Chapter 39
Viewers 7k

🎶 Chapter 39



ယဲ့ဇယ်ရှစ် ကြည့်နေသော နေရာကို ဟယ့်ကျင်းယွင် လိုက်ကြည့်လိုက်သောအခါ သူ့ ဝမ်းဗိုက်မှ ကြွက်သားများကို ကြည့်နေသည်ကို သတိထားလိုက်မိသည်။ ဟယ့်ကျင်းယွင်လည်း ဘာကြောင့်မှန်းမသိ ပျော်သွားမိကာ ပြုံး၍ မေးလိုက်သည်။

"ကိုင်ကြည့်ချင်လို့လား..."


ယဲ့ဇယ်ရှစ်၏ မျက်လုံးများက ချက်ချင်းပင် ဒေါသထွက်သွားသည့်ပုံဖြင့် မီးဟုန်းဟုန်းတောက်သွားသည်။

"ဘာ...ဘာဖြစ်လို့ ကိုင်ကြည့်ရမှာလဲ...မကိုင်ချင်ပါဘူး..."


ဟယ့်ကျင်းယွင်က ပြုံး၍ ယဲ့ဇယ်ရှစ်၏ ဝမ်းဗိုက်နေရာကို ပြန်ကြည့်ကာ ပြောလိုက်သည်။

"တကယ်လား..."


ယဲ့ဇယ်ရှစ်၏လက်များကို တဘက်ကို ပို၍ တင်းကြပ်အောင် ဆွဲလိုက်ရင်း ပြန်ပြောလိုက်သည်။

"ဘာတွေ ကြည့်နေတာလဲ..."


ဟယ့်ကျင်းယွင်လည်း မထိန်းနိုင်ဘဲ ပိုပြုံးလိုက်မိကာ ခေါင်းကို အနည်းငယ်စောင်း၍ ပြောလိုက်သည်။

"ဪ...ဘာမှမဟုတ်ပါဘူး..."


ယဲ့ဇယ်ရှစ် အံကြိတ်လိုက်မိသည်။ 


ထို့နောက် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ဘက်သို့ သေချာလှည့်၍ ပြောလိုက်သည်။

"မင်းမှာလည်း ဗိုက်ကြွက်သားတွေ ရှိသားပဲ...ငါ ဘာဖြစ်လို့ အရင်က သတိမထားမိခဲ့လဲမသိဘူး..."


ယဲ့ဇယ်ရှစ်က ရုတ်တရက်ကြောင်အသွားပြီးမှ မျက်နှာက ချက်ချင်း နီရဲသွားတော့သည်။ အစောပိုင်းက ရုပ်ရှင်ရိုက်နေစဉ် ဟယ့်ကျင်းယွင်တစ်ယောက် သူ့ဗိုက်ကို ‌မြင်သွားသည်ဟုတွေးရင်း ယဲ့ဇယ်ရှစ်မျက်နှာက ရှုံ့မဲ့သွားလေသည်။ 


ယဲ့ဇယ်ရှစ်က အတော်ကြာ အံကြိတ်နေပြီးမှ ပြောလိုက်သည်။

"ဟယ့်လောင်ရှီးက ရုပ်ရှင်ရိုက်နေရင် အရမ်း အာရုံစူးစိုက်တာပဲနော်..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် သူ့ကို ရွဲ့ပြောနေမှန်းမသိဘဲ ချီးကျူးနေသည်ဟု ထင်သောကြောင့် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။

"မင်းလည်း ရုပ်ရှင်ရိုက်ရင် စိတ်ကို သေချာစူးစိုက်ပြီး သရုပ်ဆောင်တာပဲ..."


ယဲ့ဇယ်ရှစ်: "..."


အား...ဒေါသထွက်လိုက်တာ...


ခဏအကြာတွင် နှစ်ယောက်လုံး မိတ်ကပ်ပြန်လိမ်းပြီးသွားသောကြောင့် ရိုက်ကူးရေး ပြန်စတော့သည်။


ညဉ့်ကောင်းကင်က ကြည်လင်နေသည်။ တိတ်ဆိတ်နေသောည၌ အခန်းငယ်ထဲတွင် လူနှစ်ယောက်၏ ခပ်တိုးတိုးအသက်ရှူသံများသာ လွှမ်းမိုးနေသည်။ 


အားဇီက ခန္ဓာကိုယ်ကို အနည်းငယ်ရွှေ့လိုက်၍ ရှန်ချန်ကျိုး၏ ရင်ခွင်ထဲမှ ထွက်လိုက်သည်။ ထို့နောက် စောင်ကိုဖယ်၍ အပေါ်ဝတ်ရုံကို ဝတ်ကာ အပြင်သို့ ထွက်လာလိုက်သည်။


အားဇီထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှန်ချန်ကျိုး မျက်လုံးများကို ချက်ချင်းဖွင့်လိုက်သည်။


အမှန်တွင် ရှန်ချန်ကျိုးက အိပ်ပျော်နေသည်မဟုတ်ဘဲ အားဇီ သက်တောင့်သက်သာ အိပ်ပျော်နိုင်အောင်သာ အိပ်ချင်ယောင်ဆောင်နေခဲ့ခြင်းဖြစ်သည်။ 


ခဏအကြာ၌ အားဇီပြန်ရောက်လာသောအခါ ရှန်ချန်ကျိုး မျက်လုံးများကို ပြန်မှိတ်လိုက်သည်။


အားဇီက ရှန်ချန်ကျိုး၏ ဆံပင်အချို့ကို ကိုင်၍ ကတ်ကြေးဖြင့် ညင်သာစွာ ညှပ်လိုက်သည်။


ထို့နောက် ရှန်ချန်ကျိုး၏ ဆံပင်များကိုကိုင်ရင်း အားဇီ ပြုံးလိုက်မိသည်။ ထို့နောက် အားဇီက သူ့ဆံပင်အချို့ကိုလည်း ညှပ်လိုက်၍ ထိုဆံနွယ်များကို အိတ်လေးတစ်လုံးစီထဲသို့ ထည့်လိုက်သည်။ 


ထို့နောက်တွင်တော့ အားဇီက ရှန်ချန်ကျိုး၏ ဘေး၌ ထိုင်ကာ သူ့ရှေ့မှ ချစ်ရသူကို ‌ငေးကြည့်နေလေသည်။ 


ကောင်းကင်မှ အရုဏ်တက်အချိန်၏ ရောင်ခြည်များပေါ်လာသောအခါ အားဇီက ရှန်ချန်ကျိုးကို နှိုးလိုက်သည်။


"အရုဏ်တောင်တက်ပြီလား..."

ရှန်ချန်ကျိုးက ယခုမှ နိုးလာသည့်ပုံဖြင့် ပြောလိုက်သည်။ 


အားဇီကလည်း ယခုမှနိုးလာသလို ဟန်ဆောင်ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အင်း..."


သူတို့နှစ်ယောက်ကြား၌ တိတ်ဆိတ်မှုက ဖုံးလွှမ်းသွားပြန်သည်။


အချိန်အတော်ကြာသောအခါမှ ရှန်ချန်ကျိုးက စလှုပ်ရှား၍ ဘေးမှ အဝတ်အစားများကို ကောက်ယူလိုက်သည်။ 


"ကျွန်တော် ကူဝတ်ပေးပါရစေ..."

အားဇီက ရုတ်တရက် ပြောလိုက်သည်။


ရှန်ချန်ကျိုးက ခဏရပ်သွားပြီးမှ ခေါင်းညိတ်လိုက်သည်။

"အင်း..."


အားဇီ၏ လှုပ်ရှားမှုများက နှေးကွေးနေသည်။ ထိုသို့ လုပ်ခြင်းဖြင့် အချိန်ကုန်ခြင်းက အနည်းငယ်နှေးသွားကာ သူတို့နှစ်ယောက် အတူတူရှိရမည့် အချိန်က ပိုရှည်လာစေရန် အားဇီ မျှော်လင့်နေမိသည်။ 


သို့သော်လည်း ရှန်ချန်ကျိုး၏ကိုယ်ပေါ်၌ အဝတ်အစားများက လျင်မြန်စွာပင် ဝတ်ဆင်ပြီးသွားကြသည်။


ရှန်ချန်ကျိုးက အားဇီနားကပ်၍ တိုးတိုးလေးပြောလိုက်သည်။

"ကိုယ်သွားတော့မယ်..."


အားဇီက ခေါင်းညိတ်ပြလိုက်ပြီးမှ လှုပ်ရှားမှုများက ခဏရပ်သွားကာ ပြောလိုက်သည်။

"ခင်ဗျား ပြန်လာမှာမလားဟင်..."


ရှန်ချန်ကျိုး၏ လည်စလုတ်က အပေါ် အောက် လှုပ်သွား၍ ရှန်ချန်ကျိုးက အားဇီ၏ မျက်လုံးများကို စူးစိုက်ကြည့်ကာ အလွန်တည်ငြိမ်လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"အားဇီ...ကိုယ့်ကို တစ်ခု ကတိပေးပါ..."


အားဇီက နှုတ်ခမ်းကို တင်းတင်းစေ့၍ သဘောလည်းမတူ ငြင်းလည်းမငြင်းဘဲ ပြန်ပြောလိုက်သည်။

"ဘာလဲဟင်..."


"ကိုယ် ပြန်လာလာ မလာလာ မင်း ရှေ့လျှောက် ကောင်းကောင်းမွန်မွန် ဆက်နေပြီး ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် ဆက်ရှင်သန်မယ်လို့ ကိုယ့်ကို ကတိပေးပါ..."


အားဇီ၏ မျက်လုံးများက ရုတ်တရက် ငိုချင်စိတ်ဖြင့် နီရဲသွားကြသည်။ အားဇီက စကားကို ချက်ချင်းပြန်မပြောနိုင်ဘဲ ပြောလိုက်သည့်အခါတွင်လည်း အသံက ဆို့နင့်နေလေသည်။

"ဒါပေမယ့် ကျွန်တော့်ရဲ့ ရှေ့လျှောက် ဘဝတစ်ခုလုံးကို ခင်ဗျားနဲ့ တူတူဖြတ်သန်းသွားချင်တာလေ..."


ရှန်ချန်ကျိုးက အားဇီကို ငုံ့ကြည့်နေသော်လည်း အားဇီ၏တောင်းဆိုချက်ကို မလိုက်လျောပေးနိုင်ဖြစ်နေသည်။


သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် မပေးနိုင်ကြသည့် ကတိများတောင်းရင်း စိတ်မောလာမိကြသည်။ 


သို့သော်လည်း လူစုရန်ခေါ်သည့် ဥဩသံမြည်သည့်အချိန်တိုင်အောင် မည်သူကမှ တစ်ဖက်လူ တောင်းဆိုသည်ကို မလိုက်လျောကြပေ။ 


ယခုတွင် ရှန်ချန်ကျိုး ထွက်ခွာရမည့်အချိန်သို့ ရောက်လာပြီဖြစ်သည်။ 


နောက်ဆုံးတွင် ရှန်ချန်ကျိုးက အားဇီအား နက်ရှိုင်းစွာ တစ်ချက်ကြည့်၍ စိတ်ဆုံးဖြတ်ချက်ချကာ လှည့်ထွက်သွားတော့သည်။


အားဇီ‌က ထိုနေရာတွင်ပင် မလှုပ်မယှက် ခေါင်းမာစွာရပ်၍ ကျန်ခဲ့တော့သည်။


အားဇီ၏ မျက်လုံးများထဲ၌ မျက်ရည်များ ပြည့်လာကာ ကိုယ်အနောက်၌ဖွက်ထားမိသော သူ့လက်များထဲတွင်တော့ ရှန်ချန်ကျိုးကို မပေးလိုက်ရသည့် အိတ်ငယ်လေးနှစ်ထုပ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ 


ထို့နောက်တွင် အားဇီက ချက်ချင်းနောင်တရသွားမိကာ တံခါးကို တွန်းဖွင့်၍ မြို့တံခါးဝအထိ ပြေးသွားမိသည်။


သို့သော်လည်း အားဇီ နောက်ကျသွားခဲ့ပြီဖြစ်သည်။


အားဇီရှေ့တွင် မြင်းခွာများကြောင့် ထွက်လာသော သဲနှင့် ဖုန်မှုန့်များကိုသာ မြင်နေရတော့သည်။ 


အားဇီ၏မျက်လုံးများထဲမှ မျက်ရည်များစီးကျလာကာ အမြင်ကို ဝေဝါးသွားစေသည်။


ဤမျက်ရည်များက အားဇီ ပထမဆုံးအကြိမ်အဖြစ် နှလုံးသားကို ဖွင့်ဟကာ အူလှိုက်သည်းလှိုက်ငိုမိသော မျက်ရည်များ ဖြစ်လေသည်။


ယဲ့ဇယ်ရှစ်လည်း ဇာတ်ကောင်ထဲသို့ နစ်မျောစီးဝင်ကာ မြေကြီးပေါ်သို့ ဒူးထောက်ကျ၍ အိတ်ငယ်လေးနှစ်လုံးကို ကိုင်ကာ အပြင်းအထန်ငိုနေမိတော့သည်။ ထိုသို့ ငိုနေချိန်မှာပင် ယဲ့ဇယ်ရှစ်က ငိုရှိုက်သံမထွက်အောင် အံကြိတ်ထားသေးသည်။


တိတ်ဆိတ်စွာ ငိုရှိုက်နေခြင်းက အခြားလူများအတွက် ဝမ်းအနည်းစေရဆုံးဖြစ်သည်။


ရိုက်ကွင်းတစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်နေကြသည်။


ကွန်ပြူတာမော်နီတာနောက်၌ ထိုင်နေသော ထန်ကျင့်သည်ပင်လျှင် မထိန်းနိုင်ဘဲ ကျလာသော မျက်ရည်များကို သုတ်နေမိသည်။ 


ထိုအခိုက်အတန့်၌ ထန်ကျင့် နားလည်သွားတော့သည်။


သရုပ်ဆောင်နိုင်ခြင်းက တကယ်ပင် ပါရမီတစ်ခုဖြစ်သည်။ ယဲ့ဇယ်ရှစ်မှာ လွန်ခဲ့သော တစ်မိနစ်က အခြားလူများနှင့် စကားပြော၍ ရယ်မောစနောက်နေနိုင်သော်လည်း နောက်တစ်မိနစ်၌ ချက်ချင်းပင် သူ၏ ငိုရှိုက်သံဖြင့် အခြားလူများကိုပါ ဝမ်းနည်းသွားအောင် လုပ်နိုင်လေသည်။


ထန်ကျင့် ယဲ့ဇယ်ရှစ်ကို မလေးစားဘဲ မနေနိုင်တော့ချေ။ 


သို့သော် ဘာကြောင့်မှန်းမသိသော်လည်း ယဲ့ဇယ်ရှစ် ဤမျှ ရှိုက်ကြီးတငင် ငိုနေသည်ကို မြင်သောအခါ ထန်ကျင့်လည်း ဝမ်းနည်းမိ‌သော်လည်း တစ်ချိန်တည်းမှာပင် စိတ်ထဲတွင် တစ်မျိုးဖြစ်နေမိသည်။ 


ရှင်းရှင်းပြောရလျှင် ထိုခံစားချက်မှာ ယဲ့ဇယ်ရှစ် ဤသို့ ငိုနေသည်ကို ထပ်မမြင်ချင်သော ခံစားချက်ဖြစ်‌သည်။ 


ငိုနေသောယဲ့ဇယ်ရှစ်ကို ကြည့်ရင်း ထန်ကျင့် သနားနေမိလေသည်။


ယခုခံစားနေရသော ခံစားချက်က ထူးဆန်းလွန်း၍ ထန်ကျင့် မည်သို့ ခေါင်းစဉ်တပ်ရမည်ပင် မသိတော့ချေ။


ချန်ကျန့်ထျန်း၏ "ကတ်" ဟူသော အော်သံနှင့်အတူ ထန်ကျင့်လည်း ကွန်ပြူတာမော်နီတာနောက်မှ ထလိုက်မိသည်။


ယဲ့ဇယ်ရှစ်က ကတ် အော်ပြီး၍ ခဏကြာသည့်တိုင် ဇာတ်ကောင်ထဲမှ မထွက်နိုင်ဖြစ်ကာ အားဇီလုပ်နေသည့် ပုံစံအတိုင်း နံရံကိုမှီ၍ ဆက်ငိုနေလေသည်။ အလွန်ပင် ရှိုက်ကြီးတငင်ငိုနေသောကြောင့် နှာခေါင်းထိပ်နှင့် မျက်လုံးများပင် နီရဲကာ ဖြူဖွေးသောမျက်နှာတစ်ခုလုံးလည်း မျက်ရည်များ ရွှဲနေ‌တော့သည်။ 


ထိုပုံစံကိုကြည့်၍ ထန်ကျင့်၏နှလုံးသားက ရုတ်တရက် တုန်ခါသွားသည်။ 


ထန်ကျင့်က ဘေးမှ ဝန်ထမ်းကိုကြည့်၍ မေးလိုက်သည်။

"တစ်ရှူးရှိလား..."


ဘေးမှဝန်ထမ်းကလည်း အစောပိုင်းတုန်းက ဇာတ်ဝင်ခန်းကိုကြည့်၍ ငိုထားသောကြောင့် မျက်လုံးများနီရဲနေကာ ထန်ကျင့်အသံကြားမှပင် အသိစိတ်ပြန်ဝင်၍ အိတ်ထဲမှ တစ်ရှူးကို အမြန်ထုတ်ကာ ပေးလိုက်သည်။ 


ထန်ကျင့်က ကျေးဇူးတင်ကြောင်း ခပ်တိုးတိုးပြော၍ တစ်ရှူးကိုကိုင်ကာ ယဲ့ဇယ်ရှစ်နားသို့ လျှောက်သွားလိုက်သည်။


သို့သော် ယဲ့ဇယ်ရှစ်နားသို့ ထန်ကျင့် မရောက်ခင်မှာပင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက ယဲ့ဇယ်ရှစ်ရှေ့သို့ အရင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။


"အဆင်ပြေရဲ့လား..."

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို တစ်ရှူး လှမ်းပေး၍ တစ်ချိန်တည်းမှာပင် ယဲ့ဇယ်ရှစ်၏လက်‌မောင်းကိုကိုင်၍ ဆွဲထူလိုက်သည်။ 


ထိုအချိန်၌ ကောင်းရှူကလည်း သူတို့နားသို့ရောက်လာကာ ထီးဖွင့်၍ ယဲ့ဇယ်ရှစ်ကို မိုးပေးလိုက်သည်။


ထန်ကျင့်၏ခြေလှမ်းများရပ်သွားပြီး ရှေ့သို့ ဆက်မတိုးကြတော့ပေ။ 


ယဲ့ဇယ်ရှစ်လည်း ယခုမှ အငိုရပ်သွားသည်။ သူ့ခေါင်းထဲ၌ ဟယ့်ကျင်းယွင်နှင့် ဝေးဝေးနေရမည်ဟုသော အသိက ရှိနေသောကြောင့် လက်ကို ဝှေ့ယမ်းကာ အမြန်ပြောလိုက်သည်။

"ကျွန်တော်အဆင်ပြေပါတယ်...အဆင်ပြေတယ်...အေးဆေးပဲ..."


ယဲ့ဇယ်ရှစ်ကပြောရင်း ဟယ့်ကျင်းယွင်ကို ပြုံးပြလိုက်သည်။ သူ့မျက်နှာပေါ်မှ မျက်ရည်စက်များက နေရောင်အောက်တွင် တလက်လက်တောက်ပသွားကြသည်။ 


ယဲ့ဇယ်ရှစ်က အဆင်ပြေသည်ဆိုသောကြောင့် ဟယ့်ကျင်းယွင်လည်း သူ့လက်မောင်းကိုလွှတ်လိုက်၍ ပြုံးကာ ပြောလိုက်သည်။

"အင်း...တော်သေးတာပေါ့...ခုဏက အခန်းက အဆင်ပြေတယ်...မနက်ဖြန်ကျမှ တည်းဖြတ်အဖွဲ့နဲ့ လိုတာတွေ ထပ်ထည့်လိုက်မယ်...အခု မင်းပြန်ပြီး နားလို့ရပြီ..."


"ကျေးဇူးပါ ဟယ့်လောင်ရှီး..."

ချီးကျူးခံရခြင်းက အမြဲဝမ်းသာစရာကိစ္စဖြစ်သောကြောင့် ယဲ့ဇယ်ရှစ်က ပိုပြုံးလိုက်ရာ အပြုံးက ပို၍ပင် ချစ်စရာကောင်းသွားလေသည်။ 


ဘေးမှ ချန်ကျန့်ထျန်းကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ယနေ့အတွက် ယဲ့ဇယ်ရှစ်၏ ဇာတ်ဝင်ခန်းများက ပြီးသွားပြီဖြစ်သောကြောင့် ကောင်းရှူကပြောလိုက်သည်။

"သခင်လေး...မိတ်ကပ် အရင်ဖျက်ချင်လား..."


ယဲ့ဇယ်ရှစ်က ဘာမှပြန်မပြောဘဲ ခေါင်းမော့၍ ထန်ကျင့်ကို လှမ်းကြည့်လိုက်သည်။ 


ထန်ကျင့်ကလည်း ယဲ့ဇယ်ရှစ်က သူ့ကို ရုတ်တရက် လှမ်းကြည့်လိုက်မည်ဟု မထင်ထားသောကြောင့် ကြောင်သွားကာ အစောပိုင်းတုန်းက ယဲ့ဇယ်ရှစ်ကို သနားနေမိသော မျက်နှာအမူအရာကို ပြင်ချိန်မရဖြစ်သွားသည်။


ထန်ကျင့်၏မျက်နှာကိုကြည့်၍ ယဲ့ဇယ်ရှစ် စိတ်ထဲမှ အော်ငိုမိသွားသည်။


ထန်ကျင့်မျက်နှာကို ကြည့်ပါဦး... ငါနဲ့ ဟယ့်လောင်ရှီးကို အထင်လွဲသွားပြီထင်တယ်...


ဘာဖြစ်လို့ ဟယ့်လောင်ရှီးကလည်း ငါ့ကို လာထူရတာလဲ...


ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို လျစ်လျူရှုကာ ထန်ကျင့်ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။


ထိုအချိန်မှပင် ထန်ကျင့်လက်ထဲမှ တစ်ရှူးကို ယဲ့ဇယ်ရှစ် သတိထားမိသွားသည်။ 


"ဒါ ငါ့အတွက်လား..."

ယဲ့ဇယ်ရှစ်က ပြုံးပြ၍ ထန်ကျင့်ရှိရာသို့ လက်လှမ်းလိုက်သည်။


ထိုအခါမှပင် ထန်ကျင့်လည်း အသိစိတ်ပြန်ဝင်ကာ ချောင်းတစ်ချက်ဟန့်၍ ရှင်းပြလိုက်သည်။

"မင်း ဇာတ်ကောင်ထဲမှာ မျောပြီး ဆက်ငိုနေတာတွေ့တာနဲ့...ငါလည်း..."


"ကျေးဇူးပဲ..."

ယဲ့ဇယ်ရှစ်က တက်ကြွပျော်ရွှင်စွာပြောလိုက်သည်။ ထို့နောက် ထန်ကျင့်လက်ထဲမှ တစ်ရှူးကို လှမ်းယူလိုက်ရာ ယဲ့ဇယ်ရှစ်၏ပူနွေးသော လက်ချောင်းထိပ်များနှင့် ထန်ကျင့်၏လက်ချောင်းထိပ်များ ထိမိသွားကြသောကြောင့် ထိုအပူငွေ့က ထန်ကျင့်၏လက်ပေါ်၌ စွဲကျန်နေခဲ့သည်။ 


ယဲ့ဇယ်ရှစ်က ထန်ကျင့်၏တစ်ရှူးဖြင့် အေးအေးဆေးဆေးပင် မျက်နှာပေါ်မှ မျက်ရည်များကို သုတ်လိုက်ပြီးနောက် အသံကို နှိမ့်၍ ထန်ကျင့်ကို အကြံပေးလိုက်သည်။

"စိတ်မပူနဲ့ ထန်ကျင့်...ဟယ့်လောင်ရှီးက ငါမထနိုင်ဖြစ်နေတာတွေ့လို့ ဒီတိုင်း လာကူပေးတာပါ...ဒါပေမယ့် ဒီတစ်ရှူးကို ငါ့ကို လာပေးစရာမလိုပါဘူး...ဟယ့်လောင်ရှီးကိုသွားပေးလိုက်ရမှာ...အဲဒါမှ သူလည်း အမြင်ရှင်းမှာပေါ့ မဟုတ်ဘူးလား..."


ထန်ကျင့်က ယဲ့ဇယ်ရှစ်၏ အပူငွေ့များ စွဲကျန်နေခဲ့သော လက်ချောင်းများကို ခပ်ဖွဖွပွတ်နေရင်းနှင့် ယဲ့ဇယ်ရှစ်ပြောသည်ကို နားမလည်ဖြစ်သွားသည်။

"ဟမ်..."


ယဲ့ဇယ်ရှစ်က ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

"ခုဏက ငါသရုပ်ဆောင်သွားတာ ကောင်းလား..."


ယဲ့ဇယ်ရှစ်က "သရုပ်ဆောင်သွားတာ" ဟူသော စကားကို တမင် ပီပီသသပြောလိုက်သည်။ ထိုအခါမှသာ ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်နှင့် ဘာမှမပတ်သက်ဘဲ သရုပ်သာဆောင်နေခြင်းဖြစ်သည်ကို ထန်ကျင့် သတိထားမိမည်ဖြစ်သည်။


အစောပိုင်းက ယဲ့ဇယ်ရှစ်မှာ အလွန်ပင် လူကြီးလူကောင်းဆန်၍ မထိသင့်သည့်နေရာများကို ထိပင်မထိခဲ့ပေ။ 


ထန်ကျင့်ကမူ ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်၏ မည်သည့်နေရာများကို ထိနေခဲ့သည်ကို သတိပင်မထားမိခဲ့ပေ။ ယခု ယဲ့ဇယ်ရှစ်က သူ့သရုပ်ဆောင်ခြင်းအကြောင်းကိုမေးသောအခါ ထန်ကျင့် အစောပိုင်းက ဇာတ်ဝင်ခန်းကို ပြန်စဉ်းစားမိသွားသည်။


ထိုအခန်း၌ ယဲ့ဇယ်ရှစ်၏ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းနေကာ ဘောင်းဘီတိုလေးသာဝတ်ထား၍ မြင်နေရသော ခြေထောက်များကလည်း ‌ဖြူဖွေး၍ သွယ်လျနေကြသည်။ တလှပ်လှပ်လှုပ်နေသော ခုတင်အကာနောက်တွင် ယဲ့ဇယ်ရှစ်၏ လည်ပင်း၊ မျက်နှာပေါ်မှ ချွေးစက်များနှင့် နီရဲနေသော မျက်နှာကို မြင်နေခဲ့ရသည်။ 


ထိုအကြောင်းကိုစဉ်းစားရင်း ထန်ကျင့်၏မျက်နှာက ရုတ်တရက် ပူလာကာ မသိမသာ အံကြိတ်လိုက်မိသည်။

ငါ ဘာတွေ စဉ်းစားနေမိတာလဲ...


ဘာဖြစ်လို့များ အဲဒီအခန်းကြီးကို ငါ ပြန်စဉ်းစားလိုက်မိတာလဲ...


ထန်ကျင့်က ရှက်၍ ကိုယ့်ကိုယ်ကိုယ်လည်း ဒေါသထွက်နေမိကာ သူ့ရှေ့မှ ယဲ့ဇယ်ရှစ်ကို ပြန်ကြည့်လိုက်သောအခါ အဝတ်အစားလုံးဝမပါသော ယဲ့ဇယ်ရှစ်ကိုသာ မြင်ယောင်မိသွားသည်။


ချက်ချင်းပင် ထန်ကျင့်က ယဲ့ဇယ်ရှစ်ကို စေ့စေ့မကြည့်ရဲတော့ချေ။


"ဟင်..."

ထန်ကျင့်ထံမှ အချိန်အတော်ကြာသည့်တိုင် အဖြေမရသောကြောင့် ယဲ့ဇယ်ရှစ်က အဖြေကို မျှော်လင့်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ 


မဟုတ်မှလွဲရော ထန်ကျင့်က ငါနဲ့ ဟယ့်လောင်ရှီးကို တကယ်ကြီး အထင်လွဲသွားတာလား...


"ထန်ကျင့် မင်း..."


"မဟုတ်ဘူး..."

ထန်ကျင့်ကလည်း ဘာမှမတွေးနိုင်တော့ပဲ ယဲ့ဇယ်ရှစ်၏အသံကိုကြားသည်နှင့် ရုတ်တရက် ထငြင်းလိုက်သည်။

"မင်းထင်နေသလို မဟုတ်ဘူး...ငါ..."


ငါ မင်းရဲ့ ခုတင်ပေါ်က အခန်းကို စဉ်းစားပြီး မျက်နှာနီနေတာ လုံးဝမဟုတ်ဘူး...


တကယ်မဟုတ်ဘူး...လုံးဝမဟုတ်ဘူး...


သို့သော်လည်း သူ၏ ယခုပုံစံက သူမည်မျှပင် ငြင်းနေပါစေ ယုံချင်စဖွယ်မရှိသည်ကို ထန်ကျင့် သိနေသည်။ 


ထို့ကြောင့် ဤကိစ္စကို အမြန်ပြီးစေရန် "ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်" ဟုပြောကာ ထွက်လာလိုက်တော့သည်။ 


ယဲ့ဇယ်ရှစ်က ထန်ကျင့်ဘာဖြစ်သွားမှန်းမသိသောကြောင့် တကယ်ပင် ခေါင်းရှုပ်သွားမိသည်။ 


ထန်ကျင့်က သူ့ကို စိတ်ဆိုးသွားသည်ဟု ပြောရအောင်လည်း ထန်ကျင့်၏ပုံက စိတ်ဆိုးသွားသည်နှင့် မတူချေ။


စိတ်မဆိုးဘူးဆိုရင် ထန်ကျင့်မျက်နှာက ဘာဖြစ်သွားတာလဲ...


ထိုအချိန်၌ ဟယ့်ကျင်းယွင်က အနားသို့ ရောက်လာသည်။

"ဘာဖြစ်နေတာလဲ..."


ဟယ့်ကျင်းယွင်၏အသံကြားသောအခါ ယဲ့ဇယ်ရှစ်က ချက်ချင်းပင် ခေါင်းကိုလှည့်၍ သုန်သုန်မှုန်မှုန် ကြည့်လိုက်မိသည်။

"ဘာဖြစ်နေလို့လဲ..."


သူ စိတ်ထင်နေသည်လားမသိသော်လည်း ယနေ့၌ ယဲ့ဇယ်ရှစ်က သူ့ကို တမင်ပင် အညှိုးအတေးထား၍ တိုက်ခိုက်နေသည်ဟု ဟယ့်ကျင်းယွင် ထင်နေမိသည်။ 


ယဲ့ဇယ်ရှစ်က စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းခိုးချလိုက်မိသည်။


ထားလိုက်ပါတော့လေ...ငါ ဝင်ပါတော့ရော ဘာထူးမှာလဲ...


အချစ်စိတ်ဆိုတာ အတင်းလုပ်ခိုင်းလို့မရဘူးတဲ့...ပြီးတော့ ငါကလည်း သူတို့နဲ့ သက်ဆိုင်နေတာမှမဟုတ်တာ...ကြားသုံးကြားဆိုတာ ဝင်မပါကောင်းပါဘူးလေ...


သို့သော်လည်း CP ပရိသတ်တစ်ယောက်အနေဖြင့် ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်နှင့် ထန်ကျင့်တို့အတွက် စိတ်မပူဘဲ မနေနိုင်သည်က အမှန်ပင်ဖြစ်သည်။ 


နာရူတိုတောင် ၁၃ နှစ်နဲ့ အနမ်းခံရသေးတာ... ဟယ့်လောင်ရှီးက အသက်ကဖြင့် ၂၆ နှစ်ဖြစ်နေပြီ...ဘာဖြစ်လို့ အနမ်းမခံရသေးလဲ မသိပါဘူး...


[T/N: Anime ထဲမှာ Naruto နဲ့ Sasuke တို့ စာသင်ခန်းထဲမှာ နမ်းမိတာကို ပြောနေတာပါ။ ဟယ့်လောင်ရှီးအနမ်းမခံရတာကတော့ ဟယ့်လောင်ရှီးနဲ့ ထန်ကျင့်တို့ အခုထိ ဘာမှမဖြစ်ကြသေးတာကို ဇယ်ရှစ်က စိတ်တိုတိုနဲ့ တွေးချင်‌တာတွေ လျှောက်တွေးနေတာထင်ပါတယ်။]


ယောင်္ကျားတစ်ယောက်က အသက် ၁၈ နှစ်မှာ အနမ်းမခံရရင် နောက်ဘယ်တော့မှ အနမ်းမခံရတော့ဘူးလားမသိဘူး...


စဉ်းစားစရာပဲ...


ယဲ့ဇယ်ရှစ်လည်း သက်ပြင်းချကာ ဟယ့်ကျင်းယွင်နှင့် စကားဆက်ပြောချင်စိတ်မရှိတော့ပေ။


တော်ကြာ ထန်ကျင့် ပြန်ထွက်လာပြီး ငါတို့ကို ထပ်မြင်သွားရင် ဘယ်လိုလုပ်မလဲ...


ထို့ကြောင့် ယဲ့ဇယ်ရှစ်က မိတ်ကပ်ဖျက်လိုက်ဦးမည် ဟုပြောကာ တစ်ဖက်သို့လှည့်၍ ထွက်လာလိုက်သည်။ 



🎶🎶🎶