Chapter 44
Viewers 7k

🎶 Chapter 44



ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို ပေစောင်းစောင်းကြည့်ပြီး မမေးသည့်မေးခွန်းကို ဖြေလိုက်သည်။

"ဟယ့်လောင်ရှီးလည်း ကြိုက်တယ်ထင်တယ်... ငါးလေးခြောက်တွေက အန်တီမန်လုပ်ပြီး ပို့ပေးလိုက်တာ..."


ခဏရပ်ပြီးမှ ယဲ့ဇယ်ရှစ်ဆက်ပြောလိုက်သည်။

"နှစ်ထုပ်တည်းပေးလိုက်တာ..."


ယဲ့ဇယ်ရှစ် ဘာပြော‌ချင်နေသည်ကို ဟယ့်ကျင်းယွင် ချက်ချင်း သဘောပေါက်သွားသည်။ 


ယဲ့ဇယ်ရှစ်လည်း ဟယ့်ကျင်းယွင်နှင့် စကားမပြောချင်တော့သောကြောင့် တစ်ဖက်သို့လှည့်ကာ ခုံပေါ်၌ ပက်လက်လှဲနေလိုက်သည်။


ဘာဖြစ်လို့များ ဟယ့်လောင်ရှီးကို တူတူစားဖို့ခေါ်မိပါလိမ့်....


ယဲ့ဇယ်ရှစ်မှယ မူလက ငါးလေးခြောက်ကို တစ်ဝက်သာအရင်စား၍ ကျန်သောတစ်ဝက်ကို RV ကားပေါ်မှ ရေခဲသေတ္တာထဲသိမ်းပြီး တဖြည်းဖြည်းချင်းစားရန် စဉ်းစားထားခြင်းဖြစ်သည်။


ယခုတွင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် ထိုငါးလေးခြောက်ထုပ်ကို မကုန်ဖြစ်နေမည်စိုးသောကြောင့် စေတနာကောင်းစွာဖြင့် အကုန်စားပေးလိုက်သဖြင့် အကုန်ပြောင်သွားပြီဖြစ်လေသည်။ 


ယဲ့ဇယ်ရှစ်က ငါးလေးခြောက်ကို နှစ်ထုပ်လုံးမယူလာမိ၍ပင် တော်တော့သည်။


မဟုတ်ရင်...ဘုရား...ဘုရား...ငါ့ ငါးလေးခြောက်တွေ...


ယဲ့ဇယ်ရှစ်က စဉ်းစားရင်း ဟယ့်ကျင်းယွင်ကို မသိမသာ မျက်စောင်းထိုးလိုက်သေးသည်။


ဟယ့်ကျင်းယွင်က သတိထားမိသွားပြီး ချက်ချင်း စိတ်မကောင်းဖြစ်သွားသည်။ 


အစားကြီးမိတဲ့ ငါ့အပြစ်ပါပဲ...


နေ့လယ်ပိုင်းအခန်းများ ရိုက်ချိန်တွင် လိုအပ်သောအချိန်မှလွဲ၍ ယဲ့ဇယ်ရှစ်က ဟယ့်ကျင်းယွင်ကို စကားတစ်ခွန်းမှ မပြောတော့ပေ။


ဒါရိုက်တာချန်ကပင် သူတို့နှစ်ယောက်ကို သတိထားမိပြီး ဟယ့်ကျင်းယွင်ကို မေးလိုက်သည်။

"မင်းတို့နှစ်ယောက် ဘာဖြစ်နေကြပြန်တာလဲ..."


ဟယ့်ကျင်းယွင်လည်း ယဲ့ဇယ်ရှစ်ကို မည်သို့ပြန်ချော့ရမည်ကို စဉ်းစားရင်း ခေါင်းကိုက်နေကာ အချိန်အတော်ကြာ စဉ်းစားပြီးမှ ဒါရိုက်တာချန်ကို မေးလိုက်သည်။

"ဒီနားမှာ ပင်လယ်စာလတ်လတ်ဆတ်ဆတ်ရနိုင်တဲ့ ဈေးရှိလား..."


ချန်ကျန့်ထျန်းက ကြားသောအခါ ချက်ချင်း စိတ်ဝင်စားသွားသည်။

"ဘာဖြစ်လို့လဲ...ရိုက်ကွင်းက ထမင်းကို မစားနိုင်တော့ဘူးလား...ဒါမှမဟုတ် ငါ့ကို ချက်ကျွေးမလို့လား..."


ဟယ့်ကျင်းယွင်က ရိုက်ကွင်းသို့ရောက်လျှင် အလွန်အလုပ်ကြိုးစားကြောင်း အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးသိကြသည်။ ရိုက်ကွင်းသို့ရောက်သည်နှင့် ဟယ့်ကျင်းယွင်က ရုပ်ရှင်ပေါ်၌သာ အာရုံစိုက်၍ နေ့လယ်ထမင်းစားချိန်မှာပင် အခြားသရုပ်ဆောင်တစ်ဦးဦးနှင့် စကားပြောလေ့ကျင့်နေတတ်သည်။ 


သို့သော် ရိုက်ကွင်း၌ အချိန်ရလျှင် ဟယ့်ကျင်းယွင်က သူ့ဘာသာသူ ဟင်းချက်စားတတ်ကြောင်းကိုမူ သိသူ ရှားလေသည်။


ဟယ့်ကျင်းယွင်ရဲ့ ဟင်းချက်လက်ရာကတော့...


ချန်ကျန့်ထျန်း အမှန်အတိုင်းပြောရလျှင် စားသောက်ဆိုင်များမှ စားဖိုမှူးများပင် ဟယ့်ကျင်းယွင်၏လက်ရာကို မမီကြပေ။


ဒါရိုက်တာချန်လည်း စဉ်းစားရင်းဖြင့် ဟယ့်ကျင်းယွင်၏လက်ရာကို စားရတော့မည့်အကြောင်းတွေးကာ ပျော်ရွှင်သွားမိသည်။

"မနက်ဖြန်ချက်ချင်လား...ဒါပေမယ့် အခုတလော ရိုက်ကူးရေးကလည်း အချိန်အရမ်းကြပ်နေတာ...ငါ့ဖို့ ဟင်းချက်နေရင် မင်းနားဖို့ အချိန်ရှိပါဦးမလား..."


ဟယ့်ကျင်းယွင်က ဒါရိုက်တာချန်ကို မျက်စောင်းထိုးလိုက်သည်။

"ဘယ်သူက ခင်ဗျားဖို့ ဟင်းချက်ပေးမယ်ပြောနေလို့လဲ..."


ဒါရိုက်တာချန်၏မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။

"ဒါဆို မင်းကဘယ်သူ့အတွက် ချက်မလို့လဲ..."


ဟယ့်ကျင်းယွင်လည်း ဒါရိုက်တာချန်ကို ဘုကြည့်ကြည့်ပြီး ဘေးမှ ဝန်ထမ်းကို ဈေးအကြောင်းသွားမေးနေတော့သည်။


အဲဒီဒါရိုက်တာချန်က ဈေးအကြောင်းဘာမှသိမှာလည်းမဟုတ်ဘူး...ဝန်ထမ်းတွေကတော့ ဘယ်ဈေးက ကောင်းလဲဆိုတာ ပိုသိလောက်တယ်...


ယနေ့အတွက် ရိုက်ကူးရေးများအားလုံးပြီးချိန်တွင် မနက် နှစ်နာရီထိုးနေပြီဖြစ်သည်။ ဟယ့်ကျင်းယွင် အခန်းသို့ပြန်ရောက်ပြီး ခဏအကြာတွင် ဟယ့်ကျင်းယွင်၏လက်ထောက်ဖြစ်သူ ယွိရယ်က အထုပ်ကြီးနှစ်ထုပ်ဖြင့် ရောက်လာသည်။


ယွိရယ် အခန်းတံခါးခေါက်လိုက်ချိန်တွင် ဟယ့်ကျင်းယွင်က ရေချိုးခန်းထဲမှ ထွက်လာလာချင်းဖြစ်သည်။ 


"အစ်ကိုဟယ့်...ကျွန်တော်အကုန်ဝယ်လာပြီ..."

ယွိရယ်က အိတ်ထဲမှ ပစ္စည်းများကို တစ်ခုပြီး တစ်ခုထုတ်ကာ မီးဖိုထဲမှ စားပွဲပေါ်သို့ တင်နေသည်။


ဟယ့်ကျင်းယွင်က ခေါင်းညိတ်လိုက်သည်။

"ကျေးဇူးပဲ ရှောင်ယွိ...မင်းလည်း စောစောပြန်နားတော့လေ..."


ယွိရယ်က ပစ္စည်းများ အကုန်ထုတ်ပေးပြီး ခဏရပ်ကာပြောလိုက်သည်။

"အစ်ကိုဟယ့်လည်း စောစောနားလေ...ခုတလောရိုက်ကူးရေးတွေက အရမ်းပင်ပန်းနေတာကို...ရိုက်ကွင်းက စားစရာတွေမစားချင်ရင် အစ်ကို ကြိုက်တဲ့ဆိုင်တွေက မှာပြီး ယူလာပေးမယ်လေ...အစ်ကို ဟင်းချက်ရင် ပိုပင်ပန်းနေမှာပေါ့..."


ဟယ့်ကျင်းယွင်က ဘာမှရှင်းပြနေမတော့ဘဲ ခပ်တိုတိုသာပြန်ပြောလိုက်သည်။

"ရပါတယ်...ငါ့ကိုယ်ငါ သိပါတယ်..."


ယွိရယ်လည်း ဟယ့်ကျင်းယွင်ကို ဆက်ပြော၍မရကြောင်း သိသောကြောင့် သက်ပြင်းသာချပြီး ထွက်သွားတော့သည်။


ယွိရယ်ထွက်သွားသောအခါ ဟယ့်ကျင်းယွင်က ရေခဲသေတ္တာကို ဖွင့်လိုက်သည်။ ယွိရယ်က လတ်ဆတ်သောငါးများအပြင် အသီးများ၊ ဟင်းသီးဟင်းရွက်များနှင့် အသားများလည်း ဝယ်လာသေးသည်။ 


နှစ်စက္ကန့်မျှစဉ်းစားပြီးသောအခါ ဟယ့်ကျင်းယွင်က ရေခဲသေတ္တာထဲမှ ပစ္စည်းများအားလုံး ထုတ်လိုက်တော့သည်။


ငါက သူ့ရဲ့ငါးလေးခြောက်တွေ အကုန်စားလိုက်မိတာပဲလေ...ငါးလေးခြောက်တစ်ဘူးတည်းပြန်ပေးရင် ဘယ်ကောင်းမလဲ...


...


နောက်တစ်နေ့ ယဲ့ဇယ်ရှစ်နိုးလာသောအခါ ကောင်းကင်က ကြည်လင်ပြီးလှပနေသည်။ 


သို့သော် ယမန်နေ့က ငါးလေးခြောက်တစ်ထုပ်လုံးကုန်သွားသည်ကို စဉ်းစားမိသောအခါ ယဲ့ဇယ်ရှစ်၏ အသည်းက ထပ်ကွဲသွားပြန်သည်။


ထို့ကြောင့် ဟယ့်ကျင်းယွင်နှင့်တွေ့သောအခါတွင်လည်း မျက်နှာက စူပုပ်နေမိသည်။ 


နေ့လယ်သို့ရောက်သောအခါ ယဲ့ဇယ်ရှစ်က ငါးလေးခြောက်နောက်တစ်ထုပ် ဖောက်စားရမည်လားကို ချီတုံချတုံဖြစ်နေမိသည်။


ဘာလုပ်ရမည် မဆုံးဖြတ်ရသေးမီမှာပင် သူ့နားသို့ ဟယ့်ကျင်းယွင်လျှောက်လာပြန်သည်ကို မြင်လိုက်ရသည်။ 


ယဲ့ဇယ်ရှစ်က မထိန်းနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။

"တစ်ခုခုလိုချင်လို့လား ဟယ့်လောင်ရှီး..."


ထမင်းတူတူစားဖို့တော့ မဟုတ်ဘူးမလား...


ဟယ့်ကျင်းယွင်၏လှပသော မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားကြပြီး ခေါင်းညိတ်ပြလိုက်သည်။

"မနေ့က မင်းရဲ့ ငါးလေးခြောက်တွေကို ငါစားလိုက်မိတာလေ ငါနည်းနည်း မဆင်မခြင်ဖြစ်သွားတယ်...အဲဒါကြောင့် မင်းဖို့ ဒီနေ့ ဟင်းတွေ နည်းနည်းယူလာတယ်...စားကြည့်ချင်လား..."


ပြောပြီးသောအခါ ဟယ့်ကျင်းယွင်က ထမင်းဘူးကို ယဲ့ဇယ်ရှစ်ရှေ့၌ ချလိုက်သည်။


ယဲ့ဇယ်ရှစ်က စဉ်းပင်မစဉ်းစားဘဲ ငြင်းလိုက်သည်။

"မစားတော့ပါဘူး..."


ဟယ့်ကျင်းယွင်က ထိုင်ချ၍ ထမင်းဘူးကိုဖွင့်လိုက်သည်။ ထို့နောက် ယဲ့ဇယ်ရှစ်နားသို့တိုးပေးပြီး ပြုံးကာပြောလိုက်သည်။

"မင်းကြိုက်တဲ့ ငါးလေးခြောက်တွေလည်းပါတယ်လေ...စားကြည့်ပါဦး...ပြီးမှ မကြိုက်လည်း မစားနဲ့ပေါ့..."


ဟယ့်ကျင်းယွင်က ဤမျှတိုက်တွန်းနေသောကြောင့် ယဲ့ဇယ်ရှစ် ဆက်ငြင်းနေလျှင်လည်း ‌ရိုင်းရာကျပေတော့မည်။


ထမင်းဘူးထဲမှ ဟင်းများကို ကြည့်လိုက်သောအခါ ရွှေရောင်သမ်းနေကြသော ငါးလေးခြောက်များ၏ အနံ့က အလွန်မွှေးကြိုင်နေသည်။


ယဲ့ဇယ်ရှစ်လည်း ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

"ကောင်းပါပြီ...ကျွန်တော် နည်းနည်းစားကြည့်မယ်..."


ဟယ့်ကျင်းယွင်က ပြုံးလိုက်သည်။


ယဲ့ဇယ်ရှစ်က ငါးလေးခြောက်တစ်ကောင်ကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။


နောက်တစ်စက္ကန့်၌ ယဲ့ဇယ်ရှစ်၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။


ကောင်းလိုက်တာ...


စားနေရင်းဖြင့် ယဲ့ဇယ်ရှစ်၏မျက်လုံးများက ဝင်းလက်တောက်ပလာကြသည်။


ငါးလေးခြောက်က လတ်လတ်ဆတ်ဆတ်ကြော်ထားခြင်းဖြစ်၍ ရွှေရောင်သမ်းကာ ကြွပ်ရွနေသည်။ ထိုဆီရွှဲနေသော ငါးလေးခြောက်ကို ကိုက်လိုက်လိုက်ချင်းမှာပင် ငါး၏ အရသာရှိမှုက ပါးစပ်ထဲသို့ စိမ့်ဝင်သွားသည်။ 


အစပိုင်းတွင် ဟန်ဆောင်ပန်ဆောင်ဖြင့် မူယာမာယာများနေကာ 'မစားဘူး' လုပ်နေသော ယဲ့ဇယ်ရှစ်ပင် ထိုငါးလေးခြောက်က တကယ်မွှေးမှန်း ဝန်ခံလိုက်ရတော့သည်။


မနေနိုင်သောကြောင့် ငါးကို နောက်တစ်ကိုက် ကိုက်လိုက်မိသည်။ 


ဟယ့်ကျင်းယွင်၏အကြည့်များက ယဲ့ဇယ်ရှစ်၏ ဆီအနည်းငယ်ပေနေသော နှုတ်ခမ်းထောင့်စွန်းဆီသို့ရောက်သွားသည်။ ငါးလေးခြောက်ကို အငမ်းမရစားနေသော ယဲ့ဇယ်ရှစ်ကမူ သူ့ကိုယ်သူ သတိမထားမိပေ။ 


ယဲ့ဇယ်ရှစ်ကိုကြည့်နေသော ဟယ့်ကျင်းယွင်၏အကြည့်များရ ချက်ချင်းနူးညံ့သွားကာ ပြုံးပြီးမေးလိုက်သည်။

"စားကောင်းရဲ့လား..."


ယဲ့ဇယ်ရှစ်က စားရင်းဖြင့် ဟယ့်ကျင်းယွင်ကို မော့ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ 

"အရမ်းစားကောင်းတယ်..."


ယဲ့ဇယ်ရှစ်သာ ငါးကို အငမ်းမရစား‌မနေဘဲ စကားပြောချိန်ရှိလျှင် ထိုငါးလေးခြောက်ကို ပါးစပ်မပိတ်တမ်း ချီးကျူးနေမိမည်ဖြစ်သည်။ 


ဟယ့်ကျင်းယွင်၏ ငါးလေးခြောက်က ယန်မန်၏ငါးလေးခြောက်နှင့် အရသာကွဲသော်လည်း သူ့ဟာနှင့်သူ အလွန်စားကောင်းနေသည်။


ယဲ့ဇယ်ရှစ်ခမျာ အဆမတန် ချီးကျူးလိုက်ချင်သော်လည်း သူသိသည်က "အရသာရှိတယ်" ဟူသော စကားလုံးသာဖြစ်နေသည်။


ထို့ထက်ပို၍ ချီးကျူးချင်လျှင်ပင် "အရမ်းအရသာရှိတယ်" ဟူ၍ကလွဲ၍ အခြားစကားလုံး ရှာရမည်မဟုတ်ချေ။ 


ဟယ့်ကျင်းယွင်လည်း မနေနိုင်တော့ဘဲ ရယ်လိုက်မိသည်။

"အိုကေ...အိုကေ...ဖြည်းဖြည်းစားနော်..."


ထိုသို့ပြော၍ ဟယ့်ကျင်းယွင် လှည့်ထွက်လာလိုက်သည်။


ယဲ့ဇယ်ရှစ်လည်း ဟယ့်ကျင်းယွင်ကို ကျေးဇူးတင်ကြောင်း လှမ်းပြော၍ ခေါင်းကိုငုံ့ပြီး ငါးလေးခြောက်ကို ဆက်စားနေတော့သည်။ 


သို့သော် ဟယ့်ကျင်းယွင်က ငါးလေးခြောက်ကို နည်းနည်းသာ လုပ်လာသောကြောင့် မကြာမီ၌ ငါးလေးခြောက်များ အားလုံးကုန်သွားတော့သည်။


ယဲ့ဇယ်ရှစ်က သူ၏ဆီပေနေသော နှုတ်ခမ်းများကို နောင်တရစွာ လျက်ပြီး ထမင်းဘူးထဲ၌ ကျန်နေသေးသော အမဲသားကြော်နှင့် ကြက်ကြော်အစပ်ကို လှမ်းကြည့်လိုက်သည်။ 


ငါးလေးခြောက်က ကောင်းလွန်းသောကြောင့် အခြားစားစရာများလည်း မဆိုးလောက်ဟု စဉ်းစားကာ အမဲသားကြော်တစ်ဖတ်ကို ပါးစပ်ထဲထည့်လိုက်သည်။


ထို့နောက်တွင်မူ ယဲ့ဇယ်ရှစ်၏မျက်လုံးများက တောက်ပလာကြပြန်သည်။


အရသာရှိလိုက်တာ...


အမဲသားကြော်နဲ့ ကြက်သားအစပ်ကလည်း အရမ်းစားကောင်းတာပဲ...


ယနေ့နေ့လယ်စာမှာ ရိုက်ကွင်း၌ ယဲ့ဇယ်ရှစ်စား‌လာသော အစားအစာများအနက် အကောင်းဆုံးထမင်းပွဲဖြစ်နေသည်။


ငါးလေးခြောက်နှင့် အခြားဟင်းပွဲများက နည်းသော်လည်း ယဲ့ဇယ်ရှစ်၏ အာသာကိုပြေသွားစေသည်။


ထိုတစ်ဘူးလုံးပြောင်အောင် စားပြီးသည့်တိုင် ယဲ့ဇယ်ရှစ်၏ဗိုက်က မဝသေးချေ။ 


ယဲ့ဇယ်ရှစ် ဤမျှ ပျော်ရွှင်စွာ စားသောက်နေသည်ကို မြင်ရခဲသောကြောင့် ကောင်းရှူလည်း အံ့ဩကာ ပြောလိုက်သည်။

"သခင်လေး ဒီဟင်းတွေကြိုက်ရင် ကျွန်တော် ဟယ့်လောင်ရှီးကို ဒီဟင်းတွေ ဘယ်ဆိုင်ကဝယ်တာလဲ မေးပြီး နေ့တိုင်း ဝယ်ပေးထားမယ်လေ..."


ယဲ့ဇယ်ရှစ်က တစ်ချက်စဉ်းစားပြီးမှ ချောင်းတစ်ချက်ဟန့်ကာ ခေါင်းညိတ်ပြလိုက်သည်။


မတတ်နိုင်ဘူးလေ...ငါးလေးခြောက်တွေက အရမ်းစားကောင်းနေတာကို...


အရမ်း အရမ်းကို စားလို့ကောင်းတယ်...


နေ့လယ်ခင်းရိုက်ကူးရေး၌ ချန်ကျန့်ထျန်းလည်း အားနေသောကြောင့် ယဲ့ဇယ်ရှစ်ကို မေးလိုက်သည်။

"ဒီနေ့ နေ့လယ်စာ စားလို့ကောင်းရဲ့လား..."


ယဲ့ဇယ်ရှစ်က ပြုံးပြီးပြောလိုက်သည်။

"ဟုတ်...ဟယ့်လောင်ရှီးယူလာပေးတဲ့ဟင်းတွေက အရမ်းစားလို့ကောင်းတာပဲ..."


ချန်ကျန့်ထျန်းက သက်ပြင်းချပြီး ခေါင်းကိုခါရမ်းလိုက်သည်။

"မင်းကတော့ ကံကောင်းတာပေါ့ကွာ...ငါ့လို လူအိုကြီးကတော့ အဲဒါတွေစားရဖို့ ကံမပါပါဘူး..."


ထိုသို့ပြောပြီး ချန်ကျန့်ထျန်းက ဟယ့်ကျင်းယွင်ကို မသိမသာမျက်စောင်းလှမ်းထိုးလိုက်သည်။


ဟယ့်ကျင်းယွင်က ချန်ကျန့်ထျန်းပြောသည်ကို ကြားသော်လည်း ဘာမှပြန်မပြောဘဲ မျက်ခုံးများကိုသာ အနည်းငယ် ပင့်တင်လိုက်သည်။


ယဲ့ဇယ်ရှစ်က နားမလည်ဖြစ်သွားသည်။

"ဘာဖြစ်လို့ မစားရတာလဲ...မနက်ဖြန်ကျရင် ကျွန်တော် အတွင်းရေးမှူးကောင်းကို ဒါရိုက်တာချန်အတွက်ပါ တစ်ပွဲပိုဝယ်ခိုင်းလိုက်မယ်လေ..."


ချန်ကျန့်ထျန်းက "အင်း အင်း" ဟုပြောပြီး ဟယ့်ကျင်းယွင်ကို မျက်စောင်းလှမ်းထိုးလိုက်ပြန်သည်။


ယဲ့ဇယ်ရှစ်လည်း ပို၍ပင် ခေါင်းရှုပ်သွားတော့သည်။ 


ဟယ့်ကျင်းယွင်က ရယ်ချင်သွားပြီး ဘေးမှ ယဲ့ဇယ်ရှစ်ကို လှမ်းကြည့်လိုက်သည်။

"မင်း မနက်ဖြန် ထပ်စားချင်သေးလို့လား..."


ယဲ့ဇယ်ရှစ်က ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...အရသာက ကျွန်တော့်အကြိုက်ပဲ...ဒါနဲ့လေ အဲဒီဟင်းတွေ ဟယ့်လောင်ရှီး ဘယ်ကဝယ်တာလဲဟင်...မနက်ဖြန် အတွင်းရေးမှူးကောင်းကို သုံးပွဲလောက်သွားဝယ်ခိုင်းပြီး ဟယ့်လောင်ရှီးတို့နဲ့ တူတူစားကြမယ်လေ..."


ယဲ့ဇယ်ရှစ်၏ စကားကိုကြားသောအခါ ချန်ကျန့်ထျန်းက ဟယ့်ကျင်းယွင်ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။


ဟယ့်ကျင်းယွင်ကမူ ထူးဆန်းစွာ တိတ်ဆိတ်နေသည်။


အချိန်အတော်ကြာသောအခါမှ ချန်ကျန့်ထျန်းက ခေါင်းခါကာပြောလိုက်သည်။

"မင်းစားချင်နေတာကို အတွင်းရေးမှူးကောင်း ဝယ်နိုင်မှာမဟုတ်ဘူး..."


ယဲ့ဇယ်ရှစ်က နားမလည်ဘဲ မေးလိုက်သည်။

"ဘာဖြစ်လို့လဲဟင်..."


ချန်ကျန့်ထျန်းလည်း ဘာမှထပ်မပြောချင်တော့ဘဲ စကားလမ်းကြောင်းလွှဲလိုက်သည်။

"ကဲ ကဲ စကားပြောနေဖို့ အချိန်မရှိဘူး...မြန်မြန် မြန်မြန်...အားလုံးပဲ နောက်တစ်ခန်းရိုက်ဖို့ ပြင်ကြတော့..."


ထိုအခန်းရိုက်ပြီး၍ မိတ်ကပ်ထပ်လိမ်းရန် အဝတ်အစားလဲခန်းထဲသို့ ယဲ့ဇယ်ရှစ်ရောက်မှပင် ထိုစားစရာများကို မဝယ်နိုင်သည့်အကြောင်းရင်းကို ကောင်းရှူထံမှ သိလိုက်ရတော့သည်။


နေ့လယ်က ဟင်းတွေအကုန်လုံးက ဟယ့်ကျင်းယွင်ကိုယ်တိုင်လုပ်ထားတာတဲ့...


ရုပ်ရှင်ဧကရာဇ်ဟယ့် ကိုယ်တိုင် လုပ်ထားတာတဲ့...


ရုပ်ရှင်ဧကရာဇ်ဟယ့်ကိုယ်တိုင် ချက်ထားတဲ့ ဟင်းတွေကို ကောင်းရှူက ဘယ်မှာသွားဝယ်ရမှာလဲ...သူ့ဟိုတယ်ခန်းထဲက သွားယူလို့ရလား...


ထိုအကြောင်းကို ကောင်းရှူသိသောအခါ အံ့ဩလွန်း၍ လက်ထဲမှ ထမင်းဘူးပင် ပြုတ်ကျတော့မတတ်ဖြစ်သွားသည်။


"ဘာဖြစ်လို့ ဟယ့်လောင်ရှီးက ဟင်းတွေ သူ့ဘာသာသူ ချက်နေတာလဲ..."


သူ့ဘာသာသူ ချက်တဲ့အပြင် သခင်လေးဖို့ပါ တကူးတကချက်ပေးပြီး ယူလာသေးတာ...


ယဲ့ဇယ်ရှစ်လည်း ကောင်းရှူကဲ့သို့ပင် ခေါင်းထဲ၌ မေးခွန်းများဖြင့် ပြည့်နေလေသည်။


ကောင်းရှူက မေးလိုက်သောအခါ ထမင်းဘူးပြန်လာယူသော ယွိရယ်က ဘာမှမပြောဘဲ ခေါင်းကိုသာခါကာ ထမင်းဘူးအလွတ်နှင့် ပြန်သွားလေသည်။


ယဲ့ဇယ်ရှစ်လည်း အချိန်အတော်ကြာစဉ်းစားနေပြီးမှ ခပ်လေးလေးပြောလိုက်သည်။

"ဟယ့်လောင်ရှီးက ကျွန်တော့် ငါးလေးခြောက်တွေ အကုန်စားမိသွားတာ အားနာပြီး သူ့ဘာသာသူ ပြန်လုပ်ပေးတာလားမသိဘူး..."


ဟယ့်လောင်ရှီး ငါ့ကို ဟင်းချက်ပေးရတဲ့အကြောင်းရင်းက ဒါပဲရှိတာမလား...


ယဲ့ဇယ်ရှစ်က တွေးရင်းဖြင့် နောင်တအကြီးအကျယ်ရသွားသည်။


ဒါဆိုရင် ငါ အဲဒီငါးလေးခြောက်တွေကို နောက်ဘယ်တော့မှ ထပ်မစားရတော့ဘူးပေါ့...


ဟယ့်လောင်ရှီးနဲ့ ငါနဲ့က သိပ်တည့်နေတာမဟုတ်တော့ သူ့အိမ်ပေါ်တက်ပြီး သူချက်တာတွေလည်း စားလို့ရမှာမဟုတ်ဘူး...


စိတ်ညစ်ပါတယ်...


ယနေ့၌လည်း ညပိုင်းဇာတ်ဝင်ခန်းတစ်ခု ရိုက်ရဦးမည်ဖြစ်သည်။ 



🎶🎶🎶