကောင်းရယ် အခု အပြင်မှာ အပူချိန်က သုံးဆယ်ဒီဂရီလောက်ရှိနေတာကို...ဘယ်သူက အခွင့်ကောင်းယူချင်မှာလဲလို့...အသားချင်းတောင် မထိချင်ဘူး ပူလွန်းလို့..."


ယဲ့ဇယ်ရှစ်ကပြောရင်း လှည့်ကြည့်လိုက်ရာ ဟယ့်ကျင်းယွင်၏ နက်မှောင်သော မျက်ဝန်းများဖြင့် အကြည့်ချင်း ဆုံသွားလေသည်။ ဟယ့်ကျင်းယွင်က မျက်ခုံးများကို အနည်းငယ်တွန့်၍ ပြုံးကာ ယဲ့ဇယ်ရှစ်ကို ကြည့်နေသည်။ 


ဟယ့်ကျင်းယွင်က အရပ်တော်တော်မြင့်၍ ကိုယ်လုံးကိုယ်ပေါက်ကလည်း ထွားကျိုင်းကာ အပေါ်အင်္ကျီမပါသောကြောင့် ခန္ဓာကိုယ်မှ ကြွက်သားများကိုလည်း မြင်နေရသည်။ ရိုက်ကွင်းမှ မီးအလင်းရောင်များကလည်း အလွန်လင်းထိန်နေသောကြောင့် ထိုမီးရောင်များအောက်၌ ဟယ့်ကျင်းယွင်၏မျက်လုံးများက အရောင်တောက်ပနေကော မျက်နှာကလည်း ပို၍ ခံ့ငြားပြီး အချိုးကျ ချောမောနေသည်။


ထိုအခိုက်အတန့်၌ပင် ဟယ့်ကျင်းယွင် မည်မျှ ချောမော၍ ဆွဲဆောင်မှုရှိသည်ကို ယဲ့ဇယ်ရှစ် သတိထားမိ‌သွားတော့သည်။ 


ဟယ့်ကျင်းယွင်က အလွန်ချောမောကြည့်ကောင်း၍ ချမ်းလည်း ချမ်းသာသည့်အပြင် ဆွဲဆောင်မှုကလည်း အလွန်ရှိနေသေးသည်။


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်၏ ဝမ်းဗိုက်မှ ကြွက်သားအမြှောင်းများကိုကြည့်၍ ထို့နောက် သူ့ဗိုက်ကိုသူ ငုံ့ကြည့်လိုက်မိသည်။ 


ထို့နောက် ချက်ချင်းပင် ဘေး၌ ချထားသော တဘက်ကို ပြန်လှမ်းယူ၍ ခန္ဓာကိုယ်ပေါ်သို့ ပတ်ထားလိုက်တော့သည်။ 


ကောင်းရှူက နားမလည်ဖြစ်သွားသည်။

"သခင်လေး...ခုဏကပဲ ပူတယ်ဆို..."


ယဲ့ဇယ်ရှစ်က အံ့ကြိတ်၍ မပွင့်တပွင့် ပြောလိုက်သည်။

"တဘတ်ပတ်ထားတာ ပိုကောင်းမယ်ထင်လို့..."


ထို့နောက် ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို ထပ်ကြည့်လိုက်မိပြန်သည်။ ဟယ့်ကျင်းယွင်က အင်္ကျီဝတ်ထားလျှင် သာမာန် ပိန်ပိန်ပါးပါးခန္ဓာကိုယ်သာ ရှိသည်ဟု ထင်ရသော်လည်း အင်္ကျီချွတ်လိုက်မှ ကြွက်သားများရှိနေကြောင်းသိရသော ခန္ဓာကိုယ်ရှိသူဖြစ်သည်။

အဲဒီလိုကြီး ကြွက်သားတွေကို ဖွက်ထားတော့ လူတွေကို အရှက်ရစေတာပေါ့လို့...


ဟယ့်ကျင်းယွင်ကို ကြည့်ရင်း ယဲ့ဇယ်ရှစ်က သူ့၌ ထိုကဲ့သို့ကြွားရန် ဘာကြွက်သားမှ မည်မည်ရရ မရှိသည့်အပြင် ခန္ဓာကိုယ်ကလည်း ပိန်ညှောင်နေကြောင်း သိလိုက်ရသည်။


ဘာတွေမှားနေတာလဲ...


ယဲ့ဇယ်ရှစ် ရယ်ပင်မရယ်နိုင်တော့ပေ။


မဖြစ်ဘူး...နောက်ကျရင် လေ့ကျင့်ခန်းတွေကို ပိုပြီး ပြင်းပြင်းထန်ထန်လုပ်ရမယ်...


နေ့တိုင်း အခါနှစ်ဆယ် အိပ်ထမတင်လုပ်မယ်...


အခုတည်းက ကြွက်သားတွေထွက်အောင် ကြိုကျင့်ထားရတော့မယ်...


ရိုက်ကွင်းမှ ဝန်ထမ်းက ဟယ့်ကျင်းယွင်၏မိတ်ကပ်ကို လာပြင်ပေးနေသောကြောင့် ခဏတစ်ဖက်သို့ လှည့်ပေးလိုက်ရ၍ ယဲ့ဇယ်ရှစ်ရှိရာသို့ပြန်လှည့်လိုက်သောအခါ အံကြိတ်နေသော ယဲ့ဇယ်ရှစ်ကို မြင်လိုက်ရသည်။



🎶🎶🎶