Chapter 42
Viewers 7k

🎶 Chapter 42



နောက်ရိုက်ရမည့် ဇာတ်ဝင်ခန်းမှာ "ကျော်ကြားသောစစ်သူကြီး" ၏ ပထမဆုံး ဇာတ်ရှိန်အမြင့်ဆုံး အပိုင်းဟုပြော၍ရသော အားယန်၏ သေဆုံးခြင်းဇာတ်ဝင်ခန်းဖြစ်သည်။


အားဇီနှင့် ရှန်ချန်ကျိုးတို့ ချစ်သူနှစ်ဦးက ဤတစ်ကြိမ်လည်း ထပ်မံကွဲကွာသွားရပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူတို့ကို ခွဲခွာသည့်အရာက သေခြင်းတရားဖြစ်လုနီးနီး ဖြစ်သွားမည်ကို မမျှော်လင့်ထားမိခဲ့ကြချေ။ 


ရန်သူများက တိုက်ခိုက်ရာတွင် တရားမျှတသောနည်းလမ်းဖြင့် မတိုက်ခိုက်ဘဲ နှစ်ရာသော ရန်သူစစ်သည်များက ခံတပ်ကိုကျော်ကာ လက်နက်မရှိသောပြည်သူများသာရှိသည့် မြို့ထဲသို့ ဦးတည်ဝင်လာကြသည်။ နယ်စပ်နားရှိ အကြီးဆုံးသောမြို့ဖြစ်သော နဉ်ချန်မြို့က ရန်သူလက်ထဲသို့ ပထမဆုံးကျ‌သော မြို့ဖြစ်သွားသည်။ 


ရန်သူများ အလုံးအရင်းနှင့် အဝိုင်းမခံရမီအထိ နဉ်ချန်မှလူများက သူတို့မြို့နားသို့ ရန်သူများ လာနေကြသည်ကို မသိကြပေ။


ထို့ကြောင့် ရန်သူများ အမှန်တကယ်ဝင်ရောက်လာသောအခါ တစ်မြို့လုံး ငရဲကျသကဲ့သို့ ပွက်လောရိုက်သွားကြသည်။


ရန်သူများဝင်သောညက လူအများက သီချင်းနားထောင်ရန် ပြဇာတ်ရုံသို့ ရောက်နေကြသောကြောင့် ကောင်းကင်မှ မြှားမိုးများရွာလာသောအခါမှ ပြဇာတ်ရုံထဲမှ လူများက ကသောင်းကနင်း ထွက်ပြေးကုန်ကြသည်။ 


လူအများထွက်ပြေးပြီး မကြာမီတွင် ပြဇာတ်ရုံထဲမှ ကျန်နေသူများ မည်သူမှ ထွက်၍ မရတော့ပေ။ 


အဘယ်ကြောင့်ဆိုသော် ပြဇာတ်ရုံထဲသို့ ရန်သူခေါင်းဆောင် ရောက်လာသောကြောင့် ဖြစ်သည်။ ခေါင်းဆောင်ကသူ၏ အမာရွတ်များဖြင့် ပြည့်နေသော မျက်နှာဖြင့် ကောက်ကျစ်စွာပြုံးကာ ရှေ့ဆုံးမှ ဦးဆောင်၍ ဝင်လာသည်။ 

"နဉ်ချန်ရဲ့ အလှလေးက ဒီမှာရှိတယ်လို့ ငါကြားထားတယ်...ဒီစစ်သူကြီးက ဒီနေ့ စိတ်ကောင်းဝင်နေလို့ အလှလေးကို သီချင်းဆိုခိုင်းဖို့ ဖိတ်ခေါ်ချင်လို့ပါ...ငါတို့က ဆိုပြဖို့ မတန်လို့ ပုန်းနေတာလား..."


ရန်သူခေါင်းဆောင်၏စကားကိုကြားပြီးသောအခါ ပြဇာတ်ရုံထဲရှိလူများအားလုံး၏ မျက်နှာများက အံ့ဩထိတ်လန့်သွားကြသည်။


အားဇီလည်း နှုတ်ခမ်းကို ဖိကိုက်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားမိသည်။ 


ရန်သူစစ်တပ်များက အဘယ်ကြောင့် မြို့ထဲရောက်လာကြမှန်း နဉ်ချန်မှပြည်သူများ မသိကြပေ။ သူတို့သိသည်က ဓား၌ မျက်စိမပါ၍ ဤအချိန်၌ ရန်သူကို ပြန်တိုက်ခိုက်ရန်မဖြစ်နိုင်သည်ကိုသာဖြစ်သည်။


လူတိုင်းက အားဇီကိုကြည့်နေကြသောကြောင့် အားဇီလည်း တုန်ယင်သောနှုတ်ခမ်းများဖြင့် နှေးကွေးစွာ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ချိန်တွင် အရှေ့မှ အရိပ်တစ်ခုက ပိတ်ကာလိုက်သည်။


"ကျွန်တော် ခင်ဗျားတို့နဲ့ လိုက်ခဲ့လို့ရပါတယ်...ဒါပေမယ့် ကျွန်တော် လိုက်မယ်ဆိုရင်ကျန်တဲ့လူတွေကို ဒုက္ခ‌မပေးဘူးလို့ အာမခံနိုင်မလား..."

အားယန်က အားဇီ၏ရှေ့၌ ဝင်ရပ်ကာ ပြောလိုက်သည်။


အားဇီလည်း တုန်လှုပ်သွားမိသည်။ အားယန်၏ ရုတ်တရက်အပြုအမူကို နားမလည်ဖြစ်သွားကာ အားယန်၏ လက်ကို လှမ်းဆွဲလိုက်သည်။

"အားယန်...မင်းဘာလုပ်နေတာလဲ..."


အားယန်က ပြောရင်း အားဇီ၏လက်ကို ခါချလိုက်သည်။

"မင်းက အရင်တည်းက အပြုအမူတွေ မယဉ်ကျေးတာ ငါသိပေမယ့် ဒီလိုအချိန်မျိုးမှာတော့ ထိန်းထိန်းသိမ်းသိမ်းနေသင့်တယ်မဟုတ်ဘူးလား..."


ရန်သူစစ်သူကြီးက အားယန်တို့နှစ်ယောက်ကို စိတ်ဝင်စားစွာကြည့်နေသည်။

"ကျစ်...မင်းတို့ နှစ်ယောက်လုံးက အလှလေးတွေပဲ...မင်းတို့ နှစ်ယောက်လုံး ငါနဲ့ လိုက်ခဲ့ချင်လည်း မတားဘူးနော်..."


အားယန်က ရန်သူစစ်သူကြီး၏စကားကို နားထောင်ရင်း သူ့လက်တစ်ဖက်ကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။ ထို့နောက်တွင်မူ လက်ကိုမြှောက်၍ အားဇီ၏မျက်နှာကို ရိုက်ချလိုက်လေသည်။ ရိုက်ချက်ကြောင့် အားဇီ၏ပါးစပ်မှ သွေးများပင် ထွက်ကာ မျက်နှာကိုပေသွားသည်။ 


"နှစ်ယောက်လုံးလိုက်ခဲ့ဖို့တော့ အဆင်မပြေပါဘူး စစ်သူကြီး... စစ်သူကြီးကတော့ သိမှာမဟုတ်ပေမယ့် ဒီ အားဇီဆိုတဲ့ကောင်နဲ့ ကျွန်တော်နဲ့က ဘယ်တုန်းကမှ အဆင်ပြေခဲ့တာမဟုတ်ဘူး...အဲဒါကြောင့် ကျွန်တော့်ကို လိုချင်ရင် သူ မပါမှရမှာ...သူလိုက်မယ်ဆိုရင်လည်း ကျွန်တော် မလိုက်နိုင်ဘူး..."

အားယန်၏အသံက ယခင်ကနှင့် လုံးဝမတူစွာ အေးစက်စိမ်းကားနေသည်။ 


သွေးများက အားဇီ၏ပါးပြင်ပေါ်မှ စီးကျနေသည်။ ထိုအချိန်မှပင် အားဇီ အားလုံးကို နားလည်သွားတော့သည်။ 

အားယန်က ငါ့နေရာကို ယူနေတာပဲ...


ရန်သူတွေနဲ့ လိုက်သွားရင် အားယန် အကောင်းအတိုင်း ပြန်လာနိုင်ဦးမှာလား...


အားဇီ၏ မျက်လုံးများက မျက်ရည်များဖြင့် ကျိန်းစပ်လာသည်။ အားယန် ဤကဲ့သို့ ဒုက္ခများ တစ်ယောက်တည်း ခါးစည်းခံရမည်ကို အားဇီ ခွင့်မပြုနိုင်ပေ။ 


သို့သော် အားယန်၏ တုံ့ပြန်မှုက အားဇီထင်ထားသည်ထက်မြန်နေသည်။ အားဇီက ရှေ့သို့ ခြေတစ်လှမ်းထပ်တိုးမည်အလုပ်မှာပင် အားယန်က တစ်ချက် ထပ်ရိုက်လိုက်ပြန်သည်။

"တော်စမ်း..."


အားဇီ၏ မျက်နှာက ဖူးယောင်ကာ သွေးများလည်း ထွက်လာ၍ ပုံပျက်ပန်းပျက်ဖြစ်သွားသည်။


အားယန်၏လက်များက အနည်းငယ် တုန်ယင်နေကြသည်။


ဒီနည်းလမ်းပဲရှိတာ...


ဒီလိုလုပ်မှ...


ဒီလိုလုပ်မှ ရန်သူတွေက အားဇီကို မခေါ်သွားကြမှာ...


အားယန်က စိတ်ဆုံးဖြတ်ချက်ချ၍ သူ့ရှေ့မှ အားဇီကို စေ့စေ့ကြည့်လိုက်သည်။ 


အားဇီ၏မျက်လုံးများထဲမှ မျက်ရည်များ ဒလဟောကျလာကြကာ ခေါင်းကို ဖြည်းညှင်းစွာ ရမ်းလိုက်သည်။


ဟင့်အင်း...ဒီလို လုပ်စရာမလိုဘူးလေ...


အားဇီက အားယန်ကို တားလိုက်ချင်သော်လည်း ပါးစပ်မှ မည်သည့်စကားမှ မထွက်လာခဲ့ပေ။ 


အဘယ်ကြောင့်ဆိုသော် ဘေးမှ တစ်စုံတစ်ယောက်က အားဇီ၏ပါးစပ်ကို လက်ဖြင့် အတင်းပိတ်လိုက်သောကြောင့် ဖြစ်သည်။ 


လက်၌ပေနေသော အားဇီ၏မျက်နှာမှ သွေးနွေးနွေးများကို ခံစားရင်း အားယန်က သူ၏ တဆတ်ဆတ်တုန်နေသော ခန္ဓာကိုယ်ကို မနည်းငြိမ်အောင်ထိန်းကာ မျက်နှာကို အားတင်း၍ ပြုံးလိုက်သည်။

"စစ်သူကြီး...ကျွန်တော့်ကိုပဲ ခေါ်သွားပါလားဟင်..."


ရန်သူစစ်သူကြီးက နှာခေါင်းတစ်ချက်ရှုံ့ကာ ပြောလိုက်သည်။

"ကျစ်...ငါက ဟိုတစ်ယောက်ကို ပိုလိုချင်တာ...ဒါပေမယ့် အခုတော့ သူ့မျက်နှာက သုံးစားမရတော့ဘူးဆို‌တော့ စိတ်ပျက်စရာပဲ...အဲဒီတော့လည်း..."


ရန်သူစစ်သူကြီးက ရမ္မက်မီးဝင်းဝင်းတောက်နေ‌သော အကြည့်ဖြင့် စကားကိုဆွဲပြောလိုက်သည်။

"မင်းကပဲ သူ့အစား ငါတို့ကို နှစ်ယောက်စာ ဖျော်ဖြေနိုင်မလား..."


အားယန်က ရယ်လိုက်သည်။

"ရတာပေါ့..."


ရန်သူစစ်သူကြီးက သူ့လက်ကို အားယန်ဆီသို့ ဆန့်တန်းပေးလိုက်သည်။


အားယန်ကလည်း ရှေ့သို့တိုးကာ ရန်သူစစ်တပ်များရှိရာသို့ လျှောက်သွားလိုက်သည်။


တစ်လှမ်း...နှစ်လှမ်း...


အားဇီကမူ ဘေးမှ အခြားလူများက အတင်းဆွဲချုပ်ထားသောကြောင့် လှုပ်ပင်မလှုပ်နိုင်ဘဲ တသွင်သွင်ကျနေသောမျက်ရည်များက သွေးများဖြင့် ရောသွားကြသည်။ ပါးစပ်ကို အပိတ်ခံထားရသော်လည်း အားယန်ကို အော်ခေါ်‌ရန်ကြိုးစားနေသောကြောင့် တအင်းအင်း အသံထွက်နေသည်။ 


ငါကမှ အားဇီ...နာမည်ကျော်ကြားတဲ့ အဆိုတော် အားဇီ...အားယန်မဟုတ်ဘူး...


အခု ခင်ဗျားတို့ဆီလာနေတာ အားဇီမဟုတ်ဘူး...သူက အားယန်...


ငါကမှ အားဇီ...


အားယန်...မင်းပြန်လာခဲ့...


အားဇီက သွေးရူးသွေးတမ်းဖြင့် အချုပ်ခံထားရသည့်ကြားမှ အားယန်ရှိရာသို့ လက်ကို ဆန့်တန်းထားလိုက်မိသော်လည်း အားယန်က တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပေ။


သူတို့ကြားမှ အကွာအဝေးက တဖြည်းဖြည်း ဝေးကွာသွားသည်။


အားဇီက ခွန်အားရှိသမျှ ရုန်းနေသော်လည်း အားယန်၏ အင်္ကျီစလေးကိုပင် ထိခွင့်မရလိုက်ပေ။ 


"ဟင့်အင်း..."

အားဇီက ကျန်ရှိနေသော အားလေးဖြင့် အော်လိုက်သည်။


အားယန်ကလည်း တစ်ခုခုကို ခံစားမိသွားဟန်တူသည်။ ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်သည်။


အားယန်၏မျက်နှာပေါ်၌ မဖျက်ရသေးသော မိတ်ကပ်များ ရှိနေသေးကာ ရန်သူစစ်တပ်များအလယ်၌ တစ်ယောက်တည်းရပ်နေရင်းက အားဇီကို ပြုံးပြလိုက်သည်။ 


"ကောင်းကောင်းရှင်သန်နော်..."

အားယန်က နှုတ်ခမ်းများကိုသာ လှုပ်ပြလိုက်သည်။


ထို့နောက်တွင်မူ မြင်းခွာသံများထွက်ပေါ်လာ၍ ထိုအသံများကလည်း တဖြည်းဖြည်းဝေးကွာသွားကြသည်။ အားယန်ကလည်း သူတို့နှင့် အတူပါသွားပြီဖြစ်သည်။


ပြဇာတ်ရုံ၏မြင့်မားသောနံရံများကြားတွင်မူ အားဇီ၏ ကြေကွဲစွာ အော်ငိုလိုက်သံက ပဲ့တင်သံထပ်သွားသည်။

"အားယန်..."


"ကတ်..."

ဒါရိုက်တာချန်က ပြောလိုက်သည်။

"အဆင်ပြေတယ်..."


ဒါရိုက်တာချန်၏အသံထွက်လာသည်နှင့် ရိုက်ကွင်းတစ်ခုလုံး အော်ဟစ်သံများဖြင့် ပြည့်သွားသည်။


ယဲ့ဇယ်ရှစ်ကလည်း ဇာတ်ကောင်ထဲ စီးမျောနေသည်မှ ထွက်ကာ မျက်နှာမှ သွေးနှင့် မျက်ရည်များကို သုတ်ပြီး ထန်ကျင့်ဘက်လှည့်၍ ‌ပြောလိုက်သည်။

"ဂုဏ်ယူပါတယ်..."


"ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ် ရှောင်ထန်..."

အနီးအနားမှ ဝန်ထမ်းများကလည်း ထန်ကျင့်နား ဝိုင်းလာကြ၍ ဝိုင်းဂုဏ်ပြုနေကြသည်။


"ဝမ်းသာပါတယ်..."


"နောက်ဆုံးအခန်းပြီးသွားလို့ ဂုဏ်ယူပါတယ်..."


ဝန်ထမ်းများက မနက်တည်းက ပန်းများနှင့် ကိတ်မုန့်ကို ကြိုပြင်ထားသောကြောင့် ထိုအချိန်၌ ကိတ်မုန့်တင်ထားသောလှည်းကို တွန်း၍ ထွက်လာကြသည်။


ထန်ကျင့်က ဝန်ထမ်းတစ်ယောက်ပေးထားသော ပန်းစည်းကို လက်ထဲ၌ ကိုင်ထားပြီး သူ့မျက်နှာက အနည်းငယ်လန့်နေသည့်ပုံပေါ်နေသည်။ မျက်လုံးများထဲ၌လည်း အစောပိုင်းတုန်းက ရိုက်ထားသော ဇာတ်ဝင်ခန်း၏ အရှိန်မပျောက်ဖြစ်နေကာ ဝမ်းနည်းမှုများ ရှိနေသေးသည်။ 


ယဲ့ဇယ်ရှစ်က ထန်ကျင့်ကို လှမ်းကြည့်၍ ဇာတ်ကောင်ထဲမှ မထွက်နိုင်ဖြစ်နေသေးသည်ကို သတိထားမိသွားကာ ထန်ကျင့်နားသို့ လျှောက်သွားပြီး ပခုံးကို ခပ်ဖွဖွပုတ်လိုက်သည်။

"ရုပ်ရှင်ရိုက်တာ ပြီးသွားပြီလေ...မင်း အခန်းပြီးသွားပြီ..."


"ပြီးသွားပြီ" ဟူသော စကားကိုကြားမှပင် ထန်ကျင့်လည်း အိပ်မက်မှလန့်နိုးသွားသူကဲ့သို့ ဖြစ်သွားကာ ဝမ်းနည်းမှုများက မျက်နှာမှ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နားမလည်မှုများသာ ကျန်နေခဲ့သည်။ ဘေးပတ်ဝန်းကျင်၌လည်း ချီးကျူးဂုဏ်ပြုမှုများက ကျယ်လောင်စွာ ဖုံးလွှမ်းနေကြ၍ ထန်ကျင့်က နှစ်စက္ကန့်ခန့်ကြာမှ ကောင်းစွာ အသိစိတ်ပြန်ဝင်လာသည်။ 


ထို့နောက် ယဲ့ဇယ်ရှစ်ကို မော့ကြည့်လိုက်သော ထန်ကျင့်၏မျက်လုံးများက မျက်ရည်များဖြင့် ပြည့်နေလေသည်။ 


ယဲ့ဇယ်ရှစ် ဘာမှမလုပ်နိုင်လိုက်ခင်မှာပင် သူ့လည်ပင်းကို အဖက်ခံရလိုက်ရ၍ လည်ပင်းနား၌ မျက်နှာအပ်ကာ မျက်ရည်များ ကျလာသည်ကို ခံစားလိုက်ရသည်။


ထန်ကျင့်က ယဲ့ဇယ်ရှစ်ကို ဖက်၍ ငိုနေခြင်းဖြစ်သည်။


ထန်ကျင့်ကိုယ်တိုင်ပင်လျှင် အဘယ်ကြောင့် ဤမျှ သည်းထန်စွာ ငိုနေမိမှန်း မသိချေ။ 


ဤဝမ်းနည်းစရာ ဇာတ်ဝင်ခန်းကို ရိုက်နေစဉ်က ထန်ကျင့်က မျက်ရည်များကို ထိန်းထား၍ တစ်ချက်မှ မငိုခဲ့ပေ။ ထို့ကြောင့် ယခု ရိုက်ကူးရေးပြီးသွားသည်နှင့် တစ်ပြိုင်နက် အသည်းအထန် ငိုကြွေးနေမိခြင်းဖြစ်သည်။ 


ဝန်ထမ်းများက မြင်သောအခါ လူတိုင်းက အရှေ့သို့တိုး၍ ထန်ကျင့်ကို ယဲ့ဇယ်ရှစ်နားမှ ခွာရန် ကြိုးစားနေကြသည်။ 


သို့သော်လည်း ထန်ကျင့်က မည်သည့်နေရာမှ ရောက်လာမှန်းမသိသော အားများဖြင့် ယဲ့ဇယ်ရှစ်ကို လုံးဝမလွှတ်ဘဲ တင်းကြပ်စွာဖက်ပြီး တစ်ကိုယ်လုံးတုန်အောင် ငိုနေလေသည်။


ယဲ့ဇယ်ရှစ်လည်း အမှန်တကယ်ပင် ဘာလုပ်ရမည်မသိဘဲ ကြောင်အနေမိသည်။


ထန်ကျင့်တစ်ယောက် ဤမျှ အပြင်းအထန်ငိုမည်ဟု မမျှော်လင့်ထားသောကြောင့် ယဲ့ဇယ်ရှစ်လည်း ထန်ကျင့်ကို ပြန်ဖက်ထားပေးရုံမှလွဲ၍ ဘာမှမလုပ်တတ်တော့ပေ။ 


ဒါကြီးသာ ဟယ့်လောင်ရှီးမြင်သွားရင် ဒုက္ခပဲ...


ယဲ့ဇယ်ရှစ်က ခေါင်းကို လှည့်ကြည့်လိုက်ရာ ဆူဆူညံညံဖြစ်နေကြသော လူအုပ်ကြီးကို လှမ်းကြည့်နေသော ဟယ့်ကျင်းယွင်ကို မြင်လိုက်ရသည်။


ဟယ့်ကျင်းယွင်က ဒါရိုက်တာချန်ဘေး၌ ရပ်နေ၍ ဒါရိုက်တာချန်က ပြုံးရယ်ပြီး ဟယ့်ကျင်းယွင်ကို စကားလှမ်းပြောနေသည်။ ဟယ့်ကျင်းယွင်ကလည်း ‌ခေါင်းတညိတ်ညိတ်နှင့် ပြုံးပြီး နားထောင်နေသည်။ 


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် သူ့ကို လှမ်းကြည့်နေသည်ကို သတိထားမိသွားပုံရကာ ယဲ့ဇယ်ရှစ်မြင်အောင် ပါးစပ်သာလှုပ်ပြပြီး အသံတိတ် စကားလှမ်းပြောလိုက်သည်။

"တော်တယ်..."


ယဲ့ဇယ်ရှစ်: "..."


ဘာကိုတော်တာလဲ...ချီးကိုတော်တာလား...


ဒါ ခင်ဗျားရဲ့ သုညလေးမဟုတ်ဘူးလား...


ဘာကိစ္စ သူက ကျွန်တော့် ရင်ခွင်ထဲ လာငိုနေရတာလဲ...သူ့ကို လောင်ရှီးက ချော့နေရမှာလေ...ဘာဖြစ်လို့ ကျွန်တော်လဲ...


ငါဘာတွေများ အမှားလုပ်မိလို့လဲ...


ငါ့မှာ အပြစ်တွေရှိရင်လည်း ဘုရားကိုယ်တိုင်ပဲ လာအပြစ်ပေးလိုက်ပါတော့...ဘာကိစ္စ ငါ့ကို ဟယ့်လောင်ရှီး

နဲ့ ထန်ကျင့်တို့နဲ့ ပေးတွေ့‌လိုက်ရတာလဲ...


ထန်ကျင့်ကလည်း ယခုကဲ့သို့ ငိုမနေသင့်မှန်းသိသော်လည်း အားယန်၏ သေဆုံးခြင်းကို စဉ်းစားလိုက်မိတိုင်း မျက်ရည်များက မထိန်းနိုင်ဘဲ ကျလာကြသည်။


အားယန်နှင့် အားဇီတို့က တူတူကြီးပြင်းလာကြခြင်းဖြစ်၍ အားယန်ဘဝ၌ ဂရုအစိုက်ဆုံးလူမှာ အားဇီဖြစ်သည်။ ယခုလည်း အားဇီ အသက်ရှင်နိုင်ရန် အားယန်က ရန်သူများနှင့် လိုက်သွားခဲ့ရခြင်းဖြစ်သည်။ 


အားယန် ရန်သူတွေနဲ့ တူတူပါသွားတုန်းက ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ...အားဇီကရော ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ...


ယဲ့ဇယ်ရှစ်က ထန်ကျင့်ကို ဇာတ်ညွှန်းအကြောင်း ရှင်းပြချိန်များတွင် အပြောအများဆုံးက "ဇာတ်ကောင်ထဲကို ကိုယ်တိုင်က စီးဝင်သွားရမယ်" ဟူ၍ ဖြစ်သည်။


ထို့ကြောင့် ယခုတွင် ထန်ကျင့်က အားယန်၏ဇာတ်ကောင်ထဲ စီးဝင်သွားကာ သူကိုယ်တိုင်က အားယန် ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ 


ယခုတွင်မူ အားယန်ထဲမှ ထန်ကျင့် ရုန်းမထွက်နိုင်တော့ချေ။


ထန်ကျင့်မျက်လုံးထဲ၌ အားဇီ၏ ငိုကြွေးနေသော မျက်နှာကိုသာ မြင်နေ၍ ရင်ထဲ၌ တစ်မျိုးကြီး ခံစားနေရသည်။


အားယန်က အားဇီမျက်နှာလေးမဲ့တာကိုတောင် မခံနိုင်တာကို...ဘာဖြစ်လို့ အားဇီကို ရှိုက်ကြီးတငင်ငိုရအောင် ထွက်သွားရတာလဲ...


ဘာဖြစ်လို့ အားယန်က ထွက်သွားရတာလဲ...အားယန် မထွက်သွားလို့မရဘူးလား...


ဤမျှလှပသော အားယန် သေဆုံးသွားသည်ကို ထန်ကျင့် လက်မခံနိုင်ဖြစ်နေသည်။


လုံးဝမခံနိုင်ဘူး...


ကောင်းရှူက အစကမူ ဘာဖြစ်သွားမှန်းသေချာမသိ၍ ကြောင်ကြည့်နေမိသော်လည်း စိတ်အခြေအနေ ပြန်တည်ငြိမ်သွားသောအခါတွင် ထန်ကျင့်က ဤကဲ့သို့ရူးကြောင်ကြောင်လုပ်နေခြင်းကို ဆက်ခွင့်ပြု၍မရမှန်း သဘောပေါက်သွားသည်။ အစက ထန်ကျင့်နှင့် ယဲ့ဇယ်ရှစ်တို့နှစ်ယောက်က CP အနေဖြင့် နာမည်ကြီးသောကြောင့် ယခုကဲ့သို့ လူများစွာရှိနေချိန်၌ ဖက်နေကြသည်ကို တစ်စုံတစ်ယောက်ကသာ ဓာတ်ပုံရိုက်လိုက်ပါက ယဲ့ဇယ်ရှစ်သာမက ထန်ကျင့်၏ ဂုဏ်သတင်း ထိခိုက်သွားနိုင်သည်။ 


ထို့ကြောင့် ကောင်းရှူက ထန်ကျင့်ကို အားဖြင့် ဆွဲမည်အလုပ်တွင် ယဲ့ဇယ်ရှစ်က ခေါင်းကို မသိမသာခါပြပြီး တားလိုက်သည်။


"ဇာတ်ဝင်ခန်းက ပြီးသွားပြီလေ...မငိုပါနဲ့တော့..."

ယဲ့ဇယ်ရှစ်၏ ဘာလုပ်ရမည်မသိဖြစ်နေသော အသံက ထန်ကျင့်နားထဲသို့ နှစ်သိမ့်နေသောအသံဖြင့် ဝင်ရောက်လာသည်။

"ငါရှိတယ်လေ...ငိုစရာဘာရှိလို့လဲ...ငါတို့တွေက ရုပ်ရှင်ထဲက ဇာတ်ကောင်တွေကို သရုပ်ဆောင်ပေးရုံပဲလေ...သူတို့အတွက် ဝမ်းနည်းပေးနေစရာမလိုတော့ဘူး..."


ထန်ကျင့် ဘာပြန်ပြောရမည်မသိဖြစ်သွားသည်။


ဟုတ်တာပဲ...


အားဇီပဲဖြစ်ဖြစ် အားယန်ပဲဖြစ်ဖြစ် သူတို့တွေက ရုပ်ရှင်ထဲက ဇာတ်ကောင်တွေပဲ...


ဝမ်းနည်းစရာ ဘာမှကိုမရှိတာ...


ထို့အပြင် ပိုအရေးကြီးသည်က ရုပ်ရှင်ထဲမှ အားဇီက ယခု ထန်ကျင့်ရှေ့၌ သက်ရှိထင်ရှားရှိနေပေသည်။


ရှိနေရုံမကလို့ ငါ့က အခု သူ့ရင်ခွင်ထဲမှာ ငိုနေမိတာ...


သေချာနားထောင်ပါက စည်းချက်ကျကျ မြည်နေသော ယဲ့ဇယ်ရှစ်၏ နှလုံးခုန်သံကိုပင် ထန်ကျင့် ကြားနေရသည်။ 


ယခု စိတ်တည်ငြိမ်သွားသောအခါတွင်မူ ထန်ကျင့်က ချက်ချင်းပင် မျက်နှာ ဘယ်သို့သွားထားရမည်မသိဖြစ်သွားတော့သည်။


ဒုန်းခနဲဖြင့် ထန်ကျင့်က သူ့ရင်ဘတ်ထဲမှ လျင်မြန်စွာ ခုန်နေသော နှလုံးခုန်သံကိုကြားလာရသည်။


ငါဘာတွေလုပ်နေတာလဲ...


ယဲ့ဇယ်ရှစ်ကို ဖက်ပြီး အကြာကြီး ငိုနေလိုက်မိတာလား...ရှက်စရာကောင်းလိုက်တာ...


ထန်ကျင့်က အနည်းငယ် ရှက်နေသည့်ပုံဖြင့် ယဲ့ဇယ်ရှစ်၏ပခုံးပေါ် မျက်နှာအပ်ထားရာမှ မော့ကြည့်လိုက်ပြီး ယဲ့ဇယ်ရှစ်ကို ဖက်ထားမိသော လက်များကိုလည်း ဖယ်လိုက်သည်။ ယဲ့ဇယ်ရှစ်နှင့် မျက်လုံးချင်းပင် မဆုံရဲတော့သောကြောင့် ခေါင်းကိုလည်း ငုံ့လိုက်မိသည်။ 


"အဆင်ပြေသွားပြီလား..."

ယဲ့ဇယ်ရှစ်က စိတ်ပူနေသော အသံဖြင့် မေးလိုက်သည်။ 


ထို့နောက်တွင်မူ ထန်ကျင့်၏လည်ပင်းနှင့် နားရွက်ဖျားများက သိသိသာသာပင် နီရဲလာကြသည်။


ငါဘာတွေလုပ်လိုက်မိတာလဲ...ယဲ့ဇယ်ရှစ်ကို ဖက်ပြီး တကယ်ကြီး ငိုနေမိတာ...


အော်ကြီးဟစ်ကျယ်ကို ငိုနေမိတာ...


ရိုက်ကွင်းပေါ်မှ လူအများစုကလည်း သူတို့ရှိသောဘက်သို့ ကြည့်နေကြသောကြောင့် ထန်ကျင့် မြေကြီးထဲ၌ တွင်းတူး၍သာ ဝင်နေလိုက်ချင်နေတော့သည်။


ရှက်လို့သေတော့မယ်...


သို့သော် ယဲ့ဇယ်ရှစ်ကမူ ဘေးမှ လူများ၏အကြည့်များကို သတိပင်မထားမိပေ။ အနားမှ ဝန်ထမ်းတစ်ယောက်ထံမှ တစ်ရှူးကို လှမ်းယူပြီး ထန်ကျင့်လက်ထဲသို့ ထည့်ပေးလိုက်သည်။ 


"မျက်ရည်တွေသုတ်လိုက်ဦး...ဇာတ်ကောင်နဲ့ ကိုယ်နဲ့ တစ်သား‌တည်းကျသွားတာ သရုပ်ဆောင်တွေအတွက်‌က အထူးအဆန်းမဟုတ်ပါဘူး..."

ယဲ့ဇယ်ရှစ်က ညင်သာသောအသံဖြင့် နှစ်သိမ့်လိုက်သည်။


ထန်ကျင့်၏နားရွက်ဖျားများက ပို၍ပင်နီလာကြကာ သူ့တစ်ကိုယ်လုံးမှ အပူရှိန်များက တရိပ်ရိပ်တက်လာကာ မျက်နှာဆီသို့ ပျံ့နှံ့သွားသည်ကိုလည်း ထန်ကျင့်ခံစားလိုက်ရသည်။


ယဲ့ဇယ်ရှစ်...ဘာဖြစ်လို့ သူ့အသံက ဒီလောက်တောင် ညင်သာနေရတာလဲ...


ထန်ကျင့်က ဘာမှပြန်မပြောနိုင်ဘဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ယဲ့ဇယ်ရှစ်လည်း ဘာမှထပ်မပြောတော့ဘဲ စိတ်ကို ငြိမ်ငြိမ်ထားရန်သာပြောပြီး မိတ်ကပ်ဖျက်ရန် ထွက်သွားတော့သည်။


ထို့နောက် အခြားဝန်ထမ်းများက ထန်ကျင့်နားဝိုင်းလာကြ၍ ထန်ကျင့်၏ ဇာတ်ဝင်ခန်းများ အားလုံးရိုက်ကူးပြီးသွားခြင်းကို အောင်ပွဲ‌ခံနေကြသည်။ 


နောက်ဆုံး၌ ထန်ကျင့် ဟိုတယ်သို့ပြန်ရန် ကားပေါ်ရောက်သည့်အခါမှပင် အေးဂျင့်က မေးလိုက်သည်။

"ဘာဖြစ်လို့ ယဲ့ဇယ်ရှစ်ကို ဖက်ပြီး ငိုလိုက်တာလဲ ရှောင်ထန်..."


ထန်ကျင့်က ရှက်နေဆဲဖြစ်သောကြောင့် မျက်နှာကို လက်ဖြင့် အုပ်ကာ ထိုအကြောင်းကို မပြောချင်၍ စကားလွှဲလိုက်သည်။

"အစ်မ...အဲဒီအကြောင်း ဆက်မပြောလို့မရဘူးလား..."


အေးဂျင့်လည်း ပြုံးပြီး ထန်ကျင့်ကို ထပ်မစတော့ချေ။


ယဲ့ဇယ်ရှစ်နှင့် ထန်ကျင့် ဖက်နေကြသည်ကို မြင်လိုက်စဉ် အေးဂျင့်က အလွန်အံ့ဩသွားမိကာ ရှက်လည်း ရှက်သွားမိသည်။


ထိုအဖြစ်အပျက်ကို စတွေ့လိုက်စဉ်က ယဲ့ဇယ်ရှစ်က ထန်ကျင့်ကို အခွင့်ကောင်းယူနေသည်ဟုပင် ထင်လိုက်မိသေးသည်။ 


သို့သော်လည်း ခဏအကြာတွင်မူ ယဲ့ဇယ်ရှစ်ကို အတင်းဖက်ထား၍ မလွှတ်နိုင်ဖြစ်နေသူက ထန်ကျင့်ဖြစ်နေကြောင်း သိသွားသည်။


ထိုအကြောင်းကို စဉ်းစားရင်း အေးဂျင့် စိတ်ထဲမှ သက်ပြင်းခိုးချလိုက်မိသည်။



🎶🎶🎶