Chapter 45
Viewers 7k

🎶 Chapter 45



ယဲ့ဇယ်ရှစ်လည်း ဟယ့်ကျင်းယွင်၏ငါးလေးခြောက် ထပ်မစားရတော့မည့်ဝမ်းနည်းမှုကို ဘေးချကာ ဇာတ်ညွှန်းကို ကောက်ကိုင်ရတော့သည်။


နဉ်ချန်၏စစ်သားများက စာကို အားသွန်ခွန်စိုက်ဖြင့် မြို့တော်သို့ရောက်အောင် သွားပေးခဲ့သောကြောင့် နဉ်ချန်မြို့သို့ အကူအညီများရောက်လာခဲ့သည်။ 


တာကျင်းမှစစ်သည်များရောက်လာချိန်တွင် နဉ်ချန်မြို့တစ်ဝက်ခန့်က ရန်သူ့လက်ချက်ဖြင့် ပျက်စီးကာ လူများလည်း အသက်ဆုံးရှုံးကုန်ကြပြီဖြစ်သည်။


ထိုစစ်ပွဲ၌ မရေတွက်နိုင်သော ပြည်သူများ၏အသက်များ ဆုံးရှုံးခဲ့ရကာ ထွက်ပြေးရန်အခွင့်အရေးပင်မရခဲ့ကြပေ။


လမ်းများပေါ်၌ အနီရောင်သွေး‌များ ပေကျံနေ၍ သွေးညှီနံ့များကလည်း လူများကို မွန်းကျပ်နေစေသည်။ 


မြို့တံခါးပွင့်ကာ တာကျင်းစစ်သည်များဝင်လာသောအခါမှသာ နဉ်ချန်ပြည်သူများလည်း စိတ်အေးပျော်ရွှင်သွားရတော့သည်။


အားဇီကို ရှန်ချန်ကျိုး ရှာတွေ့ချိန်၌ အားဇီက သွေးအိုင်ထံ၌လဲနေကာ လက်ထဲ၌ ကျောက်စိမ်းလည်ဆွဲကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။


ထိုကျောက်စိမ်းလည်ဆွဲလေးမှာ အားယန်က အားဇီကို ပေးခဲ့ခြင်းဖြစ်သည်။ 


ရှန်ချန်ကျိုးလည်း တုန်လှုပ်သွားကာ လှမ်းခေါ်လိုက်သည်။

"အားဇီ..."


အားဇီ၏ခန္ဓာကိုယ်က မလှုပ်သွားပေ။ အားဇီ၏မျက်လုံးများထဲမှ ယခုထိစီးကျနေသော မျက်ရည်များကြောင့်သာမဟုတ်လျှင် ရှန်ချန်ကျိုးလည်း အခြားလူများကဲ့သို့ သူ့ချစ်သူကို အလောင်းသာပြန်တွေ့ရတော့သည်ဟု ထင်မိမည်ဖြစ်သည်။ 


ရှန်ချန်ကျိုးက ရှေ့သို့တိုးကာ အားဇီကို ဖက်လိုက်သော်လည်း အားဇီကမူ မပြုံး‌နိုင်တော့ချေ။ 


ပြဇာတ်ရုံက လုံးဝပျက်စီးသွားပြီဖြစ်သည်။


ရန်သူများက အားယန်တောင်းခဲ့သောကတိကို မစောင့်ထိန်းခဲ့ကြချေ။


အားယန် ရန်သူများနှင့်ပါသွားပြီး မကြာမီမှာပင် ရန်သူများက တစ်မြို့လုံးကို ခိုးဝှက်လုယက်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့ကြသည်။ 


အားဇီကိုလည်း တစ်စုံတစ်ယောက်က ဆွဲခေါ်သွားသောကြောင့်သာ အသက်ဘေးမှလွတ်သွားခြင်းဖြစ်သည်။ 


သို့သော်လည်း မြို့တစ်ခုလုံးက ရန်သူစစ်တပ်များဖြင့်ပြည့်နေသောကြောင့် ပြေးစရာမြေမရှိခဲ့ပေ။


အားဇီ သူ့ကိုယ်သူ ဘယ်အချိန်က သတိလစ်သွားမှန်းပင် မသိခဲ့ချေ။ အားဇီပြန်သတိရလာချိန်၌ အခြားတစ်နေရာသို့ရောက်နေကာ သူ့ကို ဆွဲခေါ်ခဲ့သူလည်း မရှိတော့ချေ။


အားဇီက ခြေကုန်လက်ပန်းကျနေပြီဖြစ်ကာ ဆက်၍လည်း မပြေးနိုင်တော့သောကြောင့် သွေးအိုင်ထဲတွင်သာ လှဲနေခဲ့ခြင်းဖြစ်သည်။ 


စစ်တပ်သမားတော်က အားဇီကိုစမ်းသပ်ပြီး အားဇီက ယခုထိ စိတ်ခြောက်ခြားတုန်လှုပ်နေဆဲဖြစ်သည်ဟု ဆိုသည်။


စစ်ပွဲအတွင်းမှာတော့ ဘယ်သူက စိတ်မတုန်လှုပ်ဘဲ နေနိုင်မှာလဲ...


အားဇီ၏ အခြေအနေက မတည်ငြိမ်ဘဲ သက်သာလိုက် ပြန်ဆိုးလိုက်ဖြစ်နေသည်။ 


အားဇီ စိတ်အခြေအနေအနည်းငယ်ကောင်းနေချိန်များတွင် ရှန်ချန်ကျိုးကို မှတ်မိသည်။ 


စိတ်မတည်ငြိမ်ဖြစ်လာချိန်များတွင်မူ အားဇီက တစ်ချိန်လုံး ငိုယိုကာ ရှန်ချန်ကျိုးကို "အားယန် မရှိတော့ဘူး" ဟုသာ ပြောနေလေ့ရှိသည်။


ထိုအချိန်များတွင် ရှန်ချန်ကျိုးက အားဇီ၏မျက်နှာပေါ်မှ အမာရွတ်လေးကို လက်ဖြင့်ပွတ်ရင်း အားဇီ၏ကျောကုန်းလေးကို ပုတ်ကာ နှစ်သိမ့်ပေးနေမိသည်။


ရှန်ချန်ကျိုး အလွန်နောင်တရမိသည်။ 


ဤကဲ့သို့အခြေအနေဖြစ်လာမည်ကို ရှန်ချန်ကျိုး ကြိုတင်ခန့်မှန်းမိခဲ့သော်လည်း မဖြစ်မီ၌ အားဇီကို အဝေးသို့ မပို့မိခဲ့ချေ။


ထိုသို့မပို့ခဲ့မိခြင်းကလည်း ရှန်ချန်ကျိုး၏ မပြတ်သားသောစိတ်ကြောင့်သာဖြစ်သည်။


ဤတစ်ကြိမ်တွင်မူ ရှန်ချန်ကျိုးက အားဇီကို တစ်ယောက်တည်း မထားခဲ့နိုင်တော့ချေ။


ဒါပေမယ့်လည်း အားဇီကို ဘယ်ကိုခေါ်သွားရမှာလဲ...


နောက်ဆုံးတွင်မူ အားဇီကို မြို့တော်ဆီသို့သာခေါ်သွားရန် ရှန်ချန်ကျိုး ဆုံးဖြတ်လိုက်သည်။


မြို့တော်က စစ်မြေပြင်နှင့် အဝေးဆုံးဖြစ်ကာ ရှန်ချန်ကျိုး၏အိမ်လည်း ရှိနေသည်။ 


ရှန်အိမ်တော်သို့ ပြန်ရောက်သောအခါ ရှန်မိဘများက အားဇီအကြောင်းကိုမေးကြ၍ ရှန်ချန်ကျိုးလည်း အကြောင်းရင်းမှန်ကိုမပြောနိုင်ဘဲ အားဇီက မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ကြောင်းသာ ပြောလိုက်ရသည်။


ကံကောင်းစွာပင် ရှန်မိဘများက နှိုက်နှိုက်ချွတ်ချွတ်မမေးကြသောကြောင့် ရှန်အိမ်တော်၌ အားဇီနေခွင့်ရသွားသည်။ 


ထိုအခါမှသာ ရှန်ချန်ကျိုးလည်း စိတ်အေးအေးနှင့် စစ်မြေပြင်သို့ ပြန်နိုင်တော့သည်။


အချိန်များက ကုန်လွင့်ကာ နောက်ထပ်သုံးနှစ် ကြာမြင့်သွားပြန်သည်။


လွန်ခဲ့သောသုံးနှစ်အတွင်းတွင် ရှန်မိဘများ၏ ပြုစုစောင့်ရှောက်မှုအောက်၌ အားဇီ၏စိတ်အခြေအနေလည်း အတော်လေးကောင်းမွန်လာကာ စိတ်ကောင်းဝင်‌သည့်နေ့များက ပိုပိုများလာသည်။ 


သူတို့နှစ်ယောက် အချင်းချင်း စာဖြင့်လည်း အဆက်အသွယ်ရှိကြသောကြောင့် ရှန်ချန်ကျိုး စိတ်အေးနေရသည်။


နောက်ဆုံး၌ ရန်သူစစ်တပ်ကို အောင်နိုင်ပြီးသောအခါ မြို့တော်သို့ ရှန်ချန်ကျိုး ပြန်ရောက်လာသည်။


သူတို့နှစ်ယောက် အချင်းချင်းပြန်တွေ့ကြသောအခါ နှစ်ယောက်လုံး၏မျက်လုံးများ၌ မျက်ရည်များဖြင့် ပြည့်နေကြသည်။ 


ရှန်ချန်ကျိုး ဤတစ်ခေါက် မြို့တော်သို့ ပြန်ရောက်လာရခြင်းမှာ အဖေရှန်၏အမိန့်အရဖြစ်သည်။


ရှန်ချန်ကျိုး၏အသက်က ငယ်တော့သည်မဟုတ်၍ ရှန်ချန်ကျိုးနှင့် သက်တူရွယ်သူများဆိုလျှင် အိမ်များ၌ ကလေးလေးများပင် ပြေးလွှားဆော့ကစားနေကြပြီဖြစ်သော်လည်း ရှန်ချန်ကျိုးကမူ ဇနီးယူရန်အကြောင်းကို စပင်မစသေးချေ။ 


အမေရှန်လှမ်းပေးနေသော ရှန်ချန်ကျိုးနှင့် သင့်တော်သောမိန်းကလေးများပါသောစာရင်းစာရွက်ကို ရှန်ချန်ကျိုးက ကြည့်၍ မယူဘဲ ခေါင်းခါပြလိုက်သည်။


ထို့နောက်တွင် ရှန်ချန်ကျိုးက သူ့မိဘများနှင့် ရန်ဖြစ်ရတော့သည်။


ထိုသတင်းကိုကြား၍ အားဇီရောက်လာသောအခါ ဒေါသထွက်စွာဖြင့် ထွက်သွားသော အဖေရှန်၏ကျောပြင်ကိုသာ တွေ့လိုက်ရတော့သည်။ 


တံခါးဘောင်ကို‌မှီ၍ အားဇီက ရှန်ချန်ကျိုးကို စိတ်ပူစွာ ကြည့်လိုက်သည်။


"အားဇီ...ကိုယ်နဲ့ လမ်းလျှောက်လိုက်ခဲ့ပါလား..."

ရှန်ချန်ကျိုးက မျက်နှာမှ ဒေါသများကို ဖုံးကွယ်ပြီး အားဇီကို ပြုံး၍ ပြောလိုက်သည်။


အားဇီက ခဏမျှ စဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ 


မြို့တော်က နဉ်ချန်ထက် အဆပေါင်းများစွာ လူပိုများ၍ လမ်းတစ်လျှောက်၌ မဆုံးနိုင်သော ဈေးသည်များနှင့် လူများရှိနေသည်။


သူတို့နှစ်ယောက်က ဘေးချင်းယှဉ်လျက်လျှောက်နေကြပြီး မည်သူကမှ စကားစမပြောကြချေ။


မကြာမီတွင် နှစ်ယောက်သား ဈေးဆိုင်အသေးလေးတစ်ခုနားသို့ ရောက်လာကြသည်။ 


ဆိုင်ခန်းပေါ်၌ သိုမွေးချည်ဖြင့်ထိုးထားသော ပစ္စည်းအမျိုးမျိုးအပြင် ကျောက်စိမ်းနှင့် သန္တာလက်ကောက်များလည်း ပြသထားသည်။


အားဇီက ဆိုင်လေးကို စိတ်ဝင်စားစွာ ကြည့်နေမိသည်။ 


ရှန်ချန်ကျိုးတို့နှစ်ဦးကိုကြည့်ရသည်မှာ အထက်တန်းလွှာမှလူများဖြစ်မှန်း သိသာနေသောကြောင့် ဆိုင်ပိုင်ရှင်က အမြန်ပင် ဖိတ်ခေါ်လိုက်သည်။

"သခင်လေးတို့...သခင်လေးတို့က အမြင်ကောင်းရှိတာပဲ...ဒီသန္တာလက်ကောက်တွေက အနောက်ပိုင်းကလာတာ...ဒီမှာ အရမ်းရှားတယ်..."


အားဇီက ပြုံးလိုက်၍ သန္တာလက်ကောက်များကို မကိုင်ဘဲ ဘေးမှ အနီရောင်ကြိုးထုံးကို ကောက်ကိုင်လိုက်သည်။

"ဒါလေးက စိတ်ဝင်စားဖို့ကောင်းသားပဲ..."


ဆိုင်ရှင်ကပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်...ဒီဟာလေးက ဈေးလည်း ဘယ်လောက်မှမရှိဘူး...ဒီမြို့တော်မှာ အယူတစ်ခုရှိတယ်လေ...ဆောင်းဦးလယ်ပွဲတော်မှာ ဒီအနီရောင်ကြိုးလေးတွေကို ကိုယ်ချစ်ရတဲ့လူကိုပေးရင် ချစ်ခြင်းတွေက ပိုခိုင်မြဲကြတယ်တဲ့..."


အားဇီ၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွားသည်။ 


ရှန်ချန်ကျိုးက ပြောလိုက်သည်။

"အခုတောင် ‌ဆောင်းဦးလယ်ပွဲတော်က မကြာခင်ရောက်တော့မှာ..."


ဆိုင်ရှင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်...နှစ်တိုင်း ဆောင်းဦးလယ်ပွဲတော်ရောက်ရင် ဒီအနီရောင်ကြိုးတွေက အရောင်းရဆုံးပဲ..."


ရှန်ချန်ကျိုးက ဘေးမှ အားဇီကို လှမ်းကြည့်လိုက်သည်။ 


အားဇီက အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ အနီရောင်ကြိုးကိုပြန်ချကာ ဘာမှမပြောဘဲ လှည့်ထွက်သွားလေသည်။


ရှန်ချန်ကျိုးလည်း အနောက်မှ အမြန်လိုက်သွားလိုက်သည်။


ဆိုင်ရှင်လည်း သူ 'ဘာမှားပြောမိပါလိမ့်' ဟု စဉ်းစားရင်း လှည့်ထွက်သွားသော ရှန်ချန်ကျိုးတို့နှစ်ယောက်ကိုသာ ဝမ်းနည်းပန်းနည်းဖြင့် ငေးကြည့်ရင်း ကျန်ခဲ့လေသည်။


"ကတ်..."

ဒါရိုက်တာချန်က မတ်တတ်ရပ်လိုက်သည်။

"ဒီနေ့အတွက် ဒီလောက်ပဲ...အားလုံးပဲ ဒီနေ့ အလုပ်ကြိုးစားပေးလို့ ကျေးဇူးတင်ပါတယ်..."


"ဒီနေ့ပင်ပန်းသွားပြီ...စောစောပြန်ပြီး နားလိုက်တော့နော်..."

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကိုကြည့်ကာ ပြောလိုက်သည်။ 


ယဲ့ဇယ်ရှစ်က အစောပိုင်းတွင် ကင်မရာရှေ့၌ ဟယ့်ကျင်းယွင်နှင့်အတူ သရုပ်ဆောင်နေခဲ့သော်လည်း တစ်ချိန်လုံး ငါးလေးခြောက်အကြောင်းသာတွေး၍ ဝမ်းနည်းနေခဲ့မိသည်။ 


"ဘာဖြစ်နေတာလဲ..."

ယဲ့ဇယ်ရှစ်က သူ့ကို ဘာမှပြန်‌မပြောဘဲ ငေးသာကြည့်နေသောကြောင့် ဟယ့်ကျင်းယွင်လည်း ကြောင်သွားကာ မေးလိုက်သည်။


ယဲ့ဇယ်ရှစ်က ခေါင်းကို အမြန်ခါလိုက်သည်။

"ဘာမှမဖြစ်ပါဘူး...ဘာမှမဖြစ်ဘူး..."


ငါ ငါးလေးခြောက်စားချင်နေရင်တောင် ဟယ့်လောင်ရှီးကို တိုက်ရိုက်ကြီး ပြောလို့မကောင်းဘူးမလား...


"ကျွန်တော် မိတ်ကပ်သွားဖျက်လိုက်ဦးမယ်...ဟယ့်လောင်ရှီးလည်း စောစောနားပါ..."

ထိုသို့ပြောပြီး ယဲ့ဇယ်ရှစ်လည်း အဝတ်အစားလဲခန်းသို့ အရင်ထွက်သွားလိုက်သည်။


ဟယ့်ကျင်းယွင်ကမူ ယဲ့ဇယ်ရှစ်၏ ကျောပြင်ကိုကြည့်ပြီး အတွေးများဖြင့် ကျန်ခဲ့သည်။


ဟိုတယ်သို့ပြန်ရောက်သောအခါ ည နှစ်နာရီထိုးနေပြီဖြစ်၍ တစ်နေကုန် အလုပ်လုပ်ထားရသောကြောင့် ယဲ့ဇယ်ရှစ် ပင်ပန်းနွမ်းနယ်နေမိသည်။ 


မနက် ၂ နာရီခွဲတွင် Weibo ပေါ်၌ နှစ်တစ်ရာခန့်ပျောက်နေသော ယဲ့ဇယ်ရှစ်က ရုတ်တရက် ပို့စ်တစ်ခု ထတင်လာသည်။


@ယဲ့ဇယ်ရှစ်: ငါ ခုတလော ဝမ်းနည်းနေမိတယ်...


Weiboပေါ်၌ ပရိသတ်များစွာ၏မှတ်ချက်များဖြင့် ချက်ချင်းပြည့်နှက်သွားတော့သည်။ 


[ဘာဖြစ်လို့လဲ ရှစ်ရှစ်လေး...]


[ရုပ်ရှင်ရိုက်ရတာ အရမ်းပင်ပန်းနေလို့လားဟင်...]


[အရမ်းနောက်ကျနေပြီ...သွားအိပ်တော့လေ...]


[ဘာတွေဝမ်းနည်းနေတာလဲဟင်...]


ယဲ့ဇယ်ရှစ်က ထူးဆန်းစွာပင် ပရိသတ်တစ်ယောက်၏ မှတ်ချက်ကို ပြန်ဖြေလိုက်သည်။

"အိမ်ပြန်ပြီး ဒုတိယမျိုးဆက်သူဌေးသားလေး လုပ်လို့မရဘဲ ရုပ်ရှင်ရိုက်နေရလို့..."


ပရိသတ်များ: ???


ရှစ်ရှစ် ဘာတွေပြောနေတာလဲ...


ပရိသတ်များ နားမလည်ဖြစ်နေကြချိန်တွင် အခြားမှတ်ချက်တစ်ခု ပေါ်လာသည်။


ဟယ့်ကျင်းယွင်: ?


.....


[ဒုတိယမျိုးဆက်သူဌေးသားပဲ ဖြစ်ချင်ပြီး ရုပ်ရှင်မရိုက်ချင်ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ...]


[ငါအခု နားလည်သွားသလိုပဲ... အရင်တုန်းက ယဲ့ဇယ်ရှစ် တင်ခဲ့တဲ့ နှုတ်ထွက်ကြောင်းပို့စ်က သူတကယ်ကို ဒီအသိုင်းအဝိုင်းကနေ ထွက်သွားချင်နေတာကို ပြောခဲ့တာပေါ့နော်...]


[ယဲ့ဇယ်ရှစ်ရေ...ပေါ်ကုန်ပြီနော်...]


[အပေါ်ထပ်က ဖန်အသစ်လား... အဲဒီအ‌ကြောင်းကို အားလုံးသိပြီးသားလို့ ငါကထင်‌နေတာ...]


[ဟုတ်တယ်...ဖန်အဟောင်းတွေဆို ယဲ့ဇယ်ရှစ်ရဲ့Weibo အရင်က ဘယ်လိုဆိုတာ အားလုံးသိကြတယ်...]


[ဟုတ်ပ... သူ့ကို ထွက်မသွားဖို့တောင် ငါတို့အားလုံး ချော့လိုက်ကြရသေးတာ... အဲ့ဒါကို မသိလိုက်ဘူးလား...]


[စာတစ်ကြောင်းတည်းနဲ့ အကျဉ်းချုပ်ပေးရရင်... ယဲ့ဇယ်ရှစ်က ပင်ပန်းပန်း မပင်ပန်းပန်း အနားကိုယူချင်နေတာ...သူက ဒီအတိုင်းအကြောင်းပြချက် ရှာနေယုံသက်သက်ပဲ...]


ဖန်တစ်ယောက်၏ ထိုမှတ်ချက်ကိုမြင်သောအခါ ဖန်များစွာက ဝိုင်းဝန်းချီးကျူးထောပနာ ပြုလိုက်ကြသည်။ 

"တော်ချက်..."


ယဲ့ဇယ်ရှစ်က အနုပညာအသိုင်းအဝိုင်းကနေ ထွက်သွားချင်တာနဲ့ ညသန်းခေါင်ကြီး စိတ်သောကတွေ လာရောင်း*သွားတယ်ပေါ့လေ...

(T/N- ဒီနေရာမှာ ရောင်းတယ်ဆိုတာက သူ့ရဲ့စိတ်သောကဖြစ်နေတာတွေကို လာပြောပြသွားတယ်လို့ ယူဆလို့ရပါတယ်။ အနုပညာရှင်တွေက သူတို့အနုပညာကို ရောင်းပြီး ပိုက်ဆံရှာသလိုမျိုးဆိုတော့ ရောင်းတယ်လို့သုံးသွားတာပါ)


အချို့ဖန်များက ဤသို့ထင်ကြေးပေးကြသည်။ ယဲ့ဇယ်ရှစ်က ယနေ့ရိုက်ရန် ဇာတ်ဝင်ခန်းမရှိသောကြောင့် ညသန်း‌ခေါင်အထိ animeကြည့်နေရင်း ထိုအကြံ ကောက်ကာငင်ကာ ပေါ်လာသောကြောင့် ထိုသို့ တင်လိုက်ရသည်ဟုပင်။ 


ရုပ်ရှင်ဧကရာဇ်ဟယ့်၏ "?" ကိုကြည့်ရုံနှင့်ပင် ထိုသည်က အကောင်းဆုံး သက်သေခံချက်ဖြစ်ပေသည်။


ထိုသို့ဖြင့် မှတ်ချက်စာမျက်နှာတွင် ဤကဲ့သို့မှတ်ချက်များ အလျင်အမြန်တက်လာသည်။


[ယဲ့ဇယ်ရှစ်ရေ အိန္ဒြေလေးလည်း ဆယ်ပါဦး... အခု မင်းက စတားတစ်ယောက်ဖြစ်နေပြီလေ... ဒုတိယမျိုးဆက်သူဌေးသားအဖြစ်ကို ကောက်ကာငင်ကာ ပြန်သွားလိုက်လို့မရတော့ဘူးလို့...]


[ပြန်လည်သုံးသပ်ပေးပါ... ပွဲဦးတောင်ထွက်ပြီးပြီကို ...ထွက်ကာစပွဲဦးကနေ ထွက်မပြေးသင့်ကြောင်းပါ...]


[ယဲ့ဇယ်ရှစ် မင်းဘာလုပ်လိုက်မိပြီလဲ ပြန်ကြည့်ဦး... မင်း ရုပ်ရှင်ဧကရာဇ်ဟယ့်ကို လန့်အောင်လုပ်မိသွားပြီလေ... ရုပ်ရှင်ဧကရာဇ်ဟယ့်ကို အေးအေးချမ်းချမ်း‌လေး အနားယူခွင့်ပေးလိုက်လို့ မရဘူးလားဟင်... ကိုယ့်ကိုယ်ကိုပဲ ကြည့်မနေနဲ့တော့...]


[ရုပ်ရှင်ဧကရာဇ်ဟယ့်ကို တို့ကပဲတောင်းပန်ပါတယ်... ငါတို့ယဲ့ဇယ်ရှစ်က အဆိုးအဆာလေးဖြစ်နေတာ... သူ့ကို အမူအကျင့်ကောင်းလေးတွေ ပြန်ပြောပေးလိုက်ပါ့မယ်နော်...]


[ယဲ့ဇယ်ရှစ် မင်း ရုပ်ရှင်ရိုက်တာကို ကြိုးစားရမယ်နော် ရုပ်ရှင်ဧကရာဇ်ဟယ့်နဲ့အတူ အလုပ်လုပ်ရတာက အခွင့်အရေးကောင်းပဲ ကြိုးစားမှဖြစ်မယ်...]


[ဟုတ်တယ်...ပြီးတော့ ဒါရိုက်တာချန်ကိုရောပဲ... သူ့ကိုလည်း တန်ဖိုးထားလိုက်စမ်းပါ... ငါတို့ မင်းကိုယုံတယ်လေ...]


ယဲ့ဇယ်ရှစ် Weibo အောက်ရှိ မှတ်ချက်သုံးပုံနှစ်ပုံမှာ သူကိုရုပ်ရှင်ကောင်းကောင်းရိုက်ရန်နှင့် အပျင်းမထူရန် ပြောနေကြသည်။


ယဲ့ဇယ်ရှစ်ကမူ သူပင်ပန်းနေပြီဟုသာ ပြောခဲ့ခြင်းဖြစ်သည်။


ယဲ့ဇယ်ရှစ် မှတ်ချက်များကိုလိုက်ဖတ်နေခဲ့သည်။ အစပိုင်း၌ သူ့ကို နှစ်သိမ့်နေခဲ့သော မှတ်ချက်များမှလွဲလျှင် ဆက်သွားလိုက်သည်နှင့် အားလုံးက သူ့ကို ရုပ်ရှင်ရိုက်ရာတွင်သာ အာရုံစိုက်ထားရန် ပြောနေကြသည်များသာ ဖြစ်သည်။


ယဲ့ဇယ်ရှစ်ထံတွင် မေးခွန်းသင်္ကေတများသာ ပလုံစီနေခဲ့သည်။ 


သူတို့က ယနေ့ သူ့တွင်ရိုက်ရန် ဇာတ်ဝင်ခန်းမရှိဟုပင် ပြောနေကြသည်။


ငါ ဒီနေ့တစ်နေ့လုံး ရိုက်ကူးရေးလုပ်နေခဲ့ရတာပါနော်... ပြောရကြေးဆို ငါ ရိုက်ကူးရေးအဖွဲ့ထဲ ဝင်လာကတည်းက ဒီနေ့က အခန်းကိုပြန်ရောက်တာ နောက်အကျဆုံးလို့တောင် ပြောလို့ရတယ်လို့...


ဖန်များနှင့် ပြိုင်မငြင်းသင့်ဟု ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။ ပြောရမည်ဆိုလျှင် သူသာ အနုပညာလောကထဲမှ ထွက်သွားချင်ပါက ရုပ်ရှင်ရိုက်ပြီးသည်နှင့် မည်သည့်အချိန်တွင်မဆို ထိုသို့လုပ်နိုင်မည်သာ ဖြစ်သည်။


ထိုအတွေးဖြင့် ယဲ့ဇယ်ရှစ် စိတ်ခံစားချက်ကောင်းသွားသည်။ သူ ဖုန်းကိုပိတ်လိုက်ကာ အိပ်ရာဝင်လိုက်သည်။


ယဲ့ဇယ်ရှစ် မသိလိုက်သည်မှာ သူအိပ်ပျော်ပြီး မကြာမီမှာပင် ရေချိုးပြီးခါစ ဟယ့်ကျင့်ယွင်လည်း ထိုမှတ်ချက်ကို မြင်လိုက်သည်ကိုပင်။ ဟယ့်ကျင်းယွင်တစ်ယောက် သူတို့၏ မှတ်ချက်များကို လောင်စာဖြည့်ပေးသလို ဖြစ်သွားမည်ကို မစဉ်းစားဘဲ ဖန်တစ်ယောက်၏ မှတ်ချက်ကို စာပြန်လိုက်သည်။


[ဇယ်ရှစ်က လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ သူ့အလုပ်ကို ပြီးသွားခဲ့တာ... ဒီနေ့ရိုက်ကူးရေးက အတော်ကို ခက်ခဲ့တာ မင်းတို့ သူ့ကို အထင်လွဲနေကြပြီ...]


ယဲ့ဇယ်ရှစ်ဖန်များ: "???"


အဲ့ဒီလိုလား...


ငါတို့ ယဲ့ဇယ်ရှစ်ကို အထင်မှားသွားတဲ့ပုံပဲ...


ဘယ်လိုပဲဖြစ်ဖြစ်ပါ... ရုပ်ရှင်ဧကရာဇ်ဟယ့်က ယဲ့ဇယ်ရှစ်ကို ဇယ်ရှစ်လို့ ခေါ်လိုက်တာတဲ့...


သူက ယဲ့ဇယ်ရှစ်အတွက် ရှင်းပြပေးဖို့တောင် ထွက်လာသေးတာ... ဒီလေသံက တုန်နေအောင် ဂရုစိုက်တဲ့ လေသံကြီးနဲ့ မတူဘူးလားလို့...



🎶🎶🎶