Chapter 41
Viewers 7k

🎶 Chapter 41



ယန်မန်က ပထမဆုံး တစ်စုံတစ်ယောက်ကို ဖုန်းဆက်လိုက်သည်။ ဓာတ်ပုံတင်လိုက်သောလူ၏လိပ်စာက ပြည်ပလိပ်စာဖြစ်နေမှန်းသိသောအခါ ထိုပြည်ပမှ လိပ်စာကိုပါ ထပ်မေးလိုက်သည်။ 


တစ်ဖက်လူက အလွန်အံ့ဩသွားသည်။

"ဘာဖြစ်လို့လဲ အစ်မမန်...နိုင်ငံခြားအထိကို ကိုယ်တိုင်သွားပြီး အဲဒီလူကို ဖမ်းမလို့လား..."


ယန်မန်ကပြုံးလိုက်သည်။

"ဘာဖြစ်လို့ ငါကိုယ်တိုင်သွားရမှာလဲ...အဲဒီမှာ ငါ့မောင်ရှိနေတယ်လေ...သူ့ကို အကူအညီတောင်းလိုက်မှာပေါ့..."


ထိုအခါမှပင် တစ်ဖက်လူလည်း နားလည်သွားတော့သည်။


တစ်ဖက်လူက ဖုန်းချသွားသောအခါ ယန်မန်က သူမ၏မောင်ကို ဖုန်းခေါ်လိုက်သည်။


နောက်တစ်နေ့တွင် ထိုပြည်ပမှ ဓာတ်ပုံတင်သည့်လူ၏ လိပ်စာက ယန်မန့်လက်ထဲ ရောက်လာတော့သည်။


ယန်မန်က ထိုလိပ်စာကို ကောင်းရှူထံ တိုက်ရိုက်ပို့လိုက်သည်။


ကောင်းရှုက သူ့လက်ထဲသို့ ပါပါရာဇီ၏ လိပ်စာရောက်လာသောအခါ အနည်းငယ် ခေါင်းရှုပ်သွားမိသည်။ 

ဘာဖြစ်လို့လဲ....


ဘာဖြစ်လို့ သခင်မက သခင်လေးကို ကူညီနေရတာလဲ...


သို့သော်လည်း အချိန်အတော်ကြာ ချီတုံချတုံဖြစ်ပြီးသောအခါမှ ကောင်းရှူက ယဲ့ဇယ်ရှစ်ကို ထိုအကြောင်းပြောပြလိုက်သည်။


သခင်မက သခင်လေးကို ကူညီချင်နေပေမယ့် အဲဒီအကူအညီကို လက်ခံ မခံက သခင်လေးပေါ်ပဲ မူတည်တယ်...


ကောင်းရှူက ယခု သခင်လေး၏အေးဂျင့်ဖြစ်နေပြီဖြစ်သောကြောင့် သခင်လေး၏ အဆုံးအဖြတ်ကိုသာ လိုက်နာရမည်ဖြစ်သည်။


ယဲ့ဇယ်ရှစ်က ထိုအကြောင်းကိုကြားသောအခါ ခဏငြိမ်သွားပြီးမှ မေးလိုက်သည်။

"လိပ်စာက ဘယ်မှာလဲ..."


ကောင်းရှူက မြေပုံကို အမြန်ကြည့်လိုက်သည်။ ထိုပါပါရာဇီ၏ လိပ်စာက ဟမ့်တျန်နားရှိ ဟိုတယ်လေးတစ်ခု၌ဖြစ်သည်။ ‌ထိုနေရာက ယခု ရိုက်ကွင်းနှင့်လည်း သိပ်မဝေးချေ။ 

[ T/N - ပုံတင်လိုက်တာက နိုင်ငံခြားIPလိပ်စာနဲ့ဆိုပေမယ့် ဓာတ်ပုံရိုက်တဲ့လူကတော့ တရုတ်မှာပဲရှိနေတာမို့ပါ၊ ပြီးတော့ အဲဒီလူက ရိုက်ကွင်းနားမှာပဲ နေနေတာပါ ]


ယန်မန်ပို့လိုက်သော အချက်အလက်များက တော်တော်ပင်ပြည့်ပြည့်စုံစုံရှိသည်။ လိပ်စာအပြင် ပါပါရာဇီ၏ဖုန်းနံပါတ်၊ သူနေသော အထပ်နှင့် အခန်းနံပါတ်ပါ အတိအကျပါနေသည်။


ဤရက်ပိုင်းများ၌ ယဲ့ဇယ်ရှစ်က ရိုက်ကွင်း၌ anime မကြည့်ရဖြစ်နေသောကြောင့် စိတ်ပေါက်နေသည်ဖြစ်ရာ ယခုချက်ချင်းပင် ထိုနေရာသို့ လိုက်သွားကာ ထိုပါပါရာဇီများကို ဖမ်းချင်နေမိသည်။


သို့သော်လည်း မင်းသားတစ်ယောက်ဖြစ်နေသော ယဲ့ဇယ်ရှစ်က သွား၍မရချေ။


ကောင်းရှူက ထိုအချက်အလက်များကို ဒါရိုက်တာချန်နှင့် ဟယ့်ကျင်းယွင်ထံသို့ပို့လိုက်ရာ မကြာမီမှာပင် ဒါရိုက်တာချန်က လူအချို့နှင့် ထိုနေရာသို့ ထွက်သွားတော့သည်။


တစ်နာရီခန့်ကြာသောအခါ ပါပါရာဇီသုံးယောက်လုံးက ရဲစခန်းသို့ ခေါ်သွားခံလိုက်ရတော့သည်။ 


ထိုအကြောင်းကိုသိပြီးသောအခါတွင် ရိုက်ကွင်းတစ်ခုလုံးက ပို၍ စိတ်အေးလက်အေးဖြစ်သွားကြသည်။


ယဲ့ဇယ်ရှစ်လည်း ယခုမှပင် သက်ပြင်းချနိုင်တော့သည်။


အခုမှပဲ အေးအေးဆေးဆေး anime ကြည့်နိုင်တော့မယ်...


သို့သော် ယဲ့ဇယ်ရှစ် tablet ကို ဖွင့်ရန်လုပ်နေဆဲမှာပင် သူ့နားသို့ ဟယ့်ကျင်းယွင်လျှောက်‌လာနေသည်ကို တွေ့လိုက်ရသည်။


ဓာတ်ပုံများပြန့်ခဲ့သည်မှာ နှစ်ရက်ခန့်ကြာနေပြီဖြစ်သောကြောင့် ဟယ့်ကျင်းယွင်လည်း ထိုနှစ်ရက်လုံး ထိုကိစ္စကိုသာ လုံးပန်းနေခဲ့သည်ဖြစ်သောကြောင့် မျက်ကွင်းများပင် ညိုနေလေသည်။


ယဲ့ဇယ်ရှစ် ဘာမှမပြောနိုင်မီမှာပင် ဟယ့်ကျင်းယွင်က တည်ငြိမ်သောမျက်နှာနှင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်..."


ယဲ့ဇယ်ရှစ်လည်း ရုတ်တရက် ကြောင်သွားပြီးမှ လက်ကို အမြန်ရမ်းပြလိုက်သည်

"မဟုတ်တာ...ကျွန်တော် ဘာမှလည်း မလုပ်လိုက်ရပါဘူး..."


ယဲ့ဇယ်ရှစ်က အမှန်ကိုပြောနေခြင်းဖြစ်သည်။ အမှန်တွင်လည်း ဟယ့်ကျင်းယွင် ကျေးဇူးတင်ချင်လျှင် ယန်မန်ကို တင်ရမည်ဖြစ်သည်။ 


ထိုအကြောင်းကို စိတ်က ရောက်သွားသောအခါ ယဲ့ဇယ်ရှစ် မနေနိုင် မထိုင်နိုင်ဖြင့် ယန်မန်ကို ဘာလက်ဆောင်ပြန်ပေးရမည်လဲ စဉ်းစားလိုက်မိသည်။


လက်ဆောင်ပေးရင်းနဲ့ ငါးအစိမ်းတွေပါ ထည့်ပေးလိုက်ရင်ကောင်းမလား...


ငါးလေးခြောက်စားချင်လို့...


ယန်မန်ကို ငါးအစိမ်းထည့်ပေးရန်အကြံကို ယဲ့ဇယ်ရှစ် ချက်ချင်းပင် ခေါင်းထဲမှ ထုတ်လိုက်ရသည်။


မဖြစ်ဘူး...မဖြစ်ဘူး...


ငါးအစိမ်းသေတ္တာလိုက်ပေးခြင်းက အလွန်သိသာသွားမည်ဖြစ်သောကြောင့် အခြားနည်းလမ်းများကိုသာ စဉ်းစားရတော့သည်။ 


နောက်ဆုံးတွင်မူ ယဲ့ဇယ်ရှစ်က ယန်မန်ကို Bulgari မှ ထွက်ထားသော လက်ဝတ်ရတနာမျိုးစုံကိုသာ ကောင်းရှူနှင့်တစ်ဆင့်ပေးရန် ဆုံးဖြတ်လိုက်သည်။


တစ်ချိန်တည်းမှာပင် ယန်မန်အတွက် သီးသန့် ကျေးဇူးတင်စာတစ်စောင်လည်း ထည့်ပေးလိုက်သည်။


စာ၏နောက်ဆုံးတွင် မသိမသာလေးဖြင့် ယန်မန်၏ ငါးလေးခြောက်ကို မစားရသည်မှာ ကြာနေပြီဖြစ်သောကြောင့် လွမ်းနေကြောင်း ထည့်ရေးလိုက်သေးသည်။


ယန်မန် သတိထားမိမည် မထားမိမည်ကို ယဲ့ဇယ်ရှစ်မသိချေ။


သို့သော်လည်း ထိုစာကြောင်းကို ယန်မန် သတိထားမိစေရန် ယဲ့ဇယ်ရှစ် အပြင်းအထန်ဆုတောင်းနေမိသည်။


ငါးလေးခြောက် အရမ်းစားချင်နေတာလို့...


...


ဤသို့ဖြင့် ဓာတ်ပုံပြန့်သည့်ကိစ္စက ဖြေရှင်းပြီးသွားသည်။ ကိစ္စကို အောင်မြင်စွာ ဖြေရှင်းပြီး၍ ပါပါရာဇီများကို ဖမ်းလိုက်နိုင်သော်လည်း အသစ်စက်စက် ဒါရိုက်တာဟယ့်လေးခမျာ သင်ခန်းစာရသွားရှာသည်။


ယမန်နေ့က ရိုက်ကွင်းသို့ မြင့်မားသော သစ်သားပြားကြီးများ လာပို့သွား၍ ဝန်ထမ်းများက ထိုသစ်သားပြားကြီးများကို ရိုက်ကွင်းပတ်ပတ်လည်ထောင်ကာ ခြံစည်းရိုးကဲ့သို့ ကာလိုက်ကြသည်။ 


ပြန့်သွားသည့်ဓာတ်ပုံများကမူ ထိန်းမရအောင် ပြန့်သွားပြီးဖြစ်သောကြောင့် ဟယ့်ကျင်းယွင်နှင့် ဒါရိုက်တာချန်တို့လည်း ဘာမှမတတ်နိုင်တော့ဘဲ ဤအတိုင်းသာထားလိုက်ရတော့သည်။


သို့သော်လည်း ကံကောင်းစွာပင် ဓာတ်ပုံများက ပြန့်သွားသော်လည်း ပါပါရာဇီများ လိုချင်သလို ရုပ်ရှင်ကို နာမည်ပျက်အောင် မလုပ်နိုင်လိုက်ပေ။ နာမည်မပျက်သည့်အပြင် "ကျော်ကြားသောစစ်သူကြီး" က မကြော်ငြာရဘဲ နာမည်ပင် ပိုကြီးသွားသေးသည်။


အဆိုးထဲမှ အကောင်းသာဖြစ်သည်။ 


"ကျော်ကြားသောစစ်သူကြီး" တရားဝင် Weibo အကောင့်မှလည်း ထိုဓာတ်ပုံပြန့်သည့်ကိစ္စနှင့် ပတ်သတ်၍ ရှင်းပြထားသော စာကို တင်လိုက်ရင်းဖြင့် ထိုပြန့်နေသော တရားမဝင်ပုံများကို အတတ်နိုင်ဆုံးမဖြန့်ရန် တောင်းဆိုထားသည်။


ထိုအခါမှသာ ရုပ်ရှင်က ပါပါရာဇီများ၏ တိုက်ခိုက်ခြင်းခံနေရသည်ကို အင်တာနက်အသုံးပြုသူများ သိသွားကြတော့သည်။


ထို့ကြောင့် အင်တာနက်အသုံးပြုသူများက ဒေါသထွက်နေကြသော်လည်း စိတ်ကိုထိန်းကာ မှတ်ချက်နေရာ၌ တရားဝင်ဓာတ်ပုံများထုတ်ပေးရန် တောင်းဆိုလိုက်ကြသည်။


[ခိုးရိုက်ထားတဲ့ပုံတွေကို ကျွန်မတို့ မဖြန့်တော့ပါဘူး...ဒါပေမယ့် ဒီတရားဝင်အကောင့်ကနေ ဓာတ်ပုံအစစ်လေးတွေ တင်ပေးပါလားဟင်...]


[+၁ အပေါ်ကလူ...]


[ငါလည်း ယဲ့ဇယ်ရှစ်ရဲ့ ‌ခြေထောက်ရှည်ရှည်ဖြူဖြူလေးတွေ ထပ်မြင်ချင်သေးတယ်...ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး ဟီး...ယဲ့ဇယ်ရှစ်ရဲ့ ခြေထောက်ရှည်ရှည်ဖြူဖြူလေးတွေ...]


[နင်က တကယ် lsp ပဲ အပေါ်ကလူ...ဒါပေမယ့် ငါလည်း မြင်ချင်တယ်...မြန်မြန် ဓာတ်ပုံထုတ်ပေးပါ...]

[T/N: lsp - နှာဘူးအဖိုးကြီး(ဗန်းစကား)]


[ဟုတ်တယ် ဟုတ်တယ်...ခြေထောက်ပေါ်စရာတောင်မလိုပါဘူး...ဒါပေမယ့် ရင်ဘတ်ရယ် နို့သီးလေးတွေရယ် ပေါ်နေရင် ရပြီ...]


[ယဲ့ဇယ်ရှစ်မဟုတ်ရင်တောင် ရုပ်ရှင်ဧကရာဇ်ဟယ့် ရဲ့ပုံတော့ ထုတ်ပေးသင့်တယ်...]


[ဒါမှမဟုတ် နှစ်ယောက်လုံးရဲ့ပုံ...]


"..."


တဖြည်းဖြည်းနှင့် ‌ဓာတ်ပုံ တောင်းဆိုနေကြသော ပရိသတ်များနှင့် အင်တာနက်အသုံးပြုသူများက ပိုများလာကြသောကြောင့် ဟယ့်ကျင်းယွင်က ဒါရိုက်တာချန်နှင့် တိုင်ပင်ရတော့သည်။ ရုပ်ရှင်ရိုက်နေသည့် ဓာတ်ပုံများက ပြန့်ပြီးသားဖြစ်နေသည်။ ထို့နောက် ရုပ်ရှင် ထွက်လာလျှင် စိတ်ဝင်စားမှုလျော့နည်းသွားကြမည်စိုးသောကြောင့် တရားဝင်ဓာတ်ပုံအနည်းငယ် ရိုက်၍ ထုတ်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။


ထိုကိစ္စနှင့် ပတ်သက်၍ ယဲ့ဇယ်ရှစ်က ငြင်းရန် မရှိချေ။


ယဲ့ဇယ်ရှစ်၏ တစ်ခုတည်းသော တောင်းဆိုချက်က ယခင်တစ်ခေါက်ကကဲ့သို့ပင် သူတို့ ရိုက်နေစဉ်အတွင်း ထန်ကျင့်ကို ရှိနေစေခြင်းသာဖြစ်သည်။


ထန်ကျင့်က ထိုအချိန်အတွင်း ရိုက်ကွင်း၌ ရှိနေရခြင်းမှာ အနည်းငယ် ရှက်နေသေးသော်လည်း ဤတစ်ကြိမ်တွင် ဘာမှမပြောတော့ချေ။ ဒါရိုက်တာချန်လှမ်းခေါ်သည်ကိုပင် မစောင့်တော့ဘဲ သူ့ဘာသာသူ လျှောက်လာ၍ မော်နီတာနောက်၌ ထိုင်လိုက်လေသည်။ 


ထန်ကျင့်က လက်ချောင်းများကို အချင်းချင်းပွတ်ရင်း အနည်းငယ်ရှက်နေမိသော်လည်း တစ်ချိန်တည်းမှာပင် စိတ်လည်း အနည်းငယ် လှုပ်ရှားနေမိသည်။


သို့သော် မကြာမီမှာပင် ဤဓာတ်ပုံပြန်ရိုက်သောအခန်းက ယခင်ကလောက် ခန္ဓာကိုယ်များကို ပေါ်ပေါ်ထင်ထင်မပြမှန်း ထန်ကျင့် သိလိုက်ရသည်။


သို့သော်လည်း ထိုကဲ့သို့ မပေါ်တပေါ်လေးဖြစ်နေခြင်းကပင် ကြည့်နေသူများ၏ ပို၍ ဆွဲဆောင်နေလေသည်။ 


ယဲ့ဇယ်ရှစ်က ရုတ်တရက် ကင်မရာဆီသို့ စူးစိုက်ကြည့်လိုက်ရာ မော်နီတာကိုကြည့်နေသော ထန်ကျင့်ကို တည့်တည့်ကြည့်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ယဲ့ဇယ်ရှစ်၏ ရှည်လျားသော မျက်တောင်များက မျက်ရည်များဖြင့် စိုနေကာ ဆံပင်ရှည်များကလည်း ခါး၌ ကနွဲ့ကလျ ဝဲကျနေကြသည်။


အဝတ်အစားများကလည်း ကျယ်ပြန့်သော ပခုံးများနှင့် ခါးလေးကို ကပိုကယို ဖုံးအုပ်ထားကြကာ ကြည့်ရသည်မှာ အလွန်လိုက်ဖက်နေကြသည်။


ထိုသရုပ်ဆောင်နေမှုကို ကြည့်ရင်း ထန်ကျင့်၏ နှလုံးသားက တဒိန်းဒိန်း ခုန်လာတော့သည်။ 


ယဲ့ဇယ်ရှစ်က အရမ်းဆွဲဆောင်မှုရှိတာပဲ...


ထန်ကျင့်က မော်နီတာကို ကြည့်နေရင်း လက်ချောင်းများကို ပို၍ပင် ပြင်းပြင်းထန်ထန်ပွတ်ကာ လည်စလုတ်ကလည်း အပေါ်တက်လိုက် အောက်ဆင်းလိုက်ဖြစ်နေသည်။


ထို့နောက် ထန်ကျင့်က ကိုယ့်ဘာသာကိုယ်ပင် မထိန်းနိုင်တော့ဘဲ အကယ်၍သာ ယဲ့ဇယ်ရှစ် သရုပ်ဆောင်သည်ကို ဦးစွာမြင်ပြီးမှ ယဲ့ဇယ်ရှစ်၏ လိုက်ခြင်းကိုခံရလျှင် မငြင်းပယ်ဘဲ ယဲ့ဇယ်ရှစ်ကို လက်ခံမိမည်လား ဟု တွေးနေမိလေသည်။ 


ထန်ကျင့် သူ့အတွေးနှင့်သူ လန့်သွားမိသည်။

ငါဘာတွေ တွေးနေမိတာလဲ...


ထန်ကျင့်က ခေါင်းကို အမြန်ခါလိုက်ပြီး ထိုထူးဆန်းသောအတွေးကြီးကို ခေါင်းထဲမှ အမြန်ထုတ်လိုက်တော့သည်။


ဤတစ်ကြိမ် ရိုက်ကူးရေးက အင်တာနက်အသုံးပြုသူများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးရန်သာဖြစ်သောကြောင့် ‌ချောမောစွာပင် ပြီးသွားသည်။ ထို့နောက် ယဲ့ဇယ်ရှစ်က နောက်ထပ်ဓာတ်ပုံတစ်ပုံ ထပ်ရိုက်လိုက်သေးသည်။


ညနေတွင် ထိုဓာတ်ပုံက အင်တာနက်ပေါ်သို့ တရားဝင်ရောက်ရှိလာသည်။ 


ပုံထဲ၌ ယဲ့ဇယ်ရှစ်၏ အင်္ကျီက ရင်ဘတ်တစ်ဝက်ခန့် ပွင့်နေကာ ယဲ့ဇယ်ရှစ်ကလည်း ကုတင်ပေါ်၌ မှီနေ၍ ရှည်သွယ်သောခြေထောက်များက တစ်ချောင်းပေါ်တစ်ချောင်း တင်ထားပြီး ခုတင်ခန်းဆီးကလည်း မပွင့်တပွင့်ဖြစ်နေ၍ ပို၍ပင် သိချက်မြင်ချင်စိတ်များကို နှိုးဆွနေသည်။ 


အင်တာနက်အသုံးပြုသူများနှင့် ပရိသတ်များက ချက်ချင်းပင် အုံကြွဆူညံသွားကြ‌တော့သည်။ 


[ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း...ယောင်္ကျားရေ...ကျွန်မကို အိပ်ရာထဲကိုသာ ခေါ်သွားပါတော့...]


[အပေါ်ကလူရေ...ဆန္ဒကို သိက္ခာနဲ့ထိန်းပါဦး...]


[အစ်ကိုဇယ်ရှစ် အရမ်းချောတာပဲ...]


[ဟာ ဒီတစ်ခေါက်လည်း နှစ်ယောက်တူတူပုံမထုတ်ပေးဘူး...ငါက သူတို့ ဘယ်လိုပုံစံတွေနဲ့ လုပ်လဲ သိချင်လို့ကို...]


[ပုံတွေများများထပ်တင်ပေးပါ...အများကြီး ထပ်တင်ပေးပါ...]


[ကျေနပ်တယ်...အရမ်းကျေနပ်တယ်...]


[အား သူ့ခြေထောက်တွေနဲ့ ငါ့ကိုဆွဲဆောင်နေတယ်...]


[နင်တို့အကုန်လုံး နှာဘူးတွေပဲ...]


[ငါ တကယ်မစောင့်နိုင်တော့ဘူး...ရုပ်ရှင်ကို မြန်မြန်ပြီးအောင် ရိုက်ပေးပါလားဟင်...နှစ်သစ်ကူးအမီ ကြည့်ချင်လို့...]


[အ‌ပေါ်ကလူရေ ၁၀၀၈၆ ခါ သဘောတူတယ်...ငါလည်း တကယ်မစောင့်နိုင်တော့ဘူး...ငါတို့ကို ဒီလိုကြီး စမနေဘဲ မြန်မြန်ပဲ ပြီးအောင်ရိုက်ပြီး ထုတ်ပေးပါတော့...]


အင်တာနက်အသုံးပြုသူများနှင့် ပရိသတ်များက ရုပ်ရှင်ကို မြန်မြန်ထုတ်ခိုင်းနေကြသော်လည်း ဒါရိုက်တာချန်ကမူ ထိုသို့မြန်မြန်ထုတ်ရန်မှာ မဖြစ်နိုင်၍ ပုံမှန်အတိုင်း ဖြည်းဖြည်းမှန်မှန်သာရိုက်သွားမည်ဟု ပြောလိုက်သည်။


တရားမဝင်ဓာတ်ပုံများပြန့်သွားသော မုန်တိုင်းအပြီးတွင် ရိုက်ကူးရေးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။


ယဲ့ဇယ်ရှစ်ကမူ ယခင်ကဲ့သို့ anime ပြန်ကြည့်၍ရပြီဖြစ်သောကြောင့် အလွန်ကျေနပ်ပျော်ရွှင်နေလေသည်။ 


ဓာတ်ပုံပြန့်နေစဉ်ကကဲ့သို့ ရိုက်ကွင်းကြီးတစ်ခုလုံးက တိတ်ဆိတ်မနေတော့သောကြောင့် anime ကို အသံကျယ်ကျယ်နှင့် ပြန်ကြည့်၍ရနေပြီဖြစ်သည်။


တကယ်ကို ပျော်စရာအတိပါလား...


သို့သော် ယဲ့ဇယ်ရှစ်နားမလည်ဖြစ်နေသည်က ထန်ကျင့်၏သူ့အပေါ်ဆက်ဆံသောပုံက တစ်မျိုးဖြစ်ခြင်းဖြစ်သည်။


သို့သော်လည်း ထန်ကျင့်က ပုံမှန်ကဲ့သို့ပင် ယဲ့ဇယ်ရှစ်နားသို့လာထိုင်ကာ ဇာတ်ညွှန်းနှင့်ပတ်သတ်ပြီး သူနားမလည်ဖြစ်နေသည်များကို မေးဆဲဖြစ်သည်။


ယဲ့ဇယ်ရှစ်လည်း ယခင်ကလို လာအမေးခံရလျှင် စိတ်မရှည်မဖြစ်တော့သည့်အပြင် ထန်ကျင့်၏ သရုပ်ဆောင်မှုများ တဖြည်းဖြည်း တိုးတက်လာသည်နှင့်အမျှ ယဲ့ဇယ်ရှစ်လည်း ဂုဏ်ယူနေမိသည်။


ကားမောင်းသင်တဲ့ဆရာတွေရဲ့ခံစားချက်ကလည်း ဒီလိုပဲ နေမှာပဲ...


ယခင်က ဘေး၌အမြဲလိုက်ထိုင်ပြီး ဘရိတ်ပေါ် ခြေထောက်တင်ကာ ညွှန်ကြားပေးနေရသော အမောင်းသင်ကျောင်းသားများက ယခု သူတို့ဘာသာ မောင်းနိုင်နေသည်ကို မြင်နေရသော ကားမောင်းသင်ဆရာတစ်ယောက်ကဲ့သို့ ယဲ့ဇယ်ရှစ်ခံစားနေရသည်။


တစ်ခုခုကို အောင်နိုင်သွားသလိုပဲ...


ယနေ့ ရိုက်ရမည့် ဇာတ်ဝင်ခန်းက ထန်ကျင့်၏ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်သည်။


နှစ်နှစ်ကြာပြီးသောအခါ ရှန်ချန်ကျိုးက စစ်မြေပြင်မှ ပြန်ရောက်လာတော့သည်။


သို့သော် ပြန်ရောက်လာသောရှန်ချန်ကျိုးမှာ ယခင်ကကဲ့သို့ ငယ်ရွယ်နုနယ်သော စစ်သားလေး မဟုတ်တော့ပေ။ 


အရေးကြီးသောတိုက်ပွဲတစ်ခု၌ဆိုလျှင် ရှန်ချန်ကျိုးက မြို့ကို အဝိုင်းခံထားရသည့်ကြားမှ လူအယောက်တစ်ရာကို ဦးဆောင်၍ ရန်သူများကို ဖောက်ထွက်ကာ ဒုက္ခရောက်နေသည့် စစ်တပ်ကို ကယ်တင်ခဲ့သည်။ 


ထိုကဲ့သို့ ထူးချွန်သောလုပ်ဆောင်ချက်များကြောင့် စစ်သားပေါင်းထောင်ချီကို ဦးဆောင်ရသူဖြစ်လာကာ ယခုအခါ၌ စစ်သူကြီး ဟူသောရာထူးကို ရနေပြီဖြစ်သည်။


အားဇီက ပြန်ရောက်လာသောစစ်သည်များကို ကြိုဆိုသူများကြား၌ ရပ်နေကာ မြင်းပေါ်၌ စီးလာသော ရှန်ချန်ကျိုးက အနားသို့ ရောက်လာသောအခါ နှစ်ဦးသား အကြည့်ချင်းဆုံသွားကြသည်။ 


ချစ်သူနှစ်ဦး၏ ပြန်လည်ဆုံတွေ့ချိန်၌ စကားတစ်ခွန်းမှ ထွက်အံမကျလာဘဲ မျက်ရည်များဖြင့်သာ ပြည့်နေသည်။ 


အားဇီ၏မျက်လုံးများထဲ၌ မျက်ရည်များဖြင့် ပြည့်နေသော်လည်း လူများရှိနေသောကြောင့် ငိုမရဖြစ်နေသည်။


စစ်သည်များပြန်ရောက်လာခြင်းကို အောင်ပွဲခံခြင်းအခမ်းအနားပြီးဆုံးသွားပြီး ညတာ၏ သုံးပိုင်းမြောက်အချိန်သို့ရောက်လာသောအခါ ရင်းနှီးပြီးသားဖြစ်သော အချက်ပေးသံကို အားဇီကြားလိုက်ရသည်။


တံခါးက အပြင်မှ တွန်းပွင့်လာပြီး သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသောအခါတွင်မူ အားဇီက မျက်ရည်များကို ထိန်းမရတော့ချေ။ 


နောက်ဆုံး၌ ရှန်ချန်ကျိုးက ဦးစွာလှုပ်ရှားလိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်းတိုးကာ အားဇီကို ဖက်၍ တိုးတိတ်စွာ ပြောလိုက်သည်။

"ကိုယ်ပြန်လာပြီလေ...ကိုယ်ကတိပေးထားတဲ့အတိုင်း ပြန်ရောက်လာပြီ..."


အားဇီကမူ ဘာမှပြန်မပြောနိုင်ဘဲ ငိုရှိုက်၍သာနေနေသည်။ 


အားဇီက ပြီးဆုံးသွားခဲ့သော နှစ်နှစ်ကို ပြန်မတွေးတော့ဘဲ ဤအချိန်လေး၌ ရှန်ချန်ကျိုးနှင့်သာ တူတူနေချင်နေမိသည်။


သို့သော် သူတို့နှစ်‌‌ယောက်၏ တူတူရှိရချိန်များက ရှားပါးလွန်းလှသည်။ အားဇီ၌ ရှန်ချန်ကျိုးနှင့်တူတူကုန်ဆုံးရသော မွေးနေ့ဟူ၍ မရှိသည့်အပြင် ယခု၌ ရှန်ချန်ကျိုးက ပြန်လည်ထွက်ခွာသွားရဦးမည်ဖြစ်သည်။ 


နယ်စပ်ဒေသမှ စစ်ပွဲက တစ်စတစ်စ ပို၍ ပြင်းထန်လာနေသည်ဖြစ်သောကြောင့် ရှန်ချန်ကျိုးက စစ်မြေပြင်သို့ ထပ်ထွက်ရဦးမည်ဖြစ်သည်။


ဤတစ်ကြိမ်တွင်မူ အားဇီက လွန်ခဲ့သော နှစ်နှစ်က ရှန်ချန်ကျိုးကို မပေးလိုက်ရသော သူတို့နှစ်ယောက်၏‌ဆံပင်များထည့်ထားသည့် အိတ်ငယ်လေးကို ပေးဖြစ်အောင်ပေးလိုက်သည်။


ရှန်ချန်ကျိုးကလည်း သူ့အင်္ကျီလက်ထဲ၌ နှစ်နှစ်ကြာအောင် သိမ်းဆည်းထားသော ဆံထိုးလေးကို အားဇီ၏ဆံပင်ထဲသို့ ထိုးပေးလိုက်သည်။ 


"ဒီတစ်ခေါက်တော့ ခင်ဗျား ပြန်လာမှာလားလို့ ကျွန်တော်မမေးတော့ဘူး...ခင်ဗျားပြန်လာတာကိုပဲ ကျွန်တော်အမြဲစောင့်နေမယ်ဆိုတာကိုပဲ သိထားပါနော်..."

အားဇီက နီရဲနေသော မျက်လုံးများဖြင့် ရှန်ချန်ကျိုးကို ကြည့်ပြီး တိုးတိတ်စွာ ပြောလိုက်သည်။


ရှန်ချန်ကျိုးကလည်း အားဇီ၏မျက်နှာလေးကို သေချာကြည့်ပြီး ခေါင်းကိုငုံ့ကာ အားဇီ၏ နဖူးလေးကို နမ်းလိုက်သည်။

"အားဇီ နဉ်ချန်က နယ်စပ်နဲ့အရမ်းကပ်လွန်းနေတယ်...ဖြစ်နိုင်မယ်ဆိုရင် မြို့တော်ကိုသွားပြီးမှ ကိုယ့်ကိုစောင့်ပါလား..."


အားဇီက ခေါင်းကို အနည်းငယ် ခါရမ်းလိုက်သည်။

"မြို့တော်က ဝေးလွန်းတယ်...ကျွန်တော်က ခင်ဗျားနဲ့ အမြန်ဆုံး ပြန်တွေ့ချင်တာလေ..."


ရှန်ချန်ကျိုးလည်း အားဇီကို ဘာမှထပ်မပြောတော့ဘဲ အားဇီ၏ခေါင်းပေါ်မှ အပြာရောင်ပိုးစလေးကို တစ်ချက်ထိပြီး တစ်ဖက်သို့ လှည့်ကာ ထွက်သွားတော့သည်။


"ကတ်..."

ဒါရိုက်တာချန်က မတ်တပ်ရပ်ရင်း အော်လိုက်သည်။

"အိုကေ နောက်တစ်ခန်းရိုက်မယ်...ရှောင်ထန် ဒီနား ခဏလာဦး...ပြောစရာရှိလို့..."


ထိုအခါမှ ယဲ့ဇယ်ရှစ်လည်း အားဇီဇာတ်ကောင်မှ ပုံမှန်ပြန်ဖြစ်သွားပြီး စိတ်ကို အနည်းငယ် ပြန်တည်ငြိမ်အောင်လုပ်ကာ အဝတ်လဲရန် ထွက်သွားတော့သည်။



🎶🎶🎶